အတူယှဉ်တွဲပေါ်ထွက်ခြင်း
Vol. 204 Ch. 3050
ဆူဇီမိုက အုတ်ဂူကမ္ဘာမှ အန္တိမဘုရင်တစ်ဦးကို သတ်ဖြတ်လိုက်ခြင်းသည် ဖုန့်မြို့တော်သို့ ချီတက်လာသည့် သန်းပေါင်းများစွာသော စစ်သည်များကို ခြိမ်းခြောက်ဖို့အတွက် မလုံလောက်ပေ။
မည်သို့ပင်ဆိုစေ နှစ်ဦးနှစ်ဖက်ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။
လေထဲမှာရှိသော ဘုရင်များကြား တိုက်ပွဲမှာ အုတ်ဂူကမ္ဘာက ပကတိအသာစီးရရှိလာ၏။
လူတိုင်း၏ ထင်မြင်ချက်အရ ဆူဇီမိုကဲ့သို့ သာမန်ဘုရင်တစ်ဦး ထပ်တိုးလာခြင်းသည် အခြေအနေတစ်ရပ်လုံးအပေါ် သက်ရောက်စေလိမ့်မည် မဟုတ်ပေ။
ဖုန်းမြို့တော်၏ တိုက်ပွဲနယ်မြေမှာ သူတို့ဘက်တွင် အန္တိမဘုရင်တစ်ဦးမရှိလျှင်တောင် သူတို့မှာ ပကတိစိတ်ဝိညာဉ်ပညာရှင်ထောင်ချီ ရှိနေဆဲဖြစ်၏။ ပကတိနဂါးတစ်ရာကျော်သာရှိသော ဖုန့်မြို့တော်က သူတို့၏ တိုက်ခိုက်မှုကို လုံးဝခုခံနိုင်မည်မဟုတ်ပေ။
မျောက်က စွမ်းအားကြီးမားတယ်ဆိုတော့ရော ဘာဖြစ်သလဲ။ နဂါးမျိုးနွယ်မှာ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးရှိနေတယ်ဆိုတော့ရော ဘာဖြစ်သလဲ။
သူတို့နှစ်ယောက်သည် စစ်သည်ပေါင်းသန်းချီစစ်တပ်၏ ဝင်ရောက်တိုက်ခိုက်မှုကို ခုခံနိုင်မှာလား။
ဆူဇီမိုသည် အုတ်ဂူကမ္ဘာ၏ အန္တိမဘုရင်ကို သတ်ဖြတ်ပြီးနောက် သူက အနည်းငယ်တွေဝေတုံ့ဆိုင်းနေ၏။ သူသည် လုံဖုန့်ကို ကူညီဖို့အတွက် ကြယ်တာရာကောင်းကင်ထဲသို့ ချက်ချင်းသွားရောက်ခြင်းမရှိသေးပေ။
သူသည် ဖုန့်မြို့တော်မှ တိုက်ပွဲနယ်မြေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေဆဲဖြစ်၏။
သူက အောက်ဘက်မှာ ရှိသော တိုက်ပွဲနယ်မြေကို ဝင်ရောက်ထိန်းညှိပေးသင့်သလား တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် မျောက်က ချီတက်လာသော အန္တိမပကတိစိတ်ဝိညာဉ်စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီကို တွေ့ရှိလိုက်ရ၏။
ဆူဇီမိုသည် တစ်ချက်နှစ်ချက်သာကြည့်ပြီး စိတ်သက်သာရာရသွား၏။ သူက အလင်းတန်းသုံးခုကို သာမန်ကာလျှံကာ ပစ်ထုတ်ပြီး လူအုပ်ကြားထဲသို့ ဆင်းသက်သွားစေပြီးနောက် ကြယ်တာရာကောင်းကင်ထက်သို့ ခုန်တက်သွားလေသည်။
ဖုန့်မြို့တော်မှာ။
မျောက်၏ ရိုက်ချက်သုံးချက်က အန္တိမပကတိစိတ်ဝိညာဉ်ကို သေဆုံးသွားစေခြင်းသည် ရှေ့သို့ချီတက်လာသည့် ပကတိစိတ်ဝိညာဉ်စစ်တပ်ကို အနည်းငယ်သာတန့်သွားစေသည်။
သို့သော်လည်း တစ်ဘက်အဖွဲ့က ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပြီး ဒီရေလှိုင်းလုံးများကဲ့သို့ တလိပ်လိပ်တိုးဝင်လာကာ မြေပြင်ကို တသိမ့်သိမ့်လှုပ်ခါသွားစေ၏။
မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များနှင့် စိတ်ဝိညာဉ်ရတနာများက လေထုကို ဆုတ်ဖြဲကာ ကောင်းကင်တစ်ခွင်အုပ်မိုးလာခဲ့လေသည်။
အဆုံးမဲ့နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက ပေါက်ကွဲထွက်ပေါ်လာပြီး ရှေ့မှာရှိသော သက်ရှိများအားလုံးကို ဝါးမျိုပစ်ချင်နေသည့်အလား ရပ်တန့်တားဆီးမရနိုင်သည့် ခံ့ညားထည်ဝါသော စွမ်းအားတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဤကဲ့သို့ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်သော လုံလီပင်လျှင် တုန်လှုပ်ချောက်ချားနေ၏။
သူမသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို တကယ်ပင်တတ်ကျွမ်းထား၏။
သို့သော်လည်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများက ပြိုင်ဘက်ကင်းမနေပေ။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများမှာလဲ အကန့်အသတ်ရှိနေသောကြောင့်ဖြစ်သည်။
ဤကဲ့သို့သော တိုက်ခိုက်မှုတစ်ရပ်နှင့်ရင်ဆိုင်ရချိန်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခု သို့မဟုတ် သုံးခုကပင်လျှင် အကျိုးသက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင် လုံလီနှင့်လုံရန်သည် ရှေ့သို့အလောတကြီးပြေးတက်ပြီး မျောက်နှင့်အတူယှဉ်တွဲကာ ရပ်တည်လိုက်ကြဆဲဖြစ်၏။
“အစ်ကိုယွမ်… အတူတူတိုက်ခိုက်ကြတာပေါ့”
လုံလီက ခိုင်မာသော အကြည့်နှင့်အတူ သူမ၏ လက်သီးကိုတင်းတင်းဆုပ်ပြီး အော်ပြောလိုက်၏။
မထင်မှတ်ထားစွာပင် မျောက်က သူမ၏ စကားကို လုံးဝ ဂရုမစိုက်ပေ။ ထိုစကားကို ကြားသောအခါ သူက နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ လက်သာကာပြလိုက်၏။
“မင်းတို့ကိုယ်မင်းတို့သာ ကောင်းကောင်းဂရုစိုက်ကြ.. ငါ့ကို စိတ်ပူမနေနဲ့”
သူ့စကားမဆုံးသေးခင်မှာပင် မျောက်က ရှေ့သို့ နောက်တစ်ဖန်ခုန်တက်သွားပြီဖြစ်၏။
မျောက်သည် ဤကဲ့သို့သော အစုအဖွဲ့တစ်ရပ်နှင့် ဤကဲ့သို့ တိုက်ခိုက်မှုတစ်ရပ်နှင့် ရင်ဆိုင်ရချိန်မှာတောင် အကြောက်အလန့်ကင်းမဲ့နေ၏။ သူ၏ မျက်လုံးများက နီညိုရောင်အလင်းတစ်ခုနှင့်အတူ တောက်ပနေပြီး သူက နောက်သို့လုံးဝဆုတ်ခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ တိုက်ပွဲဝင်စိတ်ဆန္ဒက ၎င်း၏ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့၏။
“တိုက်…”
မျောက်က မာန်ဖီဟိန်းဟောက်ပြီး ရှေ့သို့လျှောက်လှမ်းသွား၏။ သူ၏ မျိုးဆက်သွေးက လည်ပတ်လာပြီး ပေတစ်သောင်းမြင့်မားသော မိစ္ဆာမျောက်ပုံရိပ်ယောင်တစ်ခုက ပေါ်ထွက်လာကာ သူ့ရှေ့မှာရှိသော တိုက်ပွဲဝိညာဉ်နှင့် ပေါင်းစည်းသွားလေသည်။
မျိုးဆက်သွေးနယ်မြေသည် တိုက်ပွဲဝိညာဉ်နှင့်အတူ ပေါင်းစည်းသွားခဲ့သည်။
ထိုအခိုက်အတန့်မှာ မျောက်၏ တိုက်ခိုက်ရည်ခွန်အားသည် ၎င်း၏ အထွတ်အထိပ်ကို ရောက်ရှိလာပြီး သူသည် အဟန့်အတားတချို့ကိုပင် ချိုးဖျက်လိုက်ပုံရလေသည်။
ဝုန်း…
ပေတစ်သောင်းမြင့်မားသော မိစ္ဆာမျောက်၏ လှုပ်ရှားမှုက မျောက်၏ လှုပ်ရှားမှုနှင့် ထပ်တူကျနေ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်စဉ် ပေတစ်သောင်းမြင့်မားသော မိစ္ဆာမျောက်ကလည်း ရှေ့သို့ ပြင်းထန်စွာဆောင်နင်းချလိုက်၏။
ဝုန်း…
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်က လှုပ်ခါသွားလေသည်။
ထိုခြေနင်းချက်နှင့်အတူ ကျင့်ကြံသူရာချီက အသားပျော့ဖတ်များဖြစ်သည်အထိ နင်းခြေခံရပြီး နေရာမှာပင် သေဆုံးသွားကြ၏။
မျောက်သည် တစ်ချက်ပင် လှည့်မကြည့်ပေ။ သူက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး ရှေ့သို့ နင်းခြေတက်လှမ်းကာ ရှေ့မှာရှိသော ကြီးမားသည့်စစ်တပ်ကို ဖရိုဖရဲဖြစ်သွားလေသည်။
ဝေါ…
နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာက ပေတစ်သောင်းမြင့်မားသော မိစ္ဆာမျောက်ပေါ် အုပ်မိုးကျဆင်းလာ၏။
နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များ တစ်ရာ၊ တစ်ထောင် သို့မဟုတ် တစ်သောင်းကပင် ထိုပုံရိပ်ကို မကိုင်လှုပ်နိုင်ပေ။
သို့သော်လည်း မရေမတွက်နိုင်သော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များ၏ ဆင်းသက်လာမှုသည် ပေတစ်သောင်းမြင့်မားသော မိစ္ဆာမျောက်ပုံရိပ်ယောင်အပေါ် တကယ်ပင်သိသာထင်ရှားသော သက်ရောက်မှုတစ်ခု ရှိလာစေ၏။ ၎င်း၏ ရောင်ဝါက မှေးမှိန်လာပြီး ထွင်းဖောက်မတတ်ကြည်လင်လာကာ အချိန်မရွေးပျက်ပြယ်သွားနိုင်သည့်အလားပင်။
မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များက မိုးပေါက်များကဲ့သို့ တဖွဲဖွဲကျဆင်းလာ၏။
ချွင်… ချွင်… ချွင်…
မျောက်က သူ၏ တောင်ဝှေးကို မြှောက်ပြီး လွှဲယမ်းကာ မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များနှင့် စိတ်ဝိညာဉ်ရတနာများကို ခြေမွှဖျက်ဆီးပစ်နေ၏။ သို့သော်လည်း သူ့အပေါ်သို့ ကျဆင်းလာသည့် မရေမတွက်နိုင်သောလက်နက်များက ရှိနေဆဲပင်။
ပကတိစိတ်ဝိညာဉ်မြောက်မြားစွာကို အံ့အားသင့်သွားစေသည်မှာ ဤမျှများပြားသော နတ်ဘုရားလက်နက်များက မျောက်၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာစဉ်မှာတောင် သူတို့သည် သတ္တုချင်းထိခတ်သံကို ကြားနေရလေသည်။
နတ်ဘုရားလက်နက်များသည် အသွေးအသားမဟုတ်ဘဲ သတ္တုနှင့်ပြုလုပ်ထားသော ခန္ဓာကို ထိခတ်နေသည့်အလားပင်။
ထိုမျှသာမကပေ ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ သူတို့သည် မျောက်ကို မသတ်ဖြတ်နိုင်ကြပေ။
ပေတစ်သောင်းမြင့်မားသော မိစ္ဆာမျောက်ပုံရိပ်ယောင်က ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ကျန်ရှိနေဆဲဖြစ်၏။
မျောက်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများစွာက သွေးများတစ်စက်စက်သာ စီးကျနေ၏။ သို့သော်လည်း သူ၏ အခြေခံအုတ်မြစ်က ထိခိုက်ခံရမှု မရရှိပေ။
“သူက အသက်ရှင်နေသေးတာလား”
ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာက တုန်လှုပ်သွားကြ၏။
သူ၏ နောက်ဘက်မှာရှိသော လုံလီပင်လျှင် မှင်တက်နေ၏။
ပကတိစိတ်ဝိညာဉ်မျောက်တစ်ကောင်က ဤကဲ့သို့သောပုံစံဖြင့် ဘယ်လိုလုပ်တိုက်ခိုက်နိုင်တာလဲ။
နဂါးမျိုးနွယ်၏ မျိုးဆက်သွေးနှင့်ကိုယ်ကာယက သန်မာသည်ဆိုလျှင်တောင် သူတို့သည် စစ်သည်ပေါင်းတစ်သန်း၏ တိုက်ခိုက်မှုများကို ဤကဲ့သို့သော ပုံစံဖြင့် ခုခံရဲလိမ့်မည် မဟုတ်ပေ။
ဤတစ်ခေါက်မှာ လုံလီက သူ၏ စိတ်ကို လျင်မြန်စွာငြိမ်သက်စေပြီး မျောက်၏ ဘေးပတ်လည်မှာရှိသော ပကတိစိတ်ဝိညာဉ်ပညာရှင်များကို တားဆီးရန် သူမ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ပဉ္စဝဏ္ဏဂမ္ဘီရအလင်းကို ထုတ်လွှတ်လိုက်၏။
“ဟားဟားဟား”
မျောက်က ဟားတိုက်ရယ်မောလိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ထိခိုက်ဒဏ်ရာများက သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို မလျော့ကျစေရုံသာမက သူတို့သည် သူ့ခန္ဓာကိုယ်ထဲရှိ ရူးသွပ်မှုကိုပင် နှိုးဆွမိသွားလေသည်။
သူက မန္တန်တစ်ခုကို တိတ်တဆိတ်ရွတ်ဆိုပြီး သူ၏ ဒဏ်ရာမှ သွေးများဖြင့်စွန်းထင်းနေသော သားမွေးရှည်လက်တစ်ဆုပ်စာကို ဆွဲနုတ်ယူလိုက်လေသည်။ သူက အဲဒါကို သူ၏ ပါးစပ်ထဲမှာထည့်ပြီး ညင်သာစွာမှုတ်ထုတ်လိုက်သည်။
သွေးနီရောင် အမွေးအမှင်များက လေထဲမှာ လွင့်မျောပြီး အဘက်ဘက်သို့ ပျံသန်းသွားလေသည်။ လူတိုင်း၏ ရှေ့မှောက်မှာပင် သူတို့သည် မျောက်နှင့်ထပ်တူထပ်မျှတူညီသော မျောက်ပေါင်းရာချီအဖြစ် အသွင်ပြောင်းလဲသွား၏။
အတူယှဉ်တွဲပေါ်ထွက်ခြင်း။
နီညိုရောင်မျောက်ဝံကမ္ဘာမှ ဧကရာဇ်ပညာရှင်များပင်လျှင် ထိုလျှို့ဝှက်အတတ်ကို မကျင့်ကြံနိုင်ကြပေ။
ဤသည်မှာ အသန်မာဆုံး မျိုးဆက်သွေးလေးခုနှင့်ပေါင်းစည်းပြီး သူ့စိတ်ထဲရှိ ရှေးဟောင်းမှတ်ဉာဏ်တစ်ခုကို နိုးထစေခဲ့ပြီးနောက် မျောက်ကျင့်ကြံထားသော လျှို့ဝှက်အတတ်တစ်ခုဖြစ်လေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးတစ်မှင်ချင်းစီက ထိုလျှို့ဝှက်အတတ်နှင့်အတူ ကိုယ်ပွားတစ်ခုအဖြစ် အသွင်ပြောင်းလဲနိုင်လေသည်။
တကယ်တော့ ကိုယ်ပွားများ၏ တိုက်ခိုက်ရည်ခွန်အားက သူ၏ ပင်မခန္ဓာထက် များစွာနိမ့်ကျနေဆဲဖြစ်၏။
ထိုသို့ဆိုလျှင်တောင် သူ၏ ပင်မခန္ဓာသည် မည်သို့ပင်ဆိုစေ အန္တိမမျိုးဆက်သွေးလေးခုနှင့်ပေါင်းစည်းထားပြီး ကစဉ့်ကလျားမိစ္ဆာမျောက်အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကိုယ်ပွားတစ်ခုချင်းစီက ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်ဆဲဖြစ်၏။
မျောက်မှာ ကိုယ်ပွားများအဖြစ်ပြောင်းလဲနိုင်သော အမွေးအမှင်ရှစ်သောင်းလေးထောင်ရှိလေသည်။
မျောက်က စိတ်ဆိုးဒေါသထွက်ပြီး ကိုယ်ပွားရှစ်သောင်းလေးထောင်ကို တစ်ခါတည်းဆင့်ခေါ်မည်ဆိုလျှင် ကောင်းကင်လိုဏ်ဂူဘုရင်များပင် ထွက်ပြေးရပေလိမ့်မည်။
တကယ်တော့ သူက အသက်အန္တရာယ်နှင့် မကြုံတွေ့ရသရွေ့ ထိုသို့ ပြုလုပ်လိမ့်မည်မဟုတ်ပေ။
မျောက်၏ ကိုယ်ပွားရာချီက လူအုပ်ကြားထဲသို့ ပြေးဝင်သွားပြီး အဘက်ဘက်မှ ဝင်ရောက်သတ်ဖြတ်နေ၏။ ထိုဖြစ်ရပ်က တစ်ဘက်အဖွဲ့၏ ပကတိစိတ်ဝိညာဉ်စစ်တပ်ကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေလေသည်။
ပကတိစိတ်ဝိညာဉ်တချို့သည်လည်း ကိုယ်ပွားခြင်းနည်းစနစ်များကို သိရှိထားကြ၏။ သို့သော်လည်း သူတို့သည် အမွေးအမှင်လက်တစ်ဆုပ်စာကို ဆွဲနှုတ်ကာ လေဖြင့်မှုတ်ထုတ်ရုံဖြင့် ကိုယ်ပွားရာချီကို ဆင့်ခေါ်နိုင်သည့် ဤကဲ့သို့သော ပုံစံမျိုးကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။ ဒါ့အပြင် သူတို့အားလုံးက စိတ်အားမာန်အပြည့်နှင့် စွမ်းအားကြီးမားနေ၏။
ထိုအချက်က တကယ့်ကို ကြောက်စရာကောင်းလွန်းလေသည်။
သူတို့သည် ထိုမျောက်ကို စိတ်ဆိုးဒေါသထွက်စေပြီး ထိုသူက သူ့ခန္ဓာကိုယ်ပေါ်မှ အမွေးအမှင်များအားလုံးကို တစ်ခါထဲ ဆွဲနှုတ်လိုက်မည်ဆိုလျှင် ကိုယ်ပွားပေါင်းသောင်းချီက ပေါ်ထွက်လာမည်မဟုတ်လော။
မျောက်သည် အတူယှဉ်တွဲပေါ်ထွက်ခြင်းပေါ် မှီခိုပြီး ရပ်တန့်တားဆီးမရသော ပုံစံဖြင့် လူအုပ်ကြားထဲမှာ ဝင်ရောက်သောင်းကျန်းနေ၏။
ထိုစဉ်မှာပင် သူ့ရှေ့တည့်တည့်ရှိ စစ်တပ်၏ နောက်ဘက်မှာ ကစဉ့်ကလျားအခြေအနေများ ပေါ်ထွက်လာပြန်၏။
လူသုံးယောက်က ထင်တိုင်းကြဲသတ်ဖြတ်နေပြီး ပကတိစိတ်ဝိညာဉ်များထဲ မည်သူကမှ သူတို့နှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ နောက်သို့ဆုတ်ပေးနေရ၏။
ဆူဇီမိုသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို အသုံးပြုကာ သူ၏ ကိုယ်ပွားသုံးခုကို တိုက်ပွဲနယ်မြေသို့ စေလွှတ်ပေးခဲ့လေသည်။
သူတို့က ကိုယ်ပွားသုံးခုသာဖြစ်ပြီး သူတို့မှာ မျိုးဆက်သွေး၊ အမြုတေစိတ်ဝိညာဉ်၊ နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်များမရှိသော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ဆူဇီမိုနှင့် အတူတူပင်ဖြစ်၏။
ကောင်းကင်လိုဏ်ဂူကိုယ်ပွားများသည် ဖုန့်မြို့တော်၏ တိုက်ပွဲနယ်မြေမှာ ပြိုင်ဘက်ကင်းသလောက်နီးပါးဖြစ်နေ၏။