← Chapters

ချေမှုန်းသုတ်သင်ခြင်း

Vol. 204 Ch. 3052

ချေမှုန်းသုတ်သင်ခြင်း

Vol. 204 Ch. 3052

တစ်ဘက်သူက ကြိုတင်ပြင်ဆင်ထားမှုမရှိသည့်အချိန်မှာ သူက နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်မည်ဆိုလျှင် သူသည်လည်းပဲ သာမန်ဘုရင်နှစ်ဦးလောက်ကို ဒဏ်ရာအပြင်းအထန်ရရှိစေမည် သို့မဟုတ် သတ်ပင်သတ်နိုင်မည်ဟု လုံဖုန့်က ခံစားရလေသည်။

မည်သို့ပင်ဆိုစေ သူက နဂါးမျိုးနွယ်၏ အထွတ်အထိပ်ဘုရင်တစ်ဦးဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း ဤလူသားကျင့်ကြံသူမှာ ကောင်းကင်လိုဏ်ဂူအသေးသာရှိလေသည်။ သူသည် ဤကဲ့သို့ကြောက်စရာကောင်းသော အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ဘယ်လိုလုပ်ထုတ်ဖော်နိုင်တာလဲ။ ဒါ့အပြင် အဲဒါသည် နဂါးမျိုးနွယ်၏ လျှို့ဝှက်အတတ်တစ်ခုဖြစ်နေ၏။

သူမတုံ့ပြန်နိုင်ခင် အခြေအနေက ထပ်မံ၍ ပြောင်းလဲသွားသည်။

လူသားမျိုးနွယ်မှ အစိမ်းရောင်ဝတ်ကျင့်ကြံသူက စက္ခုနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်ပုံရသည်။ သူ၏ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင်နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးကာ လေဟာနယ်ထဲသို့ ကျဆင်းလာသော အနက်နှင့်အဖြူ အလင်းတန်းတစ်ခုကို ထုတ်ဖော်ပြီး ဖြည်းဖြည်းချင်းလည်ပတ်နေသည့် ယင်ယန်ငါးများကားချပ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

နောက်ခဏ၌ လူသားကျင့်ကြံသူသည် ကျောက်စိမ်းမြင်းမြီးကျာပွတ်တစ်ခုကို ဆင့်ခေါ်ပြီး ယင်ယန်ငါးများကားချပ်ထဲမှာ အနည်းငယ်မွှေနှောက်ကာ ကြယ်တာရာကောင်းကင်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးဆယ့်နှစ်ခုကို လျင်မြန်စွာ ရေးဆွဲလိုက်၏။

“တင်းခြောက်ပါးနဲ့ ကျားခြောက်ပါးဖွဲ့စည်းခြင်းသည် စိတ်ဝိညာဉ်များနှင့် တစ္ဆေများအားလုံးကို ပြိုကွဲစေမည်…..”

နောက်ခဏ၌ စွမ်းအားကြီးမားသော အော်ရာများနှင့်အတူ ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးက ဆင်းသက်ရောက်ရှိလာ၏။ သူတို့၏ လက်ထဲရှိ လှံများ၊ ဓားများနှင့်အတူ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးခြောက်ဦးက အထွတ်အထိပ်ဘုရင်လေးဦးရှိရာသို့ ပြေးဝင်သွားလေသည်။

“အဲဒါက ရုပ်သေးရုပ်တွေကို ဆင့်ခေါ်တဲ့လျှို့ဝှက်အတတ်တစ်ခုဖြစ်ရမယ်”

လုံဖုန့်က တီးတိုးရေရွတ်လိုက်၏။ သို့သော်လည်း သိပ်မကြာခင် သူ၏ အမူအရာက ပြောင်းလဲသွား၏။

“ဒီရုပ်သေးရုပ်ဆယ့်နှစ်ရုပ်က…”

တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများကို ယင်နှင့်ယန်၏ စွမ်းအားကနေ စုဖွဲ့ထားလေသည်။ သူတို့မှာ သွေးချီ၊ အမြုတေစိတ်ဝိညာဉ် သို့မဟုတ် ကောင်းကင်လိုဏ်ဂူများ မရှိဘဲ နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်များကို မထုတ်ဖော်နိုင်ကြပေ။ သို့သော်လည်း တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများ၏ ခန္ဓာကိုယ်များကနေ ထုတ်ဖော်လိုက်သော တိုက်ခိုက်ရည်ခွန်အားသည် သူတို့သခင်၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်နှင့် တူညီလေသည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားက ဆပွားမြင့်တက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကျင့်ကြံမှုနယ်ပယ်က ပကတိကောင်းကင်လိုဏ်ဂူတစ်ခုနှင့် ယှဉ်နိုင်နေပြီဖြစ်၏။

ယခု သူထုတ်ဖော်လိုက်သော တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများသည် အနီးကပ်တိုက်ခိုက်ရည်မှာ အထွတ်အထိပ်ဘုရင်တစ်ဦး၏ တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်သည်ဟု ဆိုလိုလေသည်။

ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးက လျင်မြန်စွာ လူစုခွဲလိုက်၏။ အထွတ်အထိပ်ဘုရင်တစ်ဦးချင်းစီက ကောင်းကင်ဘုံနတ်ဘုရားသုံးဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရလေသည်။

အထွတ်အထိပ်ဘုရင်လေးဦးသည် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများက ဘယ်လောက်ကြောက်စရာကောင်းသလဲ အာရုံခံမိသွားပြီး သူတို့၏ အမူအရာများက သုန်မှုန်လာခဲ့၏။ အတွေးတစ်ချက်နှင့်အတူ သူတို့က သူတို့၏ တိုက်ပွဲဝင်အလောင်းများကို သူတို့ရှိရာဘက်သို့ အလောတကြီး ဆင့်ခေါ်လိုက်၏။

အထွတ်အထိပ်ဘုရင်လေးဦးကြားမှာ သုံးဦးသည် အုတ်ဂူကမ္ဘာမှာ ဘုရင်များဖြစ်ပြီး သူတို့၏ ကိုယ်ကာယများနှင့် မျိုးဆက်သွေးများက အားနည်းလေသည်။

တိုက်ပွဲဝင်အလောင်း၏ ကာကွယ်မှုမရှိဘဲ သူတို့သည် အနီးကပ်တိုက်ခိုက်ရည်မှာ တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများထဲ တစ်ဦးကိုပင် ခုခံနိုင်မည်မဟုတ်ပေ။

ကျန်ရှိနေသောဘုရင်မှာ ပိုမိုသန်မာသော ကိုယ်ကာယရှိသော်လည်း သူသည်လည်းပဲ ကောင်းကင်ဘုံနတ်ဘုရားသုံးပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို မခုခံနိုင်ပေ။

တင်းခြောက်ပါးနှင့် ကျားခြောက်ပါနတ်ဘုရားများ ထွက်ပေါ်လာခြင်းကြောင့် အခြေအနေက ပြောင်းလဲသွား၏။ အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူများသည် စွမ်းအားကြီးမားသော ကိုယ်ကာယများရှိပြီး သေရမည်ကို မကြောက်ရွံ့သော တိုက်ပွဲဝင်အလောင်းများကို ပိုင်ဆိုင်ထားကြလေသည်။ သူတို့ကို ကိုင်တွယ်ဖို့က တကယ်ပင် ခဲရခဲဆစ်နိုင်၏။ သို့သော်လည်း ဆူဇီမို၏ ထင်မြင်ချက်အရ အုတ်ဂူကမ္ဘာကျင့်ကြံသူများ၏ အားနည်းချက်များကလည်း အရမ်းကို သိသာထင်ရှားနေ၏။ တကယ်ဆို ဆူဇီမိုသည် ဆက်လက်၍ တိုက်ခိုက်ခြင်းပင်မရှိပေ။ သူက ကြယ်တာရာကောင်းကင်တိုက်ပွဲနယ်မြေမှာ လက်နှစ်ဖက်နောက်ပစ်ကာသာ မတ်တတ်ရပ်ပြီး ဂရုမစိုက်သောအမူအရာနှင့်အတူ ဤမြင်ကွင်းကို တည်ငြိမ်စွာစောင့်ကြည့်နေ၏။

ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ဦးက သူတို့၏ တစ်မူထူးခြားသော တိုက်ခိုက်ရေးနည်းလမ်းများကို ထိန်းချုပ်ပြီး အလိုအလျောက်ပူးပေါင်းမှုနှင့်အတူ အလွန်တရာထက်ရှနေ၏။

တကယ်ဆို ဆူဇီမိုသည် တိုက်ပွဲဖြစ်စဉ်တစ်ရပ်လုံးကို ထိန်းချုပ်ဖို့အတွက် အားထုတ်မှုများစွာပင် မလိုအပ်ပေ။

အတွေးတစ်ချက်ပို့ထားရုံမျှနှင့် တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများက သူတို့ဘာသာသူတို့ တိုက်ခိုက်နိုင်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို သူတို့၏ အကန့်အသတ်ထိ ထုတ်ဖော်ထားနိုင်လေသည်။

အုတ်ဂူကမ္ဘာမှ အထွတ်အထိပ်ဘုရင်သုံးဦးသည် သူတို့၏ တိုက်ပွဲဝင်အလောင်းများနှင့်အတူ တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများကို ခြေမွှဖျက်ဆီးပစ်နိုင်မည်ဟု တွေးခဲ့ကြ၏။

သို့သော်လည်း သူတို့သည် ထိုလျှို့ဝှက်အတတ်၏ စွမ်းအားကို အထင်သေးမိထားကြဆဲဖြစ်၏။

၎င်းသည် တဗူးဂမ္ဘီရကျင့်စဉ် နည်းစနစ်သိုလှောင်ရုံ၏ အာဒိကပ္ပသမဂ္ဂအတွဲမှ အသန်မာဆုံး လျှို့ဝှက်အတတ်ဖြစ်သော်လည်း တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများမှာလည်း အားနည်းချက်ရှိနေ၏။ သို့သော်လည်း အပြန်အလှန်အားဖြင့် ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးမှာ ပင်ကိုယ်အားသာချက်များစွာလည်း ရှိနေပြန်သည်။

ဥပမာအားဖြင့် အထွတ်အထိပ်ဘုရင်များ ထုတ်ဖော်လိုက်သော အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များသည် တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများအပေါ် မည်သည့်ပျက်စီးထိခိုက်မှုမှ ရှိစေမည်မဟုတ်ပေ။

တိုက်ပွဲဝင်အလောင်းများပေါ်ရှိ အလောင်းချီနှင့် အဆိပ်သည်လည်း တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။

တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများကို ယင်နှင့်ယန်၏ စွမ်းအားကနေ စုဖွဲ့ထားလေသည်။ ဤစွမ်းအား၏ အရင်းအမြစ်သည် အထွတ်အထိပ်ကျောက်တုံးနှစ်တုံးဖြစ်သော မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကနေ လာလေသည်။

ဂမ္ဘီရကျောက်တုံးနှစ်တုံးကနေ ထုတ်လွှတ်လိုက်သော ယင်နှင့်ယန်၏ စွမ်းအားသည် အလွန်တရာသန့်စင်သိပ်သည်းကျစ်လစ်ပြီး အဆိပ်နှင့် ညစ်ညမ်းမှုများကို ခုခံနိုင်လေသည်။

တိုက်ပွဲဝင်အလောင်းများ၏ အဓိက အားသာချက်သည် သေရမည်ကို မကြောက်ရွံ့ဘဲ နာကျင်မှုကို မခံစားရခြင်းဖြစ်လေသည်။

ထိုရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများမှာလည်း ထိုကဲ့သို့တူညီသောပုံစံရှိနေ၏။

အုတ်ဂူကမ္ဘာမှ အထွတ်အထိပ်ဘုရင်သုံးဦး၏ တိုက်ပွဲဝင်အလောင်းများသည် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများနှင့် ရင်ဆိုင်ရချိန်မှာ မည်သည့်အားသာချက်မှ မရရှိနိုင်ပေ။

ဤတိုက်ပွဲက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုနှင့် ပို၍တူလာ၏။

ကောင်းကင်ဘုံနတ်ဘုရားတစ်ဦးသည် တိုက်ပွဲဝင်အလောင်းတစ်လောင်းနှင့် တိုက်ခိုက်နိုင်လေသည်။ ကျန်ရှိနေသော ကောင်းကင်ဘုံနတ်ဘုရားနှစ်ဦးက အုတ်ဂူကမ္ဘာ၏ အထွတ်အထိပ်ဘုရင်ကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ကာ အသက်ဆယ်ရှိုက်စာမပြည့်ခင် သူ့ကို သတ်ဖြတ်လိုက်၏။

အုတ်ဂူကမ္ဘာမှ အထွတ်အထိပ်ဘုရင်သုံးဦး သေဆုံးမှုနှင့်အတူ သူတို့၏ တိုက်ပွဲဝင်အလောင်းများက ဆွေးရိပြီး သွေးပြည်များအဖြစ်ပြောင်းလဲကာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးသွားလေသည်။

အုတ်ဂူကမ္ဘာ၏ အထွတ်အထိပ်ဘုရင်သုံးဦးမှာ သူတို့ပကတိကောင်းကင်လိုဏ်ဂူ၏ ကာကွယ်မှုရှိနေမည်ဆိုလျှင် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများအနေဖြင့် သူတို့ကို ထိခိုက်ဒဏ်ရာရရှိစေဖို့က ခဲယဉ်းပေလိမ့်မည်။

သို့သော်လည်း သူတို့သည် လုံဖုန့်ကို မရမကသတ်ဖြတ်ဖို့ ရည်ရွယ်ထားပြီး သူတို့သည် တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများ၏ ခွန်အားကို လျှော့တွက်မိကာ သူတို့၏ ပကတိကောင်းကင်လိုဏ်ဂူများကို ပြန်လည်မခေါ်ယူခဲ့ကြပေ။

ထိုသည်ကို တွေ့မြင်သောအခါ ယခုတင် ရှေ့သို့ပြေးတက်လာသော အထွတ်အထိပ်ဘုရင်က လိပ်ပြာလွင့်မတတ်ကြောက်လန့်သွား၏။ သူသည် ဤနေရာမှာ ဘယ်လိုလုပ် ဆက်လက်၍ နေရဲပါတော့မလဲ။ သူက သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို အလောတကြီးဆင့်ခေါ်ပြီး ထွက်ပြေးဖို့ ပြင်လိုက်၏။

အသက်ဆယ်ရှိုက်စာမပြည့်ခင် တိုက်ပွဲနယ်မြေမှာရှိသော အခြေအနေက လုံးလုံးလျားလျားပြောင်းလဲသွားပြီဖြစ်သည်။

သာမန်ဘုရင်များသည် ဆူဇီမို၏ ဟိန်းဟောက်သံမှာ သေသည့်အထိ တုန်လှုပ်သွားကြ၏။

အန္တိမဘုရင်ငါးဦးကလည်း ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ယခုအချိန်ထိ အသက်ကောင်းကောင်းမရှူနိုင်သေးပေ။ သူတို့သည် မလှမ်းမကမ်းမှာရှိသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို တုန်လှုပ်စွာဖြင်သာ ကြည့်နေကြ၏။

အုတ်ဂူကမ္ဘာမှ အထွတ်အထိပ်ဘုရင်သုံးဦး၏ သေဆုံးမှုနှင့်အတူ လုံဖုန့်အပေါ် ဖိအားက လျော့ကျသွားလေသည်။

သူ့ကို ဖိနှိမ်ထားသည့် တစ်ခုတည်းသော ကောင်းကင်လိုဏ်ဂူက အသက်ရှင်လျက်ကျန်ရှိနေသေးသော အထွတ်အထိပ်ဘုရင်၏ ကောင်းကင်လိုဏ်ဂူဖြစ်လေသည်။

အစကတော့ လုံဖုန့်၏ ပကတိကောင်းကင်လိုဏ်ဂူပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီဖြစ်ပြီး လဲပြိုကျတော့မည့်ဆဲဆဲဖြစ်၏။

ယခု သူက အသက်ရှူချိန်ရရှိလာပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့ကာ သူ၏ မျက်လုံးထဲမှာ မီးတောက်များက နောက်တစ်ဖန်လောင်ကျွမ်းလာ၏။ သူက သူ၏ ကောင်းကင်လိုဏ်ဂူကို ထိန်းညှိဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး တစ်ချိန်တည်းမှာပင် တန်ပြန်တိုက်ခိုက်လိုက်၏။

တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုလျှင် ထိုအထွတ်အထိပ်ဘုရင်သည် လုံဖုန့်ကို လုံးဝမယှဉ်နိုင်ပေ။

သူ၏ ကောင်းကင်လိုဏ်ဂူကို ပြန်လည်မဆင့်ခေါ်နိုင်ခင် ၎င်းသည် လုံဖုန့်၏ ပကတိကောင်းကင်လိုဏ်ဂူဖြင့် ဖိနှိမ်ခံရပြီး ယိမ်းထိုးသွားလေသည်။

ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ဦးကတော့ သူတို့သည် ထိုအထွတ်အထိပ်ဘုရင်ရှိရာသို့ ပြေးဝင်သွားကြပြီဖြစ်၏။

သူတို့၏ လှံများက လူးလွန့်လှုပ်ရှားလာပြီး သူတို့၏ ဓားများက အလွန်တရာထက်ရှနေ၏။

တစ်ခဏချင်းမှာပင် ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးက ထိုအထွတ်အထိပ်ဘုရင်ကို သွေးသံရဲရဲအပိုင်းပိုင်းဖြစ်သည်အထိ ခုတ်ပိုင်းလိုက်ကြလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး သေဆုံးသွား၏။

ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးသည် ရပ်တန့်ခြင်းမရှိဘဲ ကျန်ရှိနေသော အန္တိမဘုရင်ငါးဦးကို သတ်ဖြတ်ဖို့အတွက် လှည့်ထွက်သွားကြ၏။

အန္တိမဘုရင်ငါးဦးသည် ယခုတင် ဒဏ်ရာအပြင်းအထန်ရရှိထားလေသည်။

အထွတ်အထိပ်ဘုရင်များ၏ တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးအပြင် လုံဖုန့်နှင့်ပါ ရင်ဆိုင်ရချိန်မှာ သူတို့သည် လုံးဝမခုခံနိုင်ကြပေ။

သူတို့သည် ညည်းတွားအော်ဟစ်ပြီး ကြယ်တာရာကောင်းကင်ထဲမှာ မြှုပ်နှံခံလိုက်ရကာ သူတို့၏ သွေးများက ဖုန့်မြို့တော်ရှိရာသို့ ဖိတ်စင်ပြန့်ကျဲကျဆင်းသွားလေသည်။

ထိုအခိုက်အတန့်မှာ အစက သတ်ဖြတ်သံများဖြင့် ပြည့်နှက်နေသော ဖုန့်မြို့တော်၏ တိုက်ပွဲနယ်မြေက ယာယီအားဖြင့် ရပ်တန့်သွား၏။

မရေမတွက်နိုင်သော အကြည့်များက ထိုအချင်းအရာကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

နဂါးမျိုးနွယ်ဘက်မှာ ကိစ္စများက အဆင်ပြေနေဆဲဖြစ်၏။ သူတို့က တုန်လှုပ်နေသည်ကလွဲလျှင် ပို၍ပင် စိတ်အားမာန်တက်ကြွလာ၏။

အုတ်ဂူကမ္ဘာ၏ စစ်သည်ဆယ်သန်းကတော့ သူတို့၏ မိဘများကို ဆုံးရှုံးသွားသည့်အလား သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။

သေဆုံးကုန်ကြပြီ။

သူတို့အားလုံး သေကုန်ကြလေပြီ။

လူသားမျိုးနွယ်မှ အစိမ်းရောင်ဝတ်ပုံရိပ်က ကြယ်တာရာကောင်းကင်သို့ တက်လှမ်းသွားသည့်ခဏမှာပင် အသက်ဆယ်ရှိုက်စာမပြည့်ခင် ဘုရင်ဆယ်ဦးကျော်က ရှင်းလင်းခံလိုက်ရလေသည်။

ဘာတွေဖြစ်သွားတာလဲ။

တကယ်ဆို အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူများစွာသည် သူတို့ရှေ့မှ မြင်ကွင်းကို လက်မခံနိုင်ကြသေးပေ။ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဤလူသားဘုရင်က ဘယ်ကနေရောက်လာတာလဲ။

ကြောက်စရာကောင်း၍ အေးစက်နေသော ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးကို ထိန်းချုပ်နိုင်သည့် နည်းလမ်းက ဘာနည်းလမ်းလဲ။

သူတို့သည် ထိုအဖြေကို ဆက်လက်၍ သိခွင့်မရှိတော့ပေ။

ဘုရင်များ၏ တိုက်ပွဲနယ်မြေမှာ မည်သည့်ဘက်က အနိုင်ရရှိသည်ဖြစ်စေ အဲဒါသည် အခြေအနေတစ်ရပ်လုံးအပေါ် သက်ရောက်မှုရှိလာပေလိမ့်မည်။

အုတ်ဂူကမ္ဘာ၏ မူလအစီအစဉ်က ဤနေရာမှာရှိသော လူတိုင်းကို သတ်ဖြတ်ရန်ဖြစ်သည်။

ယခု နဂါးမျိုးနွယ်က အနိုင်ရလဒ်ကိုဖော်ဆောင်လိုက်ပြီး ဤနေရာကို ရောက်ရှိလာသော အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူများစွာထဲ အသက်ရှင်လျက်ထွက်ခွာနိုင်မည့်သူ များများစားစားရှိလိမ့်မည် မဟုတ်ပေ။

ဤသည်က လောကစစ်ပွဲများ၏ ရက်စက်ကြမ်းကြုတ်မှုဖြစ်လေသည်။

All Chapters