← Chapters

အခန်း (၂၇၃၁-၂၇၃၅)

Vol. 117 Ch. 2731-2735

အခန်း (၂၇၃၁-၂၇၃၅)

Vol. 117 Ch. 2731-2735

အပိုင်း (၂၇၃၁)

ဘာသာပြန်သူ_တိမ်တိုက်

ဆေးမီးဖိုတစ်အိုးလျှင် အများဆုံး ဆေးလုံးကိုးလုံးသာ ဖော်စပ်နိုင်ပေသည်။

ကျိယင်အနေဖြင့် ဧကရာဇ်အဆင့်ဆေးလုံးကို မဖော်စပ်လိုပဲ တာအိုသခင်အဆင့် ဆေးလုံးကို ဖော်စပ်၍ ပြိုင်ဆိုင်လိုခြင်းမှာ ပြိုင်ဆိုင်မှုသည် တစ်ဖက်သတ်ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင်။ သူ ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်မှာ ကြာနေခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် မရေမတွက်နိုင်သော ဧကရာဇ်ယွမ်ဆေးလုံးများကို ဖော်စပ်ခဲ့ဖူးပေသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်မည်ဆိုလျှင်ပင် သူ့လောက်တော့ ဆေးဖော်စပ်ရာ၌ အတွေ့အကြုံကြွယ်ဝလိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် ကျိယင်သည်သာ ဧကရာဇ်ယွမ်းဆေးလုံးအား ဖော်စပ်ရန် ရွေးချယ်လိုက်မည်ဆိုပါက သူ့ဘက်မှ အသာစီးရသွားပေလိမ့်မည်။

တာအိုသခင်အဆင့်ဆေးလုံးတစ်လုံးကို ဖော်စပ်ရာတွင် ပြိုင်ဆိုင်မည်ဆိုလျှင်တော့ သူ့ဘက်မှ အသာရနေသေးပါသော်ငြား သူနှင့် ရန်ကိုင်ကြားရှိ ကွာဟချက်မှာ ထိုမျှ ကြီးမားတော့လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်က ခေါင်းခါလျက် “မလိုဘူး ဆေးဝိဇ္ဇာကျိ… ဧကရာဇ်ယွမ်ဆေးလုံးကိုပဲ ဖော်စပ်ကြရအောင်…”

ကျိယင် ဘာကြောင့် ဤကဲ့သို့ ကမ်းလှမ်းရသလဲ သူသိပေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ ကျိယင်အပေါ် အနည်းငယ်လည်း အမြင်ကြည်မိသွားသည်။

လူတိုင်းသည် ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး ဖြစ်လာနိုင်သည်မဟုတ်။ မဟာဆေးဧကရာဇ်၏ အမွေခံတပည့်တစ်ဦး ဖြစ်မည်ဆိုလျှင်ပင် ထိုတပည့်သည်သာ စရိုက်မကောင်းပါက ရန်ကိုင်အနေဖြင့် ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး လုပ်ခိုင်းလိမ့်မည်မဟုတ်ပေ။

လီရွှမ်းကိစ္စနှင့်ပတ်သက်၍ ကျိယင်သည် သူ့အမှားကိုသူ ချက်ချင်း ဝန်ခံခဲ့ရုံမက လီရွှမ်းကိုပင်လျှင် ဆေးလုံးတောင်ကြားမှ လူသိရှင်ကြား ထုတ်ပယ်ခဲ့လေသည်။ ထို့အတွက်ကြောင့် ကျိယင်သည် ရိုးသားဖြောင့်မတ်သည့် လူတစ်ဦး ဖြစ်လိမ့်မည်ဟု ရန်ကိုင် မှတ်ယူလိုက်ခြင်းပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျိယင်အား ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး ဖြစ်စေလိုခြင်း ဖြစ်ပေသည်။

အခြားတစ်နည်းဖြင့်ပြောရသော် ကျိယင်သည် မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦးဖြစ်သလို ဆေးလုံးတောင်ကြား၏ အဖွဲ့သားတစ်ဦး ဖြစ်ပါသော်ငြား သူသာ ရန်ကိုင်အား မတောင်းပန်ခဲ့ပါက ရန်ကိုင်အနေဖြင့် ဘာမှတတ်နိုင်လိမ့်မည်မဟုတ်ပေ။ ရန်ကိုင်သာ ဆေးလုံးတောင်ကြားနှင့် မဟာဆေးဧကရာဇ်ကို ရန်စမိမည်ကို ဂရုစိုက်မနေလျှင်တော့ သူ့အနေဖြင့် တစ်ဖက်လူအား တောင်းပန်လာအောင် အတင်းအကြပ် သွားရောက်ဖိအားပေးနိုင်ပေသည်။

သို့သော်ငြား ရန်ကိုင်ဘက်ကပင် ထိုကဲ့သို့ သွားဖိအားပေးစရာမလိုဘဲ ကျိယင်သည် သူ့ဘာသာသူ သူ့အမှားကို ဝန်ခံလာခဲ့သည်။ ထိုတစ်ချက်တည်းနှင့်ပင် ကျိယင်သည် ရိုးသားဖြောင့်မတ်သည့် လူတစ်ဦးမှန်း ရန်ကိုင် သိသွားရတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ကျိယင်အား ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး ဖြစ်စေလိုခြင်း ဖြစ်သည်။ ထို့အပြင် ကျိယင်ကိုယ်တိုင်ကလည်း ဝါရင့်သမ္ဘာရင့် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး မဟုတ်လေလော။ မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့် ကျိယင်သည်သာ ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး ဖြစ်လာမည်ဆိုပါက ရန်ကိုင်အနေဖြင့် နောက်နောင် ဆေးလုံးများမရှိမည်ကို စိတ်ပူစရာ လိုတော့လိမ့်မည် မဟုတ်ချေ။

ကျိယင်သည် ထက်ကောင်းကင်နန်းတော်အတွက် ဆေးပညာရှင်အသစ်တစ်သုတ်ကိုပင် ပျိုးထောင်ပေးနိုင်ပေသည်။

ဂိုဏ်းတစ်ဂိုဏ်းအား တိုးတက်အောင်လုပ်ရန်အတွက် ရန်ကိုင်တစ်ဦးတည်းဖြင့်မရပေ။ အကုန်လုံး စုပေါင်းကြိုးစားမှသာလျှင် ထက်ကောင်းကင်နန်းတော်မှာ အမှန်တကယ် တိုးတက်လာနိုင်ပေလိမ့်မည်။

“နန်းတော်သခင်ရန်က အဲ့ဆေးလုံးကိုပဲ ဖော်စပ်ချင်နေမှတော့ ဒီကျိကလည်း နန်းတော်သခင်ပြောတဲ့အတိုင်းပဲ လိုက်လုပ်ပေးရတာပေါ့…” ကျိယင်က သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်လေသည်။

ထိုသို့ပြောပြီးသည့်နောက်တွင် လက်ကိုဆန့်ထုတ်၍ ဆေးပင်များကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုဆေးပင်များကို နှစ်ပိုင်းခွဲ၍ ပြောလိုက်လေ၏။ “ဒီမှာ ဧကရာဇ်ယွမ်ဆေးလုံးတွေကို ဖော်စပ်ဖို့ ဆေးအမယ်နှစ်စုံ… အရည်အသွေးရော သက်တမ်းအရရော နှစ်စုံစလုံးမှာ အတူတူပဲ… နန်းတော်သခင်ရန် ကျေးဇူးပြုပြီး တစ်ချက်စစ်ဆေးကြည့်ပါဦး…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ကျုပ် ဆေးဝိဇ္ဇာကျိကို ယုံပြီးသား…”

“အဲ့ဒါဆိုရင် တစ်ခုကိုရွေးလိုက်…” ကျိယင်က ပြောလိုက်သည်။

ရန်ကိုင်သည် ဆေးအမယ်တစ်စုံကို ကောက်ယူလိုက်လေသည်။ ကျိယင်သည် သူ၏အဆင့်အတန်းနှင့် ဂုဏ်သတင်းအရ လှည့်ကွက်များကို အသုံးပြုလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်အား အနိုင်ယူချင်လျှင်ပင် ရိုးရိုးသားသားဖြင့် အနိုင်ယူပေလိမ့်မည်။ အောက်တန်းကျသည့် လှည့်ကွက်များကိုတော့ သုံးလိမ့်မည်မဟုတ်။

ရန်ကိုင် အလွန်ကိုမှ အေးအေးဆေးဆေး ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ ဘာကြောင့်မှန်းမသိ ကျိယင်စိတ်ထဲ ဒေါသထွက်လာမိရလေသည်။ ထို့‌ကြောင့် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “အဲ့လိုဆိုမှတော့ စကြတာပေါ့… နန်းတော်သခင်ရန်က ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ယောက်ဆိုတော့ နန်းတော်သခင်ရန်မှာလည်း ကိုယ်ပိုင်ဆေးမီးဖိုရှိပြီးသား ဖြစ်မှာပေါ့ ဟုတ်တယ်မလား… ကျုပ်ဘက်က ငှားပေးစရာ လိုသေးလား…”

“မလိုပါဘူး…” ရန်ကိုင်က ပြုံး၍ ခေါင်းခါလိုက်သည်။

ဆေးပညာချင်း ပြိုင်ဆိုင်ကြမည် ဖြစ်သည့်အတွက်ကြောင့် လူရှေ့သူရှေ့တွင် ပြိုင်သည်ကသာ ပို၍ သင့်တော်ပေလိမ့်မည်။ ထို့အတွက်ကြောင့် နှစ်ဦးစလုံး ခန်းမထဲ ထိုင်ချလိုက်လေ၏။

ကျိယင်မှာ သူ့လက်ကိုဝှေ့ယမ်းလိုက်သည့်အခိုက် သုံးချောင်းထောက်ဆေးမီးဖိုတစ်လုံး သူ့ရှေ့တွင် ပေါ်လာခဲ့လေသည်။ ဆေးမီးဖို ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူးခြားသည့် မွှေးရနံ့တစ်ခု ခန်းမထဲ ပျံ့နှံ့လာခဲ့လေသည်။ ဤဆေးမီးဖိုမှာ အတော်လေးကိုမှ သက်တမ်းရင့်လှကာ ဆေးမီးဖို၏ ဘေးတစ်ဖက်တစ်ချက်စီတွင်တော့ နဂါးခေါင်းနှစ်လုံးကို ထုဆစ်ထားခဲ့သည်။ ထိုနဂါးခေါင်းနှစ်လုံးသည် အဆင်တန်ဆာတစ်ခုသက်သက်သာလျှင် မဟုတ်ဘဲ ဆေးမီးဖိုအတွင်းရှိ မီးတောက်များကို ထိန်းချုပ်ရာတွင် အရေးပါသည့် ပစ္စည်းများလည်း ဖြစ်ကြပေသည်။ ဆေးမီးဖို၏ အတွင်းပိုင်းတွင်တော့ ရှုပ်ယှက်ခတ်လွန်းလှသည့် အမျိုးမျိုးသော အင်းကွက်များကို ထိုးထွင်းထားခဲ့လေ၏။ ထို့အပြင် ဧကရာဇ်စိတ်ဆန္ဒ တစ်စွန်းတစ်စတို့မှာလည်း လေထဲ ပျံ့နှံ့နေခဲ့လေသည်။

“ဆေးမီးဖိုကောင်းပဲ…” ရန်ကိုင်က ချီးကျူးလိုက်လေသည်။

သူကိုယ်တိုင်သည် ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဆေးမီးဖိုများနှင့်ပတ်သက်၍ အထူးတလည် နှစ်ခြိုက်မိရသည်။ ကျိယင်မှ သူ့ဆေးမီးဖိုကို ထုတ်လာသည်နှင့် တစ်ပြိုင်နက် ထိုဆေးမီးဖိုမှာ သာမန်ဆေးမီးဖိုတစ်လုံးမဟုတ်မှန်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်ကိုင် ပြောနိုင်ခဲ့လေသည်။ ဆေးမီးဖိုမှ ထွက်ပေါ်နေသည့် မွှေးပျံ့ပျံ့သင်းရနံ့အရ ကျိယင်အနေဖြင့် ထိုဆေးမီးဖိုကိုသုံး၍ မရေမတွက်နိုင်သော ဆေးလုံးများကို‌ ဖော်စပ်ခဲ့မှန်း ရန်ကိုင်ပြောနိုင်ပေသည်။

ကျိယင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။ “ဒီဆေးမီးဖိုက ဒီကျိမှာရှိတဲ့ အရည်အသွေးအနိမ့်ဆုံး ဆေးမီးဖိုတစ်လုံးပဲ…”

သူ့အနေဖြင့် အရည်အသွေးအနိမ့်ဆုံး ဆေးမီးဖိုအား ထုတ်ယူလိုက်ရခြင်းမှာ ရန်ကိုင်မှ ရှုံးသွားသည့်အခါ သူ့ဆေးမီးဖိုသည် ကျိယင်၏ဆေးမီးဖိုထက် ပို၍ နိမ့်ကျနေသည့် အတွက်ကြောင့် ဖြစ်သည်ဟု အပြောမခံချင်သလို သူ့ဆေးပညာအရည်အချင်းပေါ်လည်း အပြည့်အဝ ယုံကြည်ချက်ရှိသည့်အတွက်ကြောင့်ပင်။

ရန်ကိုင်လည်း ခေါင်းညိတ်၍ သူ့ကိုယ်ပိုင်ဆေးမီးဖိုကို ထုတ်ယူလိုက်လေသည်။

ရန်ကိုင်၏ဆေးမီးဖိုသည် ပိန်းပိန်းပိတ်အောင် မည်းနက်နေခဲ့ပြီး အပြင်သို့ရောက်လာသည်နှင့် တစ်ပြိုင်နက် ဆေးမီးဖိုဆီမှ မှိန်ဖျဖျ ဧကရာဇ်အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ ရန်ကိုင်၏ဆေးမီးဖိုသည် ကျိယင်ထုတ်ယူလိုက်သည့် ဆေးမီးဖိုနှင့် အဆင့်အတူတူပင်။ ရန်ကိုင်ကိုယ်တိုင်တွင်လည်း ဧကရာဇ်အဆင့် ဆေးမီးဖိုတစ်လုံး ရှိနေသည်ကိုမြင်သော် ကျိယင် ကြောင်သွားခဲ့လေသည်။ သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်သည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့တွင် ဧကရာဇ်အဆင့်ဆေးမီးဖိုတစ်လုံး ရှိနေသည်မှာ မထူးဆန်းဟု တွေးမိသွားလေသည်။

ထို့နောက်တွင် ကျိယင်သည် အခြား ဘာကိုမှ ဆက်တွေးမနေတော့ဘဲ သူ့စိတ်ကို မပျံ့လွင့်သွားအောင် သေချာထိန်းချုပ်လိုက်လေသည်။ သူ့ပြိုင်ဘက်သည် ကောင်းကင်နှင့်မြေပြင် မည်မျှ ကွာခြားသလဲ ဆိုသည်ကို မသိသည့် လူငယ်လေးတစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင် ကျိယင်ကတော့ ရန်ကိုင်အား ပေါ့သေးသေးမမှတ်ပေ။ ခြင်္သေ့တစ်ကောင်ပင်လျှင် သားကောင်ကို ဖမ်းဆီးရာ၌ သူ၏ အားအင်အကုန်အစင်ကို ထုတ်သုံးသည် မဟုတ်ပေလော။

သူ၏ စစ်မှန်သောစွမ်းရည်များကို ထုတ်ပြ၍ တစ်ဖက်လူအား အနိုင်ယူခြင်းဖြင့်သာလျှင် ကျိယင်သည် ဆေးတာအိုအပေါ် သူ၏လေးစားမှုကို ပြသနိုင်မည်ဖြစ်သလို မဟာဆေးဧကရာဇ်၏ တပည့်ဖြစ်သည်ဟူသော သူ့အဆင့်အတန်းကိုလည်း ထိန်းသိမ်းနိုင်ပေလိမ့်မည်။

“စကြမလား…” ကျိယင်သည် ရန်ကိုင်အား အလေးအနက်အမူအယာဖြင့် ကြည့်၍ မေးလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်တော့မည်အပြု ရုတ်တရက် ဘေးဘက်သို့ကြည့်၍ ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်မီ… နန်းတော်သခင်လီ… ခင်ဗျားတို့ရော လောင်းကြေးထပ်ချင်သေးလား…”

“ငါတို့လည်း လောင်းလို့ရတာလား…” မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်နေဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ခင်ဗျားတို့က ဒီကိုတောင်ရောက်နေပြီပဲဟာကို… ဘယ်လိုလုပ်ပြီး လက်ဗလာနဲ့ အိမ်ပြန်ချင်နေရတာလဲ… ရတာပေါ့ လောင်းလို့…” ရန်ကိုင်က မီချီနှင့် လီကျောက်တို့အား ပြုံးကာကြည့်ရင်းမှ ပြောလိုက်သည်။

“ကောင်းပြီလေ…” မီချီက ပြန်ပြောလိုက်သည်။ “လောင်းကြတာပေါ့… ဒါပေမယ့် နန်းတော်သခင်ရန်… လောင်းကြေး ဘယ်လောက်လောက်ထိ တတ်နိုင်လဲ…”

“ကြိုက်သလောက် လောင်းလို့ရတယ်… တစ်ဂိုဏ်းလုံးတောင် လောင်းလို့ရတယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ မီချီနှင့် လီကျောက်တို့၏အမူအယာများ ပြောင်းလဲသွားကုန်လေသည်။ ရန်ကိုင်ပြောသည့်လောင်းကြေးမှာ အလွန်ကိုမှ များပြားလွန်းလှသည်။ မီချီနှင့် လီကျောက်တို့မှာ အနာပေါ် ဆားထပ်သိပ်ချင်နေပါသော်ငြား သူတို့၏ဂိုဏ်းတစ်ဂိုဏ်းလုံးအား ပုံအပ်၍တော့ မလောင်းရဲပေ။

သူတို့အနေဖြင့် ကျိယင်အပေါ် ယုံကြည်ချက်ရှိလျှင်ပင် ထိုမျှထိတော့ မလောင်းရဲပေ။

“ဘာလဲ မလောင်းရဲဘူးလား….” ရန်ကိုင်က မီချီနှင့် လီကျောက်တို့အား လှောင်ပြောင်ရန်စလိုက်လေသည်။

“မလောင်းရဲတာမဟုတ်ဘူး… လောင်းကြေးက နည်းနည်းများလွန်းနေသလားလို့… တကယ်တော့ ကျုပ်တို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူးလေ… အဲ့ဒါကို ဘာလို့ လောင်းကြေးက အဲ့လောက်ထိ မြင့်ရမှာလဲ…” မီချီက ပြန်ပြောလိုက်လေသည်။

“ဟုတ်တယ်… ဒီတိုင်းပဲ နည်းနည်းပါးပါး စိတ်ပျော်လက်ပျော်လေးပဲ လောင်းရအောင်…”

“အဲ့လိုဆိုမှတော့ ခင်ဗျားတို့ ဘယ်လောက်ထိ လက်ခံနိုင်လဲ…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။

မီချီနှင့်လီကျောက်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ နှစ်ဦးသားသည် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်နေကြသည့် ပုံပင်။

ရန်ကိုင်ကမူ အလျင်မလိုခဲ့။ ဇိမ်ပြေနပြေ ထိုင်ရင်းဖြင့်သာ ကျိယင်ဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “ဒီနေ့ ရာသီဥတုက တော်တော်ကောင်းတယ်နော်…”

ကျိယင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့ဘာသာသူ တွေးလိုက်လေ၏။ (ဒီကောင် ဘာပြောချင်နေတာလဲ… ကောင်းကင်ကြီးက ဒီလောက်ကြည်လင်နေတာ ရာသီဥတု မသာယာလို့ ဘာဖြစ်ရမှာလဲ… အရူးတစ်ယောက်တောင် ရာသီဥတုသာယာမှန်း ပြောနိုင်တယ်… အဲ့ဒါကို ဒီကောင် ဘာတွေလာပြောချင်နေတာလဲ…)

ရန်ကိုင် ဘာကြောင့်များ ဤစကားကို သူ့အား လာပြောနေရလေသနည်း။ စိတ်ပျံ့လွင့်သွားအောင် လုပ်ချင်သည်လား။ ထိုသို့ဆိုလျှင်တော့ သူ့နည်းလမ်း အလုပ်မဖြစ်ဟု ပြောရပေလိမ့်မည်။ ထို့အတွက်ကြောင့် ကျိယင်မှာ ရန်ကိုင်အား စူးစူးရဲရဲဖြင့် ပြန်၍ စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်ကမူ သူ့အကြည့်ကို လျစ်လျူရှုထားခဲ့လေ၏။

“နန်းတော်သခင်ရန်… ရောင်းရင်းလီနဲ့ကျုပ် ဆုံးဖြတ်ပြီးသွားပြီ…” မီချီက ရုတ်တရက် ပြောလိုက်သည်။

ရန်ကိုင်က ဆက်ပြောရန် မေးငေါ့ပြလိုက်လေသည်။

မီချီက ဆက်ပြောလိုက်လေ၏။ “ရောင်းရင်းလီနဲ့ကျုပ် ကျုပ်တို့ဂိုဏ်းအသီးသီးရဲ့ ဆယ်နှစ်စာဝင်ငွေကို လောင်းကြေးထပ်မယ်… ဂိုဏ်းချုပ်ရန် လက်ခံရဲလားတော့မသိဘူး…”

ထိုလောင်းကြေးကိုကြားသည့်အခါ ကျိယင်သည်ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့လေသည်။

ဂိုဏ်းတစ်ဂိုဏ်း၏ ဆယ်နှစ်စာဝင်ငွေမှာ စကားအရသာ ရိုးရှင်းပါသော်ငြား တကယ်တမ်းကြည့်လိုက်မည်ဆိုပါ အလွန်တရာကိုမှ များပြားလှပေသည်။ ထိပ်တန်းဂိုဏ်းများဖြစ်ကြသော အာကာယံကောင်းကင်ဂိုဏ်းနှင့် မီးနဂါးနန်းတော်တို့တွင် မရေမတွက်နိုင်သော စီးပွားရေးလုပ်ငန်းများ ရှိနေကြပြီး အရင်းအမြစ်ကျောက်တွင်းများ၊ မိုင်းတွင်းများ များစွာကိုလည်း ပိုင်ဆိုင်ထားကြပေသည်။ ထို့အတွက်ကြောင့် သူတို့ဂိုဏ်းအသီးသီး၏ တစ်နှစ်စာဝင်ငွေမှာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးဆယ်ခန့် ရှိလေ၏။

ဆယ်နှစ်စာပမာဏဆိုသည်မှာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါရာဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

သူတို့ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ ဆယ်နှစ်စာဝင်ငွေဆိုလျှင်တော့ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ထောင် ရှိပေလိမ့်မည်။ ဤသည်မှာ ကြောက်မက်ဖွယ်ရာ ပမာဏဖြစ်ပေသည်။

သူတို့ပုံစံကို ကြည့်ရသလောက် မီချီနှင့် လီကျောက်တို့သည် ထက်ကောင်းကင်နန်းတော်ဆီမှ ရသလောက် ညှစ်ထုတ်ယူလိုသည့် ပုံပင်။ ကျိယင်သည် ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင်မျက်နှာ မည်ကဲ့သို့ ဖြစ်နေမလဲ ဆိုသည်ကို သူသိချင်နေမိလေသည်။ သို့သော်ငြား ရန်ကိုင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ ရန်ကိုင်က လှောင်ပြုံးပြုံးနေသည့်အတွက်ကြောင့် ကျိယင် ကြောင်သွားခဲ့ရလေသည်။

“ခင်ဗျားတို့နှစ်ဂိုဏ်းက မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတွေလေ… အဲ့လိုထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းက ဒီလောက်ပဲ တတ်နိုင်ကြတာလား… ကပ်စေးကတော့ နည်းချက်ပါလား…”

“ကပ်စေးနည်းတယ်…” မီချီမျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “မင်း ငါတို့ကို ကပ်စေးနည်းတယ်လို့ ပြောရဲတယ် ဟုတ်လား…”

လီကျောက်က မျက်လုံးမှေးစင်းလျက် “နန်းတော်သခင်ရန် ဒီအလောင်းအစားကို လက်မခံရဲလို့ လျှောက်ပတ်ပြီးတော့ ပြောနေတာမလား ကျုပ်သိပါတယ်…”

“နှစ်ငါးဆယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဆယ်နှစ်စာဝင်ငွေမလုပ်နဲ့… နှစ်ငါးဆယ်စာဝင်ငွေလုပ်လိုက်… အဲ့ဒါမှ ပိုကောင်းသွားမှာ…”

ထိုစကားကိုကြားသော် မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး သက်ပြင်းအသီးသီး ရှိုက်လိုက်ကြလေသည်။

ကျိယင်သည်လည်း ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလေ၏။

“မင်း… မင်း….” မီချီမှာ စကားပင် လိပ်ပတ်လည်အောင် မပြောနိုင်တော့ဘဲ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတော့လေ၏။ “ငါတို့အာကာယံကောင်းကင်းဂိုဏ်း နှစ်ငါးဆယ်မှာ ဘယ်လောက်ရှာနိုင်လဲဆိုတာကို မင်းသိလား… အဲ့ဒါကိုမင်းက နှစ်ငါးဆယ်စာကို ဒီတိုင်းလေး ပြောရဲတယ်ပေါ့ ဟုတ်လား…”

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “ခင်ဗျားတို့ဂိုဏ်းတစ်ဂိုဏ်းရဲ့ တစ်နှစ်စာဝင်ငွေက အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးဆယ်ရှိတယ်ထား… တစ်နှစ်ဆိုရင် သန်းငါးရာ… နှစ်ငါးဆယ်ဆိုရင် သန်းနှစ်ထောင့်ငါးရာ… ဂိုဏ်းနှစ်ဂိုဏ်းပေါင်းမှ သန်းငါးထောင်ပဲရှိမှာလေ ဟုတ်တယ်မလား…”

“သန်းငါးထောင်ပဲရှိမှာ…” ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် လီကျောက်မှာ ဘာပြန်ပြောလို့ ပြောရမှန်း မသိပင် ဖြစ်သွားခဲ့လေသည်။ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်ဟူသော ပမာဏကို သူ ကောင်းကောင်းမှ သိလေရဲ့လားဟုပင် လီကျောက်စိတ်ထဲ ရန်ကိုင်အား သွားမေးလိုက်ချင်မိပေ၏။

ရန်ကိုင်က လီကျောက်နှင့် မီချီတို့အား အထင်အမြင်တသေးဖြင့် ကြည့်၍ “ဘာလဲ… ခင်ဗျားတို့ ကြောက်နေတာလား… ဒါမှမဟုတ် ဆေးဝိဇ္ဇာကျိကို မယုံတာလား…”

ရန်ကိုင်ပြောလိုက်သည့် ပထမစကားမှာ အဆင်ပြေပါသော်ငြား ဒုတိယစကားမှာတော့ လက်ရှိပြဿနာအပေါ် မီချီနှင့် လီကျောက်တို့အား အခက်တွေ့သွားစေတော့လေသည်။ သူတို့သည်သာ ယခုနေ ပြန်ဆုတ်လိုက်မည်ဆိုပါက ကျိယင်အပေါ် ယုံကြည်ချက်မရှိဟု ပြောလိုက်သလို ဖြစ်သွားရပေလိမ့်မည်။ တစ်နည်းအားဖြင့် ကျိယင်ကို ရန်စမိလိုက်သလို ဖြစ်သွားရပေလိမ့်မည်။

ရန်ကိုင်သည် အမှန်တကယ်ကို ကောက်ကျစ်ယုတ်မာသည့် လူစားမျိုးသာ ဖြစ်လေသည်။ လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး ရန်ကိုင်စကားကြောင့် အံတကြိတ်ကြိတ် ဖြစ်သွားလေ၏။

ဤအခြေအနေထိ‌ ရောက်လာပြီးမှဖြင့် သူတို့အဖို့ ပြန်ဆုတ်ဖို့ရာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လီကျောက်က အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ဘာလို့ မလောင်းရဲရမှာလဲ… နှစ်ငါးဆယ်စာဝင်ငွေဆိုရင်လည်း နှစ်ငါးဆယ်စာဝင်ငွေပဲပေါ့… ဒါပေမယ့် ကျုပ်သိချင်တာက နန်းတော်သခင်ရန်မှာ အဲ့လောက်များတဲ့ အရင်းအမြစ်ကျောက်တွေ ရှိလို့လား…”

“ဟုတ်တယ်…” မီချီကလည်း ဝင်ရောက်ထောက်ခံပြောဆိုလိုက်လေသည်။ “အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်ဆိုတာ ပေါ့သေးသေးပမာဏမဟုတ်ဘူး… နန်းတော်သခင်ရန် ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းလို့ရှိရင် ရောင်းရင်းလီနဲ့ကျုပ် ဘာလုပ်ရမှာလဲ…”

“ခင်ဗျားတို့က တကယ်နောက်တတ်တာပဲနော်…” ရန်ကိုင်သည် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုး၍ “ကျုပ်ပုံက လိမ်မဲ့ပုံ ပေါက်နေလို့လား…”

မီချီနှင့် လီကျောက်တို့သည် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေပြီးသည့်နောက် လီကျောက်က ပြောလိုက်လေ၏။ “နန်းတော်သခင်ရန် ပြောနေတဲ့ပုံက မသိရင် ကျုပ်တို့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေကြတဲ့ ပုံစံမျိုးကြီးနဲ့… နန်းတော်သခင်ရန် ဘယ်လိုလူစားမျိုးလဲဆိုတာကို ကျုပ်တို့က ဘယ်လိုလုပ်ပြီး သိမှာလဲ…”

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်…” ရန်ကိုင်၏ပုံစံသည် သူလိမ်နေသည်ဟု မီချီနှင့်လီကျောက်တို့အား ပိုထင်သွားစေခဲ့လေသည်။

မီချီကရယ်မောလျက် “နန်းတော်သခင်ရန်သာ လောင်းကြေးကို ထုတ်ပြနိုင်မယ်ဆိုရင် ကျုပ်တို့ဘက်ကလည်း လောင်းရဲတယ်…”

“ခင်ဗျားတို့ပြောတာနော်… ပြီးမှနောင်တမရနဲ့…” ရန်ကိုင်က ထရပ်လိုက်လေ၏။

“ဟုတ်တယ်… ကျုပ်တို့ပြောတာ… လောင်းကြေးသာ ထုတ်ပြလိုက်…” လီကျောက်က ပြောလိုက်လေသည်။

“ကဲ ဒီမှာ သေချာကြည့်ထား…” ရန်ကိုင်ကပြောလိုက်သည်။

“ဘယ်မှာလဲ…”

“ဒီမှာ…” ရန်ကိုင်က သူ့လက်ကိုဆန့်ထုတ်လိုက်ရာ သူ့လက်ထဲ၌ သိုလှောင်လက်စွပ်တစ်ကွင်း‌ ပေါ်လာခဲ့လေသည်။

အပိုင်း (၂၇၃၂)

ဘာသာပြန်သူ_တိမ်တိုက်

(သူ့မှာ တကယ်ကြီး ရှိတာလား…)

မီချီနှင့် လီကျောက်တို့မှာ မယုံကြည်နိုင်ဟန်ဖြင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။

ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်းအား ဖျက်ဆီးပစ်၍ ရမ္မက်ရှာဂိုဏ်းပိုင်ဆိုင်ထားသည့် အဖိုးတန်ရတနာများကို သိမ်းဆည်းခဲ့ပါသော်ငြား ရန်ကိုင်တွင် အဆင့်မြင့်အရင်းအမြစ်ကျောက်သန်းငါးထောင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ရမ္မက်ရှာဂိုဏ်းသည် မီးနဂါးနန်းတော်၊ အာကာယံကောင်းကင်ဂိုဏ်းကဲ့သို့ပင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ သူတို့၏ နှစ်စဉ်ဝင်ငွေမှာ အံ့အားသင့်ဖွယ်ရာ ကောင်းလှပါသော်ငြား အသုံးစရိတ်မှာလည်း အလွန်ကိုမှ ကြီးမားလှသည်။ ထို့အတွက်ကြောင့် သူတို့ရရှိသည့် ဝင်ငွေအများစုမှာ သုံးရင်းနှင့်ပင် ပြန်ကုန်သွားလေ့ရှိရာ အနည်းငယ်လောက်ကိုသာ စုဆောင်းထားနိုင်ကြပေသည်။

အာကာယံကောင်းကင်ဂိုဏ်းနှင့် မီးနဂါးနန်းတော်တို့တွင်ပင်လျှင် လိုရမယ်ရ စုဆောင်းထားသည့် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ထောင်လောက်သာ ရှိသည်။ ထို့အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းတွင်လည်း ထိုမျှလောက်သာ ရှိပေလိမ့်မည်။

တစ်နည်းဆိုရသော် ရန်ကိုင် ရမ္မက်ရှာဂိုဏ်း၏ အဖိုးတန်ရတနာအားလုံးကို သိမ်းဆည်းသွားမည်ဆိုလျှင်ပင် ရမ္မက်ရှာဂိုဏ်းမှ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ထောင်လောက်သာ ရနိုင်ပေလိမ့်မည်။ ရမ္မက်ရှာဂိုဏ်းပိုင်ဆိုင်ထားသည့် အခြားသောရတနာများကိုပါ ထပ်ပေါင်းထည့်လိုက်မည်ဆိုပါက စုစုပေါင်းမှ သန်းနှစ်ထောင် သုံးထောင်လောက်သာ ရှိလိမ့်မည်ဖြစ်လေရာ သူ့အနေဖြင့် မည်ကဲ့သို့များ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်ကို ထုတ်ပြလာနိုင်ရလေသနည်း။

“ကျုပ်တို့ နန်းတော်သခင်ကို မယုံတာတော့ မဟုတ်ပါဘူး… ဒါပေမယ့် နန်းတော်သခင်ရန်ရဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေကို ရောင်းရင်းလီနဲ့ကျုပ် တစ်ချက် စစ်ဆေးကြည့်ရလိမ့်မယ်…” မီချီက ပြောလိုက်လေသည်။

“ဟုတ်တာပေါ့… စစ်ဆေးကြည့်ရမှာပေါ့…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ဒါပေမယ့် ခင်ဗျားတို့တော့ စစ်ဆေးလို့မရဘူး… အဲ့အစား ဆေးဝိဇ္ဇာကျိကိုပဲ စစ်ဆေးခိုင်းလိုက်မယ်… ဆေးဝိဇ္ဇာကျိကိုတော့ ခင်ဗျားတို့နှစ်ယောက် ယုံတယ်မလား…”

“ယုံတာပေါ့…” မီချီက ခေါင်းညိတ်ပြလိုက်သည်။

လီကျောက်သည်လည်း ခေါင်းညိတ်ပြလိုက်လေသည်။

“အဲ့ဒါဆိုလို့ရှိရင် ဆေးဝိဇ္ဇာကျိကိုပဲ ဒုက္ခပေးရတော့မှာပေါ့…” ရန်ကိုင်က ပြုံး၍ လက်စွပ်ကို ကျိယင်ဆီသို့ ပစ်ပေးလိုက်သည်။

ကျိယင်သည် လက်စွပ်ကိုယူ၍ လက်စွပ်ထဲရှိ ပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သက်ပြင်းရှိုက်လျက် “ဒါက…”

သူသည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့တွင် အဖိုးတန်ရတနာများစွာ ရှိပေသည်။ သူ့ဆီမှ ဆေးဖော်စပ်ပေးရန် လာရောက် အကူအညီတောင်းကြသည့် လူများမှာ မရေမတွက်နိုင်အောင် များပြားကြလေရာ ကျိယင်ရရှိထားသည့် ငွေကြေးပမာဏမှာလည်း အလွန်တရာကိုမှ များပြားမည်မှာ မေးနေစရာပင်မလိုပေ။ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်မဆိုထားနှင့် သန်းတစ်သောင်းသည်ပင်လျှင် ကျိယင်အား ဤမျှ မထိတ်လန့်သွားစေနိုင်ခဲ့ပေ။

သို့သော်ငြား လက်ရှိအချိန်တွင် ကျိယင်မှာ အံ့အားသင့်လွန်းသဖြင့် စကားတစ်ခွန်းပင် မပြောနိုင်တော့။ သူ့မျက်နှာအမူအယာသည် သူမည်မျှ ထိတ်လန့်အံ့အားသင့်နေကြောင်းကို အထင်းသား ဖော်ပြနေလေသည်။

ကျိယင်၏ ထိုမျှ ချဲ့ကားလွန်းလှသည့် တုံ့ပြန်မှုကြောင့် မီချီနှင့် လီကျောက်တို့မှာလည်း ထိတ်လန့်နေကြလေ၏။ နန်းတော်သခင်ရန်ပေးလိုက်သည့် သိုလှောင်လက်စွပ်ထဲတွင် မည်ကဲ့သို့သောပစ္စည်းများ ရှိနေ၍များ ဆေးဝိဇ္ဇာကျိပင်လျှင် ဤမျှ ထိတ်လန့်နေရလေသနည်း။ သူတို့စိတ်ထဲ ထိုသိုလှောင်လက်စွပ်ထဲ မည်ကဲ့သို့သောပစ္စည်းမျိုး ရှိနေမလဲ ဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ချင်စိတ်များပင် ဖြစ်ပေါ်လာရတော့သည်။

သို့သော်ငြား ရန်ကိုင် သူတို့အား ကျိန်းသေ စစ်ဆေးခွင့် ပေးလိမ့်မည် မဟုတ်ပေ။

“မင်း… ဒီလောက်အများကြီးကို ဘယ်ကနေ ရလာတာလဲ…” ကျိယင်သည် ရန်ကိုင်ဘက်သို့လှည့်၍ အထိတ်တလန့်အမူအယာဖြင့် မေးလိုက်လေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ကျိယင်လက်ထဲမှ သိုလှောင်လက်စွပ်ကို ပြန်ယူလိုက်ပြီးသည့်နောက် ခေါင်းခါလျက် “ပြောပြလို့မရဘူး…”

ကျိယင် တံတွေးတစ်လုပ် မျိုချလိုက်ပြီး သိုလှောင်လက်စွပ်ကို ရန်ကိုင်ဆီသို့ မပေးချင်ပေးချင်ဖြင့် ပေးလိုက်လေသည်။ သို့သော်ငြား သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများသည် ရန်ကိုင်၏ လျှို့ဝှက်ချက်များအနက် တစ်ခုဖြစ်သည့်အတွက်ကြောင့် သူလည်း ထိုမေးခွန်းကို ထပ်၍ မေးမနေတော့ပေ။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ကျိယင်က ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… မင်း ဒီပြိုင်ပွဲကို ရှုံးသွားလို့ရှိရင် ငါ မင်းခေါင်းကို မလိုချင်တော့ဘူး… မင်းသိုလှောင်လက်စွပ်ထဲက ပစ္စည်းတစ်ဝက်ကိုပဲပေး…”

သူသည် အစကတည်းက ရန်ကိုင်အား သတ်လိုစိတ်မရှိပေ။ ရန်ကိုင်အား ကြောက်သွားအောင် ခြောက်လိုခြင်းသာ ဖြစ်လေသည်။ ယခု ပိုကောင်းသည့် လောင်းကြေးတစ်ခု ပေါ်လာလေရာ ကျိယင်မှာ ချက်ချင်းပဲ လောင်းကြေးကို ပြောင်းလဲလိုက်တော့သည်။

သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများမှာ အခြားမဟုတ်။ ရန်ကိုင်မှ ရှေးဟောင်းကုန်းမြေဆီမှ ရလာသည့် သန်းနှင့်ချီသော မွန်းစတားအမြုတေများသာ ဖြစ်ကြလေသည်။

အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ထောင်လောက်သည် ကျိယင်အား ဤမျှ စိတ်မလှုပ်ရှားစေနိုင်ပေ။ သို့သော်ငြား မွန်းစတားအမြုတေတစ်သန်းမှာမူ လုံးဝ မတူကွဲပြားသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလေပြီ။ ရန်ကို၏သိုလှောင်လက်စွပ်ထဲတွင် တောင်နှယ် ပုံထပ်နေသည့် မွန်းစတားအမြုတေများစွာ ရှိနေခဲ့သည်။ ထိုမွန်းစတားအမြုတေများအနက် အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေများစွာလည်း ပါဝင်နေကြသည်။ ကျိယင်မဆိုထားနှင့် မဟာဧကရာဇ်ဆယ်ပါးသည်ပင်လျှင် ထိုမျှများပြားလှသော မွန်းစတားအမြုတေများကို မြင်ဖူးလိမ့်မည် မဟုတ်ချေ။

ထို့အပြင် မွန်းစတားအမြုတေများကို နေရာအမျိုးမျိုးတွင် အသုံးပြုနိုင်ပေသည်။ ဆေးဖော်စပ်ရာတွင် မွန်းစတားအမြုတေများသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်လေ၏။ ထိပ်တန်းအဆင့်ဆေးလုံးများကို ဖော်စပ်ရာတွင် အဆင့်မြင့်မွန်းစတားအမြုတေများကို လိုအပ်လေ့ရှိပေသည်။

ထို့အတွက်ကြောင့် အရင်းအမြစ်ကျောက်များနှင့် ယှဉ်လိုက်သော် ကျိယင်သည် ထိုမွန်းစတားအမြုတေများကို ပိုလိုချင်ပေသည်။ ထို့အတွက်ကြောင့် ချက်ချင်းဆိုသလို လောင်းကြေးကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပေသည်။

“အဲ့ဒါတွေကို လိုချင်တာလား ဆေးဝိဇ္ဇာကျိ…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ကျိယင်ကိုကြည့်လိုက်လေသည်။

ကျိယင်၏မျက်နှာ ရဲတက်သွားခဲ့ပြီး အသာအယာချောင်းဟန့်လျက် ပြန်ပြောလိုက်လေသည်။ “အဲ့လိုပစ္စည်းမျိုးကို မလိုချင်တဲ့ ဆေးပညာရှင်ရှိလို့လား…”

“လိုချင်တယ်ဆိုရင် ကျုပ် ခင်ဗျားကို အဲ့ဒါတွေအကုန်လုံး ပေးလို့ရတယ်…” ရန်ကိုင်က ပြုံးမြဲ ပြုံးလျက် ပြန်ပြောလိုက်လေသည်။

“တကယ်လား…” ကျိယင် ထိတ်လန့်သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် ဘာပြောချင်နေသလဲ ဆိုသည်ကို ချက်ချင်းနားလည်သွားခဲ့ပြီး သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါတွေအကုန်လုံးကို ပေးပြီးတော့ ငါ့ကို မင်းတို့ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူး ဖြစ်လာစေချင်တာ… ဟုတ်တယ်မလား…”

ရန်ကိုင်က ရယ်မောလျက် “ဟုတ်တာပေါ့…”

ကျိယင်က ပြန်ပြောလိုက်သည်။ “မင်းအကြံကတော့ မဆိုးဘူးပဲ… ဒါပေမယ့် နန်းတော်သခင်ရန်… မင်းတောင်းဆိုတာကိုတော့ ဒီကျိ သဘောမတူနိုင်ဘူး…”

ကျိယင် ထိုကဲ့သို့ ပြန်ပြောလာလိမ့်မည်ဟု ရန်ကိုင် မျှော်လင့်ထားပြီးသားပင်။ ထို့ကြောင့် စိတ်ပျက်သွားခြင်းမရှိဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုမှတော့ ဆေးဝိဇ္ဇာကျိ နိုင်လို့ရှိရင် တစ်ဝက်ယူပေါ့…”

“အင်း… အဲ့လိုမှပေါ့… နန်းတော်သခင်ရန် ကိုယ့်စကားကိုယ် တည်ရမှာနော်…” ကျိယင်မှာ အလွန်ကိုမှ ဝမ်းသာနေခဲ့လေသည်။ သူ့အတွက်မူ ရန်ကိုင်၏သဘောတူညီချက်သည် သူ့အား ရန်ကိုင်မှ မွန်းစတားအမြုတေများ အလကား လာပေးနေသည်နှင့် မခြားချေ။

ဆေးပညာချင်း ယှဉ်ပြိုင်ရာတွင် ရန်ကိုင်ကို ရှုံးလိမ့်မည်ဟု သူမထင်ပေ။

“ဆေးဝိဇ္ဇာကျိ… အဲ့သိုလှောင်လက်စွပ်ထဲမှာ တကယ်ကြီး အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင် ရှိတာလား…” လီကျောက်နှင့် မီချီတို့မှာမူ ထိုသိုလှောင်လက်စွပ်ထဲတွင် မည်ကဲ့သို့သော ပစ္စည်းများ ရှိနေသေးသလဲ ဆိုသည်ကို မသိရသေးသဖြင့် ကျိယင်ပြောသည်ကိုကြားသော် စိတ်ဝင်တစားဖြင့် မေးကြည့်မိလိုက်လေသည်။

“သန်းငါးထောင်…” ကျိယင်သည် ထိုနှစ်ဦးအား အထင်အမြင်တသေးဖြင့် ကြည့်လျက် “အဲ့သိုလှောင်လက်စွပ်ထဲမှာရှိတဲ့ ပစ္စည်းတွေက မင်းတို့နှစ်ဂိုဏ်းစလုံးကို ဝယ်ပစ်လိုက်လို့ရတယ်…”

“ဘယ်လို…” လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး ကြောင်သွားခဲ့ကြလေသည်။

သူတို့နှစ်ဂိုဏ်းစလုံးကိုပင် ဝယ်ပစ်နိုင်သည့် ပမာဏ။ ထိုသိုလှောင်လက်စွပ်ထဲတွင် မည်ကဲ့သို့သော ပစ္စည်းမျိုး ရှိနေ၍များ ဆေးဝိဇ္ဇာကျိသည် ဤကဲ့သို့သော စကားမျိုးကို ပြောရလေသနည်း။

ယခုဆိုလျှင် သူတို့စိတ်ထဲ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို ပို၍ပင် သိချင်လာလေသည်။ သိချင်လွန်းသဖြင့် ရန်ကိုင်အား သတိလစ်အောင်လုပ်၍ သူ့သိုလှောင်လက်စွပ်ကို လုယူကာ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးပစ်ချင်စိတ်များပင် ပေါက်လာရတော့သည်။

“ဒီနန်းတော်သခင်မှာ လောင်းကြေးထပ်နိုင်တဲ့ ပမာဏ ရှိတယ်ဆိုတာကို အတည်ပြုပြီးသွားပြီဆိုတော့ ခင်ဗျားတို့နှစ်ယောက် လောင်းချင်သေးလား…” ရန်ကိုင်သည် မီချီနှင့် လီကျောက်တို့ဘက်သို့လှည့်၍ မေးလိုက်လေသည်။

မီချီက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “လောင်းမှာပေါ့… ဘာဖြစ်လို့ မလောင်းရမှာလဲ… ဒီလို အလကား လာပေးတဲ့လက်ဆောင်ကို ဘယ်သူကငြင်းမှာလဲ…”

“ဟုတ်တယ်…” လီကျောက်ကလည်း ဝင်ပြောလိုက်သည်။ “ငါ ဆေးဝိဇ္ဇာကျိကို ယုံတယ်…”

ကျိယင်က မျက်မှောင်ကျုံ့၍ “မင်းတို့နှစ်ယောက် လောင်းမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်လောင်းနော်… ငါ့ကို လာဆွဲမထည့်နဲ့… မင်းတို့ဘာသာ နိုင်နိုင်ရှုံးရှုံး ငါ့ကိစ္စမဟုတ်ဘူး…”

ကျိယင်၏အမြင်အရ ဆေးပညာသည် လောင်းကစားလုပ်ရန်မဟုတ်။ သူ့အနေဖြင့် ရန်ကိုင်နှင့် အလောင်းအစားလုပ်ရန် ရွေးချယ်လိုက်ရခြင်းမှာ ရန်ကိုင်မှ သူ့အား ထပ်တလဲလဲ ရန်စနေသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် လီကျောက်နှင့် မီချီတို့ သူ့အပေါ်သို့ ယုံစားကာ အားကိုးလာမည်ကို ကျိယင် မလိုချင်ပေ။ လောင်းကစားသည် လောင်းကစား၊ ဆေးပညာသည် ဆေးပညာ။ သူတို့၏ အနိုင်အရှုံးသည် သူတို့နှင့်သာ ပတ်သက်ပေသည်။

“ဒါပေါ့ ဒါပေါ့… ဆေးဝိဇ္ဇာကျိပြောတာ အမှန်ပါပဲ…” လီကျောက်ကလည်း ချက်ချင်း လေသံပြောင်း၍ ပြောလိုက်သည်။ “ဒီလောင်းကြေးက ကျုပ်တို့နဲ့ နန်းတော်သခင်ရန်ကြားက ကိစ္စသက်သက်ပဲ… ဆေးဝိဇ္ဇာကျိနဲ့ ဘာမှမဆိုင်ဘူး…”

“အဲ့လိုဆိုမှတော့ စကြတာပေါ့…” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

ကျိယင်သည် ရန်ကိုင်ဘက်သို့လှည့်၍ “မင်းအရင်စလိုက်…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဆေးဝိဇ္ဇာကျိ… ခင်ဗျားပြိုင်ဘက်ကို အခုလိုမျိုး အထင်သေးချင်တာ သေချာလား…”

သူ့အနေဖြင့် ထိုကဲ့သို့ ပြောလိုက်ပါသော်ငြား ရန်ကိုင်၏လက်များမှာမူ ငြိမ်မနေခဲ့ပေ။ ဆံပင်ကို နားသယ်နောက်သို့ သပ်တင်၍ ချက်ချင်းပဲ လက်ဖျောက်တီးကာ ကျောက်စိမ်းနက်ဆေးမီးဖို၏ အဖုံးကို ဖွင့်လိုက်လေ၏။ ထို့နောက် အဆင်သင့်ပြင်ထားသည့် ဆေးပင်များကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။

ထို့နောက် ဆေးမီးဖိုထဲ မီးတောက်များ လောင်မြိုက်လာခဲ့လေရာ လေထုအပူချိန်မှာ ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။ သို့သော်ငြား ထူးဆန်းစွာပင် ရန်ကိုင်ဆီမှ မည်သည့်ဧကရာဇ်ချီမှ ဖြာထွက်နေခြင်းမရှိခဲ့ပေ။

“တေဇောဓာတ်အသိစိတ်ပင်လယ်…” ကျိယင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အံ့အားသင့်တကြီးဖြင့် ရေရွတ်လိုက်လေသည်။

ရန်ကိုင်တွင် တေဇောဓာတ်အသိစိတ်ပင်လယ် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုတစ်ချက်နှင့်ပင် ရန်ကိုင်အား ပြိုင်ဘက်တစ်ယောက်အဖြစ် အသေအချာ မှတ်ယူရန် လုံလောက်သွားခဲ့လေပြီ။

တေဇောဓာတ်အသိစိတ်ပင်လယ်များသည် သန္ဓေပြောင်း အသိစိတ်ပင်လယ်တစ်မျိုးဖြစ်သည်။ ဆေးဖော်စပ်ရာတွင်ဖြစ်စေ၊ ပန်းပဲထုလုပ်ရာတွင်ဖြစ်စေ တေဇောဓာတ်အသိစိတ်ပင်လယ်များသည် သာမန်အသိစိတ်ပင်လယ်များထက် ပို၍ အသုံးဝင်ကြသည်။ အကြောင်းမှာ ပစ္စည်းအမျိုးမျိုးကို သန့်စင်ရာတွင် ကောင်းကင်စိတ်အာရုံကို အသုံးပြုရန် လိုအပ်သည့် အတွက်ကြောင့်ပင်။ မီးတောက်များကို ထိန်းချုပ်ရာတွင်ဖြစ်စေ၊ မည်သည့်ပစ္စည်းကို မည်သည့်နေရာတွင် ထည့်သွင်းရမည့်အချိန်ကို မှတ်သားရာ၌ ဖြစ်စေ၊ ကောင်းကင်စိတ်အာရုံကို အသုံးပြုရန် လိုအပ်သည်။

တေဇောဓာတ်အသိစိတ်ပင်လယ်အား ပိုင်ဆိုင်ထားသည့်လူများသည် သာမန်လူများကဲ့သိ့ မီးတောက်အပူချိန်ကို ထိန်းညှိရာတွင်ဖြစ်စေ၊ ပစ္စည်းအမယ်များကို ချိန်သားကိုက် ထည့်သွင်းရာတွင်ဖြစ်စေ၊ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် စောင့်ကြည့်၍ ဧကရာဇ်ချီကို အသုံးပြုကာ ပြောင်းလဲနေစရာမလိုဘဲ တေဇောဓာတ်အသိစိတ်ပင်လယ်ကို တိုက်ရိုက်အသုံးပြုနိုင်ပေသည်။

အစီအရင်များကို ခင်းကျင်းရာတွင်လည်း အခြားမည်သည့် အပိုအလုပ်ကိုမှ လုပ်နေစရာမလိုဘဲ တေဇောဓာတ်စိတ်စွမ်းအင်ကို တိုက်ရိုက်သုံး၍ ခင်းကျင်းနိုင်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဆေးပညာရှင်များ၊ ပန်းပဲပညာရှင်များသည် တေဇောဓာတ်အသိစိတ်ပင်လယ်ကို အလွန်ကိုမှ လိုချင်ကြခြင်း ဖြစ်ပေသည်။

“ဒါကြောင့်ကိုး… သူ ဒီလောက် ယုံကြည်ချက်ရှိနေတာ… သူ့မှာ တကယ်ကြီး တေဇောဓာတ်ပင်လယ်တစ်ခု ရှိနေတာပဲ…” ရန်ကိုင် ဘာကြောင့် ဤမျှ ယုံကြည်ချက်ရှိနေသလဲ ဆိုသည်ကို ကျိယင် နားလည်သွားရတော့သည်။ ကျိယင်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး တစ်ချက်မျှပင် တုံ့နှေးမနေတော့ဘဲ သူ၏ဧကရာဇ်ချီကို လှည့်ပတ်၍ သုံးချောင်းထောက် နဂါးနှစ်ကောင်ဆေးမီးဖိုထဲ မီးတောက်များကို စတင် လောင်မြိုက်လိုက်လေ၏။

ထို့နောက် ဆေးပင်များကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။ ထို့နောက်တွင် ကျိယင်သည် လက်ကွက်များကို ထုတ်ဖော်၍ ဆေးမီးဖိုထဲ အစီအရင်တစ်ခု ခင်းကျင်းကာ ဆေးအရည်ကို စတင်သိပ်သည်းရန် ကြိုးစားတော့လေသည်။

ခန်းမတစ်ခုလုံးသည် ယာယီမျှ တိတ်ဆိတ်သွားတော့လေသည်။ ရန်ကိုင်နှင့် ကျိယင်တို့၏ စွမ်းအင်လှိုင်းတို့သည်သာ တဝုန်းဝုန်းနှင့် ဖြာထွက်နေကြလေသည်။

မီချီနှင့် လီကျောက်တို့မှာ ဆေးဖော်စပ်ခြင်းဖြစ်စဉ်ကို အတော်လေးကိုမှ စိတ်ဝင်စားကြသည့်အတွက်ကြောင့် အနီးကပ်သွားကြည့်ချင်ပါသော်ငြား မွန်းစတားဘုရင်သုံးပါးက သူတို့အား ရှေ့သို့တိုးမသွားနိုင်အောင် တားထားခဲ့လေသည်။

ဆေးပညာရှင်တစ်ဦး ဆေးဖော်စပ်နေချိန်တွင် နှောင့်ယှက်၍ မဖြစ်ပေ။ ဤသည်မှာ ဤလောကကြီးထဲရှိ ကျင့်ကြံသူများ လိုက်နာရမည့် အခြေခံစည်းမျဉ်းစည်းကမ်းတစ်ခု ဖြစ်ပေသည်။ မွန်းစတားဘုရင်သုံးပါးမှာ ထိုနှစ်ဦးအား ရှေ့သို့ မသွားခိုင်းစေရခြင်းမှာ ထိုနှစ်ဦးမှ ရန်ကိုင်အား သွားနှောင့်ယှက်မည်ကို စိုးရိမ်သည့် အတွက်ကြောင့်ပင်လျှင်။ ထို့အတွက်ကြောင့် မီချီနှင့် လီကျောက်တို့မှာလည်း မကျေမနပ်ဖြင့်သာ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေရလေ၏။

“နန်းတော်သခင် နိုင်နိုင်လား…” ဟွာချင်းစီနှင့် ကျုချင်းသည် ခပ်လှမ်းလှမ်းနေရာတွင် ရပ်၍ ရန်ကိုင်တို့ ဆေးပညာချင်း ပြိုင်နေကြသည်ကို ကြည့်နေကြလေသည်။

သိုင်းပညာချင်းပြိုင်မည်ဆိုလျှင်တော့ ဟွာချင်းစီအနေဖြင့် ရန်ကိုင်အပေါ် ယုံကြည်ချက်ရှိပါသော်ငြား ယခု ရန်ကိုင်တို့ပြိုင်ဆိုင်နေသည်မှာ ဆေးပညာဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဟွာချင်းစီမှာလည်း မသေချာတော့ဘဲ ကျုချင်းအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးလေး မေးလိုက်လေ၏။

“ငါ ဆေးပညာအကြောင်း ဘာမှမသိဘူး…” ကျုချင်းက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

ဟွာချင်းစီလည်း အတူတူပင်။ သူမအနေဖြင့် အခြားသူများ ဆေးဖော်စပ်သည်ကို မြင်ခဲ့ဖူးပါသော်ငြား သူမကိုယ်တိုင်သည် ဆေးပညာအကြောင်း ဘာမှ သေချာမသိပေ။ ထို့အတွက်ကြောင့် လက်ရှိအခြေအနေတွင် မည်သူအသာစီးရနေသလဲ ဆိုသည်ကို သူမ မပြောနိုင်ခဲ့။

“ဒါပေမယ့် သူ့ပုံစံကိုကြည့်ရတာတော့ သူ့ကိုယ်သူ တော်တော်လေး ယုံကြည်ချက်ရှိတဲ့ပုံပဲ…” ကျုချင်းက ထပ်ပြောလိုက်သည်။

ထိုစကားကိုကြားသော် ဟွာချင်းစီမှာ ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သူမပြောသည့်အတိုင်းပင် ရန်ကိုင်၏မျက်နှာထက် ယုံကြည်မှုတို့ဖြင့် ပြည့်နေခဲ့သည်။ လက်ရှိအခြေအနေအရ ရန်ကိုင်သည် သူရင်ဆိုင်နေရသည့်ပြိုင်ဘက်မှာ ကျိယင်ဖြစ်ပါသော်ငြား သူသာ နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားသည့်အလား။

ထို့အတွက်ကြောင့်ပင်လျှင် ဟွာချင်းစီမှာ အနည်းငယ်တည်ငြိမ်သွားခဲ့ပြီး ရန်ကိုင်အား စိတ်ထဲမှနေ၍ ကြိတ်ကာ အားပေးနေလိုက်လေသည်။

မီးတောက်များမှာ အဆက်မပြတ် လောင်ကျွမ်းနေခဲ့ပြီး ရန်ကိုင်နှင့် ကျိယင်တို့မှာ လက်ကွက်များကို အဆက်မပြတ် ထုတ်ဖော်နေခဲ့ကြလေသည်။ နက်နဲလှသည့် စိတ်ဝိဉာဉ်အစီအရင်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာနေခဲ့ပြီး ဆေးမီးဖိုထဲသို့ ပေါင်းစပ်သွားနေခဲ့လေသည်။ ဆေးပင်များမှာလည်း ဆေးမီးဖိုထဲသို့ တစ်ပင်ပြီးတစ်ပင် တိုးဝင်သွားနေခဲ့ပြီး ဆေးအရည်များမှာလည်း တဖြည်းဖြည်းနှင့် စတင်ဖြစ်ပေါ်လာနေခဲ့သည်။ မကြာမီ ခန်းမထဲ မွှေးရနံ့တို့ ထွက်ပေါ်လာတော့လေသည်။

ကျိယင်သည် ဆေးဖော်စပ်နေစဉ်အတောအတွင်း ရန်ကိုင်၏ လှုပ်ရှားမှုများကို တောက်လျှောက်စောင့်ကြည့်နေခဲ့သည်။ ရန်ကိုင်သည် တေဇောဓာတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသဖြင့် သူ့အား လျှော့တွက်၍ မရပါသော်ငြား ဤပြိုင်ပွဲကို သူသာ နိုင်လိမ့်မည်ဟု ကျိယင်ကတော့ ယုံကြည်နေဆဲပင်။

သို့သော်ငြား ရန်ကိုင်အား စောင့်ကြည့်နေရင်းမှ ကျိယင်သည် အချက်တစ်ချက်အပေါ် သေချာသွားရတော့လေသည်။ ရန်ကိုင်သည် အမှန်တကယ်ကို ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ အုတ်မြစ်မှာ အလွန်ကိုမှ ခိုင်ခံ့ကျစ်လျစ်ပြီး ဆေးရည်သိပ်သည်းသည့် သူ၏ လုပ်ဆောင်ပုံများမှာလည်း အလွန်ကိုမှ အသေးစိတ်ကျပေသည်။ သိပ်သည်းလိုက်သည့် ဆေးအရည်မှာလည်း အလွန်ကိုမှ သန့်စင်လှသည်။ သူသာ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး မဟုတ်ပါက ယခုကဲ့သို့ လုပ်နိုင်ရန် မဖြစ်နိုင်ပေ။

ကြယ်တာရာအစုအဝေးထဲ အခြားသော ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ရုတ်တရက် ပေါ်လာသည့်အတွက်ကြောင့် ကျိယင်စိတ်ထဲ အနည်းငယ်တော့ ဝမ်းသာသွားမိရသည်။ သူသာ ဤအကြောင်းကို သူ့ဆရာအား ပြန်ပြောလိုက်မည်ဆိုပါက သူ့ဆရာလည်း ကျိန်းသေ ဝမ်းသာပေလိမ့်မည်။ ဆေးတာအိုသည် နက်နဲပြီး ခက်ခဲရှည်ကြာသည့် လမ်းစဉ်တစ်ခု ဖြစ်လေရာ သိုင်းတာအိုထက် ကျော်လွှားရန် ပိုမိုခက်ခဲသည့်အတွက်ကြောင့် ကြယ်တာရာအစုအဝေးထဲ ဧကရာဇ်အဆင့်သို့ ရောက်နေသည့် သိုင်းပညာရှင်ပေါင်းများစွာ ရှိနေပါသော်ငြား ဧကရာဇ်အဆင့် ဆေးပညာရှင်များမှာမူ အနည်းငယ်သာ ရှိကြလေသည်။

အခြားသူများသည် ဆေးပညာရှင်များ ရနေကြသည့် အခွင့်အလမ်း၊ အခွင့်အရေးများကိုသာ စိတ်ဝင်စားကြပြီး ထိုကဲ့သို့သော အခွင့်အရေးများကို ရဖို့ရာ ထိုအဆင့်သို့ ရောက်လာရန်အတွက် ဆေးပညာရှင်များ မည်မျှ ကြိုးစားအားထုတ်ခဲ့ရကြောင်းကိုတော့ သူတို့ မသိကြပေ။

ဆေးလုံးတောင်ကြားသည် ဆေးတာအိုကို ကြယ်တာရာအစုအဝေး၌ သာယာဝပြောလာအောင် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ မဟာဆေးဧကရာဇ်၏ တပည့်များမှာလည်း ဆေးတာအိုကို ပြန့်ပွားအောင် လုပ်ဆောင်ရန်မှာ သူတို့၏တာဝန်ဖြစ်သည်ဟု မှတ်ယူထားကြသည်။ ထို့အတွက်ကြောင့် ကြယ်တာရာအစုအဝေး၌ ဆေးပညာရှင်အသစ်များ ပေါ်လာသည့်အပေါ် သူတို့ တကယ်ကို ဝမ်းသာကြပေသည်။ ဆေးပညာရှင်များ ပိုမိုများပြားလာသည့်အခါမှသာလျှင် ဤလောကကြီး၌ရှိနေသော ကျင့်ကြံသူများ လိုအပ်မည့် ဆေးလုံးများကို လောက်ငှစွာ ဖော်စပ်နိုင်မည်ဖြစ်ကာ သိုင်းတာအိုလည်း ပို၍ ထွန်းတောက်လာနိုင်ပေလိမ့်မည်။

အပိုင်း (၂၇၃၃)

ဘာသာပြန်သူ_တိမ်တိုက်

ကြည့်နေရင်း ကြည့်နေရင်း ကျိယင် ထိတ်လန့်လာမိတော့သည်။ အကြောင်းမှာ ရန်ကိုင်သိပ်သည်းထားသည့် ဆေးအရည်သည် သူသိပ်ထားသည့် ဆေးအရည်အောက် နိမ့်ကျခြင်းမရှိသည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။

ပို၍ ထိတ်လန့်ဖွယ်ရာကောင်းသည်မှာ ရန်ကိုင်မှ ဆေးပင်များကို ပစ်ထည့်သည့် အဆင့်နှင့် အချိန်သည် သူနှင့် တစ်ထပ်တည်း တူနေခြင်းပင်။

ဆေးလုံးများတွင် ဆေးညွှန်းမှာ တစ်မျိုးမက ရှိတတ်ပေသည်။

ဆေးပညာရှင်တိုင်းသည် ဆေးတာအိုအပေါ် မတူကွဲပြားစွာ ရှုမြင်ကြလေသည်။ ထို့အတွက်ကြောင့် သူတို့၏ ထိုးထွင်းနားလည်မှုများ၊ ပညာရပ်များမှာလည်း တစ်ယောက်နှင့်တစ်ယောက် ကွဲပြားကုန်ကြလေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် မတူကွဲပြားသော ဆေးပညာရှင်များ ဆေးလုံးတစ်လုံးတည်းကို ဖော်စပ်ကြသည့်အခါ ဖြစ်ပေါ်လာသည့် ဆေးလုံးမှာလည်း ကွဲပြားသွားရခြင်းပင်။ ဥပမာပြရသော် ဆေးပင်များကို ဆေးမီးဖိုထဲသို့ ပစ်ထည့်သည့် အဆင့်နှင့် အချိန်ပင်။

အချို့သော ဆေးပညာရှင်များသည် အမျိုးမျိုးသော ဆေးပင်များကို အရင်ထည့်လျှင် ပိုကောင်းသည်ဟု ခံစားရပါသော်ငြား အချို့မှာတော့ အခြားသော ဆေးပင်တစ်မျိုးကိုသာ ဆေးမီးဖိုထဲသို့ အရင်ထည့်ချင်ကြပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဆေးလုံးတစ်မျိုးတည်းအတွက်နှင့် ဆေးညွှန်းများစွာ ဖြစ်ပေါ်လာရခြင်းဖြစ်လေသည်။ တချို့သောဆေးလုံးများအတွက်ဆိုလျှင် ဆေးလုံးကိုဖော်စပ်ရာ၌ အသုံးပြုသည့် ဆေးအမယ်များသည်ပင်လျှင် ကွာခြားတတ်သည်မျိုး ရှိနေတတ်ပေသည်။

ဆေးညွှန်းတစ်ခုတွင် ထိုဆေးလုံးတစ်လုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်အားလုံးကို ထည့်သွင်းထားရုံမက မည်ကဲ့သို့ဖော်စပ်ရမလဲဆိုသည့် ဆေးဖော်စပ်ခြင်းလမ်းညွှန်ပါ ပါဝင်ပေသည်။

ထို့အတွက်ကြောင့် ဆေးညွှန်းဟု ခေါ်ရမည့်အစား ဆေးဖော်စပ်ခြင်းလမ်းညွှန်ဟု ခေါ်ဖို့ရာ ပို၍သင့်တော်ပေသည်။

ဤသည်မှာ ဆေးညွှန်းတစ်ခု၏ အနှစ်သာရပင်။

လက်ရှိအချိန်တွင် ကျိယင်အံ့အားသင့်နေရသည်မှာ ရန်ကိုင်အသုံးပြုသွားသည့် နည်းစနစ်နှင့် လုပ်ဆောင်ပုံသည် သူနှင့် တစ်ထပ်တည်းကို တူညီနေခြင်းပင်။

တစ်နည်းဆိုရသော် ရန်ကိုင်ကျွမ်းကျင်ထားသည့် ဧကရာဇ်ယွမ်ဆေးလုံး ဆေးညွှန်းမှာ သူသိထားသည့် ဧကရာဇ်ယွမ်ဆေးလုံး ဆေးညွှန်းနှင့် တူနေသည် ဟူ၍ပင်။

သို့သော်ငြား မည်ကဲ့သို့များ ထိုကဲ့သို့ ဖြစ်ရလေသနည်း။ ဧကရာဇ်ယွမ်ဆေးလုံးသည် ဧကရာဇ်ချီကို ပြန်ဖြည့်ရန်အတွက် ဧကရာဇ်အဆင့်ပညာရှင်များမှ အသုံးပြုကြသည့် ဆေးလုံးတစ်မျိုးဖြစ်ကာ ဧကရာဇ်အဆင့်ဆေးလုံးများအနက် အများဆုံးတွေ့ရသည့် ဆေးလုံးတစ်မျိုးလည်း ဖြစ်ပေသည်။ ကျိယင်သိသလောက် ဧကရာဇ်ယွမ်ဆေးလုံးအတွက် ဆေးညွှန်းရှစ်မျိုးရှိကာ ဆေးညွှန်းတစ်ခုနှင့်တစ်ခုသည် တူသယောင် ထင်ရပါသော်ငြား တကယ်တမ်းတွင် အနည်းငယ်စီ ကွာခြားကြပေသည်။

အကောင်းဆုံးသော ဧကရာဇ်ယွမ်ဆေးညွှန်းမှာတော့ သူကျွမ်းကျင်ထားသည့် ဆေးညွှန်းဖြစ်ပေသည်။ အကြောင်းမှာ ဤဆေးညွှန်းကို မဟာဆေးဧကရာဇ်ကိုယ်တိုင် ဖန်တီးထားသည့် အတွက်ကြောင့်ပင်။ တစ်နည်းဆိုရသော် ကြယ်တာရာအစုအဝေးထဲ၌ ဧကရာဇ်ယွမ်ဆေးလုံး၏ ဆေးညွှန်းရှစ်မျိုးအနက် သူကျွမ်းကျင်ထားသည့် ဆေးညွှန်းမှာ အကောင်းဆုံးဖြစ်သည်ဟု ပြောလျှင်ပင် ချဲ့ကားပြောရာမရောက်ပေ။

ဤဆေးညွှန်းကို မဟာဆေးဧကရာဇ်မှ သူ့တပည့်များကိုသာ သင်ကြားပေးထားပြီး မည်သည့်အပြင်လူမှ တတ်မြောက်ထားခြင်းမရှိချေ။ ယခု ရန်ကိုင်ဆီမှ ထိုဆေးညွှန်း၏ သဲလွန်စအချို့ကို မြင်လိုက်ရသော် ကျိယင် အံ့အားသင့်သွားရတော့သည်။

သို့သော်ငြား ကျိယင်သည်သာလျှင် အံ့အားသင့်နေရသည်မဟုတ်။ ရန်ကိုင်တို့ ဆေးဖော်စပ်သည်ကို စောင့်ကြည့်နေကြသည့် လူများမှာလည်း ထူးထူးဆန်းဆန်း ခံစားနေကြရလေသည်။

အကြောင်းမှာ ရန်ကိုင်နှင့် ကျိယင်တို့၏ ဆေးဖော်စပ်နေသည့် ပုံစံမှာ တစ်ထပ်တည်းကို တူညီနေသည့် အတွက်ကြောင့်ပင်။ ကွာသွားသည့်အချက်ဆို၍ ရန်ကိုင်မှာ ရှေ့နည်းနည်းသို့ ကြိုရောက်နေခြင်းသာ ရှိလေသည်။ ကျိယင်၏ ဆေးပညာစွမ်းရည်မှာ ရန်ကိုင်အောက် နိမ့်ကျသည့်အတွက်ကြောင့်တော့မဟုတ်။ ရန်ကိုင်မှ ကျိယင်ထက်စော၍ ဆေးလုံးကို စတင်ဖော်စပ်ခဲ့သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

ကျိယင်သည် ရန်ကိုင်အား ပုံတူကူးချနေခြင်းမဟုတ်မှန်း သူတို့သိထားပါသော်ငြား လက်ရှိပုံစံအရတော့ ကျိယင်သည် ရန်ကိုင်အား ပုံတူကူးနေသည်နှင့်သာ တူနေပေသည်။ ကျိယင်သည် ရန်ကိုင် ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည့် ဆေးပင်များကို ရန်ကိုင်အတိုင်း လိုက်ပစ်ထည့်လိုက်သည်။ ရန်ကိုင်က ဤအချိန်ထည့်လျှင် ကျိယင်ကလည်း ဤအချိန်ထည့်ပေသည်။

စောင့်ကြည့်နေရင်း စောင့်ကြည့်နေရင်းမှ ကျိယင်ရင်ထဲ ခံစားနေရသည့် သံသယရိပ်တို့မှာ ပိုပို၍ ကြီးထွားလာရတော့သည်။ အစကတော့ သူတို့နှစ်ဦး ဆေးဖော်စပ်သည့်ပုံစံခြင်း တူနေသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်ဟု ထင်မှတ်ရပါသော်ငြား အတန်ကြာအောင် စောင့်ကြည့်နေပြီးသည့်နောက်တွင် သူတို့နှစ်ဦး ကျွမ်းကျင်ထားသည့် ဆေးညွှန်းမှာ အတူတူသာဖြစ်မှန်း ကျိယင် နားလည်သွားခဲ့ရလေသည်။

“မင်း ဒီဆေးညွှန်းကို ဘယ်ကနေရလာတာလဲ…” ကျိယင်က မေးလိုက်လေသည်။

ဤဆေးညွှန်းသည် မဟာဆေးဧကရာဇ်မှ သူ့စီနီယာအစ်ကိုနှင့် စီနီယာအစ်မတို့ကိုသာ ပေးအပ်ထားသည့် ဆေးညွှန်းတစ်ခု ဖြစ်လေရာ မည်ကဲ့သို့များ အပြင်လူတစ်ယောက်သည် ဤဆေးညွှန်းကို သိနေရလေသနည်း။

“ဆေးဝိဇ္ဇာကျိ ခင်ဗျား အာရုံပျံ့လွင့်နေပြီနော်…” ရန်ကိုင်၏အမူအယာမှာ ပြောင်းလဲခြင်းမရှိ “ခင်ဗျား အခုလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ဒီပြိုင်ပွဲကို ရှုံးသွားမှာနော်…”

ရန်ကိုင်၏စကားကိုကြားသော် ကျိယင်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး ဇောချွေးပြန်သွားခဲ့လေသည်။ သူသည် သူ့ရင်ထဲရှိ သံသယအပေါ် အလွန်ကိုမှ အာရုံစိုက်လွန်းနေသည့် အတွက်ကြောင့် ဆေးဖော်စပ်နေရာမှာ ယာယီမျှ အာရုံပျံ့လွင့်သွားခဲ့ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဆေးအရည်ကို သိပ်သည်းရာ၌ အနည်းငယ်သတိလက်လွတ်သလို ဖြစ်သွားခဲ့ရလေကာ ယခု သေချာကြည့်ကြည့်လိုက်သည့်နောက်တွင် သူဖော်စပ်ထားသည့် ဆေးအရည်မှာ ရန်ကိုင်အောက် အနည်းငယ်မျှ နိမ့်ကျနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ဆေးအရည်ကို သိပ်သည်းခြင်းသည် ဆေးဖော်စပ်ရာတွင် ပထမဆုံးအဆင့်ဖြစ်ပေသည်။ အရေးအကြီးဆုံး အဆင့်တစ်ခုလည်း ဖြစ်ပေ၏။ ဤအဆင့်၌သာ တစ်ခုခုမှားယွင်းသွားမည်ဆိုပါက ဖော်စပ်လိုက်သည့် ဆေးလုံး၏ အရည်အသွေးမှာ ဆုတ်ယုတ်သွားနိုင်ပေသည်။

ဆေးဖော်စပ်ခြင်းသည် စစ်တုရင်ထိုးသလိုပင်။ တစ်ကွက်မှားသွားသည်နှင့် ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီးဖြစ်သွားရပေလိမ့်မည်။

သူ့အနေဖြင့် ဤပြိုင်ပွဲကို ရှုံး၍မရပေ။ ဤပြိုင်ပွဲသည် ဆေးလုံးတောင်ကြား၏ ဂုဏ်သတင်းရော သူ့ဆရာ၏ နာမည်နှင့်ပါ ပတ်သက်နေပေသည်။ ကျိယင်အနေဖြင့် ဤပြိုင်ပွဲကို လုံးဝ အရှုံးခံ၍ မဖြစ်။

ရုတ်ချည်းဆိုသလို ကျိယင်မှာ အခြားလူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ လုံးဝကို အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေသည်။ ကျိယင်ကိုယ်တိုင်သည် အခြား မည်သည့်အရာကိုမှ အာရုံမစိုက်နိုင်တော့ဘဲ လက်ရှိ ဖော်စပ်နေသည့် ဆေးလုံးအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားသည့်အလား။

ရန်ကိုင်၏အမူအယာမှာလည်း တည်ကြည်လေးနက် နေခဲ့လေသည်။ သူသည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား ယခုမှသာလျှင် အခြားသော ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးနှင့် ပထမဦးဆုံးအကြိမ် ပြိုင်ဆိုင်ဖူးခြင်း ဖြစ်လေသည်။ ထို့အပြင် သူပြိုင်နေရသည့်လူမှာ မဟာဆေးဧကရာဇ်၏ အမွေခံတပည့် ငါးယောက်အနက် တစ်ယောက်ဖြစ်ပေသည်။

သူသာ တတ်စွမ်းသမျှပညာရပ်အားလုံးကို ထုတ်မသုံးပါက ဤပြိုင်ပွဲကို နိုင်နိုင်လိမ့်မည်မဟုတ်ပေ။

ကျိယင် မြင်တွေ့လိုက်ရသည့် တေဇောဓာတ်အသိစိတ်ပင်လယ်မှာ ရန်ကိုင်၏ တစ်ခုတည်းသော အားသာချက်တစ်ခုမဟုတ်ပေ။ ထိုအရာသည် ရန်ကိုင်အတွက်တော့ အားကိုးရာလေး သေးသေးလေးတစ်ခုသာ ဖြစ်ပေသည်။ ရန်ကိုင် တကယ်အားကိုးရာမှာ ဆေးတာအို၏ ပဲ့တင်သံသာ ဖြစ်လေသည်။ ဟုန်းလော့ကြယ်စီရင်စုကြီး၌ ရှိစဉ်က ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၌ ရန်ကိုင်သည် မဟာဆေးတာအို၏ ပဲ့တင်သံကို ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့လေသည်။ မဟာဆေးတာအို၏ ပဲ့တင်သံမှတစ်ဆင့် ရန်ကိုင်သည် ကောင်းကင်လမ်းစဉ်မှ ဖန်တီးထားသော ဆေးရည်သိပ်သည်းသည့် နည်းစနစ်ကို ရရှိခဲ့သည်။ ထို့အပြင် ဆေးပညာနှင့်သက်ဆိုင်သော ဉာဏ်အလင်းများကိုလည်း ရရှိခဲ့လေရာ ထိုအချိန်မှစ၍ ရန်ကိုင်၏ ဆေးပညာအရည်အချင်းမှာ ဆတက်ထမ်းပိုး မြင့်မားလာရတော့လေသည်။

ထိုအခွင့်အရေးကြောင့်သာ မဟုတ်ပါက ရန်ကိုင်၏ဆေးစွမ်းရည်မှာ ဘာကြောင့်များ ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်ရမည်နည်း။

လွန်ခဲ့သည့်နှစ်များအတွင်း ရန်ကိုင်သည် ဆေးပညာအပေါ် သိပ်၍ အာရုံမစိုက်ဖြစ်ခဲ့ပေ။ ထို့အတွက်ကြောင့် ရှင်းရှင်းပြောရလျှင် သူ့အနေဖြင့် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာသည်မှာ ကံကောင်းထောက်မမှုကြောင့် ဖြစ်သည်ဟု ပြော၍ရနိုင်လေရာ သူ့အရည်အချင်းအရ မည်ကဲ့သို့များ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး လျင်လျင်မြန်မြန် ဖြစ်လာနိုင်မည်နည်း။ သို့သော်ငြား မဖြစ်နိုင်လင့်ကစား ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ မဟာဆေးတာအို၏ ပဲ့တင်သံကြောင့်ပင် ဖြစ်လေသည်။ မဟာဆေးတာအို၏ ပဲ့တင်သံ ထွက်ပေါ်ရာမှ ရရှိခဲ့သည့် ဉာဏ်အလင်းများကြောင့် ရန်ကိုင်သည် လျင်မြန်စွာပင် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာနိုင်ခဲ့သည်။

သို့တိုင် ရန်ကိုင်သည် ဝါရင့်သမ္ဘာရင့် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်သော ကျိယင်နှင့် မယှဉ်နိုင်သေးပေ။ ထို့အတွက်ကြောင့် ဤဆေးပညာပြိုင်ပွဲ၌ သူတတ်စွမ်းထားသည့် ပညာရပ်အားလုံးကို အိတ်သွန်ဖာမှောက် အသုံးချရတော့သည်။ ရန်ကိုင်၏စိတ်အစုံသည် ရုတ်ချည်းဆိုသလို မည်သည့်အရာပေါ်တွင်မှ အာရုံရောက်မနေတော့ဘဲ သူလက်ရှိဖော်စပ်နေသည့် ဆေးအိုးအပေါ်တွင်သာ ရောက်ရှိသွားတော့လေသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်၏ စိတ်အစုံမှာ လောကကြီးတစ်ခုလုံးနှင့် ပေါင်းစပ်သွားသည့်အလား။ ရန်ကိုင်စိတ်ထဲ အလွန်ကိုမှ အံ့အားသင့်ဖွယ်ရာကောင်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်၏လက်ကွက်များမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ အစီအစဉ်တကျ ဖြစ်နေသည့် သူ၏လှုပ်ရှားမှုများမှာ ရုတ်တရက်ဆိုသလို ပရမ်းပတာ ဖြစ်လာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လီကျောက်နှင့်မီချီတို့မှာ ဝါးလုံးကွဲအော်ရယ်မောလုမတတ် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား မွန်းစတားဘုရင်သုံးပါး၏ အကြည့်ကြောင့် မရယ်မိအောင် ကြိတ်ကာ ထိန်းနေခဲ့ရလေသည်။

ကျိယင်၏လှုပ်ရှားမှုများမှာမူ ရန်ကိုင်ကဲ့သို့ ပရမ်းပတာ ဖြစ်မနေခဲ့ဘဲ အလွန်တရာ သိမ်မွေ့ချောမွေ့လှသည်။ ကျိယင်ဆေးဖော်စပ်နေသည်ကို ကြည့်ရသည်မှာ အမှန်တကယ်ကို မျက်စိပသာဒ ဖြစ်လှသည်။ ရန်ကိုင်၏ ပရမ်းပတာဆန်သည့် လှုပ်ရှားမှုများနှင့် ယှဉ်လိုက်သော် မိုးနှင့်မြေအလားပင်။

(ဒါနဲ့များ ဆေးဝိဇ္ဇာကျိနဲ့ သွားပြိုင်ချင်နေသေးတယ်… ဒီကောင် ကိုယ့်အကြောင်းကိုယ် မသိတာပဲ…)

ဟွာချင်းစီမှာလည်း ထိုအချက်ကို သတိပြုမိလိုက်ပြီးသည့်နောက် စတင်၍ စိုးရိမ်လာရတော့သည်။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူမ လုံးဝကို နားမလည်နိုင်တော့ချေ။ အစောပိုင်းက ရန်ကိုင်သည် ကောင်းကောင်းမွန်မွန်သာ ဖြစ်နေပါသော်ငြား ရုတ်တရက်ကြီး ဘာကြောင့်များ သူ၏လှုပ်ရှားမှုများမှာ ဤကဲ့သို့ ပရမ်းပတာ နိုင်သွားရလေသနည်း။

“ဟင်…” ရန်ကိုင်တို့ဆေးဖော်စပ်နေသည်ကို စောင့်ကြည့်နေသည့်လူများအနက် တစ်ယောက်တည်းသောသူသည်သာ ရန်ကိုင်အား မမှိတ်မသုန် ရုတ်တရက် စိုက်ကြည့်လာတော့လေသည်။ ထိုစိုက်ကြည့်နေသည့်လူမှာ အလွန်တရာကိုမှ ထိတ်လန့်အံ့အားသင့်နေသည့်အလား သူ့မျက်လုံးများမှာ ပြူးကျယ်နေခဲ့ပြီး မျက်တောင်မှာလည်း တစ်ချက်ပင် မခတ်ခဲ့ပေ။

ထိုလူမှာ အခြားမဟုတ် ကျိယင်၏ ပထမတပည့်သာ ဖြစ်လေသည်။

ထိုတပည့်မှာ ရန်ကိုင်အား သိပ်၍ အမြင်မကြည်လှ။ ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ လီရွှမ်းပြောသွားသည့် စကားကြောင့် မဟုတ်ဘဲ ရန်ကိုင်သည် လီရွှမ်း ဂိုဏ်းထဲမှ နှင်ထုတ်ခံလိုက်ရသည့် အဓိကတရားခံ ဖြစ်သည့်အတွက်ကြောင့်ပင်။ လီရွှမ်း၏လုပ်ရပ်ကို သူအားမပေးပါသော်ငြား သူတို့နှစ်ဦး ဂိုဏ်းတူညီအစ်ကို ဖြစ်လာခဲ့သည်မှာ နှစ်အတော်ကြာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် လီရွှမ်း ဂိုဏ်းထဲမှ နှင်ထုတ်ခံလိုက်ရသည့်အပေါ် သူ့အနေဖြင့် ရန်ကိုင်အား မကျေမနပ်ဖြစ်မိသည်မှာ သဘာဝသာ ဖြစ်လေသည်။

အစကတော့ သူ့ဆရာ ဒေါသပြေသွားသည့်အချိန်အထိ စောင့်၍ လီရွှမ်းအား ပြန်ခေါ်ရန် ဖျောင်းဖျစကား ဆိုကြည့်မည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။ တကယ်တော့ သူ၏ ဂျူနီယာညီလေးမှာ ငယ်ငယ်လေးသာ ရှိသေးသည့်အတွက်ကြောင့် အမှားလုပ်မိသည်မှာ သဘာဝသာ ဖြစ်လေသည်။ သူသာ သူ့အမှားသူသိ၍ ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်မည်ဆိုပါက ကိစ္စမရှိ။ သို့သော်ငြား ရန်ကိုင်ကမူ သူ့အား ထိုကဲ့သို့ အခွင့်အရေးမျိုး မပေးခဲ့ပေ။

ထို့နောက် ရန်ကိုင်မှ သူ့ဆရာနှင့် ဆေးပညာချင်းယှဉ်ပြိုင်မည်ဟု စိန်ခေါ်လာသော် သူ့စိတ်ထဲ ရန်ကိုင်အား အထင်အမြင်သေးမိပေသည်။ ရန်ကိုင်လိုလူမျိုးသည် သူ့ဆရာအား မည်သို့မှ နိုင်လိမ့်မည်မဟုတ်ဟုလည်း ယုံကြည်နေမိပေသည်။ ထို့အတွက်ကြောင့် ဆေးဖော်စပ်နေစဉ်အတောအတွင်း ရန်ကိုင်အား မုန်းမုန်းတီးတီးနှင့် တောက်လျှောက်ကို စိုက်ကြည့်နေလေ၏။ ရန်ကိုင် သူ့ဆရာထံ၌ မည်ကဲ့သို့ ရှုံးနိမ့်မလဲ ဆိုသည်ကို ကောင်းကောင်း မြင်ချင်နေမိပေသည်။ သို့သော်ငြား မမျှော်လင့်ထားစွာပင် သူမြင်ချင်နေသည့် အရာကို မမြင်ခဲ့ရပဲ အခြား အံ့အားသင့်ဖွယ်ရာတစ်ခုကိုသာ သွားမြင်လိုက်ရသည်။

အခြားလူများ၏ အမြင်တွင် ရန်ကိုင်သည် အရူးတစ်ယောက်နှယ် လှုပ်ရှားနေသည်ဟု ထင်မှတ်ရပါသော်ငြား ထိုတပည့်၏ မျက်လုံးထဲတွင် ရန်ကိုင်၏လှုပ်ရှားမှုများမှာ သာမန်နှင့်မတူ လုံးဝကို ကွဲပြားနေခဲ့သည်။ ရန်ကိုင်၏ လက်ကွက်အသွားအလာကို စောင့်ကြည့်နေရင်းမှ တစ်ခုခုအား မြင်လိုက်ရသလို သူ့စိတ်ထဲ ခံစားလိုက်ရလေသည်။ သို့သော်ငြား သေသေချာချာ မြင်နိုင်ရန် ကြိုးစားကြည့်လိုက်သည့်အခိုက် ဘာကို မြင်လို့မြင်မှန်း လုံးဝ မသိရတော့ပေ။ တဖြည်းဖြည်းနှင့် ရန်ကိုင်လက်ကွက်များကို မမှိတ်မသုန် စိုက်ကြည့်နေရင်းမှ သူ့နဖူးထက် ချွေးသီးများ ဝေ့သီလာရတော့သည်။

ခန်းမထဲတွင် ပျံ့လွင့်နေသည့် ဆေးရနံ့တို့မှာ ပိုပို၍ အားကောင်းလာနေခဲ့လေသည်။ ဆေးဖော်စပ်ရန် လိုအပ်သော ဆေးအမယ်အားလုံးကို ရန်ကိုင်နှင့် ကျိယင်တို့ နှစ်ဦးစလုံး ဆေးမီးဖိုထဲ ပစ်ထည့်ပြီးသွားခဲ့လေပြီ။ ဆေးမီးဖိုအဖုံးများမှာလည်း ပိတ်နေပြီဖြစ်ကာ ဆေးဖော်စပ်ခြင်းဖြစ်စဉ်မှာ စတင်နေပြီဟု ပြော၍ရသည်။

ရုတ်တရက်ဆိုသလို ကျိယင်၏ ပထမတပည့် ဒူးထောက်ကျသွားခဲ့လေသည်။

ထိုရုတ်တရက်အဖြစ်အပျက်သည် ရန်ကိုင်နှင့်ကျိယင်မှလွဲ၍ အခြားသူအားလုံးကို အလန့်တကြား ဖြစ်သွားခဲ့လေသည်။

ဟွာချင်းစီမှာလည်း ကျိယင်၏ ပထမတပည့်ဆီသို့ လှမ်းကြည့်လိုက်လေရာ ထိုလူငယ်လေးမှာ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေကြောင်း တွေ့လိုက်ရလေ၏။ မသိလျှင် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ပွဲအား ဆင်နွှဲထားရသည့်အလား သူ့မျက်နှာမှာ ဖြူလျော်နေခဲ့ပြီး သူ့မျက်လုံးများမှာ သွေးရောင်ရဲတက်နေခဲ့လေသည်။ သို့သော်ငြား ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေ၏။

“ဘာဖြစ်တာလဲ…” ဟွာချင်းစီသည် ထိုလူငယ်လေးအား အလျင်အမြန် သွားထူပေးလိုက်လေသည်။ ကျိယင်၏ ပထမတပည့်သည်သာ ဤနေရာ၌ တစ်ခုခုဖြစ်သွားမည်ဆိုပါက ကျိယင်အား အကြောင်းပြချက်ပေးရန် ခက်ခဲပေလိမ့်မည်။

“ငါ့ကို လာမထိနဲ့…” ပထမတပည့်က ထအော်လေသည်။ နဖူးကြောကြီးများ သူ့မျက်နှာတစ်လျှောက် ထောင်တက်နေလေရာ သူ့ပုံစံမှာ အတော်လေးကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့လေသည်။

ဟွာချင်းစီ၏လက် လေထဲတွင် ရပ်သွားခဲ့လေသည်။ သူမစိတ်ထဲတွင်လည်း အတော်လေးကို ဒေါသထွက်နေမိခဲ့လေသည်။ သူမဘက်မှ ဘာအမှားများ လုပ်မိ၍များ ဤကောင်လေးသည် အကြောင်းအရင်းမရှိ သူမအား ဒေါသထွက်နေရသလဲ ဆိုသည်ကို သူမ နားမလည်နိုင်ပေ။

“အိုး…” ရန်ကိုင်သည် ထိုတပည့်ဘက်သို့လှည့်၍ ပြုံးဖြီးလျက် “ဒီတော့ မင်း တစ်ခုခုကို မြင်သွားတယ်ပေါ့… သေချာကြည့်ထားနော်… တတ်မတတ်ကတော့ မင်းအပေါ်ပဲမူတည်မှာ…”

ရန်ကိုင်ပြောသည့်စကားကိုကြားသော် မီချီနှင့် လီကျောက်တို့နှစ်ယောက်စလုံး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာကြလေသည်။ သူတို့၏နှုတ်ခမ်းများမှာတော့ ရန်ကိုင်အား အထင်အမြင်သေးသည့် အရိပ်အယောင်များဖြင့် ကွေးတက်သွားခဲ့လေသည်။ ဤခွေးကောင်လေးသည် ဘာကြောင့်များ ဤမျှ လေလုံးထွားရလေသနည်း။ သူတို့ဘေးတွင် ရပ်နေသည့်လူမှာ အခြားမဟုတ် ကျိယင်၏ ပထမတပည့်ဖြစ်သည်။ ကျိယင်၏ ပထမတပည့်သည် ရန်ကိုင်ဆေးဖော်စပ်နေသည်ကို ကြည့်ရင်းမှ တစ်ခုခုအား နားလည်သွားစရာအကြောင်း ရှိမည်လား။ ရန်ကိုင်သည် ဘာကြောင့်များ သူ့ကိုယ်သူ ဤမျှ အထင်ကြီးနေရလေသနည်း။ သို့သော်ငြား သူတို့စိတ်ထဲ ထိုကဲ့သို့ တွေးနေစဉ်မှာပင် ကျိယင်၏ ပထမတပည့်သည် အံကို တင်းတင်းကြိတ်၍ မျက်လုံးအပြူးသားဖြင့် ရန်ကိုင်အား စိုက်ကြည့်နေရင်းမှ ပြန်ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် ဆေးဝိဇ္ဇာရန်…”

“ဘယ်လို…” လီကျောက်နှင့်မီချီတို့ ကြောင်သွားခဲ့ကြပြီး နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ သူတို့နှစ်ဦးစလုံး၏ မျက်လုံးများထဲ ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တို့ကို အထင်းသားမြင်တွေ့နေရသည်။

ကျိယင်၏ပထမတပည့် ဘာများ ဖြစ်သွားလေသနည်း။ ဘာကြောင့်များ သူသည် ရန်ကိုင်အား သွားကာ ကျေးဇူးတင်နေရလေသနည်း။ ထို့အပြင် ရန်ကိုင်အား ဆေးဝိဇ္ဇာရန်ဟုပင် ခေါ်လိုက်သေးသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် သူ့ဆရာနှင့် ဆေးပညာချင်း ပြိုင်ဆိုင်နေခြင်း ဖြစ်လေသည်။ သူ့ဆရာသည် သူ့ရှေ့တည့်တည့်တွင် ရှိနေရာ ရန်ကိုင်အား ထိုကဲ့သို့ သွားရောက်ချီးကျူးခေါ်ဆိုလိုက်သည်မှာ သူ့ဆရာအား ဒေါသထွက်သွားစေမည်ကို သူစိတ်မပူလေသလော။

ကျိယင်မှာ ဆေးဖော်စပ်ရာတွင်သာ အာရုံစိုက်ထားခဲ့ပါသော်ငြား သူ့တပည့်ပြောလိုက်သည့်စကားကို ကြားပြီးသည့်နောက် ထိတ်လန့်သွားခဲ့ရလေသည်။ ရန်ကိုင်အား ဆေးဝိဇ္ဇာရန်ဟုပင် ခေါ်လိုက်သည်ကိုကြားသော် ကျိယင် မျက်မှောင်ကျုံ့မိသွားတော့သည်။ ထို့အတွက်ကြောင့် ကျိယင်လည်း သူ့တပည့် ဘာကြောင့်များ ရန်ကိုင်အား ဤကဲ့သို့ ပြုမူပြောဆိုနေရသလဲ ဆိုသည်ကို သိချင်စိတ်ဖြင့် ရန်ကိုင်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။

သို့သော်ငြား ကြည့်မိလိုက်သည့်အခိုက်မှာပင် ကျိယင်၏ လှုပ်ရှားမှုများ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ လက်ရှိဖော်စပ်နေသည့် ဆေးလုံးကိုပင်လျှင် လုံးဝ မေ့လျော့သွားတော့သည်။

ဆေးတာအိုအပေါ် ကျိယင်၏ ထိုးထွင်းနားလည်မှုသည် သူ့တပည့်ထက် အဆပေါင်းများစွာ သာပေသည်။ ထို့အတွက်ကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့တပည့်မမြင်နိုင်သည့်အရာကို မြင်လိုက်ရလေသည်။

ကျိယင်၏မျက်လုံးထဲတွင် လက်ရှိ ရန်ကိုင်၏ လက်ကွက်များမှာ ပရမ်းပတာဖြစ်နေသည့် လှုပ်ရှားမှုများ မဟုတ်တော့ဘဲ ဆေးတာအို၏ အထွဋ်အထိပ်ကို ကိုယ်စားပြုနေသည့် လှုပ်ရှားမှုများ ဖြစ်လာကြတော့လေသည်။ ရန်ကိုင်သည် သူ့လက်များကို ပရမ်းပတာလှုပ်ရှားနေခြင်းသာ ဖြစ်ပါသော်ငြား သူ၏လက်ကွက်တစ်ခုချင်းစီတိုင်းသည် ဆေးတာအိုနှင့် စည်းချက်ညီညီ ပဲ့တင်ထပ်နေခဲ့လေသည်။ သူ့လှုပ်ရှားမှုများထဲ ကျိယင်သည်ပင်လျှင် နားမလည်နိုင်သည့် အမှန်တရားတစ်ခု ကိန်းအောင်းနေသည့်အလား။

ဤကဲ့သို့သော အချင်းအရာမျိုးကို သူ့ဆရာ မဟာဆေးဧကရာဇ် ဆေးဖော်စပ်သည့် အခါမျိုးတွင်သာ ကျိယင် မြင်တွေ့ခဲ့ရဖူးပေသည်။ ထို့အတွက်ကြောင့် ယခုကဲ့သို့သော အချင်းအရာမျိုးကို ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးသာ ဖြစ်သေးသည့် အခြားလူတစ်ဦးဆီ၌ လာတွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

အပိုင်း (၂၇၃၄)

ဘာသာပြန်သူ_တိမ်တိုက်

(မဖြစ်နိုင်ဘူး…)

ကျိယင်ရင်ထဲ မုန်တိုင်း ထန်နေခဲ့လေသည်။ ဤလောကကြီးတွင် ဤမျှ ပါရမီကောင်းလှသည့်လူတစ်ဦး မည်သို့များ ရှိနေရလေသနည်း။ ရန်ကိုင်သည် သူ့ဆရာကဲ့သို့ပင် ဆေးတာအို၏ အဆီအနှစ်ကို မည်ကဲ့သို့များ နားလည်ထားရလေသနည်း။

(မဟုတ်သေးဘူး… ဆရာတောင် သူ့အသက်အရွယ်တုန်းက အဲ့ဒါကို နားလည်နိုင်ခဲ့တာ မဟုတ်ဘူး…)

ကျိယင် လုံးဝကို မှင်တက်နေတော့လေသည်။ ယခု သူနှင့် ဆေးပညာချင်း ယှဉ်ပြိုင်နေသည်မှာ ရန်ကိုင်ဆိုသည့်လူငယ်လေး မဟုတ်တော့ဘဲ သူ့တစ်ဘဝလုံး လိုက်လံရှာဖွေနေခဲ့ပါသော်ငြား မည်သို့မျှ ရှာမတွေ့နိုင်ခဲ့သည့် ဆေးတာအို၏ အဆီအနှစ် ဖြစ်သည်ဟုသာ ခံစားနေခဲ့ရသည်။

ထိုအရာမျိုးကို သူ့အနေဖြင့် မည်ကဲ့သို့များ နိုင်နိုင်ပါမည်နည်း။

ကျိယင်၏စိတ်အစုံမှာ ရုတ်တရက်ဆိုသလို မတည်မငြိမ် ဖြစ်လာသည့်အတွက်ကြောင့် သတိလက်လွတ်ဖြစ်သွားကာ သူ၏ သုံးချောင်းထောက်ဆေးမီးဖိုမှာ တုန်ခါလာခဲ့ရလေသည်။

“ဆေးဝိဇ္ဇာကျိ… ခင်ဗျား…” လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး သံပြိုင် အော်ဟစ်လိုက်ကြလေသည်။

သူတို့နှစ်ဦးစလုံးမှာ ဆေးတာအိုနှင့်ပတ်သက်၍ ဘာမှမသိသလို လက်ရှိအခြေအနေအရ မည်သူက အသာစီးရလို့ရနေမှန်း မသိပါသော်ငြား ကျိယင်၏ပုံစံမှာ အလွန်ကိုမှ သိသာလွန်းနေလှပေသည်။ ကျိယင်၏အမူအရာကို ကြည့်လိုက်ရုံဖြင့် သူစိတ်ပျံ့လွင့်နေကြောင်းကို အထင်းသား မြင်တွေ့နိုင်ပေသည်။

(ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ…) ကျိယင်သာ ရှုံးသွားခဲ့လျှင် သူ့အနေဖြင့် ဘာမှများများစားစား ဆုံးရှုံးလိုက်ရလိမ့်မည် မဟုတ်ပါသော်ငြား သူတို့အတွက်မူ သူတို့ဂိုဏ်းအသီးသီး၏ နှစ်ငါးဆယ်စာဝင်ငွေကို ရန်ကိုင်ဆီသို့ ပေးရပေလိမ့်မည်။ ထိုနှစ်ငါးဆယ်စာလုံးလုံး သူတို့ဂိုဏ်း၏ တပည့်အသီးသီးမှာ ခြိုးခြံချွေတာ၍ နေကြရပေတော့မည်။

မီချီနှင့် လီကျောက်တို့၏အော်သံကြောင့် ကျိယင် အသိပြန်ဝင်လာခဲ့ပြီး သူ့ကိုယ်သူ ရန်ကိုင်နှင့် ဆေးပညာချင်းပြိုင်နေကြောင်းကို ပြန်သတိရသွားခဲ့လေသည်။ ချက်ချင်းဆိုသလို ကျိယင်မှာ စိတ်ပျက်မိသွားခဲ့သလို သူ့ကိုယ်သူလည်း ရှက်ရွံ့မိသွားခဲ့သည်။

ဤသည်မှာ သူ ဒုတိယအကြိမ် အာရုံပျံ့လွင့်ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူ၏ အာရုံပျံ့လွင့်မှုသည် သူဖော်စပ်နေသည့် ဆေးလုံးအပေါ် ကျိန်းသေကို သက်ရောက်မှု ရှိပေတော့မည်။ သို့သော်ငြား ဝါရင့်သမ္ဘာရင့် ဆေးပညာရှင်တစ်ဦးပီပီ မတည်မငြိမ်ဖြစ်နေသော သူ့စိတ်အစုံကို လျင်လျင်မြန်မြန်ဖိနှိပ်၍ ဆေးဖော်စပ်ရာတွင်သာ ပြန်လည်အာရုံစိုက်ထားလိုက်လေသည်။

ရုတ်တရက် အခြား မည်သည့်အတွေးကိုမှ စဉ်းစားမနေတော့ဘဲ ဆေးလုံးအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်သည့်နောက်တွင် ကျိယင်၏လှုပ်ရှားမှုများမှာ ရေအလျင်နှယ် သိမ်မွေ့ချောမွေ့လာခဲ့ကာ မသိလျင် ကျိယင် ဥာဏ်အလင်းပွင့်ကာ ဆေးဖော်စပ်ခြင်းထဲ အပြည့်အဝ နစ်မျောသွားသည့်အလား။

ကျိယင်၏ ပထမတပည့်သည် ရန်ကိုင်၏ လှုပ်ရှားမှုများကို မျက်လုံးအပြူးသားဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့လေသည်။ ထိုသို့စိုက်ကြည့်နေစဉ် သူ့မျက်လုံးများမှာတော့ သွေးရောင်ရဲတောက်နေခဲ့လေပြီး သူ့ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ရီနေခဲ့လေသည်။ မသိသာမသိလျှင် သူ့ပုံစံမှာ အကြီးအကျယ် နှိပ်စက်ခံထားရသည့်အလား။ သို့သော်ငြား သူ့မျက်နှာထက်တွင်တော့ အတိုင်းမသိ ဝမ်းသာမှုတို့ကို အထင်းသား မြင်တွေ့နေရသည်။

အချိန်ကြာလာသည်နှင့်အမျှ ဆေးသင်းရနံ့တို့မှာ စတင်၍ ပျံ့လွင့်လာတော့သည်။ ဤသည်မှာ ဆေးပင်များ၏ သင်းရနံ့မဟုတ်။ ဆေးလုံး၏ သင်းရနံ့သာ ဖြစ်လေသည်။

ဆေးရနံ့ ထွက်ပေါ်လာခြင်းမှာ ဆေးဖော်စပ်ခြင်းသည် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု ပြောလိုက်ခြင်းသာ ဖြစ်လေသည်။ မည်သည့်အမှားအယွင်းမှသာ မရှိပါက ဆေးလုံး မကြာခင် ဖြစ်ပေါ်လာပေတော့မည်။

ဆေးပြိုင်ပွဲ ပြီးခါနီးလေ မီချီနှင့် လီကျောက်တို့မှာ ပို၍ စိတ်ဂနာမငြိမ် ဖြစ်လာရလေပင်။ အစောပိုင်းကတော့ ကျိယင်၏ စွမ်းရည်အပေါ် ယုံကြည်ချက်အပြည့် ရှိခဲ့သည်။ သို့သော်ငြား ဆေးဖော်စပ်နေစဉ် အတောအတွင်း ကျိယင်မှာ နှစ်ကြိမ်တိုင်တိုင် အာရုံပျံ့လွင့်ခဲ့လေသည်။ သူ၏ အာရုံပျံ့လွင့်မှုသည် သူဖော်စပ်နေသည့် ဆေးလုံးအပေါ် သက်ရောက်မှု ရှိလား မရှိဘူးလား ဆိုသည်ကိုတော့ မီချီနှင့် လီကျောက်တို့ မသိကြ။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ခန်းမထဲရှိ‌ ဆေးသင်းရနံ့တို့မှာ အထွဋ်အထိပ်အခြေအနေသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်၏ လှုပ်ရှားနေသော လက်ကွက်များမှာ နောက်ဆုံးတွင် ရပ်တန့်သွားတော့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် ကျောက်စိမ်းနက်ဆေးမီးဖိုကိုပုတ်၍ အော်ဟစ်လိုက်လေ၏။ “သိပ်သည်းလိုက်စမ်း…”

ရန်ကိုင်၏ ဆေးဖော်စပ်ခြင်းသည် နောက်ဆုံးအဆင့်သို့ ရောက်လာပြီမှန်း သိလိုက်သည့်နောက်တွင် လူအုပ်ကြီးသည် ရန်ကိုင်ကိုသာ စိုက်ကြည့်နေကြတော့လေသည်။

ဤအဆင့်သည် ဆေးဖော်စပ်ရာတွင် အလွန်ကိုမှ အရေးကြီးသည့် အဆင့်တစ်ဆင့် ဖြစ်ပေသည်။ အဆင့်မြင့် ဆေးသိပ်သည်းခြင်းနည်းစနစ်တစ်ခုကိုသာ နားလည်ထားမည်ဆိုပါက ဆေးပညာရှင်တစ်ဦးသည် ပိုမိုများပြားသော ဆေးလုံးများကို ဖော်စပ်နိုင်ပေလိမ့်မည်။ ထို့အပြင် ဆေးလုံးများ၏ အရည်အသွေးမှာလည်း သာမန်ဆေးလုံးများထက် ပိုမိုမြင့်မားနေပေလိမ့်မည်။

တစ်ချိန်တည်းတွင် ကျိယင်သည်လည်း သူ၏ ဆေးမီးဖိုကို ကောက်ပုတ်လိုက်လေသည်။ သူသည်လည်း ဆေးသိပ်သည်းခြင်းအဆင့်သို့ ရောက်နေလေပြီ။

ထိုမြင်ကွင်းကိုကြည့်ရင်းမှသာလျှင် မီချီနှင့် လီကျောက်တို့ စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။

ဤအဆင့်တွင်တော့ ရန်ကိုင် ကျိယင်အား နိုင်လိမ့်မည်မဟုတ်မှန်း သူတို့ သိနေကြသည်။ အကြောင်းမှာ ကျိယင်အသုံးပြုနေသည့် ဆေးသိပ်သည်းခြင်းနည်းစနစ်ကို သူ့အား မဟာဆေးဧကရာဇ်ကိုယ်တိုင် သင်ပေးခဲ့သည့် အတွက်ကြောင့်ပင်။ ရန်ကိုင်အနေဖြင့် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင် သူ၏ ဆေးသိပ်သည်းခြင်းနည်းစနစ်သည် ကျိယင်၏ ဆေးသိပ်သည်းခြင်းနည်းစနစ်ထက် ပိုကောင်းမည်လား။

သူတို့နှစ်ဦးစလုံးမှာ ဆေးပညာနှင့်ပတ်သက်၍ ဘာမှ သိပ်နားမလည်သည့်အတွက်ကြောင့် ဆေးပညာအကြောင်းသိသော ပထမတပည့်ဆီသို့သာ လှမ်းကြည့်လိုက်ကြလေသည်။

သို့သော်ငြား ပထမတပည့်ဘက်သို့ လှမ်းကြည့်မိလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ဦးစလုံး ရင်ထိတ်သွားခဲ့ကြလေသည်။

အကြောင်းမှာ ပထမတပည့်သည် သူ့ဆရာကို လုံးဝလျစ်လျူရှုထား၍ ရန်ကိုင် ဆေးဖော်စပ်နေသည်ကိုသာ သွေးရောင်ရဲတက်နေသည့် မျက်လုံးများဖြင့် အံ့ဩတကြီး ကြည့်နေသည့်အတွက်ကြောင့်ပင်။

(ရန်ကိုင်ရဲ့ ဆေးသိပ်သည်းခြင်းနည်းစနစ်က ဆေးဝိဇ္ဇာကျိရဲ့ ဆေးသိပ်သည်းခြင်းနည်းစနစ်ထက် ပိုကောင်းတာလား… မဖြစ်နိုင်ဘူး… ဒါပေမယ့် မဟုတ်ရင် ကျိယင်ရဲ့တပည့်က ဘာဖြစ်လို့ သူ့ဆရာကို မကြည့်ဘဲနဲ့ ရန်ကိုင်ကိုပဲ သွားကြည့်နေရတာလဲ… အဲ့ကောင် အမြင်မရှိလို့များလား…)

မီချီနှင့် လီကျောက်တို့ နှစ်ဦးစလုံး သူတို့ကိုယ်သူတို့ အတတ်နိုင်ဆုံး နှစ်သိမ့်ပေးရန် ကြိုးစားနေကြသည်။ ကျိယင်သည် ဆေးဖော်စပ်နေစဉ်အတောအတွင်း နှစ်ကြိမ်တိုင်တိုင် အာရုံပျံ့လွင့်ခဲ့သည့်တိုင် ကျိယင်နိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ချက် ရှိနေပေသေးသည်။

ရန်ကိုင်သည် ဘုံကိုးသွယ် ဆေးသိပ်သည်းခြင်းနည်းစနစ်ကို သုံးလျက် နောက်ဆုံးအဆင့်ကို အပြီးသပ်တော့လေ၏။

ဤသိပ်သည်းခြင်းနည်းစနစ်ကို မဟာဆေးတာအို၏ ပဲ့တင်သံဆီမှ ရန်ကိုင် ရရှိခဲ့ခြင်း ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ဤနည်းစနစ်သည် မဟာဆေးဧကရာဇ်ကိုယ်တိုင် ဖန်တီးထားသော ဆေးသိပ်သည်းခြင်းနည်းစနစ်ထက်ပင် ပိုကောင်းသည်ဟု ပြော၍ရပေသည်။

“တုန်… တုန်… ထန်… ထန်….”

သာယာသည့်အသံတို့ ရုတ်တရက် ပျံ့လွင့်လာခဲ့လေသည်။ ဆေးလုံးများ ဖြစ်ပေါ်လာခဲ့လေပြီ။

ရန်ကိုင်သည် သူ၏ ဆေးမီးဖိုအဖုံးကို ကောက်ဖွင့်လိုက်လေသည်။ ဆေးမီးဖိုအဖုံး ပွင့်သွားသည်နှင့်တစ်ပြိုင်နက် ဆေးလုံးများ ရုတ်ချည်း ပျံထွက်လာခဲ့လေသည်။

မီချီနှင့်လီကျောက်တို့မှာ ရန်ကိုင် ဖော်စပ်လိုက်သည့် ဆေးလုံးများ၏ အရည်အသွေး၊ ရန်ကိုင် ဆေးလုံးမည်မျှ ဖော်စပ်လိုက်နိုင်သလဲ ဆိုသည်ကို သိချင်မိပါသော်ငြား ပျံထွက်လာသည့် ဆေးလုံးများကို သေချာမကြည့်ရသေးခင်မှာပင် ရန်ကိုင်သည် အဆင်သင့်ပြင်ထားသော ကျောက်စိမ်းပုလင်းထဲသို့ ထိုဆေးလုံးများကို ဖမ်းယူကာ အမြန်ကောက်ထည့်လိုက်လေသည်။

ထို့အတွက်ကြောင့် နှစ်ဦးစလုံးမှာ ဒေါသထွက်ထွက်ဖြင့် အံတင်းတင်းသာ ကြိတ်လိုက်ရလေသည်။

ကျိယင်သည်လည်း ဆေးဖော်စပ်လို့ ပြီးသွားခဲ့လေသည်။ နောက်ဆုံးအဆင့်ကို အပြီးသပ်ပြီးသည့်နောက်တွင် ဆေးမီးဖိုအဖုံးကိုဖွင့်လိုက်ရာ ဧကရာဇ်ယွမ်ဆေးလုံးများစွာ ပျံထွက်လာခဲ့လေသည်။ ကျိယင်သည် ထိုဆေးလုံးများကို အလျင်အမြန် ဖမ်းယူလိုက်ပြီး အဆင်သင့်ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ထည့်သိမ်းလိုက်လေ၏။

“ဆေးဖော်စပ်တာတော့ ပြီးသွားပြီ…” ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို ပြန်ရုတ်လျက် ဖြည်းဖြည်းချင်း အသက်ရှူသွင်းလိုက်လေသည်။

ကျိယင်သည် ဆေးဖော်စပ်လို့ ပြီးသွားပါသော်ငြား ဆေးဖော်စပ်နေသည့်နေရာတွင်သာ မျက်မှောင်ကြီးကြုတ်လျက် မလှုပ်မယှက် ထိုင်နေလေ၏။ တစ်ချိန်တည်းတွင် ရန်ကိုင် ဆေးဖော်စပ်လို့ ပြီးသွားသည်နှင့်တစ်ပြိုင်နက် ပထမတပည့်သည် တစ်စုံတစ်ခုအား နားလည်သွားသည့်အလား ဒူးထောက်လျက်သား မျက်လုံးပိတ်ချလိုက်လေသည်။

မီချီနှင့် လီကျောက်တို့မှာတော့ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်အလား အလွန်ကိုမှ စိတ်ဂနာမငြိမ် ဖြစ်နေကြလေသည်။ ဤဆေးပြိုင်ပွဲ၏ နောက်ဆုံးရလဒ်ကို သူတို့ အလွန်ကိုမှ သိချင်နေလေပြီ။ ကျိယင်ရှုံးနိုင်ခြေ သိပ်မရှိပါသော်ငြား နောက်ဆုံးရလဒ် ထွက်မလာသေးခင်အထိတော့ သူတို့ စိတ်မငြိမ်နိုင်သေးချေ။ တကယ်တော့ ဤကိစ္စသည် သူတို့ဂိုဏ်း၏ နှစ်ငါးဆယ်စာဝင်ငွေနှင့် ပတ်သက်နေသည် မဟုတ်ပေလော။

ဆေးလုံးများကို ယှဉ်ကြည့်လို့ မရသေးသည့်အတွက်ကြောင့် ရန်ကိုင်သည် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ရာ သူ့အား လှမ်းကြည့်နေသော ကျုချင်းကို တွေ့လိုက်ရပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။

ကျုချင်းမှာမူ အေးစက်စက်မျက်နှာထားဖြင့်သာ ရှိနေပြီး ရန်ကိုင် သူ့အား အချက်ပြနေသည်ကို တစ်ချက်ကလေးမှပင် မတုံ့ပြန်သဖြင့် ရန်ကိုင်မှာ အရူးတစ်ယောက်နှယ် ဖြစ်သွားရလေသည်။

အချိန်အတော်ကြာသွားသည့်အခါမှသာ ကျိယင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ရန်ကိုင်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ဒီကျိ ရောင်းရင်းရန်ရဲ့အရည်အချင်းကိုတော့ တကယ်လေးစားတယ်…”

ရန်ကိုင်နှင့် ယှဉ်ပြိုင်ပြီးသည့်နောက်တွင် ရန်ကိုင်၏အရည်အချင်းကို သူ အမှန်တကယ် အထင်သေးလိုက်မိပြီမှန်း ကျိယင် နားလည်သွားခဲ့ရလေသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးသာမဟုတ် သူ၏ ဆေးစွမ်းရည်မှာလည်း သူ့အောက်နိမ့်ကျခြင်းမရှိချေ။

ရန်ကိုင်ဆေးဖော်စပ်သည့်နည်းလမ်းကို သူ့အနေဖြင့် တစ်ချက်ကလေးသာ မြင်တွေ့ခဲ့ရပါသော်ငြား ထိုအနည်းငယ်လေးသည်ကပင်လျှင် သူ့အား အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့သည်။ ဤပြိုင်ပွဲသည် အလွန်ကိုမှ အရေးကြီးသည့် အတွက်ကြောင့်သာ မဟုတ်ပါက ကျိယင်သည် သူဆေးဖော်စပ်နေသည်ကို ရပ်တန့်၍ ရန်ကိုင်ဆေးဖော်စပ်နေသည်ကိုသာ အေးအေးဆေးဆေး ထိုင်ကြည့်မိပေလိမ့်မည်။

“ဒီတစ်ကြိမ် ဒီကျိ ရှုံးရှုံးနိုင်နိုင် ရောင်းရင်းရန်ကို ဒီကျိ ကျေးဇူးတင်ချင်တယ်…” ကျိယင်သည် ရန်ကိုင်အား ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် ပထမတပည့်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်သည် သူ့အောက် နိမ့်ကျခြင်းမရှိသည့် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်မှန်း သိပြီးသွားသည့်နောက်တွင် ရန်ကိုင်အပေါ် ကျိယင်၏ ခေါ်ဆိုသုံးနှုန်းပုံမှာ ပြောင်းလဲသွားခဲ့လေသည်။ ထို့အပြင် သူ၏တပည့်မှာ ရန်ကိုင်ဆီမှ အကျိုးအမြတ်များ ရရှိသွားသည့်အတွက်ကြောင့် ရန်ကိုင်အား ကျေးဇူးတင်လိုက်ခြင်းလည်း ဖြစ်ပေသည်။

ယခင်က ကျိယင်သည် ရန်ကိုင်အား နန်းတော်သခင်ရန်ဟုသာ ခေါ်ခဲ့ပါသော်ငြား ယခုအချိန်တွင်မူ ပိုမိုရင်းနှီးသည့် အသုံးအနှုန်းဖြင့် ရောင်းရင်းရန်ဟု ခေါ်ဝေါ်သုံးစွဲနေခဲ့လေပြီ။

“ရောင်းရင်းကျိ… အခုလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး…” ရန်ကိုင်က ပြုံးရင်း ပြန်ပြောလိုက်လေသည်။

လီကျောက်နှင့် မီချီတို့မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မင်သက်နေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူတို့ဘာသာ တွေးနေကြလေသည်။ (ဒါကတော့ မဟုတ်သေးသလိုပဲ… အခုချိန် ဆေးဝိဇ္ဇာကျိက ရန်ကိုင်ကို အကြပ်ရိုက်အောင် လုပ်နေရမှာမဟုတ်ဘူးလား… ဘာလို့ သူ့ကိုသွားပြီး ကျေးဇူးတင်နေရတာလဲ…)

သူတို့နှစ်ဦးမှာ ကျိယင်အား သိလာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပါသော်ငြား ကျိယင်အား တရင်းတနှီးဖြင့် သွားရောက်မခေါ်ဆိုရဲပေ။

ထို့အတွက်ကြောင့် ကျိယင်မှ ရန်ကိုင်အား တရင်းတနှီးဖြင့် ခေါ်ဆိုနေသည်ကိုကြားသော် သူတို့စိတ်ထဲ အနည်းငယ်တော့ စိတ်ပျက်မိသွားခဲ့သည်။ ယခုကဲ့သို့ ဖြစ်မည်မှန်းသာ သိခဲ့လျှင် အစောကြီးတည်းက ကျိယင်နောက်သို့ လုံးဝ လိုက်မလာခဲ့ချေ။

“ဆေးဝိဇ္ဇာကျိ… ပြိုင်ပွဲရလဒ်ကို အရင်ဆုံး ကြည့်ကြတာပေါ့…” မီချီက ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်လေသည်။ ကျိယင်သည်သာ ဤပြိုင်ပွဲကို နိုင်သွားသရွေ့ သူတို့ ဤနေရာသို့ လာရသည်မှာ တန်သွားပြီဟု ပြော၍ရသည်။

ဂိုဏ်းတစ်ဂိုဏ်း၏ နှစ်ငါးဆယ်ဝင်ငွေ။ ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် မီချီမှာ စိတ်လှုပ်ရှားလာရတော့သည်။

လက်ရှိအချိန်တွင် မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံးမှာ ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲတွင် မည်ကဲ့သို့သော ပစ္စည်းမျိုး ရှိနေမလဲ ဆိုသည်ကို အတော်လေး သိချင်နေမိကြလေသည်။ မည်ကဲ့သို့သော ပစ္စည်းမျိုး ရှိနေ၍များ ကျိယင်သည်ပင်လျှင် ထိုသိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို အလွန်ကိုမှ လိုချင်တပ်မက်နေရလေသနည်း။

ကျိယင်သည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်က ပြုံး၍ သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။ “ဧည့်သည်ဆိုတော့ ရောင်းရင်းကျိပဲ အရင်သွားလိုက်ပေါ့…”

ကျိယင်က ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ၏ ဆေးပုလင်းကိုဖွင့်၍ ဧကရာဇ်ယွမ်ဆေးလုံးများကို သွန်ချလိုက်သည်။

ချက်ချင်းဆိုသလို အကုန်လုံး၏အကြည့်သည် ကျိယင်၏ လက်ဝါးပေါ်သို့ စုပြုံရောက်ရှိလာကြလေသည်။

“ကိုးလုံး…” မီချီက စိတ်လှုပ်ရှားစွာဖြင့် ထအော်လေသည်။

ကျိယင်သည် ဆေးမီးဖိုတစ်လုံးမှ အများဆုံးထုတ်ပေးနိုင်သော ဆေးလုံးအရေအတွက်ကို ဖော်စပ်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ကျိယင်မှာ နိုင်ဖို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်နိုင်ပြီဟု ပြော၍ရပေသည်။ ယခု ကျန်ရှိသည်မှာတော့ ဤဆေးလုံးများ၏ အရည်အသွေးပင်။ သို့သော်ငြား ကျိယင်ဖြစ်သည့်အလျောက် သူဖော်စပ်သည့် ဆေးလုံးများ၏ အရည်အသွေးသည် မည်ကဲ့သို့များ နိမ့်ကျပါမည်နည်း။ ဝိုင်းစက်၍ ရွှန်းစိုတောက်ပြောင်နေသော ဆေးလုံးပုံစံကို ကြည့်လိုက်ရုံဖြင့်ပင်လျှင် ဆေးလုံးများ၏ အရည်အသွေးမှာ နိမ့်ကျခြင်းမရှိကြောင်း သိနိုင်ပေသည်။

“ကြည့်… ကြည့်….” ရုတ်တရက်ဆိုသလို လီကျောက်သည် ကမ္ဘာသစ်တစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ဧကရာဇ်ယွမ်ဆေးလုံးများအနက် တစ်လုံးကို ညွှန်ပြရင်းမှ စိတ်လှုပ်ရှားစွာဖြင့် ထအော်လေသည်။ “ဆေးသွေးကြောတွေ… ဆေးသွေးကြောတွေ…”

ဆေးလုံးများအနက် တစ်လုံးသည် ဆေးသွေးကြောများဖြင့် ဖုံးနေခဲ့လေသည်။ ထိုအရာမှာ ဒဏ္ဍာရီလာ ဆေးသွေးကြောများသာ ဖြစ်ကြသည်။

ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံး၏ ဆေးအာနိသင်မှာ သာမန်ဆေးလုံးတစ်လုံး၏ ဆေးအာနိသင်ထက် နှစ်ဆမျှ ပိုမိုမြင့်မားသည့်အတွက်ကြောင့် ဆေးသွေးကြောပါသည့် ဆေးလုံးများ၏ တန်ဖိုးမှာ အလွန်ကိုမှ မြင့်မားလေ့ရှိသည်။

သို့သော်ငြား ဆေးသွေးကြောပါသည့် ဆေးလုံးများသည် သာမန်ဆေးပညာရှင်များ ဖော်စပ်နိုင်သည့် အရာမျိုး မဟုတ်ကြချေ။ အလွန်ကိုမှ ပါရမီပါသည့် ဆေးပညာရှင်များသည်ပင်လျှင် ဆေးသွေးကြောပါသည့် ဆေးလုံးများကို မဖော်စပ်နိုင်ကြ။

သို့သော်ငြား လက်ရှိအချိန်တွင်တော့ ကျိယင်သည် ဆေးသွေးကြောပါသည့် ဧကရာဇ်ယွမ်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့လေသည်။

“ဟား ဟား ဟား…” မီချီမှာ ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့လေသည်။ ယခုမူ သူ စိတ်အေးသွားနိုင်ခဲ့လေပြီ။ ကျိယင်မှ ဆေးလုံးကိုးလုံးအား ဖော်စပ်နိုင်ခဲ့ခြင်းသည် ပြိုင်ပွဲအား တစ်ဝက်နိုင်သွားပြီဟု ပြော၍ရသည်ဆိုပါက ဆေးသွေးကြောပါသည့် ဆေးလုံးအား ဖော်စပ်နိုင်ခြင်းမှာ ဤပြိုင်ပွဲအား အပြည့်အဝနိုင်သွားပြီဟု ပြောလိုက်ခြင်းသာ ဖြစ်ပေသည်။ ရန်ကိုင်အနေဖြင့် လုံးဝ နိုင်နိုင်ခြေ မရှိတော့ချေ။

ရန်ကိုင်ဖော်စပ်ထားသည့် ဆေးလုံးများ၏ အရည်အသွေး မည်မျှ မြင့်မားသလဲ ဆိုသည်ကိုပင် ကြည့်နေစရာမလိုတော့။ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးတည်းကပင်လျှင် ရန်ကိုင်ဖော်စပ်ထားသည့် ဆေးလုံးအားလုံးကို ကျော်လွန်သွားပြီဟု ပြော၍ရပေသည်။

ရန်ကိုင်သည် ကျိယင်ကဲ့သို့ ဆေးသွေးကြောပါသည့် ဧကရာဇ်ယွမ်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်လိမ့်မည်ဟု မီချီမယုံပေ။ ဆေးသွေးကြောများပါသည့် ဆေးလုံးများသည်သာ ထိုမျှ ဖော်စပ်ရ လွယ်ကူနေမည်ဆိုပါက ဆေးသွေးကြောပါသည့်ဆေးလုံးများကို ဒဏ္ဍာရီလာ ဆေးသွေးကြောပါသည့် ဆေးလုံးများဟု ခေါ်ဝေါ်နေတော့လိမ့်မည်မဟုတ်ချေ။

မီချီနှင့် လီကျောက်တို့ စိတ်လှုပ်ရှားစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်။ ထိုမျှများပြားလှသော ပမာဏကို ရတော့မည်ဖြစ်လေရာ သူတို့အနေဖြင့် မပျော်ဘဲ ဘယ်နေပါမည်နည်း။

ရန်ကိုင်နှင့် အလောင်းအစားအား ပြီးသွားသည့်နောက်တွင် ဤဆေးသွေးကြောပါသည့် ဧကရာဇ်ယွမ်ဆေးလုံးကို ကျိယင်ဆီမှ ဝယ်ရန်ပင် နှစ်ဦးသား ဆုံးဖြတ်ထားကြလေသည်။ ဤဆေးလုံးသည် သူတို့အား အလောင်းအစားကိုနိုင်အောင် လုပ်ပေးခဲ့သည့်အတွက်ကြောင့် သူတို့အနေဖြင့် ထိုဆေးလုံးကို အမှတ်တရအနေဖြင့် သိမ်းထားဖို့ရာ ထိုက်တန်ပေသည်။ တစ်ချိန်တည်းတွင်လည်း ကျိယင်အား မျက်နှာလိုမျက်နှာရ လုပ်နိုင်သေးသည် မဟုတ်ပေလော။

(ဆေးလုံးကိုဝယ်ရင်းနဲ့ပါ ထက်ကောင်းကင်နန်းတော်ကို တစ်ခါတည်း အရှက်ခွဲသွားရင် ကောင်းမလား…) မီချီနှင့် လီကျောက်တို့ တွေးလိုက်ကြလေသည်။ သို့သော်ငြား သူတို့အား စောင့်ကြည့်နေသည့် မွန်းစတားဘုရင်သုံးပါးကိုကြည့်ရင်း ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုမွန်းစတားဘုရင်သုံးပါးသည်သာ ရှက်ရှက်နှင့် ဒေါသထွက်လာပါက သူတို့ ပြဿနာတက်ပေလိမ့်မည်။ သူတို့နှစ်ဦးတည်းဖြင့် ထိုသုံးဦး၏ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်ပေ။

အပိုင်း (၂၇၃၅)

ဘာသာပြန်သူ_တိမ်တိုက်

“ဆေးဝိဇ္ဇာတစ်ယောက်ဆိုတဲ့အတိုင်းပါပဲလား…” ရန်ကိုင်သည် ဆေးသွေးကြောများပါသည့် ဆေးလုံးကိုကြည့်ရင်း ချီးကျူးလိုက်လေသည်။ ဆေးသွေးကြောပါသည့် ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်သည်မှာ အမှန်တကယ်ကို အံ့ဩဖွယ်ရာကောင်းလှသည်။ ရန်ကိုင်ကိုယ်တိုင်ပင်လျှင် ဧကရာဇ်အဆင့်ဆေးလုံးများကို ဖော်စပ်သည့်အခါ ဆေးသွေးကြောပါသည့် ဆေးလုံးများများစားစားကို ဖော်စပ်နိုင်လေ့မရှိချေ။

ထိုအချက်တစ်ချက်တည်းနှင့်ပင်လျှင် ကျိယင်မှာ သူသည် ဧကရာဇ်အဆင့်ဆေးပညာရှင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ကြောင်းကို သက်သေပြပြီးသွားခဲ့လေပြီ။

“ဒီလောက်ကြီးလည်းမဟုတ်ပါဘူး… အခုလိုမျိုး ဆေးသွေးကြောပါတဲ့ ဆေးလုံးကို ဒီကနေ့ ဖော်စပ်နိုင်ခဲ့တာ ရောင်းရင်းရန်ရဲ့ ကျေးဇူးကြောင့်ပဲ…”

“ဒါက… ဆေးဝိဇ္ဇာကျိ ဒီဆေးလုံးကို ဖော်စပ်နိုင်တာ သူနဲ့ဘာဆိုင်လို့လဲ…” မီချီက ဝင်ပြောလိုက်လေသည်။ “အခုလိုမျိုး ဆေးသွေးကြောကိုပါတဲ့ဆေးလုံးကို ဖော်စပ်နိုင်တာ ဆေးဝိဇ္ဇာကျိရဲ့ အရည်အချင်းကြောင့်ပဲလေ… ဘယ်လိုလုပ်ပြီး သူ့ကြောင့်ဖြစ်ရတာလဲ…”

“ဟုတ်တယ်… သူသာ ဝင်မရှုပ်ခဲ့လို့ရှိရင် ဆေးသွေးကြောပါတဲ့ ဆေးလုံးအရေအတွက်က တစ်လုံးတည်းတောင် ဖြစ်မှာမဟုတ်ဘူး…” လီကျောက်ကလည်း ဝင်ပြောလိုက်ပြန်သည်။

ကျိယင်ကမူ ခေါင်းတခါခါ လုပ်နေခဲ့ပြီး လေကုန်ခံ၍ ရှင်းပြမနေခဲ့ပေ။ ရန်ကိုင်လည်း သူရှင်းပြနေမည်ကို လိုအပ်နေလိမ့်မည်ဟု မထင်ပေ။

ယခုတစ်ကြိမ် ဆေးသွေးကြောပါသော ဧကရာဇ်ယွမ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ခြင်းမှာ ရန်ကိုင်ဆီမှ ရရှိလိုက်သည့် ဖိအားကြောင့်သာ ဖြစ်လေသည်။ ဆေးဖော်စပ်နေစဉ် အတောအတွင်း ကျိယင်မှာ နှစ်ကြိမ်တိုင်တိုင် အာရုံပျံ့လွင့်ခဲ့ပါသော်ငြား ကြီးစွာသော ဖိအားအောက်တွင် ဉာဏ်အလင်းပွင့်သလို ဖြစ်သွားခဲ့ပြီး ဤကဲ့သို့သော ဆေးသွေးကြောပါသည့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထိုသို့မဟုတ်ဘဲ သူ့ပုံမှန်စွမ်းရည်မျိုးဖြင့်သာဆိုပါက အကြိမ်တစ်ရာဖော်စပ်မည်ဆိုလျှင်ပင် ဆေးသွေးကြောပါသည့် ဧကရာဇ်ယွမ်ဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့ရာ မဖြစ်နိုင်လောက်ပေ။ တစ်ကြိမ်တည်းဖော်စပ်လိုက်ရုံဖြင့် ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးကို မြင်တွေ့ရသည်မှာ အမှန်တကယ်ကို တိုက်ဆိုင်မှုတစ်ရပ်ပင်။

သို့သော်ငြား ယခုနေ သူသာ နောက်ထပ် ဧကရာဇ်ယွမ်ဆေးလုံးများကို ထပ်မံဖော်စပ်မည်ဆိုပါက ယခုတစ်ကြိမ်လောက် ကံကောင်းနေတော့လိမ့်မည် မဟုတ်ချေ။

ကျိယင်ရှင်းပြမနေသည်ကိုမြင်သော် ကျိယင်သည် ရန်ကိုင်အပေါ် အထင်အမြင်တသေးဖြင့် မဆက်ဆံလိုသည့် အတွက်ကြောင့်သာ ဖြစ်သည်ဟု မီချီနှင့် လီကျောက်တို့ မှတ်ယူသွားကြလေသည်။ ထို့အတွက်ကြောင့် မီချီက ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ဆေးဝိဇ္ဇာကျိဖော်စပ်တဲ့ ဆေးလုံးတွေကိုတော့ စစ်ဆေးပြီးသွားပြီ… အခု နန်းတော်သခင်ရန် ဖော်စပ်ထားတဲ့ ဆေးလုံးတွေကို စစ်ဆေးဖို့ပဲ ကျန်တော့တယ်…”

“ဟဲ ဟဲ… နန်းတော်သခင်ရန်ရဲ့ ဆေးပညာစွမ်းရည်က တော်တော်လေး အံ့ဩဖို့ကောင်းတာဆိုတော့ နန်းတော်သခင်ရန်လည်း ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်လောက်မှာပေါ့နော်… ဟုတ်တယ်မလား…” လီကျောက်က လှောင်ပြုံးပြုံး၍ ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။

ရန်ကိုင်က ပြုံးလိုက်လေ၏။

“လောင်းကြေးစားကြေး လုပ်ထားတာဆိုတော့ နန်းတော်သခင်ရန် ဘယ်လိုဆေးလုံးတွေကို ဖော်စပ်ထားလဲ တစ်ချက်လောက်ကြည့်ရအောင်…” မီချီက အောင်နိုင်သူအပြုံးကို ဆင်မြန်းရင်းမှ ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်ရဲ့ ဆေးလုံးတွေကို အခုထိမပြသေးတာ ဆေးဝိဇ္ဇာကျိကို မနိုင်ဘူးလို့ ထင်နေတာကြောင့်မလို့တော့ မဟုတ်ပါဘူးနော်…”

ကျိယင်က အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “မင်းတို့နှစ်ယောက် အဲ့လိုမျိုးလည်း သိပ်ပြီးတော့ မလုပ်ကြနဲ့လေ… ရောင်းရင်းရန်က ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ယောက်ကွ… ထက်ကောင်းကင်နန်းတော်သခင်ရဲ့ နန်းတော်သခင်လည်းဟုတ်တယ်… ငါတို့အကုန်လုံးက မြောက်ဘက်နယ်မြေမှာ အတူတူနေကြရတော့မှာ… နောက်ပိုင်းကြရင် တစ်ယောက်နဲ့တစ်ယောက် မကြာခဏဆိုသလို တွေ့ကြရမှာ… ဘာဖြစ်လို့ ဒီနေ့အဖြစ်အပျက်ကို မေ့ပြီးတော့ အတိတ်ကို အတိတ်မှာပဲထားပြီး သင်ပုန်းမချေလိုက်တာလဲ…”

ကျိယင် ရန်ကိုင်နှင့် ဆေးပညာချင်း ယှဉ်ပြိုင်ခဲ့သည်မှာ ရန်ကိုင်မှ သူ့အား အဆက်မပြတ် ရန်စစော်ကားနေသည်ဟု ခံစားရသည့် အတွက်ကြောင့်ပင်။ ယခုမူ ရန်ကိုင်အတွက် အနည်းငယ်ပင် စိတ်ပူမိလာခဲ့လေပြီ။

သူ့အနေဖြင့် ဆေးသွေးကြောပါသော ဧကရာဇ်ယွမ်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့သည်မှာ ကံကောင်းသည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြော၍ရပါသော်ငြား ရန်ကိုင်ကမူ သူ့လောက် ကံကောင်းမည်လား။ ရန်ကိုင်ရှုံးနိမ့်သွားခဲ့မည်ဆိုပါက အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင် ပေးရပေလိမ့်မည်။ သူနှင့် သူ၏ ပထမတပည့်မှာ ရန်ကိုင်ဆီမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့လေသည်။ အထူးသဖြင့် ယခုအချိန်ထိတိုင် အသိပြန်ဝင်မလာသေးဘဲ ဉာဏ်အလင်းပွင့်နေသော သူ့တပည့်ပင်။ ထို့အတွက်ကြောင့် သူနှင့်သူ့တပည့်သည် ရန်ကိုင်ဆီမှ အကျိုးကျေးဇူး ရရှိခဲ့ပါသော်ငြား ရန်ကိုင်ကမူ သူ့ကြောင့် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင် ဆုံးရှုံးရမည်ဆိုပါက ကျိယင်အနေဖြင့် လုံးဝကို စိတ်ကောင်းလိမ့်မည် မဟုတ်ပေ။

ထို့အတွက်ကြောင့်ပင်လျှင် ကျိယင်သည် ဖျန်ဖြေသူအဖြစ် ဝင်ရောက်၍ ညှိနှိုင်းပေးလိုက်ခြင်း ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် လီကျောက်နှင့် မီချီတို့ နောက်ဆုတ်လို့ ဆုတ်ရကောင်းမှန်း သိသွားရလေအောင် ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်ဟူသော အချက်ကိုပါ ထည့်ပြောသွားခဲ့လေသည်။ သူတို့သည်သာ ယနေ့အလောင်းအစားကို လျစ်လျူရှုပေးလိုက်မည်ဆိုပါက ရန်ကိုင်နှင့် ကျိန်းသေ မိတ်ဆွေဖွဲ့နိုင်ပေလိမ့်မည်။ ရန်ကိုင်နှင့်သာ မိတ်ဆွေဖြစ်သွားမည်ဆိုလျှင် သူတို့အတွက် အကျိုးမရှိဘဲ နေမည်လား။ အနည်းဆုံးတော့ သူတို့သည်သာ ရန်ကိုင်ဆီမှ ဆေးဖော်စပ်ရန် လာရောက်အကူအညီတောင်းမည်ဆိုပါက ရန်ကိုင်အနေဖြင့် သူတို့အား ငြင်းလိမ့်မည် မဟုတ်ချေ။

လီကျောက်နှင့် မီချီတို့ နှစ်ဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ကျိယင် ဘာလုပ်နေချင်သလဲ ဆိုသည်ကို သူတို့နားလည်ပေသည်။ ထို့အတွက်ကြောင့် နှစ်ယောက်စလုံး အကြပ်ရိုက်သွားကြရတော့သည်။

သာမန်ကိစ္စမျိုးသာ ဆိုလျှင်တော့ သူတို့အနေဖြင့် ကျိယင်အား မျက်နှာသာပေးလိမ့်မည် ဖြစ်ပါသော်ငြား ယခုတစ်ကြိမ် သူတို့လောင်းကြေးထပ်ထားသည်မှာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်ဖြစ်ပေသည်။ ထိုပမာဏသည် ကျိယင်အား မျက်နှာသာပေးရမည်ဆိုလျှင်ပင် သူတို့အား တုံ့ဆိုင်းအောင် လုပ်နိုင်သည့် ပမာဏတစ်ရပ် ဖြစ်ပေသည်။

တစ်ခဏကြာပြီးသည့်နောက် မီချီက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာကျိ… ယောကျ်ားတစ်ယောက်ဆိုတာ ကိုယ့်စကားကိုယ်တည်ရတယ်… နန်းတော်သခင်က ကျုပ်တို့နဲ့ အခုလိုမျိုး လောင်းကြေးထပ်ခဲ့မှတော့ သူ့ကတိသူ တည်သင့်တာပေါ့… ရောင်းရင်းလီနဲ့ကျုပ်သာ အခုကိစ္စကို ဒီအတိုင်း ထားပေးလိုက်လို့ရှိရင် နန်းတော်သခင်ရန်ကို အထင်သေးနေသလို ဖြစ်သွားလိမ့်မယ်… နန်းတော်သခင်ရန်ကလည်း အခုလိုဖြစ်မှာမျိုးကို မလိုချင်ဘူးလို့ ကျုပ်ယုံကြည်တယ်…”

လီကျောက်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်လေသည်။ “ရောင်းရင်းမီပြောတာအမှန်ပဲ… ဒါကြောင့် ဒီတစ်ကြိမ် ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ ဆေးဝိဇ္ဇာကျိ… ကျုပ်တို့ ဒီအတိုင်း မထားလိုက်ချင်တာ မဟုတ်ပါဘူး… ဒါပေမယ့် အလောင်းအစားက အလောင်းအစားပဲလေ…”

ထိုလူများ၏ စကားကို ကြားပြီးသည့်နောက် ကျိယင်၏မျက်နှာ အနည်းငယ် သုန်မှုန်သွားခဲ့လေသည်။ သူကိုယ်တိုင် ဝင်ရောက်ဖျန်ဖြေပေးနေသည့်တိုင် ထိုနှစ်ဦးမှာ သူ့အား မျက်နှာသာမပေးဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကြည့်ရသလောက် သူတို့နှစ်ဦးသည် ရန်ကိုင်အား အဆုံးထိတိုင် ဆန့်ကျင်သွားရန် ရည်ရွယ်ထားသည့်ပုံပင်။

ကျိယင်က တစ်ခုခုပြောတော့မည်အပြု ရန်ကိုင်က ရုတ်တရက် လက်မြှောက်၍ တားလိုက်လေသည်။ “ရောင်းရင်းကျိ ဘာမှပြောနေစရာမလိုဘူး… ကျုပ်သာ ရှုံးမယ်ဆိုရင် ကျုပ်အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံပေးလိုက်မယ်…”

ထိုစကားကိုကြားသော် လီကျောက်နှင့်မီချီတို့ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ချီးကျူးလိုက်လေသည်။ “နန်းတော်သခင်ရန်က တကယ့်ကို ယောက်ျားကောင်းတစ်ယောက်ပဲ… နောက်ပိုင်း ထက်ကောင်းကင်နန်းတော် တစ်ခုခုလိုအပ်လာလို့ရှိရင် ပြောသာပြောလိုက်… ကျုပ်တို့ဂိုဏ်းနှစ်ဂိုဏ်းစလုံး ကျိန်းသေကူညီပေးမယ်…”

နှစ်ဦးစလုံးသည် အပိုစကားများကို လျှောက်ပြောနေခြင်းသာ ဖြစ်ပေသည်။ ရန်ကိုင်သာ တကယ် အကူအညီလိုအပ်မည်ဆိုလျှင် သူတို့ဘက်မှ ကူညီပေးချင်မှ ကူညီပေးပေလိမ့်မည်။ ထို့အပြင် လက်ရှိအခြေအနေအရ ရန်ကိုင် သူတို့ဆီမှ အကူအညီလာတောင်းလိမ့်မည်ဟု သူတို့မထင်ပေ။ ယခုတစ်ကြိမ်ကိစ္စ ပြီးသွားပြီးသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်သည် သူတို့ဂိုဏ်းနှစ်ဂိုဏ်းနှင့် ရန်သူဖြစ်မလာလျှင်ပင် သူတို့ဂိုဏ်းနှစ်ဂိုဏ်းနှင့် လုံးဝကို တည့်တော့လိမ့်မည်မဟုတ်။

ရန်ကိုင်က ပြုံးလျက် “ဒီနန်းတော်သခင်က ရှုံးသွားခဲ့ရင် အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံပေးမယ်လို့ပဲ ပြောတာ… ခင်ဗျားတို့နှစ်ယောက် ကျုပ်ရှုံးမယ်လို့ အဲ့လောက်တောင် တထစ်ချ ယုံကြည်နေကြတာလား…”

ရန်ကိုင်စကားကို ကြားပြီးသည့်နောက် လီကျောက်နှင့် မီချီတို့ မှင်သွားခဲ့ကြလေသည်။

ထို့နောက်တွင် မီချီက ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် နန်းတော်သခင်ရန် ဖော်စပ်ထားတဲ့ဆေးလုံးတွေကို တစ်ချက် အရင်ကြည့်ကြည့်တာပေါ့…”

“ဟုတ်တယ် ဟုတ်တယ်… ဆေးလုံးတွေကို အရင်ကြည့်ကြည့်ရအောင်…” လီကျောက်ကလည်း ဝင်ပြောလိုက်လေသည်။

ရန်ကိုင်သည် ရှုံးနေသည့်လူတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် သူရှုံးသွားကြောင်းကို သူကိုယ်တိုင်မြင်သွားအောင် သေသေချာချာလေး ပြပေးရပေလိမ့်မည်။

ထိုအချင်းအရာကိုမြင်သော် ကျိယင် သက်ပြင်းသာ ချလိုက်လေသည်။ ဤအခြေအနေထိ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူဝင်တားနိုင်သည့်အရာ ဘာမှမရှိတော့ပေ။ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်ဟူသော ပမာဏသည် လီကျောက်နှင့်မီချီတို့ သူ့အား မျက်နှာသာမပေးရလောက်သည်အထိ များပြားလှသော ပမာဏတစ်ရပ် ဖြစ်ပေသည်။

“ရောင်းရင်းကျိ… ကျုပ်ကို တစ်ချက်လောက် ကူပြီးစစ်ပေးလို့ရမလား…” ရန်ကိုင်သည် ဆေးပုလင်းကို ကျိယင်ဆီသို့ ပေးလိုက်သည်။

ကျိယင်သည် ဆေးပုလင်းကို လှမ်းဖမ်း၍ ခေါင်းညိတ်လိုက်လေသည်။

ထိုသို့ပြောပြီးသည့်နောက်တွင် ဆေးပုလင်းအဖုံးကို ဖွင့်၍ ရန်ကိုင်ဖော်စပ်ထားသော ဧကရာဇ်ယွမ်ဆေးလုံးများကို အပြင်သို့ သွန်ချလိုက်လေသည်။

လူတိုင်း၏အကြည့်ပေါင်းစုံသည် ကျိယင်၏လက်ဖဝါးပေါ်တွင် ရှိနေခဲ့လေသည်။ ဆေးပုလင်းအဖုံး ပွင့်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ ရင်ခုန်သံမှာ တဖြည်းဖြည်း မြန်ဆန်လာခဲ့လေသည်။

မွန်းစတားဘုရင်သုံးပါးမှာလည်း အကြည့်ချင်းဖလှယ်နေကြလေသည်။ ခက်ထန်ကြမ်းကြုတ်သည့် အရိပ်အယောင်များမှာတော့ သူတို့၏မျက်လုံးထဲ အထင်းသား။ ပြောနေစရာမလိုအောင်ပင် ရန်ကိုင်သာ ဤပြိုင်ပွဲအား ရှုံးနိမ့်သွားခဲ့မည်ဆိုပါက သူတို့သုံးဦး အတူပူးပေါင်း၍ မီချီနှင့် လီကျောက်တို့ကို အမှောက်သိပ်ပေလိမ့်မည်။ မီချီနှင့် လီကျောက်တို့သည် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်ကို သူတို့လက်ထဲမှ လုယူချင်သည်လား။ အိပ်မက်ထဲတွင်သာ ရပေလိမ့်မည်။

“ကိုး… ကိုးလုံး…” လီကျောက်၏ မျှော်လင့်ချက်တို့ဖြင့် ပြည့်နေသော မျက်လုံးများသည် ကျိယင်လက်ထဲရှိ ဆေးကိုးလုံးကိုကြည့်ရင်း ရုတ်တရက်ဆိုသလို ပြူးကျယ်သွားခဲ့လေသည်။

ရန်ကိုင်သည် ကျိယင်ကဲ့သို့ပင် ဧကရာဇ်ယွမ်ဆေးလုံး ကိုးလုံးတိတိ ဖော်စပ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ဆေးတာအိုအပေါ် ရန်ကိုင်၏ကျွမ်းကျင်မှုသည် ကျိယင်နှင့် ယှဉ်နိုင်သည်ဟု ပြောလိုက်ခြင်းပင် မဟုတ်လေလော။

ဧကရာဇ်အဆင့်ဆေးပညာရှင်တိုင်း ဧကရာဇ်ယွမ်ဆေးလုံးကို ကိုးလုံးတိတိ ဖော်စပ်နိုင်ကြသည်မဟုတ်။

“ဆေးသွေးကြောလား…” ဆေးလုံးများအနက် တစ်လုံးကိုကြည့်ရင်း မီချီ လေအေးတစ်ရှိုက် ရှူသွင်းလိုက်လေသည်။

ထိုဆေးလုံးကိုးလုံးအနက် တစ်လုံးသည် ကျိယင်ဖော်စပ်ခဲ့သော ဆေးသွေးကြောပါသည့် ဆေးလုံးနှင့် လုံးဝကို တစ်ထပ်တည်း ဖြစ်နေခဲ့လေသည်။ ထိုဆေးလုံး၏ မျက်နှာပြင်ထက်တွင် လူသားကိုယ်ထဲရှိ သွေးကြောများကဲ့သို့ အကြောအမျှင်လေးများကို အထင်းသား မြင်နေရလေသည်။

“ဟမ်…” ကျိယင်လည်း ထိုဆေးသွေးကြောပါသည့် ဆေးလုံးကိုကြည့်ရင်း ထိတ်လန့်နေခဲ့လေသည်။

ရန်ကိုင်အနေဖြင့် ဧကရာဇ်ယွမ်ဆေးလုံးကိုးလုံးကို ဖော်စပ်နိုင်ခဲ့သည်မှာ သူမျှော်လင့်ထားသည့် ဘောင်အတွင်းတွင်သာ ရှိနေပေသည်။ ရန်ကိုင်၏အရည်အချင်းဖြင့် ထိုကဲ့သို့ မဖော်စပ်နိုင်မှသာလျှင် ထူးဆန်းနေပေလိမ့်မည်။ သို့သော်ငြား ဆေးသွေးကြောပါသည့် ဆေးလုံးအား ရန်ကိုင်ဖော်စပ်နိုင်ခဲ့သည့် အချက်မှာတော့ အမှန်တကယ်ကို အံ့အားသင့်စရာပင်။

ကျိယင်အနေဖြင့် ဆေးသွေးကြောပါသည့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုကြောင့် ဖြစ်သလို ကံကောင်းသွားသည့် အတွက်ကြောင့်လည်း ပါပေသည်။ သို့သော်ငြား ရန်ကိုင်သည်လည်း သူ့ကဲ့သို့ပင် ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဒါ… ဒါ လုံးဝမဖြစ်နိုင်ဘူး…” မီချီမှာ သူများ အမြင်မှားနေသလား အထင်ဖြင့် သူ့မျက်လုံးများကိုပွတ်၍ နောက်တစ်ကြိမ် သေသေချာချာ ထပ်ကြည့်လေသည်။ သို့သော်ငြား ကျိယင်၏လက်ထဲရှိ ဆေးလုံးများထဲ၌ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးမှာမူ အမှန်တကယ်ကို ရှိနေသေးလေ၏။

“မင်း မလှိမ့်တပတ်လုပ်ထားတာပဲ ဖြစ်ရမယ်…” လီကျောက်မျက်နှာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် “ခင်ဗျား စကားကို ကြည့်ပြောနော် နန်းတော်သခင်လီ… ခင်ဗျား စားချင်တိုင်းစားလို့ရတယ်… ပြောချင်တိုင်းတော့ ပြောလို့မရဘူး… ဒီနန်းတော်သခင် ဘယ်တုန်းက မလှိမ့်တပတ် လုပ်လိုက်လို့လဲ…”

လီကျောက်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။ “မင်းပဲ ဧကရာဇ်ယွမ်ဆေးလုံးကို ဖော်စပ်မယ်လို့ ပြောခဲ့တဲ့လူလေ… ဒီဆေးလုံးက မပြိုင်ခင်တည်းက မင်း ကြိုပြီးပြင်ဆင်ထားတဲ့ ဆေးလုံးဖြစ်မှာပေါ့…”

ထိုစကားကိုကြားသော် လီကျောက်ပြောသည်မှာ ယုတ္တိရှိသည်ဟု မီချီ တွေးလိုက်လေသည်။ ရန်ကိုင်သည် ဆေးလုံးများကို ဖော်စပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ဆေးလုံးများကို သူတို့ပင် သေချာမမြင်နိုင်သေးခင်မှာပင် သူ့ဆေးပုလင်းထဲသို့ အမြန် ကောက်ထည့်သိမ်းလိုက်သည် မဟုတ်ပေလော။ ထို့နောက်တွင် ကျိယင်အား သူ့ဆေးလုံးများကို အရင်ထုတ်ပြရန် ပြောလာခဲ့လေသည်။ ဆေးပုလင်းသည် သူ့လက်ထဲတွင် တစ်ချိန်လုံး ရှိနေခဲ့လေရာ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ဆေးလုံးများကို လဲလှယ်လိုက်သည်မှာလည်း လုံးဝကို ဖြစ်နိုင်ပေသည်။

(ဟုတ်တယ်… အဲ့ဒါ ယုတ္တိရှိတယ်…)

(တကယ်ကို ဉာဏ်နီဉာဏ်နက်များတဲ့ကောင်ပါလားကွ…)

“နန်းတော်သခင်ရန်… အဲ့လိုမျိုးလုပ်တာတော့ သိပ်ပြီးတော့ မသင့်တော်ဘူးနော်…” မီချီ၏မျက်နှာ ဒေါသကြောင့် ပြာနှမ်းနေခဲ့လေသည်။ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်သည် သူ့လက်ခုပ်ထဲတွင် ရှိနေပါသော်ငြား ယခုမူ ရန်ကိုင်၏ မရိုးဖြောင့်သည့် လုပ်ရပ်ကြောင့် သူ့လက်ခုပ်ထဲမှ ပွတ်ခါသီခါလည်း လွတ်ထွက်သွားခဲ့ရသည်။ အဆိုးဆုံးမှာ ရန်ကိုင် လိမ်ညာထားကြောင်းကို သက်သေပြနိုင်မည့် အထောက်အထား သူနှင့် လီကျောက် နှစ်ယောက်စလုံးတွင် ရှိမနေခြင်းပင်။

“ဆေးလုံးတွေကို ကျုပ် လဲထားလား မထားလား ဆိုတာကိုတော့ ရောင်းရင်းကျိကိုပဲ မေးလိုက်ပေါ့…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။

လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး ကျိယင်ဘက်သို့လှည့်ကြည့်လိုက်ကြသည်။

ကျိယင်က ခေါင်းညိတ်လျက် “ကျိယင်က ခေါင်းညိတ်လျက် “ဒီဆေးလုံးကိုးလုံးစလုံးက အခုလေးတင် ဆေးမီးဖိုထဲက ထွက်လာတဲ့ဆေးလုံးတွေ… အရင်ကြိုပြီး ဖော်စပ်ထားတဲ့ဆေးလုံးတွေ မဟုတ်ဘူး…”

“ဘယ်လို…”

“မဖြစ်နိုင်ဘူးနော် ဆေးဝိဇ္ဇာကျိ… ကျေးဇူးပြုပြီး သေသေချာချာ ထပ်ကြည့်ကြည့်ပါဦး…”

“မင်းတို့ ငါ့ကို လာပြီး မယုံသင်္ကာ ဖြစ်နေတာလား…” ကျိယင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ သူသည် ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ချင်ပါသော်ငြား သူ့ဂုဏ်သိက္ခာကို အထိခိုက်ခံ၍ ယခုကဲ့သို့ ကိစ္စမျိုးကို လိမ်ညာနေလိမ့်မည် မဟုတ်ချေ။ မီချီနှင့် လီကျောက်တို့၏ စကားသည် သူ့ဂုဏ်သိက္ခာကို ထိပါးနေခြင်းပင် ဖြစ်လေသည်။

မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြပြီး သူတို့ပြောလိုက်သည့်စကားသည် ကျိယင်အား ရန်စမိသွားသလို ဖြစ်သွားသည်မှန်း နားလည်သွားခဲ့ကြလေသည်။ ထို့အတွက်ကြောင့် မီချီက အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “အဲ့လိုမျိုးမဟုတ်ပါဘူး ဆေးဝိဇ္ဇာကျိ… ဆေးဝိဇ္ဇာကျိကို ဘယ်လိုလုပ်ပြီး သံသယဝင်ရမှာလဲ… ဒါပေမယ့် ဒီကောင့်အကြောင်းကို ကျုပ်တို့သိတယ်လေ… အဲ့ဒါကြောင့်မလို့ ကျုပ်တို့ ပိုပြီး သတိထားနေရတာ… ဆေးဝိဇ္ဇာကျိ ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လောက် ထပ်ကြည့်ပေးပါလား… ဆေးလုံးတွေကို မလှိမ့်တပတ်နည်းတွေသုံးပြီး ပြောင်းလဲထားလား မထားဘူးလားဆိုတာ…”

ကျိယင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ဆေးဖော်စပ်တဲ့နေရာမှာ အခုတစ်ကြိမ် ဖော်စပ်လိုက်တဲ့ဆေးလုံးနဲ့ အခြားတစ်ကြိမ်က ဖော်စပ်ထားတဲ့ ဆေးလုံးနှစ်လုံးက တူသယောင်ထင်ရပေမယ့် နည်းနည်းချင်းစီကွဲပြားတယ်… ဆေးတာအိုကို တစိုက်မတ်မတ် မလေ့လာထားတဲ့လူတွေကတော့ အဲ့အချက်ကိုသိကြမှာမဟုတ်ဘူး… ဒါပေမယ့် ဒီကျိကြည့်ရသလောက်တော့ ဒီဆေးလုံးကိုးလုံးစလုံးက ဆေးမီးဖိုတစ်ခုတည်းကနေ ထွက်လာတဲ့ ဆေးလုံးတွေချည်းပဲ…”

ထိုစကားကိုကြားပြီးသည့်နောက် မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး မင်သက်သွားကုန်ကြလေသည်။

“ဒါပေမယ့် ဆေးလုံးတွေက အခုလေးတင် ဖော်စပ်ထားတဲ့ ဆေးလုံးတွေ ဖြစ်တယ်လို့ ဘာလို့ ပြောနိုင်လဲဆိုရင် ဒီဆေးလုံးတွေအကုန်လုံးက နွေးနေသေးလို့ပဲ… မင်းတို့ ငါ့ကို မယုံရင် ဒီမှာ ကိုယ်ကိုယ်တိုင် စစ်ဆေးကြည့်လိုက်…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျိယင်သည် ဆေးသွေးကြောပါသည့် ဧကရာဇ်ယွမ်ဆေးလုံးကို မီချီဆီသို့ ပစ်ပေးလိုက်လေသည်။

မီချီသည်လည်း ထိုဆေးလုံးကို ဖမ်းယူပြီး သေသေချာချာ စစ်ဆေးကြည့်လေသည်။ ကျိယင်ပြောသည့်အတိုင်းပင် ထိုဆေးလုံးမှာ အမှန်တကယ်ကို နွေးနေပေသေးသည်။ ထိုအချက်နှင့်ပင် ဤဆေးလုံးကို ဖော်စပ်ထားသည်မှာ မကြာသေးမှန်း သက်သေပြနေခဲ့သည်။

ထိုအချက်ကို သိလိုက်သော် မီချီ လုံးဝကို စိတ်ပျက်သွားခဲ့လေသည်။ ထို့နောက် သုန်သုန်မှုန်မှုန်ဖြင့် ဆေးလုံးကို လီကျောက်ဆီသို့ ပေးလိုက်လေ၏။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။ “ကဲ… အခု ဒီနန်းတော်သခင် မလှိမ့်တပတ်လုပ်တယ်လို့ မင်းတို့နှစ်ယောက် ပြောချင်သေးလား…”

မီချီက ခြောက်ကပ်ကပ် အမူအယာဖြင့် ရယ်မောလျက် “ဘယ်လိုလုပ်ပြီး ပြောရမှာလဲ နန်းတော်သခင်ရန်ရယ်… ကျုပ်တို့နောက်နေရုံပါ… ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ နန်းတော်သခင်ရန်…”

“ခင်ဗျားတို့နောက်တာက ရယ်စရာမကောင်းဘူးနော်…”

လီကျောက်က အသာအယာချောင်းဟန့်လျက် “ဆေးဝိဇ္ဇာကျိရော နန်းတော်သခင်ရန်ရောက ဆေးသွေးကြောပါတဲ့ ဆေးလုံးတစ်လုံးရယ်နဲ့ အခြားဆေးလုံးရှစ်လုံးကို ဖော်စပ်နိုင်နေတယ်ဆိုတော့ ဒီပြိုင်ပွဲက သရေရလဒ် ဖြစ်သွားတာပေါ့…”

“ဒါဆိုရင်လည်း သရေပေါ့…” မီချီက အလျင်အမြန် ထပ်ပေါင်းပြောလိုက်လေသည်။ သို့သော်ငြား စိတ်ပျက်မှုတို့သည် သူ့မျက်နှာထက် အထင်းသားပင်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဖော်စပ်နိုင်တဲ့ ဆေးလုံးအရေအတွက်က တူတယ်… ဆေးသွေးကြောပါတဲ့ ဆေးလုံးတစ်လုံး ပါနေတာ‌တောင် တူသေးတယ်… ဒီတော့ နောက်ဆုံးစမ်းသပ်ဖို့က ဆေးလုံးရဲ့ အရည်အသွေးပဲ ကျန်တော့တယ်… ဆေးလုံးအရေအတွက်ချင်း တူမယ်ဆိုရင်တောင် အာနိသင်ချင်းကတော့ ကွာနေဦးမှာပဲ…”

ကျိယင်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။ “ဟုတ်တယ်… ဆေးလုံးအာနိသင်ကတော့ ကွာမှာပဲ…”

All Chapters