မျှော်လင့်ချက်ရှိနေသေးတယ်
Vol. 204 Ch. 3058
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
နဂါးဘုရင်များစွာ၏ အမူအရာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။
ဤလူသားသည် သူတို့၏ ရှေ့မှောက်မှာ နဂါးဘုရင်မီးတောက်ကို တကယ်ပင် ဖိနှိမ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အကျဉ်းချလိုက်လေသည်။
သူသည် စည်းမျဉ်းစည်းကမ်းများကို ပမာမခန့်ပြုပြီး သူတို့ကို လုံးဝအတည်အတံ့မမှတ်ယူထားပေ။
ခွင့်လွှတ်လို့မရနိုင်သော..
စောစောက လုံလီအပေါ် စာနာမှုတချို့ရှိပြီး သူမကို ယုံကြည်ထားသော နဂါးဘုရင်တချို့ကပင်လျှင် သူမကို အေးစက်စွာကြည့်လာကြ၏။
လက်ရှိအခြေအနေမှာ တခြားမည်သည့်စကားကိုမှ ထပ်ပြောစရာမလိုတော့ပေ။
ဤလူသားဘုရင်သည် နဂါးဘုရင်မီးတောက်ကို နှုတ်ပိတ်ဖို့ကြိုးစားနေသည်မှာ သိသာနေ၏။
လုံလီသည်လည်း ဆူဇီမို၏ အပြုအမူမှာ တုန်လှုပ်သွားပြီး ကြက်သေသေနေ၏။
ဖြစ်ပျက်ခဲ့သည့်အရာကို သူမနားလည်သည့်အချိန်မှာ ဆူဇီမိုသည် နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆီးပြီးသွားလေပြီ။
“လူသား… ငါတို့နဂါးကမ္ဘာမှာ ဒီလောက်ထိမောက်မာရိုင်းစိုင်းပြီးမှတော့ အသက်ရှင်လျက် ထွက်သွားဖို့ကို စဉ်းတောင်မစဉ်းစားနဲ့တော့”
အထွတ်အထိပ်နဂါးဘုရင်တစ်ဦးက အေးစက်နေသောအမူအရာဖြင့် ဖြည်းဖြည်းချင်ပြောလိုက်၏။
“နဂါးဘုရင်မီးတောက်ကို လွှတ်ပေးလိုက်… အနည်းဆုံးတော့ ငါတို့မင်းရဲ့ အလောင်းကို ပုံမပျက်ထားပေးမယ်”
နောက်ထပ် အထွတ်အထိပ်ဘုရင်တစ်ဦးက ပြောလိုက်သည်။
“ဟဲဟဲ..”
ဆူဇီမိုက ညင်သာစွာပြုံးပြီး သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။ သူက နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆုပ်ပြီး နဂါးဘုရင်များစွာ၏ ရှေ့မှာ မြှောက်ပြလိုက်၏။ သူ၏ လက်ဖဝါးထဲမှာ အနက်ရောင်ချီမျှင်များပေါ်ထွက်လာပြီး နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်ကို ရစ်ပတ်လိုက်၏။
ဖောက်…
နောက်ခဏ၌ နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်က ပေါက်ကွဲထွက်ပြီး သူက သေဆုံးသွား၏။
“ဂါး..”
“လူသား… သေစမ်း”
အစက နဂါးဘုရင်မီးတောက်သည် ဆူဇီမို၏ လက်ထဲမှာကျရောက်နေပြီး နဂါးဘုရင်များစွာက သူ့အသက်ကို ကာကွယ်ပေးလိုသည်ဆိုလျှင် သူတို့သည် မဆင်မခြင်တိုက်ခိုက်၍ မဖြစ်ပေ။
ထိုမြင်ကွင်းသည် နဂါးများစွာကို လုံးလုံးလျားလျား ရူးသွပ်ပေါက်ကွဲသွားစေ၏။
ဒါက ဘာသဘောလဲ။
နဂါးမျိုးနွယ်၏ ပိုင်နက်နယ်မြေအတွင်းမှာပင် သူသည် သူတို့၏ ရှေ့မှာ နဂါးဘုရင်တစ်ဦးကို သတ်ဖြတ်လိုက်၏။ ဤသည်က တကယ့်ကို ပမာမခန့်ရန်စခြင်းဖြစ်လေသည်။
နဂါးဘုရင်ဆယ်ဦးကျော်ကျော်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ သူတို့၏ အစစ်အမှန်ပုံစံများသို့ ခပ်ရေးရေးအသွင်ပြောင်းလဲလိုက်၏။ သူတို့သည် ရှေ့သို့ပြေးတက်ပြီး ဆူဇီမိုကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေ၏။
“နေကြပါဦး”
ထိုစဉ်မှာပင် ဦးဆောင်လာသူ နဂါးဘုရင်တစ်ဦးက ရုတ်တရက်အော်ပြောပြီး ပို၍ပင် သန်မာသော စိတ်ဝိညာဉ်အသိစိတ်ဖိအားကို ထုတ်ဖော်ကာ နဂါးဘုရင်ဆယ်ဦးကျော်ကျော်ကို ဖိနှိမ်လိုက်၏။
“နဂါးဘုရင်စိတ်ဝိညာဉ်၊ နဂါးဘုရင်လင်းရောင်ခြည်… ခင်ဗျားတို့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
နဂါးဘုရင်များက မကျေမချမ်းအမူအရာများဖြင့် အေးစက်စွာမေးလိုက်၏။
နဂါးဘုရင်စိတ်ဝိညာဉ်က ရှင်းပြမနေဘဲ သူ၏ မျက်လုံးကိုသာ မှေးကျဉ်းပြီး ဆူဇီမို၏ လက်ဖဝါးကို သုန်မှုန်နေသော အမူအရာဖြင့် ငေးကြည့်နေ၏။
အခြားသော နဂါးဘုရင်များသည် သူတို့၏ ရင်ထဲရှိ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို အတတ်နိုင်ဆုံးကြိုးစားဖိနှိမ်ပြီး ဆူဇီမို၏ လက်ဖဝါးရှိရာသို့ ကြည့်လိုက်ကြ၏။
ထိုနေရာမှာ ယခုတင် သေဆုံးသွားပြီဖြစ်သော နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်အပြင် ထိုလူသား၏ လက်ဖဝါးထဲမှာ အလွန်တရာဆိုးယုတ်သော စွမ်းအားတစ်ခု ကျန်ရှိနေဆဲဖြစ်၏။
နဂါးများက ပြန်လည်စဉ်းစားလိုက်ကြ၏။ နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်သည် စောစောက ပေါက်ကွဲသွားသည့်ခဏမှာပင် စိမ်းညိုရောင်အလင်းတစ်ခုက ဖြာလက်သွားပုံရလေသည်။
ဖြစ်နိုင်တာက…
နဂါးဘုရင်စိတ်ဝိညာဉ်က ဆူဇီမိုကို ကြည့်ပြီး တွေဝေတုံ့ဆိုင်းစွာဖြင့်မေးလိုက်၏။
“စောစောက …. အဲဒါက ကျိန်စာလား”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“မဆိုးဘူးပဲ.. နဂါးမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိနေသေးသားပဲ”
အစကတော့ ဆူဇီမိုသည် ထွက်ခွာသွားချင်၏။ သို့သော်လည်း သူသည် လုံလီထိခိုက်ခံစားနေရသည်ကို မကြည့်ရက်နိုင်ပေ။
အစကနေ ယခုအချိန်ထိ သူက ရှင်းပြခဲ့ခြင်းမရှိပေ။
တစ်ဘက်မှာတော့ သူက အထင်အမြင်သေးသောကြောင့် ဖြစ်သည်။
အခြားတစ်ဘက်မှာ ဤကိစ္စသည် ရှင်းပြဖို့ခက်ခဲသောကြောင့်ဖြစ်၏။
နဂါးဘုရင်မီးပဒေသာက သေဆုံးသွားပြီဖြစ်ပြီး သက်သေအထောက်အထားမကျန်ရှိတော့ပေ။
သို့သော်လည်း နဂါးဘုရင်မီးတောက်၏ အမျိုးမျိုးသော မူမမှန်မှုများကို တွေးမိပြီး ဤစိတ်ကူးကို ရရှိလာခဲ့၏။
နဂါးဘုရင်မီးပဒေသာက သေဆုံးသွားသော်လည်း နဂါးဘုရင်မီးတောက်က အသက်ရှင်နေဆဲဖြစ်၏။
သူသည် နဂါးဘုရင်မီးတောက်ကို အသက်ရှင်လျက် ဖမ်းဆီးပြီး တူညီစွာ ပြုလုပ်သည်နှင့် နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်ထဲမှာ ပုန်းလျှိုးနေသော ကျိန်စာကလည်း ပေါ်ထွက်လာပေလိမ့်မည်။ ဤသည်က တိုက်ရိုက်အကျဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းဖြစ်သည်။
တကယ်တော့ ဤကဲ့သို့သော အပြုအမူတစ်ခုသည် အခြားသောရလဒ်တစ်ခုဆီ ဦးတည်သွားနိုင်၏။
သူ့ရှေ့မှာရှိသော နဂါးဘုရင်များစွာကြားမှာ ဘယ်လောက်များများ ကျိန်စာမိထားသလဲ ဆူဇီမိုက မသိရှိပေ။
ထိုနဂါးဘုရင်များအားလုံးက ကျိန်စာမိထားမည်ဆိုလျှင် သူတို့သည် နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်ပေါ်မှ ကျိန်စာကို တွေ့မြင်မည်ဆိုလျှင်တောင် လျစ်လျူရှုထားပေလိမ့်မည်။ ထိုအစား သူ၏ အပြုအမူသည် သူနှင့်နဂါးများကြား ကြီးမားသောတိုက်ပွဲတစ်ခုဆီ ဦးတည်သွားပေလိမ့်မည်။
ထို့ကြောင့်ပင် ဦးဆောင်လာသော အထွတ်အထိပ်နဂါးဘုရင်နှစ်ဦးက ကျိန်စာကို သတိထားမိပြီး အခြားသောနးဂါးများကို တားဆီးလိုက်သောအခါ နဂါးမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိနေသေးသည်ဟု ဆူဇီမိုက ပြောလိုက်ခြင်းဖြစ်လေသည်။
နဂါးဘုရင်စိတ်ဝိညာဉ်၊ နဂါးဘုရင်လင်းရောင်ခြည်နှင့် အခြားသောနဂါးဘုရင်များ၏ အမူအရာများက ပျက်ယွင်းသွားကြလေသည်။
အခြားသောအချိန်များမှာဆိုလျှင် သူတို့သည် အဲဒါကို ချက်ချင်းပင် မှတ်မိသိရှိနိုင်ပေလိမ့်မည်။ ထိုသည်က ကျိန်စာစွမ်းအားဖြစ်၏။
သို့သော်လည်း ထိုအချင်းအရာကို ရုတ်တရက်တွေ့မြင်ရခြင်းသည် မယုံကြည်နိုင်စရာကောင်းပြီး သူတို့အနေဖြင့် အဲဒါကို ချက်ချင်းလက်ခံဖို့ ခက်ခဲနေ၏။
နဂါးဘုရင်မီးတောက်က ကျိန်စာမိထားတာလား။
နဂါးဘုရင်မီးပဒေသာကလည်း တူညီသော အခြေအနေမှာ ရှိနေခဲ့တာလား။
အဲဒါက ဘယ်အချိန်တုန်းက ဖြစ်ပွားခဲ့တာလဲ။
ဤကိစ္စမှာ စုန်းမျိုးနွယ်က ဘယ်လိုပါဝင်ပတ်သက်နေသလဲ။
မရေမတွက်နိုင်သောမေးခွန်းများက နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်၏ စိတ်များထဲမှာ ပေါ်ထွက်လာလေသည်။ သူတို့၏ အတွေ့အကြုံများနှင့် ဗဟုသုတနှင့်ပင်လျှင် သူတို့သည် အဲဒါကို ခဏကြာသည်အထိ ပုံမဖော်နိုင်ပေ။
ရုတ်တရက် နဂါးဘုရင်တစ်ဦးက ပြောလိုက်၏။
“နဂါးဘုရင်မီးပဒေသာနဲ့ နဂါးဘုရင်မီးတောက် ကျိန်စာမိထားတယ်ဆိုရင်တောင် သူတို့က နဂါးမျိုးနွယ်ကို သစ္စာဖောက်တယ်လို့ သက်သေပြမပေးနိုင်ဘူး”
“အဲဒါအမှန်ပဲ”
နောက်ထပ်နဂါးဘုရင်က တည်တံ့စွာဖြင့် ပြောလိုက်၏။
“သူတို့တွေက ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်တယ်ဆိုရင်တောင် ဒီအပြင်လူက သူတို့ကို သတ်ဖြတ်စရာအကြောင်းမရှိဘူး… ဒီအပြင်လူမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ ငါထင်တယ်.. သူက ငါတို့နဂါးမျိုးနွယ်ကြား သွေးထိုးလှုံ့ဆော်ပြီး ငါတို့ကလန်သားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် သံသယဝင်အောင်လုပ်နေတာပဲ”
နောက်ထပ် နဂါးဘုရင်တစ်ဦးက အေးစက်စွာ ဝင်ပြောလိုက်၏။
ဆူဇီမိုက ထိုစကားကိုကြားသောအခါ သူတို့ကို ပြုံး၍ကြည့်လိုက်၏။
စကားပြောလိုက်သောနဂါးဘုရင်များက ထိုအပြုံးကို တွေ့မြင်သောအခါ သူတို့က ရုတ်တရက်ကြက်သီးမွေးညင်းထလာ၏။
စောစောက ထိုလူသည် တူညီသော အပြုံးကို ထုတ်ဖော်ခဲ့ပြီးနောက် နဂါးဘုရင်မီးတောက်၏ အမြုတေစိတ်ဝိညာဉ်က ချက်ချင်းပင် ဖျက်ဆီးခံခဲ့ရ၏။
ထိုနဂါးဘုရင်များနှင့်ယှဉ်လျှင် ဦးဆောင်လာသော နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်က ဆူဇီမိုပေါ် ရန်လိုစိတ် သိသိသာသာလျော့ကျသွားလေသည်။
ဤကိစ္စက ရှုပ်ထွေးလွန်းပြီး စုန်းမျိုးနွယ်က ပါဝင်ပတ်သက်နေဖို့ အခွင့်များလေသည်။ ဆုံးဖြတ်ချက်ချဖို့အတွက် သူတို့သည် နဂါးကျွန်းမှ နဂါးဧကရာဇ်များကို စောင့်ဆိုင်းရပေလိမ့်မည်။
“စုန်းမျိုးနွယ်လား”
စုန်းမျိုးနွယ်က နဂါးများနှင့် ဖီးနစ်များကြားတိုက်ပွဲမှာ ပါဝင်ခြင်းမရှိပေ။ သူတို့သည် သူတို့ကလန်သားများအပေါ်မှာ စုန်းမျိုးနွယ်၏ ကျိန်စာကို ဘာ့ကြောင့်တွေ့မြင်နေရတာလဲ။
နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်က ပြန်လည်စဉ်းစားတွေးတော၍ ငေးငိုင်သွားကြ၏။
အချိန်တစ်ခုမှာ နဂါးဘုရင်မီးပဒေသာ၏ အပြုအမူက လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ပုံရ၏။
လုံလီက ပြောလိုက်၏။
“ကျွန်မတို့က ဒီမူမမှန်မှုကို ရှာတွေ့ခဲ့တယ်ဆိုတာ ဖုန့်မြို့တော်ကို အုတ်ဂူကမ္ဘာစစ်တပ်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ပဲ… မြို့တော်အရှင်လုံဖုန့်က ဒီကို သတင်းစကားပေးပို့ခဲ့တယ်… ဒါပေမဲ့ စစ်ကူပေးဖို့အတွက် ဘယ်သူကမှ ရောက်မလာခဲ့ဘူး”
“ဟမ်”
ထိုစကားကိုကြားသောအခါ နဂါးဘုရင်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
နဂါးဘုရင်စိတ်ဝိညာဉ်က အလောတကြီးမေးမြန်းလိုက်၏။
“ဖုန့်မြို့တော်က ကျဆုံးသွားပြီလား… လုံဖုန့် ဘယ်မှာလဲ.. မြို့ထဲက ကလန်သားပေါင်း သိန်းချီက ဘယ်လိုနေလဲ.. သူတို့ ဘယ်လောက်များများ လွတ်မြောက်သွားခဲ့လဲ”
လုံလီက ပြောလိုက်၏။
“စစ်သည်တစ်သန်းစစ်တပ်ကို ဦးဆောင်လာတဲ့ အထွတ်အထိပ်ဘုရင်လေးဦးအပါအဝင် အုတ်ဂူကမ္ဘာကနေ ဘုရင်ဆယ်ဦးကျော် ရောက်လာခဲ့တယ်.. အစကတော့ ဖုန့်မြို့တော်က တကယ်ပဲ တောင့်မခံနိုင်တော့ဘူး.. အစ်ကိုဆူက ဝင်ပြီးတိုက်ခိုက်ပေးလို့သာ တစ်ဘက်ရန်သူဘုရင်တွေအားလုံးက သေဆုံးသွားကြတယ်”
နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်က ဆူဇီမိုကို လေးနက်စွာကြည့်လိုက်၏။
ဤလူသား၏ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားသော်လည်း သူသည် တိုက်ခိုက်ရာမှာ ပြတ်သားမှုရှိပြီး အနီးကပ်တိုက်ခိုက်ရည်မှာ အတော်လေးပင် အစွမ်းအစရှိလေသည်။
တစ်ဘက်သူများက ပေါ့ပေါ့ဆဆနှင့် ကြိုတင်ပြင်ဆင်ထားမှုမရှိလျှင် သူသည် ထိုသူများကို လှဲချနိုင်ဖို့ အခွင့်အရေး တကယ်ပင်ရှိလေသည်။
သို့သော်လည်း လူသားမျိုးနွယ်၏ သာမန်ဘုရင်တစ်ဦးက အထွတ်အထိပ်ဘုရင်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်မည်ဟု သူတို့က မယုံကြည်ပေ။
လုံလီက ဆက်ပြောလိုက်၏။
“ကျွန်မတို့က မီးပဒေသာနဂါးကြယ်ကနေ ဘာအထောက်အပံ့မှ မရတဲ့အတွက် မီးပဒေသာကြယ်ကို တစ်ချက်လာကြည့်ဖို့ ကျွန်မနဲ့အစ်ကိုဆူကို မြို့တော်အရှင်လုံဖုန့်က တောင်းဆိုခဲ့တာပဲ… နောက်ပိုင်းမှာတော့ ကျွန်မတို့က စောစောကမြင်ကွင်းနဲ့ ကြုံတွေ့ခဲ့ရတယ်”
လုံလီက ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြောလိုက်၏။
နဂါးဘုရင်စိတ်ဝိညာဉ်၊ နဂါးဘုရင်လင်းရောင်ခြည်နှင့် အခြားသောနဂါးဘုရင်များ၏ အမူအရာများက သုန်မှုန်လာခဲ့၏။
ထိုသတင်းက ရိုက်ခတ်မှုက သူတို့အပေါ် အတော်လေးကြီးမားလေသည်။
နဂါးဘုရင်မီးပဒေသာက တကယ်ပဲ ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်ခဲ့တာလား။