← Chapters

ဖုန့်မြို့တော်မှ အပြောင်းအလဲ

Vol. 204 Ch. 3046

ဖုန့်မြို့တော်မှ အပြောင်းအလဲ

Vol. 204 Ch. 3046

နဂါးမျိုးနွယ်သည် စစ်ပွဲအခြေအနေမှာ အမြဲတမ်း ရှိနေခဲ့ကြသည်။ ယခု သူတို့သည် ခုခံဖို့အတွက် နဂါးကမ္ဘာသို့ ဆုတ်ခွာလာကြရပြီး သူတို့သည် အပြင်လောကမှ သတင်းအချက်အလက်များနှင့် အဆက်အသွယ်ပြတ်သွားလေသည်။

နဂါးကမ္ဘာမှ ဧကရာဇ်ပညာရှင်များကလွဲလျှင် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သော လုံရန်ကို မပြောနှင့်၊ နဂါးဘုရင်တချို့ပင်လျှင် မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲနှင့်ပတ်သက်သည့် ကောလာဟလတချို့ကို မရေမရာသာ ကြားဖူးထားလေသည်။

လုံလီသည် နဂါးဘုရင်မ ဦးချိုမဲ့ထံကနေသာ ဤကိစ္စကို သိရှိထားခြင်းဖြစ်၏။

လုံလီသည် လုံရန် စဉ်းစားနေသည့်အရာကို မသိရှိဘဲ သူက ဧကရာဇ် အထီးကျန်သိုင်းသခင်နှင့်ပတ်သက်ပြီး စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်ဟုသာ တွေးလိုက်၏။ သူမက ရိုးရှင်းစွာ ရှင်းပြလိုက်၏။

“ဧကရာဇ် အထီးကျန်သိုင်းသခင်က မဟာဧကရာဇ်နယ်ပယ်အောက်မှာ နံပါတ်တစ် ပုဂ္ဂိုလ်ဆိုပြီး ကျော်ကြားနေပြီ… သူက ဧကရာဇ်ပညာရှင် ၁၀၀ကျော်ကို တစ်ယောက်တည်း ဖိနှိမ်ပြီး ပြိုင်ဘက်ကင်းနေပြီ”

လုံရန်၏ မျက်လုံးများက ပြူးကျယ်သွားပြီး ဆူဇီမိုရှိရာဘက်ကို ကြည့်နေ၏။

ဆူဇီမိုက တည်ငြိမ်နေပြီး သူ၏ ခေါင်းကိုသာ ညင်သာစွာ ညိတ်ပြလိုက်၏။

အခြားသူများသည် အထီးကျန်သိုင်းသခင်အကြောင်း သိရှိချင်မှ သိရှိကြပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို၏ သိုင်းတာအိုအစစ်အမှန်ခန္ဓာက အထီးကျန်သိုင်းသခင်ဖြစ်သည်ကို လုံရန်က သိရှိထားပြီးသားဖြစ်၏။

သို့သော်လည်း ဧကရာဇ် အထီးကျန်သိုင်းသခင်က သူသိထားသောပုဂ္ဂိုလ်နှင့် တူသလားဆိုတာကို သူ မသေချာပေ။

ဆူဇီမို၏ မသိမသာအမူအရာကို တွေ့မြင်သောအခါမှသာ လုံရန်က အမှန်တကယ် သေချာသိရှိသွား၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကတောင် သူ့ကြောင့် ရှုံးနိမ့်ပြီးတော့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်”

လုံလီ၏ မျက်လုံးထဲတွင် အထင်ကြီးလေးစားသော အကြည့်တစ်ခု ပေါ်ထွက်လာ၏။

“ကံဆိုးစွာနှင့်ပဲ နဂါးကမ္ဘာက ဧကရာဇ်ပညာရှင်တွေတောင်မှ အထီးကျန်သိုင်းသခင်လို ပုဂ္ဂိုလ်မျိုးနဲ့ မိတ်ဆွေဖြစ်ဖို့ ကံပါမလာခဲ့ဘူး”

“ဟားဟားဟား”

တကယ်တော့ လုံရန်သည် ဤကိစ္စကို သာမန်ကာလျှံကာ ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူက ကျယ်လောင်စွာ ရယ်မောလိုက်ဆဲဖြစ်၏။

“နင် ဘာကို ရယ်နေတာလဲ”

လုံလီက မျက်မှောင်ကြုတ်ပြီး အဆက်မပြတ် ရယ်မောနေသော လုံရန်ကို တွေဝေရှုပ်ထွေးစွာ ကြည့်လိုက်၏။ ဤကိစ္စမှာ ဘယ်နေရာက ရယ်စရာကောင်းသည်ကို သူမက နားမလည်နိုင်ပေ။

မျောက်ကလည်း အသေးစိတ်အချက်အလက်များကို သိရှိထားပြီး လုံရန်ကို မျက်စိမှိတ်ပြလိုက်၏။

လုံရန်က လက်ကာပြပြီး သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်၏။

“အထီးကျန်သိုင်းသခင်လား… ငါ သူနဲ့ ရင်းနှီးတာပေါ့”

“ဟမ်…”

“နင်က အထီးကျန်သိုင်းသခင်ကို သိလို့လား”

လုံလီက သူ ဘာလွဲမှားနေသည်ကို နားမလည်ဘဲ လုံရန်ကို တွေဝေရှုပ်ထွေးစွာ ကြည့်နေ၏။

“ဒါပေါ့”

လုံရန်က တည်တံ့စွာ ပြောလိုက်၏။

“ငါတို့တွေက တစ်ယောက်ကိုတစ်ယောက် သိကျွမ်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… ငါတို့မှာ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုတင် မဟုတ်ဘူး… တစ်ယောက်ကိုတစ်ယောက် အရမ်းကို ရင်းနှီးကြတယ်”

ထိုစကားက အမှန်ပင် ဖြစ်လေသည်။

လုံလီက လုံရန်၏ တည်တံ့သောအမူအရာကို ကြည့်ပြီး အတန်ကြာသည်အထိ သည်းခံနေ၏။ နောက်ဆုံးမှာတော့ သူမက အသံထွက်ရယ်မောကာ မျက်လုံးစွေကြည့်လိုက်၏။

“နင်က ဧကရာဇ် အထီးကျန်သိုင်းသခင်နဲ့ သိဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… အကြွားထူနေတာပဲ”

“ဟားဟား”

လုံရန်ကလည်း ရယ်မောလိုက်လေသည်။

“မိန်းကလေး… ငါက နင့်ကို အမှန်အတိုင်း ပြောနေတာပဲ… ဒါပေမဲ့ နင်က ငါ့ကိုမှ မယုံတာ”

“ငါ နင့်ကို ဘာလို့ယုံရမှာလဲ”

လုံလီက နှုတ်ခမ်းစူကာ ပြောလိုက်၏။

“နင်က တက်လှမ်းလာကတည်းက နဂါးကမ္ဘာမှာ ရှိနေတာပဲ… နင်က ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ ဘယ်လိုလုပ် သိကျွမ်းမှာလဲ”

“အဲဒီကောင်စုတ်လေး အထီးကျန်သိုင်းသခင်က…”

လုံရန်က စကားပြောလိုက်စဉ်မှာပင် လုံလီက မျက်မှောင်ကြုတ်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

လုံရန်က ညင်သာစွာ ချောင်းဟန့်ပြီး စကားကို ပြန်ပြင်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ကလည်း အောက်ဘုံလောကကနေ တက်လှမ်းလာတာပဲ… ငါတို့တွေအားလုံးက တူညီတဲ့ကမ္ဘာကနေ လာခဲ့ကြတာ… အရင်တုန်းက ငါ သူ့ကို ဓမ္မတာအိုတွေတောင်မှ သင်ကြားပေးခဲ့ဖူးတယ်”

“ကျွတ်…”

လုံလီက မျက်လုံးစွေကြည့်လိုက်၏။

“နင်က ပိုပိုပြီးတော့ လွတ်လာပြီပဲ… နင်က ဧကရာဇ်အထီးကျန်သိုင်းသခင်ကို ဓမ္မတာအို သင်ကြားပေးတာလား…. သူက အခုချိန်မှာ ဧကရာဇ်နယ်ပယ်အောက် နံပါတ်တစ် ပုဂ္ဂိုလ်ပဲ… နင်ကတော့ ကမြောက်ကခြောက် ပကတိနဂါးတစ်ကောင်ပဲ”

လုံရန်၏ မျက်နှာက တဆတ်ဆတ် တွန့်သွားပြီး သူ၏ မျက်နှာက ညိုမည်းသွားလေသည်။

“မိန်းကလေး… နင် ငါ့ကို အဲဒီလောက်ထိ မှိုချိုးမျှစ်ချိုးပြောစရာ မလိုပါဘူး”

လုံလီက ပြောလိုက်၏။

“ဧကရာဇ်အထီးကျန်သိုင်းသခင်က အဲ့လောက်ထိ ဒေါသထွက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့တယ်ဆိုတာ ဧကရာဇ် ၁၀၀ကျော်က သူ့ရဲ့တာအိုလက်တွဲဖော်ကို အနိုင်ကျင့်ခဲ့တာကြောင့်လို့ ငါ့အမေဆီကနေ ကြားထားတယ်”

“တိုက်ပွဲထဲမှာတောင် ဧကရာဇ်အထီးကျန်သိုင်းသခင်က သူ့တာအိုလက်တွဲဖော်ရဲ့လက်ကို တချိန်လုံး ဆုပ်ကိုင်ထားပြီး ကာကွယ်ပေးနေခဲ့တယ်”

ထိုစကားကို ကြားသောအခါ လုံရန်က ရင်တစ်ချက် ထိတ်သွား၏။

“အထီးကျန်သိုင်းသခင်ရဲ့ တာအိုလက်တွဲဖော်က သွေးနီရောင်ဝတ်အမျိုးသမီးတစ်ဦးမလား”

“အမ်း…”

လုံလီက လုံရန်ကို အံ့အားသင့်စွာကြည့်ပြီး ပြုံးစစဖြင့် မေးလိုက်၏။

“ဘာလို့လဲ”

“နင်က သားရဲဧကရီ သွေးလိပ်ပြာနဲ့လည်း ရင်းနှီးတယ်လို့ ပြောဦးမလို့လား”

“ရင်းနှီးတာလား… အဲဒီလောက်ထိတော့ မဟုတ်ပါဘူး”

လုံရန်က တျဲယွဲ့ကို ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်ပြီး နောက်ပြောင်ပြောဆိုရဲခြင်း မရှိပေ။ သူက ရိုးဖြောင့်စွာ ပြောလိုက်၏။

“ဒါပေမဲ့ ငါတို့တွေက ကံအကြောင်းအခွင့် တိုက်ဆိုင်စွာနဲ့ တွေ့ဆုံခဲ့ဖူးတယ်”

လုံလီက ထိုစကားကို ယုံကြည်လိမ့်မည် မဟုတ်ပေ။

သားရဲဧကရီ သွေးလိပ်ပြာသည် အထက်ဘုံလောကမှာ မွေးဖွားလာသော သက်ရှိတစ်ဦး ဖြစ်လေသည်။ လုံရန်သည် အောက်ဘုံလောကကနေ တက်လှမ်းလာပြီး နဂါးကမ္ဘာကနေ ဘယ်တုန်းကမှ မထွက်ခွာခဲ့ဖူးပေ။ သူက သူမနှင့် ဘယ်လိုလုပ် တွေ့ဆုံခဲ့ဖူးပါ့မလဲ။

တကယ်တော့ လုံလီက ဤကိစ္စနှင့်ပတ်သက်ပြီး ငြင်းခုံနေခြင်း မရှိပေ။

လုံရန်က သူ့မိတ်ဆွေဟောင်းနှင့် ဆုံတွေ့ရပြီးနောက် အလွန်တရာ စိတ်လှုပ်ရှားနေသောကြောင့် ပေါက်တတ်ကရ ပြောဆိုနေသည်ဟုသာ သူမက မှတ်ယူလိုက်၏။

သူမက သူ့စကားကို ယုံကြည်စရာ အကြောင်းမရှိပေ။

လုံလီက ပြုံးပြလိုက်၏။

“ငါက ဒီတိုင်း သာမန်ကာလျှံကာ ပြောရုံပါပဲ… ဧကရာဇ် အထီးကျန်သိုင်းသခင်က တကယ်တမ်း ရောက်လာမယ်ဆိုရင်တောင် သူက ကမ္ဘာပေါင်းရာချီက ပညာရှင်တွေကို ဖိနှိမ်နိုင်မှာ မဟုတ်လောက်ဘူး… နင် သူနဲ့ ရင်းနှီးတယ်ဆိုပြီး ဟန်ဆောင်မနေနဲ့တော့”

သူတို့လေးယောက်သည် မတူညီသော မျိုးနွယ်များမှ ဖြစ်သော်လည်း သူတို့ကြားမှာ မည်သည့်အဟန့်အတားမှ မရှိကြပေ။ သူတို့က ပျော်ရွှင်စွာ စကားပြောဆိုနေပြီး စိတ်ကျေနပ်အားရသည်အထိ သောက်စားလိုက်ကြ၏။

ဆူဇီမို၏ ဖျောင်းဖျမှုအောက်မှာ လုံရန်က နဂါးကမ္ဘာကနေ ထွက်ခွာဖို့ သဘောတူလိုက်လေသည်။

သူ့လိုမျိုး ပကတိနဂါးတစ်ကောင်သည် ဤကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများအကြား တိုက်ပွဲတစ်ခုမှာ အခြေအနေအပေါ် သက်ရောက်မှု လုံးဝမရှိပေ။

သူ ဤနေရာမှာ နေခဲ့သည်ဖြစ်စေ၊ ထွက်ခွာသည်ဖြစ်စေ မည်သည့်ကွာခြားချက်မှ ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ တက်လှမ်းလာပြီးနောက် သူသည် နဂါးကမ္ဘာမှာ ကျင့်ကြံနေခဲ့လေသည်။ နဂါးတချို့သည် သူ့ကို အထင်အမြင်သေးခဲ့ကြသော်လည်း သူ့မှာ မိတ်ဆွေတချို့လည်း ရရှိထားလေသည်။ သူက နဂါးကမ္ဘာနှင့် နဂါးမျိုးနွယ်မှ သူ၏ မိတ်ဆွေများနှင့် ခွဲခွာဖို့ကို အနည်းငယ် ဝန်လေးနေဆဲဖြစ်၏။

ဖုန့်မြို့တော်၏ မြို့တော်အရှင်ကလည်း သူ့ကို ကောင်းမွန်စွာ ပြုမူဆက်ဆံခဲ့လေသည်။

မဟုတ်ပါက သူသည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာခါစမှာပင် ခေါင်းဆောင်တပ်မှူးတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လုံရန်သည် ဆူဇီမိုနှင့် အခြားနှစ်ယောက်နှင့်အတူ ဖုန့်မြို့တော်မှာ လှည့်ပတ်လျှောက်သွားပြီး သူတက်လှမ်းလာပြီးနောက် ဖြစ်ပွားခဲ့သည့်အရာများကို ပြန်ပြောပြနေ၏။

သူက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီဆိုမှတော့ အလောတကြီး ပြုလုပ်နေစရာ မလိုပေ။

လုံရန်က ပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးထားသူဖြစ်သည်ကို ဆူဇီမိုက နားလည်သဘောပေါက်ထား၏။ သူသည် နဂါးကမ္ဘာနှင့် ဤနဂါးမြို့တော်ကို နှုတ်ဆက်ခွဲခွာဖို့အတွက် ဤနည်းလမ်းကို အသုံးပြုနေလေသည်။

ဆယ်ရက်ကြာပြီးနောက် သူတို့လေးယောက်သည် ဖုန့်မြို့တော်၏ မြို့တော်အရှင်ကို လေးစားသမှုပြကာ နှုတ်ဆက်ခွဲခွာရန် မြို့တော်အရှင်၏ ဂေဟာသို့ ဦးတည်လိုက်ကြ၏။

လုံဖုန့်…

သူသည် ဖုန့်မြို့တော်၏ မြို့တော်အရှင် ဖြစ်ပြီး အထွတ်အထိပ်ဘုရင်တစ်ပါးလည်း ဖြစ်လေသည်။

နဂါးမြို့တော်ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်နေခဲ့ပြီး မြို့တော်အရှင်ထံကနေ သံမဏိသွေး သတ်ဖြတ်ခြင်းအော်ရာက ဖြာထွက်နေ၏။ သူသည် ဒေါသထွက်ခြင်းမရှိဘဲ သူ၏ အမူအရာက ခံ့ညားနေပြီး အခက်တွေ့နေသည့်ပုံပေါ်လေသည်။

သို့သော်လည်း ဖုန့်မြို့တော်၏ မြို့တော်အရှင်သည် လုံရန်၏ ထွက်ခွာမှုနှင့်ပတ်သက်၍ အခက်တွေ့အောင် လုပ်မနေပေ။ အဲဒါက နှမြောစရာကောင်းသည်ဟုသာ သူက ခံစားနေရ၏။

ဖုန့်မြို့တော်၏ မြို့တော်အရှင်မှာ ဆူဇီမိုနှင့် မျောက်အပေါ် ရန်လိုစိတ်မရှိပေ။

“အခုက စစ်ပွဲအချိန်ပဲ… နေကာသစ်ပင်ကမ္ဘာဘက်က လှုပ်ရှားမှု ထပ်ရှိမလာသေးဘူး… ဒီနေရာက အတော်လေး လုံခြုံသေးတယ်လို့ ဆိုရမယ်”

လုံဖုန့်က ပြောလိုက်၏။

“ဒါပေမဲ့ မင်းက နဂါးကမ္ဘာကနေ ထွက်ခွာပြီး ရစ်ခွေနဂါးဝင်္ကပါရဲ့ ကာကွယ်မှု မရှိတော့ဘူးဆိုရင် သတိထားရမယ်”

လုံဖုန့်သည် သတိပေးစကားတချို့ ပြောဆိုပြီး လုံရန်ကို ကြည့်လိုက်၏။

“ဒီမှာနေပြီး နေ့လယ်စာ စားသွားဦး… ငါတို့တွေ အဲဒါကို မင်းအတွက် နှုတ်ဆက်ပွဲလို့ သတ်မှတ်လိုက်ကြတာပေါ့”

“မင်းက အောက်ဘုံလောကကနေ တက်လှမ်းလာနိုင်ခဲ့တဲ့အချက်က မင်းရဲ့ပါရမီအရည်အချင်းက မဆိုးဘူးဆိုတာကို သက်သေပြနေတယ်… မင်းမှာ အခွင့်အလမ်းနဲ့ ကံကောင်းမှုတချို့ လိုအပ်နေရုံပဲ… အနာဂတ်မှာ မင်းဘယ်လောက်ဝေးဝေး လျှောက်လှမ်းနိုင်မလဲဆိုတာက မင်းရဲ့ကံအပေါ် မူတည်လိမ့်မယ်”

ထိုသို့ပြောရင်း လုံဖုန့်က သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူပြီး လုံရန်ကို ကမ်းပေးလိုက်၏။

“အထဲမှာ ငါ့အတွက် အသုံးမဝင်တော့တဲ့ ပစ္စည်းတချို့ ရှိတယ်… ငါ မင်းကို ပေးလိုက်မယ်”

လုံရန်က ရင်ထဲမှာ ထိသွားပြီး အဲဒါကို လက်နှစ်ဖက်ဖြင့် လက်ခံယူကာ ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်၏။

သူတို့လေးယောက်သည် မြို့တော်အရှင်၏ ဂေဟာမှာ နေထိုင်ပြီး အင်မော်တယ်သစ်သီးတချို့ကို စားသုံးပြီးနောက် ထွက်ခွာဖို့ ပြင်ဆင်လိုက်ကြ၏။

ဆူဇီမိုက ခန်းမ၏ အပေါက်ဝသို့ ရောက်ရှိသည့်အချိန်မှာ ရုတ်တရက် ရပ်တန့်လိုက်လေသည်။ တစ်စုံတစ်ရာကို အာရုံခံမိသွားသည်လား သူက ကြယ်တာရာကောင်းကင်၏အစပ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ဘာဖြစ်လို့လဲ”

လုံရန်က မေးလိုက်၏။

မျောက်က သူ၏ ခေါင်းကို စောင်းငဲ့လိုက်၏။ သူ့ပါးနှစ်ဖက်ပေါ်ရှိ သားမွေးရှည်များအောက်မှာ ဒုတိယမြောက် နားတစ်စုံက တဖြည်းဖြည်း ပေါ်ထွက်လာပြီး တိတ်တဆိတ် လှုပ်ရှားသွား၏။

ထို့နောက် သူက အိုးတိုးအမ်းတမ်း အမူအရာနှင့်အတူ သူ့ခြေရင်းကို စိုက်ကြည့်လိုက်၏။

ထိုစဉ်မှာပင် လုံဖုန့်က သူ၏ ခေါင်းကို ဆတ်ခနဲမော့ပြီး သူ၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားလေသည်။ သူ၏ မျက်လုံးထဲကနေ မီးတောက်နှစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သူက ဟိန်းဟောက်လိုက်၏။

“ရန်သူ တိုက်ခိုက်နေပြီ”

ကျယ်လောင်သော နဂါးဟိန်းသံက တိမ်စိုင်များကြား ထိုးတက်သွားပြီး ဖုန့်မြို့တော်၏ တည်ငြိမ်အေးချမ်းမှုကို ချက်ချင်းပင် ဖြိုခွင်းလိုက်လေသည်။

All Chapters