ဘေးသင့်ခြင်း
Vol. 204 Ch. 3060
နဂါးများစွာသည် မော့ကြည့်လိုက်ကြပြီး တွေ့မြင်ရသော မြင်ကွင်းမှာ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်၍ တုန်လှုပ်သွားကြ၏။
ဤကဲ့သို့ ကြီးမားသော စစ်တပ်တစ်တပ်သည် ရစ်ခွေနဂါးဝင်္ကပါကို မည်သို့မည်ပုံ ချိုးဖျက်ပြီး မီးပဒေသာနဂါးကြယ်ပေါ်သို့ ဆင်းသက်လာနိုင်သလဲ နဂါးများက စဉ်းစားမကြည့်နိုင်ကြပေ။
“အစီအရင် ဝင်္ကပါကို အသက်သွင်းကြ… မြန်မြန်လုပ်ကြ”
နဂါးဘုရင် မီးပဒေသာက သေဆုံးသွားပြီး မီးပဒေသာနဂါးကြယ်ပေါ်မှာ ခေါင်းဆောင်မရှိတော့ပေ။ နဂါးဘုရင် စိတ်ဝိညာဉ်က အရင်ဆုံး တုံ့ပြန်လိုက်၏။ သူက သူ၏ ရင်ထဲရှိ တုန်လှုပ်မှုကို ဖိနှိမ်ပြီး အော်ပြောလိုက်၏။
“နဂါးဘုရင် ဆန်းကြယ်… နဂါးဘုရင် မြူခိုး… အရှေ့မြောက်ဘက်မှာရှိတဲ့ ဝင်္ကပါမျက်လုံးကို သွားပြီး စောင့်ကြပ်ကြ”
“နဂါးဘုရင် မိုးပျံ… နဂါးဘုရင် အဆုံးစွန်… အနောက်တောင်ဘက်မှာရှိတဲ့ ဝင်္ကပါမျက်လုံးကို သွားပြီး စောင့်ကြပ်ကြ”
နဂါးဘုရင် စိတ်ဝိညာဉ်သည် မဆိုင်းမတွ ဆုံးဖြတ်ချက်ချပြီး မီးပဒေသာနဂါးကြယ်ပေါ်ရှိ ဝင်္ကပါမျက်လုံးတချို့ကို ကာကွယ်ဖို့အတွက် နဂါးဘုရင်တချို့ကို ညွှန်ကြားလိုက်၏။
မီးပဒေသာနဂါးကြယ်ပေါ်မှာ ကြယ်ကာကွယ်ရေးဝင်္ကပါတစ်ခု ရှိလေသည်။
ဤကဲ့သို့သော အခြေအနေအောက်မှာ နဂါးဘုရင်များစွာက အပြင်ဘက်သို့ ထွက်သွားမည်ဆိုလျှင် သူတို့သည် သူတို့ကိုယ်သူတို့ သတ်သေခြင်းနှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။
နှစ်ဦးနှစ်ဖက်ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။
အသည်းအသန် ခုခံရန် ဤကြယ်ဝင်္ကပါကို အသုံးပြုပြီး အခြားသော နဂါးပိုင်နက်နယ်မြေများနှင့် နဂါးကျွန်းမှ စစ်ကူပေးလာမည်ကို စောင့်ဆိုင်းရင်းဖြင့်သာ သူတို့အတွက် အသက်ရှင်သန်ရန် မျှော်လင့်ချက်ထားနိုင်ပေမည်။
နဂါးဘုရင် စိတ်ဝိညာဉ်၏ တုံ့ပြန်မှုက အကောင်းဆုံး ဖြစ်နေပြီးလေပြီ။
ခန်းမထဲမှာ ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဘေးပတ်ဝန်းကျင်လေဟာနယ်ကို ချိတ်ပိတ်ပြီးသွားပြီဖြစ်သည်။
အာဒိကပ္ပသမဂ္ဂ ယင်ယန်ထွက်ပြေးခြင်းသည် ကြေမွနေသော လေဟာနယ်ထဲမှာ ယင်နှင့်ယန်၏ စွမ်းအားနှင့်အတူ အာကာသဥမင်တစ်ခုကို စုဖွဲ့နိုင်သော်လည်း ၎င်းသည် ချိပ်ပိတ်ထားသော လေဟာနယ်ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။
တစ်နည်းအားဖြင့်ဆိုသော် သူတို့လေးယောက်သည်လည်း မီးပဒေသာနဂါးကြယ်ပေါ်မှာ ပိတ်မိသွားပြီဖြစ်၏။
သူ့အနေဖြင့် ခြေတစ်လှမ်း နောက်ကျသွားဆဲဖြစ်သည်။
တကယ်တော့ သူသည် လောလောဆယ်မှာ မထွက်ခွာနိုင်ဘူးဆိုလျှင်တောင် ဆူဇီမိုက တည်ငြိမ်နေသော အမူအရာနှင့်အတူ အတော်လေး အေးဆေးတည်ငြိမ်နေဆဲဖြစ်၏။ သူသည် အပြင်ဘက်မှာရှိသော သိပ်သည်းများပြားသည့် စစ်တပ်ကို အတွေးနက်စွာဖြင့်သာ ကြည့်လိုက်၏။
အုတ်ဂူကမ္ဘာသည် အဆင့်မြင့်ကမ္ဘာတစ်ခု ဖြစ်သော်လည်း သူတို့မှာ ကောင်းကင်လိုဏ်ဂူဘုရင် သုံးထောင်ကျော် တကယ်ပင် ရှိနေ၏။
ထိပ်တန်းကမ္ဘာကြီးများမှာပင်လျှင် ဘုရင်အရေအတွက် သုံးထောင်ဝန်းကျင်သာ ရှိတတ်ကြ၏။
ဓားကမ္ဘာမှာလည်း အတူတူပင်ဖြစ်၏။
တကယ်တော့ ထိပ်တန်းကမ္ဘာကြီးတချို့မှာ အရေအတွက် ပိုမိုများပြားတတ်လေသည်။
ဥပမာအားဖြင့် ကောင်းကင်ဘုံကမ္ဘာမှ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာပင် ဘုရင်အရေအတွက် သုံးထောင်ဝန်းကျင် ရှိလေသည်။
ကျောက်တုံးကမ္ဘာနှင့် သွေးကမ္ဘာတို့မှာ ဘုရင်အရေအတွက် တစ်သောင်းကျော်ပင် ရှိကြလေသည်။
နဂါးကမ္ဘာမှာရှိသော ဘုရင်အရေအတွက်က အနည်းဆုံးဖြစ်၏။ စုစုပေါင်း သူတို့မှာ အရေအတွက် ရာဂဏန်းသာ ရှိလေသည်။
မည်သို့ပင်ဆိုစေ အုတ်ဂူကမ္ဘာကဲ့သို့ အဆင့်မြင့်ကမ္ဘာတစ်ခုမှ ဤမျှအထိ များပြားသော ကောင်းကင်လိုဏ်ဂူဘုရင်များ ပေါ်ထွက်လာသည့်အတွက် ဆူဇီမိုက အံ့အားသင့်သွားရ၏။
သို့သော်လည်း သိပ်မကြာခင် သူက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိကာ ရင်တစ်ချက်ထိတ်သွား၏။
ဆူဇီမိုနှင့် မျောက်သည် နဂါးကမ္ဘာအပြင်ဘက်သို့ ရောက်ရှိလာသည့်အချိန်မှာ ကြယ်တာရာကောင်းကင်ထဲရှိ အဆုံးမဲ့သွေးပင်လယ်ထဲမှာ မည်သည့်အလောင်းမှ မရှိတော့ပေ။
ယခု သူက အဲဒါနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားမိသွား၏။ ထိုအလောင်းများကို အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူများက သိမ်းဆည်းသွားခဲ့ခြင်း ဖြစ်လောက်သည်။
နဂါးများနှင့် ဖီးနစ်များကြား တိုက်ပွဲမှာ ကျင့်ကြံသူများ ပိုမိုသေဆုံးလေ… အုတ်ဂူကမ္ဘာ၏ တိုးတက်မှုက ပို၍ကြီးမားလေပင်။
ထို့သို့ဆိုလျှင် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ အုတ်ဂူကမ္ဘာက အကြီးမားဆုံး အကျိုးအမြတ်ရရှိသူ ဖြစ်လေသည်။
“အားလုံးပဲ သိပ်ပြီး ကြောက်မနေကြနဲ့”
နဂါးဘုရင် စိတ်ဝိညာဉ်က ကျယ်လောင်စွာ ပြောလိုက်၏။
“ငါတို့က ပူးပေါင်းထားပြီး မီးပဒေသာနဂါးကြယ်ကို ခုခံဖို့အတွက် ဝင်္ကပါကို အသုံးပြုနေသရွေ့ တခြားနဂါးပိုင်နက်နယ်မြေလေးခုက ပညာရှင်တွေက အထောက်အကူပေးဖို့ ရောက်လာကြလိမ့်မယ်”
အစက ထိတ်လန့်တကြားဖြစ်နေသော နဂါးများက ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်သက်သာရာရသွားကြ၏။
“ဟားဟားဟား”
သို့သော်လည်း သိပ်မကြာခင် ကျယ်လောင်သော ရယ်မောသံက မီးပဒေသာနဂါးကြယ်အပြင်ဘက်ကနေ ထွက်ပေါ်လာ၏။
အုတ်ဂူကမ္ဘာ၏ ဦးဆောင်လာသော အထွတ်အထိပ်ဘုရင်က အသံကိုမြှင့်ကာ ပြောလိုက်၏။
“နဂါးဘုရင် စိတ်ဝိညာဉ်… မင်း တော်တော်နုံအတာပဲ… တခြား နဂါးပိုင်နက်နယ်မြေလေးခုက သူတို့ကိုယ်သူတို့တောင် ကောင်းကောင်းမကာကွယ်နိုင်တာ မင်းတို့တွေကို ဘယ်လိုလုပ် ဂရုစိုက်ပေးနိုင်ပါ့မလဲ”
အထွတ်အထိပ်ဘုရင်ရှစ်ရှန်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီတစ်ခေါက် မီးပဒေသာနဂါးပိုင်နက်နယ်မြေကို ရောက်လာတဲ့ စစ်ဆင်ရေးတပ်ဖွဲ့ကို ငါတို့ အုတ်ဂူကမ္ဘာက ဦးဆောင်လာတယ်… ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေကို သွားတဲ့ စစ်ဆင်ရေးအဖွဲ့ကို သွေးကမ္ဘာက ဦးဆောင်ထားတယ်… ဦးချိုနဂါးပိုင်နက်နယ်မြေကို သွားတဲ့ စစ်ဆင်ရေးအဖွဲ့ကို အဆိပ်ကမ္ဘာက ဦးဆောင်ထားတယ်… တောင်ပံနဂါးပိုင်နက်နယ်မြေကို သွားတဲ့ စစ်ဆင်ရေးအဖွဲ့ကို အရိုးဖြူကမ္ဘာက ဦးဆောင်ထားတယ်… အပြာရောင်နဂါးပိုင်နက်နယ်မြေကို သွားတဲ့ အဖွဲ့ကိုတော့ နေကာသစ်ပင်ကမ္ဘာက ဦးဆောင်ထားတယ်…. ငါတို့ တစ်ဖွဲ့ချင်းစီမှာ ကောင်းကင်လိုဏ်ဂူဘုရင် ထောင်သောင်းချီနဲ့ စစ်သည်ပေါင်း ဘီလီယံနဲ့ချီ ပါဝင်တယ်… ဒီနေ့ ငါတို့တွေက နဂါးပိုင်နက်နယ်မြေငါးခုကို တစ်ချိန်တည်းမှာ ချိုးဖျက်ဝင်ရောက်ကြလိမ့်မယ်”
မီးပဒေသာနဂါးကြယ်မှ နဂါးများက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
နဂါးဘုရင် စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်၏ ရင်ထဲမှာ နင့်ခနဲဖြစ်သွားကြပြီး သူတို့၏ အမူအရာများက အလွန်တရာ ပျက်ယွင်းလာကြ၏။
နဂါးပိုင်နက်နယ်မြေများအားလုံးက ကျရှုံးတော့မှာလား။
သို့မဟုတ် ဘုရင်ရှစ်ရှန်က ဖြီးလုံးလှန့်လုံး ထုတ်နေခြင်းလား။
ထိုစကားကို ဆူဇီမိုကြားသောအခါ သူက ကြိတ်၍သက်ပြင်းချလိုက်၏။
စောစောက မီးပဒေသာနဂါးကြယ်ပေါ်သို့ ဆင်းသက်ရောက်ရှိလာသော ကောင်းကင်လိုဏ်ဂူဘုရင်များသည် များသောအားဖြင့် အုတ်ဂူကမ္ဘာမှ ပညာရှင်များဖြစ်ပြီး နေကာသစ်ပင်ကမ္ဘာ၊ သွေးကမ္ဘာနှင့် အခြားသော ကမ္ဘာများမှ ကောင်းကင်လိုဏ်ဂူဘုရင်များ ဘာကြောင့်ပါမလာသလဲ သူက သိချင်နေခဲ့၏။
ကြည့်ရသည်မှာ နဂါးပိုင်နက်နယ်မြေငါးခုကလည်း အန္တရာယ်ကျရောက်နေပြီဖြစ်သည်။
“အားလုံးပဲ ငါပြောတာကို နားထောင်ကြ”
နဂါးဘုရင် လင်းရောင်ခြည်က သူ၏ လက်သီးကိုဆုပ်ပြီး တည်ငြိမ်ဖို့ အတတ်နိုင်ဆုံးကြိုးစားကာ အော်ပြောလိုက်၏။
“နဂါးပိုင်နက်နယ်မြေငါးခုက ရှုံးနိမ့်သွားမယ်ဆိုရင်တောင် နဂါးကျွန်းက ငါတို့ရဲ့ နောက်ဆုံးခိုလှုံရာ ဖြစ်လာလိမ့်မယ်”
“ငါတို့က မီးပဒေသာနဂါးကြယ်ကို ခုခံထားသရွေ့ နဂါးကျွန်းမှာရှိတဲ့ နဂါးဧကရာဇ်တွေက အကူအညီပေးဖို့အတွက် ဒီကို သေချာပေါက် ရောက်လာလိမ့်မယ်”
လုံလီက ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်သွား၏။
ထိုအခိုက်အတန့်မှာ နဂါးဘုရင် လင်းရောင်ခြည်၏ စကားကို ကြားသောအခါ သူမက အလိုလိုခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်… နဂါးကျွန်းက ဧကရာဇ်ပညာရှင်တွေက ကောင်းကင်လိုဏ်ဂူဘုရင် ငါးထောင်ကျော် ထုတ်ဖော်ထားတဲ့ စွမ်းအင်အတက်အကျကို သေချာပေါက် အာရုံခံမိမှာပဲ”
“ဟုတ်ရင်လဲ ဟုတ်လောက်ပါတယ်”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
နေကာသစ်ပင်ကမ္ဘာ၏ စစ်တပ်သည် ဤကဲ့သို့ ကြီးမားသော အစုအဖွဲ့တစ်ရပ်ကို ဖန်တီးပြီး တစ်ချိန်တည်းမှာ နဂါးပိုင်နက်နယ်မြေငါးခုကို တိုက်ခိုက်လာခဲ့လေသည်။ သူတို့သည် နဂါးကျွန်းမှ နဂါးဧကရာဇ်များကို ကန့်သတ်တားဆီးထားဖို့အတွက် သူတို့မှာ နောက်ချန်အစီအစဉ်တစ်ခု သေချာပေါက် ရှိနေပေလိမ့်မည်။
“ဟားဟားဟား”
ဘုရင်ရှစ်ရှန်က နောက်တစ်ဖန် ရယ်မောပြီး အသံကိုမြှင့်ကာ ပြောလိုက်၏။
“နဂါးဘုရင် လင်းရောင်ခြည်…. အဲဒါဆိုရင်တော့ မင်း စိတ်ပျက်ရတော့မှာပဲ… နဂါးကျွန်းက နဂါးဧကရာဇ်တွေက သူတို့ကိုယ်သူတို့တောင် ကောင်းကောင်းကာကွယ်နိုင်မှာ မဟုတ်ဘူး… သူတို့က မင်းတို့ကိုလည်း ဘယ်လိုလုပ် ကယ်တင်ပေးနိုင်ပါ့မလဲ”
“ဘာဖြစ်တယ်”
နဂါးများက ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားကြ၏။
ဖြစ်နိုင်တာက….
ထိုစဉ်မှာပင် နဂါးကျွန်းရှိရာဘက်ကနေ အလွန်တရာ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်အတက်အကျတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး မိုင်ပေါင်းဘီလီယံချီ အကွာအဝေးအထိ ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေ၏။ တကယ်ဆို မီးပဒေသာနဂါးကြယ်ပေါ်မှ နဂါးများပင်လျှင် အဲဒါကို ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်၏။
“ဟားဟား..”
အုတ်ဂူကမ္ဘာ၏ အခြားသော အထွတ်အထိပ်ဘုရင်က ပြုံး၍ ပြောလိုက်၏။
“ဧကရာဇ်အဆင့်တိုက်ပွဲက စတင်ပေါ်ထွက်လာပြီပဲ… မီးပဒေသာနဂါးကြယ်မှာရှိတဲ့ နဂါးတွေက အခုအချိန်မှာ ဆုတောင်းနေဖို့ပဲ တတ်နိုင်တော့မယ်”
နဂါးများက ထိတ်လန့်တကြားဖြစ်သွားပြီး စိတ်ပျက်အားငယ်သော အမူအရာများ ထွက်ပေါ်လာကြ၏။
နဂါးကျွန်းက သူတို့၏ နောက်ဆုံးမှီခိုအားထားရာဟု ဆိုနိုင်လေသည်။
နဂါးကျွန်း၏ ဧကရာဇ်ပညာရှင်များပင် အထောက်အပံ့မပေးနိုင်ဘူးဆိုပါက နဂါးဘုရင် သုံးလေးဆယ်နှင့် ဤကြယ်ပေါ်ရှိ ဝင်္ကပါက ဘယ်လောက်ကြာကြာ ခုခံပေးနိုင်မှာလဲ။
အသက် လေးငါးဆယ် ရှိုက်စာလား…
ငါးမိနစ်လား…
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
အဆိုးရွားဆုံး အခြေအနေက ဖြစ်ပေါ်လာဆဲဖြစ်၏။
အုတ်ဂူကမ္ဘာစစ်တပ်၏ ဖုန့်မြို့တော်အပေါ် အလစ်ဖမ်းတိုက်ခိုက်မှုက အကဲစမ်းမှုတစ်ခုမျှသာ လုံးဝမဟုတ်ပေ။ ၎င်းသည် နဂါးများနှင့် ဖီးနစ်များကြား နောက်ဆုံးတိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် အုတ်ဂူကမ္ဘာစစ်တပ်သည် ဖုန့်ဖြို့တော်ကို အောင်မြင်မြင် လှဲချနိုင်မည်ဖြစ်ပြီး ဘေးပတ်လည်မှာရှိသော အုတ်ဂူကမ္ဘာပညာရှင်များနှင့်အတူ ချီတက်လာကြပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ ဟန့်တားနှောင့်ယှက်မှုကြောင့် ဖုန့်မြို့တော်က ချမ်းသာရာရခဲ့၏။
ထိုသို့ဆိုလျှင်တောင် အခြားသော နဂါးမြို့တော်ကိုးခုက ဤကဲ့သို့သော အစုအဖွဲ့တစ်ရပ်ကို ခုခံနိုင်ကြမည် မဟုတ်ပေ။
တကယ်ဆို ဖုန့်ဖြို့တော်က သူတို့ထွက်လာပြီးနောက် ကျရှုံးသွားလောက်ပြီဟု ဆူဇီမိုက သံသယဝင်မိ၏။
“အို… ဒါနဲ့…”
နဂါးဘုရင်ရှစ်ရှန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက် ပြောလိုက်၏။
“ဒီတစ်ခေါက် ငါတို့စစ်ဆင်ရေးတပ်ရဲ့ ချီတက်လာမှုက အစကတော့ အတော်လေးကို ချောချောမွေ့မွေ့ရှိခဲ့တယ်… ဒါပေမဲ့ ဖုန့်ဖြို့တော်မှာတော့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်”
“လူသားဘုရင်တစ်ဦးက ကြားဝင်နှောင့်ယှက်ပြီး ငါတို့ ဘုရင်ဆယ်ဦးကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ငါကြားတယ်”
“ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး”
ဘုရင်ရှစ်ရှန်က ခပ်ယဲ့ယဲ့ပြုံးပြီး ဆက်ပြောလိုက်၏။
“ငါက ဖုန့်ဖြို့တော်ကို ကိုယ်တိုင်ဝင်ရောက်ပြီး အထဲမှာရှိတဲ့ လူတိုင်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးပြီ”
“အဲဒီလုံဖုန့်က တော်တော်ကို ခေါင်းမာတာပဲ…. သူက အညံ့ခံဖို့ထက် အသေခံလိုပြီး သူ့ကို ငါသန့်စင်လို့မရအောင် သူ့ရဲ့နဂါးခန္ဓာကိုပါ သူ့ဘာသာသူ ဖျက်ဆီးခဲ့တယ်”
“ကျွတ် ကျွတ်…”
ဘုရင်ရှစ်ရှန်က နှုတ်ခမ်းကို အနည်းငယ်မဲ့ကာ ပြောလိုက်၏။
“ထိပ်တန်းအဆင့် နဂါးခန္ဓာတစ်ခုက အဲ့လိုနဲ့ပဲ ပြုန်းတီးသွားရတယ်… ငါက ဒီမှာရှိတဲ့ လူတိုင်းအတွက် နှုတ်ဆက်လက်ဆောင်အဖြစ် သူ့ရဲ့နဂါးဦးခေါင်းကိုပဲ ခုတ်ပိုင်းလာခဲ့ရတယ်”
သူ့စကားမဆုံးသေးခင် ဘုရင်ရှစ်ရှန်က သူ၏ သိုလှောင်အိတ်ထဲကနေ သွေးသံရဲရဲ နဂါးဦးခေါင်းတစ်ခုကို ထုတ်ယူပြီး မီးပဒေသာနဂါးကြယ်ဆီသို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။
နဂါးဦးခေါင်းသည် ပူနွေးနေဆဲ သွေးစတချို့နှင့်အတူ လေထဲကနေ လိမ့်ဆင်းလာလေသည်။ ၎င်း၏ အနည်းငယ် ကြမ်းကြုတ်ခက်ထန်သော မျက်နှာပုံပန်းသဏ္ဌာန်အရ ၎င်းသည် မြို့တော်အရှင်လုံဖုန့်၏ ဦးခေါင်းဖြစ်လေသည်။
လုံရန်က ထိုသည်ကို တွေ့မြင်သောအခါ သူက မချင့်မရဲခံစားလာရပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။