← Chapters

အခန်း (၂၇၂၆-၂၇၃၀)

Vol. 117 Ch. 2726-2730

အခန်း (၂၇၂၆-၂၇၃၀)

Vol. 117 Ch. 2726-2730

အပိုင်း (၂၇၂၆)

ဘာသာပြန်သူ_တိမ်တိုက်

“ဆွေမျိုးမိတ်ဆွေဖြစ်လာဖို့ ငါ့ဘက်ကတော့ ကိစ္စမရှိပါဘူး… ဒါပေမယ့် ငါစိတ်ပူတာက နင်…” ရန်ကိုင်သည် ကျုချင်း၏ လက်သွယ်သွယ်လေးကို ဆွဲယူလျက် ပွတ်သပ်ရင်းမှ ပြောလိုက်သည်။ “နင့်ကို အတင်းတွန်းအားပေးသလို ဖြစ်နေမှာစိုးလို့…”

(ကျွတ်… ကျွတ်… အသားလေးက နူးညံ့လိုက်တာ… ကိုင်လို့ ကောင်းမှကောင်း…)

ကျုချင်းသည် ရန်ကိုင်လုပ်နေသည့်ပုံကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူမလက်ကို ပြန်ဆွဲယူလျက် ရန်ကိုင်ဆီမှ အကြည့်ရှောင်ဖယ်လိုက်ရင်းမှ “အဲ့လိုမလုပ်နဲ့… နေရတာ အဆင်မပြေဘူး…”

ရန်ကိုင်က မျက်နှာတည်ဖြင့် “နင်ပဲ ငါနဲ့ ဆွေမျိုးမိတ်ဆွေ ဖြစ်ချင်တယ်ဆို”

ကျုချင်းက ပြန်မေးလိုက်လေသည်။ “ဒါက ဆွေမျိုးမိတ်ဆွေတွေလုပ်တာ ဟုတ်လို့လား…”

“ဟုတ်တာပေါ့…” ရန်ကိုင်၏ နှာပေါက်နှစ်ပေါက်ဆီမှ လေပူတို့ တဟူးဟူး ထွက်ပေါ်လာခဲ့သည်။ “ပြီးတော့ ဒါက အခြေခံလောက်ပဲ ရှိသေးတယ်…”

ထိုစကားကိုကြားသော် ကျုချင်း တုံ့ဆိုင်းသွားခဲ့လေသည်။ “အဲ့ဒါဆိုရင် ငါတို့ အခြား ဘာတွေထပ်လုပ်ရဦးမှာလဲ…”

ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်းမှ ညစ်ကျယ်ကျယ်ပြုံး၍ “ဒီထက် အများကြီး ပိုလုပ်ရမှာပေါ့…”

“ငါ့ကို သေသေချာချာ ပြောပြ… ငါ လုပ်နိုင်မလုပ်နိုင် သိချင်လို့… ” တစ်ခုခုအား သတိပြုမိသွားသည့်အလား ကျုချင်း၏လည်တိုင်လေး ရဲတက်လာခဲ့လေသည်။

ကျုချင်း၏ပုံစံကို ကြည့်ရင်းဖြင့်ပင် ရန်ကိုင်စိတ်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။ ရန်ကိုင်မှာ အသက်ကို ပြင်းပြင်းရှူသွင်းလျက် သူ့စိတ်ကိုတည်ငြိမ်သွားအောင် မနည်းပြန်ကြိုးစားလိုက်ရသည်။ ထို့နောက် ချက်ချင်းပဲ ကျုချင်း၏ပေါင်ပေါ် သူ့ခေါင်းကို လှဲချလျက် ကျုချင်း၏ ဝမ်းဗိုက်ကို သူ့ခေါင်းဖြင့် ပွတ်သပ်နေရင်းမှ ပြောလိုက်လေ၏။ “ငါ့ကို နည်းနည်းလောက်ပွတ်ပေး…”

ကျုချင်း၏မျက်နှာမှာ ရဲတက်နေခဲ့သည်။ ဤသည်မှာ ရန်ကိုင်နှင့် ပထမဦးဆုံးအကြိမ် တရင်းတနှီး လုပ်ဖူးခြင်း မဟုတ်ပါသော်ငြား ယခုထက်ပို၍ လွန်ကျူးသည့်ကိစ္စများကို လုပ်ခဲ့ဖူးသည့်တိုင် ကျုချင်းမှာတော့ နှလုံးခုန်မြန်လာခဲ့ရလေသည်။

ထို့နောက် ရန်ကိုင်၏နားထင်နေရာကို သူမ၏လက်ချောင်းလေးများဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်လေသည်။

ရန်ကိုင်မှာ သူ့တစ်ကိုယ်လုံး အကြောအချင် ပြေလျော့သွားသလို ခံစားလိုက်ရကာ တိမ်ပေါ်သို့ပင် ရောက်နေသလို ခံစားလိုက်ရလေသည်။ (ဒီကောင်မလေးက တကယ်ကို ပြောတဲ့အတိုင်း လုပ်ပေးနေတာပဲ…) ရန်ကိုင် သူ့ဘာသာသူ တွေးလိုက်လေသည်။

သို့သော်ငြား သူ့စိတ်ထဲ ထိုကဲ့သို့ စဉ်းစားမိနေစဉ်မှာပင် အလွန်ပြင်းထန်သည့် အားတစ်ရပ် သူ့နားထင်အား လာရောက်ထိမှန်သလို ခံစားလိုက်ရသည်။ သူ့နားထင်ကို ပွတ်သပ်ပေးနေသည်မှာ ကျုချင်း၏ လက်သွယ်သွယ်လေးများ မဟုတ်တော့ဘဲ ဆယ်ပေါင်တူနှစ်လက်မှ သူ့နားထင်ကို ဘယ်ညာမှ အပြိုင် ရိုက်ချလာသည့်အလား ရန်ကိုင်၏မျက်နှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့ပြီး မျက်လုံးများမှာလည်း ပြူးကျယ်သွားခဲ့ရလေသည်။

“နင် ဘာလုပ်ချင်နေလဲဆိုတာကို ငါ မသိဘူးများ မှတ်နေလား…” ကျုချင်းမှာ အံကို တင်းတင်းကြိတ်၍ နှလုံးကို ဖိချေနိုင်သည့် စွမ်းအားမျိုးဖြင့် ရန်ကိုင်၏ နားထင်နေရာကို ဖိချလိုက်လေသည်။

“နာတယ်… နာတယ်… ငါသေတော့မယ်…” ကျုချင်းမှာ ရန်ကိုင်ခေါင်းကို အမိအရ ဆုပ်ကိုင်ကာ ဖျစ်ညှစ်ထားသဖြင့် ရန်ကိုင်မှာ မခံမရပ်နိုင်ဘဲ သူ့ခန္ဓာကိုယ်ကိုသာ အရူးအမူး ရုန်းကန်နေခဲ့ရလေသည်။

“ငါ အခု နဂါးကျွန်းကနေ ထွက်လာဖူးတာ ပထမဦးဆုံးအကြိမ်ဆိုပေမယ့် အရူးမဟုတ်ဘူးဟဲ့… နင် ငါ့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ် မှတ်နေတာလား…” ကျုချင်းသည် အံကို တင်းတင်းကြိတ်၍ ရန်ကိုင်၏ နားထင်ကို အားပြင်းပြင်းသုံးကာ ဖိချနေခဲ့လေသည်။

ရန်ကိုင်မှာ သူ့ခေါင်း အလွန်တရာကိုမှ နာကျင်လာခဲ့ရလေ၏။ သူ့တစ်ကိုယ်လုံးမှာလည်း နေမထိထိုင်မထိ ဖြစ်လာရတော့လေသည်။ သည်းမခံနိုင်တော့သည့်အဆုံး ခန္ဓာကိုယ်ကို ကွေးတက်၍ ခြေထောက်ကိုမြှောက်ကာ ကျုချင်း၏ခေါင်းကို ကန်လိုက်လေ၏။

ကျုချင်းသည် ရန်ကိုင်၏ကန်ကျောက်မှုကို အလွယ်တကူ ရှောင်တိမ်းသွားခဲ့ပြီး ရန်ကိုင်ခြေထောက်ကို ပုတ်ထုတ်၍ ချက်ချင်းပဲ ရန်ကိုင်ဆီမှ ခပ်လှမ်းလှမ်းအကွာသို့ ဆုတ်သွားခဲ့လေသည်။ ထို့နောက် အမောတကောအသက်ရှူရင်း ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေလေ၏။

ရန်ကိုင်မှာ ခေါင်းမူးပြေသွားရန် အတော်လေးကြာအောင် အချိန်ပြန်ယူလိုက်ရသည်။ သူ့ခဗျာ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ချေ။ ထို့ကြောင့် ကျုချင်းဘက်သို့လှည့်၍ မကျေမနပ်ဖြင့် အော်ပြောလိုက်လေ၏။ “သိနေတာကိုတောင် မသိချင်ယောင်ဆောင်ပြီး ငါ့ကို လာလှည့်စားရဲတယ်ပေါ့ ဟုတ်လား…”

ရန်ကိုင်သည် သူ့ကိုယ်သူ တစ်ဖက်လူ၏ လှည့်ကွက်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရလေသည်။

“နင်တော်တော်လွန်နေပြီနော်…” ကျုချင်းသည် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။

“ငါ နင့်ကို နေခိုင်းတာမှမဟုတ်တာ… နင့်ဘာသာနင် ခေါင်းမာပြီး နေနေတာလေ… အဲ့ဒါကို ဘယ်သူ့ကို လာပြီး အပြစ်တင်နေတာလဲ…”

ကျုချင်း၏ရင်ဘတ်မှာ အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်ရှင်တစ်လုံးနှယ် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့လေသည်။ ထို့နောက်တွင် အံကို တင်းတင်းကြိတ်၍ ခြေဆောင့်ကာ “ကောင်းပြီလေ… ငါ နင့်ကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး… ငါ့ကိုလည်း လာမရှာနဲ့…”

“ရှာစရာလား…” ရန်ကိုင်သည် ခါးထောက်ရင်းမှ ပြန်ပြောလိုက်လေ၏။ “ဒီလောကကြီးမှာရှိတဲ့ မိန်းမတွေအားလုံး သေသွားမယ်ဆိုရင်တောင် ငါ နင့်ကို လာမရှာဘူး…”

ကျုချင်း၏မျက်နှာမှာ အေးခဲသွားတော့မည့်အလား ရုတ်ချည်း အေးစက်သွားခဲ့သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “နင်ပြောတာကို မှတ်ထားနော်…”

ထိုသို့ပြောပြီးသည့်နောက် လှည့်ထွက်သွားလေသည်။

ရန်ကိုင်ကမူ နှာခေါင်းရှုံ့လျက် သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်လေ၏။ “ကောင်းကောင်းသွားဦးနော်…”

သို့သော်ငြား ကျုချင်း၏အရိပ်အယောင်ကို မမြင်ရတော့ချေ။

ရုတ်တရက်ဆိုသလို ဟွာချင်းစီသည် တောင်ပေါ်တွင် ပေါ်လာခဲ့လေသည်။ ထို့နောက် ရန်ကိုင်ကို တစ်ချက်ကြည့်၍ ကျုချင်းထွက်သွားသည့် ဘက်ဆီသို့ လှမ်းကြည့်ရင်းမှ ပြောလိုက်လေ၏။ “နင်တို့နှစ်ယောက် ရန်ဖြစ်ကြတာလား…”

“အဆီအငေါ်မတည့်ကြရုံပဲ… ဘာမှမဖြစ်ဘူး…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။

“အခုနေ သူ့နောက်လိုက်သွားလို့ နောက်မကျသေးဘူးနော်… သူ ခပ်ဝေးဝေး မရောက်လောက်သေးဘူး…” ဟွာချင်းစီသည် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်ရင်းမှ ပြောလိုက်သည်။ “မိန်းမတွေအကြောင်းလည်း နင်သိထားတာပဲ… နည်းနည်းလောက်ချော့လိုက်ရင် အဆင်ပြေသွားမှာပါ… ပြီးတော့ သူ နင့်ကို ဒေါသထွက်တယ်ဆိုတာလည်း နင့်ကိုဂရုစိုက်လို့လေ…”

“ဘာဂရုစိုက်လို့မှမဟုတ်ဘူး… သူ့မှာ အခြားရည်ရွယ်ချက်ရှိနေတာ…” ရန်ကိုင်က ပြောလိုက်သည်။ ထို့နောက် ဟွာချင်းစီဘက်သို့လှည့်၍ မေးလိုက်သည်။ “နင်ဘာလို့ ဒီကို ရောက်လာတာလဲ…”

ဟွာချင်းစီက အလျင်အမြန် ပြန်ပြောလိုက်သည်။ “သူတို့ရောက်နေပြီ…”

ရန်ကိုင်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ရောက်နေပြီဆိုမှတော့ နာမည်ကျော်မဟာဧကရာဇ်ရဲ့ တပည့်ကို သွားတွေ့ကြတာပေါ့…”

ထက်ကောင်းကင်နန်းတော်၏ ဂိတ်ဝအပြင်ဘက်တွင် ဧရာမသင်္ဘောကြီးတစ်စင်းသည် အနက်ရောင်တိမ်တိုက်တိမ်စိုင်များ ကောင်းကင်ထက် ဝဲနေသည့်အလား ဂိုဏ်းကာကွယ်ရေးအစီအရင်အထက်ရှိ လေထဲတွင် ဝဲနေခဲ့လေသည်။

သင်္ဘောကုန်းပတ်ထက်တွင်တော့ လူငါးဦးရှိနေခဲ့လေသည်။

ကျိယင်သည် သုန်သုန်မှုန်မှုန်အမူအယာဖြင့် ရှေ့ဆုံးတွင် ရပ်နေခဲ့သည်။ မီးနဂါးနန်းတော်၏ နန်းတော်သခင်လီကျောက်နှင့် အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်မီချီတို့မှာ သူ၏ ဘယ်ဘက်နှင့် ညာဘက်အသီးသီးတွင် သက်တော်စောင့်များနှယ် ရပ်နေကြလေ၏။ အဆုံးနားတွင်တော့ လူနှစ်ဦးရှိနေခဲ့ပြီး ထိုနှစ်ဦးအနက် တစ်ဦးမှာ ကျိယင်၏ တပည့် လီရွှမ်းဖြစ်ပေသည်။

လီရွှမ်းမှာ သူ့သွားအားလုံး ကျွတ်ထွက်နေခဲ့ပြီး သူ့ပါးပြင်မှာလည်း ယခုအချိန်ထိတိုင် ဖူးယောင်ကိုင်းနေခဲ့လေသည်။

သို့သော်ငြား သူကိုယ်တိုင်သည် ဆေးတောင်ကြားမှ လာသည့် ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့တွင် ကုသရေးဆေးလုံးများစွာ ရှိနေလေရာ ထိုဒဏ်ရာများမှာ သူ့အတွက် ဘာမှ မပြောပလောက်ပေ။ တစ်နာရီအတွင်း ထိုဒဏ်ရာများကို သူ့အနေဖြင့် ပျောက်ကင်းသွားအောင် ကုနိုင်ပေသည်။ သို့သော်ငြား ယခုကဲ့သို့ မကုဘဲ ထားထားရခြင်းမှာ ရန်ကိုင်မှ သူ့အပေါ် မည်ကဲ့သို့ လုပ်လိုက်သလဲဆိုသည်ကို သူ့ဆရာ မြင်သွားအောင် လုပ်လိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။

အကျိုးရလဒ်မှာလည်း အတော်လေးကိုမှ ကောင်းမွန်လှသည်။

ကျိယင်မှာ သူ့တပည့် ဖူးယောင်ကိုင်းနေအောင် ရိုက်ခံထားရသည်ကိုမြင်သော် အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့လေသည်။

လီရွှမ်းသည် ဆေးလုံးတောင်ကြား၏ ဒုတိယမျိုးဆက် တပည့်တစ်ဦးသာ ဖြစ်လိမ့်မည် ဖြစ်သလို ဆေးလုံးမဟာဧကရာဇ်၏ အမွေခံတပည့်တစ်ဦးလည်း မဟုတ်ပါသော်ငြား သူသည် ဆေးလုံးတောင်ကြား၏ အဖွဲ့သားတစ်ဦး ဖြစ်နေဆဲ။

မြောက်ဘက်နယ်မြေ၌ သူ့အနေဖြင့် ဤကဲ့သို့ အရှက်ခွဲခံရသည်မှာ ဆေးလုံးတောင်ကြားအဖို့ မည်သို့မှ သည်းခံ၍ရသည့် ကိစ္စတစ်ခု မဟုတ်ချေ။

ယခု သူကိုယ်တိုင် ရောက်လာသည့်တိုင် ထက်ကောင်းကင်နန်းတော်သည် သူ့အား ဂိုဏ်းထဲသို့ ပေးမဝင်သေးဘဲ ဂိုဏ်းပြင်ဝတွင်သာ ရပ်နေစေလေသည်။ သူ့ကဲ့သို့ လူတစ်ဦးကို ယခုကဲ့သို့ လုပ်စရာလော။ ထို့အတွက်ကြောင့် ကျိယင်မှာ ထက်ကောင်းကင်နန်းတော်အား ပို၍ ကြည့်မရတော့ပေ။

“ဒီကောင်တွေ တကယ်ကို လွန်တာပဲ…” လီကျောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ “ထက်ကောင်းကင်နန်းတော်က သူတို့ကိုယ်သူတို့ ဘာမှတ်နေတာလဲကွ… ဆရာကျိကိုယ်တိုင် ရောက်လာတာတောင် တစ်ယောက်မှ သူ့ကို လာမကြိုကြဘူး… ဒီဂိုဏ်းကကောင်တွေ တကယ်ကို ရိုင်းကြပါလား…”

မီချီကလည်း ဝင်ရောက်ပြောဆိုလိုက်လေသည်။ “ဟုတ်တယ်… ထက်ကောင်းကင်နန်းတော်က ဆရာကျိကို လုံးဝ အလေးမထားတာ… ဒါ ဆေးလုံးတောင်ကြားကိုလည်း ဂရုမစိုက်ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ”

နှစ်ဦးသားမှာတော့ မီးလောင်ရာလေပင့်နေကြလေသည်။ သူတို့အနေဖြင့် ထက်ကောင်းကင်နန်းတော်မှ ကျိယင်ကို ရန်စလေ သူတို့ ပို၍ ပျော်ရလေပင်။

မူလကတည်းက ဒေါသထွက်နေသော ကျိယင်မှာ လီကျောက်နှင့် မီချီတို့၏ သွေးထိုးစကားများကို ကြားပြီးသည့်နောက် သူ့မျက်နှာမှာ ပို၍ အရုပ်ဆိုးလာတော့လေသည်။

သူသည် ဆေးလုံးမဟာဧကရာဇ်၏ အမွေခံတပည့်တစ်ယောက်ဖြစ်ကာ အဆင့်အတန်းမြင့်မားလှသည့် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ပေသည်။ သူသွားသည့်နေရာတိုင်းတွင် ရှိနေသော လူများသည် သူ့အား ဝမ်းပန်းတသာ တလေးတစားဖြင့် ကြိုဆိုကြသည်။ သို့သော်ငြား ထက်ကောင်းကင်နန်းတော်ကမူ သူ့အား ဂိုဏ်းအပြင်ဘက်တွင်သာ ရပ်စောင့်နေခိုင်းခဲ့သည်။

သူရောက်လာသည့်အခါတွင် မန်နေဂျာတစ်ဦးနှင့် တွေ့ခဲ့သေးသည်။ ထိုမန်နေဂျာသည် သူ့အား မေးခွန်းအချို့ မေးပြီးသည့်နောက် အထဲသို့ ပြန်ဝင်သွားလေသည်။ သူ့ကိုမူ အထဲသို့ ပေးမဝင်ဘဲ အပြင်ဘက်တွင်သာ ရပ်စောင့်နေစေခဲ့သည်။

ထက်ကောင်းကင်နန်းတော် ဤမျှ ရိုင်းစိုင်းလေသလော။ နားဖြင့်ကြားရသည်ထက် လက်တွေ့မြင်ရသည်မှာ ပို၍ ယုံကြည်စရာကောင်းသည်မှာ အမှန်ပင်ဖြစ်လေသည်။ မီချီနှင့်လီကျောက်တို့မှာ ထက်ကောင်းကင်နန်းတော်အကြောင်း ပြောစဉ်က ထိုနှစ်ဦးမှာ ထက်ကောင်းကင်နန်းတော်အပေါ် သူအမြင်မကြည်အောင် တမင်သက်သက် လုပ်နေခြင်း ဖြစ်လိမ့်မည်ဟုသာ ထင်ခဲ့လေသည်။ သို့သော်ငြား ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီးသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်မှာ လီကျောက်နှင့် မီချီတို့ ပြောသည့်အတိုင်းသာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

“ဆရာ… တပည့်အတွက် ပြန်လက်စားချေပေးပါနော်…” လီရွှမ်းသည် အချိန်ကိုက် ဝင်ရောက် သွေးထိုးလှုံ့ဆော်လိုက်လေသည်။ တရှုံံ့ရှုံ့ငိုရင်းမှ ဆက်ပြောလိုက်လေ၏။ “ထက်ကောင်းကင်နန်းတော်က တပည့်ကို ရိုက်နှက်ရုံတင်မဟုတ်ပါဘူး… ဆရာ ဆေးပင်တွေဝယ်ဖို့ ပေးထားတဲ့ အရင်းအမြစ်ကျောက်တွေကိုလည်း လုယူသွားပါသေးတယ်… တပည့် ဆရာနဲ့ ဘိုးဘေးတည်ထောင်သူရဲ့ နာမည်ကိုပြောတာတောင် ဒီကောင်တွေက လုံးဝ အရေးမစိုက်ကြဘူး… ဆရာ သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်လို့ မဖြစ်ဘူးနော် ဆရာ…”

“ဘာကွ…” ကျိယင်၏မျက်နှာအမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “သူ ငါတို့ဆရာရဲ့နာမည်ကို တကယ်ကြီး အရေးမစိုက်ရဲတာလား…”

အစောပိုင်းက သူ့တပည့် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများနှင့်တကွ သူလက်ရှိကြုံနေရသည့် အခြေအနေနှင့်ပင်လျှင် ကျိယင်မှာ ဤမျှ ဒေါသမထွက်ခဲ့ပေ။ သို့သော်ငြား ထက်ကောင်းကင်နန်းတော်သည် မဟာဆေးဧကရာဇ်၏ နာမည်ကိုပင်လျှင် ဂရုမစိုက်ကြောင်း လီရွှမ်းမှပြောလာသော် ကျိယင်မှာ အမှန်တကယ်ကို ဒေါသထွက်သွားရတော့လေသည်။

သူ့ဆရာသည် တုံ့ပြန်ပုံကို မြင်ပြီးသည့်နောက် လီရွှမ်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ပြောလိုက်လေ၏။ “သူ… သူ… သူ… ထပ်ပြီးတော့ ပြောလိုက်တာ ရှိပါသေးတယ်ဆရာ…”

“သူဘာပြောလိုက်တာလဲ…” ကျိယင်က သုန်သုန်မှုန်မှုန်ဖြင့် မေးလိုက်လေသည်။

လီရွှမ်းက ကြောက်လန့်နေသည့် အမူအယာဖြင့် ပြန်ပြောလေ၏။ “တပည့် မပြောရဲပါဘူး…”

“ပြော…” ကျိယင်က လီရွှမ်းအား စိုက်ကြည့်၍ မေးလိုက်သည်။

ဘေးနားတွင်ရှိနေသော သူ့စီနီယာအစ်ကိုကလည်း ဝင်ပြောလိုက်လေ၏။ “ဂျူနီယာညီလေး… အဲ့လူ ဘာပြောလိုက်တာလဲ… ကြောက်မနေနဲ့… ဆရာ့ကိုသာ ပြောပြလိုက်…”

ထိုအခါမှသာလျှင် လီရွှမ်းသည် သတ္တိရှိလာသည့်အလား ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “ဆေးပညာရှင်တွေက သူတို့ကိုယ်သူတို့ ဆေးလေးဘာလေး ဖော်စပ်တတ်တယ်ဆိုပြီး မျက်စိ ခေါင်းပေါ်ရောက်နေတဲ့ကောင်တွေတဲ့… တကယ့်တကယ်ကျ ဘာမှဟုတ်တဲ့ကောင်တွေ မဟုတ်ဘူးတဲ့…”

“ရိုင်းလိုက်တာ…” ကျိယင်က ထအော်လေသည်။

လီရွှမ်း ဒူးထောက်ကျသွားခဲ့ပြီး “ဆရာ… အဲ့စကားကို ကျုပ်ပြောတာမဟုတ်ပါဘူး… သူပြောတာပါ…”

“အဲ့လိုစကားမျိုးကို မင်းပြောရဲမှာမဟုတ်မှန်း ဆရာသိတာပေါ့…” ကျိယင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးသည့်နောက်တွင် သူ့လက်ကိုမြှောက်လျက် ပြောလိုက်လေ၏။ “ထတော့…”

လီရွှမ်းသည် ဒယိမ်းဒယိုင်ဖြင့် ထလိုက်ရင်း မျက်ရည်များကို လက်ဖြင့် သုတ်ချင်ယောင်ဆောင်လျက် ညစ်ကျယ်ကျယ်ပြုံးနေသည်ကို သူ့ဆရာမမြင်အောင် ဖုံးကွယ်ထားလိုက်လေသည်။

ကျိယင်၏တပည့်တစ်ယောက် ဖြစ်သည့်အလျောက် ကျိယင်၏ ဆတ်ဆတ်ထိမခံနိုင်သည့်အရာကို သူသိပေသည်။ ဆေးလုံးမဟာဧကရာဇ်သည် ကျိယင်၏ဆရာဖြစ်ကာ ဆေးတာအိုသည် ကျိယင် တစ်ဘဝလုံး တစိုက်မတ်မတ် လေ့လာနေသည့် အရာတစ်ခု ဖြစ်ပေသည်။ ထိုအရာနှစ်ခုသည် ကျိယင်အတွက် သူ့အသက်ထက်ပင် ပို၍ တန်ဖိုးကြီးလေကာ သူ့ဆရာနှင့် ဆေးတာအိုအား အခြားသူများ ပုတ်ခတ်စော်ကားသည်ကို ကျိယင် လုံးဝ သည်းမခံနိုင်ပေ။

ယခု ရန်ကိုင်သည် မဟာဆေးဧကရာဇ်ရော၊ ဆေးအာအိုကိုပါ မထီမဲ့မြင်၊ မလေးမစား လုပ်ခဲ့သည်ဟု လီရွှမ်းမှ ပြောခဲ့လေရာ သူ့ဆရာ မည်မျှ ဒေါသ ထွက်နေမလဲ ဆိုသည်ကို မြင်ယောင် ကြည့်နိုင်ပေသည်။

(မင်း အခု ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့…) လီရွှမ်း စိတ်ထဲမှနေ၍ ကြိတ်ကာ လှောင်ပြုံးပြုံးနေခဲ့လေသည်။

“ဆရာကျိ… ကြည့်ရတာ ထက်ကောင်းကင်နန်းတော်အနေနဲ့ ဒီမြောက်ဘက်နယ်မြေမှာ ဆက်ပြီး ရှိမနေသင့်တော့ဘူးနဲ့တူတယ်… သူတို့လိုဂိုဏ်းကို ဆက်ရှိနေခွင့်ပေးလိုက်ရင် မြောက်ဘက်နယ်မြေအတွက် ကျက်သရေ ယုတ်စရာပဲ…” လီကျောက် အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ “ဆရာကျိ… ကျုပ်တို့ မြောက်ဘက်နယ်မြေက မဟာမိတ်တွေကို စုစည်းပြီးတော့ ထက်ကောင်းကင်နန်းတော်ကို တိုက်ခိုက်ကြမလား…”

မီချီကလည်း အလိုက်သင့် ဝင်ပြောလိုက်လေသည်။ “ဆရာကျိသာ ထက်ကောင်းကင်နန်းတော်ကို တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့ အာကာယံကောင်းကင်ဂိုဏ်းကလည်း အပြည့်အဝ ဝင်ရောက်ကူညီပေးမယ်…”

ကျိယင်သည် မျက်မှောင်ကြုတ် ၀လျက် တစ်ခဏမျှကြာအောင် စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “အဲ့ကိစ္စကို ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်နဲ့ တွေ့ပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့…”

ကျိယင်သည် စိတ်ခံစားချက်ကို ရှေ့တန်းတင်၍ ဆုံးဖြတ်ချက်ချမည့် လူတစ်ဦးမဟုတ်ပေ။ လက်ရှိအချိန်တွင် သူ့ရင်ထဲ ထိန်းမနိုင်သိမ်းမရဖြစ်အောင် ဒေါသထွက်နေပါသော်ငြား သူကြားခဲ့သည့်အရာအားလုံးသည် သူ့တပည့်ပြောသွားသည့် အကြောင်းအရာများသာ ဖြစ်လေသည်။

လီရွှမ်း သူ့အား လိမ်လောက်လိမ့်မည် မဟုတ်ပါသော်ငြား ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်နှင့် အရင်ဦးစွာ တွေ့ကြည့်သည်မှာ ပိုကောင်းပေသည်။ ကိစ္စအရပ်ရပ်သည်သာ လီရွှမ်းပြောသကဲ့သို့ ဖြစ်နေမည်ဆိုပါက ထိုအခါမှသာလျှင် ထက်ကောင်းကင်နန်းတော်အား တိုက်ခိုက်၍လည်း နောက်မကျသေးပေ။

မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ကူကယ်ရာမဲ့စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ယခုကိစ္စသည် အလျင်လို၍ မရမှန်း နှစ်ဦးစလုံး သိနေကြလေသည်။ ထို့အတွက်ကြောင့် တိတ်တိတ်သာ နေနေကြလေ၏။

အခြားတစ်ဖက်တွင်မူ လီရွှမ်း၏မျက်နှာထက် ထိတ်လန့်တုန်လှုပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် သူ့ဆရာအား လိမ်ညာ၍ ပြောဆိုခဲ့လေသည်။ ရိုးရိုးလိမ်ညာခဲ့ခြင်းပင် မဟုတ်။ သူ့ဘာသာသူ ဇာတ်လမ်းထွင်ကာ လက်ရှိအခြေအနေကို ပုံကြီးချဲ့၍ပင် ပြောခဲ့သေးသည်။ ထို့အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်နှင့် မျက်နှာချင်းဆိုင်၍ တစ်ဖက်လူမှ သူပြောသည့် ဇာတ်လမ်းနှင့် မတူညီသည့် ဇာတ်လမ်းတစ်ခုအား ပြောလာမည်ကို လီရွှမ်း အမှန်တကယ် လန့်နေမိပေသည်။ သို့သော်ငြား သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် သူသည် သူ့ဆရာအမြင်တွင် လိမ္မာသည့် တပည့်တစ်ယောက်ဖြစ်သည်။ သူ့ဆရာရှေ့၌ အမြဲတစေ နာနာခံခံဖြင့် ပြုမူခဲ့လေသည်။ ထို့အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်သခင်မှ သူပြောသည့်ဇာတ်လမ်းနှင့်မတူသည့် ဇာတ်လမ်းတစ်မျိုးကို ပြောလာမည်ဆိုလျှင်ပင် သက်သေအထောက်အထား ခိုင်ခိုင်မာမာမရှိပါက သူ့ဆရာသည် သူ့ကိုသာ ယုံကြည်ပေလိမ့်မည်။ ဘာကြောင့်များ အပြင်လူတစ်ယောက်ကို ယုံပါမည်နည်း။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် လီရွှမ်း သိပ်၍ စိတ်မပူတော့ချေ။

အပိုင်း (၂၇၂၈)

ဘာသာပြန်သူ_တိမ်တိုက်

ထက်ကောင်းကင်နန်းတော်၏ ဧည့်ခန်းထဲတွင် ရန်ကိုင်နှင့် သူ့ဧည့်သည်တို့ ထိုင်နေကြလေသည်။

ရန်ကိုင်သည် စားပွဲဝိုင်း၏ထိပ်ဆုံးတွင် ထိုင်နေပြီး သူ့အောက်တစ်ဆင့်နိမ့်သည့်နေရာတွင် ကျိယင်ကို ထားထားသည့်အတွက်ကြောင့် ကျိယင်၏မျက်နှာမှာ အနည်းငယ် သုန်မှုန်နေခဲ့လေသည်။

ကျိယင်ဘဝတွင် ဤကဲ့သို့အဖြစ်အပျက်မျိုးနှင့် တစ်ခါမှ မကြုံရဖူးချေ။ မြောက်ဘက်နယ်မြေရှိ မည်သည့်ဂိုဏ်းသို့ သွားပါစေ ဂိုဏ်းတိုင်းသည် သူ့အား အရေးတယူ ဆက်ဆံကြကာ ထိုင်ခိုင်းသည်ဆိုပါကလည်း ခေါင်းဆောင်နေရာတွင်သာ ထိုင်ခိုင်းပေသည်။ မီးနဂါးနန်းတော်သို့ သွားသည့်အခါတုန်းကလည်း အတူတူသာ ဖြစ်လေသည်။

အခြားတစ်ချိန်ချိန်သာဆိုလျှင်တော့ ကျိယင်အနေဖြင့် ဤကိစ္စကို သိပ်ပြီး ဂရုစိုက်နေလိမ့်မည်မဟုတ်။ တကယ်တော့ သူသည် ဧည့်သည်တစ်ဦးသာလျှင် မဟုတ်ပေလော။ ဧည့်သည်တစ်ဦးအနေဖြင့် အဆင်ပြေရာတွင် ထိုင်ရသည်မှာ သဘာဝသာ ဖြစ်လေသည်။ သူ့အဆင့်အတန်း မည်မျှပင် မြင့်မားနေစေကာမူ သူသည် အခြားလူတစ်ဦး၏ အိမ်တွင် လာရောက်တည်းခိုနေသည့် အပြင်လူတစ်ဦးသာလျှင် မဟုတ်ပေလော။ ထို့အပြင် ထိုင်ခုံနေရာအနေအထားမှာလည်း သဘောအရသာ ဖြစ်လေရာ အရမ်းကြီး အရေးတယူ လုပ်နေစရာလိုသည့် ကိစ္စတစ်ခု မဟုတ်ပေ‌။

သို့သော်ငြား ကျိယင်မှာ အစောကြီးကတည်းက ထက်ကောင်းကင်နန်းတော်နှင့် ရန်ကိုင်ကို ကြည့်မရဖြစ်နေခြင်း ဖြစ်လေသည်။ ကျုချင်း၏လုပ်ရပ်ကို မြင်ပြီးသည့်နောက် ပို၍ ကြည့်မရ ဖြစ်သွားခဲ့ကာ ယခုဆိုလျှင် ရန်ကိုင်၏ ထိုင်ခုံနေရာ စီစဉ်ပေးထားမှုကြောင့် သူ့မျက်နှာကြီးမှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေတော့သည်။

ရန်ကိုင်ကမူ ထိုကိစ္စကို ထိုမျှ တွေးမနေခဲ့ပေ။ သူသည် ပိုင်ရှင်ဖြစ်သည်။ ထို့အတွက်ကြောင့် ပိုင်ရှင်ထိုင်သင့်သည့် ခေါင်းဆောင်နေရာတွင် ထိုင်နေပြီး ဧည့်သည်များကို ဧည့်သည်နေရာတွင်သာ ထားသည်မှာ သဘာဝသာ ဖြစ်သည်ဟု မှတ်ယူထားလေသည်။

ထို့နောက်တွင် ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်၍ ရယ်သွမ်းသွေးလျက် ပြောလိုက်လေသည်။ “ဆရာကျိ… အခြားဂိုဏ်းချုပ်နှစ်ယောက်နဲ့ ရောက်လာတာ တကယ်ကို တိုက်ဆိုင်လှပါလား…”

ကျိယင်က အလျင်အမြန်ပြောလိုက်သည်။ “တိုက်ဆိုင်တာမဟုတ်ဘူး… နန်းတော်သခင်လီနှင့် ဂိုဏ်းချုပ်မီတို့က ဒီကျိကို လိုက်ပို့ပေးကြတာ…”

ရန်ကိုင် သိချင်မိသွားခဲ့လေသည်။ “အို… ဘယ်လိုဖြစ်ရတာတုန်း ဆရာကျိရဲ့… မြောက်ဘက်နယ်မြေမှာဆိုရင် ဆေးတောင်ကြားရဲ့နာမည်က ဟိန်းခနဲမြည်အောင် ပျံ့နေတာလေ… ဆရာကျိလို ရိုသေလေးစားရတဲ့ လူတစ်ယောက်ကို ဘယ်သူကများ လာရန်စရတာတုန်း… ပြီးတော့ ကျုပ်ကြားတာတော့ မြောက်ဘက်နယ်မြေက အရမ်းငြိမ်းချမ်းတယ်ဆို… ”

လီကျောက်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “အရင်တုန်းကတော့ ငြိမ်းချမ်းတာပေါ့… ဒါပေမယ့် အခုလတ်တလောတော့ အဲ့လိုမျိုးမဟုတ်တော့ဘူး…”

လီကျောက်ဘာပြောချင်နေသလဲဆိုသည်ကို ရန်ကိုင်မသိဘဲ နေမည်လား။ ထက်ကောင်းကင်နန်းတော် စတင်ဖြစ်ပေါ်လာသည့် အချိန်မှစ၍ မြောက်ဘက်နယ်မြေမှာ ငြိမ်းချမ်းခြင်းမရှိတော့ဟု လီကျောက်မှ ကွေ့ဝိုက်ကာ ပြောဆိုနေခြင်း ဖြစ်လေသည်။

ရန်ကိုင်ကမူ လီကျောက်ဘာပြောချင်နေသလဲ ဆိုသည်ကို နားမလည်သည့်အလား ကျိယင်နောက်တွင်ရပ်နေသော လီရွှမ်းဘက်သို့လှည့်၍ ပြုံးကာ “ဟိုး… ညီလေး… ငါတို့ ထပ်တွေ့ကြပြန်ပြီနော်…”

လီရွှမ်း၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ထအော်လေ၏။ “မင်း… မင်း ဘာလုပ်ချင်နေတာလဲ… ငါ မင်းကို သတိပေးလိုက်မယ်… ငါ့ကို ပြဿနာလာမရှာနဲ့နော်…”

လက်ရှိ လီရွှမ်းပုံစံသည် သရုပ်ဆောင်နေခြင်း ဖြစ်လေသည်။ သို့သော်ငြား သရုပ်ဆောင်နေရုံသာလျှင်မဟုတ် သူ့စိတ်ထဲတွင်လည်း အမှန်တကယ်ကို ကြောက်ရွံ့နေမိလေသည်။ ယခင်တစ်ကြိမ် ရန်ကိုင်လက်စာ မိပြီးသည့်နောက်ပိုင်း လီရွှမ်းမှာ ရန်ကိုင်အား အတော်လေးကိုမှ ကြောက်လန့်သွားတော့လေသည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ညီလေးက တကယ်ကို နောက်တတ်တာပဲနော်… ကြည့်ရတာ အရင်တစ်ခေါက် ဒီနန်းတော်သခင် ဧည့်ခံလိုက်တာ နည်းနည်းလိုသွားတယ်နဲ့တူတယ်… ဒါကြောင့် ညီလေး အခုလိုမျိုး အထွန့်တွေတက်နေတာ… ကိစ္စမရှိပါဘူး… နောက်ပိုင်း ညီလေးအားရင်လည်း ဒီမှာ ဧည့်သည်အဖြစ် ခဏလောက်လာနေလေ… အဲ့အချိန်ကြရင် နန်းတော်သခင် ညီလေး ဒီနေရာကို ကိုယ့်အိမ်ကိုယ်ယာလို ခံစားရအောင် သေသေချာချာ ဧည့်ခံပေးမှာပေါ့…”

လီရွှမ်းက ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေ၏။ “ဘယ်သူက မင်းရဲ့ ဧည့်သည်ဖြစ်ချင်နေလို့လဲ…”

သူ့ဆရာရှိနေသည့်အတွက်ကြောင့် လီရွှမ်းမှာ ပို၍ ရဲတင်းလာကာ ယခင်တစ်ကြိမ်ကကဲ့သို့ ကြောက်ရွံ့နေခြင်း မရှိတော့ချေ။

ထိုစဉ် ကျုချင်းနှင့် ဟွာချင်းစီတို့မှာ ရေနွေးကြမ်းဗန်းအသီးသီးကို ကိုင်လျက် ရောက်လာခဲ့ကြသည်။

ဟွာချင်းစီ၏ ဆက်ဆံသည့်ပုံစံမှာ လက်သင့်ခံနိုင်သေးပါသော်ငြား ကျုချင်းမှာတော့ အတော်လေးကိုမှ ရိုင်းသည်ဟု ပြောရမလား စားပွဲခုံပေါ်သို့ ရေနွေးကြမ်းခွက်များကို ဆောင့်ချလိုက်သဖြင့် ရေနွေးကြမ်းများ စားပွဲခုံပေါ် ဖိတ်ကျကုန်ကြလေသည်။ ရန်ကိုင်မှာ ဒေါမာန်တကြီးဖြင့် စားပွဲခုံကို ကောက်ရိုက်၍ “နင်ဘာလုပ်နေတာလဲ… ဧည့်သည်တွေရှိနေတာကို လေးစားရမယ်ဆိုတာ မသိဘူးလား… ငါ နင့်ကို ပြောနေတယ်လေ… ဒီကို ပြန်လာစမ်း…”

သို့သော်ငြား ကျုချင်း၏ အရိပ်အယောင်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့။

ရန်ကိုင်မှာ တစ်ခဏမျှကြာအောင် အော်ခေါ်နေသည့်တိုင် ကျုချင်းမှာ လုံးဝ ပြန်ရောက်မလာသဖြင့် ကူကယ်ရာမဲ့စွာဖြင့်သာ ပြောလိုက်လေသည်။ “ဆရာကျိ… အဲ့ကောင်မလေးကို စိတ်ထဲမထားပါနဲ့နော်… ဒီကောင်မလေးက အဲ့လိုပဲဗျ… ဘယ်လိုမှကို ထိန်းမရဘူး… နောက်ကျတော့မှပဲ ဒီနန်းတော်သခင် သူ့ကို ကောင်းကောင်း သင်ခန်းစာပေးရတော့မယ်…”

ကျိယင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေလေသည်။ “ဘာမှမဖြစ်ပါဘူး…”

ရန်ကိုင်က ပြုံး၍ “ဆရာကျိက တကယ်ကို သဘောထားကြီးတာပဲ… အခု လိုရင်းကို သွားကြတာပေါ့… ဆရာကျိ ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်ဆီ ဘာလို့ ရောက်လာတာလဲ…”

မီချီသည် စားပွဲခုံကို အားဖြင့် ဆောင့်ရိုက်ရင်းမှ ထရပ်၍ ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… သိပြီးသားအဖြေကို ဘာလို့ လာမေးနေရသေးတာလဲ… လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ဘာတွေဖြစ်သွားလဲဆိုတာကို မင်းအသိဆုံးပဲ မဟုတ်ဘူးလား…”

ရန်ကိုင်သည် မီချီကို စောင်းကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ဒီနန်းတော်သခင် ဘာတွေလုပ်လိုက်မိလို့လဲ ဂိုဏ်းချုပ်မီ… ဒါ အခုမှ ကျုပ်တို့ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာလေ… ပြီးတော့ ခင်ဗျားဂိုဏ်းနဲ့ ကျုပ်ဂိုဏ်းကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမှမဟုတ်တာ…”

မီချီက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။ “ငါနဲ့ နန်းတော်သခင်လီ ဒီကိုရောက်လာတာ တူလေးလီအတွက် တရားမျှတမှု ပြန်ရှာပေးဖို့ပဲ… နန်းတော်သခင်ရန်… မင်း ကိုယ့်လုပ်ရပ်ကိုယ် သတိထားသင့်တယ်နော်… မင်း လူမုန်းများအောင် လုပ်နေမယ်ဆိုလို့ရှိရင် ထက်ကောင်းကင်နန်းတော်ကို ပျက်စီးအောင်လုပ်သလို ဖြစ်နေမှာ…”

လီကျောက်ကလည်း အချိန်သင့် ဝင်ပြောလိုက်သည်။ “ရောင်းရင်းလီပြောတာ အမှန်ပဲ…”

ရန်ကိုင်က မျက်ခုံးမှေးစင်းလျက် “ဒီတော့ ခင်ဗျားပြောချင်တာက ခင်ဗျားတို့နှစ်ယောက် ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်ဆီကို ရောက်လာတာ ပြဿနာရှာဖို့ပေါ့ ဟုတ်လား… ဒါပေမယ့် ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်က ခင်ဗျားတို့ကို ဘယ်လိုရန်စလိုက်လဲ ဆိုတာကိုတောင် ကျုပ်မသိရပါလား…”

မီချီက ပြန်ပြောလိုက်သည်။ “မင်းရန်စလိုက်တဲ့ ငါမဟုတ်ဘူး… ရောင်းရင်းလီလည်းမဟုတ်ဘူး… ဆေးလုံးတောင်ကြားပဲ… ဆေးလုံးတောင်ကြားဆိုတာ မြောက်ဘက်နယ်မြေရဲ့ တော်ဝင်နယ်မြေကွ… ဒီတော့ ဆေးလုံးတောင်ကြားကို ရန်စတယ်ဆိုတာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို ရန်စလိုက်တာနဲ့ အတူတူပဲ… မြောက်ဘက်နယ်မြေက ဘယ်သူမဆို ဆေးလုံးတောင်ကြားကို ရန်စတဲ့လူကို လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးကွ…”

ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် “ကျုပ် ဘယ်တုန်းကများ ဆေးလုံးတောင်ကြားကို ရန်စလိုက်လို့လဲ…”

ထိုစဉ် ကျိယင်က သုန်သုန်မှုန်မှုန်ဖြင့် ဝင်ပြောလိုက်လေသည်။ “ငါ့တပည့် အခုလိုမျိုးဖြစ်နေတာကိုတောင် နန်းတော်သခင်က ငါတို့ကို ဘာမှမလုပ်ဘူးလို့ ပြောချင်နေသေးတာလား…”

ချက်ချင်းပဲ ရန်ကိုင်လည်း ကျိယင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် လီရွှမ်း၏ ဖူးယောင်ကိုင်းနေသည့် မျက်နှာတစ်ပြင်လုံးကို တွေ့လိုက်ရလေသည်။ ထိုအခါမှသာလျှင် မှတ်မိသွားဟန်ဖြင့် ပြောလိုက်သည်။ “အော်… လက်စသတ်တော့ ဒီလိုကိုး…”

ကျိယင်က မျက်နှာသေဖြင့် ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ငါ့တပည့်ကိုရိုက်တာ မင်းမဟုတ်ဘူးလို့တော့ ငါ့ကို လာမပြောနဲ့…”

“အာ… ဘာလို့ပြောရမှာလဲ… သူ့ကိုရိုက်တာ ကျုပ်ပဲ…” ရန်ကိုင်က ခေါင်းညိတ်၍ ဝန်ခံလိုက်လေသည်။

ကျိယင် ဒေါသူပုန်ထသွားခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ “နန်းတော်သခင်ရန်… မင်းက ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်လေ… အဲ့တာကို ဘယ်လိုလုပ်ပြီး တာအိုသခင်အဆင့်ပဲရှိသေးတဲ့ ငါ့တပည့်ကို ဒီလိုမျိုးဖြစ်အောင် ရိုက်ရတာလဲ… ငါတို့ဆေးလုံးတောင်ကြားကို မင်း နည်းနည်းလေးမှ အလေးမထားတော့တာလား…”

“ရိုင်းလိုက်တာကွာ…”

“ဆရာကျိ… ဒီကိစ္စကို လုံးဝအလွတ်မပေးနဲ့နော်… မဟုတ်ရင် ဆေးလုံးတောင်ကြားရဲ့ ဂုဏ်သတင်း ကုန်းကောက်စရာမရှိအောင် ဖြစ်သွားလိမ့်မယ်…”

လီကျောင်းနှင့် မီချီတို့မှာလည်း အရိုက်ခံလိုက်ရသည့်လူမှာ လီရွှမ်းမဟုတ်ဘဲ သူတို့ဖြစ်နေသည့်အလား ဒေါမာန်တကြီးဖြင့် ဝင်ရောက်ပြောဆိုကြလေသည်။ သူတို့အနေဖြင့် ကျိယင်အား ဒေါသ မထွက် ထွက်အောင် လုပ်ချင်နေမိသည်။ သို့မှသာ ရန်ကိုင်အား ကိုယ့်အတတ်ကိုယ်ပြန်စူးအောင် လုပ်နိုင်ပေလိမ့်မည်။

“မင်း အခြား ဘာပြောချင်သေးလဲ…” ကျိယင်သည် ရန်ကိုင်အား ကြည့်၍ မေးလိုက်သည်။

ရန်ကိုင်က မျက်ခုံးပင့်လျက် “ကလေးတစ်ယောက်က အမှားလုပ်လို့ရှိရင် ကျုပ်အနေနဲ့ အဲ့ကလေးကို သင်ခန်းစာမပေးသင့်ဘူးလား…”

“အမှားလုပ်တယ်…” ကျိယင်မျက်နှာထက် ဒေါသရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ “ငါ့တပည့်က လိမ္မာပြီး နာခံတဲ့ ကလေးတစ်ယောက်ကွ… သူ့မျက်နှာတစ်ပြင်လုံး အခုလိုမျိုး ကြည့်ရက်စရာမရှိတော့အောင် အရိုက်ခံရလောက်တဲ့အထိ သူ ဘာအမှားတွေ လုပ်ခဲ့လို့လဲ နန်းတော်သခင်ရန်…”

ရန်ကိုင်သည် လီရွှမ်းကိုကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “ကျုပ်လည်း ခင်ဗျားတပည့် ခင်ဗျားကို ဘာတွေပြောခဲ့သလဲဆိုတာ သိချင်နေတာ ဆရာကျိ…”

ကျိယင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် အမိန့်ပေးလိုက်လေသည်။ “ရွှမ်းအာ… အဲ့နေ့တုန်းက ဘာတွေဖြစ်သွားလဲဆိုတာကို အသေးစိတ်ပြောပြစမ်း… ကြောက်မနေနဲ့… ဆရာ မင်းနောက်မှာ ရှိနေတယ်…”

“ဒါက…” လီရွှမ်း အနည်းငယ် တုံ့ဆိုင်းနေခဲ့လေသည်။ တကယ်တော့ သူ ကျိယင်အား ပြောခဲ့သည်မှာ အလိမ်အညာများသာလျှင် မဟုတ်ပေလော။ ယခု ရန်ကိုင်ကိုယ်တိုင် ဤနေရာတွင် ရှိနေလေရာ လီရွှမ်းအနေဖြင့် မျက်နှာပြောင်ဖြင့် လိမ်ရမည်ကို အနည်းငယ် ကြောက်လန့်နေမိခဲ့လေသည်။

သို့သော်ငြား ယခုနေသာ သူမပြောလိုက်ပါက သူ့ဆရာသည် သူလိမ်နေမှန်း သဘောပေါက်သွားပေလိမ့်မည်။ သူ့ဆရာ၏အကြောင်းကို ကောင်းကောင်းသိထားသူပီပီ သူလိမ်ညာနေကြောင်းကိုသာ သူ့ဆရာသိသွားမည်ဆိုပါက သူ့ဆရာမှ သူ့အား လုံးဝ ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်မှန်း လီရွှမ်း သိနေခဲ့သည်။ သို့သော်ငြား သူ့ဆရာသည် သူ့ဘက်တွင်ရှိနေသည့်အတွက်ကြောင့် သူဘာပြောပြော ဘာမှ အရေးမကြီးတော့ပေ။ ထိုကဲ့သို့ တွေးလိုက်မိသည့်အခိုက် လီရွှမ်း၏မျက်လုံးထဲ ရက်စက်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး စိတ်ကို တင်းလိုက်လေ၏။

“ဖြစ်သွားတာကတော့ အဲ့ဒါပဲ…”

လီရွှမ်းသည် အသက်သာ မကြီးသေးပါသော်ငြား စကားပြောစွမ်းရည်ကတော့ အတော်လေးကောင်းသည်ဟု ပြောရမည်။ သူပြောပြသည့်ပုံမှာ သူသည် ကျိယင်၏အမိန့်အရ ဆေးပင်များကို ဝယ်ယူရန်အတွက် ထက်ကောင်းကင်နန်းတော်ဆီသို့ ရောက်လာခဲ့သည်။ သို့သော်ငြား နန်းတော်ထဲသို့ ချက်ချင်း ဝင်ခွင့်မရဘဲ ဂိတ်ပေါက်အပြင်ဘက်တွင် ရက်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့ရသည်။ ထို့နောက်မှသာ တစ်ယောက်ယောက်ရောက်လာပြီး သူဘာလိုချင်နေသလဲ ဆိုသည်ကို လာရောက်မေးမြန်းလေ၏။ သူ၏ ရည်ရွယ်ချက်ကို ကြားသိရပြီးသည့်နောက်တွင် သူ့အား တိုက်ရိုက်ကို ရိုက်နှက်ခဲ့လေသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ ဆေးပင်များဝယ်ယူရန်အတွက် သူ့ဆရာမှပေးလိုက်သော အရင်းအမြစ်ကျောက်များကိုပါ တစ်ဖက်လူမှ လုယူသွားခဲ့လေသည်။

ထိုအကြောင်းကိုပြောနေစဉ်အတောအတွင်း လီရွှမ်းသည် ထိုနေ့က အဖြစ်အပျက်ကို ပြန်သတိရသွားသည့်အလား သူ့မျက်နှာမှာ ဖြူလျော်နေခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ ကတုန်ကယင် ဖြစ်နေလေရာ မျက်ရည်များကိုလည်း ပြောရင်းတန်းလန်းနှင့်မှ အဆက်မပြတ် သုတ်နေခဲ့သည်။ သူလိမ်နေသလား မလိမ်နေဘူးလား ဆိုသည်ကိုတော့ အခြားသူများ ပြောနိုင်မပြောနိုင် မသိရပါသော်ငြား ပြောနေရင်း ပြောနေရင်းမှ လီရွှမ်း၏အသံမှာ ပိုပို၍ ကြည်လင်ကျယ်လောင်လာခဲ့လေသည်။ ထို့နောက်တွင် အမှန်တကယ် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ခဲ့ရသည့်အလား ရဲရဲဝံ့ဝံ့နှင့်ကို ပြောတော့လေသည်။

လီရွှမ်းပြောသည်ကို နားထောင်ရင်း ကျိယင်၏မျက်နှာကြီး ပိုပို၍ သုန်မှုန်လာခဲ့သည်။ သို့သော်ငြား မီချီနှင့် လီကျောက်တို့မှာတော့ စိတ်ထဲမှနေ၍ နှစ်ထောင်းအားရ ဝမ်းသာနေကြလေသည်။ လီရွှမ်း ဒုက္ခလှလှနှင့် ပိုတွေ့လေ ထက်ကောင်းကင်နန်းတော်နှင့် ရန်ကိုင် ပိုပြဿနာတက်လေပင်။

“အခု မင်းဘာလုပ်လိုက်လဲ မင်းကြည့်…” လီရွှမ်းပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် မီချီသည် ချက်ချင်းပဲ ရန်ကိုင်အား လက်ညှိုးငေါက်ငေါက်ထိုး၍ ဝင်ရောက်ပြောဆိုလေသည်။ “ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဂျူနီယာကို လက်ပါရုံတင်မဟုတ်ဘူး သူ့ရဲ့အရင်းအမြစ်ကျောက်တွေကိုပါ လုယူသွားတာ… မင်းက ငါတို့မြောက်ဘက်နယ်မြေက လူတွေအတွက် တကယ်ကို ကျက်သရေယုတ်တာပဲကွ…”

ရန်ကိုင်ကမူ မီချီကို မသိချင်ယောင်ဆောင်လျက် လီရွှမ်းကိုသာ ပြုံး၍ ကြည့်လိုက်လေသည်။ “အခြား ဘာမှ ထပ်မပြောချင်တော့ဘူးဆိုတာ သေချာလား…”

လီရွှမ်း၏ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ကျိယင်နောက်တွင် အမြန်ပြေးပုန်းလိုက်လေသည်။

“နန်းတော်သခင်ရန်… မင်း ငါ့တပည့်ကို ခြိမ်းခြောက်နေတာလား…” ကျိယင်သည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်က ပုခုံးတွန့်လျက် “ခြိမ်းခြောက်နေတာမဟုတ်ဘူး… မေးပဲမေးနေတာ…”

“ဒီတော့ မင်းဝန်ခံတယ်ပေါ့…”

ရန်ကိုင်က မျက်မှောင်ကျုံ့လျက် ကျိယင်ကိုကြည့်၍ “ဆရာကျိ… ခင်ဗျားတပည့်ပြောတာကို ခင်ဗျားတကယ်ယုံတာလား…”

ကျိယင်က နှာခေါင်းရှုံ့လျက် “ငါ့တပည့် ငါ့လက်အောက်မှာရှိနေတာ ဆယ်နှစ်ကြာသွားပြီ… အဲ့အချိန်အတွင်း ငါကိုယ်တိုင် သူ့ကို ပျိုးထောင်ခဲ့တာ… ဒီတော့ သူ့အကြောင်း ငါကောင်းကောင်းသိတယ်… လီရွှမ်းက လိမ်ညာတတ်တဲ့လူစားမျိုး မဟုတ်ဘူး…”

ရန်ကိုင်က ပုခုံးတွန့်လျက် “အဲ့လိုဆိုရင် ကျုပ် ဘာမှ ထပ်ပြောစရာမရှိတော့ဘူး…”

ကျိယင်က ပြန်ပြောလိုက်လေသည်။ “မင်း တကယ် ဘာမှပြောစရာမရှိတော့တာလား…”

“မရှိတော့ဘူး… ဒါပေမယ့် ပြောချင်တာတစ်ချက်တော့ ရှိတယ်… ဆရာကျိက တပည့်ရွေးတဲ့နေရာမှာ သိပ်ပြီးတော့ မျက်လုံးမကောင်းဘူးနော်…”

ကျိယင်က မျက်လုံးမှေးစင်းလျက် “မင်းကိုယ်မင်း ခုခံကာကွယ်ပြီး ပြောချင်တဲ့စကားအချို့ရှိရင် ငါ နားထောင်ပေးလို့ရတယ်… ဒါပေမယ့် မင်းက မပြောချင်မှတော့လည်း ထက်ကောင်းကင်နန်းတော် ဆက်ပြီး တည်ရှိနေစရာ မလိုတော့ဘူးကွာ… မင်း ငါနဲ့ ဆေးတောင်ကြားကို ပြန်လိုက်ခဲ့ပြီး မင်းအပြစ်ကို ခံယူလိုက်…”

ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ ကံကြမ္မာကို စကားလုံးလေးသက်သက်ဖြင့် သတ်မှတ်နိုင်သည်မှာ ဆေးလုံးမဟာဧကရာဇ်၏ တပည့်များသည်သာလျှင် လုပ်နိုင်ပေလိမ့်မည်။

ရန်ကိုင်က မျက်လုံးမှေးစင်းလျက် “ကျုပ်မှာ ဘာအပြစ်မှမှ မရှိတာ…”

ကျိယင်က ပြန်ပြောလိုက်လေသည်။ “ငါ့ဆရာ ဆေးလုံးမဟာဧကရာဇ်ကို တန်ဖိုးမထား မလေးစားတာ… ဒီလောကကြီးမှာရှိတဲ့ ဆေးပညာရှင်တွေကို အထင်အမြင်သေး နှိမ့်ချတာက မင်းရဲ့ အကြီးမားဆုံး ပြစ်မှုတွေပဲ…”

ရန်ကိုင်က မျက်ခုံးပင့်လျက် “ဆေးလုံးမဟာဧကရာဇ်ရဲ့ တပည့်တွေအကုန်လုံးသာ ခင်ဗျားလိုမျိုး သောက်ကျင့်မကောင်း အရိုးထဲထိ ပုပ်ပွနေပြီးတော့ လီရွှမ်းလိုသာ ဉာဏ်နီဉာဏ်နက်များနေမယ်ဆိုရင် ဒီနန်းတော်သခင် သူ့ကို တကယ် အရေးမစိုက်တော့တာ… ပြီးတော့ ဆေးလုံးတောင်ကြားဆိုတာကရော ဘာလဲ… ခင်ဗျား ပြောပြောနေတဲ့ တော်ဝင်နယ်မြေဆိုတာ ဘာလဲ… အမှိုက်ထုပ်တွေ စုနေတဲ့နေရာနဲ့ ဘာမှမကွာဘူး…”

ကျိယင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ “ရိုင်းလိုက်တာ…”

ရန်ကိုင်က ကျိယင်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် “ရိုင်းတယ်… ရိုင်းတော့ဘာဖြစ်လဲ… မကျေနပ်ဘူးလား… လာကိုက်လေ… ခင်ဗျား ကိုက်နိုင်ရင် လာကိုက်… ကျုပ် ဒီမှာ ရပ်နေတယ်…”

“မင်း…” ကျိယင်မှာ ဒေါမာန်တကြီးဖြင့် ရန်ကိုင်အား လက်ညှိုးငေါက်ငေါက်ထိုးလိုက်လေသည်။ တကယ်တမ်းသာ လုပ်နိုင်မည်ဆိုလျှင် သူ့အနေဖြင့် ရန်ကိုင်အား မသေမချင်း ရိုက်သတ်ပစ်ချင်ပေသည်။ သို့သော်ငြား သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်ဒုတိယအဆင့်သာ ရှိသေးသလို သူကိုယ်တိုင်ကလည်း ဆေးပညာရှင်တစ်ဦး ဖြစ်ပေသည်။ သူ့တွင် တိုက်ခိုက်ရေးအတွေ့အကြုံမရှိ။ ထို့အတွက်ကြောင့် စကားဖြင့်ပြောရုံသာ တတ်နိုင်ခဲ့လေသည်။

မီချီနှင့် လီကျောက်တို့မှာမူ အကြည့်ချင်းဖလှယ်လျက် ဧကရာဇ်ချီကို လှည့်ပတ်ကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားလေသည်။

ထိုအခိုက်အတန့်မှာပင် အံ့အားသင့်ဖွယ်ရာ ကောင်းလှသည့် မွန်းစတားချီအရှိန်အဝါ သုံးရပ် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက်တွင် ပုံရိပ်သုံးခု ခန်းမအပြင်ဘက်ဆီမှ လှစ်ခနဲ ပြေးဝင်လာခဲ့ပြီး မီချီနှင့် လီကျောက်တို့ရှေ့တွင် ရပ်လိုက်လေ၏။

“မင်းတို့က လှုပ်ရှားချင်တာလား… လှုပ်ရှားရဲရင် လှုပ်ရှားကြည့်လိုက်လေ…” ရှီလဲ့သည် သူ့လက်ဆစ်များကို ချိုးရင်းမှ သူ့ရှေ့တွင် ရပ်နေသည့် လူနှစ်ဦးအား အမှန်တကယ် ဆော်ပလော်တီးမည့် ပုံစံမျိုးဖြင့် ကြည့်လိုက်လေသည်။

မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး ချက်ချင်းဆိုသလို တောင့်တောင့်ကြီး ဖြစ်ကုန်ကြလေသည်။

ထက်ကောင်းကင်နန်းတော်ထဲတွင် မွန်းစတားမျိုးနွယ်စုဝင်များ ရှိနေကြပြီး ထိုမွန်းစတားမျိုးနွယ်စုဝင်များသည် ရမ္မက်ရှာဂိုဏ်းကို ဖျက်ဆီးသည့်အရေးတွင် ရန်ကိုင်ဘက်မှ ဝင်ရောက်ကူညီပေးခဲ့မှန်း သိထားကြပါသော်ငြား ဤနေရာတွင် မွန်းစတားဘုရင်သုံးပါး တကယ်ကြီးရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သုံးယောက်နှစ်ယောက် ယှဉ်တိုက်ရမည် ဖြစ်သည့်အတွက်ကြောင့် သူတို့တွင် နိုင်နိုင်ချေမရှိ။ ထို့အပြင် ချင်းအာဟုခေါ်သည့် မိန်းကလေးလည်း ရှိနေပေသေးသည်။

ထိုမိန်းကလေးသည် မီချီအား လက်သီးတစ်ချက်နှင့်ပင် လွင့်စင်ထွက်သွားအောင် လုပ်နိုင်လေရာ သူမ၏ခွန်အား ဤမွန်းစတားဘုရင်သုံးပါးထက် ပိုမိုမြင့်မားရပေလိမ့်မည်။

ထက်ကောင်းကင်နန်းတော်သည် ဂိုဏ်းတစ်ဂိုဏ်းမဟုတ်တော့။ ကျားနဂါးတို့ ကိန်းအောင်းနေရာ ကျားလိုဏ်ဂူ နဂါးအသိုက်ကြီးတစ်ခုသာ ဖြစ်တော့လေသည်။

ဤမျှ ကြောက်မက်ဖွယ်ရာကောင်းလှသော ပညာရှင်များကို ထက်ကောင်းကင်နန်းတော် မည်သည့်နေရာမှ သွားရောက်ရှာဖွေခဲ့လေသနည်း။ ဤခွန်အားအရ သူတို့သည် မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်းနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်ကာ လိုအပ်နေသည့်အရာဆို၍ မဟာဧကရာဇ်တစ်ပါးသာ ကျန်တော့လေသည်။

လက်ရှိအချိန်တွင် ကျိယင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေ၏။ သူ့အနေဖြင့် အန္တရာယ်အငွေ့အသက်ကို မခံစားမိခဲ့ရသည်မှာ နှစ်မည်မျှပင် ကြာသွားခဲ့လေပြီနည်း။ မွန်းစတားဘုရင်များဆီမှ ထွက်ပေါ်နေသည့် မွန်းစတားချီသည် သူ့အား အသက်ရှူရခက်အောင် လုပ်နေခဲ့လေသည်။ သို့သော်ငြား မဟာဧကရာဇ်တစ်ပါး၏ တပည့်တစ်ဦးပီပီ ကျိယင်သည် အတော်လေးကိုမှ စိတ်ဓာတ်ကြံ့ခိုင်ကာ သူ၏ကျင့်ကြံခြင်းမှာလည်း အလှသက်သက်မဟုတ်ပေ။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ အတော်လေးကိုမှ နေရထိုင်ရ ခက်နေသည့်တိုင် ထိတ်လန့်နေခြင်းမရှိချေ။

အပိုင်း (၂၇၂၉)

ဘာသာပြန်သူ_တိမ်တိုက်

“မင်းဘာလုပ်ချင်နေတာလဲ…” ကျိယင်သည် ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်လိုက်လေသည်။

ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး… ဆရာကျိက ကိုယ့်တပည့်ပြောတာပဲ ယုံတာဆိုတော့ ဒီနန်းတော်သခင်ဘက်က ရှင်းပြနေလည်း အပိုတွေပဲ ဖြစ်နေမှာပဲလေ ဟုတ်တယ်မလား… ဒီတော့ လေကုန်ခံမနေတော့ဘူး… အဲ့အစား ဆရာကျိကို စိတ်ဝင်စားစရာလေးတစ်ခု ပြပေးမယ်…”

“စိတ်ဝင်စားစရာ…” ကျိယင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရန်ကိုင် ဘာကြံလို့ကြံနေမှန်း သူမသိပေ။

ရန်ကိုင်က လက်ခုပ်တီးလျက် ခန်းမအပြင်ဘက်သို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။ “ဝင်လာခဲ့…”

အကုန်လုံး အပြင်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေရာ လူတစ်ဦးဝင်လာကြောင်း တွေ့လိုက်ရသည်။ ထိုလူသည် ခန်းမအလယ်သို့ ရောက်ပြီးသည့်နောက် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ “မင်္ဂလာပါ နန်းတော်သခင်…”

“အင်း…” ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“ခင်ဗျားက…”

“အစီအရင်ပညာရှင်နန်မန်… ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ…”

မီချီနှင့် လီကျောက်တို့သည် နန်းတော်ထဲသို့ ဝင်လာသည့် နန်မန်တကျွင်းကိုကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေကြလေသည်။

မြောက်ဘက်နယ်မြေရှိ ထိပ်တန်းဂိုဏ်းများ၏ ဂိုဏ်းချုပ်များ ဖြစ်ကြသည်နှင့်အညီ သူတို့သည် နန်မန်တကျွင်းနှင့် အဆက်အသွယ် လုပ်ခဲ့ဖူးကြပေသည်။ သူသည် အစီအရင်ပညာတွင် အလွန်ကိုမှတော်ပြီး အတော်လေးကိုမှ မောက်မာကာ လွတ်လွတ်လပ်လပ်နေထိုင်ရသည်ကို နှစ်သက်သူတစ်ဦးမှန်း သိကြသည်။ ယခင်က သူတို့သည်လည်း နန်မန်တကျွင်းအား သူတို့ဂိုဏ်းထဲသို့ ဖိတ်ခေါ်ခဲ့ဖူးပါသော်ငြား မအောင်မြင်ခဲ့ပေ။

ထို့အတွက်ကြောင့် နန်မန်တကျွင်းမှာ ရန်ကိုင်အား တလေးတစားဖြင့် ဆက်ဆံနေသည်ကိုမြင်သော် သူတို့စိတ်ထဲ မယုံကြည်နိုင် ဖြစ်သွားကြရလေသည်။

ဤနန်မန်တကျွင်းသည် သူတို့သိသည့်နန်မန်တကျွင်းရော ဟုတ်မှဟုတ်ပါလေစ။ လွတ်လွတ်လပ်လပ်နေချင်သူတစ်ဦးသည် ဘာကြောင့်များ သူတို့ကဲ့သို့လူများနှင့် တွေ့ရာတွင် မောက်မာဝံ့ကြွားစွာဖြင့် ရှိနေတတ်ပြီး ရန်ကိုင်နှင့်အတွေ့တွင် ဘာကြောင့်များ တလေးတစားဖြင့် ဦးညွှတ်နေရလေသနည်း။

“ကျုပ်က အခု ထက်ကောင်းကင်နန်းတော်ရဲ့ အစီအရင်ပညာရှင်တစ်ယောက်ပဲ… ကျုပ် ဘာလို့ ဒီမှာ ရှိမနေရမှာလဲ…” နန်မန်တကျွင်းက ထိုလူနှစ်ဦးကိုကြည့်၍ ပြန်မေးလိုက်လေသည်။

“ထက်ကောင်းကင်နန်းတော်ရဲ့ အစီအရင်ပညာရှင်…”

“အစီအရင်ပညာရှင်နန်မန်… ခင်ဗျား…”

လီကျောက်နှင့် မီချီတို့မှာ နန်မန်တကျွင်းပြောသည်ကို ကြားပြီးသည့်နောက် ထိတ်လည်းထိတ်လန့် စိတ်လည်း ပျက်သွားခဲ့ကြရသည်။ ယခင်က သူတို့ဘက်မှ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သည့်တိုင် နန်မန်တကျွင်းဘက်က ငြင်းဆိုခဲ့ပါသော်ငြား ထက်ကောင်းကင်နန်းတော်မှ ဖိတ်ခေါ်သည့်အခါတွင်တော့ ထက်ကောင်းကင်နန်းတော်၌ အစီအရင်ပညာရှင်တစ်ယောက် လာလုပ်နေခဲ့လေသည်။ ထက်ကောင်းကင်နန်းတော် တည်ထောင်ထားသည်မှာ မည်မျှပင် ကြာသေးလို့နည်း။ ထိုသို့ဖြစ်လေရာ နန်မန်တကျွင်းသည် ထက်ကောင်းကင်နန်းတော်၌ အစီအရင်ပညာရှင်မှူးတစ်ယောက်အဖြစ် အမှန်တကယ်ကြီး လာအလုပ်လုပ်နေလေသလော။ ရန်ကိုင်သည် မည်ကဲ့သို့သော နည်းလမ်းကိုသုံး၍များ နန်မန်တကျွင်းကို သူ့ဂိုဏ်း၌ အစီအရင်ပညာရှင်တစ်ယောက်အဖြစ် လာအလုပ်လုပ်အောင် ဆွဲဆောင်ခဲ့လေသနည်း။

ရန်ကိုင်က ယဲ့ယဲလေးပြုံးလျက် ဆက်ပြောလိုက်သည်။ “အစီအရင်ပညာရှင်နန်မန်… အဲ့ပစ္စည်းကို ထုတ်လာခဲ့လိုက်….”

“ဟုတ်ကဲ့…” နန်မန်တကျွင်းက ပြန်ဖြေလိုက်သည်။ ထို့နောက် အစီအရင်အလံတိုင်များစွာကို ထုတ်၍ သူ့ရှေ့၌ အစီအစဉ်တကျ ခင်းကျင်းလိုက်လေသည်။ ချက်ချင်းဆိုသလို အစီအရင်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ သို့သော်ငြား လူအုပ်ကြီးမှာ နန်မန်တကျွင်း ဤနေရာ၌ အစီအရင်တစ်ခု ခင်းကျင်း၍ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းမသိ ဖြစ်နေကြလေသည်။

ထို့နောက်တွင် နန်မန်တကျွင်းသည် အခြားသော ပစ္စည်းတစ်ခုကို ထပ်မံထုတ်ယူလိုက်လေသည်။ ထိုပစ္စည်းမှာတော့ မှန်တစ်ချပ်နှင့် တူပါသော်ငြား မှန်ကဲ့သို့ မည်သည့်ပုံရိပ်ကိုမှ ရောင်ပြန်ဟပ်နေခြင်းမရှိချေ။

နန်မန်တကျွင်းက မှန်ကိုကိုင်ရင်းမှ ရှင်းပြလိုက်သည်။ “ဒါ ကျုပ် အစောပိုင်းနှစ်တွေတုန်းက ရရှိခဲ့တဲ့ ပစ္စည်းတစ်ခုပဲ… ဒါကို ပုံရိပ်ဖမ်းသလင်းကျောက်လို့ခေါ်တယ်… သူ့နာမည်အတိုင်းပဲ ဒီပစ္စည်းက ပုံရိပ်တွေကို မှတ်တမ်းတင်ထားနိုင်တယ်… ဒီဟာကို စရတုန်းက ကျုပ်ကိုယ်တိုင် အဖြေရှာကြည့်သေးတယ် ဒါကို ဘယ်လိုများ လုပ်ထားတာလဲဆိုပြီးတော့… ဒါပေမယ့် အဖြေရှာမရတဲ့အဆုံး အခြားအစီအရင်ပညာတွေ၊ ပန်းပဲပညာရှင်တွေကိုပါ လိုက်မေးကြည့်တယ်… ဒါပေမယ့် ဘယ်သူမှ မပြောနိုင်ကြဘူး… ပုံမှန်ဆိုလို့ရှိရင်တော့ ကျုပ် ဒီပစ္စည်းကို သိပ်သုံးလေ့မရှိပါဘူး… ဒီတော့ သုံးရတာ ကျုပ်ဘက်က နည်းနည်း အဆင်မပြေတာလေးတွေရှိလို့ရှိရင် သည်းခံပြီး ခွင့်လွှတ်ပေးကြပေါ့…”

“ပုံရိပ်ဖမ်းသလင်းကျောက်…”

“ပုံရိပ်ကို မှတ်တမ်းတင်တာ…” ထိုစကားကိုကြားလိုက်သည့်အခါ နန်မန်တကျွင်း ဘာလုပ်ချင်နေကြောင်း သူတို့ အကြမ်းဖျင်း နားလည်သွားကြတော့လေသည်။

လီရွှမ်းမှာမူ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် နန်မန်တကျွင်းလက်ထဲရှိ ပုံရိပ်ဖမ်းသလင်းကျောက်အား အံ့အားသင့်တကြီးဖြင့် ကြည့်နေလေသည်။ ဤလောကကြီးထဲတွင် ဤကဲ့သို့သောပစ္စည်းမျိုး ရှိနေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

ကျိယင် မျက်မှောင်ကျုံ့သွားခဲ့ပြီး လီရွှမ်းအား တွေးတွေးဆဆဖြင့် လှမ်းကြည့်လိုက်လေသည်။

လီရွှမ်းမှာ ကျိယင် သူ့အား ကြည့်နေမှန်း တွေ့လိုက်သော် ကြောက်ကြောက်လန့်လန့်ဖြင့် အကြည့်လွှဲသွားလိုက်လေ၏။ ထို့အတွက်ကြောင့် ကျိယင်မျက်နှာမှာ ပို၍ အရုပ်ဆိုးသွားရတော့လေသည်။

နန်မန်တကျွင်းသည် ပုံရိပ်ဖမ်းသလင်းကျောက်ကို လေထဲသို့ ပစ်တင်လိုက်က သူ့လက်ထဲတွင် ရှိနေသော အစီအရင်အလံတိုင်ကို ဝှေ့ယမ်းလိုက်လေ၏။ ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့ပြီး ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ထို့နောက်တွင် ပုံရိပ်ဖမ်းသလင်းကျောက်ဆီမှ အလင်းတစ်ခု ဖြာထွက်လာခဲ့ပြီး ကြည်လင်သည့်ပုံရိပ်တစ်ခု ခန်းမအလယ်၌ ထွက်ပေါ်လာခဲ့လေသည်။

လူအုပ်ကြီးမှာ ထိုပုံရိပ်အား လှမ်းကြည့်လိုက်လေရာ ပုံရိပ်ထဲတွင် ပြသနေသည့် မြင်ကွင်းမှာ ထက်ကောင်းကင်နန်းတော်၏ အဓိကဂိတ်ပေါက်ဝရှေ့ရှိ ဖြစ်ရပ် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ အကြောင်းမှာ မြင်ကွင်းထဲတွင် ထက်ကောင်းကင်နန်းတော်ဟု ထိုးထွင်းထားသော ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေသည့်အတွက်ကြောင့်ပင်။

လက်ရှိအချိန်တွင် ထိုပုံရိပ်ထဲ လူလေးဦး ရှိနေခဲ့လေသည်။

တစ်ဦးသည် လီရွှမ်းမှလွဲ၍ အခြားမဟုတ်ချေ။ သူ့ဘေးနားတွင်တော့ အမျိုးသမီးသုံးဦး ရှိနေကြပြီး နှစ်ဦးမှာ အစောပိုင်းက ထွက်သွားခဲ့သည့် အမျိုးသမီးနှစ်ဦးဖြစ်ကာ ချင်းအာဟုခေါ်သည့် အမျိုးသမီးသည် ထိုအမျိုးသမီးများအနက် တစ်ဦးအပါအဝင်ဖြစ်လေသည်။

ပုံရိပ်ဖမ်းသလင်းကျောက်သည် ပုံရိပ်များကိုသာ ထုတ်ပေးနိုင်ပြီး အသံဖမ်းမထားနိုင်ခဲ့ပေ။ နန်မန်တကျွင်းမှ ပုံရိပ်ဖမ်းသလင်းကျောက်ထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းနေသည်နှင့်အမျှ ပုံရိပ်ယောင်ဖမ်းသလင်းကျောက်ဆီမှ ထွက်ပေါ်နေသည့် မြင်ကွင်းပုံရိပ်များမှာလည်း သူ့အလိုလို ပြောင်းလဲနေခဲ့လေသည်။

အကုန်လုံး၏ အကြည့်အောက်တွင်ပင် လီရွှမ်းသည် ညစ်ကျယ်ကျယ်ပြုံးလျက် ကျုချင်းဆီသို့ လျှောက်သွားခဲ့လေသည်။ သို့သော်ငြား သူဘာပြောလို့ပြောလိုက်မှန်း မည်သူမျှ မကြားရချေ။ ကျုချင်းကမူ အေးစက်စက်အမူအယာဖြင့်သာ သူ့အား လျစ်လျူရှုထားခဲ့သည်။

လီရွှမ်းမှာ ပထမတစ်ကြိမ် မအောင်မြင်သည့်တိုင် အလျှော့မပေးဘဲ ထပ်တလဲလဲ ကြိုးစားခဲ့သည်။ သို့သော်ငြား ကျုချင်းမှာ လီရွှမ်း၏လုပ်ရပ်ကြောင့် ပိုပို၍ ဒေါသထွက်လာနေခဲ့သည့်တိုင် သူ့ကိုသာ ရှောင်နေခဲ့လေသည်။

အချိန်ကြာလာသည့်နောက်တွင် လီရွှမ်း၏အပြုအမူများမှာ ပိုပို၍ ရဲတင်းလာကာ စည်းမရှိ ကမ်းမရှိ ဖြစ်လာတော့သည်။ ထိုအခါမှသာလျှင် ကျုချင်းလည်း သည်းမခံနိုင်တော့ဘဲ သူ့မျက်နှာကို ကောက်ရိုက်ချလိုက်လေ၏။

တစ်ခဏအကြာတွင် ရန်ကိုင် ထိုနေရာ၌ ရုတ်တရက်‌ ပေါ်လာခဲ့လေသည်။ မေးခွန်းအချို့ မေးပြီးသည့်နောက် လီရွှမ်း၏ပါးကို ထပ်ရိုက်ချလိုက်လေသည်။ ထို့အတွက်ကြောင့် လီရွှမ်းမှာ သွားများကျွတ်ထွက်သွားကုန်ကာ ကြိုးပြတ်သွားသည့်စွန်တစ်စင်းနှယ် လွင့်ထွက်သွားခဲ့ရလေသည်။

ပုံရိပ်ဖော်သလင်းကျောက်ဆီမှ ထွက်ပေါ်နေသည့် မြင်ကွင်းများမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး နောက်ဆုံး လီရွှမ်း သူ၏လှေပျံနှင့် ထွက်သွားသည့်အခါမှသာ အဆုံးသတ်သွားခဲ့လေသည်။

နန်မန်တကျွင်းသည် အစီအရင်အလံတိုင်များနှင့်တကွ ပုံရိပ်ဖော်သလင်းကျောက်ကို ပြန်သိမ်းလိုက်ပြီးသည့်နောက် ရန်ကိုင်အား လက်သီးဆုပ်နှုတ်ဆက်ကာ ခန်းမထဲမှ ထွက်သွားလေ၏။

လီကျောက်နှင့် မီချီတို့မှာမူ လီရွှမ်းအား ထူးထူးဆန်းဆန်းအကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။ နှစ်ဦးစလုံးမှာ ဒေါသလည်း ထွက်မိကြသလို ရယ်ချင်ပတ်ကျိလည်း ဖြစ်မိကြသည်။

ကျုချင်း မည်မျှ အားကောင်းသလဲဆိုသည်ကို သူတို့သိပြီးလေပြီ။ ထို့အတွက်ကြောင့် သူတို့ကိုယ်တိုင်ပင်လျှင် ကျုချင်း၏ပြိုင်ဘက် မဖြစ်နိုင်မှန်း သိကြသည်။ သို့သော်ငြား ဤလီရွှမ်းဆိုသည့်ကောင်သည် ကိုယ့်အဆင့်မှကိုယ်မသိ ကျုချင်းဆိုသည့်မိန်းကလေးကို ကိုယ်ထိလက်ရောက်စော်ကားရန် သွားရောက်ကြံစည်ရဲခဲ့သည်။ ဟိုဘက်မှ သူ့အား ပါးတစ်ချက်ရိုက်ပြီး လွှတ်ပေးလိုက်သည်ကပင်လျှင် လီရွှမ်းအတွက် အလွန်ကိုမှ ကံကောင်းနေလေပြီ။ ဆေးလုံးတောင်ကြား၏ တပည့်ဟူသော သူ့အဆင့်အတန်းကြောင့်သာ မဟုတ်ပါက လီရွှမ်းသည် ထိုနေရာတွင်ပင် တစ်ခါတည်း ပွဲချင်းပြီး သေဆုံးနေလောက်ပေပြီ။

သို့သော်ငြား ဤကောင်လေးမှာမူ ကိုယ့်လုပ်ရပ်ကိုယ် သင်ခန်းစာမရဘဲ ရန်ကိုင်ကိုပင်လျှင် အပုပ်ချ စော်ကားခဲ့လေသည်။ ရန်ကိုင်သည် သူ့အား ရိုက်နှက်ခဲ့ရုံမက သူ့ဆရာပေးလိုက်သည့် အရင်းအမြစ်ကျောက်များကိုပါ လုယူခဲ့သည်ဟု စွတ်စွဲပြစ်တင်ခဲ့လေသည်။ သူတို့မှာလည်း ဤကောင်လေး၏လုပ်ရပ်ထဲ ဝင်သွားခဲ့ပြီး သူတို့အား ပြဿနာရှာလိုစိတ်နှင့် ဤနေရာသို့ ရောက်လာခဲ့ရသည်။ ယခုမူ ဤပြဿနာအရှုပ်အရှင်းထဲမှ ရုန်းထွက်ရန် မလွယ်ကူတော့ချေ။

ကျိယင်မှာ စိတ်လည်းပျက် ဝမ်းလည်းဝမ်းနည်းသည့်အကြည့်ဖြင့် လီရွှမ်းအား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။

“ဆရာ… တပည့်မှားပါတယ်… ကျေးဇူးပြုပြီး တပည့်ကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ခွင့်လွှတ်ပေးပါနော် ဆရာ…” လီရွှမ်းမှာ ချက်ချင်း ဒူးထောက်လျက် တောင်းပန်တော့လေသည်။

ပုံရိပ်ဖမ်းသလင်းကျောက်ထဲမှ ထွက်ပေါ်လာသည့် ပုံရိပ်များကြောင့် သူ့အနေဖြင့် မည်သို့မှ ပြန်လည်၍ ငြင်းဆိုလို့ ရတော့မည်မဟုတ်မှန်း သိနေခဲ့လေသည်။ သူလုပ်နိုင်သည့်အရာဆို၍ သူ့အမှားသူ အမြန်ဝန်ခံကာ ကျိယင်မှ သူတို့ကြားရှိ ဆရာတပည်ဆက်ဆံရေးကို ထောက်ထား၍ သူ့အား ဆိုးဆိုးရွားရွား အပြစ်မပေးရန်သာ ဖြစ်လေသည်။

“မင်း ဒီလိုလူစားမျိုးဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး…” ကျိယင်မှာ ဒေါသလည်းထွက် စိတ်လည်းပျက်မိသည့်အတွက်ကြောင့် လီရွှမ်းအား ရိုက်လိုသည့်အလား သူ့လက်ကို မြှောက်လိုက်လေသည်။ သူ့ရှေ့တွင် အလွန်တရာကိုမှ လိမ္မာတတ်သိပြနေသော သူ့တပည့်သည် သူ့နောက်ကွယ်၌ ယခုကဲ့သို့ အောက်တန်းကျသည့် လုပ်ရပ်မျိုးကို လုပ်တတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤသည်မှာ သူ့အတွက်တော့ အလွန်ကိုမှ စိတ်ပျက်ဖွယ်ရာ ကောင်းလှပေသည်။

“ဆရာ…” လီရွှမ်း ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ မြေပြင်ပေါ်သို့ ခေါင်းငုံ့၍ လက်နှစ်ဖက်ဖြင့် သူ့ခေါင်းကို ကာကွယ်ထားလိုက်လေသည်။

သို့သော်ငြား သူမျှော်လင့်ထားသည့် ရိုက်ချက်မှာ လုံးဝကို ရောက်မလာခဲ့ပေ။

အချိန်အတော်ကြာသွားပြီးသည့်နောက်တွင် ကျိယင်မှာ သက်ပြင်းအမောကြီးချလျက် သူ့လက်ကိုပြန်ချလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “ထွက်သွားတော့…”

လီရွှမ်း ခေါင်းပြန်မော့လာပြီး ကျိယင်အား အထိတ်တလန့်ဖြင့် ကြည့်လိုက်သည်။

“အခုအချိန်ကစပြီး မင်းက ငါကျိယင်ရဲ့ တပည့်မဟုတ်တော့ဘူး… ဆေးလုံးတောင်ကြားရဲ့ တပည့်တစ်ယောက်လည်း မဟုတ်တော့ဘူး… နောက်နောင် ဆေးလုံးတောင်ကြားရဲ့နာမည်ကို သုံးပြီးတော့ အခုလိုမျိုး လိုက်ပြဿနာရှာမယ်ဆိုလို့ရှိရင် ငါမင်းကို ခွင့်မလွှတ်ဘူး…” ကျိယင်က သူ့လက်ကိုဝှေ့ယမ်းလျက် ပြောလိုက်လေသည်။

“ဆရာ…” ယခု လီရွှမ်း စတင်၍ ထိတ်လန့်လာတော့လေသည်။ သူ့ဆရာ သူ့အား ဂိုဏ်းမှ တကယ်ကြီး နှင်ထုတ်ရန် ကြံနေကြောင်း သိလိုက်သည့်နောက် လီရွှမ်း အမှန်တကယ်ကို တုန်လှုပ်သွားရတော့လေသည်။ ဆေးလုံးတောင်ကြား၏တပည့်ဖြစ်ရာမှ အကျိုးအမြတ်များစွာကို သူရရှိခဲ့ရသည်။ သူ့အနာဂတ်မှာလည်း တောက်ပနေခဲ့ရလေသည်။ ထိုသို့ဖြစ်လေရာ ထိုကဲ့သို့သော ဘဝကြီးမှ မည်ကဲ့သို့များ ထွက်သွားချင်ပါမည်နည်း။ သူသာ ဆေးလုံးတောင်ကြား၏ နှင်ထုတ်ခြင်း ခံလိုက်ရမည်ဆိုပါက သူ့အနေဖြင့် ကျယ်ပြောလှသော မြောက်ဘက်နယ်မြေထဲ သွားနိုင်သည့်နေရာ မရှိတော့ချေ။

“နောက်တစ်ခွန်း ထပ်ပြောရဲထပ်ပြောကြည့်… ငါမင်းကို သတ်မှာနော်…” ကျိယင်သည် လီရွှမ်းအား ကြည့်ပင်မကြည့်ချေ။ ကျိယင်ပုံစံကို ကြည့်ရသည်မှာ လီရွှမ်းအား ဆေးလုံးတောင်ကြားမှ နှင်ထုတ်ပစ်ရန် လုံးဝကို သံဓိဌာန်ချထားသည့်ပုံပင်။

ကျိယင်ကိုယ်တိုင်မှာလည်း နောင်တရနေမိခဲ့လေသည်။ အစကတည်းက အမှန်အမှားကို သေချာမမြင်နိုင်ခဲ့ဘဲ ဉာဏ်နီဉာဏ်နက်များသည့် သူ့တပည့် လီရွှမ်းပြောသမျှအား ယုံခဲ့မိသည်ကို နောင်တရနေခြင်းဖြစ်လေသည်။ သူသာ လီရွှမ်းအား တောင်ကြားထဲတွင် ဆက်နေခွင့် ပေးလိုက်မည်ဆိုပါက လီရွှမ်းဆိုသည့်ကောင်ကြောင့် ဆေးလုံးတောင်ကြား၏ ဂုဏ်သတင်း မည်မျှ ထိခိုက်သွားရမလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပေ။ ထိုကောင်၏လုပ်ရပ်ကြောင့် သူ၏ဆရာဖြစ်သော မဟာဆေးဧကရာဇ်၏ နာမည်သည်ပါ ထိခိုက်သွားရမည်ဆိုပါက ကျိယင်အနေဖြင့် ရင်ထုမနာ ဖြစ်ရပေလိမ့်မည်။

လီရွှမ်းမှာ နောက်တစ်ကြိမ် ထပ်မံ၍ တောင်းပန်လိုက်ချင်ပါသော်ငြား သူ့ဆရာ၏ ခြိမ်းခြောက်စကားကို ကြားပြီးသည့်နောက် ဘာမှ ထပ်မပြောရဲတော့ပေ။ သူ၏ စီနီယာအစ်ကိုဆိုသည့်လူမှာလည်း လီရွှမ်းအား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။ ထိုအခါမှသာလျှင် လီရွှမ်းသည် မျက်ရည်ရွဲလဲဖြင့် ထရပ်၍ ခန်းမထဲမှ ထွက်သွားလေ၏။

ခန်းမတစ်ခုလုံးမှာ ယာယီမျှ တိတ်ဆိတ်သွားခဲ့ပြီး ရန်ကိုင် ရေနွေးကြမ်းသောက်နေသည့် အသံကိုသာ ကြားနေခဲ့ရသည်။

အချိန်အတော်ကြာသွားပြီးသည့်နောက်တွင် ကျိယင်မှာ သူ့ကိုယ်သူ ပြန်ထိန်းနိုင်ခဲ့ပြီး စိတ်ပျက်နေဟန်ဖြင့် ရေရွတ်လိုက်လေ၏။ “ကြည့်ရတာ နန်းတော်သခင်ရန်ပြောတာ အမှန်ပဲနဲ့တူပါတယ်… တပည့်တွေရွေးတဲ့နေရာမှာ ဒီကျိ တကယ်ကို မျက်လုံးမကောင်းခဲ့ဘူး…”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ “အစီအရင်ပညာရှင်နန်မန်ရဲ့ ပုံရိပ်ဖမ်းသလင်းကျောက်ကြောင့်သာ မဟုတ်လို့ရှိရင် ဒီနန်းတော်သခင်လည်း လူယုတ်မာဘဝကို လုံးလုံးကြီး ရောက်သွားမှာ…”

ရန်ကိုင်နှင့် လီရွှမ်းတို့သည် စကားလုံးချင်း ရင်ဆိုင်တွေ့ကြခြင်း ဖြစ်လေရာ နှစ်ဖက်စလုံးတွင် သက်သေအထောက်အထားများ မရှိကြပေ။ ထိုသို့ဖြစ်လေရာ ကျိယင်သည် လီရွှမ်းကိုသာ ယုံပေလိမ့်မည်။ ဆေးလုံးတောင်ကြား၏ တပည့်တစ်ယောက်ကို ရိုက်နှက်ခဲ့သည့်အပြင် ဆေးပင်များဝယ်ရန်အတွက် ပေးထားသော အရင်းအမြစ်ကျောက်များကို လုခဲ့သည်ဟူသော အချက်သည်သာ သတင်းပြန့်သွားမည်ဆိုပါက ထက်ကောင်းကင်နန်းတော်အနေဖြင့် မြောက်ဘက်နယ်မြေတွင် မည်ကဲ့သို့များ ဆက်လက်တည်ရှိနေနိုင်ပါဦးမည်နည်း။

သူ့ဘက်မှမှားသွားမှန်း သိလိုက်သော် ကျိယင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “ဒီနေ့ကိစ္စကြောင့် ဒီကျိလည်း တကယ်ကို အံ့အားသင့်သွားရတယ်… အဲ့လူယုတ်မာလိမ်တာ ခံလိုက်ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး… ဒီအမှားအတွက် နန်းတော်သခင်ရန် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်… ဒီကျိ အခုကိစ္စအတွက်လည်း နန်းတော်သခင်ရန်ကို အနူးအညွတ်တောင်းပန်ပါတယ်…”

ထိုသို့ပြောပြီးသည့်နောက် မတ်တပ်ရပ်၍ ရန်ကိုင်အား ဦးညွှတ်လိုက်လေသည်။

ရန်ကိုင်က ထိုင်မြဲထိုင်လျက် ပြန်ပြောလိုက်လေသည်။ “ဆရာကျိ ယဉ်ကျေးလွန်းနေပါပြီ… အခုနားလည်မှုလွဲတာ ဖြေရှင်းပြီးသွားပြီဆိုတော့ ဘာပြဿနာမှ မရှိတော့ပါဘူး…”

ကျိယင်က ပြန်ပြောလိုက်လေသည်။ “အခုလို သဘောထားကြီးပေးလို့ နန်းတော်သခင်ရန်ကို ကျေးဇူးအများကြီးတင်ပါတယ်… ဒီကျိလည်း ကိုယ့်ကိုယ်ကို ရှက်မိပါတယ်…” သို့သော်ငြား တစ်ချက်မျှ ရပ်ပြီးသည့်နောက် ထပ်ပြောလိုက်လေ၏။ “ဒါပေမယ့် ဒီကျိပြောရမယ့် စကားတစ်ခွန်းတော့ ရှိတယ်…”

ရန်ကိုင်က ကျိယင်ကိုကြည့်၍ ပြောလိုက်လေ၏။ “ပြောပါဆရာကျိ…”

“ဒီနေ့ရောက်လာတဲ့လူက ဒီကျိဖြစ်နေတော့ နန်းတော်သခင်ရန် ခုနတုန်းက စကားတွေကို ဒေါသထွက်ထွက်နဲ့ပဲ ပြောမိလိုက်တယ်လို့ပဲ သဘောထားလိုက်ပါမယ်… ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ အထွန့်တက်နေမှာမဟုတ်ဘူး… ဒါပေမယ့် နောက်နောင် နန်းတော်သခင်ရန် ကျုပ်ရဲ့ စီနီယာအစ်ကိုတွေနဲ့ တွေ့ခဲ့မယ်ဆိုရင် ကျေးဇူးပြုပြီး ဒီလိုစကားမျိုးကို ထပ်မပြောပါနဲ့…”

“ဘာကိုပြောရမှာလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“ဆေးလုံးတောင်ကြားကို အထင်အမြင်သေးတဲ့ စကားလုံးတွေကို…” ကျိယင်က ပြန်ပြောလိုက်သည်။

ထိုအခါမှသာလျှင် ဆေးလုံးတောင်ကြားနှင့်ပတ်သက်၍ သူပြောခဲ့သည့်စကားကို ရန်ကိုင် ရုတ်တရက် ပြန်သတိရသွားခဲ့သည်။

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ကျုပ်မှတ်ထားလိုက်မယ်…” တကယ်ဆိုလျှင် ရန်ကိုင်လည်း ထိုစကားလုံးများကို ဒေါသထွက်ထွက်နှင့်သာ ပြောလိုက်ခြင်း ဖြစ်ပေသည်။

ကျိယင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “ဆေးပညာရှင်တစ်ယောက်ဖြစ်တာကြောင့်မို့လို့ ကျုပ်ရဲ့ပန်းတိုင်က သိုင်းတာအိုကို လိုက်စားဖို့မဟုတ်ဘူး… ဒါပေမယ့် ကျုပ်ကျင့်ကြံနေတာက မဟာတာအိုကြီးတွေထဲက တစ်ခုပဲ… သမိုင်းတစ်လျှောက်မှာ ဆေးတာအိုကိုသုံးပြီးတော့ မဟာဧကရာဇ်အဆင့်ကို ရောက်အောင် တက်လှမ်းနိုင်ခဲ့တဲ့လူဆိုလို့ ကျုပ်ဆရာတစ်ယောက်ပဲရှိတယ်… ဒါကြောင့်ပဲ ဆေးလုံးတောင်ကြားကို မြောက်ဘက်နယ်မြေက ကျင့်ကြံသူတွေအကုန်လုံး တော်ဝင်နယ်မြေအဖြစ် သတ်မှတ်ထားကြတာ… တစ်ယောက်ယောက်သာ အခု နန်းတော်သခင်ရန် ပြောလိုက်တဲ့စကားကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လိုက်ဖြန့်လိုက်မယ်ဆိုရင် နန်းတော်သခင်ရန်ရဲ့လုပ်ရပ်က ကြယ်တာရာအစုအဝေးမှာရှိနေတဲ့ ဆေးပညာရှင်တွေအားလုံးကို ရန်စမိလိုက်သလို ဖြစ်သွားလိမ့်မယ်… အဲ့လိုသာဖြစ်သွားမယ်ဆိုရင် နန်းတော်သခင်ရန်အနေနဲ့ နောက်ပိုင်း ဆေးလုံးတွေဖော်စပ်ချင်တယ်ဆိုလို့ရှိရင် ဘယ်သူ့ကို သွားအကူအညီတောင်းနိုင်တော့မှာလဲ…”

ထိုစကားကိုကြားသော် မီချီနှင့် လီကျောက်တို့၏မျက်လုံးများ တောက်ပသွားခဲ့ကြပြီး သူတို့စိတ်ထဲ အကြံအစည်များကို စတင်ရေးဆွဲကြတော့လေသည်။ သူတို့အနေဖြင့် ရန်ကိုင်ပြောလိုက်သည့်စကားကို တမင်တကာ ဖြန့်၍ ရန်ကိုင်အား ဆေးပညာရှင်အားလုံး၏ ရန်သူဖြစ်အောင် လုပ်လိုက်လျှင် ကောင်းမလားဟု စတင်တွေးတောနေလေ၏။

ရန်ကိုင်ကမူ ရယ်သာရယ်လျက် ပြန်ပြောလိုက်လေသည်။ “ဆေးဖော်စပ်ဖို့ကိစ္စဆိုရင်တော့ ဒီနန်းတော်သခင် ဘယ်သူ့ဆီကိုမှ အကူအညီတောင်းနေစရာမလိုဘူး… ဒီနန်းတော်သခင် ကိုယ့်ဘာသာကိုယ် ဖော်စပ်လို့ရတယ်…”

ကျိယင်ကြောင်သွားခဲ့ပြီး ရန်ကိုင်အား အံ့ဩတကြီးဖြင့်ကြည့်၍ “နန်းတော်သခင်ရန်ကလည်း ဆေးပင်ပညာရှင်တစ်ယောက်လား…”

မီချီနှင့် လီကျောက်တို့သည်ပင်လျှင် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးအပြူးသား ဖြစ်သွားကြကုန်လေသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “ကျုပ် ဆေးပညာနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးတော့သိတယ်…”

ကျိယင် စိတ်ဝင်စားသွားလေသည်။ “နန်းတော်သခင်ရန် ဘယ်အဆင့်ရောက်ပြီလဲ သိလို့ရမလား…”

ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်းမှ “ကျုပ် ဧကရာဇ်အဆင့်ဆေးလုံးတွေကို ဖော်စပ်နိုင်မယ်ဆိုလို့ရှိရင် ဘယ်အဆင့်လောက်ဖြစ်မလဲ သိလား..”

“ဘယ်လို…” ကျိယင် ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့်ဆေးလုံးများကို ဖော်စပ်နိုင်သည်ဟု ပြောလာသည့်အတွက်ကြောင့် သူသည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည်ဟု ပြောလိုက်ခြင်းပင် မဟုတ်လေလော။ ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင်ပင်လျှင် ဧကရာဇ်အဆင့်ဆေးပညာရှင် မည်မျှများများ ရှိနေလို့နည်း။ သူနှင့် သူ၏စီနီယာအစ်ကိုအားလုံး ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်နေသည်ဟူသော အချက်ကို သွားကြည့်၍မရပေ။ ပုံမှန်အားဖြင့် မဟာဆေးဧကရာဇ်သည် တပည့်လက်ခံရာတွင် စံနှုန်း အလွန်ကိုမှ မြင့်လှပေသည်။ ထို့အတွက်ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် သူကိုယ်တိုင် သင်ကြားပြသပေးခြင်းကို ခံရသည့်အခါ သူတို့အနေဖြင့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်မလာမှသာလျှင် အလွန်ကိုမှညံ့ဖျင်းလွန်းလှသည်ဟု ပြောရပေလိမ့်မည်။ မဟာဆေးဧကရာဇ်တစ်ပါးသည် ဧကရာဇ်အဆင့်သို့ပင် မရောက်နိုင်သည့် ဆေးပညာရှင်တစ်ဦးကို မည်ကဲ့သို့များ တပည့်အဖြစ် ရွေးချယ်ပါမည်နည်း။

ထို့ကြောင့် သူတို့သည်သူတို့ အခြားသူများသည်အခြားသူများ ဖြစ်ကြသည်။ သူတို့ကို ဖယ်ထားလိုက်မည်ဆိုပါက ကြယ်တာရာအစုအဝေးထဲရှိ ဧကရာဇ်အဆင့်ဆေးပညာရှင်အရေအတွက်မှာ အယောက်နှစ်ဆယ်မကျော်ချေ။

အပိုင်း (၂၇၃၀)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်မှ ဧကရာဇ်အဆင့်ဆေးလုံးများကို ဖော်စပ်နိုင်ကြောင်း ကြားလိုက်ရသည့်နောက် ကျိယင် ထိတ်လန့်သွားခဲ့သည်။ သို့သော်ငြား မကြာမီတွင် သူ့မျက်နှာ သုန်မှုန်သွားခဲ့ပြီး မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ခင်ဗျား ကျုပ်ကို လာနောက်နေတာတော့ မဟုတ်ပါဘူးနော်…”

ဧကရာဇ်အဆင့်ဆေးလုံးများကို မည်ကဲ့သို့များ ဤမျှ ဖော်စပ်ရ လွယ်ကူပါမည်နည်း။ လူတိုင်းသည်သာ ဧကရာဇ်အဆင့်ဆေးလုံးများကို ဖော်စပ်နိုင်မည်ဆိုပါက ကြယ်တာရာအစုအဝေးထဲတွင် ဧကရာဇ်အဆင့်ဆေးပညာရှင်များ၏ အဆင့် ဤမျှ မြင့်မားနေလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် အသက်ငယ်ငယ်လေးသာ ရှိပေသေးသည်။ ဤမျှအသက်ငယ်ငယ်လေးဖြင့် ဧကရာဇ်အဆင့်သို့ ရောက်လာနိုင်သည်ကပင်လျှင် အလွန်ကိုမှ ချီးကျူးစရာ ကောင်းနေလေပြီ။ သူ့တွင် ဆေးတာအိုကို လေ့လာရန် မည်ကဲ့သို့များ အချိန်ရှိပါဦးမည်နည်း။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင် မဟုတ်တရုတ်စကားများကို လျှောက်ပြောနေခြင်း ဖြစ်သည်ဟုသာ ကျိယင် မှတ်ယူလိုက်ခြင်း ဖြစ်လေသည်။

ရန်ကိုင်၏စကားသည် ဆေးပညာရှင်အားလုံးကို စော်ကားလိုက်ခြင်းဖြစ်သလို ဆေးတာအိုကိုလည်း လှောင်ပြောင်ထေ့ငေါ့လိုက်ခြင်းဖြစ်လေသည်။

ဤလူသည် ဆေးပညာရှင်များကို အမှန်တကယ် အလေးမထားချေ။ သူ၏တပည့်မိုက်လီရွှမ်းသည် မဟုတ်တရုတ် အလိမ်အညာများကို ဖန်တီးခဲ့ပါသော်ငြား ဤအချက်နှင့်ပတ်သက်၍မူ မမှားယွင်းခဲ့သည့် ပုံပင်။

ကျိယင်မှာ ရန်ကိုင်နှင့်ပတ်သက်၍ အလွန်ကိုမှ စိတ်ပျက်သွားခဲ့သောကြောင့် ချက်ချင်း လှည့်၍သာ ထွက်သွားချင်မိတော့လေသည်။ သို့သော်ငြား ရန်ကိုင်နှင့်ပတ်သက်၍ တစ်ကြိမ် အထင်အမြင်လွဲမှားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးမှ ထထွက်သွားရမည်မှာ အလွန်ကိုမှ ရှက်စရာကောင်းလှပေသည်။

သို့သော်ငြား သူ့မျက်နှာထက်ရှိ သုန်မှုန်နေသည့် အမူအယာမှာတော့ အထင်းသားပင်။

“ဆေးဝိဇ္ဇာကျိ ကျုပ်ပြောတာကို မယုံဘူးလား…” ရန်ကိုင်က ကျိယင်ကိုကြည့်၍ မေးလိုက်လေသည်။

ကျိယင်ကမူ နှာခေါင်းသာ ရှုံ့ပြလိုက်လေ၏။

(ငါ့ကိုမယုံတာလား… ) ရန်ကိုင် ရယ်သွမ်းသွေးလိုက်လေသည်။ သူသည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး အမှန် ဖြစ်ပေသည်။ ထိုအချက်နှင့်ပတ်သက်၍ မည်သူ့ကိုမှ လိုက်လံ သက်သေပြနေစရာမလို။ သို့သော်ငြား တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ရန်ကိုင်သည် ရုတ်တရက် မျက်ခုံးပင့်လျက် ကမ်းလှမ်းလိုက်လေသည်။ “ဆေးဝိဇ္ဇာကျိ ကျုပ်ကို မယုံဘူးဆိုရင် ကျုပ်တို့ လောင်းကြမလား…”

“လောင်းဖို့…” ကျိယင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “ဘာကိုလောင်းမှာလဲ…”

“ဒီနန်းတော်သခင် ဧကရာဇ်အဆင့်ဆေးပညာရှင် တကယ်ဟုတ်မဟုတ်ဆိုတာကိုပေါ့…” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

ကျိယင် ပို၍ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရန်ကိုင် ဘာကြောင့်များ သူ့ကိုယ်သူ ဤမျှ ယုံကြည်ချက် ရှိနေရသလဲ ဆိုသည်ကို ကျိယင် မယုံသင်္ကာ ဖြစ်လာမိတော့သည်။ ရန်ကိုင်သည် သူပြောသည့်အတိုင်း တကယ်ကြီးများ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေလေသလော။ ထိုသို့သာဆိုလျှင်တော့ အလွန်ကိုမှ အံ့အားသင့်စရာ ကောင်းသွားခဲ့လေပြီ။

ဧကရာဇ်အဆင့်ဆေးပညာရှင် ဖြစ်လာသူတိုင်း သူ၏အာရုံစိုက်မှုနှင့် ထိုက်တန်ပေသည်။ ထို့အတွက်ကြောင့် ကျိယင်စိတ်ထဲ ရန်ကိုင်နှင့်ပတ်သက်၍ သိချင်စိတ် ပြင်းပြလာမိတော့သည်။ ရန်ကိုင်ပြောသည်မှာ အမှန်တကယ် ဟုတ်မဟုတ် သူတကယ်ကို သိချင်နေမိလေပြီ။

“ဒါဆို ငါတို့ ဘာကိုလောင်းမှာလဲ…”

“ဘာကိုလောင်းမှာလဲဆိုတော့…” ရန်ကိုင်သည် သူ့မေးစေ့ကို တွေးတွေးဆဆဖြင့် ပွတ်သပ်၍ စဉ်းစားနေပြီးသည့်နောက် အကြံတစ်ခုရသွားသည့်အလား လက်ခုပ်ကောက်တီးလျက် ပြောလိုက်လေသည်။ “ဟုတ်သားပဲ… ကျုပ်တို့ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတာ မကြာသေးဘူး… ဒီတော့ လုပ်စရာကိစ္စတွေက အများကြီးရှိတယ်… အခုလောလောဆယ် ကျုပ်တို့ဂိုဏ်းမှာ အစီအရင်မှူးတစ်ယောက်တော့ ရှိနေပြီဆိုပေမယ့် ဆေးပညာရှင်မှူးတော့ မရှိသေးဘူး… ဒီတော့ ဆေးဝိဇ္ဇာကျိ ရှုံးသွားမယ်ဆိုရင် ကျုပ်တို့ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူး လာလုပ်ပေးရမယ်… ဘယ်လိုလဲ…”

ထိုစကားကိုကြားသည့်အခါ မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ပြီး ချက်ချင်း ထအော်ကြလေသည်။ “ဆေးဝိဇ္ဇာကျိ… အဲ့ကောင်ကိုယုံလို့မဖြစ်ဘူးနော်…”

“ဟုတ်တယ် ဆေးဝိဇ္ဇာကျိ… သူနဲ့ အဲ့လိုမျိုး သွားလောင်းလို့ မရဘူးနော်…”

ထက်ကောင်းကင်နန်းတော်သည် လက်ရှိအချိန်ကတည်းက ရင်ဆိုင်ရခက်လှသည့် အင်အားစုတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား ကျိယင်သည်သာ ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ယောက် ဖြစ်လာခဲ့ပြီး ထက်ကောင်းကင်နန်းတော်သည်သာ ဆေးလုံးတောင်ကြားနှင့် ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ခဲ့မည်ဆိုပါက မြောက်ဘက်နယ်မြေတွင် ထက်ကောင်းကင်နန်းတော်အား မည်သူမျှ တားဆီး၍ ရနိုင်တော့လိမ့်မည် မဟုတ်ချေ။ အာကာယံကောင်းကင်ဂိုဏ်းနှင့် မီးနဂါးနန်းတော်တို့ နှစ်ခုစလုံး ရှင်သန်နိုင်ရန်အတွက် ထက်ကောင်းကင်နန်းတော်အား ဦးညွှတ်ကြရပေလိမ့်မည်။ မီချီဖြစ်စေ လီကျောက်ဖြစ်စေ ထိုကဲ့သို့ဖြစ်လာမည်ကို မလိုလားကြချေ။

ရှီလဲ့က ထိုနှစ်ဦးကို စိုက်ကြည့်၍ “မင်းတို့ပါးစပ်တွေကို ပိတ်ထားလိုက်စမ်း…”

မီချီနှင့် လီကျောက်တို့မှာ ယခုကဲ့သို့ အော်ငေါက်ခံရသည့်အတွက်ကြောင့် ဒေါသထွက်မိသွားကြပါသော်ငြား နှစ်ဦးစလုံး စကားတစ်ခွန်းပင် ထပ်မပြောရဲကြတော့ချေ။

ကျိယင်ကြောင်သွားခဲ့လေသည်။ သို့သော်ငြား မကြာမီတွင် ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ဒီတော့ ဒါက နန်းတော်သခင်ရန်ရဲ့ အကြံပေါ့…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဘယ်လိုပဲဖြစ်ဖြစ် ဆေးဝိဇ္ဇာကျိလောင်းရဲလား…”

ကျိယင်က ပြန်ပြောလိုက်သည်။ “ငါရှုံးသွားခဲ့လို့ရှိရင် ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူး ဖြစ်လာပေးရမယ်ဆိုတော့ နန်းတော်သခင်ရန် ရှုံးသွားမယ်ဆိုရင်ရော…”

ရန်ကိုင်က ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ကျုပ်သာ ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး မဟုတ်ဘူးဆိုလို့ရှိရင် ဆေးဝိဇ္ဇာကျိ ကြိုက်တာတောင်းဆိုလို့ရတယ်… ဒီနန်းတော်သခင် တစ်ချက်တောင် အထွန့်တက်နေမှာမဟုတ်ဘူး…”

ကျိယင်ကြောင်သွားလေ၏။ ယခု ရန်ကိုင်၏ စကားအသွားအလာကို ကြည့်ရသလောက် ရန်ကိုင်သည် နောက်နေသည့်ပုံမပေါ်။ သူကိုယ်တိုင်သည် အမှန်တကယ်ကို ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်နေသည့်အလား။

(သူ တကယ်ကြီး ဧကရာဇ်အဆင့်ဆေးပညာရှင် တစ်ယောက်လား…)

ကျိယင်မှာ ရန်ကိုင်ပြောခဲ့သည့်စကားကို စတင်၍ ယုံချင်မိလာခဲ့လေသည်။ သို့သော်ငြား တစ်ချိန်တည်းတွင်လည်း ထိတ်လန့်တုန်လှုပ်မိသွားခဲ့လေ၏။

ဤအသက်အရွယ်လေးဖြင့် ဧကရာဇ်အဆင့်သို့ ရောက်အောင် ကျင့်ကြံလာခဲ့သည့်အချိန်အတောအတွင်း ရန်ကိုင်အနေဖြင့် မည်သည့်အချိန်တွင်များ ဆေးတာအိုကို လေ့လာနိုင်ခဲ့ရလေသနည်း။ သူကိုယ်တိုင်သည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဤအဆင့်သို့ရောက်ရန်အတွက် မည်မျှခက်ခဲလှသလဲဆိုသည်ကို ကျိယင် ကောင်းကောင်းသိပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဧကရာဇ်အဆင့်ဆေးပညာရှင်များကို သူတန်ဖိုးထားခြင်း ဖြစ်လေသည်။

သေသေချာချာ စဉ်းစားနေပြီးသည့်နောက်တွင် ကျိယင်က ခေါင်းခါလျက် “မဟုတ်ဘူး… နန်းတော်သခင်ရန်ရဲ့ လောင်းကြေးက သိပ်အဆင်မပြေဘူး… ရှင်းရှင်းပြောရရင် ဒီကျိရဲ့လောင်းကြေးက နည်းနည်းပိုများနေသလိုပဲ…”

ရန်ကိုင် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ယောက် ဟုတ်မဟုတ်ကို သူကိုယ်တိုင်သာ သိပေလိမ့်မည်။ ထို့အတွက်ကြောင့် ကျိယင်သည်သာ ရန်ကိုင်ပြောသည့်အတိုင်း သူနှင့် သွားလောင်းလိုက်မည်ဆိုပါက သူကိုယ်တိုင်သည် ရူးမိုက်နေသည့်လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ သူ့အနေဖြင့် နိုင်သွားလျှင် ဘာမှရလိမ့်မည် မဟုတ်ပါသော်ငြား ရှုံးသွားလျှင်တော့ တစ်ဖက်လူ၏ လှည့်ကွက်ထဲသို့ ရောက်သွားရပေလိမ့်မည်။ ကျိယင်သည် ထိုကဲ့သို့သော အလောင်းအစားမျိုးကို လုပ်ရလောက်သည်အထိ မရူးမိုက်သေးပေ။

“ဆေးဝိဇ္ဇာကျိ မလောင်းရဲတာလား…” ရန်ကိုင်က ပြုံး၍ ပြန်မေးလိုက်သည်။

ကျိယင်က ခေါင်းခါလျက် “နန်းတော်သခင်ရန်… ဒီကျိကို လာအရူးလုပ်နေစရာမလိုဘူး… ဒီကျိ အရူးလုပ်ခံမှာမဟုတ်ဘူး…”

ရန်ကိုင် သူ့အား အလောင်းအစားလုပ်ရန် ပိုပိုတိုက်တွန်းလာလေ ရန်ကိုင် သူ့အား တစ်ဖက်လှည့်အကြံအစည်နှင့် အကွက်ချရန် ကြိုးစားနေသည်ဟု ကျိယင်စိတ်ထဲ ပို၍ ခံစားလာရလေပင်။ သူသာ ရှုံးသွားခဲ့မည်ဆိုပါက ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး ဖြစ်လာရမည်ဖြစ်သည့်အတွက်ကြောင့် ထိုသို့သာဖြစ်သွားမည်ဆိုပါက သူ့ဘဝကြီးမှာ လွတ်လပ်ဦးမည်လား။

ဆေးဖော်စပ်ရသည်မှာ သူ့အတွက် ထမင်းစားရေသောက်သည့်နှယ် လွယ်ကူပါသော်ငြား သူသည် မဟာဆေးဧကရာဇ်၏ အမွေခံတပည့်တစ်ဦး ဖြစ်နေဆဲ။ ထိုသို့ဖြစ်လေရာ အခြားသော ဂိုဏ်းတစ်ဂိုဏ်း၏ ဧည့်ဆေးပညာရှင်မှူးတစ်ဦး မည်ကဲ့သို့များ ဖြစ်လာနိုင်ပါမည်နည်း။ ထို့အပြင် ဤကဲ့သို့သော ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက် ဆေးလုံးများ ဖော်စပ်ပေးရသည်မှာ အလွန်ကိုမှလည်း အားကုန်လှပေသေးသည်။

ရန်ကိုင်က သူ့မေးစေ့ကိုပွတ်၍ “အဲ့ဒါဆိုလို့ရှိရင် လောင်းကြေးစားကြေး ပြောင်းကြတာပေါ့…”

ကျိယင်က မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “အခု နန်းတော်သခင်ရန် ဘာတွေထပ်ကြံနေတာလဲ…” သူ့စိတ်ထဲ ဤကောင့်ပါးစပ်ထဲမှ ထွက်လာမည့် မည်သည့်စကားလုံးမှ ကောင်းမွန်ခြင်း ရှိလိမ့်မည်မဟုတ်ဟု ခံစားနေရလေသည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အလောင်းအစားက အတူတူပဲ… ဒါပေမယ့် လောင်းမယ့်ပုံစံကတော့ မတူတော့ဘူး… အခု လောင်းမယ့်ပုံစံက ဆေးဝိဇ္ဇာကျိရယ် ကျုပ်ရယ် ပြိုင်ပြီး ဆေးဖော်စပ်မယ်… ဖော်စပ်မယ့် ဆေးလုံးအမျိုးအစားကတော့ အတူတူပဲ… ဘယ်သူက ဆေးလုံးတွေ ပိုဖော်စပ်နိုင်လဲ ပိုပြီး အရည်အသွေးမြင့်တဲ့ ဆေးလုံးကို ဖော်စပ်နိုင်လဲဆိုတာ ပြိုင်မှာ…”

ကျိယင် ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လျက် “နန်းတော်သခင်ရန်… ခင်ဗျား ကျုပ်နဲ့ တကယ်ကြီး ပြိုင်ပြီး ဆေးဖော်စပ်ချင်တာလား…”

သူ နားကြားများ မှားသွားလေသလော။ တစ်ယောက်ယောက်သည် မဟာဆေးဧကရာဇ်၏ အမွေခံတပည့်ဖြစ်သော သူနှင့် ပြိုင်ကာ ဆေးဖော်စပ်ချင်နေခဲ့သည်။

မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံးမှာလည်း ရန်ကိုင်အား ထူးထူးဆန်းဆန်းအမူအယာများဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ထိုကောင် ဂေါက်များ ဂေါက်သွားသဖြင့် ဆေးဝိဇ္ဇာကျိနှင့်ပင် ဆေးပြိုင်ဖော်စပ်ရန် စိန်ခေါ်နေခြင်းပေများလား။

သူ့အနေဖြင့် အခြားသောပုံစံမျိုးဖြင့် လောင်း၍ရပါသော်ငြား ယခုကဲ့သို့ပုံစံမျိုးဖြင့် လောင်းရန် စိန်ခေါ်နေခဲ့သည်။ သူတကယ်ကြီး ဤမျှ ရှုံးချင်နေသလော။

“ဟုတ်တယ်… ဆေးပြိုင်ဖော်စပ်မှာ…” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ဒါကိုရော ဆေးဝိဇ္ဇာကျိ လက်ခံရဲ့လား…”

ကျိယင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “နန်းတော်သခင်ရန်… အမှန်အမှားကိုမသိဘဲနဲ့ ဒီကျိရဲ့တပည့်မိုက်ဘက်ကနေ ပါမိလိုက်လို့ နန်းတော်သခင်ကို ဒီကျိ တကယ် တောင်းပန်ပါတယ်… ဒီကျိလည်း အခု ကိုယ့်အမှားကိုယ် ဝန်ခံပါတယ်… ဒါပေမယ့် နန်းတော်သခင်ရန်လို ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ထားတဲ့လူက ဒီလောက်ထိတော့ သဘောထား မသေးသိမ်သင့်ဘူးနဲ့တူတယ်နော်… ဒီကျိဘက်က တောင်းပန်နေပြီးတာတောင် ဘာဖြစ်လို့ ဒီကျိကို ထပ်တလဲလဲ အခက်တွေ့အောင် လုပ်နေရတာလဲ…”

ရန်ကိုင်၏ အလောင်းအစားသည်သာ သူသည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဟုတ်မဟုတ် လောင်းခြင်းသာ ဆိုပါက လက်ခံနိုင်သေးပါသော်ငြား သူ့လက်ရှိအနေအထားဖြင့် သူနှင့် ဆေးပညာချင်း လာပြိုင်ချင်နေသည်မှာ ရူးမိုက်ခြင်းသာ ဖြစ်လေသည်။ ရန်ကိုင်သည် သူ့အား တမင်သက်သက် အခက်တွေ့အောင် လိုက်လုပ်နေသည်ဟု ကျိယင် ခံစားနေခဲ့ရသည်။

ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်ရမှာလဲ ဆေးဝိဇ္ဇာကျိရဲ့… ကျုပ် ဆေးဝိဇ္ဇာကျိနဲ့ တကယ်ကို ဆေးပညာချင်း ပြိုင်ချင်တာ… ပြီးတော့ ဆေးဝိဇ္ဇာကျိကို ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူးလည်း တကယ်ဖြစ်စေချင်တာ…”

ထိုစကားကိုကြားသော် ကျိယင် ဒေါသူပုန်ထသွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်က ငါ့ကိုနိုင်မယ်လို့ ထင်နေတယ်ပေါ့…”

အစောပိုင်းက ရန်ကိုင်အပေါ် မကျေမနပ် ဖြစ်မိပါသော်ငြား ယခုအချိန်တွင်မူ သူ၏ မကျေနပ်စိတ်တို့သည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားကုန်လေသည်။ ရန်ကိုင်သည် သူ့အား ပြဿနာရှာနေခြင်းသာလျှင် မဟုတ်တော့ဘဲ သူ့ကိုပင်လျှင် စော်ကားနေခြင်း ဖြစ်လေသည်။ သူ့အား ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး ဖြစ်လာစေရလေအောင် သူ့ကိုယ်သူ ဘာထင်နေသနည်း။ ထို့အပြင် ပြိုင်ပင်မပြိုင်ရသေးသော်ငြား ဘာကြောင့်များ သူအနိုင်ရလိမ့်မည်ဟု ဤမျှ ယုံကြည်နေရလေသနည်း။

သူသည် သူ့ဆရာနှင့်အတူ ဆေးတာအိုကို နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့ခြင်း ဖြစ်လေသည်။ တကယ့်တကယ်သာဆိုလျှင် ဆရာသည် သူတတ်ထားသမျှ အရာအားလုံးကို သူ့အား သင်ပေးခဲ့သည်ဟုပင် ပြော၍ရသည်။ သူ့အား အရှက်ခွဲခြင်းမှာ သူ့ဆရာအား အရှက်ခွဲလိုက်သည်နှင့် မခြားချေ။ ကျိယင်အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။ အစောပိုင်းက လီရွှမ်းကိစ္စကြောင့် ရန်ကိုင်အပေါ် အပြစ်မကင်းသလို ခံစားမိခဲ့ရပါသော်ငြား ယခုမှာမူ ထိုအပြစ်မကင်းသည့် ခံစားချက်မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ဒေါသတို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။

ရန်ကိုင်သည် ထိုင်ရာမှ ဖြည်းဖြည်းချင်း ထရပ်လျက် ရှေ့သို့ တစ်လှမ်းတိုးကာ မေးလိုက်လေသည်။ “ဆေးဝိဇ္ဇာကျိ လောင်းရဲလား မလောင်းရဲဘူးလားပဲ ပြော…”

ကျိယင်၏မျက်လုံးများ ဒေါသရိပ်တို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။ သူ့ခမျာ ဒေါသထွက်လွန်းသဖြင့် ဘာပြန်ပြောလို့ ပြောရမှန်းပင် မသိတော့ချေ။

သို့သော်ငြား ကျိယင်တိတ်နေသည်ကိုမြင်သော် ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ဆေးဝိဇ္ဇာကျိ မလောင်းရဲဘူးဆိုရင်လည်း ထားလိုက်တော့… ဒီနန်းတော်သခင် ဘယ်တုန်းကမှ ဒါမျိုး မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပေါ့…”

“ဘာလို့မလောင်းရဲရမှာလဲ…” ကျိယင်က စားပွဲခုံကို ကောက်ရိုက်လိုက်ပြီး ချက်ချင်း ထရပ်လိုက်လေသည်။ တစ်ယောက်ယောက်မှ သူ ဂုဏ်အယူရဆုံးနယ်ပယ်တွင် သူ့အား လာရောက်စိန်ခေါ်နေလေရာ ကျိယင်အနေဖြင့် မည်ကဲ့သို့များ ငြိမ်ခံနေနိုင်ပါမည်နည်း။ ရန်ကိုင်သည်သာ သူနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို ဆင်နွှဲရဲသလားဟု မေးလာလျှင်တော့ ကျိယင်အနေဖြင့် ငြိမ်ခံနေလိုက်ပါမည် ဖြစ်ပါသော်ငြား ဆေးပညာချင်း ယှဉ်ပြိုင်မည်ဟု တစ်ဖက်ကစိန်ခေါ်နေသည်ကို သူ့ဘက်က ငြိမ်ခံပေးလိုက်လျှင် ကြောက်တတ်လွန်းရာ ကျသွားပေလိမ့်မည်။ သူ့ဂုဏ်သတင်းအတွက်ရော၊ ဆေးလုံးတောင်ကြား၏ ဂုဏ်သတင်းအတွက်ရော၊ မဟာဆေးဧကရာဇ်အတွက်ရော သူ့အနေဖြင့် ဤအလောင်းအစားကို ကျိန်းသေ လက်ခံရပေလိမ့်မည်။ နောက်နောင် မည်သူမှ သူ့အား ဤကဲ့သို့ လာရောက် စော်ကားလို့ မရဘူးဟု သိသွားအောင်လည်း သင်ခန်းစာပေးပစ်ရပေလိမ့်မည်။

“ကောင်းတယ်…” ရန်ကိုင်က ဝမ်းသာအားရဖြင့် လက်ခုပ်တီးလိုက်သည်။

“ဒါပေမယ့် လောင်းကြေးစားကြေးကိုတော့ ပြောင်းရမယ်…” ကျိယင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံံ့လိုက်လေသည်။

“ဘယ်လိုပြောင်းချင်တာလဲ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။

ကျိယင်က ရန်ကိုင်ကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။ “ဒီကျိနိုင်လို့ရှိရင် နန်းတော်သခင်ရန်ရဲ့ ခေါင်းကို ပေးရမယ်…”

(မင်းက ငါနဲ့ ဆေးပညာချင်း လာပြိုင်ရဲတယ်ဆိုမှတော့ လောင်းကြေးအမြင့်နဲ့ပဲ ဆော့ကြရတာပေါ့ကွာ…)

ကိုယ့်အသက်အန္တရာယ်ရှိလာပါက မည်သူမှ အေးအေးဆေးဆေး နေနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် သူ့ဘက်မှ သူ့ခေါင်းကိုပေးရမည်ဟု ကြားလိုက်ချိန် ရန်ကိုင်ထိတ်လန့်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါသော်ငြား ရန်ကိုင်ကမူ တစ်ချက်မျှပင် စဉ်းစားမနေခဲ့ဘဲ ခေါင်းညိတ်၍ ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ရတယ်လေ…”

“မင်း…” ကျိယင်မှာ လုံးဝကို ကြောင်သွားခဲ့လေသည်။ သူ့စိတ်ထဲလည်း ထိန်းမနိုင်သိမ်းမရအောင် ဒေါသထွက်လာရတော့သည်။

သူ့အနေဖြင့် ဤမျှ ဒေါသမထွက်ရသည်မှာ နှစ်ပေါင်းမည်မျှပင် ကြာသွားခဲ့လေပြီနည်း။ တကယ့်တကယ်တွင်တော့ ကျိယင်သည် ရန်ကိုင်ကိုသတ်ချင်သည်မဟုတ် ရန်ကိုင်အား ကြောက်သွားအောင် လုပ်လိုခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်သည် ဤကဲ့သို့သော လောင်းကြေးစားကြေးအား မျက်နှာတစ်ချက်မပျက်ဘဲ လက်ခံရဲလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

သူ အနိုင်ရလိမ့်မည်ဟု ဤမျှ ယုံကြည်နေလေသလော။ မည်ကဲ့သို့များ ဖြစ်နိုင်ပါမည်နည်း။ ဧကရာဇ်အဆင့် ဆေးပညာရှင်များ ကြားထဲတွင်ပင် ပညာအရည်အချင်းကွာဟချက်များ ရှိပေသည်။ ဤကြယ်တာရာအစုအဝေးထဲတွင် သူ့အား ဆေးပညာချင်း အနိုင်ယူနိုင်သည့်လူဆို၍ ဆေးလုံးတောင်ကြားရှိ သူ၏ စီနီယာအစ်ကိုနှင့် စီနီယာအစ်မများသာ ရှိကြသည်။

ဒေါသထွက်ထွက်နှင့် ကျိယင်က အော်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… မင်းရဲ့လောင်းကြေးကိုရော ပြောင်းချင်သေးလား… မင်းမကျေနပ်ရင် ဒီကျိရဲ့အသက်ကို ယူလို့ရတယ်…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျုပ်လိုချင်တာက ဆေးဝိဇ္ဇာကျိကို ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူး ဖြစ်လာစေဖို့ပဲ… ဘာလို့ ခင်ဗျားအသက်ကို လိုချင်ရမှာလဲ…”

“အဲ့ဒါကတော့ နန်းတော်သခင်ရဲ့ အရည်အချင်းအပေါ် မူတည်မှာပေါ့…” ကျိယင်က ဒေါသထွက်ထွက်နှင့် သူ့လက်ကိုဝှေ့ယမ်းလျက် ပြောလိုက်သည်။

“ကဲ… အခု လောင်းကြေးတွေ သတ်မှတ်ပြီးသွားပြီဆိုတော့ ဘယ်လိုဆေးလုံးကိုဖော်စပ်မလဲ ဆွေးနွေးကြတာပေါ့…” ရန်ကိုင်က ကျိယင်ကိုကြည့်၍ ပြောလိုက်သည်။

“နန်းတော်သခင်ရန် ဆုံးဖြတ်လို့ရတယ်… ဘယ်ဆေးလုံးဖြစ်ဖြစ် ဒီကျိဘက်က အဆင်ပြေပြီးသား…” ကျိယင်သည် သူ့ကိုယ်သူ အလွန်ကိုမှ ယုံကြည်ချက်ရှိလှသည်။ ရန်ကိုင် မည်ကဲ့သို့သော ဆေးလုံးကို တောင်းဆိုလာပါစေ လုံးဝကို အရေးမစိုက်သည့်အလား။

သို့သော်ငြား သူ့တွင်လည်း ထိုကဲ့သို့ ဂုဏ်မောက်နိုင်စရာ အရည်အချင်းရှိပေသည်။ နှစ်ပေါင်းများစွာကြာအောင် ဆေးလုံးများကို တောက်လျှောက် ဖော်စပ်လာခဲ့ပြီးသည့်နောက်တွင် သူမဖော်စပ်ဖူးသည့် မည်သည့်ဆေးလုံးများ ရှိပါဦးမည်နည်း။ ကျိယင်မှာ နဂါးသွေးဆေးလုံးကို မဖော်စပ်ဖူးပါသော်ငြား ထိုကဲ့သို့ မဖော်စပ်ဖူးရခြင်းမှာ သူ့အနေဖြင့် နဂါးသွေးပန်းကို တစ်ခါမှ မရရှိခဲ့သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

“အဲ့ဒါဆိုရင် ဧကရာဇ်ယွမ်ဆေးလုံးကိုပဲ ဖော်စပ်ကြတာပေါ့…” ရန်ကိုင်က တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်သည်။

ကျိယင်သည် ရန်ကိုင်ကိုကြည့်၍ အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “နန်းတော်သခင်ရန် ဧကရာဇ်ယွမ်ဆေးလုံးကို ဖော်စပ်ချင်တာ သေချာလား… ဧကရာဇ်ယွမ်ဆေးလုံးက ဧကရာဇ်အဆင့်ဆေးလုံးတွေထဲမှာ ဖော်စပ်ရ အလွယ်ဆုံးဆေးလုံးဆိုပေမယ့် အဲ့ဆေးလုံးက ကိုယ် ဆေးတာအိုကို ဘယ်လောက်နားလည်ထားတယ်ဆိုတာကို စမ်းသပ်တဲ့ ဆေးလုံးတစ်လုံးလည်း ဟုတ်တယ်နော်… ဘာလို့ တာအိုသခင်အဆင့်ဆေးလုံးကို မပြောင်းလိုက်တာလဲ…”

(ဒီကောင်က တကယ်ကြီး ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ယောက်လား…)

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလာသည်နှင့် တစ်ပြိုင်နက် ကျိယင်မှာ ထိုအချက်နှင့်ပတ်သက်ပြီး သေချာသွားတော့သည်။ ဧကရာဇ်ယွမ်ဆေးလုံးသည် ဧကရာဇ်အဆင့်ဆေးလုံးများအနက် တွေ့ရအများဆုံးနှင့် ဖော်စပ်ရအလွယ်ကူဆုံး ဆေးလုံးတစ်လုံး ဖြစ်ပါသော်ငြား ထိုဆေးလုံးသည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးသာ ဖော်စပ်နိုင်သည့် ဆေးလုံးမျိုး ဖြစ်ပေသည်။ ထို့အပြင် ထိုဆေးလုံးသည် ဆေးပညာရှင်တစ်ဦး၏ အရည်အချင်းကို စမ်းသပ်ရန်အတွက် အများဆုံးအသုံးပြုကြသည့် ဆေးလုံးတစ်လုံးလည်း ဖြစ်လေ၏။

ဆေးဖော်စပ်သည်မှာ ဟင်းချက်သည်နှင့် တူပေသည်။ ဟင်းချက်ရာတွင် ဟင်းတစ်မျိုးမှာ ပို၍ ရိုးရှင်းလေ ထိုဟင်းကို ချက်ပြုတ်သည့် စားဖိုမှူးတစ်ဦး၏ အရည်အချင်းကို ပို၍ မြင်လာနိုင်လေပင်။ ဆေးဖော်စပ်သည့်နေရာတွင်လည်း အတူတူသာ။ တူညီသော ဆေးအမယ်များကို အသုံးပြု၍ ဖော်စပ်မည်ဆိုပါက သာမန်ဆေးဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးသည် ဧကရာဇ်ယွမ်ဆေးလုံး သုံးလေးလုံးလောက်ကိုသာ ဖော်စပ်နိုင်မည် ဖြစ်ပါသော်ငြား ကျိယင်ကဲ့သို့သော ဆေးပညာရှင်တစ်ယောက်အတွက်မူ ကိုးလုံးဖော်စပ်နိုင်ပေသည်။

All Chapters