← Chapters

ချီတက်လာသော စစ်တပ်

Vol. 204 Ch. 3059

ချီတက်လာသော စစ်တပ်

Vol. 204 Ch. 3059

“သွားကြမယ်”

ဆူဇီမိုက လုံရန်၊ မျောက်နှင့် လုံလီကို လှမ်းခေါ်ပြီး မီးပဒေသာနဂါးကြယ်ကနေ ထွက်ခွာဖို့ ပြင်လိုက်၏။

နဂါးမျိုးနွယ်ဘက်မှာရှိသော အခြေအနေက ရှုပ်ထွေးလာနေသည်။ နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်ခဲ့သည်ကို သူနားလည်သိရှိသွားသောအခါ သူက ထပ်မံ၍ စဉ်းစားတွေးတောလာရ၏။

နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ ကမ္ဘာများစွာသည် နေကာသစ်ပင်ကမ္ဘာဘက်မှာ ဝင်ရောက်ပူးပေါင်းလာကြ၏။

သူတို့ဘက်မှာ အုတ်ဂူကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အရိုးဖြူကမ္ဘာကဲ့သို့ အဆင့်မြင့်ကမ္ဘာများလည်းရှိနေ၏။ သို့သော်လည်း စုန်းကမ္ဘာက ပါဝင်ခဲ့ခြင်း မရှိပေ။

နဂါးဘုရင်မီးပဒေသာ၏ ယနေ့သေဆုံးမှုမတိုင်ခင်ထိ စုန်းကမ္ဘာ၏ ပါဝင်ပတ်သက်မှုက ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။

စုန်းကမ္ဘာသည် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ မည်သည့်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေသလဲ။ မြို့တော်အရှင်လုံဖုန့်သည် အုတ်ဂူကမ္ဘာစစ်တပ်၏ လျှပ်တပြက်တိုက်ခိုက်မှုက စမ်းသပ်ချက်တစ်ခုမျှသာ ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။ ကြည့်ရသည်မှာ ကိစ္စများသည် ထိုမျှအထိ မရိုးရှင်းပုံရလေသည်။

နဂါးဘုရင်မီးပဒေသာသည် အတွင်းပိုင်းမှာ သူတို့နှင့်အတူ ပူးပေါင်းထားခြင်းနှင့်အတူ အုတ်ဂူကမ္ဘာသည် ဖုန့်မြို့တော်မှာ အကဲစမ်းဖို့အတွက် နဂါးဘုရင်ဆယ်ဦးကျော်ကျော်ကိုပဲ စေလွှတ်မှာလား။ သူတို့က ဤနေရာမှာ ဆက်လက်၍ ကြန့်ကြာနေလို့ မဖြစ်တော့ပေ။

သူက ယခုအချိန်မှာ မထွက်ခွာသေးဘူးဆိုလျှင် သူက ဤကိစ္စမှာ ပို၍ပင် ပါဝင်ပတ်သက်လာရပေလိမ့်မည်။

“နေကြဦး..”

နဂါးဘုရင်များက ဆူဇီမိုထွက်ခွာချင်သည်ကို တွေ့မြင်သောအခါ သူတို့က ရှေ့သို့ အလောတကြီးတက်လှမ်းပြီး စိမ်းသက်သောအမူအရာများနှင့်အတူ သူ့ကို တားဆီးလိုက်ကြ၏။

နဂါးဘုရင်တစ်ဦးက တည်တံ့စွာ ပြောလိုက်၏။

“ဒီကိစ္စကို အခုချိန်ထိ ကောက်ချက်မချရသေးဘူး… နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားမယ်ဆိုရင်တောင် သူက မင်းသတ်လို့သေသွားရတာပဲ… မင်းတို့တွေထဲ ဘယ်သူကမှ ဒီကိစ္စမပြီးမချင်း ထွက်သွားလို့မရဘူး”

ဆူဇီမို၏ အမူအရာက အေးစက်လာခဲ့၏။

လုံလီနှင့် နဂါးဘုရင်မဦးချိုမဲ့၏ မျက်နှာကို ထောက်ထားပြီး သူက အတော်လေးစိတ်ရှည်ပြနေခဲ့ပြီးသားဖြစ်၏။ သို့သော်လည်း နဂါးဘုရင်တချို့က ကောင်းမှန်းဆိုးမှန်းနားမလည်ဘဲ သူနှင့် လာရှုပ်ချင်နေဆဲဖြစ်၏။ တကယ်တော့ သူတို့ထဲမှ ဘယ်လောက်များများက အမှုမဲ့အမှတ်မဲ့ပြုမူနေသလဲနှင့် သူတို့ထဲမှ ဘယ်လောက်များများက စုန်းမျိုးနွယ်၏ ကျိန်စာမိထားပြီး ကိုင်တွယ်ထိန်းချုပ်ခြင်းခံနေရသလဲ ခွဲခြားဖို့ခက်လေသည်။

ဆူဇီမို၏ အကြည့်က အေးစက်လာပြီး သူ့ရှေ့မှာ ပိတ်ဆို့တားဆီးလာသော နဂါးဘုရင်များကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းတို့တွေ… ငါ့ကို ရန်မစတာ ပိုကောင်းလိမ့်မယ်.. ငါထွက်သွားချင်တယ်ဆိုရင် ဒီနေရာမှာ ငါ့ကို ဘယ်သူ့မှ မတားနိုင်ဘူး”

“မင်း..”

နဂါးဘုရင်များက ဒေါသချောင်းချောင်းထွက်သွားကြ၏။

ဆူဇီမို၏ လေသံသည် သူတို့ကို အတော်လေး မကျေမနပ်ဖြစ်စေ၏။

ဘယ်အပြင်လူကများ သူတိုကို ဤကဲ့သို့သောပုံစံဖြင့် ပြောဆိုရဲခဲ့ဖူးလို့လဲ။

ဒါ့အပြင် ဤလူက လူသားတစ်ယောက်ဖြစ်၏။

နောက်ပြီး သူသည် နဂါးမျိုးနွယ်၏ ပိုင်နက်နယ်မြေမှာလည်း ရောက်ရှိနေ၏။

ဤလူသားဘုရင်က အစွမ်းအစရှိသည်ဆိုလျှင်တောင် သူသည် နဂါးဘုရင်သုံးလေးဆယ်ကို ခုခံတိုက်ခိုက်နိုင်မှာလား။

“မင်းက အခြေအနေကို သတိမထားမိသေးဘူးလား… ဒါက နဂါးကမ္ဘာရဲ့ မီးပဒေသာနဂါးကြယ်ပဲ”

နဂါးဘုရင်တစ်ဦးက အော်ငေါက်လိုက်၏။

“ဒီနေရာက မင်း မောက်မာရိုင်းစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး”

“တော်ကြတော့”

နဂါးဘုရင်စိတ်ဝိညာဉ်က အော်ပြောလိုက်၏။ သူသည် ဤနေရာမှာရှိသော အခြေအနေ၊ တင်းမာလာခြင်းမှာ စိတ်အနှောက်အယှက်ဖြစ်လာပြီး ယခုတင် သူလက်ခံရရှိထားသည့် တုန်လှုပ်စရာကောင်းသော သတင်းအချက်အလက်၏ သက်ရောက်မှုများကို ဆက်လက်၍ ပုံမဖော်နိုင်တော့ပေ။

နဂါးဘုရင်စိတ်ဝိညာဉ်က ဆူဇီမိုကိုကြည့်ပြီး လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြကာ တည်တံ့စွာပြောလိုက်၏။

“တာအိုရောင်းရင်း.. တခြားကိစ္စမရှိဘူးဆိုရင်… ခင်ဗျား မီးပဒေသာနဂါးကြယ်မှာ ရက်အနည်းငယ်လောက် အနားယူပါလား… ကျုပ်တို့တွေက အိမ်ရှင်အဖြစ် ဧည့်ခံပေးနိုင်ပါတယ်”

နဂါးဘုရင်စိတ်ဝိညာဉ်၏ အသံက များစွာပိုမိုညင်သာပြီး သူ၏ စကားလုံးများက အတော်လေးပြေပြစ်လေသည်။ သို့သော်လည်း သူက ဆူဇီမိုကို မီးပဒေသာနဂါးကြယ်ပေါ်မှာ ရှိနေစေချင်သေးသည်။

“စိတ်မဝင်စားဘူး”

ဆူဇီမိုက မှင်သေသေဖြင့် ငြင်းပယ်လိုက်၏။

ထိုသို့ပြောရင်း သူက လုံလီ၊ လုံရန်၊ မျောက်နှင့်အတူ လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်ခွာဖို့ပြင်လိုက်၏။

နဂါးဘုရင်တချို့က ဒေါသချောင်းချောင်းထွက်သွားပြီး သူ့ကို တားဆီးဖို့အတွက် ရှေ့သို့ တက်လှမ်းလာကြ၏။

နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်က အကြည့်ချင်းဖလှယ်ပြီး သူတို့၏ ခေါင်းများကို အနည်းငယ်ခါယမ်းလိုက်ကြ၏။ သို့သော်လည်း သူတို့က ရှေ့သို့ထွက်ကာ နဂါးဘုရင်များကို တားဆီးလိုက်ဆဲဖြစ်၏။ သူမထွက်ခွင် ဆူဇီမိုက ခဏမျှရပ်တန့်ပြီး နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်ကို ကြည့်ကာ ပြောလိုက်၏။

“နဂါးဘုရင်မီးပဒေသာက နဂါးမျိုးနွယ်ကို သစ္စာဖောက်ပြီး အုတ်ဂူကမ္ဘာစစ်တပ်ကို ခေါ်ယူသွင်းလာခဲ့တယ်.. သူတို့တွေက ဖုန့်မြို့တော်တစ်ခုတည်းကိုပဲ တိုက်ခိုက်မှာမဟုတ်လောက်ဘူး… ငါသာ မင်းတို့နေရာမှာဆိုရင် အခုချိန်မှာ မဟာနဂါးမြို့တော်ဆယ်မြို့ရဲ့ နဂါးဘုရင်တွေနဲ့ ဆက်သွယ်ကြည့်မိလိမ့်မယ်”

နဂါးဘုရင်စိတ်ဝိညာဉ်က ရင်ထဲမှာနင့်ခနဲဖြစ်သွား၏။

နဂါးဘုရင်မီးပဒေသာ၏ အရေးကိစ္စသည် သူ့အတွက် ကြီးမားသည့် ရိုက်ခတ်မှုတစ်ခုရှိနေပြီး သူက လောလောဆယ်မှာ အခြေအနေကို ရှင်းရှင်းလင်းလင်းမဆုံးဖြတ်ရသေးပေ။

ဆူဇီမိုက သူ့ကို သတိပေးလိုက်သည့်အချိန်မှသာ သူက အန္တရာယ်ကို နားလည်သဘောပေါက်လိုက်၏။

တကယ်တော့.. ဆူဇီမိုကြိုတင်ခန့်မှန်းထားသည့် အခြေအနေသည် သူတို့တွေးထင်ထားသည်ထက်ပင် များစွာပိုမိုဆိုးဝါးလေသည်။

သူက အဆိုးဆုံးရလဒ်အတွက်ပင် ပြင်ဆင်ထား၏။

နဂါးမြို့တော်ဆယ်မြို့က ဖျက်ဆီးခံရသည်နှင့် မီးပဒေသာနဂါးကြယ်အနေဖြင့် ဆက်လက်၍ ရပ်တည်နိုင်ဖို့ ခက်ခဲသွားပေလိမ့်မည်။

ရစ်ခွေနဂါးဝင်္ကပါကြေမွပျက်စီးသွားသည်နှင့် နေကာသစ်ပင်ကမ္ဘာနှင့် အခြားသောကမ္ဘာများ၏ စစ်တပ်များက အစုလိုက်အပြုံလိုက် ကျူးကျော်ဝင်ရောက်ကာ ကြီးမားသောတိုက်ပွဲတစ်ခုကို စတင်လာလိမ့်မည်ဟု ဆိုလိုလေသည်။

နဂါးပိုင်နက်နယ်မြေငါးခုက လုံးလုံးလျားလျားရှုံးနိမ့်သွားရနိုင်၏။

ထိုအချိန်ကျလျှင် ကမ္ဘာများစွာ၏ စစ်တပ်များကို ရင်ဆိုင်ဖို့အတွက် နဂါးကျွန်းသာလျှင် ကျန်ရစ်ခဲ့ပေလိမ့်မည်။

ဤတိုက်ပွဲသည် နဂါးမျိုးနွယ်၏ ရှင်သန်နိုင်မှုကို အဆုံးအဖြတ်ပေးဖို့ ဖြစ်နိုင်ခြေများနေ၏။

ဤအခြေအနေက သူထိန်းချုပ်နိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

အနည်းဆုံးတော့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက လက်ရှိအခြေအနေကို မထိန်းချုပ်နိုင်ပေ။

တစ်ဘက်မှာတော့ ဆူဇီမိုသည် ခပ်မြန်မြန်ထွက်ခွာချင်သည်မှာ သူသည် နဂါးများနှင့် ဖီးနစ်များကြား တိုက်ပွဲဝဲကတော့ထဲမှာ ပါဝင်ပတ်သက်ခြင်း မရှိလိုသောကြောင့်ဖြစ်၏။

အခြားတစ်ဘက်မှာတော့ သူသည် လုံလီကို ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေရှိရာသို့ ပို့ဆောင်ပေးချင်၏။

ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေကလည်း တူညီသော အန္တရာယ်နှင့် ကြုံတွေ့နေရမည်ကို သူက စိုးရိမ်နေ၏။

“အဲဒီနဂါးမြို့တော်တွေဆီက ဘာတုံ့ပြန်မှုမှ မရှိဘူး”

နဂါးဘုရင်လင်းရောင်ခြည်က ယခုတင် သတင်းစကားကို ပေးပို့လိုက်၏။ သို့သော်လည်း ၎င်းသည် ပင်လယ်ထဲသို့ ပစ်ထုတ်လိုက်သော ကျောက်တုံးတစ်တုံးကဲ့သို့ မည်သည့်တုံ့ပြန်မှုကိုမှ ပြန်လည်ရရှိမလာခဲ့ပေ။

နဂါးဘုရင်စိတ်ဝိညာဉ်က သုန်မှုန်နေသော အမူအရာဖြင့် တည်တံ့စွာပြောလိုက်၏။

“နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်”

ယခုအချိန်မှာ အပြင်ဘက်က ဘာမှန်းမသိရဘဲ သူတို့သည် မီးပဒေသာနဂါးကြယ်ကနေ မဆင်မခြင်ထွက်ခွာမသွားရဲပေ။

လုံလီကလည်း စိုးရိမ်ပူပန်နေ၏။

“အစ်ကို..အစ်ကိုဆူ… အမေ တစ်ခုခုဖြစ်နေပြီထင်တယ်”

လုံလီက တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။

“နဂါးဘုရင်မီးပဒေသာ စောစောက သေဆုံးသွားတုန်းက တစ်ခုခုလွဲမှားနေတာကို ကျွန်မအာရုံခံမိလို့ အမေ့ဆီကို သတင်းစကားပေးပို့ခဲ့တယ်.. ဒါပေမဲ့ သူက အခုချိန်ထိ ပြန်မဖြေသေးဘူး”

ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။

သူ့ခန့်မှန်းထားသည့်အတိုင်း အခြေအနေက ဆင့်ကဲပြောင်းလဲလာနေ၏။

ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေမှာလည်း ပြဿနာတစ်ခုရှိနေပုံရလေသည်။

ယခုအချိန်မှာ အဆိုးဆုံးမြင်ကွင်းများ ပေါ်ထွက်မလာသေးဖို့သာ သူက မျှော်လင့်ထား၏။

“ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေကို အခုပဲ သွားကြတာပေါ့”

ဆူဇီမိုက တည်တံ့စွာပြောလိုက်၏။

“အဲဒါတော့ဆိုးပြီ”

ထိုစဉ်မှာပင် အလွန်တရာကသောင်းကနင်းနိုင်သောပုံစံဖြင့် ခန်းမ၏ အပြင်ဘက်ကနေ အဝတ်စလှုပ်ခတ်သံများ ထွက်ပေါ်လာ၏။

ပကတိနဂါးတစ်ကောင်က အစီရင်ခံတင်ပြဖို့ကိုပင် အရေးလုပ်မနေနိုင်ဘဲ ပျာပျာသလဲအမူအရာဖြင့် အထဲသို့ ဝင်ရောက်လာကာ အော်ပြောလိုက်၏။

“ရန်..ရန်သူတွေ တိုက်ခိုက်နေကြပြီ”

“ဟမ်”

နဂါးဘုရင်သုံးလေးဆယ်၏ အမူအရာက ပြောင်းလဲသွားကြ၏။

“ဘာမှမကြောက်နဲ့ အဲဒီမှာ လူဘယ်လောက်များများရှိလဲ”

နဂါးဘုရင်စိတ်ဝိညာဉ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တည်တံ့စွာမေးလိုက်၏။

ပကတိနဂါးတွေ့မြင်ခဲ့သည့်အရာကို မသိရသေးသော်လည်း သူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေပြီး သူက တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။

“ကျုပ်..ကျုပ်မပြောတတ်ဘူး… သူတို့က အရမ်းကိုများတယ်… ကျုပ် မရေနိုင်ဘူး”

နဂါးဘုရင်များစွာက ရင်တစ်ချက်ထိတ်သွားပြီး ခန်းမအပြင်ဘက်သို့ အလောတကြီး ပြေးထွက်လိုက်ကြ၏။

ထို့နောက် ချက်ချင်းပင် သူတို့က မနှိုင်းယှဉ်သာအောင် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

မီးပဒေသာနဂါးကြယ်၏ ဘေးပတ်လည် ကြယ်တာရာကောင်းကင်ထဲမှာ ကြီးမားသော အက်ကွဲကြောင်းများပေါ်ထွက်လာပြီး စွမ်းအားကြီးမားသောအော်ရာများနှင့် ပုံရိပ်များစွာက တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။ သူတို့တစ်ယောက်ချင်းစီက ကောင်းကင်လိုဏ်ဂူဘုရင်များဖြစ်ကြလေသည်။

သူတို့အများစုသည် အုတ်ဂူကမ္ဘာ၏ ဘုရင်များဖြစ်ကြ၏။ တစ်ချက်ကြည့်ရုံဖြင့် သူတို့က အရေအတွက်သုံးထောင်ကျော်ရှိနေ၏။

ကျန်ရှိနေသော ကောင်းကင်လိုဏ်ဂူဘုရင်များသည် အမျိုးမျိုးသော ကမ္ဘာများမှ ဖြစ်ပြီး သူတို့၏ အရေအတွက်ကလည်း တစ်ထောင်ကျော်ရှိနေ၏။

ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်ကျော်က မီးပဒေသာနဂါးကြယ်သို့ ဆင်းသက်ရောက်ရှိလာပြီး အဆုံးမဲ့ဖိအားတစ်ရပ်ကို ထုတ်ဖော်ထား၏။

“ဟာ”

နဂါးဘုရင်သုံးလေးဆယ်က ထိုသည်ကို တွေ့မြင်သောအခါ သူတို့ကို ပင့်သက်ကိုရှိုက်ကာ တုန်ယင်သွားကြ၏။

သူတို့က နဂါးများဖြစ်သည်ဆိုလျှင်တောင် ဤကဲ့သို့ ကြောက်စရာကောင်းသော အစုအဖွဲ့တစ်ရပ်ကို တွေ့မြင်ရသည့်အခါ သူတို့၏ ရင်ထဲမှာ တုန်ယင်လာဆဲဖြစ်၏။

အဲဒီမှာ ကောင်းကင်လိုဏ်ဂူဘုရင်များက သုံးထောင်ကျော်ရှိနေသော်လည်း မီးပဒေသာနဂါးကြယ်ဘက်မှာ ဘုရင်အရေအတွက်က ငါးဆယ်ထက်ပိုမရှိပေ။

ဦးဆောင်လာသော အထွတ်အထိပ်ဘုရင်ရာချီသည် ဘေးပတ်ဝန်းကျင်လေဟာနယ်ကို စတင်၍ ချိပ်ပိတ်လိုက်ပြီဖြစ်သည်။

လေဟာနယ်က ချိပ်ပိတ်ခံရသည်နှင့် မီးပဒေသာနဂါးကြယ်ပေါ်ရှိ သက်ရှိများထဲ မည်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ကောင်းကင်လိုဏ်ဂူဘုရင်များ၏ နောက်ဘက်မှာ ဧရာမ စိတ်ဝိညာဉ်ယာဉ်ပျံများက အာကာသဆုံမှတ်များထဲကနေ တစ်စင်းပြီးတစ်စင်း မောင်းထွက်လာကြ၏။

စိတ်ဝိညာဉ်ယာဉ်ပျံတိုင်းက လူများစွာဖြင့် ပြည့်နှက်နေပြီး သူတို့က အရေအတွက်သန်းချီကနေ ဆယ်သန်းအထိ ရှိနေ၏။

အနည်းဆုံးစစ်သည်ပေါင်း ဘီလီယံနှင့်ချီရှိနေ၏။ သူတို့သည် နက်မှောင်နေသော တိမ်စိုင်များကဲ့သို့ ကောင်းကင်တစ်ခွင်အုပ်မိုးနေပြီး တုပမရနိုင်သော ပုံစံဖြင့် မီးပဒေသာနဂါးကြယ်ကို ဝိုင်းပတ်ထားလေသည်။

ကြီးမားသော စစ်တပ်တစ်တပ်က သူတို့နယ်စပ်ကနေ ကျူးကျော်ဝင်ရောက်လာခဲ့ပြီဖြစ်၏။

All Chapters