မူမမှန်မှု
Vol. 204 Ch. 3053
အခြေအနေက ပြေလည်သွားသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများကို ပြန်လည်ဆင့်ခေါ်ပြီး ဖုန့်မြို့တော်သို့ ပြန်လည်ရောက်ရှိလာ၏။
“တော်လောက်ပြီ”
ဆူဇီမိုက မျောက်၏ ဘေးသို့ ရောက်ရှိလာပြီး ပြောလိုက်လေသည်။
မျောက်သည် သတ်ဖြတ်ခြင်း၏ အလယ်မှာ ရောက်ရှိနေပြီး ဆူဇီမို သူ့ကို တားဆီးလိုက်သည့်အတွက် အနည်းငယ် မကျေမနပ်ဖြစ်သွား၏။
သို့သော်လည်း သူက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။ သူက တိုက်ပွဲဧကရာဇ်လက်နက်ကို သိမ်းဆည်းပြီး ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာ၏။ လုံရန်နှင့်အတူ သူတို့က လုံဖုန့်ကို နှုတ်ဆက်လိုက်ကြ၏။
“ညီအစ်ကိုဆူ... ဒီတစ်ခေါက် မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
လုံဖုန့်က ဆူဇီမိုကို ကျေးဇူးတင်ရှိစွာဖြင့် လက်နှစ်ဖက် ယှက်ပြလိုက်၏။
“မင်းကြောင့်မဟုတ်ရင် ဖုန့်မြို့တော်က နဂါးပေါင်းသိန်းချီက သေကြေပျက်သုဉ်းရလိမ့်မယ်”
“ငါကလည်း သေဘေးကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး… အခုကစပြီး မင်းက ငါ့ရဲ့ကျေးဇူးရှင်ပဲ”
ဆူဇီမိုက ပြောလိုက်၏။
“မြို့တော်အရှင်…. ခင်ဗျား အဲ့လောက်ထိ ကျေးဇူးတင်နေစရာ မလိုပါဘူး… ကျုပ်က ခရီးသွားဟန်လွဲ ကူညီလိုက်ရုံပါပဲ”
ဆူဇီမိုက ထိုစကားကို သာမန်ကာလျှံကာ ပြောလိုက်၏။ သို့သော်လည်း လုံဖုန့်မှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေပြီး ခါးသက်စွာ ပြုံးလိုက်၏။
သူသည် ဆူဇီမိုကို တကယ်ပင် ထွင်းဖောက်၍ မမြင်နိုင်တော့ပေ။
စောစောက ဆူဇီမိုသည် တကယ်ပင် လုပ်ရပ်တချို့ကို ခရီးသွားဟန်လွှဲ ပြုလုပ်ခဲ့လေသည်။ သူသည် သာမန်ကာလျှံကာ ဟိန်းဟောက်ပြီး ရုပ်သေးလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်ရုံသာဖြစ်၏။
သို့သော်လည်း ထိုလှုပ်ရှားကွက်နှစ်ကွက်နှင့်အတူ ဘုရင်ဆယ်ဦးကျော်ကျော်က အကုန်ရှင်းလင်းပစ်ခံလိုက်ရလေသည်။
“မြို့တော်အရှင်”
ဆူဇီမိုက ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။
“အုတ်ဂူကမ္ဘာရဲ့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုက အတော်လေး ထူးဆန်းနေတယ်… မီးပဒေသာနဂါးကြယ်ကနေလည်း တုံ့ပြန်မှု ရှိမလာသေးဘူး… ခင်ဗျား အဲဒီကို တစ်ချက်သွားကြည့်သင့်တယ်”
“မလိုတော့ပါဘူး”
လုံဖုန့်က ခိုင်မာသော အမူအရာဖြင့် လက်ကာပြလိုက်၏။
“နဂါးဘုရင် မီးပဒေသာနဲ့ နဂါးဘုရင် သုံးလေးဆယ်က မီးပဒေသာနဂါးကြယ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်… အဲဒီမှာ ကြီးကြီးမားမားပြဿနာ ရှိမှာမဟုတ်လောက်ဘူး”
“နောက်ပြီး ငါက ဖုန့်မြို့တော်ကို စောင့်ရှောက်ရဦးမယ်… ငါက သာမန်ကာလျှံကာ ထွက်သွားလို့မရဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် လုံဖုန့်က ကြယ်တာရာကောင်းကင်ထဲမှာ အသည်းအသန်ထွက်ပြေးနေသော အုတ်ဂူကမ္ဘာစစ်တပ်ကို အေးစက်နေသော အမူအရာဖြင့် ကြည့်လိုက်၏။
“နောက်ပြီး သတ်ဖြတ်ရဦးမယ့် ပုရွက်ဆိတ်တွေ ကျန်နေသေးတယ်”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
အုတ်ဂူကမ္ဘာစစ်တပ်၏ ရုတ်တရက်ရောက်ရှိလာမှုသည် ယခုမြင်နေရသလောက် မရိုးရှင်းဟု သူက အလိုလိုခံစားနေရ၏။
အုတ်ဂူကမ္ဘာသည် နေကာသစ်ပင်ကမ္ဘာ၏ မဟာမိတ်တပ်ဖွဲ့ ဖြစ်လေသည်။
ပြောရမည်ဆိုလျှင် ဤကဲ့သို့သော တိုက်ပွဲမှာ နေကာသစ်ပင်ကမ္ဘာက ပင်မအင်အား ဖြစ်သင့်လေသည်။
ဖုန့်မြို့တော်ကို အလစ်ဖမ်းတိုက်ခိုက်သော ဤတိုက်ပွဲမှာ နေကာသစ်ပင်ကမ္ဘာနှင့် သွေးကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများက ဘာကြောင့်ပေါ်ထွက်မလာတာလဲ။ တကယ်ဆို သူတို့ဘက်မှာ ကျင့်ကြံသူ တစ်ဦးတစ်လေပင် ပါမလာခဲ့ပေ။
မီးပဒေသာနဂါးကြယ်က စစ်ကူအင်အားကို အချိန်မရွေး ပို့လွှတ်ပေးနိုင်သည့် အခြေအနေအောက်မှာ ဘုရင်ဆယ်ဦးကျော်ကျော်က ဖုန့်မြို့တော်ကို ဝင်ရောက်တိုက်ခိုက်လာခြင်းသည် အတော်လေး ရဲတင်းရာကျနေ၏။
သူတို့က ဤမြို့ကို လှဲချနိုင်မည်ဆိုလျှင်တောင် နဂါးမျိုးနွယ်သည် ဖုန့်မြို့တော်ကို အချိန်မရွေး ပြန်လည်သိမ်းပိုက်နိုင်လေသည်။ ဤကဲ့သို့သော လျှပ်တပြက် အလစ်ဖမ်းတိုက်ခိုက်မှုက ဘာများအသုံးဝင်နိုင်မှာလဲ။
တစ်စုံတစ်ရာ လွဲမှားနေသည်ဟု ဆူဇီမိုက ခပ်ရေးရေးခံစားနေရ၏။ သို့သော်လည်း လုံဖုန့်က စိတ်ပိုင်းဖြတ်ထားသည်ကို တွေ့မြင်ရသောအခါ မည်သို့ပင်ဆိုစေ သူက အပြင်လူတစ်ယောက်သာဖြစ်ပြီး သူ့ကို ဆက်လက်၍ ဖျောင်းဖျမနေတော့ပေ။
“ညီကိုဆူ... မပူပါနဲ့”
ဆူဇီမို၏ စိုးရိမ်ပူပန်မှုကို ပြောနိုင်သည့်အလား လုံဖုန့်က ပြောလိုက်၏။
“အုတ်ဂူကမ္ဘာရဲ့ အဲဒီကျင့်ကြံသူတွေက ဒီတစ်ခေါက် အကဲစမ်းဖို့အတွက် ရောက်လာတာ ဖြစ်ရမယ်”
“ငါ နောက်ပြီးကျရင် မီးပဒေသာနဂါးကြယ်ကို လူတချို့လွှတ်ပြီး ဒီမှာရှိတဲ့ အခြေအနေကို တင်ပြခိုင်းလိုက်မယ်… မီးပဒေသာနဂါးကြယ်က သတိအနေအထားရှိနေတာနဲ့ ကိစ္စတွေအားလုံး အဆင်ပြေသွားလိမ့်မယ်”
လုံလီက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မြို့တော်ရှင်… မီးပဒေသာနဂါးကြယ်ကို ကျွန်မ သွားပေးမယ်… အဲဒီမှာရှိတဲ့ အခြေအနေကို တစ်ချက်သွားကြည့်လိုက်မယ်… သတင်းတစ်ခုခု ရှိမယ်ဆိုရင် ကျွန်မ ရှင့်ကို အချိန်မရွေး သတင်းပြန်ပို့ပေးလို့ရတာပဲ”
“အဲဒါဆိုရင်တော့ ပိုကောင်းတာပေါ့”
လုံဖုန့်က ခေါင်းညိတ်ပြလိုက်၏။
“အခုလောလောဆယ် ငါ့ဘက်မှာ လူအင်အားနည်းနေတယ်… မင်းကူညီပေးမယ်ဆိုရင် ငါ့ကို ပိုပြီးသက်သာစေလိမ့်မယ်”
ဖုန့်မြို့တော်ထဲမှ ပို့ဆောင်ရေးဝင်္ကပါကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပြီး ထွက်ပြေးသွားသော အုတ်ဂူကမ္ဘာစစ်တပ်နောက်ကိုလည်း လိုက်လံရှင်းလင်းရဦးမည်ဖြစ်သည်။
သူသည် ရစ်ခွေနဂါးဝင်္ကပါမှာ ပြဿနာတစ်ခုခုရှိလား ကိုယ်တိုင်သွားရောက် စစ်ဆေးကြည့်ရဦးမည်ဖြစ်သည်။
“အစ်ကိုဆူ... ရှင်တို့တွေလည်း သွားတော့မှာမလား”
လုံလီက ဆူဇီမိုကို ကြည့်လိုက်၏။
အစကတော့ ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် ထွက်ခွာဖို့ ပြင်ဆင်ထားပြီးပြီဖြစ်၏။
သို့သော်လည်း ရုတ်တရက် အပြောင်းအလဲကြောင့် သူတို့က ယခုအချိန်ထိ ဆက်ရှိနေခြင်းပင်။
ဖုန့်မြို့တော်မှ အခြေအနေက အထိုင်ကျသွားပြီး ဆူဇီမိုက ထွက်ခွာဖို့ အစက ပြင်ဆင်ထား၏။
သို့သော်လည်း လုံလီက မီးပဒေသာနဂါးကြယ်သို့ သွားရောက်ချင်သည်ဟု သူကြားရသောအခါ သူက မျက်မှောင်ကြုတ်ပြီး တွေဝေတုံ့ဆိုင်းနေ၏။
ဆူဇီမိုက တည်တံ့စွာ ပြောလိုက်၏။
“မီးပဒေသာနဂါးကြယ်ဆီ ငါ မင်းနဲ့လိုက်ခဲ့မယ်… ဒီမှာရှိတဲ့ ပို့ဆောင်ရေးဝင်္ကပါက လောလောဆယ် ပျက်စီးနေတယ်… ငါက လေဟာနယ်ကို ဆုတ်ဖြဲပြီး မင်းကို အဲဒီနေရာဆီ ပို့ဆောင်ပေးနိုင်တယ်… အဲဒါက အချိန်တော်တော်လေး သက်သာစေလိမ့်မယ်”
“ငါတို့တွေက အချိန်မရွေး ထွက်သွားလို့ရတာပဲ… ခဏလောက် ထပ်စောင့်ရလို့ ကိစ္စမရှိပါဘူး”
“ကောင်းပါပြီ”
လုံလီက ပြုံးပြလိုက်၏။
“မီးပဒေသာနဂါးကြယ်ဆီ ရှင်လိုက်ပို့မယ်ဆိုရင် ကျွန်မတို့တွေက မီးပဒေသာနဂါးဘုရင်ကို အတူတကွ တွေ့ဆုံလို့ရတယ်… သူက ဒီမှာရှိတဲ့ အခြေအနေကို သိရှိသွားရင် သူက ရှင့်ကို အတော်လေး ကျေးဇူးတင်လိမ့်မယ်… အဲဒီအချိန်ကျရင် မငြင်းပယ်ပါနဲ့”
ဆူဇီမိုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးပြီး ကန့်ကွက်ခြင်းမရှိပေ။
ဤနေရာမှာ သူ ရှင်းရှင်းလင်းလင်း မပြောဆိုထားသည့် ကိစ္စတချို့ ရှိနေ၏။
လုံဖုန့်သည် မီးပဒေသာနဂါးကြယ်သို့ သတင်းပေးပို့လိုက်သော်လည်း တုံ့ပြန်မှု ရှိမလာခဲ့ပေ။ သူ၏ ထင်မြင်ချက်အရ ဖြစ်နိုင်ခြေ နှစ်ခုသာလျှင် ရှိလေသည်။
ပထမအချက် သတင်းပို့အဆောင်မှာ ပြဿနာရှိနေခြင်းပင်။
ဒုတိယအချက် မီးပဒေသာနဂါးကြယ်မှာ ပြဿနာရှိနေခြင်းပင်။
ဆူဇီမိုသည် နဂါးများနှင့် ဖီးနစ်များကြား တိုက်ပွဲမှာ ပါဝင်ပတ်သက်လိုစိတ်မရှိပေ။ သို့သော်လည်း သူသည် လုံလီနှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့ပြီး စိုးရိမ်ပူပန်နေဆဲဖြစ်၏။
ထို့ကြောင့်ပင် သူက သူမကို ပို့ဆောင်ပေးဖို့ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
မီးပဒေသာနဂါးကြယ်မှာ မည်သည့်အမှားအယွင်းမှ မရှိဘူးဆိုလျှင် သူတို့က ထွက်ခွာသွားနိုင်ပြီ ဖြစ်လေသည်။
“ညီအစ်ကိုဆူ... ကျေးဇူးတင်ပါတယ်”
လုံဖုန့်က ဆူဇီမိုကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူက နဂါးမျိုးနွယ်စစ်တပ်ကို ဦးဆောင်ကာ ဖုန့်မြို့တော်ထဲမှာ ကျန်ရှိနေသည့် အုတ်ဂူကမ္ဘာကျင့်ကြံသူများကို အမဲလိုက်ဖို့ လှည့်ထွက်သွား၏။
ဆူဇီမိုက လေဟာနယ်ကို သာမန်ကာလျှံကာ ဆုတ်ဖြဲပြီး အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်စေကာ မျောက်၊ လုံရန်နှင့် လုံလီတို့ကို အာကာသဥမင်ထဲသို့ ခေါ်ဆောင်သွားလေသည်။
အသက်ဆယ်ရှိုက်စာမပြည့်ခင် သူတို့လေးယောက်သည် မီးပဒေသာနဂါးကြယ်၏ အနီးသို့ ရောက်ရှိလာကြ၏။
အပြင်ကနေ ကြည့်လျှင် မီးပဒေသာနဂါးကြယ်နှင့်ပတ်သက်ပြီး ထူးခြားနေသည့်အရာ မရှိပေ။
သူတို့လေးယောက် ပေါ်ထွက်လာသည့်ခဏမှာပင် မီးပဒေသာနဂါးကြယ်ပေါ်မှ နဂါးဘုရင်တစ်ဦးက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ရုတ်တရက် လေထဲသို့ ပျံတက်လာ၏။ တစ်ခဏချင်းမှာပင် သူက သူတို့လေးယောက်ရှေ့သို့ ရောက်ရှိလာ၏။
“အပြင်လူတွေ…”
နဂါးဘုရင်က ဆူဇီမိုနှင့်မျောက်ကို တွေ့မြင်သွားသောအခါ သူ၏ အမူအရာက အေးစက်လာပြီး သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။ သူက သတ်ဖြတ်ချင်နေလေသည်။
“နဂါးဘုရင် မီးတောက်”
လုံလီက အခြေအနေမဟန်တော့သည်ကို တွေ့မြင်သောအခါ သူမက ကျင့်ဝတ်ထုံးတမ်းများကို ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ ခပ်မြန်မြန်အော်ငေါက်လိုက်၏။
“သူတို့တွေက နဂါးမျိုးနွယ်ရဲ့ ကျေးဇူးရှင်တွေပဲ… ရှင် ဘယ်လိုတောင် လုပ်ရဲတာလဲ”
“ကျေးဇူးရှင်တွေလား”
နဂါးဘုရင် မီးတောက်က မျက်ခုံးပင့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က ဆူဇီမိုနှင့် မျောက်အပေါ် ကျရောက်သွားလေသည်။ ထို့နောက် ချက်ချင်းပင် သူက လှောင်ရယ်လိုက်၏။
“လူသားတစ်ယောက်နဲ့ မျောက်တစ်ကောင်က နဂါးမျိုးနွယ်ရဲ့ ကျေးဇူးရှင်တွေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လုံလီက အော်ပြောလိုက်၏။
“ဖုန့်မြို့တော်က စောစောတုန်းက အုတ်ဂူကမ္ဘာရဲ့ အလစ်ဖမ်းတိုက်ခိုက်ခံခဲ့ရတယ်… အစ်ကိုဆူနဲ့ အစ်ကိုယွမ်ကြောင့် မဟုတ်ရင် မျိုးနွယ်ဝင်ပေါင်းသိန်းချီက အညှာအတာမဲ့ သတ်ဖြတ်သုတ်သင်ခံရလိမ့်မယ်… သူတို့တွေကို နဂါးမျိုးနွယ်ရဲ့ ကျေးဇူးရှင်တွေလို့ မခေါ်ဆိုသင့်ဘူးလား”
“ဟမ်…”
နဂါးဘုရင်မီးတောက်က သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဥ်းပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။
“အုတ်ဂူကမ္ဘာက ဖုန့်မြို့တော်ကို တိုက်ခိုက်ခဲ့တာ မင်းတို့တွေ ဘယ်လိုသိတာလဲ”
လုံလီက ပြောလိုက်၏။
“ကျွန်မတို့ အခုပဲ ဖုန့်မြို့တော်ကနေ လာခဲ့ကြတာ”
အစကနေ ယခုအချိန်ထိ ဆူဇီမိုက စကားတစ်ခွန်း ဝင်ရောက်မပြောဆိုပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက ရုတ်တရက် မေးလိုက်၏။
“ဖုန့်မြို့တော် တိုက်ခိုက်ခံရတာကို မင်းမသိဘူးလား”
“ဘယ်သိမလဲ”
ခဏမျှ တွေးတောတုံ့ဆိုင်းပြီးနောက် နဂါးဘုရင် မီးတောက်က အေးစက်စွာ ပြန်ဖြေလိုက်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ့ကို လေးနက်စွာသာ ကြည့်နေ၏။
နဂါးဘုရင် မီးတောက်က အမှန်ကို ပြောနေခြင်း မဟုတ်ပေ။
ဖုန့်မြို့တော် တိုက်ခိုက်ခံရသည်ကို သူ မသိဘဲ လုံလီထံမှ သတင်းစကားကို ရုတ်တရက် ကြားရမည်ဆိုလျှင် ဖုန့်မြို့တော်က အခြေအနေဘယ်လိုရှိသလဲနှင့် အုတ်ဂူကမ္ဘာ၏ အလစ်ဖမ်းတိုက်ခိုက်မှုက မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို သူက မေးသင့်လေသည်။
သို့သော်လည်း စောစောက သူအာရုံစိုက်ထားသည်မှာ လုံလီက ဤအကြောင်းကို မည်သို့မည်ပုံ သိရှိသွားသလဲဟုပင်။
ထိုတုံ့ပြန်မှုက သူသည် ဤအကြောင်းကို သိရှိပြီးသားဖြစ်သည်ဟု သက်သေပြပေးနေ၏။
ဒါ့အပြင် သူတို့သည် ယခုတင် ဖုန့်မြို့တော်က လာခဲ့သည်ဟု လုံလီက ပြောလိုက်သောအခါ နဂါးဘုရင်မီးတောက်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအကြည့်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။
“ကျွန်မ ရှင့်နဲ့ ဆက်ပြီး စကားမပြောတော့ဘူး… ကျွန်မ နဂါးဘုရင် မီးပဒေသာနဲ့ တွေ့ချင်တယ်”
လုံလီက နှာတစ်ချက်မှုတ်ပြီးနောက် မီးပဒေသာနဂါးကြယ်ထံသို့ အသံတစ်ခုကို ရုတ်တရက် ပို့လွှတ်လိုက်လေသည်။
“နဂါးဘုရင် မီးပဒေသာ… လီအာက တွေ့ခွင့်တောင်းပါတယ်”
ဆူဇီမိုက ချီးကျူးလိုက်၏။
လုံလီ၏ ပြုမူလှုပ်ရှားမှုက အတော်လေး လိမ္မာပါးနပ်လေသည်။ သူမသည်လည်း တစ်စုံတစ်ရာ လွဲမှားနေသည်ကို အာရုံခံမိသွားပုံရသည်။
ထိုအခိုက်အတန့်မှာ နဂါးဘုရင် မီးတောက်က ရုတ်တရက် ပြုံးလိုက်၏။
“လီအာ လာခဲ့လေ”
ထိုစဥ်မှာပင် မီးပဒေသာနဂါးကြယ်၏ အနက်ပိုင်းထဲကနေ အသက်ကြီးကြီးလူတစ်ယောက်၏ အသံတစ်သံက ထွက်ပေါ်လာ၏။
လုံလီက ထိုအသံကို ကြားသောအခါ သူမက စိတ်သက်သာစွာ သက်ပြင်းချပြီး ဆူဇီမိုကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။