← Chapters

ထွက်ရပ်လမ်း ငြိမ်သက်ခြင်း

Vol. 204 Ch. 3055

ထွက်ရပ်လမ်း ငြိမ်သက်ခြင်း

Vol. 204 Ch. 3055

ဆူဇီမိုသည် သူ၏ မျက်လုံးကို မှေးကျဉ်းပြီး နဂါးဘုရင်မီးပဒေသာကို တိတ်တဆိတ် စိုက်ကြည့်နေ၏။

မျောက်၏ မျက်လုံးများက နီရဲလာပြီး သူ၏ အော်ရာက ရူးသွပ်ပေါက်ကွဲလာလေသည်။

ထိုစကားကို ကြားသောအခါ လုံလီနှင့် လုံရန်၏ အမူအရာက ပြောင်းလဲသွား၏။

လုံလီက လေးနက်စွာဖြင့် မေးလိုက်သည်။

“နဂါးဘုရင် မီးပဒေသာ... ရှင့်စကားက ဘာအဓိပ္ပာယ်လဲ”

“အစ်ကိုဆူနဲ့ တခြားသူတွေက အစကတည်းက လုံရန်ကို ခေါ်ထုတ်သွားဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာကြတာပဲ… သူတို့က ဒီတိုက်ပွဲမှာ ပါဝင်ပတ်သက်ဖို့ စိတ်ကူးမရှိဘူး”

“အစ်ကိုဆူက စောစောကပဲ ဖုန့်မြို့တော်က မျိုးနွယ်ဝင်ပေါင်းသိန်းချီကို ကယ်တင်ပေးထားတယ်… ဒါကို ရှင်က သူ့ကို အပြင်လူတစ်ယောက်ဖြစ်တာနဲ့ပဲ ဒီနေရာမှာ ထိန်းသိမ်းထားချင်တာလား”

လုံလီ၏ လေသံက မေးခွန်းထုတ်လာခဲ့ပြီဖြစ်၏။

နဂါးဘုရင် မီးပဒေသာ၏ အမူအရာက မှင်သေသေဖြင့် ရှိနေဆဲပင်။

“ဖုန့်မြို့တော် တိုက်ခိုက်ခံရတဲ့ကိစ္စကို အခုချိန်ထိ မဖြေရှင်းရသေးဘူး…. ငါက အမှန်တရားကို ရှာတွေ့သွားတာနဲ့ သူတို့ကို ထွက်ခွာခွင့် ပေးမယ်”

လုံရန်က ရှေ့သို့တက်လှမ်းတိုးပြီး ဦးညွှတ်လိုက်၏။

“နဂါးဘုရင် မီးပဒေသာ... ကျုပ်က ဘာပဲပြောပြော နဂါးမျိုးနွယ်ဝင်ဆိုတော့ ဒီနေရာမှာ နေနိုင်တယ်… ဒါပေမဲ့ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ဟာက သူတို့နှစ်ယောက်နဲ့ ဘာမှမဆိုင်ဘူး… နဂါးဘုရင်... ကျေးဇူးပြုပြီး သူတို့ကို ထွက်သွားခွင့်ပေးပါ”

“ဟဲဟဲ”

နဂါးဘုရင် မီးပဒေသာက အေးအေးဆေးဆေး ပြောလိုက်၏။

“သူတို့တွေက ငါ့ရဲ့ နဂါးကမ္ဘာမှာ စိတ်ရှိတိုင်း ဝင်နိုင်ထွက်နိုင်မယ်လို့ ထင်လို့လား”

ဤစကားမှ ခြိမ်းခြောက်မှုက အလွန်တရာ သိသာထင်ရှားလာခဲ့၏။

လုံလီနှင့် လုံရန်၏ အမူအရာက ပြောင်းလဲသွားလေသည်။

ဆူဇီမိုက ထိုစကားကို ကြားသောအခါ သူက ခေါင်းကိုသာ ညင်သာစွာ ခါယမ်းပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ငါထွက်သွားချင်တယ်ဆိုရင် ငါ့ကို တကယ်ပဲ ဘယ်သူမှ မတားနိုင်ဘူး”

“မင်းကြိုးစားကြည့်လိုက်လေ”

နဂါးဘုရင် မီးပဒေသာ၏ လေသံက အေးစက်နေ၏။

စကားလုံးအနည်းငယ်မျှဖြင့် သူတို့နှစ်ယောက်က တုတ်ဆွဲဓားဆွဲ ဖြစ်လာကြလေပြီ။

ဆူဇီမိုက နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ ပါဝင်ပတ်သက်လိုစိတ်မရှိပေ။ သို့သော်လည်း တစ်ယောက်ယောက်က သူ့ကို ပစ်မှတ်ထားလာမည်ဆိုလျှင် သူတို့က လူမှားရွေးချယ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

နဂါးမျိုးနွယ်မှာ ကြီးမားသော ပြဿနာတစ်ခု သေချာပေါက်ရှိနေ၏။

ယခုအချိန်မှာ မီးပဒေသာနဂါးကြယ်သည် ကောင်းမွန်သော နေရာတစ်ခု ဆက်လက်၍ မဟုတ်တော့ပေ။ သူတို့က တတ်နိုင်သမျှ မြန်မြန်ထွက်သွားရပေမည်။

“အစ်ကိုဆူ... အရမ်းကာရော မလုပ်ပါနဲ့”

လုံလီက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို အလောတကြီး ပို့လွှတ်ပြီး ဆူဇီမိုကို သတိပေးလိုက်၏။

“ဒါက မီးပဒေသာနဂါးကြယ်ပါ... ဖုန့်မြို့တော်မဟုတ်ဘူး… နဂါးဘုရင် မီးပဒေသာက တိုက်ခိုက်တာနဲ့ ရှင်က မီးပဒေသာနဂါးကြယ်ကနေ မပြောနဲ့… ဒီခန်းမထဲကနေတောင် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”

မဟာနဂါးဘုရင်ငါးဦးထဲမှ တစ်ဦးအနေဖြင့် နဂါးဘုရင်မီးပဒေသာ၏ တိုက်ခိုက်ရည်ခွန်အားသည် နဂါးဘုရင်များကြားတွင် ထိပ်တန်းအဆင့်မှာ သေချာပေါက်ရှိနေ၏။

ထိုသူသည် ဖုန့်မြို့တော်မှာ ဆူဇီမို ရင်ဆိုင်ခဲ့ရသော အုတ်ဂူကမ္ဘာမှ အထွတ်အထိပ်ဘုရင်လေးဦးထက် များစွာပိုသန်မာလေသည်။

လုံလီ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် ဖုန့်မြို့တော်၏ တိုက်ပွဲမှာ အလွန်တရာ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ အုတ်ဂူကမ္ဘာဘုရင်များ၏ တိုက်ပွဲဝင်အလောင်းများကို တန်ပြန်နှိမ်နင်းနိုင်သော သူ၏ ရုပ်သေးရုပ်လျှို့ဝှက်အတတ်ကြောင့်ဖြစ်၏။

ဒါ့အပြင် မြို့တော်အရှင်လုံဖုန့်ကလည်း သူ့ဘက်ကနေ ကူညီတိုက်ခိုက်ပေးခဲ့၏။

ယခုသူသည် နဂါးဘုရင် မီးပဒေသာကဲ့သို့ အထွတ်အထိပ်ဘုရင်တစ်ဦးနှင့် ရင်ဆိုင်နေရပြီး ဆူဇီမိုသည် ထိုရုပ်သေးရုပ်လျှို့ဝှက်အတတ်ကို ထပ်မံ၍ ထုတ်ဖော်မည်ဆိုလျှင်တောင် အနိုင်ရဖို့ အခွင့်အရေးမရှိပေ။

“သွားကြမယ်”

နဂါးဘုရင် မီးပဒေသာ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး ဆူဇီမိုက မျောက်၊ လုံရန်နှင့် လုံလီတို့ကို ခေါ်ကာ ခန်းမအပြင်ဘက်သို့ ဦးတည်လိုက်၏။

မျောက်သည် ဆူဇီမို၏ နည်းလမ်းများကို အရင်က တွေ့မြင်ဖူးထားပြီး နဂါးဘုရင် မီးပဒေသာကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်လိုက်၏။ လုံရန်နှင့် လုံလီ၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။

ဆူဇီမိုမှာ နောက်ခံပေးထားသည့် သိုင်းတာအိုပင်မခန္ဓာရှိသည်ကို လုံရန်က သိရှိထားသော်လည်း သူသည် ထိုသူ၏ နည်းလမ်းများနှင့် ပတ်သက်၍ ဘာမှမသိရပေ။

သူ၏ ထင်မြင်ချက်အရ သိုင်းတာအိုပင်မခန္ဓာသည် အလွန်တရာ ဝေးကွာသော မဟာအရိုင်းကမ္ဘာမှာ ရှိနေပြီး ဤနေရာသို့ တစ်ခဏချင်း ရောက်ရှိလာနိုင်မည် မဟုတ်ပေ။ သူ့အနေဖြင့် ယခုအချိန်မှာ နဂါးဘုရင် မီးပဒေသာနှင့် အတိုက်အခံ ပြုလုပ်ခြင်းက တကယ်ပင် မဆင်မခြင် ပြုလုပ်ရာကျနေ၏။

“မင်းက ဒီလောက်ထိ သေချင်တယ်ဆိုမှတော့ ငါက မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့”

နဂါးဘုရင် မီးပဒေသာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ရုတ်တရက် တိုက်ခိုက်လိုက်၏။

အစကတော့ သူသည် ဆူဇီမိုနှင့် ပေပေါင်းရာချီ ကွာဝေးနေ၏။

သို့သော်လည်း သူ၏ လက်ကို မြှောက်လိုက်စဉ် တစ်ခဏချင်းမှာပင် ထိုလက်သည် နဂါးကြေးခွံများ ဖုံးအုပ်၍ တုတ်ခိုင်ကြီးမားသော နဂါးလက်တစ်ဖက်အဖြစ် အသွင်ပြောင်းလဲကာ လေထုကို ဆုတ်ဖြဲလာခဲ့၏။

အလွန်တရာကြီးမား၍ ကြမ်းကြုတ်ခက်ထန်သော နဂါးလက်သည်းက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး မွန်းကျပ်ဖွယ်ရာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ထုတ်ဖော်ထား၏။

မျောက်၏ စွမ်းအားကြီးမားသော မျိုးဆက်သွေးနှင့်ပင်လျှင် သူသည် ဖိနှိမ်ခံရပြီး နဂါးဘုရင် မီးပဒေသာ၏ တိုက်ခိုက်မှုမှာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။

သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကို ကြီးမားနေပြီး ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခုလုံး ကွာဟနေ၏။

မျောက်၏ မျိုးဆက်သွေးက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ အဲဒါသည် ထိုကွာဟချက်ကို ဖာထေးနိုင်မည် မဟုတ်ပေ။

“မလုပ်နဲ့”

လုံလီက ထိတ်လန့်တကြား အော်ပြောလိုက်၏။

လုံရန်ကလည်း စိုးရိမ်ပူပန်လာခဲ့လေသည်။

တံခါးမှာ စောင့်ကြပ်နေသော နဂါးဘုရင်မီးတောက်က ဤမြင်ကွင်းကို လက်ပိုက်ကာ ပြုံး၍ကြည့်နေ၏။

နဂါးဘုရင် မီးပဒေသာက လုံးဝထိန်ချန်ထားဖို့ စိတ်ကူးမရှိပေ။ သူတိုက်ခိုက်လိုက်သည့် ခဏမှာပင် သူက ဆူဇီမိုနှင့် မျောက်ကို နေရာမှာတင် သတ်ဖြတ်ပစ်လို၏။

သူ၏ နောက်ဘက်မှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသွားပြီး နဂါးဘုရင် မီးပဒေသာကို ကျောပေးထားရင်း ဆူဇီမို၏ မျက်လုံးများက အေးစက်စွာဖြင့် တဖျပ်ဖျပ်လက်လာ၏။

ဇီး….

ဓားတေးသံက ထွက်ပေါ်လာပြီး အစိမ်းရောင် ဓားအလင်းတစ်ခု ဖျပ်ခနဲလက်သွား၏။

ဆူဇီမိုသည် လှည့်ကြည့်ခြင်းပင် မရှိပေ။ ဧရာမ နဂါးလက်သည်းက ဆင်းသက်လာတော့မည့်ဆဲဆဲမှာပင် သူက ချင်းဖျင်ဓားကို ဆင့်ခေါ်ကာ လက်ပြန်ခုတ်ပိုင်းချလိုက်၏။

ချွင်…

ဓားသည် အလွန်တရာ မာကျောသော တစ်စုံတစ်ရာကို ထိုးဖောက်သွားပုံရပြီး သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာ၏။ သိပ်သည်းပြင်းထန်သော ရိုက်ခတ်မှုက ဆူဇီမိုကို တုန်ခါသွားစေပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။

မဟာနဂါးဘုရင်ငါးဦးထဲမှ တစ်ဦးဆိုသည့်အတိုင်း နဂါးဘုရင် မီးပဒေသာက အရမ်းကို လျင်မြန်စွာ တုံ့ပြန်ခဲ့၏။

ချင်းဖျင်ဓား၏ ထက်ရှမှုကို အာရုံခံမိသွားပြီး နဂါးဘုရင်မီးပဒေသာ၏ နဂါးလက်သည်းက ဦးတည်ဘက်အနည်းငယ် ပြောင်းလဲကာ ၎င်း၏ ထက်ရှသော လက်သည်းများနှင့်အတူ ချင်းဖျင်ဓား၏ အနားစောင်းကို ထိခတ်သွား၏။

“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ဓားလဲ”

နဂါးဘုရင် မီးပဒေသာက ချီးကျူးလိုက်၏။

သာမန်ကောင်းကင်လိုဏ်ဂူရတနာတစ်ခုက သူ၏ နဂါးလက်သည်းနှင့် ထိခတ်ခံရလျှင် ၎င်းသည် ကြေမွပျက်စီးပြီး သတ္ထုပျက်တစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း ဓား၏ ထက်ရှမှုက လုံးဝ ပျက်စီးထိခိုက်ခြင်းမရှိဘဲ ဓားအလင်းက ပို၍ပင် သန်မာလာ၏။

ရုတ်တရက်ဆိုသလို….

နဂါးဘုရင် မီးပဒေသာ၏ အမူအရာက ပြောင်းလဲသွား၏။

ရုတ်တရက် သူက ကြီးမားသော အန္တရာယ်တစ်ခုကို အာရုံခံမိသွားလေသည်။

“ဆိုးပြီ”

နဂါးဘုရင် မီးပဒေသာက ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။

သူ၏ ဘဝသက်တမ်းက လျင်မြန်စွာ လျော့ကျလာနေသည်။

ထိုအလျင်အဟုန်က အရမ်းကို မြန်ဆန်နေ၏။

သူ အဲဒါကို အာရုံခံမိသည့်အချိန်မှာ သူ၏ ဘဝသက်တမ်းက နှစ်တစ်သိန်း လျော့ကျသွားခဲ့ပြီဖြစ်သည်။

အစကတည်းက သူသည် သူ၏ အထွတ်အထိပ်အရွယ်ကနေ စတင်၍ ကျဆင်းနေခဲ့ပြီဖြစ်၏။ ယခု သူသည် ဘဝသက်တမ်း နှစ်တစ်သိန်းကို ဆုံးရှုံးသွားပြီး သူ့ထံမှ အပြောင်းအလဲက အရမ်းကို သိသာထင်ရှားနေသည်။

သူ၏ နားသယ်မွေးများက မီးခိုးရောင်အဖြစ် ပြောင်းလဲလာပြီး သူ၏ နီရဲနေသော ဆံပင်ကပင် ၎င်း၏ အရောင်အဝါနှင့် အသက်ဓာတ်အားကို လျင်မြန်စွာ ဆုံးရှုံးလာနေသည်။

ဆူဇီမိုသည် စောစောက နောက်ပြန်ခုတ်ပိုင်းခဲ့စဉ် သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား တဒင်္ဂအခိုက်အတန့်ကို ထုတ်ဖော်ခဲ့၏။

အရုဏ်ဦးခေါင်းလောင်းနှင့် ဆည်းဆာဗုံနှင့် ပေါင်းစည်းထားသော ဓမ္မတာအိုသည် ဘုရင်များအပေါ် ကြီးမားသော ရိုက်ခတ်မှုနှင့် ခြိမ်းခြောက်မှုကို ဖြစ်စေနိုင်၏။

တကယ်တော့ ထိုသို့ဖြစ်စေဖို့အတွက် တိုက်ခိုက်ခံရသည့် ဘုရင်သည် ကြိုတင်ပြင်ဆင်ထားမှု မရှိခြင်း သို့မဟုတ် သူ၏ ကောင်းကင်လိုဏ်ဂူကို မထုတ်ဖော်ထားသည့် အခြေအနေမှာ ရှိနေရပေမည်။

ဝုန်း….

နဂါးဘုရင် မီးပဒေသာက ကောင်းကင်လိုဏ်ဂူတစ်ခုကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။ သူ့ကောင်းကင်လိုဏ်ဂူ၏ ဓမ္မတာအို ဆင်းသက်လာသည့်အခါ ၎င်းသည် တဒင်္ဂအခိုက်အတန့်၏ စွမ်းအားကို ဖယ်ရှားပြီး သူ၏ ဘဝသက်တမ်းလျော့ကျခြင်းက ရပ်တန့်သွား၏။

နဂါးဘုရင် မီးပဒေသာဆိုသည့်အတိုင်းပင်။

ဆူဇီမိုသည် သူ၏ ဂရုတစိုက်တွက်ချက်မှုများနှင့်ပင်လျှင် ထိုသူကို မသတ်ဖြတ်နိုင်ခဲ့ပေ။

ထိုအခိုက်အတန့်မှာ ဆူဇီမိုက လှည့်လာခဲ့ပြီဖြစ်၏။

သို့သော်လည်း ဤတစ်ခေါက် သူ၏ တိုက်ခိုက်မှုသည် နဂါးဘုရင် မီးပဒေသာကို လုံးလုံးလျားလျား ရူးသွပ်ပေါက်ကွဲသွားစေပြီ ဖြစ်သည်။

“သေစမ်း”

နဂါးဘုရင် မီးပဒေသာ၏ နှာရောင်က တောက်ပသွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က ရူးသွပ်စွာ တလိပ်လိပ်ထိုးတက်လာ၏။ အမျက်ဒေါသနှင့်အတူ သူက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ဆင့်ခေါ်ပြီး ဆူဇီမိုကို ပစ်မှတ်ထားလိုက်၏။

သူသည် ဆူဇီမိုကို တိုက်ရိုက်သတ်ဖြတ်ဖို့အတွက် အထွတ်အထိပ်ဘုရင်တစ်ဦး၏ အမြုတေစိတ်ဝိညာဉ်ကို အသုံးချလို၏။

နဂါးဘုရင် မီးပဒေသာ၏ အမြုတေစိတ်ဝိညာဉ်က လေထဲမှာ နဂါးကြေးခွံတစ်ခုအဖြစ် စုဖွဲ့ပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

နဂါးများမှာ ဘက်ပြန်ကြေးခွံများရှိပြီး သူတို့ကို ထိမိသော မည်သူမဆို သေချာပေါက် သေရပေလိမ့်မည်။

ဆူဇီမိုသည်လည်း ယခင်က တူညီသော နဂါးကြေးခွံ လျှို့ဝှက်အတတ်ကို ကျင့်ကြံထားပြီး ဤနဂါးကြေးခွံက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိရှိထား၏။

သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က နဂါးဘုရင် မီးပဒေသာနှင့် ယှဉ်နိုင်လေသည်။

သူသည်လည်းပဲ နဂါးကြေးခွံ လျှို့ဝှက်အတတ်ကို ထုတ်ဖော်မည်ဆိုလျှင် သူတို့နှစ်ယောက်ကြား အမြုတေစိတ်ဝိညာဉ်တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ဖို့ ခဲယဉ်းပေလိမ့်မည်။ တကယ်ဆို နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်သော ရလဒ်ကပင် ထွက်ပေါ်လာနိုင်၏။

ချက်ချင်းပင် ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ဓမ္မချိပ်စည်းတစ်ခုကို စုဖွဲ့လိုက်၏။

“အစ်ကိုဆူ... အဲဒီနဂါးကြေးခွံနဲ့ မထိနဲ့”

လုံလီက ထိုသည်ကို တွေ့မြင်သောအခါ အလောတကြီး လှမ်းအော်သတိပေးလိုက်၏။

သူက မည်သည့်စကားကိုမှ မကြားရသည့်အလား ဆူဇီမိုက သူ၏ ချိပ်စည်းကို ဆက်လက်၍ စုဖွဲ့လိုက်၏။

သူ၏ ဓမ္မချိပ်စည်းက လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးလွန်းကာ ဗုဒ္ဓဓမ္မဇင်အော်ရာနှင့် ပြည့်နှက်နေ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမို၏ အော်ရာက ပြောင်းလဲသွားလေသည်။ သူက တည်တံ့သော အမူအရာဖြင့် မျက်လွှာချထားပြီး ဗုဒ္ဓတစ်ပါးကဲ့သို့ တင်ပျဉ်ခွေထိုင်ချလိုက်၏။

ဆူဇီမိုသည် ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ခြင်း ဖြစ်သည်။

ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည် စိတ်ဝိညာဉ်သန့်စင်ခြင်းအတွက် နံပါတ်တစ် တဗူးဂမ္ဘီရကျင့်စဉ်အဖြစ် ကျော်ကြားလေသည်။ ကျင့်ကြံရေးအတွက် သုတ္တန်တစ်ခုအပြင် အဲဒီမှာ လျှို့ဝှက်ဆန်းကြယ်သော ဓမ္မချိပ်စည်းသုံးခုလည်း ပါဝင်နေ၏။

ဆူဇီမိုသည် ပထမဆုံး ဓမ္မချိပ်စည်းနှစ်ခုဖြစ်သည့် အနိစ္စနှင့် အနတ္တကို နားလည်ဆင်ခြင်ထားခဲ့ပြီးသား ဖြစ်သည်။

နောက်ဆုံး ဓမ္မချိပ်စည်းကိုတော့ ကောင်းကင်ဘုံသို့သွားရာလမ်းမှာ နှစ် ၂၀၀ကျော် တိတ်တဆိတ်ကျင့်ကြံပြီးမှ ဆူဇီမိုက အဲဒါကို နားလည်ဆင်ခြင်မိလာခဲ့၏။

ထိုဓမ္မချိပ်စည်းကို ထွက်ရပ်လမ်းငြိမ်သက်ခြင်းဟု ခေါ်ဆိုလေသည်။

၎င်းသည် ဓမ္မချိပ်စည်းသုံးခုကြားမှာ တစ်ခုတည်းသော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်လည်း ဖြစ်သည်။

All Chapters