← Chapters

ကျန်တာ ငါ့တာဝန်ထားလိုက်

Vol. 204 Ch. 3048

ကျန်တာ ငါ့တာဝန်ထားလိုက်

Vol. 204 Ch. 3048

လုံလီက အလိုလိုလှည့်ကြည့်ပြီး တည်ငြိမ်သောအကြည့်တစ်ခုနှင့် တွေ့ဆုံသွား၏။

ဘာကြောင့်ရယ်မသိ ထိုအကြည့်သည် သူမ၏ နှလုံးသားအနက်ပိုင်းထဲသို့ ထိုးဖောက်လာပုံရပြီး သူမ၏ ဂနာမငြိမ်ဖြစ်နေသော စိတ်ကို တဖြည်းဖြည်း တည်ငြိမ်စေကာ သူမ၏ အကြောက်တရားကို တွန်းဖယ်ထုတ်ပေးလိုက်၏။ ဤသည်မှာ လူတစ်ယောက်၏ စိတ်ကို တည်ငြိမ်စေနိုင်သော ဗုဒ္ဓကျောင်းတော်များ၏ အလွန်တရာ လေးနက်သိမ်မွေ့သည့် စက္ခုနည်းစနစ်တစ်ခု ဖြစ်လေသည်။

ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော်များ၏ တဗူးဂမ္ဘီရကျင့်စဉ်ကို ကျင့်ကြံထားပြီး ဗုဒ္ဓကောင်းကင်လိုဏ်ဂူတစ်ခုကိုပင် စုဖွဲ့ထားလေသည်။ သူ၏ ဓမ္မတာအိုက လေးနက်သိမ်မွေ့ပြီး ဗုဒ္ဓကျင့်ကြံရေးဓမ္မအစီအရင်များကို အထူးပြုကျင့်ကြံထားသည့် အောင်မြင်ပေါက်မြောက်သော ကိုယ်တော်များထက်ပင် သာလွန်နေလေသည်။

“ဘာမှ မကြောက်နဲ့”

ဆူဇီမိုက လုံလီ၏ ပခုံးကို ဖိပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

မင်းက အခုချိန်မှာ ရှေ့ကိုထွက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ဖို့ ဖုန့်မြို့တော်ရဲ့ နဂါးတွေအားလုံးကို စုစည်းရမယ်”

ယခုအချိန်မှာ လုံဖုန့်သည် ကောင်းကင်လိုဏ်ဂူဘုရင် ဆယ်ဦးကျော်နှင့် ငြိတွယ်တိုက်ခိုက်နေရပြီး တိုက်ပွဲနယ်မြေကနေ ထွက်ခွာမလာနိုင်ပေ။

ဖုန့်မြို့တော်ထဲမှာ လုံလီသည် အခြားသူများကို အမိန့်ပေးစေခိုင်းနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။

ပို၍အရေးပါသည်မှာ နဂါးမျိုးနွယ်ကို အတူတကွ စုစည်းမထားနိုင်လျှင် သူတို့သည် ပကတိစိတ်ဝိညာဉ်ပညာရှင်သောင်းချီနှင့် သူတို့၏ နောက်ဘက်မှာရှိသော စစ်သည်ပေါင်းသန်းချီ၏ တိုက်ခိုက်မှုကို သေချာပေါက် ခုခံနိုင်မည် မဟုတ်ပေ။

နဂါးမျိုးနွယ်ကို စုစည်းထားခြင်းဖြင့်သာ နဂါးများသည် သူတို့ကိုယ်သူတို့ ပိုမိုကာကွယ်နိုင်ပြီး စွမ်းအားကြီးမားသည့် တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကိုပင် ထုတ်ဖော်နိုင်မည်ဖြစ်သည်။

တကယ်တော့ ဆူဇီမိုက တိုက်ခိုက်နိုင်လေသည်။ သို့သော်လည်း မည်သို့ပင်ဆိုစေ သူက တစ်ဦးတည်းသာဖြစ်ပြီး ဖုန့်မြို့တော်ထဲမှ နဂါးမျိုးနွယ်ဝင်များအားလုံးကို ဂရုစိုက်ပေးနိုင်မည် မဟုတ်ပေ။

“ဒါပေမဲ့….”

လုံလီ၏ စိတ်က တည်ငြိမ်လာခဲ့ပြီဖြစ်သော်လည်း သူမသည် ဤတိုက်ပွဲနှင့် ဖုန့်မြို့တော်၏ ကံကြမ္မာနှင့်ပတ်သက်ပြီး စိတ်ပျက်အားငယ်နေဆဲဖြစ်၏။

ဖုန့်မြို့တော်၏ ပကတိနဂါးများအားလုံးကို အတူတကွ စုစည်းထားမည်ဆိုလျှင်တောင် သူတို့မှာ အရေအတွက်တစ်ရာကျော်သာ ရှိလေသည်။ သို့သော်လည်း သူတို့ရှေ့မှာ ရင်ဆိုင်ရမည်က ပကတိစိတ်ဝိညာဉ်အရေအတွက် သောင်းချီရှိနေ၏။

ကွာဟချက်က အရမ်းကို ကြီးမားနေသည်။

နဂါးမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက မည်သို့ပင် သန်မာသည်ဆိုစေ သူတို့သည် မျိုးနွယ်စုတစ်သောင်းမှ ဤသက်ရှိများ၏ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။

ဒါ့အပြင် ဖုန့်မြို့တော်၏ တိုက်ပွဲနယ်မြေမှာ အုတ်ဂူကမ္ဘာဘက်မှာ အန္တိမဘုရင်တစ်ဦး ရှိနေ၏။

ရှေ့မှာရှိသော တိုက်ပွဲအလောင်းကပင် ဖုန့်မြို့တော်ကို ချေမှုန်းဖျက်ဆီးပြီး အကုန်လုံးကို သတ်ဖြတ်ပစ်ဖို့ လုံလောက်နေ၏။

ပို၍အရေးပါသည်မှာ ကြယ်တာရာကောင်းကင်အထက် ဘုရင်များ၏ တိုက်ပွဲနယ်မြေမှာ လုံဖုန့်သည် ဘုရင်ဆယ်ဦးကျော်ကျော်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီး အရေးနိမ့်နေပြီဖြစ်သည်။

လုံဖုန့်က ရှုံးနိမ့်သွားသည်နှင့် သူမက နဂါးများအားလုံးကို စုစည်းထားမည်ဆိုလျှင်တောင် ဘာများလုပ်နိုင်မှာလဲ။

“အများကြီး လျှောက်တွေးမနေနဲ့… နဂါးတွေကိုပဲ စုစည်းထားလိုက်”

လုံလီ၏ အတွေးများကို ဖတ်မိနိုင်သည့်အလား ဆူဇီမိုက ထပ်မံ၍ ရှင်းပြမနေဘဲ မှင်သေသေဖြင့်သာ ပြောလိုက်၏။

“ကျန်တာကတော့ ငါ့တာဝန်ထားလိုက်”

ဆူဇီမိုက သက်ပြင်းချလိုက်၏။

သူသည် နဂါးများနှင့် ဖီးနစ်များကြား တိုက်ပွဲမှာ ပါဝင်ပတ်သက်လိုခြင်း မရှိခဲ့ပေ။

အစကတည်းက ဤတိုက်ပွဲဖြစ်လာသည့် အကြောင်းအရင်းက သူနှင့်သက်ဆိုင်မှုမရှိပေ။

ယခုအချိန်မှာပင် သူ၏ နည်းလမ်းများအရ အာဒိကပ္ပသမဂ္ဂ ယင်ယန်ထွက်ပြေးခြင်းနည်းစနစ်၏ အကူအညီနှင့်အတူ သူက လုံရန်ကို အချိန်မရွေး ခေါ်ထုတ်သွားနိုင်လေသည်။

သို့သော်လည်း ဖုန့်မြို့တော်က ဖျက်ဆီးခံရတော့မည်ဖြစ်ပြီး လုံရန်သည် ဤမြို့မှာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့လေသည်။ သူက ဤကဲ့သို့ပင် ထွက်ခွာသွားမည်ဆိုလျှင် သူသည် လုံရန်အပေါ် နှလုံးသားမဲ့ရာကျနေပေလိမ့်မည်။

ဒါ့အပြင် နဂါးဘုရင်မ ဦးချိုမဲ့နှင့် လုံလီသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သူ့ကို ကူညီပေးခဲ့ဖူးလေသည်။

တကယ်ဆို သူသည် လုံလီနှင့် အရင်ကတည်းကပင် သိကျွမ်းထားခဲ့သည်။

နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက သူသည် လုံလီ၏ ဖခင်ထံမှ အခွင့်အလမ်းနှင့် ရတနာတချို့ကိုလည်း ရရှိခဲ့လေသည်။

ပါဝင်ပတ်သက်နေသော ကံကြိုးများကြောင့် သူသည် မဆိုင်သလိုနေပြီး ထွက်ခွာမသွားနိုင်တော့ပေ။

ဆူဇီမိုသည် လေထဲသို့ ခုန်တက်ပြီး ဖုန့်မြို့တော်ထဲ ဝင်ရောက်သောင်းကျန်းလာသော အုတ်ဂူကမ္ဘာမှ အန္တိမဘုရင်ထံ လျှောက်လှမ်းသွားလေသည်။ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူက ရုတ်တရက် ရပ်တန့်ကာ လှမ်းပြောလိုက်၏။

“မင်းက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဆိုတာကို မမေ့လိုက်နဲ့…. မင်းက ပကတိစိတ်ဝိညာဉ် ဘယ်လောက်များများနဲ့ ရင်ဆိုင်ရပစေ ကြောက်နေစရာမလိုဘူး”

“နောက်ပြီး မျောက်ကလည်း မင်းကို ကူညီပေးလိမ့်မယ်”

မျောက်သည် သူ၏ မျက်နှာပေါ်မှာ မည်သည့်စိုးရိမ်ထိတ်လန့်မှုကိုမှ မပြသဘဲ သွားဖြီးနေ၏။ ဒါ့အပြင် သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေပြီး သွေးရောင်အလင်းတစ်ခုနှင့်ပင် တောက်ပနေ၏။

သူက သူ၏ ခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်ပြီး သူ၏ နားထဲကနေ အပ်တစ်ချောင်းက ရုတ်တရက်ကျဆင်းလာ၏။ တစ်ခဏချင်းမှာပင် ၎င်းသည် နက်မှောင်နေသော တောင်ဝှေးတစ်ချောင်းအဖြစ် ပြောင်းလဲသွားလေသည်။

တောင်ဝှေးသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခုကို ထုတ်ဖော်ထား၏။

မျောက်သည် တောင်ဝှေးကို ပခုံးပေါ် တင်ပြီး ချဉ်းကပ်လာနေသည့် စစ်သည်ပေါင်းသန်းချီနှင့် ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာကို ကြည့်လိုက်၏။ သူက သူ၏ နှုတ်ခမ်းကို လျှာဖြင့် အလိုလိုသပ်ပြီး တိုက်ခိုက်ဖို့ကို စိတ်အားထက်သန်နေ၏။

“ဟားဟားဟား”

အုတ်ဂူကမ္ဘာဘက်မှ ဦးဆောင်လာသော ပကတိစိတ်ဝိညာဉ်က လုံလီကို တွေ့မြင်သောအခါ သူ၏ မျက်လုံးက ဝင်းလက်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ငါ့ရဲ့ကံက မဆိုးဘူးပဲ… ငါ ဟန်ချုံးက မကြာသေးခင်ကမှ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး ဖြစ်လာခဲ့တယ်… အခုတော့ သင့်လျော်တဲ့ ပြိုင်ဘက်တစ်ဦးနဲ့ တွေ့ဆုံနေရပြီပေါ့”

“ညီမလုံလီ… ငါ့ရဲ့အလောင်းနှစ်ဖော်နဲ့ မင်းကို ကစားပေးမယ်”

ဝုန်း….

သူ့စကား မဆုံးသေးခင်မှာပင် ဟန်ချုံးက သူ၏ သိုလှောင်အိတ်ထဲကနေ ခေါင်းတလားနှစ်လုံးကို ထုတ်ယူပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချကာ ခေါင်းတလားအဖုံးက ကွာကျသွားလေသည်။

“ဂါး...”

သတ္တုရောင်တလက်လက်ဖြင့် တောက်ပနေသော တိုက်ပွဲဝင်အလောင်းနှစ်လောင်းက ခေါင်းတလားထဲကနေ ခုန်ထွက်လာပြီး သူတို့ကို အလောင်းချီနှင့် ပြင်းထန်သောအနံ့က လွှမ်းခြုံထားလေသည်။ သူတို့က ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်လိုက်ပြီး သူတို့၏ လက်သည်းချွန်များက စိမ်းဖန့်ဖန့်အလင်းရောင်ဖြင့် တောက်ပနေ၏။

အန္တိမပကတိစိတ်ဝိညာဉ်….

လုံလီက ရင်တစ်ချက်ထိတ်သွား၏။

ပကတိစိတ်ဝိညာဉ်များ၏ တိုက်ပွဲနယ်မြေမှာ နဂါးမျိုးနွယ်၏ တစ်ခုတည်းသော အားသာချက်က သူမ ဖြစ်လေသည်။ ယခု တခြားတစ်ဖက်မှာလည်း အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး ရှိနေလေသည်။

သူမသည် ဟန်ချုံးနှင့် ငြိတွယ်တိုက်ခိုက်နေရသည်နှင့် ကျန်ရှိနေသော ပကတိနဂါးတစ်ရာကျော်ကျော်က တစ်ဖက်အဖွဲ့၏ ပကတိစိတ်ဝိညာဉ်စစ်တပ်ကို ခုခံတိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ထိုစဉ်မှာပင် လုံလီသည် သူမ၏ မျက်ဝန်းထောင့်ကနေ သူမဘေးသို့ ဝင်ရောက်လာသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။

မျောက်သည် သူ၏ တောင်ဝှေးကို ကိုင်ဆောင်လာပြီး ပြေးဝင်လာသော စစ်သည်ပေါင်းထောင်ချီနှင့် ရင်ဆိုင်ရချိန်မှာ အကြောက်အလန့်မရှိဘဲ ဟန်ချုံးရှိရာသို့ ပြေးဝင်သွားလေသည်။

“အစ်ကိုယွမ်… မသွားနဲ့”

လုံလီ၏ အမူအရာက ပြောင်းလဲသွားပြီး ထိတ်လန့်တကြား လှမ်းအော်လိုက်၏။

တစ်ဖက်သူက ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားနှင့် အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်ပြီး အခြားသော ပကတိစိတ်ဝိညာဉ်ပညာရှင်များ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သူ သေချာပေါက်မဟုတ်ပေ။

ဒါ့အပြင် အုတ်ဂူကမ္ဘာ၏ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးက ပို၍ပင် ကိုင်တွယ်ရခက်ခဲလေသည်။

လုံလီပင်လျှင် ဟန်ချုံးနှင့် ရင်ဆိုင်ရာမှာ အနိုင်ရရှိမည်ဟု ထုတ်ဖော်မပြောဆိုရဲပေ။

နှစ်ဖက်စလုံးက တိုက်ခိုက်ဖို့အတွက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်မည်ဆိုလျှင် အုတ်ဂူကမ္ဘာမှ ပညာရှင်များသည် တိုက်ခိုက်ဖို့အတွက် တိုက်ပွဲဝင်အလောင်းများကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်၏။ သူတို့က နမော်နမဲ့ပြုမူမိသည်နှင့် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။

ဟန်ချုံးသည် တိုက်ပွဲဝင်အလောင်းနှစ်လောင်းကို သန့်စင်မွမ်းမံနိုင်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ပို၍ပင် သန်မာလေသည်။

သို့သော်လည်း မျောက်၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကို မြန်ဆန်နေ၏။

လုံလီက အော်ပြောလိုက်သည့် ခဏမှာပင် သူသည် ရှေ့မှာရှိသော တိုက်ပွဲဝင်အလောင်းနှစ်လောင်းနှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့လေသည်။

လုံလီသည် စဉ်းစားနေဖို့ အချိန်မရတော့ဘဲ အလောတကြီး နောက်ကနေ လိုက်ပါလာ၏။ သို့သော်လည်း သူမက နောက်ကျသွားဆဲဖြစ်၏။

မျောက်သည် တိုက်ပွဲဝင်အလောင်းများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီဖြစ်ပြီး ကြီးမားသော တိုက်ပွဲတစ်ခု ပေါ်ထွက်လာ၏။

ဝုန်း….

တိုက်ပွဲဝင်အလောင်းက မာန်သွင်းအော်ဟစ်လိုက်ပြီး မျောက်ကို အကြောက်အလန့်ကင်းမဲ့စွာဖြင့် ပစ်ထိုးလိုက်၏။

တိုက်ပွဲဝင်အလောင်းများ၏ ကြောက်မက်ဖွယ်ရာကောင်းမှုမှာ သူတို့၏ အလောင်းချီနှင့် အဆိပ်များသာလျှင် မဟုတ်ပေ။

ပို၍အရေးပါသည်မှာ သူတို့သည် မည်သည့်နာကျင်မှု သို့မဟုတ် မည်သည့်ကြောက်ရွံ့မှုကိုမှ မခံစားရပေ။ ဒါ့အပြင် သူတို့ကိုယ်ကာယများ၏ ခွန်အားက နတ်ဘုရားလက်နက်များထက် မနိမ့်ကျပေ။

သူတို့၏ အသားများက စုတ်ပြဲသွားပြီး သူတို့၏ အရိုးများက ကျိုးကြေသွားမည်ဆိုလျှင်တောင် သူတို့သည် စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားဆဲဖြစ်၏။

ဝုန်း…

မျောက်က များစွာဂရုစိုက်မနေပေ။ သူက သူ၏ တောင်ဝှေးကို လွှဲပြီး ပစ်ရိုက်ချလိုက်၏။

တောင်ဝှေးရိုက်ချက်တစ်ချက်နှင့်အတူ သူ့ရှေ့မှာရှိသော တိုက်ပွဲဝင်အလောင်းက အပိုင်းပိုင်းကြေမွသွားပြီး သွေးမြူတစ်ခုက လေထဲမှာ ပြည့်နှက်သွားလေသည်။

ဟန်ချုံးက တုန်လှုပ်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

သူ၏ တိုက်ပွဲဝင်အလောင်းကို နှစ်ပေါင်းများစွာ သန့်စင်မွမ်းမံထားပြီး အလွန်တရာ စွမ်းအားကြီးမားလေသည်။ ကပ်ဘေးကိုးခု သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခုပင်လျှင် ၎င်း၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။

ယခု သူ၏ တိုက်ပွဲဝင်အလောင်းသည် ရုတ်တရက်ပေါ်ထွက်လာသော ဤမျောက်ရိုင်း၏ တောင်ဝှေးရိုက်ချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွားခဲ့ပြီဖြစ်သည်။

တိုက်ပွဲဝင်အလောင်းက ဤမျှအတိုင်းအတာထိ ရိုက်နှက်ခံရပြီး ၎င်း၏ ဦးခေါင်းကပင် စိစိညက်ညက်ကြေသွားပြီဖြစ်ကာ ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။

“အစ်ကိုယွမ်… အလောင်းသွေးတွေကို သတိထား”

လုံလီကလည်း ဤမြင်ကွင်းမှာ တုန်လှုပ်သွားလေသည်။ သို့သော်လည်း သူမက အလျင်အမြန် တုံ့ပြန်ပြီး ကျယ်လောင်စွာ လှမ်းအော်သတိပေးလိုက်၏။

အုတ်ဂူကမ္ဘာ၏ အလောင်းတိုက်ပွဲဝင်အလောင်းများသည် အဆိပ်များဖြင့် ပြည့်နှက်နေ၏။ သူတို့က ဖျက်ဆီးခံရပြီးလျှင်တောင် လေထဲမှာ ပျံ့နှံ့လာသော သွေးမြူခိုးများက အလွန်တရာ ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေဦးမည်။

“ဟမ်...”

ဟန်ချုံးက အလောင်းသွေးများဖြင့် ဖုံးလွှမ်းသွားသော မျောက်ကိုကြည့်ပြီး လှောင်ရယ်လိုက်၏။

“မင်းက ငါ့ရဲ့တိုက်ပွဲဝင်အလောင်းကို ဖျက်ဆီးတဲ့အတွက် မင်းအသက်နဲ့ ပေးဆပ်ရမယ်”

မျောက်က သူ့ရှေ့မှာရှိသော တိုက်ပွဲဝင်အလောင်းကို တောင်ဝှေးရိုက်ချက်တစ်ချက်ဖြင့် ခြေမွှဖျက်ဆီးပြီးနောက် များစွာစဉ်းစားနေခြင်းမရှိဘဲ သွေးမြူခိုးများကို ဖြတ်ကျော်လိုက်၏။

ယခု သူသည် ဟန်ချုံး၏ စကားကို ကြားလိုက်ရသောအခါ မျောက်က မျက်ခုံးအနည်းငယ်ပင့်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးကို လှည့်ပတ်လိုက်၏။ အလွန်တရာ ရှေးကျသော စွမ်းအားတစ်ခု နိုးထလာသည့်အလား တဝုန်းဝုန်းရိုက်ခတ်နေသော ဆူနာမီအသံက ထွက်ပေါ်လာလေသည်။

ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ သာမန်မျိုးဆက်သွေးသာရှိသော ဟန်ချုံးကို မပြောနှင့် ယခုတင် ရှေ့သို့ ပြေးဝင်လာသော လုံလီပင်လျှင် ရင်တလှပ်လှပ် ခံစားလာရ၏။

မျောက်သည် သူ၏ ခန္ဓာကိုယ်ကိုကို လှုပ်ခါလိုက်ရုံသာဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ စွန်းထင်းနေသည့် တိုက်ပွဲဝင်အလောင်း၏ သွေးမြူခိုးများက သွေးပုတီးလုံးများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားလေသည်။

“မင်းက ဒီအဆင့် အဆိပ်သွေးနဲ့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ် တွေးနေတယ်ပေါ့”

မျောက်သည် မလှမ်းမကမ်းမှာရှိသော ဟန်ချုံးကို စိုက်ကြည့်ပြီး သွားဖြီးပြလိုက်၏။

All Chapters