အန္တိမကို သတ်ဖြတ်ခြင်း
Vol. 204 Ch. 3049
ဟန်ချုံးက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အမူအရာက သုန်မှုန်သွားလေသည်။
တိုက်ပွဲအလောင်း၏ အဆိပ်သွေးက ဤမျောက်ကို ထိခိုက်ဒဏ်ရာ မရရှိစေနိုင်လျှင် ကိစ္စများက ကိုင်တွယ်ရ ခက်ခဲလာပေတော့မည်။
စောစောက မျောက်ထုတ်ဖော်ပြသခဲ့သော ကြောက်စရာကောင်းသည့် မျိုးဆက်သွေးနှင့် သူ၏တောင်ဝှေးကနေ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် စွမ်းအားအရ ဟန်ချုံးသည် လူချင်းပူးကပ်သွားသည့်နှင့် ခုခံနိုင်စရာ အကြောင်းမရှိပေ။
အစကတော့ သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှင့် တိုက်ပွဲဝင်အလောင်း၏ တိုက်ခိုက်ရည်နည်းလမ်းများကို လုံလီအတွက် ပြင်ဆင်ထားလေသည်။
ကြည့်ရသည်မှာ သူက အဲဒါကို ကြိုတင်ထုတ်ဖော်ရပေတော့မည်။
“ကြယ်တာရာအကျဉ်းထောင်..”
ဟန်ချုံးက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်လိုက်၏။ သူ၏ လက်ချောင်းထိပ်ဖျားကနေ အလွန်တရာထူးဆန်းသော စွမ်းအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး မျောက်ကို လွှမ်းခြုံသွား၏။
မျောက်သည် နေရာမှာပင် အေးခဲတောင့်တင်းကာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။
သူ၏ ခြေလက်များကို မပြောနှင့် သူ့မျက်နှာပေါ်ရှိ အမူအရာကပင် တူညီစွာ ကျန်ရစ်ခဲ့လေသည်။
ထိုအခိုက်အတန့်မှာ အချိန်နှင့် လေဟာနယ်၏ စွမ်းအားကြီးမားသော အင်အားနှစ်ရပ်က မျောက်၏ ခန္ဓာကိုယ်ပေါ်မှာ မမြင်ရသော အချုပ်အနှောင်များကို ဖြစ်ပေါ်လာစေ၏။
တစ်ချိန်တည်းမှာပင် ဟန်ချုံးသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ တိုက်ပွဲဝင်အလောင်းကို ထိန်းချုပ်ပြီး မျောက်ရှိရာသို့ စေလွှတ်လိုက်၏။
သူ၏ မျက်လုံးထဲမှာ ဤအခြေအနေမှာရှိသော မျောက်သည် စဉ်းတီတုံးပေါ် ရောက်ရှိနေသော ငါးတစ်ကောင်ကဲ့သို့ဖြစ်ပြီး အချိန်မရွေး ခုတ်ပိုင်းသတ်ဖြတ်ခံရနိုင်သည်။
လုံလီက အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူမ၏ အမြုတေစိတ်ဝိညာဉ်ကို အလောတကြီးလှည့်ပတ်ပြီး ကြယ်တာရာအကျဉ်းထောင်ကနေ မျောက်ကို ကယ်တင်ရန် သူမ၏ ပဉ္စဝဏ္ဏဂမ္ဘီရအလင်းကို ထုတ်ဖော်ဖို့ ပြင်ဆင်လိုက်၏။
သို့သော်လည်း သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ခြားနေဆဲဖြစ်၏။
သူမက သူမ၏ နတ်ဘုရားစွမ်းအားကို ယခုအချိန်မှာ ထုတ်ဖော်မည်ဆိုလျှင်တောင် အဲဒါသည် သူမ တိုက်ခိုက်နိုင်သည့် ဧရိယာထက် လွန်မြောက်နေ၏။
လုံလီက စိုးရိမ်ပူပန်စွာဖြင့် ရင်ထဲမှာ ပူလောင်လာ၏။
ရုတ်တရက်ဆိုသလို….
အစက အေးခဲတောင့်တင်းနေသောမျောက်က မျက်လုံးစွေကြည့်လိုက်၏။
ဝုန်း….
နောက်ခဏ၌ မျောက်၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာ၏။ သူ၏ နောက်ဘက်မှာ ဧရာမပုံရိပ်ယောင်တစ်ခုက စုဖွဲ့လာပြီး သိပ်သည်းပြင်းထန်သော တိုက်ပွဲဝင်စိတ်ဆန္ဒနှင့်အတူ မြေပြင်ထက်ကနေ ကြွတက်လာလေသည်။
တိုက်ပွဲဝိညာဉ်က ပေတစ်ထောင်မြင့်မားပြီး ဖုန့်မြို့တော်မှာ မတ်တတ်ရပ်ကာ ၎င်းသည် ဖုန့်မြို့တော်၏ မြို့ရိုးများနှင့် ယှဉ်နိုင်သလောက်နီးပါးပင်။
တဗူးဂမ္ဘီရကျင့်စဉ် တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာ၏ တတိယမြောက်ပုံစံ စကြဝဠာနှင့် တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီးနောက် မျောက်သည် ကြယ်တာရာအကျဉ်းထောင်၏ ချုပ်နှောင်မှုကနေ ချက်ချင်းပင် ရုန်းထွက်ကာ သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားမြင့်တက်လာ၏။
တိုက်ပွဲဝင်အလောင်းက ယခုတင် ရှေ့သို့ပြေးတက်လာစဉ် ၎င်းသည် ယခုတင် ကြယ်တာရာအကျဉ်းထောင်ကနေ ရုန်းထွက်လာသော မျောက်နှင့် ထိပ်တိုက်ရင်ဆိုင်မိသွား၏။
ဘန်း…
မျောက်က သူ၏ တောင်ဝှေးကို လက်ပြန်လွှဲပြီး တိုက်ပွဲဝင်အလောင်း၏ ဦးခေါင်းကို အပိုင်းပိုင်းရိုက်ခွဲလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်ကလည်း ခါးကနေ ကျိုးကျသွား၏။
ဤသည်မှာ စကြဝဠာနှင့် တိုက်ခိုက်ခြင်း လျှို့ဝှက်အတတ်သာဆိုလျှင် ၎င်းသည် ကြယ်တာရာအကျဉ်းထောင်၏ အချုပ်အနှောင်ကနေ ချက်ချင်းရုန်းထွက်ဖို့အတွက် လုံလောက်သည့်စွမ်းအားကို ထုတ်ဖော်နိုင်ချင်မှ ထုတ်ဖော်နိုင်ပေလိမ့်မည်။
သို့သော်လည်း မျောက်၏ ခန္ဓာကိုယ်သည် မျောက်ဝံမျိုးနွယ်၏ အသန်မာဆုံး မျိုးဆက်သွေးလေးခုနှင့် ပေါင်းစည်းထားလေသည်။ စကြဝဠာနှင့် တိုက်ခိုက်ခြင်း လျှို့ဝှက်အတတ်နှင့်အတူ သူ၏ ခွန်အားမြင့်တက်မှုက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။
အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူများသည် အလောင်းများနှင့် တစ်နှစ်ပတ်လုံး ရှိနေသောကြောင့် အစကတည်းက သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ တွေ့မြင်ရသော မြင်ကွင်းမှာ ဟန်ချုံး၏ မျက်နှာက ပို၍ပင် ဖြူဆုတ်သွားလေသည်။
သူ၏ တိုက်ပွဲဝင်အလောင်းနှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ကာကွယ်မှုမရှိဘဲ ဟန်ချုံးသည် သာမန်မျိုးဆက်သွေးနှင့် သုခဘုံလေဟာနယ် ပကတိစိတ်ဝိညာဉ်တစ်ဦးနှင့် တူညီသွားလေသည်။
ဖုန့်မြို့တော်မှာ မည်သည့် သုခဘုံလေဟာနယ် ပကတိနဂါးမဆို သူ့ကို သတ်ဖြတ်နိုင်လေသည်။
စဉ်းစားနေခြင်းမရှိဘဲ ဟန်ချုံးက လှည့်ထွက်ပြေးလိုက်၏။
သူ၏ နောက်ဘက်မှာ စစ်သည်ပေါင်း သန်းချီရှိနေ၏။ သူက သူတို့နှင့်ပူးပေါင်းပြီး အတူတကွတိုက်ခိုက်သည်နှင့် မျောက်သည် သေချာပေါက်ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“ဟားဟား”
မျောက်က ထူးဆန်းစွာ ရယ်မောပြီး ခြေတစ်လှမ်းနှင့်အတူ ဟန်ချုံးကို လိုက်မီလာခဲ့၏။
လက်ချင်းဆက် နီညိုရောင်မျောက်ဝံများသည် နေနှင့်လကို ဖမ်းဆုပ်ပြီး တောင်ပေါင်းတစ်ထောင်ကို ဆွဲချုံ့နိုင်သည်ဟူသော ဆိုရိုးစကားထွက်ပေါ်လာခြင်းမှာ သာမန်ကာလျှံကာ မဟုတ်ပေ။
လက်ချင်းဆက် နီညိုရောင်မျောက်ဝံများသည် နေနှင့်လကို ဖမ်းဆုပ်နိုင်သည်ဟု ဆိုခြင်းမှာ သူတို့သည် အလွန်တရာ စွမ်းအားကြီးမားပြီး သူတို့၏ လက်ဖဝါးထဲမှာ နေနှင့်လကို ဖမ်းယူဆော့ကစားနိုင်သောကြောင့် ဖြစ်လေသည်။
လက်ချင်းဆက် နီညိုရောင်မျောက်ဝံများသည် တောင်ပေါင်းတစ်ထောင်ကို ဆွဲချုံ့နိုင်သည်ဟု ပြောဆိုခြင်းမှာ သူတို့၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကို မြန်ဆန်ပြီး ခြေတစ်လှမ်းနှင့် တောင်ပေါင်းတစ်ထောင်ကို ဖြတ်ကျော်နိုင်သောကြောင့်ဖြစ်သည်။
ဟန်ချုံးက လှည့်ထွက်သွားသည့်ခဏမှာပင် မျောက်က သူ၏ နောက်ဘက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မည်သည့်စကားမှမဆိုဘဲ သူ၏ တောင်ဝှေးကို ကိုင်မြှောက်ကာ ပစ်ရိုက်ချလိုက်၏။
ဖြောင်း…
သွေးရောင်အလင်းက တလိပ်လိပ်ထိုးတက်လာ၏။
ဟန်ချုံး သန့်စင်မွမ်းမံထားသော တိုက်ပွဲဝင်အလောင်းနှစ်လောင်းပင်လျှင် မျောက်၏ တိုက်ပွဲဧကရာဇ်လက်နက်ကို မခုခံနိုင်ပေ။ သူ၏ အသွေးအသားခန္ဓာကိုယ်ကို ထည့်ပြောနေစရာမလိုပေ။
တောင်ဝှေးရိုက်ချက်တစ်ချက်နှင့်အတူ ဟန်ချုံးသည် သွေးရေအိုင်တစ်ခုအဖြစ် စိစိညက်ညက်ကြေသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရကာ နေရာမှာတင် သေဆုံးသွားလေသည်။
ဖြစ်စဉ်တစ်ခုလုံးက နှေးကွေးသည်ဟု ထင်ရသော်လည်း တစ်ခဏချင်းမှာ ဖြစ်ပွားခဲ့လေသည်။
လုံလီသည် နေရာမှာပင် မှင်တက်ကာ ကြက်သေသေနေ၏။
ပဉ္စဝဏ္ဏဂမ္ဘီရအလင်း၊ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို မထုတ်ဖော်နိုင်ခင်မှာတင်…
အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးက ရိုက်ချက်သုံးချက်မျှနှင့် ဤကဲ့သို့ပင် သတ်ဖြတ်ခံလိုက်ရ၏။
ထိုမြင်ကွင်းမှာ မည်သည့်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများ သို့မဟုတ် ပြောင်မြောက်သော မည်သည့်တိုက်ခိုက်ရေးအတတ်များမှ မရှိပေ။ သူပြုလုပ်ခဲ့သည်မှာ ရှေ့သို့တက်လှမ်းကာ သူ၏ တောင်ဝှေးဖြင့် သုံးချက်လွှဲရိုက်ခြင်းသာဖြစ်ပြီး ဟန်ချုံးက သေသွားရလေသည်။
“အစ်ကိုဆူနဲ့ သွေးသောက်ညီအစ်ကို ဖြစ်လာတဲ့သူတွေက တကယ့်ကို မွန်းစတားတွေပဲ”
လုံလီက သူမ၏ စိတ်ကို တဖြည်းဖြည်း တည်ငြိမ်စေပြီးနောက် သူမဘာသာသူမ တွေးလိုက်၏။
လေထဲမှာ…
အုတ်ဂူကမ္ဘာမှာ အန္တိမဘုရင်က ထိုသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက ရုတ်တရက် အလွန်တရာ ပျက်ယွင်းသွားလေသည်။ သူက သူ့ထံသို့ လျှောက်လှမ်းလာနေသော ဆူဇီမိုကို အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ စိုက်ကြည့်လိုက်၏။
သူသည် လူသားမျိုးနွယ်၏ ဤသာမန်ဘုရင်ကို သတ်ဖြတ်ပြီးနောက် ထိုမျောက်ကိုလည်း သတ်ဖြတ်ရပေမည်။
မျောက်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် သေချာပေါက် ထိပ်တန်းအဆင့် တိုက်ပွဲဝင်အလောင်းတစ်လောင်း ဖြစ်လာပေလိမ့်မည်။
“ဂါး…”
ဘုရင်အဆင့် တိုက်ပွဲဝင်အလောင်းက ဆူဇီမိုကို ဟိန်းဟောက်ပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပြေးဝင်လာ၏။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ ခြေလှမ်းကိုပင် ရပ်တန့်လိုက်ခြင်း မရှိပေ။
တိုက်ပွဲဝင်အလောင်းက သူ့ကို ပစ်ထိုးတော့မည်အချိန်မှသာ သူ၏ ပုံရိပ်က အနည်းငယ် လူးလွန့်ပြီး နေရာကနေ ပျောက်ကွယ်သွား၏။
နောက်ခဏ၌ ဆူဇီမိုသည် အုတ်ဂူကမ္ဘာမှ အန္တိမဘုရင်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် အစစ်အမှန်နဂါး လျှပ်စီးကိုးချက်လျှို့ဝှက်အတတ်သည် ပို၍ပင် ချောမွေ့လာပြီး ပို၍ပင် မြန်ဆန်လာခဲ့သည်။ ၎င်းသည် တည်နေရာခုန်ကူးခြင်းနှင့် ယှဉ်နိုင်လာလေသည်။
အုတ်ဂူကမ္ဘာကျင့်ကြံသူများ၏ တိုက်ပွဲဝင်အလောင်းများသည် လက်နက်၊ ရေနှင့် မီးတို့ဖြင့် ထိုးဖောက်၍ မရနိုင်ပေ။ သူတို့ကို အလောင်းချီက လွှမ်းခြုံထားပြီး အလောင်းအဆိပ်ကို ပိုင်ဆိုင်ထားလေသည်။ သူတို့သည် သေရမည်ကို ကြောက်လန့်ခြင်းမရှိဘဲ အားနည်းချက် မရှိသလောက်နီးပါးပင်။
အုတ်ဂူကမ္ဘာကျင့်ကြံသူများ၏ အကြီးမားဆုံး အားနည်းချက်မှာ သူတို့၏ ပင်မကိုယ်များ ဖြစ်လေသည်။
ဆူဇီမိုက တိုက်ပွဲဝင်အလောင်းကို ရှောင်တိမ်းပြီးနောက် အုတ်ဂူကမ္ဘာ အန္တိမဘုရင်၏ ရှေ့သို့ ချက်ချင်းပင် ဆင်းသက်ရောက်ရှိလာ၏။
သို့သော်လည်း သူပေါ်ထွက်လာသည့်ခဏမှာပင် သူ၏ အမြင်အာရုံက မှောင်ကျသွား၏။
အုတ်ဂူကမ္ဘာမှ အန္တိမဘုရင်က ပို၍ပင် မြန်ဆန်စွာ တုံ့ပြန်ပြီး ဆူဇီမို ပေါ်ထွက်မလာခင် သူက ကြိုတင်ပြင်ဆင်ပြီးသွားလေပြီ။။
ဆူဇီမိုကဲ့သို့ သာမန်ဘုရင်တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် သူက ပြိုင်ဘက်ကို လျှော့တွက်ခြင်းမရှိဘဲ ပေါ့ပေါ့ဆဆ မပြုမူရဲပေ။
အုတ်ဂူကမ္ဘာကျင့်ကြံသူများ၏ အားနည်းချက်ကို အခြားဘယ်သူထက်မဆို သူတို့က ပိုမိုသိထားလေသည်။
သာမန်ဘုရင်တစ်ဦးအနေဖြင့် သူ့ကို အနိုင်ရဖို့ တစ်ခုတည်းသော အခွင့်အရေးက သူ၏ ပင်မခန္ဓာကို တိုက်ရိုက်တိုက်ခိုက်ရန်ဖြစ်၏။
အုတ်ဂူကမ္ဘာအန္တိမဘုရင်ကတော့ နဂါးမျိုးနွယ်မှာ တည်နေရာခုန်ကူးခြင်းနှင့် ဆင်တူသော လျှို့ဝှက်အတတ်တစ်ခုရှိသည်ကို သူက သိရှိထားပြီးသား ဖြစ်လေသည်။ ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်လာခဲ့၏။
ဆူဇီမို ပျောက်ကွယ်သွားပြီးနောက် အုတ်ဂူကမ္ဘာ၏ အန္တိမဘုရင်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးပြုကာ သူ့ရှေ့မှာ ပိတ်ဆို့တားဆီးရန် ရှေးဟောင်းခေါင်းတလားတစ်လုံးကို ဆင့်ခေါ်လိုက်၏။
ကောင်းကင်လိုဏ်ဂူနယ်ပယ်အကြီးအထိ ကျင့်ကြံထားသော မည်သူမဆို ကိုင်တွယ်ရ မလွယ်ကူကြပေ။
ဆူဇီမို ဆင်းသက်လာသည့်ခဏမှာပင် သူက ခေါင်းတလားတစ်လုံးထဲမှာ ပိတ်မိသွား၏။
ထိုသည်က အစစ်အမှန်နဂါး လျှပ်စီးကိုးချက်၏ အားနည်းချက်ဖြစ်၏။
တည်နေရာခုန်ကူးမည့်နေရာကို တစ်ဖက်သူက ခန့်မှန်းမိနိုင်သည်နှင့် သူတို့က စဦးအရေးနိမ့်သွားရပေလိမ့်မည်။
တကယ်တော့ နှစ်ဦးနှစ်ဖက်ကြား ခွန်အားက များစွာမကွာခြားမှသာ ဖြစ်လေသည်။
“ဟားဟား”
အုတ်ဂူကမ္ဘာမှာ အန္တိမ ဘုရင်က အူမြူးအားရသော အမူအရာဖြင့် ရယ်မောလိုက်၏။
တိုက်ပွဲဝင်အလောင်းများကို သိမ်းဆည်းထားသည့် ခေါင်းတလားများသည် သူတို့၏ မူပိုင်စိတ်ဝိညာဉ်ရတနာများ ဖြစ်တတ်လေသည်။ တိုက်ပွဲဝင်အလောင်းများကို ပြုစုပျိုးထောင်ပေးနေစဉ် တိုက်ပွဲဝင်အလောင်းများ၏ အလောင်းချီနှင့် အဆိပ်များကလည်း ခေါင်းတလားကို အားဖြည့်ပေးနေပေလိမ့်မည်။
အခြားသော သက်ရှိများသည် ဤတိုက်ပွဲဝင်ခေါင်းတလားထဲမှာ ပိတ်မိသွားသည်နှင့် သူတို့က ကောင်းကင်လိုဏ်ဂူဘုရင်များ ဖြစ်သည်ဆိုလျှင်တောင် သူတို့သည် သုံးရက်မကြာခင် သွေးရေအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားရပေလိမ့်မည်။
ဗျင်း….
အုတ်ဂူကမ္ဘာ အန္တိမဘုရင်၏ ရယ်သံက မဆုံးသေးခင် အရမ်းကို စူးရှသော အသံတစ်သံက သူ့ရှေ့မှာ ထွက်ပေါ်လာလေသည်။ ထက်ရှသော လက်နက်တစ်ခုက ကြေးခေါင်းတလားကို ထိုးခွဲလိုက်သည့်အလားပင်။
ထို့နောက် ချက်ချင်းပင် တွေ့မြင်ရသော မြင်ကွင်းမှာ သူက တုန်လှုပ်၍ သူ၏ အမူအရာက ပြောင်းလဲသွားလေသည်။
ရှေးဟောင်းကြေးခေါင်းတလား၏ နောက်ကျောဘက်က တစ်စုံတစ်ရာဖြင့် ထိုးခွဲခံလိုက်ရပြီး အထဲကနေ အလွန်တရာထက်ရှသော ပုံစံဖြင့် အစိမ်းရောင်ဓားအလင်းတစ်ခုက တောက်ပလာ၏။
နောက်ခဏ၌ အစိမ်းရောင်ဝတ်ကျင့်ကြံသူက ခေါင်းတလားထဲကနေ ရုန်းထွက်ပြီး ဓားအလင်းတန်းတစ်ခုက တလိပ်လိပ်ထိုးထွက်ကာ အုတ်ဂူကမ္ဘာ အန္တိမပကတိစိတ်ဝိညာဉ်၏ မြင်ကွင်းကို ဖုံးလွှမ်းသွားလေသည်။
ဖောက်…
ဓားအလင်းက သူ့ကို ဖြတ်ကျော်သွား၏။
အုတ်ဂူကမ္ဘာ အန္တိမပကတိစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်သည် ခေါင်းကနေ ပေါင်ခွကြားအထိ နှစ်ပိုင်းထိုးခွဲခံလိုက်ရလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ဖျက်ဆီးခံရပြီး နေရာမှာတင် သေဆုံးသွား၏။
အုတ်ဂူကမ္ဘာကျင့်ကြံသူ၏ ပင်မခန္ဓာက သေဆုံးသွားပြီး သူ့ဓမ္မတာအိုဖြင့် အားဖြည့်ထောက်ပံ့မှုမရှိဘဲ သူသန့်စင်မွမ်းမံထားသည့် တိုက်ပွဲဝင်အလောင်းကလည်း နေရာမှာတင် ရပ်တန့်ကာ စတင်၍ ဆွေးရိလာခဲ့လေသည်။
သိပ်မကြာခင် ၎င်းသည် သွေးရေအိုင်တစ်အိုင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။