စီးပိုးခြယ်လှယ်ခြင်း
Vol. 204 Ch. 3057
“ရှင်က ပေါက်တတ်ကရလျှောက်ပြောနေတာပဲ”
လုံလီက အော်ငေါက်လိုက်၏။
“နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်ခဲ့တယ်… သူ့ကို ကျွန်မတို့က ရှာတွေ့သွားတာကို သူက ကျွန်မတို့ကို နှုတ်ပိတ်ချင်လို့ သေဆုံးသွားခဲ့ရတာပဲ”
“နဂါးဘုရင်မီးတောက်က လှောင်ရယ်လိုက်၏။
“လုံလီ… မင်းက ဒီလိုရူးကြောင်ကြောင်စကားကို ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီးပြောလိုက်တာလဲ… နဂါးမျိုးနွယ်ထဲက မဟာနဂါးဘုရင်ငါးပါးထဲက တစ်ပါးအနေနဲ့ နဂါးဘုရင်မီးပဒေသာက နဂါးမျိုးနွယ်ရဲ့ အသက်အကြီးဆုံးနဲ့ သစ္စာစောင့်အသိဆုံး အစောင့်အရှောက်အိုကြီးပဲ… သူက အကျိုးဆောင်မှုပေါင်း မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့တယ်… သူက နဂါးမျိုးနွယ်ကို ဘယ်လိုလုပ်သစ္စာဖောက်နိုင်မှာလဲ”
“သူက ကျိန်စာမိထားပြီး ခြိမ်းခြောက်ခံရမယ်ဆိုရင်တောင် နဂါးဘုရင်မီးပဒေသာက သေချာပေါက် အပေးအယူလုပ်မှာမဟုတ်ဘူး… သူက နဂါးမျိုးနွယ်ကို ထိခိုက်အောင်လုပ်ဖို့ထက် သူ့ဘာသာသူပဲ အသေခံလိမ့်မယ်”
နဂါးဘုရင်များစွာက လုံလီ၏ စွပ်စွဲပြောဆိုမှုကို ကြားသောအခါ ထိုစကားက အလွန်တရာရယ်စရာကောင်းသည်ဟု သူတို့က ခံစားလိုက်ရပြီး လှောင်ရယ်လိုက်ကြ၏။
နဂါးဘုရင်မီးပဒေသာက နဂါးမျိုးနွယ်ကို သစ္စာဖောက်မှာလား။
နဂါးဘုရင်မီးပဒေသာက သူတို့ကို သစ္စာဖောက်မည်ဆိုလျှင် မီးပဒေသာနဂါးပိုင်နက်နယ်မြေက ယခုအချိန်ထိ ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။
“လုံလီ… နင်က ဒီလိုမျိုးကိစ္စကို ပြုလုပ်ပြီး နဂါးဘုရင်မီးပဒေသာကို သတ်ဖြတ်ဖို့အတွက် အပြင်လူတွေနဲ့ ပူးပေါင်းလိမ့်မယ်လို့ ငါထင်မထားဘူး”
“လုံလီ… ငါတို့ကို ပြောစမ်းပါဦး ဒီကိစ္စက နဂါးဘုရင်မဦးချိုမဲ့နဲ့ ပတ်သက်နေလား”
“ဟမ့်… နဂါးဘုရင်မဦးချိုမဲ့က သူ့ကို နောက်ခံပေးထားတာကြောင့်မဟုတ်ရင် သူ့လိုမျိုး ပကတိစိတ်ဝိညာဉ်တစ်ဦးမှာ ဒီလိုမျိုးသတ္တိဘယ်လိုလုပ်ရှိမှာလဲ”
စကားလုံးတချို့နဲ့အတူ နဂါးဘုရင်များက နဂါးဘုရင်မဦးချိုမဲ့ကို ချက်ချင်းပင်ပစ်မှတ်ထားလာကြ၏။
လုံလီက မည်သို့ပင်ဆိုစေ ငယ်ရွယ်သေးလေသည်။ နဂါးဘုရင်များစွာ၏ စွပ်စွဲပြောဆိုမှုမှာ သူမ၏ စိတ်က ရှုပ်ထွေးနောက်ကျိလာပြီး သူမက အော်ငိုတော့မည်ဆဲဆဲဖြစ်၏။
“ရှင်… ရှင်တို့တွေ ကျွန်မကို အမှုဆင်နေကြတာပဲ”
“ဒါက အစ်ကိုဆူနဲ့ရော ကျွန်မအမေနဲ့ရော ဘာမှမပတ်သက်ဘူး”
လုံလီက ဖြေရှင်းချက်က တကယ်ကို အားနည်းနေပြီး သူမ၏ မျက်နှာက မျက်ရည်တစ်စွန်းတစ်စနှင့်အတူ အနည်းငယ်တုန်ယင်နေ၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
နဂါးဘုရင်များစွာ ဝင်ရောက်လာပြီးကတည်းက သူက စကားပြောဆိုခြင်း သို့မဟုတ် ရှင်းပြခြင်း မရှိခဲ့ပေ။
အစကတော့ နဂါးနှင့်ဖီးနစ်များ၏ တိုက်ပွဲမှာ ပါဝင်ပတ်သက်လိုခြင်းမရှိခဲ့ပေ။ ယခု သူက အတင်းအကျပ် ဖိအားပေးခံရစဉ်မှာတောင် သူသည် ရှင်းပြဖို့ကို အရေးလုပ်မနေပေ။ သူသည် မီးပဒေသာနဂါးကြယ်မှာ သူစိတ်ရှိသလို ဝင်နိုင်ထွက်နိုင်လေသည်။
အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်းကို ထုတ်ဖော်လိုက်လျှင် သူ၏ ဘေးပတ်လည်မှာရှိသော နဂါးဘုရင်များစွာကို သူ့ကို တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ယခုအချိန်မှာ လုံလီသည် သူ့ရှေ့ကနေ ရပ်တည်ပေးပြီး သူ့ကို ခုခံကာကွယ်ပေးဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။ သူမသည် နဂါးဘုရင်များစွာကိုကြည့်ပြီး သူမ၏ နီရဲနေသောမျက်လုံးများက မျက်ရည်များဖြင့် စိုစွတ်လာ၏။ ဆူဇီမိုသည် သူမကို ဤကဲ့သို့သောပုံစံဖြင့် ဆက်လက်၍ မကြည့်ရက်နိုင်တော့ပေ။
နဂါးဘုရင်များစွာကြားမှာ တချို့တလေသည် လုံလီ၏ သနားစဖွယ်ကောင်းသောပုံစံကို တွေ့မြင်သောအခါ တွေဝေတုံ့ဆိုင်းလာကြ၏။
လုံလီမှာ သနားစဖွယ်နောက်ခံရှိပြီး သူမငယ်ရွယ်စဉ်ကတည်းက သူမ၏ အဖေက သေဆုံးသွားခဲ့လေသည်။ နဂါးဘုရင်များစွာသည် လုံလီကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရပြီး လုံလီသည် နဂါးမျိုးနွယ်ကို သစ္စာဖောက်ကာ နဂါးဘုရင်မီးပဒေသာကို အကွက်ချကြံစည်လိမ့်မည်ဟု သူတို့က လက်မခံလိုပေ။
“ဒီလူသားက သာမန်ဘုရင်တစ်ဦးပဲ… သူက နဂါးဘုရင်မီးပဒေသာကို ဘယ်လိုလုပ်ထိခိုက်အောင်လုပ်နိုင်မှာလဲ”
အထွတ်အထိပ်နဂါးဘုရင်တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
နောက်ထပ်နဂါးဘုရင်ကလည်း စဉ်းစားတွေးတောပြီးပြောလိုက်၏။
“ငါတို့တွေ ဒီကိစ္စကို ဆွေးနွေးကြရင်မကောင်းဘူးလား… ဘယ်လိုပဲဖြစ်ဖြစ် ဒီလူသားက ထွက်ပြေးနိုင်မှာမှမဟုတ်တာ… နဂါးကျွန်းကို အရင်ဆုံးသတင်းပေးပို့ရအောင်”
နဂါးကျွန်းသည် နဂါးကမ္ဘာ၏ အလယ်မှာရှိပြီး ၎င်းကို နဂါးပိုင်နက်နယ်မြေငါးခုက ဝိုင်းပတ်ထားလေသည်။
နဂါးဘုရင်များနှင့် နဂါးဧကရာဇ်များသာလျှင် နဂါးကျွန်းသို့ ဝင်ရောက်ဖို့အဆင့်မီလေသည်။
နဂါးဘုရင်မီးတောက်က အခြေအနေပြောင်းလဲသွားသည်ကို တွေ့မြင်သောအခါ သူက အလောတကြီးဝင်ပြောလိုက်၏။
“လုံလီကြောင့် နဂါးဘုရင်မီးပဒေသာက အငိုက်မိသွားပြီး အဲဒီလူသားဘုရင်က သူ့ကို အလစ်ဖမ်းတိုက်ခိုက်ခဲ့တာပဲ”
“ရှင်ပြောနေတာ အမှန်မဟုတ်ဘူး”
လုံလီက အော်ပြောလိုက်၏။
“နဂါးဘုရင်မီးပဒေသာက အစ်ကိုဆူကို အရင်စတိုက်ခိုက်ခဲ့ပြီး အဲဒါက သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်ခဲ့တယ်… အစ်ကိုဆူက မတတ်သာဘဲ တန်ပြန်တိုက်ခိုက်ခဲ့ရတာ”
“နောက်ပြီး နဂါးဘုရင်မီးပဒေသာကို သတ်ဖြတ်ခဲ့တဲ့သူက အစ်ကိုဆူမဟုတ်ဘူး… သူက သူ့ရဲ့အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆီးပြီး ဝိညာဉ်ရှာဖွေခဲ့ချင်ရုံပဲ… နောက်ဆုံးမှာတော့ အထဲမှာရှိတဲ့ ကျိန်စာစွမ်းအားက နိုးထသွားပြီး နဂါးဘုရင်မီးပဒေသာရဲ့ အမြုတေစိတ်ဝိညာဉ်က သူ့ဘာသာသူ ပေါက်ကွဲထွက်သွားတာပဲ”
“ဟဲဟဲ”
နဂါးဘုရင်မီးတောက်က လှောင်ရယ်လိုက်၏။
“လျှာစောင်းထက်တဲ့မိန်းကလေးပဲ… နဂါးဘုရင်မီးပဒေသာက သေသွားပြီဆိုတော့ သူအပြစ်ကင်းတယ်ဆိုတာကို သက်သေပြမပေးနိုင်တော့ဘူး.. အဲတော့ နင်က ပြောချင်ရာလျှောက်ပြောနိုင်တာပေါ့”
“နဂါးဘုရင်မီးပဒေသာက သေသွားပြီ.. ဒါပေမဲ့ မသေသေးတဲ့တစ်ယောက်ရှိသေးတယ်”
ထိုစဉ်မှာပင် ခန်းမထဲမှာ တစ်ချိန်လုံးနှုတ်ဆိတ်နေသော ဆူဇီမိုက ရုတ်တရက် စကားထပြောလိုက်၏။
ထိုစကားလုံးများသည် ဆိုင်းမဆင့်ဗုံမဆင့်ထွက်ပေါ်လာပြီး နဂါးဘုရင်များစွာက ထိုစကား၏ အဓိပ္ပါယ်ကို ခဏကြာသည်အထိ နားမလည်နိုင်ကြပေ။
ရုတ်တရက်ဆိုသလို။
လူတိုင်း၏ ရှေ့မှောက်မှာ ဆူဇီမို၏ ပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွားပြီး နဂါးဘုရင်မီးတောက်၏ ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာ၏။ သူက သူ၏ လက်ကို ဆန့်ထုတ်ပြီး နဂါးဘုရင်မီးတောက်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။
“ဟမ့်”
“မိုက်ရိုင်းလိုက်တာ”
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
ဒေါသတကြီးအော်ဟစ်သံများက ခန်းမထဲမှာ ဆက်တိုက်ထွက်ပေါ်လာ၏။
ဤတစ်ခေါက်မှာ နဂါးဘုရင်များစွာက တကယ်ပင် ဒေါသထွက်လာကြ၏။
ဤလူသားသည် သူတို့၏ အကြည့်အောက်မှာ တစ်ယောက်ယောက်ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့ထဲ မည်သူကမှ ထင်မှတ်မထားပေ။ သမိုင်းတစ်လျှောက်မှာ မည်သည့်အပြင်လူမဆို နဂါးမျိုးနွယ်၏ ပိုင်နက်နယ်မြေထဲမှာ ဤကဲ့သို့ မောက်မာရိုင်းစိုင်းရဲခဲ့သည်မှာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ နဂါးဘုရင်များစွာသည် ဆူဇီမိုကို နေရာမှာပင် ဖိနှိမ်လိုပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။
ဘေးတစ်ဖက်မှာရှိသော လုံရန်က တုန်လှုပ်သွား၏။
ယခုအချိန်မှာ သူသည် ကျဉ်းထဲကျပ်ထဲကို ရောက်ရှိနေ၏။ သူသည် ဆူဇီမို စွပ်စွဲပြောဆိုခံနေရသည်ကို မလိုလားပေ။ သို့သော်လည်း သူသည် ဆူဇီမိုကို ကူညီရင်း နဂါးမျိုးနွယ်နှင့်လည်း ရန်သူများ ဖြစ်မလာချင်ပေ။
“ဂါး…”
ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ ပါးစပ်ကို ရုတ်တရက်ဖွင့်ဟပြီး ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်ဖော်လိုက်၏။
ထိုနဂါးဟိန်းသံလျှို့ဝှက်အတတ်ကို မိုးပြာနဂါးဟိန်းသံပေါ်မှာ အခြေခံထားပြီး များစွာသောအသံပိုင်းလျှို့ဝှက်အတတ်များနှင့် ပေါင်းစည်းထားလေသည်။ အဲဒီမှာ ကြောက်စရာကောင်းပြီး ခံ့ညားထည်ဝါသော မိုးကြိုးထစ်ချူန်းသံကပင် ရောနှောပါဝင်နေ၏။
နဂါးဘုရင်များထဲ တချို့က အလွန်တရာလျင်မြန်စွာ တုံ့ပြန်ပြီး ထိုဟိန်းဟောက်သံကို ခုခံရန် သူတို့၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်များကို ချက်ချင်းပင်ထုတ်ဖော်လိုက်ကြ၏။
နဂါးဘုရင်တချို့က သူတို့၏ စွမ်းအားကြီးမားသော ကိုယ်ကာယများနှင့် မျိုးဆက်သွေးများအပေါ် ယုံကြည်မှုရှိနေပြီး အကြောက်အလန့်မရှိဘဲ အသံပိုင်းလျှို့ဝှက်အတတ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ဆူဇီမိုရှိရာသို့ ပြေးဝင်လိုက်ကြ၏။
ပုံမှန်အခြေအနေအောက်မှာ နဂါးမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးများအရ သူတို့အနေဖြင့် ကျင့်ကြံမှုနယ်ပယ်တူမှာရှိသော ပညာရှင်များ၏ အသံပိုင်းလျှို့ဝှက်အတတ်များကို ခုခံနိုင်ကြလေသည်။
ဒါ့အပြင် သူတို့၏ မျက်လုံးထဲမှာ ဆူဇီမိုသည် လူသားမျိုးနွယ်မှ သာမန်ဘုရင်တစ်ဦးသာ ဖြစ်သည်။
သူ၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယကို မပြောနှင့် သူ၏ ကျင့်ကြံမှုနယ်ပယ်ကပင် သူတို့ထက် များစွာနိမ့်ကျနေ၏။
နောက်ခဏ၌ အနားသို့ချဉ်းကပ်လာသော ဘုရင်များစွာ၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွား၏။
အန္တိမနဂါးဘုရင်ဆယ်ဦးကျော်ကျော်က ညည်းတွားအော်ဟစ်ပြီး သူတို့၏ ရင်ဘတ်ထဲရှိ သွေးချီက ကသောင်းကနင်းဖြစ်လာခဲ့၏။ သူတို့၏ မျက်လုံးများက နီရဲလာပြီး သူတို့၏ နားများထဲမှ တဝီဝီအော်မြည်ကာ သူတို့၏ အမြင်အာရုံက ဝေဝါးလာခဲ့လေသည်။
အထွတ်အထိပ်နဂါးဘုရင်များပင်လျှင် အနည်းငယ်ရပ်တန့်သွားကြ၏။
ကျန်ရှိနေသော နဂါးဘုရင်ပညာရှင်များကလည်း ခဏမျှရပ်တန်ပြီး အသံပိုင်းလျှို့ဝှက်အတတ်ကို ခုခံလိုက်ကြ၏။
တစ်ခဏချင်းမှာပင် ဆူဇီမိုနှင့် နဂါးဘုရင်မီးတောက်က တိုက်ခိုက်ဖလှယ်ပြီးသွားလေပြီ။
ဆူဇီမိုသည် နဂါးဘုရင်များစွာ၏ အကြည့်အောက်မှာ သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု နဂါးဘုရင်များစွာက ထင်မှတ်မထားပေ။
သူတို့တုံ့ပြန်လာသည့်အချိန်မှာ ဆူဇီမိုသည် အနားသို့ ချဉ်းကပ်လာပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ နဂါးဘုရင်မီးတောက်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်ပြီဖြစ်၏။၏
နဂါးဘုရင်မီးတောက်က စဉ်းစားနေဖို့ အချိန်မရပေ။ သူက သူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးကိုလှည့်ပတ်ပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်လိုဏ်ဂူတစ်ခုကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း နောက်ခဏ၌ ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်က ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦးကြား အကွာအဝေးက အရမ်းကို နီးကပ်နေခဲ့သည်။
နဂါးဘုရင်မီးတောက်က တဆတ်ဆတ်တုန်ယင်သွားလေသည်။
သူ၏ ကောင်းကင်လိုဏ်ဂူက စုဖွဲ့မလာနိုင်ခင်မှာပင် သူ၏ သွေးချီက ပျက်ပြယ်လုနီးပါးဖြစ်သွား၏။
သေရေးရှင်ရေးအခိုက်အတန့်မှာ သူသည် ဆူဇီမို၏ ဆင်းသက်လာသော လက်ဖဝါးကို ပိတ်ဆို့တားဆီးဖို့အတွက် သူ၏ လက်နှစ်ဖက်ကိုသာ မြှောက်တင်လိုက်ရ၏။
သူသည် ခဏမျှ အချိန်ဆွဲထားနိုင်သည်နှင့်အမျှ သူ၏ ဘေးပတ်လည်မှာရှိသော နဂါးဘုရင်များစွာသည် ဆူဇီမိုကိုတိုက်ခိုက်သတ်ဖြတ်ကာ သူ့ကို ကယ်တင်ပေးပေလိမ့်မည်။
သို့သော်လည်း နဂါးဘုရင်မီးတောက်၏ လက်နှစ်ဖက်က ဆူဇီမို၏ လက်ဖဝါးနှင့် ထိတွေ့မိသည့်ခဏမှာပင် သူ၏ မျက်လုံးထဲမှာ အကြောက်တရားက ပေါ်ထွက်လာ၏။
သိပ်သည်းပြင်းထန်ကြီးမားသောစွမ်းအားက နုနယ်ပုံရသော လက်ဖဝါးကနေ ပေါက်ကွဲထွက်ပေါ်လာပြီး အဲဒါကို ရပ်တန့်တားဆီး၍ မရနိုင်ပေ။
လူတိုင်း၏ ရှေ့မှောက်မှာ နဂါးဘုရင်မီးတောက်သည် သူ၏ လက်နှစ်ဖက်ကို မြှောက်တင်လိုက်စဉ်မှာပင် ထိုလက်နှစ်ဖက်သည် ဆူဇီမို၏ လက်ဖဝါးဖြင့် အတင်းအကျပ်ဖိချခံလိုက်ရ၏။
ဖြောင်း…
ဆူဇီမို၏ လက်ဖဝါးက နဂါးဘုရင်မီးတောက်၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လာပြီး လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင်ဆွဲထုတ်လိုက်၏။
တိုက်ပွဲက လျင်မြန်စွာဖြစ်ပွားပြီး ပို၍ပင်မြန်ဆန်စွာ အဆုံးသတ်သွားခဲ့သည်။
နဂါးဘုရင်များစွာက နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ တုန်လှုပ်မှုကနေ ရုန်းထွက်လာနိုင်သည့်အချိန်မှာ နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်က ဆူဇီမို၏ လက်ထဲမှာ ကျဆင်းသွားခဲ့လေသည်။