အခန်း (၂၇၃၆-၂၇၄၀)
Vol. 117 Ch. 2736-2740
အပိုင်း (၂၇၃၆)
ဘာသာပြန်သူ_တိမ်တိုက်
လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး ရင်တဒုန်းဒုန်း ခုန်သွားကြလေတော့သည်။ သရေရလဒ်ကို သူတို့အနေဖြင့် လက်မခံလိုပါသော်ငြား သရေသာဖြစ်သွားမည်ဆိုပါက သူတို့အနေဖြင့်လည်း ဘာမှ ရှုံးစရာမရှိသည့်အတွက်ကြောင့် လက်ခံနိုင်ပေသေးသည်။ သို့သော်ငြား ယခု ရန်ကိုင်က အနိုင်ရသူအား ဆေးလုံးအရည်အသွေးဖြင့် ဆုံးဖြတ်မည်ဟု ပြောလာသည်ကိုကြားသော် နှစ်ဦးစလုံး အနည်းငယ် ထိတ်လန့်မိသွားခဲ့ကြလေသည်။
(သူနိုင်မယ်လို့ ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလား… မဟုတ်ရင် အခုလို ပြောစရာ အကြောင်းမရှိဘူးလေ… ဟုတ်တယ်မလား…)
ထိုအတွေး သူတို့ခေါင်းထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နှစ်ဦးစလုံး ထိတ်လန့်လာခဲ့ပြီး မီချီက အလျင်အမြန် ပြောလိုက်လေသည်။ “သရေဆိုလည်း သရေပဲပေါ့… အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်နေစရာ မလိုတော့ပါဘူး…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အလောင်းအစားဆိုမှတော့ ဘယ်သူနိုင်လဲဆိုတာကို ကျိန်းသေ ဆုံးဖြတ်ရမှာပေါ့… ဘာဖြစ်လို့လဲ… ဂိုဏ်းချုပ်မီ ကြောက်နေတာလား…”
မီချီက စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ဘာကိုကြောက်ရမှာလဲ… အပိုတွေ… ဒီဂိုဏ်းချုပ်က ကြောက်စရာလား…”
လီကျောက်၏နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့လေသည်။ သူတို့စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ကို ရနေလေ၏။
“ရောင်းရင်းကျိ… နောက်တစ်ကြိမ်လောက် ထပ်စစ်ဆေးကြည့်ပေးပါဦး…” ရန်ကိုင်က ကျိယင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။
“ကိစ္စမရှိဘူး…” ကျိယင်က ခေါင်းညိတ်လိုက်သည်။
လက်ရှိအချိန်တွင်တော့ ရန်ကိုင်နှင့်ပြိုင်ရသည့်အပေါ် နိုင်နိုင်ရှုံးရှုံး ကျိယင် ဂရုမစိုက်တော့ချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်ကိုင်သည် ဆေးတာအို၏ စစ်မှန်သော အနက်အဓိပ္ပာယ်ကို နားလည်ထားသူမှန်း ပြောနိုင်ပေသည်။ နောက်နောင်တွင် ရန်ကိုင်သည် သူ့ဆရာနှင့်ပင်လျှင် ရင်ဘောင်တန်း ရပ်နေနိုင်မည့် လူစားမျိုး ဖြစ်လေရာ ရန်ကိုင်အပေါ် ရှုံးလိုက်ရသည့်အတွက်ကြောင့် ကျိယင် မည်သည့်ရှက်စိတ်မှ မဖြစ်မိတော့ပေ။
ယခုတစ်ကြိမ် ရန်ကိုင်နှင့် ဆေးပညာချင်း ပြိုင်ဆိုင်လိုက်ခြင်းသည် သူ့အတွက်လည်း အလွန်ကိုမှ အကျိုးရှိသွားခဲ့ရသည်။ ယခုကိစ္စပြီးသွား၍ တံခါးပိတ်ကျင့်စဉ် ဝင်လိုက်မည်ဆိုပါက သူ၏ ဆေးပညာစွမ်းရည်မှာ သိသိသာသာ တိုးတက်လာလိမ့်မည်ဟု ကျိယင် ခံစားနေခဲ့ရလေသည်။ ထိုသို့ဖြစ်လာသည့်အခါ သူ၏ဆေးစွမ်းရည်မှာ သူ၏ စီနီယာအစ်ကို၊ စီနီယာအစ်မများအောက် နိမ့်ကျတော့လိမ့်မည် မဟုတ်ချေ။
ထိုသို့ဖြင့် ကျိယင်သည် ဆေးလုံးများကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးကြည့်တော့လေသည်။ ကျိယင်သည် သူနှင့် ရန်ကိုင်၏ ဧကရာဇ်ယွမ်ဆေးလုံးများကို လက်တစ်ဖက်စီတွင် ကိုင်ဆောင်လျက် ဆေးလုံးတစ်လုံးချင်းစီ၏ အရောင်၊ အရွယ်အစား၊ သန့်စင်နှုန်းနှင့် ဆေးလုံးများစီမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို အသေးစိတ် စစ်ဆေးကြည့်နေသည်။ အချို့ဆေးလုံးများ၏ အပေါ်ယံအသားကိုပင်လျှင် လက်ဖြင့်ဖဲ့၍ လျှာနှင့် တို့ကြည့်လေ၏။
ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့ပြီး အကုန်လုံးသည် ကျိယင်အား ကြည့်နေကြလေသည်။ အထူးသဖြင့် မီချီနှင့် လီကျောက်တို့ပင်။ ယခုကိစ္စသည် သူတို့ဂိုဏ်းအသီးသီး၏ နှစ်ငါးဆယ်စာဝင်ငွေနှင့် ပတ်သက်နေသည့်အတွက်ကြောင့် နှစ်ဦးစလုံးမှာ ကျိယင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြလေသည်။
မီချီနှင့် လီကျောက်တို့မှာ အလွန်ကိုမှ စိုးရိမ်နေကြပါသော်ငြား ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေ၏။ တည်ငြိမ်နေရုံမက ထိုင်ခုံတစ်လုံးဆီသို့သွား၍ ဇိမ်ပြေနပြေထိုင်ကာ ရေနွေးကြမ်းပင် သောက်နေလိုက်သေးသည်။
အချိန်အတော်ကြာသွားသည့်နောက်တွင် ကျိယင် သက်ပြင်းအမောကြီး ချလိုက်လေသည်။ ကြည့်ရသလောက် နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပြီးသွားသည့်ပုံပင်။
“ဆေး… ဆေးဝိဇ္ဇာကျိ... ဘယ်လိုနေလဲ…” မီချီက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ သူ့အသံမှာ အနည်းငယ် တုန်ရီနေလေ၏။
လီကျောက်သည်လည်း ကျိယင်အား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ သူ့နဖူးတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေသည့် အချက်ကိုပင် သတိမထားမိတော့ချေ။
“ဒီကျိ လိုအပ်နေသေးတယ်… ရောင်းရင်းရန်က ဆေးတာအိုမှာ ဒီကျိထက်တောင် ပိုပြီး ပါရမီသေးတယ်… ဒီကျိ ရောင်းရင်းရန်ကို တကယ်လေးစားပါတယ်…” ကျိယင်က ရန်ကိုင်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ တလေးတစားဖြင့် ပြောလိုက်လေသည်။
“ရောင်းရင်းကျိ အခုလိုမျိုး ချီးကျူးနေစရာမလိုပါဘူး… ဒီရန် အခုတစ်ကြိမ်နိုင်သွားခဲ့တာ ကံကြောင့်ပဲ… နောက်ပိုင်းကြရင်တော့ ရောင်းရင်းကျိဆီကပဲ အကူအညီတောင်းရမှာ…” ရန်ကိုင်က ပြုံး၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည်။
ကျိယင်ကမူ ခါးသက်စွာပြုံး၍ သူ့လက်ကို ဝှေ့ယမ်းပြလိုက်လေသည်။
သူတို့နှစ်ဦးစကားပြောနေစဉ်အတောအတွင်း လီကျောက်နှင့် မီချီတို့မှာတော့ အရူးများသဖွယ် ရပ်နေကြလေသည်။ သူတို့မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ပြာနှမ်းနေကုန်ကြလေ၏။
ကျိယင်မှာ မည်သူနိုင်သွားသလဲ ဆိုသည်ကို ပွင့်ပွင့်လင်းလင်း ပြောမသွားခဲ့ပါသော်ငြား သူ့စကားအသွားအလာအရ မည်သူ အနိုင်ရသွားသလဲ ဆိုသည်မှာ လယ်ပြင်ထဲ ဆင်ပြေးသည့်နှယ် အထင်းသား ထွက်ပေါ်နေခဲ့လေပြီ။
“ဆေး… ဆေးဝိဇ္ဇာကျိ… ခင်ဗျား သေချာလား… နန်းတော်သခင်ရန် ဖော်စပ်တဲ့ ဆေးလုံးတွေက တကယ်ကို ပိုပြီး အရည်အသွေးမြင့်တာလား…” မီချီက ကတုန်ကယင်လေသံဖြင့် မေးလိုက်လေသည်။
လီကျောက်ကလည်း အလျင်စလို ထပ်မေးလိုက်လေ၏။ “နောက်တစ်ကြိမ်လောက် သေချာ ထပ်ကြည့်ကြည့်ပါဦး…”
ယခုတစ်ကြိမ်တွင်တော့ ကျိယင် ဒေါသထွက်သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “မင်းတို့နှစ်ယောက် ငါ့ကို ထပ်ပြီး မေးခွန်းထုတ်နေပြန်တာလား…”
ယခင်က ထိုနှစ်ဦးသည် သူ့အပေါ် ယခုကဲ့သို့ပင် မေးခွန်းထုတ်ခဲ့လေသည်။ သို့သော်ငြား ထိုစဉ်က သူတို့ကြားရှိ ခင်မင်မှုကြောင့် ကျိယင်မှာ ထိုနှစ်ဦးအား ပြဿနာသွားမရှာခဲ့ပေ။ သို့သော်ငြား ယခုတစ်ကြိမ်တွင်လည်း ထိုနှစ်ဦးမှာ သူ့အပေါ် ထပ်၍ မေးခွန်းထုတ်လာပြန်သဖြင့် ကျိယင်မှာ ဒေါသထွက်လာရတော့လေသည်။
တစ်ကြိမ်မှာ လုံလောက်နေပြီ ဖြစ်ပါသော်ငြား ထိုနှစ်ဦးမှာ သူ့အား နှစ်ကြိမ်တိုင်တိုင် မေးခွန်းထုတ်ခဲ့သည်။ သူ၏စရိုက်သည် ဤမျှ မယုံကြည်ချင်စရာ ကောင်းနေလေသလော။
ကျိယင် ဒေါသထွက်လာသည်ကိုမြင်သော် မီချီနှင့် လီကျောက်တို့ နှစ်ဦးစလုံး ရင်တဒုန်းဒုန်း ခုန်သွားခဲ့ကြပြီး သူတို့ စကားကျွံသွားပြီမှန်း နားလည်လိုက်လေသည်။
မီချီသည် နဖူးထက် ဝေ့သီလာသော ချွေးအေးများကို အလျင်စလိုသုတ်လျက် ပြန်ပြောလိုက်လေ၏။ “မဟုတ်ပါဘူး မဟုတ်ပါဘူး ဆေးဝိဇ္ဇာကျိ… ဆေးဝိဇ္ဇာကျိ နားလည်မှုလွဲနေတာပါ… ရောင်းရင်းလီနဲ့ ကျုပ် နှစ်ယောက်စလုံးက အဲ့လိုမျိုး ပြောချင်တာမဟုတ်ပါဘူး… ကျေးဇူးပြုပြီး ကျုပ်တို့ကို ယုံပေးပါနော် ဆေးဝိဇ္ဇာကျိ…”
အခြားသူများကို ရန်စ၍ ဖြစ်ပါသော်ငြား ကျိယင်ကိုတော့ သွားရန်စ၍ မဖြစ်ပေ။
ကျိယင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ မင်းတို့ကို ပြောလိုက်မယ်… တကယ်စစ်မှန်တဲ့ ဆေးပညာရှင်တစ်ယောက်က သူဖော်စပ်ထားတဲ့ ဆေးလုံးတွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ နောက်ပြောင်လေ့မရှိဘူး… ဒီပွဲမှာ ငါရှုံးသွားတယ်လို့ပြောရင် ငါရှုံးသွားလို့ပဲ… ငါ့နာမည်ဂုဏ်သတင်းကို နှိမ့်ချပြီးတော့ ရောင်းရင်းရန်ကို ပွဲစင်တင်ပေးရလောက်တဲ့ထိ ငါ အောက်တန်းမကျဘူး…” ခဏရပ်ပြီးသည့်နောက် သူ့လက်ကို ဆန့်ထုတ်ပေးလျက် “မင်းတို့နှစ်ယောက် ငါ့ကို မယုံဘူးဆိုရင် ဒီဆေးအာနိသင်ကို ကိုယ့်ဘာသာကိုယ် စစ်ဆေးကြည့်လိုက်… မင်းတို့နှစ်ယောက်လုံးကလည်း ဧကရာဇ်တတိယအဆင့်ပညာရှင်တွေပဲ… ဒီတော့ ဘယ်ဆေးအာနိသင်က ပိုကောင်းလဲဆိုတာကို ပြောနိုင်မှာပေါ့…”
မီချီနှင့် လီကျောက်တို့နှစ်ဦးလုံး အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ နှစ်ဦးလုံးမှာ မည်သည့်ဆေးအာနိသင်က ပိုကောင်းသလဲ ဆိုသည်ကို စမ်းသပ်ကြည့်ချင်နေကြသည်။
ဤသည်မှာ အရေးကြီးသည့်ကိစ္စ ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် လုံးဝကို သတိထားရပေလိမ့်မည်။ သို့သော်ငြား သူတို့သည်သာ ထိုကဲ့သို့ လုပ်လိုက်ပါက ကျိယင်ကို ရန်စမိလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူတို့သာ ဆေးလုံး၏အရည်အသွေးကို ကိုယ့်ဘာသာကိုယ် သွားစစ်ဆေးကြည့်မည်ဆိုလျှင် ကျိယင်ကို မယုံကြည်ဘူးဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။
လီကျောက်နှင့် မီချီတို့မှာ ထိုကိစ္စနှင့် ပတ်သက်၍ အလွန်ကိုမှ အခက်တွေ့နေကြသည်။
ရန်ကိုင်ကမူ ဝမ်းသာအားရပြုံးရင်းမှ မီးထဲ လောင်စာထပ်ဖြည့်ပေးလိုက်လေသည်။ “မင်းတို့နှစ်ယောက် စစ်ဆေးကြည့်လိုက်ရင် ကောင်းမယ်နော်… အဲ့လိုဆိုရင် ရောင်းရင်းကျိ အမှန်ကို ပြောမပြော သိရတာပေါ့…”
ကျိယင်ကမူ အေးစက်စက်အမူအယာဖြင့်သာ သူ့လက်ကို ဆန့်ထုတ်၍ ရပ်နေလေသည်။
လီကျောက်က အံကိုတင်းတင်းကြိတ်၍ ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။ “တောင်းပန်ပါတယ်နော် ဆေးဝိဇ္ဇာကျိ…” ထို့နောက် ကျိယင်၏လက်တစ်ဖက်စီမှ ဧကရာဇ်ယွမ်ဆေးလုံးတစ်လုံးစီကို ကြုံရာကျပန်း ကောက်ယူလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် မီချီသည်လည်း လီကျောက်လုပ်သည့်အတိုင်း လိုက်လုပ်လေ၏။
သူတို့နှစ်ဦး ဆေးလုံးအသီးသီးကို ယူပြီးသွားသည်နှင့် တစ်ပြိုင်နက် ကျိယင်က ပြောလိုက်လေသည်။ “မင်းတို့နှစ်ယောက်က ဒီကျိကို မယုံဘူးဆိုမှတော့ မင်းတို့နဲ့ငါ့ကြား ဒီလောက်နဲ့ပဲ ဆက်ဆံရေး ရပ်တန့်လိုက်ကြတာပေါ့ကွာ… နောက်နောင် မင်းတို့ ဆေးဖော်စပ်ချင်တယ်ဆိုရင် ဆေးလုံးတောင်ကြားဆီလာပြီး ငါ့ဆီ အကူအညီတောင်းမနေနဲ့တော့…”
ထိုစကားကိုကြားသော် မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြပြီး နှစ်ဦးစလုံး သံပြိုင် ပြန်ပြောလိုက်ကြလေသည်။ “ဆေးဝိဇ္ဇာကျိ…”
“ဘာမှထပ်ပြောနေစရာမလိုတော့ဘူး…” ကျိယင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ နောက်ထပ်စကားတစ်ခွန်းပင် ထပ်ပြောမနေတော့။
မီချီနှင့် လီကျောက်တို့ နှစ်ဦးစလုံး သက်ပြင်းအမောကြီး ချလိုက်ကြသည်။ သူတို့လက်ထဲရှိ ဆေးလုံးလေးနှစ်လုံးကို ကြည့်ရင်း ရုတ်တရက်ဆိုသလို ထိုဆေးလုံးများမှာ တန်ပေါင်း သန်းနှင့်ချီကာ လေးလံသည်ဟု ခံစားလာရလေသည်။ ဤအခြေအနေထိ ရောက်လာပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် နှစ်ဦးစလုံးမှာ အံကိုတင်းတင်းကြိတ်၍ ထိုဆေးလုံးများကိုသောက်ကာ သန့်စင်တော့လေသည်။ ကျိယင်အား ရန်စမိသလို ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်ကို အဆုံးရှုံးခံလိုက်၍ မဖြစ်တော့ချေ။ ဧကရာဇ်ယွမ်ဆေးလုံးနှစ်လုံးကို သန့်စင်ပြီး၍ ကျိယင်ဖော်စပ်ထားသည့်ဆေးလုံးမှာ ရန်ကိုင်ဖော်စပ်ထားသည့် ဆေးလုံးထက် ပိုကောင်းကြောင်း သက်သေပြနိုင်မည်ဆိုပါက သူတို့အတွက် အမြတ်ပင် ထွက်သွားနိုင်ပေသေးသည်။
ဧကရာဇ်အဆင့်ဆေးပညာရှင်များမှာ ရှားပါးလှပါသော်ငြား မြောက်ဘက်နယ်မြေတွင်ရှိနေသည့် ဧကရာဇ်အဆင့်ဆေးပညာရှင်အားလုံးသည် ဆေးလုံးတောင်ကြားမှသာ လာကြသူများ မဟုတ်ကြချေ။
နှစ်ဦးစလုံးမှာ သူတို့၏ ဧကရာဇ်ချီကို အသီးသီးလှည့်ပတ်၍ ဧကရာဇ်ယွမ်ဆေးလုံးများကို စတင် သန့်စင်ကြလေသည်။ မကြာမီ ပထမသောက်လိုက်သည့်ဆေးလုံးကို သန့်စင်ပြီးသွားခဲ့ပြီး ဒုတိယဆေးလုံးကို သောက်ကာ ထပ်မံ သန့်စင်လေ၏။
တစ်ခဏကြာပြီးသည့်နောက် လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး မျက်လုံးပြန်ပွင့်လာခဲ့ကြလေသည်။ နှစ်ဦးစလုံးမှာ သူတို့၏ မိဘများ သေဆုံးသွားကြသည့်အလား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေကြလေ၏။
ဆေးလုံးနှစ်လုံးစလုံးကို သန့်စင်ပြီးသည့်နောက်တွင် သူတို့ ပထမသောက်လိုက်သည့် ဆေးလုံး၏ ဆေးအာနိသင်မှာ ဒုတိယသောက်လိုက်သည့် ဆေးလုံး၏ ဆေးအာနိသင်ထက် နိမ့်ပါးနေကြောင်း တွေ့ရှိလိုက်ရလေသည်။ သူတို့ပထမဦးဆုံး သောက်လိုက်သည့် ဆေးလုံးမှာ ကျိယင်ဖော်စပ်ထားသည့် ဆေးလုံးဖြစ်ပေသည်။ ထိုဆေးလုံးနှစ်လုံးကြားရှိ ကွာဟချက်မှာ သိပ်မကြီးမားပါသော်ငြား ပထမဆေးလုံးမှာ ဒုတိယဆေးလုံးထက် အနည်းငယ် ပိုမိုနိမ့်ကျနေခဲ့ပေသည်။
ထိုစဉ် ကျိယင်က ဝင်ပြောလိုက်လေသည်။ “ဒီကျိ ရောင်းရင်းရန်ကို ရှုံးသွားတဲ့အပိုင်းက ဆေးရည်သိပ်သည်းခြင်းအဆင့်မှာပဲ… ဒီကျိသိပ်သည်းထားတဲ့ဆေးရည်က ရောင်းရင်းရန်ရဲ့ဆေးရည်လောက် မသန့်စင်ဘူး… ဒါကြောင့်ပဲ ဆေးအာနိသင်က ပိုနည်းသွားရတာ… မင်းတို့နှစ်ယောက်လည်း စမ်းသပ်ပြီးသွားပြီဆိုတော့ အဖြေကို သိလောက်ပြီပေါ့ ဟုတ်တယ်မလား… ဒါမှမဟုတ် ဒီကျိ မဟုတ်တရုတ်တွေ လျှောက်ပြောနေတယ်လို့ ထင်နေတုန်းပဲလား…”
မီချီက ခါးသက်သက်အမူအယာဖြင့် “ကျုပ်တို့ အဲ့လိုပြောချင်နေတာ မဟုတ်ပါဘူး…”
သူ့စိတ်ထဲတွင်တော့ ကျိယင်ဖော်စပ်သည့် ဆေးလုံးမှာ ပိုကောင်းသည်ဟု ပြောချင်မိပေသည်။ သို့သော်ငြား ဤကဲ့သို့ပြောလိုက်လျှင် အလွန်ကိုမှ အရှက်မဲ့ရာ ကျလွန်းပေလိမ့်မည်။ မွန်းစတားဘုရင်သုံးပါးကလည်း သူတို့အား ခက်ထန်သည့် အကြည့်များဖြင့် စိုက်ကြည့်နေသည့်အတွက်ကြောင့် သူတို့အနေဖြင့် တစ်ဖက်လူအား ရန်စသည့်စကားမျိုး သွားပြော၍ မဖြစ်ချေ။ ထို့အပြင် ဤနန်းတော်ထဲ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ချင်းအာဟုခေါ်သော မိန်းကလေးလည်း ရှိနေပေသေးသည်။ သူတို့သည်သာ ထိုကဲ့သို့ အရှက်မဲ့သည့် လုပ်ရပ်ကို လုပ်မည်ဆိုပါက သူတို့အတွက် အခြေအနေမဟန်လှချေ။
“ကဲ… နောက်ဆုံးရလဒ်လည်း ထွက်လာပြီဆိုတော့ ခင်ဗျားတို့နှစ်ယောက် အရှုံးကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံလိုက်ကြပေတော့ပေါ့…” ရန်ကိုင်က လက်နောက်ပစ်လျက် မီချီနှင့်လီကျောက်တို့နှစ်ဦးဆီသို့ တစ်လှမ်းချင်းစီ လျှောက်လာခဲ့လေသည်။
မီချီနှင့် လီကျောက်တို့မှာတော့ နှလုံးသွေးယိုနေကြသည့်အလား မျက်နှာကြီးကို မဲ့နေကြလေ၏။
“ဆေးဝိဇ္ဇာကျိ…” မီချီသည် ကျိယင်ဘက်သို့ တောင်းတောင်းပန်ပန်ဖြင့် ကြည့်လိုက်လေသည်။ ကျိယင် လက်ရှိအခြေအနေအား ဝင်ရောက်ဖျန်ဖြေပေးမည်ကို သူတို့ မျှော်လင့်နေကြလေသည်။ သို့သော်ငြား ကျိယင်ကမူ သူ့ဘာသာသူ အေးအေးဆေးဆေး သွားထိုင်နေပြီး မီချီအား လုံးဝ အာရုံမစိုက်ခဲ့ပေ။
ထိုအချင်းအရာကိုမြင်သော် မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။ သူတို့အခြေအနေမှာ လုံးဝကို အသာရမနေခဲ့ပေ။ တိုက်ခိုက်မည်ဆိုလျှင်လည်း မနိုင်သလို ထွက်ပြေးမည်ဆိုလျှင်လည်း ထွက်ပြေးနိုင်လိမ့်မည်မဟုတ်။ ဤနေရာတွင်သာ တိုက်ပွဲစမည်ဆိုပါက နှစ်ဦးစလုံး မရဏကမ္ဘာသို့ ရောက်သွားကြရပေလိမ့်မည်။
ဘာကြောင့်များ ကျိယင်နှင့်အတူ ထက်ကောင်းကင်နန်းတော်ဆီသို့ လိုက်လာမိခဲ့ကြရလေသနည်း။ ယခုမူ ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်နေကုန်ကြလေပြီ။ ကျားလိုဏ်ဂူထဲဝင်ပြီး ပြန်ထွက်သည်ကမှ ပိုလွယ်ချင်လွယ်ပေဦးမည်။ ထက်ကောင်းကင်နန်းတော်ဆီမှ ဤအခြေအနေဖြင့် ပြန်ထွက်သွားဖို့ရာတော့ လုံးဝမဖြစ်နိုင်တော့ချေ။ ထို့အတွက်ကြောင့် မီချီနှင့်လီကျောက်တို့မှာ သူတို့၏လုပ်ရပ်နှင့်ပတ်သက်၍ အလွန်ကိုမှ နောင်တရနေမိကြလေသည်။
“ကဲ… ခင်ဗျားတို့နှစ်ယောက်စလုံးက မြောက်ဘက်နယ်မြေရဲ့ နာမည်ကျော်လူတွေဆိုတော့ အကြွေးမပေးဘဲနေမှာတော့ မဟုတ်ပါဘူးနော်…. ဟုတ်တယ်မလား…” ရန်ကိုင်သည် မီချီနှင့် လီကျောက်တို့အား ခက်ထန်သည့် အမူအယာဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။
“ဟဲ ဟဲ ဟဲ…” မွန်းစတားဘုရင်သုံးပါးသည်လည်း မီချီနှင့်လီကျောက်တို့အား စိုက်ကြည့်ရင်းမှ ခြိမ်းခြောက်သည့်လေသံမျိုး လုပ်ပြလိုက်လေသည်။ သူတို့နှစ်ဦးသာ ငြင်းဆိုလာမည်ဆိုပါက တစ်ပြိုင်တည်းတိုက်ခိုက်ရန် ပြင်နေကြသည့်အလား။ ထိုမွန်းစတားဘုရင်သုံးပါးဆီမှ မွန်းစတားချီများ တဟုန်းဟုန်း ထွက်ပေါ်နေကြလေသည်။
“ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး လုပ်ရမှာလဲ…” လီကျောက်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်းမှ ပြုံးကာ ပြန်ပြောလိုက်လေသည်။ “လောင်းရဲမှတော့ ရှုံးတယ်ဆိုတာကိုလည်း ကျိန်းသေ ဝန်ခံမှာပေါ့… ရောင်းရင်းမီနဲ့ ကျုပ် ကျုပ်တို့အကြွေးကို မပေးဘဲ မနေပါဘူး…”
“ဟုတ်တယ် ဟုတ်တယ်… ကျုပ်တို့ ဘယ်လိုလုပ်ပြီး မပေးဘဲ နေရမှာလဲ…” မီချီကလည်း ခေါင်းညိတ်လိုက်လေသည်။
သူတို့ကိုယ်သူတို့ ယခုကဲ့သို့ နှိမ့်ချခဲ့ရသည်မှာ နှစ်ပေါင်းမည်မျှပင် ကြာသွားလေပြီနည်း။ ကျိယင်ရှေ့တွင်ပင် သူတို့ကိုယ်သူတို့ ဤမျှ နှိမ့်ချနေစရာ မလိုခဲ့။ ယခုအချိန်တွင်မူ နှစ်ဦးစလုံးမှာ နိမ့်ကျသည်ဟူသော ခံစားချက်ကို ကောင်းကောင်းနားလည်သွားခဲ့ရတော့လေသည်။ သူတို့ရင်ထဲ ခံစားနေရသည့် မွန်းကြပ်စရာ စိတ်ခံစားချက်ကြီးကို ပင်လယ်ရေဖြင့် ဆေးကြောလိုက်မည်ဆိုလျှင်ပင် ပင်လယ်ရေ ကုန်သွားသည့်တိုင် ထိုခံစားချက်ကြီးမှာတော့ ကင်းစင်သွားနိုင်တော့လိမ့်မည် မဟုတ်ပေ။
“ပေးမယ်ဆိုရင်လည်း မြန်မြန်ပေးတော့လေ…” ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။
မီချီက ခါးသက်သက်အမူအယာဖြင့် “နန်းတော်သခင်ရန်… အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်ကို ဘယ်လိုလုပ်ပြီး ဒီလို အလွယ်တကူ ထုတ်ပေးနိုင်မှာလဲ…”
“ဟုတ်တယ်… သန်းငါးထောင်က အရမ်းများလွန်းတယ်…” လီကျောက်ကလည်း ကသိကအောက်အမူအယာဖြင့် ပြောလိုက်လေသည်။
“ဒါဆိုရင်လည်း သန်းနှစ်ထောင့်ငါးရာပေါ့… သန်းငါးထောင်မပေးနိုင်ရင်တောင် သန်းနှစ်ထောင့်ငါးရာလောက်တော့ ပေးနိုင်လောက်တယ်မလား…” ရန်ကိုင်သည် ထိုနှစ်ဦးအား စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။
မီချီနှင့် လီကျောက်တို့ နှစ်ဦးစလုံး ခေါင်းခါပြလိုက်ကြလေ၏။
ရန်ကိုင်က ထိုနှစ်ဦးအား စိုက်ကြည့်လျက် “ခင်ဗျားတို့ဂိုဏ်းတွေ မြောက်ဘက်နယ်မြေမှာရှိနေတာ ဘယ်လောက်ကြာသွားပြီလဲ… အဲ့လောက်ကြာနေတာတောင် ဒီလောက်ပမာဏလေးကို မစုဆောင်းထားနိုင်ဘူးလား… ဒီအကြောင်းသာ သတင်းပျံ့သွားရင် အပြင်လူတွေ ခင်ဗျားတို့ဂိုဏ်းကို လှောင်ပြောင်ရယ်မောကြမှာကို မကြောက်ဘူးလား…”
လီကျောက်က ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန် နားမလည်လို့… ကျုပ်တို့ဂိုဏ်းက တစ်နှစ် တစ်နှစ် ရှာတာများတယ်… ဒါပေမယ့် အသုံးစရိတ်ကလည်း များတယ် နန်းတော်သခင်ရဲ့.. အသုံးစရိတ်ကို ပြန်နှုတ်လိုက်လို့ရှိရင် တစ်နှစ် တစ်နှစ်ကို ဘယ်လောက်မှ မကျန်တော့ဘူး…”
“ဟုတ်တယ်…” မီချီကလည်း ခေါင်းညိတ်လိုက်သည်။ “နန်းတော်သခင်ရန်လည်း ရမ္မက်ရှာဂိုဏ်း နှစ်သန်းနဲ့ချီ စုဆောင်းထားတဲ့ဟာတွေကို ရခဲ့တာပဲ… သူတို့ရတနာဂိုထောင်ထဲမှာ အရင်းအမြစ်ကျောက် ဘယ်လောက်များများ တွေ့လို့လဲ… ရမ္မက်ရှာဂိုဏ်းနဲ့ ကျုပ်တို့ဂိုဏ်းတွေနဲ့က ငွေကြေးဓနအင်အား ဒီလောက်ကွာတာမဟုတ်ဘူး…”
“ဒီတော့ ခင်ဗျားတို့နှစ်ယောက်က မပေးနိုင်ဘူးလို့ ပြောချင်တာပေါ့…” ရန်ကိုင်၏မျက်နှာအမူအယာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
“အခုလောလောဆယ်တော့ မပေးနိုင်သေးဘူး…” မီချီနှင့် လီကျောက်တို့ နှစ်ဦးစလုံး ကိုယ့်လိပ်ပြာကိုယ်မလုံ ဖြစ်နေကြလေသည်။
“မပေးနိုင်ဘဲနဲ့များ ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ကျုပ်နဲ့ လာလောင်းရဲကြတာလဲ… ဘာလဲ… ခင်ဗျားတို့က ဒီနန်းတော်သခင်ကို ပေါ့သေးသေး မှတ်နေတာလား… ကောင်းပြီလေ… ခင်ဗျားတို့က မပေးနိုင်မှတော့ ကျုပ်ကိုလည်း အပြစ်မဆိုနဲ့ပေါ့… မွန်းစတားဘုရင်တွေ… သူတို့နှစ်ယောက်လုံးကို သတ်ပစ်လိုက်တော့…”
“ဟုတ်ကဲ့…” ရန်ကိုင်၏အမိန့်ကို ကြားသည်နှင့် မွန်းစတားဘုရင်သုံးပါးစလုံး မီချီနှင့်လီကျောက်တို့ဆီသို့ ပြေးဝင်သွားကြလေသည်။
လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး ကြောက်လန့်တုန်လှုပ်သွားကုန်ကြလေသည်။ သူတို့ဂိုဏ်းနှစ်ဂိုဏ်းစလုံးကို သိမ်းပိုက်နိုင်ရန်အတွက် ယခုကဲ့သို့များ အကွက်ချစီစဉ်ထားလေသလားဟု လီကျောက်နှင့် မီချီတို့မှာ တွေးလိုက်မိကြသည်။ သူတို့နှစ်ဦးသည်သာ ယခုနေရာတွင် သေသွားမည်ဆိုပါက သူတို့ဂိုဏ်းနှစ်ဂိုဏ်းလုံးမှာ ခေါင်းဆောင်မရှိ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ထက်ကောင်းကင်နန်းတော်မှ သူတို့ဂိုဏ်းများအား ကျူးကျော်မည်ဆိုပါက သူတို့နှစ်ဂိုဏ်းစလုံး ခုခံနိုင်ကြတော့လိမ့်မည် မဟုတ်ချေ။
အပိုင်း (၂၇၃၇)
ဘာသာပြန်သူ_တိမ်တိုက်
“နေပါဦး… ကျေးဇူးပြုပြီး ခဏနေပါဦး…” မွန်းစတားဘုရင်သုံးပါး သူ့ဆီသို့ အမြန်ပြေးဝင်လာနေသည်ကို မြင်သော် မီချီသည် သူ့လက်ကို အလျင်အမြန် မြှောက်၍ အော်ပြောလိုက်လေသည်။
“ရပ်…” ရန်ကိုင်ကလည်း အော်ပြောလိုက်သည်။
မွန်းစတားဘုရင်သုံးပါးစလုံး ချက်ချင်း ရပ်သွားကြသည်။ သို့သော်ငြား မီချီနှင့် လီကျောက်တို့အား အလွတ်မပေးသေးဘဲ သူတို့အား ဝိုင်းရံလျက် မမှိတ်မသုန် စိုက်ကြည့်နေကြလေသည်။
မီချီနှင့် လီကျောက်တို့၏ နဖူးထက် ချွေးအေးများ ဝေ့သီလာကြတော့သည်။
ထိုနှစ်ဦးကိုကြည့်ရင်း ရန်ကိုင်က မေးလိုက်လေသည်။ “ဂိုဏ်းချုပ်မီ နောက်ဆုံးပြောချင်တဲ့ စကားတွေဘာတွေ ရှိသေးလား… ဒီနန်းတော်သခင်က ကြင်နာတတ်ပါတယ်… ဒါကြောင့် ဂိုဏ်းချုပ်မီကို အနည်းဆုံးတော့ ခဏလောက်တော့ အသက်ရှင်ခွင့်ပေးမှာပါ…”
နောက်ဆုံးပြောချင်သည့်စကား…။ မီချီ၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ သူ့ရင်ထဲ ထိတ်လန့်တုန်လှုပ်နေသည်ကို ဖိနှိပ်ရင်းမှ စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ရောင်းရင်းလီနဲ့ ငါက ဒီလောင်းကြေးကို မပေးချင်တာမဟုတ်ဘူး… ငါတို့မှာ အဲ့လောင်းကြေးကို ပေးဖို့ အလုံအလောက်မရှိတာ… ပုံမှန်ဆိုရင်တော့ ဘာမှ သေသေချာချာ မပြင်ဆင်ဘဲနဲ့ အခုလိုမျိုး လောင်းကြေးကို မထည့်သင့်ဘူးလေ… ဒါပေမယ့် ဒီအထိ ရောက်လာပြီးမှတော့ နန်းတော်သခင်ရန် ငါတို့ကို သတ်လိုက်မယ်ဆိုရင်တောင် ဘာမှ ရမှာမဟုတ်ဘူး…”
“ဟုတ်တယ် ဟုတ်တယ်… နန်းတော်သခင်ရန် မင်းသာ ငါတို့ကို သတ်လိုက်လို့ရှိရင် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်က ပလုံသွားမှာနော်… ပြီးတော့ မီးနဂါးနန်းတော်နဲ့ အာကာယံကောင်းကင်ဂိုဏ်းတို့နဲ့လည်း ရန်သူဖြစ်သွားရလိမ့်မယ်…”
“ကျုပ်က ရမ္မက်ရှာဂိုဏ်းကိုတောင် ဖျက်ဆီးခဲ့တာ… ဘာလို့ ခင်ဗျားတို့မီးနဂါးနန်းတော်နဲ့ အာကာယံကောင်းကင်ဂိုဏ်းကို ကြောက်နေရဦးမှာလဲ…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။ သို့သော်ငြား ထိုသို့ပြောပြီးသည့်နောက်တွင် တစ်ခုခုအား အလေးအနက် စဉ်းစားနေသည့်အလား သူ့မေးစေ့ကို ပွတ်သပ်နေရင်းမှ ပြောလိုက်လေသည်။ “ဒါပေမယ့် ခင်ဗျားတို့ပြောတာမှန်တယ်… ဆက်ပြော… ခင်ဗျားတို့ သေမလား ရှင်မလားဆိုတာ ခင်ဗျားတို့ဆက်ပြောမယ့်စကားအပေါ် မူတည်လိမ့်မယ်…”
မီချီ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ လောလောဆယ်တွင်တော့ သူ အသက်ရှင်လိမ့်ဦးမည်မှန်း သိနေလေပြီ။ သို့သော်ငြား သူတို့သည်သာ ရန်ကိုင်လက်ခံနိုင်လောက်သည့် ရှင်းပြချက်မျိုးကို မပေးနိုင်ပါက နှစ်ဦးစလုံး သူတို့အသက် ယနေ့ ဤနေရာတွင်ပင် အဆုံးသတ်သွားရပေလိမ့်မည်။
ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် မီချီသည် ပြောစရာစကားလုံးများကို သေသေချာချာ ပြင်ဆင်၍ ပြောလိုက်လေ၏။ “ရောင်းရင်းလီနဲ့ကျုပ် အခုလောလောဆယ်တော့ အရင်းအမြစ်ကျောက်တွေအများကြီးကို စုဆောင်းနိုင်မှာမဟုတ်ဘူး… ဒါပေမယ့် တချို့တဝက်လောက်ကိုတော့ ပေးနိုင်လောက်တယ်…”
“ဘယ်လောက်လဲ…” ရန်ကိုင်က မေးလိုက်သည်။
“သန်း… သန်းငါးရာ…” မီချီက ပြန်ပြောလိုက်လေသည်။
လီကျောက်ကလည်း ခေါင်းညိတ်လိုက်လေသည်။ “သန်းငါးရာက ဖြစ်နိုင်တယ်…”
“အဲ့လောက်လေး လာပေးရအောင် ခင်ဗျားတို့က ကျုပ်ကို ဘာမှတ်နေတာလဲ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ရမ္မက်ရှာဂိုဏ်းရဲ့ ရတနာဂိုထောင်ကနေတောင် အဲ့ထက် ဆယ်ဆမက ရတယ်… နောက်တစ်ကြိမ် သန်းငါးရာဆိုတဲ့စကားကို ထပ်ပြောရဲပြောကြည့်… ကျုပ် ခင်ဗျားတို့နှစ်ယောက်စလုံးကို ဒီမှာတင် သတ်ပစ်မှာ… အဆိုးဆုံးမှ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးထောင်လောက် ဆုံးရှုံးသွားရုံပေါ့… ဘာဖြစ်လဲ…”
“သန်းတစ်ထောင်… ဒါဆို သန်းတစ်ထောင်…” မီချီက သူ့စကားကို အလျင်စလို ပြောင်းလိုက်လေသည်။ “အဲ့ထက်တော့ ပိုမပေးနိုင်တော့ဘူး… အဲ့ထက်သာ ပိုပေးရမယ်ဆိုရင် အခုချက်ချင်း ပေးလို့ရမှာမဟုတ်ဘူး…”
ဤသည်မှာ သူ၏ အာကာယံကောင်းကင်ဂိုဏ်း၏ အောက်စည်း ဖြစ်နေခဲ့လေပြီ။ သန်းတစ်ထောင်ဟူသော ပမာဏကို ရရန်အတွက်ပင်လျှင် သူ၏ အဖိုးတန်ရတနာများစွာကို ထုတ်ရောင်းရပေဦးမည်။
“ခင်ဗျားကရော နန်းတော်သခင်လီ…” ရန်ကိုင်က လီကျောက်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။
လီကျောက်ကလည်း သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်သည်။ “ရတယ်… ငါ အများဆုံး သန်းတစ်ထောင်လောက်တော့ စုလို့ရတယ်…”
“သန်းတစ်ထောင်… ဟမ့်…” ရန်ကိုင်က သူ့မေးစေ့ကို လက်ဖြင့်ပွတ်ရင်းမှ ခေါင်းညိတ်လျက် “ကောင်းပြီလေ… အဲ့ဒါဆိုရင်လည်း သန်းတစ်ထောင်ပေါ့…”
ထိုစကားကိုကြားသော် လီကျောက်နှင့် မီချီတို့ ဝမ်းသာသွားခဲ့ကြလေသည်။
သို့သော်ငြား သူတို့ စိတ်မအေးနိုင်သေးခင်မှာပင် ရန်ကိုင်က ထပ်ပြောလိုက်သည်။ “ဒါပေမယ့် ခင်ဗျားတို့တစ်ယောက်ချင်းစီက ကျုပ်ကို နောက်ထပ် သန်းထောင့်ငါးရာလောက် ထပ်ပေးရဦးမှာ… ဒီတော့ ဒီသန်းတစ်ထောင်ကို ပေးပြီးသွားရင် ကျန်တဲ့ဟာတွေကို ဘယ်လိုဆက်ပေးမှာလဲ…”
“ဒါက…” လီကျောက်နှင့်မီချီတို့ ပြောစရာစကား ပျောက်ရှသွားခဲ့လေသည်။
ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ကျုပ်ကတော့ အကြံတစ်ခု စဉ်းစားမိတယ်… ခင်ဗျားတို့ နားထောင်ချင်မလားတော့ မသိဘူး…”
“ကျေးဇူးပြုပြီး ပြောပြပေးပါ နန်းတော်သခင်ရန်…” လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
“ခင်ဗျားတို့ဆီမှာ အခုလောလောဆယ် အရင်းအမြစ်ကျောက်တွေ အလုံအလောက် မရှိသေးဘူးဆိုလို့ရှိရင် အခြားရတနာတွေနဲ့ အစားထိုးပြီး ပေးလို့ရတယ်… ခင်ဗျားဂိုဏ်းရဲ့ ရတနာဂိုထောင်ထဲမှာ အဖိုးတန်ရတနာတွေ အများကြီးရှိမယ်ဆိုတာ ကျုပ် သိပြီးသား… ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်က တည်ထောင်ထားတာ သိပ်မကြာသေးတော့ အဲ့လိုရတနာတွေ လိုအပ်နေတယ်… ဒီတော့ ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကို အဆင့်မြင့်အရင်းအမြစ်ကျောက်ဆယ်သန်း ထားပေးမယ်… သန်းထောင့်ငါးရာဆိုတော့ ခင်ဗျားတို့အနေနဲ့ ကျုပ်ကို ဧကရာဇ်အဆင့်မှော်ရတနာ အခုတစ်ရာ့ငါးဆယ် ပေးဖို့လိုလိမ့်မယ်…”
“ဧကရာဇ်အဆင့်မှော်ရတနာ အခုတစ်ရာ့ငါးဆယ်…”
“ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကို အဆင့်မြင့်အရင်းအမြစ်ကျောက်ဆယ်သန်းပဲ တန်တာလား…”
လီကျောက်နှင့် မီချီတို့နှစ်ဦးစလုံး ပြိုင်တူ အော်ဟစ်လိုက်ကြလေသည်။ သူတို့စိတ်ထဲတွင်လည်း ကြိတ်ကာ အော်ဆဲနေမိကြလေသည်။ ရန်ကိုင်သည် ဤအခွင့်အရေးကို အသုံးချ၍ သူတို့ဆီမှ အကြီးအကျယ် အမြတ်ထုတ်လိမ့်မည်မှန်း သိထားပါသော်ငြား ဤအတိုင်းအတာထိ ဖြစ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ ရန်ကိုင်သည် သူတို့ဆီမှ အမြတ်ထုတ်နေခြင်း မဟုတ်တော့ဘဲ ဓါးပြတိုက်နေခြင်းသာ ဖြစ်လေသည်။
ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုအား အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းဟူသော ပမာဏမှာ အလွန်တရာကိုမှ နည်းပါးလွန်းလှသည်။ အညံ့ဆုံးသော ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုသည်ပင်လျှင် ထိုထက်မက တန်ပေသည်။ ထို့အပြင် ဧကရာဇ်အဆင့်မှော်ရတနာ အခုတစ်ရာ့ငါးဆယ်ဆိုသည်မှာ အလွန်တရာကိုမှ များပြားလွန်းလှသည့် ပမာဏဖြစ်သည်။ သူတို့ဂိုဏ်းနှစ်ဂိုဏ်းစလုံးတွင် ရှိနေသော ဧကရာဇ်အဆင့်မှော်ရတနာများကို ပေါင်းလိုက်မည်ဆိုလျှင်ပင် ထိုမျှများပြားလှသော ဧကရာဇ်အဆင့်မှော်ရတနာများကို ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။
“ခင်ဗျားတို့မှာ ဧကရာဇ်အဆင့်မှော်ရတနာတွေ မရှိရင်လည်း တာအိုအဆင့်မှော်ရတနာတွေနဲ့ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတွေဆိုရင်လည်း ရတယ်… ပြီးရင်တော့ အခြားဆေးပင်တွေ၊ ရှားပါးသတ္တုရိုင်းတွေ ထပ်ထည့်ပေးပေါ့… ကျင့်ကြံရေးအရင်းအမြစ်တွေ ဒါမှမဟုတ် ရှားပါးတဲ့ပစ္စည်းတွေဆိုရင် ဒီနန်းတော်သခင် အကုန်လက်ခံပေးမယ်…” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်လေသည်။
လီကျောက်နှင့် မီချီတို့ နှစ်ဦးစလုံး၏ မျက်နှာများ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့ကြသည်။ သူတို့သည်သာ ရန်ကိုင်ပြောသည့်အတိုင်း လုပ်လိုက်ပါက သူတို့ဂိုဏ်းများ၏ ရတနာဂိုထောင်တစ်ခုလုံး ပြောင်ရှင်းသွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားသည့်အခါ သူတို့ဂိုဏ်းများတွင် ရှိနေသော တပည့်များ မည်ကဲ့သို့များ ခရီးဆက်ကြရတော့မည်နည်း။ သူတို့ဂိုဏ်းများ၏ အကြီးအကဲများနှင့် တပည့်များကိုလည်း မည်သည့်မျက်နှာနှင့် သွားရင်ဆိုင်ရပါတော့မည်နည်း။
“အဲ့လိုတော့မဖြစ်ဘူး…” မီချီမှာ ငိုချလုမတတ် ဖြစ်နေခဲ့လေသည်။ “နန်းတော်သခင်ရန်… ကျေးဇူးပြုပြီး နည်းနည်းလောက် ညှာတာပေးပါဦးလား…”
ရန်ကိုင်၏အမူအယာ ရုတ်ချည်းအေးစက်သွားခဲ့သည်။ “ဒီနန်းတော်သခင် ခင်ဗျားတို့ကို အခွင့်အရေးတစ်ခု ပေးပြီးသွားပြီ… ဒါပေမယ့် ခင်ဗျားတို့ပဲ တန်ဖိုးမထားတာ… အခု ကျုပ်ကို လာပြီး အပြစ်တင်ချင်နေတာလား…”
မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ဆွံ့အသွားခဲ့ကြလေသည်။
ရန်ကိုင်က သက်ပြင်းချလျက် “ရောင်းရင်းကျိပြောခဲ့သလိုပဲလေ… ကျုပ်တို့အကုန်လုံးက မြောက်ဘက်နယ်မြေရဲ့ ကျင့်ကြံသူတွေ… ဒီတော့ နောက်နောင် ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက်ကို မကြာခဏ တွေ့နေကြရတော့မှာ… ဒီတော့ ဒီနန်းတော်သခင်လည်း ခင်ဗျားတို့အပေါ် အရမ်းကြီး လက်လွန်ခြေလွန် မဖြစ်ချင်ဘူး…”
(မင်းက ငါတို့ကို အခုမှ တောင်းပန်ချင်တယ်ပေါ့…) မီချီနှင့် လီကျောက်တို့ စိတ်ထဲမှနေ၍ တွေးလိုက်ကြလေသည်။
“ဒီလိုဆိုရင်ရော… ဒီနန်းတော်သခင်မှာ အကြံတစ်ခုရှိတယ်… အခုပုံစံက ခင်ဗျားတို့အတွက် မဖြစ်နိုင်ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ဂိုဏ်းကနေ ခင်ဗျားတို့နှစ်ယောက်ကို လာရွေးပြီးတဲ့ထိ ဒီမှာနေ… ခင်ဗျားတို့ဂိုဏ်းကသာ လုံလောက်တဲ့ အရင်းအမြစ်ကျောက်တွေကို စုဆောင်းပြီးသွားလို့ရှိရင် ကျုပ် ခင်ဗျားတို့ကို ပြန်လွှတ်ပေးမယ်…”
လက်ရှိ ရန်ကိုင်ပေးသည့် အကြံဉာဏ်မှာ မကောင်းလှပါသော်ငြား သူတို့ဂိုဏ်း၏ ရတနာဂိုထောင်ထဲတွင် ရှိနေသော အဖိုးတန်ရတနာအားလုံးကို အပြောင်ရှင်းရမည်နှင့် စာလျှင်တော့ ပိုသာပေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏အကြံပေးချက်ကို နားထောင်ကြည့်၍လည်း မမှားပေ။
“ခင်ဗျားတို့အနေနဲ့ ပထမဦးဆုံး အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ထောင်ကို ပေးပြီးသွားရင် ကျန်တဲ့ လိုတဲ့ဟာတွေကို အရစ်ကျပေးလို့ရတယ်…” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
“အရစ်ကျပေးလို့ရတယ်…” ထိုစကားကိုကြားသည့်အခါ မီချီနှင့် လီကျောက်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပြန်၍ မေးလိုက်ကြလေသည်။ “ဘယ်လိုအရစ်ကျ ပေးရမှာလဲ…”
ရန်ကိုင်က ရှင်းပြလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်စလုံးက ထိပ်တန်းဂိုဏ်းတွေကိုတော့ ဦးစီးနေတဲ့လူတွေဆိုတာ့ ခင်ဗျားတို့ရဲ့တစ်နှစ်စာဝင်ငွေက တော်တော်များမှာပေါ့ ဟုတ်တယ်မလား… ဒီတော့ နောက်ပိုင်းကျရင် အဲ့ဝင်ငွေထဲက တချို့တဝက်ကို ကျုပ်ရဲ့ထက်ကောင်းကင်နန်းတော်ဆီကို ပေးရမယ်… အဲ့လိုပေးရမယ့်ဟာတွေအားလုံး ကြေသွားပြီဆိုလို့ရှိရင် ဆက်ပေးစရာမလိုတော့ဘူး… ကဲ ဒီအကြံရော ဘယ်လိုထင်လဲ…”
မီချီက ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်ရဲ့ အကြံက တကယ်ကို မဆိုးဘူး… ဒါဆို ကျုပ်တို့ အရစ်ကျပေးမယ်…”
လီကျောက်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။ “ဟုတ်တယ် ဟုတ်တယ်… ဒီလိုအကြံမျိုးကို စဉ်းစားမိတာ နန်းတော်သခင်ရန်က တကယ်ကို ဗဟုသုတကြွယ်တာပဲ…”
“ခင်ဗျားတို့ခေါင်းတွေကလည်း မဆိုးပါဘူး…” ရန်ကိုင်က ပြုံး၍ “ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုပဲ လုပ်ကြတာပေါ့… ဒါပေမယ့် အသေးစိတ်ကိုတော့ ကျုပ်တို့ သေချာ ဆွေးနွေးဖို့လိုဦးမယ်…”
“ဟုတ်တာပေါ့ ဟုတ်တာပေါ့…” မီချီက ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ခင်ဗျားတို့ဂိုဏ်းက တစ်နှစ်ကို အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးဆယ်လောက်ရှာနိုင်တယ် ဟုတ်တယ်မလား…”
“အဲ့လောက်လောက်ပေါ့…” မီချီနှင့် လီကျောက်တို့ ခေါင်းညိတ်လိုက်ကြလေသည်။
အလယ်အလတ်အဆင့် သို့မဟုတ် ဂိုဏ်းငယ်လေးများအတွက်မူ ဤပမာဏသည် ကြောက်မက်ဖွယ်ရာ ပမာဏတစ်ရပ် ဖြစ်ပေသည်။ အရိပ်ဓါးပျံမြို့ရှိ လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်း၊ သန်းနှစ်ဆယ်လောက်ကိုသာ သူတို့နှင့်အတူ ယူဆောင်လာနိုင်ကြသည်။ ထိုပမာဏကို ယူလာနိုင်ရန်အတွက်ပင် သူတို့ဂိုဏ်းထဲတွင် ရှိနေသော အဖိုးတန်ရတနာများကို ထုခွဲရောင်းချခဲ့ရသေး၏။ သို့သော်ငြား မီးနဂါးနန်းတော်နှင့် အာကာယံကောင်းကင်ဂိုဏ်းတို့မှာ ထိပ်တန်းဂိုဏ်းများ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့၏ တစ်နှစ်စာဝင်ငွေမှာ သန်းငါးဆယ်အထက်ကို ရောက်ရှိပေသည်။
ကွာခြားချက်မှာကား မိုးနှင့်မြေအလားပင်။
“ခင်ဗျားတို့ရဲ့ သန်းငါးဆယ်စလုံးကို ကျုပ် မတောင်းပါဘူး… သန်းလေးဆယ်ပဲ… တစ်နှစ်ကို ခင်ဗျားတို့အနေနဲ့ ကျုပ်ကို သန်းလေးဆယ်ပေးရမယ်…” ရန်ကိုင်က ပြောလိုက်လေသည်။
မီချီနှင့် လီကျောက်တို့၏မျက်နှာများ ရှုံ့မဲ့သွားခဲ့ကြသည်။ သူတို့သည်သာ တစ်နှစ်ကို ရန်ကိုင်ဆီသို့ သန်းလေးဆယ်ပေးရမည်ဆိုပါက သူတို့အတွက် သုံးစရာ ဆယ်သန်းသာ ကျန်ပေတော့မည်။ ဤသည်မှာ အလွန်တရာကိုမှ နည်းပါးလွန်းလှသည့် ပမာဏဖြစ်ပေသည်။ နောက်နောင် သူတို့ဂိုဏ်းများ၏ ငွေရေးကြေးရေး အသုံးစရိတ်မှာ အတော်လေးကိုမှ ခက်ခဲလာရပေတော့မည်။ သို့သော်ငြား ရန်ကိုင်အပေါ်တင်နေသည့် အကြွေးများကို ပြန်ပေးလိုပါက ဤနည်းသာ ရှိတော့ပေသည်။ ထို့အတွက်ကြောင့် နှစ်ဦးစလုံး သုန်သုန်မှုန်မှုန်ဖြင့် ခေါင်းညိတ်သဘောတူလိုက်ကြလေ၏။
“ကောင်းပြီလေ… ဒါဆိုရင်တော့ ခင်ဗျားတို့ ကျုပ်ကို နှစ်ငါးဆယ်တိုင်တိုင် အရစ်ကျပေးပြီးသွားလို့ရှိရင် ကျုပ်တို့ကြားကအကြွေးတွေ ကြေသွားပြီလို့ ပြောလို့ရတယ်…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။
ထိုစကားကိုကြားသည့်အခါ မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားခဲ့ကြပြီး မီချီက ပြန်၍ မေးလိုက်သည်။ “နန်းတော်သခင်ရန်… ခင်ဗျားတွက်တာ မှားနေသလိုပဲနော်…”
လီကျောက်ကလည်း ဝင်ပြောလိုက်လေသည်။ “ဟုတ်တယ် နန်းတော်သခင်… ခင်ဗျား မှားတွက်တာလား… ဂိုဏ်းချုပ်မီနဲ့ကျုပ် ခင်ဗျားကို သန်းနှစ်ထောင့်ငါးရာစီ ပေးရမှာလေ… ဒါပေမယ့် ပထမဦးဆုံး သန်းတစ်ထောင်ကို အရင်ပေးရမှာဆိုတော့ ကျန်တဲ့ဟာက သန်းထောင့်ငါးရာပဲ ကျန်တော့မှာပေါ့… တစ်နှစ်ကို သန်းလေးဆယ်နဲ့ဆိုရင် ဘယ်လိုပဲတွက်တွက် အဲ့သန်းထောင့်ငါးရာကိုပေးဖို့က နှစ်ငါးဆယ်တော့ မကြာဘူးနော်…”
ရန်ကိုင်ပြောသည့်အတိုင်းသာ တွက်လိုက်မည်ဆိုလျှင် သူတို့ဂိုဏ်းနှစ်ဂိုဏ်းမှ ရန်ကိုင်အား ပေးချေရမည့် ပမာဏမှာ သန်းသုံးထောင် ဖြစ်သွားပေလိမ့်မည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားတို့ အတိုးတွေဘာတွေကို ထည့်မတွက်တော့ဘူးလား…”
“အ… အတိုး…” မီချီနှင့် လီကျောက်တို့ နှစ်ဦးစလုံး ကြောင်သွားခဲ့ကြလေသည်။ မည်ကဲ့သို့သော အတိုးကများ ဤမျှ ကုန်ကြရလေသနည်း။ မည်ကဲ့သို့သော အတိုးကများ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါရာခန့် ကျသင့်ပါမည်နည်း။ ထိုပမာဏသည် သူတို့ဂိုဏ်းတစ်ဂိုဏ်းချင်းစီ၏ ဆယ်နှစ်ဝင်ငွေနှင့် ညီမျှပေသည်။
ယခုမှသာလျှင် ရန်ကိုင်၏ အကြံဆိုး အကြံနက်များကို နှစ်ဦးစလုံး နားလည်သွားကြတော့လေသည်။ ရန်ကိုင်သည် သူတို့အပေါ် အလွန် မရက်စက်ချင်သည့်အတွက်ကြောင့် အရစ်ကျပေးချေသည့် နည်းလမ်းဖြင့် သူ့အပေါ် တင်နေသည့် အကြွေးကို ပေးချေရန် ကမ်းလှမ်းလာခြင်းဖြစ်သည်ဟု ထင်ခဲ့ပါသော်ငြား တကယ့်တကယ်တွင်တော့ ယခုမှသာလျှင် ရန်ကိုင် သူတို့အပေါ် အကွက်ချ ကြံစည်လိုနေကြောင်းကို နားလည်သွားရတော့လေသည်။
“ဒါဆိုရင် ခင်ဗျားတို့မှာ ရွေးစရာနှစ်ခုရှိမယ်…” ရန်ကိုင်က ထိုနှစ်ဦးအား စိတ်မရှည်ဟန်ဖြင့် ကြည့်လျက် “တစ်လအတွင်း အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ထောင့်ငါးရာနဲ့ ညီမျှမယ့် ပမာဏကို ပေးရင်ပေး… မပေးရင် သန်းတစ်ထောင်ကို အရင်ပေးပြီး ကျန်တဲ့ပမာဏကို တစ်နှစ်ကို သန်းလေးဆယ်နှုန်းနဲ့ နှစ်ငါးဆယ်ကြာအောင် ပေးရမယ်…”
“နန်းတော်သခင်ရန်…”
“ကျုပ်ပြောတာကို လာငြင်းဖို့တော့ မကြိုးစားနဲ့နော်… ကျုပ်ဘက်က သဘောကောင်းပြနေလို့ဆိုပြီး ခင်ဗျားတို့ဂိုဏ်းနှစ်ဂိုဏ်းကို မဖျက်ဆီးဘူး မထင်လိုက်နဲ့…” ရန်ကိုင်က ထိုနှစ်ဦးအား စိုက်ကြည့်၍ ပြောလိုက်လေသည်။
မီချီနှင့် လီကျောက်တို့ နှစ်ဦးစလုံး တိတ်ကျသွားခဲ့လေသည်။
ရန်ကိုင်၏ သည်းခံနိုင်စွမ်း အကန့်အသတ်သို့ ရောက်နေပြီမှန်း သူတို့ပြောနိုင်ပေသည်။ သူတို့သာ ဆက်၍ လေကြောရှည်နေမည်ဆိုပါက တကယ်တမ်း နစ်နာရမည့်သူသာ သူတို့သာ ဖြစ်သွားကြရပေတော့မည်။
နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက်တွင် မီချီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။ “ဒါဆိုရင် ကျုပ်တို့ အရစ်ကျပေးပါ့မယ်…”
သူတို့အနေဖြင့် ဤနည်းလမ်းအတိုင်း ပေးချေမည်ဆိုပါက နောက်ထပ် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးရာကို ထပ်ဆောင်းပေးချေရမည် ဖြစ်ပါသော်ငြား ဤနည်းလမ်းသည် အနည်းဆုံးတော့ သူတို့၏ အုတ်မြစ်များကို ယိုင်နဲ့သွားခြင်းမရှိအောင် ထိန်းထားနိုင်ပေသေးသည်။ သူတို့သည်သာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ထောင့်ငါးရာနှင့် ညီမျှသည့် ပမာဏကို တစ်လအတွင်း ထုတ်ပေးရမည်ဆိုပါက တစ်ဂိုဏ်းလုံး ပြောင်သလင်းခါသွားရပေလိမ့်မည်။ ထိုသို့ဖြစ်သွားသည့်နောက်တွင် နှစ်တစ်ရာကြာအောင် ကြိုးစားသည့်တိုင် သူတို့ဂိုဏ်းများ နလန်ပြန်ထူနိုင်တော့လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား နောက်ထပ်နှစ်ငါးဆယ်အတောအတွင်း မီးနဂါးနန်းတော်နှင့် အာကာယံကောင်းကင်ဂိုဏ်းတို့မှာ ထက်ကောင်းကင်နန်းတော်ကို ဦးညွှတ်ရပေတော့မည်။ ထိုအချိန်အတောအတွင်း သူတို့ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ တပည့်များသည် ထက်ကောင်းကင်နန်းတော်၏ တပည့်များရှေ့မှောက်တွင် ခေါင်းဖော်နိုင်တော့လိမ့်မည် မဟုတ်ချေ။
လီကျောက်က သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်လေသည်။ “ကျုပ်လည်း အရစ်ကျပေးပါ့မယ်…”
“ကောင်းပြီ…” ရန်ကိုင်က သူ့လက်ကို ပွတ်သပ်လျက် ပြုံးကာ “ခင်ဗျားတို့နှစ်ယောက်လုံးက တကယ်ကို ပြတ်သားကြတဲ့လူတွေပဲ… အဲ့လိုဆိုမှတော့ အခု ပြန်လို့ရပါပြီ… နောက်တစ်လအတွင်း ခင်ဗျားတို့ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ထောင်လာပေးမှာကို ဒီနန်းတော်သခင် စောင့်နေမယ်နော်… အဲ့ကျရင်တော့ တစ်နှစ်ကို သန်းလေးဆယ်နှုန်းနဲ့ပဲ ပေးစရာလိုသွားပြီ… ခင်ဗျားတို့လည်း အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ထောင်ကိုစုရမှာက အလျင်လိုမှာဆိုတော့ ဒီနန်းတော်သခင်လည်း ခင်ဗျားတို့ကို ခေါ်မထားတော့ပါဘူး… ကျေးဇူးပြုပြီး သွားလို့ရပါပြီ…”
မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး လက်သီးဆုပ်နှုတ်ဆက်၍ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စွာဖြင့် လှည့်ထွက်လာခဲ့လေသည်။
ဤနေရာသို့ ရောက်လာစဉ်က တက်ကြွနေသည့် သူတို့၏ပုံစံများမှာ ယခုမူ လုံးဝကို ညှိုးငယ်နေတော့လေသည်။
ယခုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံပြီးသည့်နောက် မည်သူမျှ ပျော်ရွှင်နေလိမ့်မည် မဟုတ်ချေ။ ယခု ရန်ကိုင်နှင့် အလောင်းအစားလုပ်ခဲ့၍ ရန်ကိုင်ဆီသို့ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ထောင့်ငါးရာ ပေးရမည့်အကြောင်းအား ဂိုဏ်း၏အကြီးအကဲများကို ပြောပြရမည့်အကြောင်းကိုတွေးရင်း နှစ်ဦးလုံး ခေါင်းကိုက်နေကြတော့လေသည်။ ခြေတစ်လှမ်းမှားသွားသည့်အတွက်ကြောင့် တစ်ဘဝစာတန်ဖိုးကို ပေးချေလိုက်ရလေသည်။ သူတို့စိတ်ထဲတွင် ဤအကြွေးကို မပေးဘဲ လစ်ပြေးလျှင် ကောင်းမလားဟုပင် စဉ်းစားနေကြသည်။
“နန်းတော်သခင်လီ… ကျေးဇူးပြုပြီး နေပါဦး…” သူတို့နှစ်ဦးလုံး ခန်းမထဲမှ လျှောက်ထွက်မသွားခင် ကျိယင်က ရုတ်တရက် ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် လီကျောက်သည် ကျိယင်ဘက်သို့လှည့်၍ မေးလိုက်လေသည်။ “ဆေးဝိဇ္ဇာကျိ ဘာပြောချင်လို့လဲ..”
“ဘာမှတော့မဟုတ်ပါဘူး…” ကျိယင်က သစ်သားသေတ္တာတစ်လုံးကို လီကျောက်ဆီသို့ ပစ်ပေးလျက် “ဒီကျိက အဲ့လောက်ကြီးမတော်တော့ နန်းတော်သခင်လီတောင်းဆိုတာကို လုပ်ပေးနိုင်လောက်မှာမဟုတ်ဘူး… ဒီတော့ ဒီနဂါးသွေးပန်းကို နန်းတော်သခင်လီဆီပဲ ပြန်ပေးလိုက်တော့မယ်… နန်းတော်သခင်လီ ဒါကို ဆေးလုံးအဖြစ် ဖော်စပ်ချင်တယ်ဆိုလို့ရှိရင် အခြား ဆေးဝိဇ္ဇာတစ်ဦးကို လိုက်ရှာလိုက်ပေါ့…”
အပိုင်း (၂၇၃၈)
ဘာသာပြန်သူ_တိမ်တိုက်
“နဂါးသွေးပန်း…” ထိုစကားကိုကြားပြီးသည့်နောက်တွင် ခန်းမထောင့်၌ တစ်ချိန်လုံး ငြိမ်ငြိမ်လေး ထိုင်နေခဲ့သော ကျုချင်းမှာ ချက်ကောင်းကို ထိမှန်ခြင်း ခံလိုက်ရသည့်အလား မျက်စိပျက် မျက်နှာပျက် အမူအယာဖြင့် ထရပ်လာခဲ့လေသည်။ ထို့နောက်တွင် သစ်သားသေတ္တာရှိရာဆီသို့ သူမလက်ကို ဆန့်ထုတ်လိုက်ရာ ဆွဲအားတစ်ရပ် ထွက်ပေါ်လာပြီး သစ်သားသေတ္တာမှာ သူမဆီသို့ ဆွဲယူလိုက်လေ၏။
ကျိယင်၏စကားကြောင့် လီကျောက် ထိတ်လန့်နေရာမှ အသိပြန်ဝင်မလာနိုင်သေးခင်မှာပင် သူ၏ အဖိုးတန်ရတနာကို အခြားလူတစ်ဦးမှ လုယူသွားကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို့အတွက်ကြောင့် လီကျောက်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းထအော်လေ၏။ “သခင်မလေး… နင် ဘာလုပ်ချင်နေတာလဲ…”
လီကျောက်နှင့် မီချီတို့မှာ ကျိယင်အား ရန်စမိလိုက်သလို ဖြစ်သွားသည့် အတွက်ကြောင့် ကျိယင်အား ဆေးဖော်စပ်ပေးရန် အကူအညီတောင်းလို့ မရတော့ချေ။ ကံဆိုးမသွားရာ မိုးလိုက်ရာဆိုသည့်အတိုင်း ကံကြမ္မာသည် ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ လီကျောက်အား ထပ်မံနှိပ်စက်ခဲ့သည်။ ယခု လီကျောက်၏ အဖိုးတန် နဂါးသွေးပန်းမှာ ဆေးလုံးအဖြစ်သို့ပင် မရောက်လိုက်ဘဲ အခြားလူတစ်ဦး၏ လုယူခြင်း ခံလိုက်ရလေသည်။
ဤပန်းသည် သူ၏ သွေးအဆီအနှစ်ကိုသုံး၍ နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ခဲ့ရသည့် ပန်းတစ်ပွင့် ဖြစ်သည်။ လီကျောက်မှာ သူ့ခွန်အား တိုးတက်လာနိုင်ရန်အတွက် ဤပန်းအပေါ် အားကိုးနေခြင်းဖြစ်လေရာ ထိုပန်း အခြားလူတစ်ဦး၏လက်ထဲ ရောက်သွားသည့်အပေါ် လီကျောက်အနေဖြင့် မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။ သို့သော်ငြား ဤနေရာတွင် မသောင်းကျန်းရဲသည့်အတွက်ကြောင့် ကျုချင်းကိုသာ မကျေမနပ်အမူအယာဖြင့် စိုက်ကြည့်နေလိုက်လေသည်။ ဤအမျိုးသမီး သူ၏ နဂါးသွေးပန်းအား သူ့ဆီသို့ ပြန်ပေးရန်ကိုသာ မျှော်လင့်နေလေသည်။
သစ်သားသေတ္တာ သူမဆီသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျုချင်းသည် ချက်ချင်းဆိုသလို သေတ္တာအဖုံးကို ဖွင့်လိုက်လေရာ အထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသော အနီရောင်ပန်းတစ်ပွင့်ကို တွေ့လိုက်ရလေသည်။
ရန်ကိုင်လည်း ထိုသစ်သားသေတ္တာဆီသို့ လှမ်းကြည့်လိုက်လေသည်။ ပန်းပွင့်ကို မြင်လိုက်သည့်အခိုက် သူ့မျက်လုံးများ ရုတ်ချည်း တောက်ပသွားခဲ့လေသည်။
နဂါးသွေးပန်းသည် သန့်စင်လှသည့် သွေးသလင်းကျောက်ပမာ ကြည်လင်နေခဲ့သည်။ ထိုပန်းနှင့်ပတ်သက်၍ အထူးခြားဆုံးသောအချက်မှာ ထိုပန်းဆီမှ နဂါးချီအငွေ့အသက်တို့ကို ရရှိနေခြင်းပင်။
ရန်ကိုင်အနေဖြင့် နဂါးသွေးပန်းအကြောင်းကို ယခင်က ကြားခဲ့ဖူးပါသော်ငြား ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်လေသည်။
“တကယ်ကြီး နဂါးသွေးပန်းပဲ…” ကျုချင်း မျက်မှောင်ကျုံ့သွားခဲ့ပြီး သစ်သားသေတ္တာကို ပြန်ပိတ်လိုက်လေသည်။ သို့သော်ငြား လီကျောက်ဆီသို့ ပြန်မပေးခဲ့ဘဲ လီကျောက်ကိုသာ စိုက်ကြည့်၍ အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။ “နင် နဂါးသွေးပန်းကို ဘယ်ကနေ ရလာတာလဲ…”
လီကျောက်က ပြန်ပြောလိုက်သည်။ “သခင်မလေး ကျေးဇူးပြုပြီး ကျုပ်ပန်းကို အရင်ပြန်ပေးပါနော်…”
ကျုချင်းကမူ ပြန်မပေးခဲ့ဘဲ မျက်တောင်တစ်ခတ်အတွင်း လီကျောက်ရှေ့၌ ပေါ်လာခဲ့လေသည်။ ထို့နောက် အထက်စီးဆန်ဆန် အမူအယာဖြင့် “ငါ နောက်တစ်ကြိမ်ထပ်မေးမယ်… နင် ဒီနဂါးသွေးပန်းကို ဘယ်ကနေ ရလာတာလဲ…”
တစ်ချိန်တည်းတွင် အားကောင်းသည့် အရှိန်အဝါတစ်ရပ်သည် သူ့အပေါ်သို့ တောင်တစ်လုံးနှယ် ဖိချလာခဲ့လေရာ လီကျောက်မှာ အသက်ပင် ကောင်းကောင်းမရှူနိုင် ဖြစ်သွားခဲ့ရလေသည်။ သူ့ကိုယ်ထဲရှိ သွေးစီးဆင်းလှည့်ပတ်နှုန်းမှာလည်း နှေးကျသွားခဲ့ရပြီး ဒယီးဒယိုင်ဖြင့် နောက်သို့ ခြေလှမ်းအချို့ ဆုတ်သွားခဲ့ရသည်။ ထို့နောက်တွင် လီကျောက်သည် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီအတိုင်း ကံကောင်းပြီးတွေ့ခဲ့တာ… ဘာဖြစ်လို့ လာမေးနေတာလဲ…”
သူ့စိတ်ထဲ အလွန်ကိုမှ ကြောက်ရွံ့နေမိလေသည်။ ဤနဂါးသွေးပန်းသည် သူအမှတ်မထင်ရရှိခဲ့သည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ နဂါးသွေးပန်းမှာ အဖိုးတန်ပါသော်ငြား ဤအမျိုးသမီးမှာ ဤနဂါးသွေးပန်း မည်သည့်နေရာက လာသလဲ ဆိုသည်ကို ဘာကြောင့်များ အလွန်တရာကိုမှ စိတ်ဝင်စားလွန်းနေရလေသနည်း။ ပို၍ထိတ်လန့်ဖွယ်ကောင်းသည်မှာ ထိုအမျိုးသမီးရှေ့၌ သူ့ခွန်အား အနည်းငယ်မျှကိုပင် မထုတ်ဖော်နိုင်ခြင်းပင်။ ဘာကြောင့်မှန်းမသိ ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲ ကြောက်စိတ်တို့ အလိုလို ထွက်ပေါ်လာရသည်။
သို့သော်ငြား ဘာကြောင့်များ ထိုကဲ့သို့ ဖြစ်ရလေသနည်း။ သူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ သူမ၏ အရှိန်အဝါသက်သက်နှင့် သူ့သည် ဘာဆိုဘာမှ ပြန်မလုပ်နိုင်အောင် ဖြစ်သွားရပါသနည်း။ သူ့အား ထိုကဲ့သို့ လုပ်နိုင်သည့် လူဆို၍ မဟာဧကရာဇ်သာ ရှိလေသည်။ သို့သော်ငြား သူ့အနေဖြင့် ဤအမျိုးသမီးကို မည်သို့ပင် ကြည့်နေစေကာမူ သူ့ရှေ့ရှိ အမျိုးသမီးသည် မဟာဧကရာဇ်တစ်ပါးနှင့် လုံးဝကို မတူပေ။
“လူလိမ်…” ကျုချင်း ထအော်လေသည်။ “နဂါးသွေးပန်းက နဂါးကျွန်းမှာပဲ ပေါက်နိုင်တာ… အခြား ဘယ်နေရာမှာမှ ပေါက်နိုင်တာမဟုတ်ဘူး…”
ကျုချင်းမှာ အလွန်တရာကိုမှ ဒေါသထွက်နေသည့်အလား သူမ ထအော်လိုက်သည့်အခိုက်တွင် ခန်းမထဲ နဂါးဟိန်းသံတစ်သံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ပုံရိပ်ယောင်နဂါးခေါင်းတစ်ခုသည် သူမ၏ ခေါင်းထက်၌ ရုတ်တရက် ပေါ်လာလေ၏။ ထိုနဂါးခေါင်းရှိ ကြီးကျယ်ခမ်းနားလှသော မျက်ဝန်းတစ်စုံသည် လီကျောက်အား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ နဂါးမျက်လုံးများဖြင့် စိုက်ကြည့်ခြင်း ခံလိုက်ရသည့်အခိုက် လီကျောက်မှာ သူပိုင်ဆိုင်ထားသည့် စွမ်းအားအားလုံးကို ဆုံးရှုံးလိုက်ရသည့်အလား ကြောက်ကြောက်လန့်လန့်ဖြင့် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။ ချွေးအေးတို့မှာ သူ့နဖူးထက် ဝေ့သီလာခဲ့ပြီး အထိတ်ထိတ်အလန့်လန့်ဖြင့် အော်ပြောလိုက်လေ၏။ “နဂါးကလန်…”
မီချီသည်လည်း လီကျောက်၏စကားကြောင့် ထိတ်လန့်အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း ကြမ်းပြင်ကို ကန်ကျောက်လျက် ကျုချင်းနှင့် ခပ်ဝေးဝေးသို့ ဆုတ်သွားလေ၏။ လက်ရှိအချိန်တွင် သူ့မျက်နှာမှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူဆုတ်နေခဲ့လေသည်။
မီချီသည် ကျုချင်းခေါင်းထက်တွင် ပေါ်လာသည့် နဂါးပုံရိပ်ကြီးကို ကြည့်ရင်း တံတွေးတစ်လုပ် မျိုချမိလိုက်သည်။
သူမ၏ခန္ဓာကိုယ်အရွယ်အစားမှာ သေးသွယ်လှသည့်တိုင် ဤအမျိုးသမီး၏ခွန်အား ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ အထူးအဆန်းမဟုတ်တော့။ လီကျောက်အနေဖြင့် သူမရှေ့သို့ ရောက်သွားသည့်အခိုက် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား မည်သည့်စွမ်းအားမှ ထုတ်မသုံးနိုင်သည်မှာလည်း မထူးဆန်း။ ဤအမျိုးသမီးမှာ နဂါးကလန်သားတစ်ယောက် ဖြစ်နေသည့် အတွက်ကြောင့်ပေကိုး။
ထိုသို့သာဆိုလျှင် သူတို့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ ရှင်းပြလို့ ရသွားလေပြီ။
နဂါးကလန်သည် ယေဘုယျအားဖြင့် နတ်သားရဲအားလုံး၏ ခေါင်းဆောင်ကလန်တစ်ခု ဖြစ်ပေသည်။ ထို့အတွက်ကြောင့် အရွယ်ရောက်နဂါးတစ်ကောင်အတွက် ကျင့်ကြံသူတစ်ဦးအား လက်သီးတစ်ချက်ဖြင့် လွင့်စင်ထွက်သွားအောင် လုပ်ရန်မှာ မခက်ခဲပေ။ လီကျောက်လိုလူမျိုးဆိုလျှင်တော့ ပို၍ပင် အလွယ်တကူ လုပ်နိုင်ပေသေးသည်။ နဂါးသွေးမျိုးဆက်အချို့ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် လီကျောက်မှာ ဤနဂါးမလေးရှေ့သို့ရောက်ချိန် သူ့ခွန်အားမှာ လုံးဝကို ဖိနှိပ်ခံလိုက်ရလေသည်။ ထို့အတွက်ကြောင့် သူမရှေ့မှောက်၌ သူ့ခွန်အား အနည်းငယ်မျှကိုပင်လျှင် ထုတ်မသုံးနိုင်ခြင်း ဖြစ်လေသည်။ ဤသည်မှာ နဂါးသွေးမျိုးဆက်ဖိနှိပ်ခြင်း၏ ကြောက်မက်ဖွယ်ရာတစ်ရပ်ပင်။
သို့သော်ငြား ဤနေရာ၌ နဂါးတစ်ကောင် မည်သို့များ ရောက်နေရလေသနည်း။ ထို့အပြင် ဤနဂါးမလေးအပေါ် ရန်ကိုင်ဆက်ဆံပုံကို ကြည့်ရသလောက် သူတို့ကြားရှိ ဆက်ဆံရေးမှာ ပုံမှန်မဟုတ်သည့်ပုံပင်။ ထက်ကောင်းကင်နန်းတော်၏ နောက်ကွယ်တွင် နဂါးကျွန်း ရှိနေသည်များလား။
မီချီမှာမူ အစောပိုင်းက ထက်ကောင်းကင်နန်းတော်မှ ထွက်ပြေးသွားပြီးလျှင် အကြွေးမပေးဘဲ လစ်ပြေးလျှင် ကောင်းမလားဟု စဉ်းစားနေပေသေးသည်။ သို့သော်ငြား ဤနေရာ၌ နဂါးတစ်ကောင်ရှိနေမှန်း သိပြီးသည့်နောက် မည်ကဲ့သို့များ ထိုကဲ့သို့ လုပ်ရဲပါတော့မည်နည်း။ နဂါးကလန် ပါဝင်ပတ်သက်လာနေပြီ ဖြစ်လေရာ သူ့အနေဖြင့် ယခုထက်ပို၍ အဆတစ်ရာမက သတ္တိရှိနေမည်ဆိုလျှင်ပင် အကြွေးမပေးဘဲ လစ်မပြေးရဲတော့ပေ။
ထိုင်ခုံပေါ်တွင် အေးဆေး ထိုင်နေသည့် ကျိယင်မှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်နေခဲ့သည်။
မဟာဆေးဧကရာဇ်၏ ငါးယောက်မြောက်တပည့်တစ်ဦး ဖြစ်သည့်အလျောက် ကျိယင်သည် ဗဟုသုတကြွယ်ဝကာ အတွေ့အကြုံလည်း များပြားလှသည်။ သို့သော်ငြား သူ့ဘဝတွင် အစစ်အမှန် နဂါးကလန်သားတစ်ဦးကို တစ်ခါမျှ မတွေ့ခဲ့ရဖူးပေ။ သို့သော်ငြား ထိုကဲ့သို့သော နဂါးကလန်သားတစ်ဦးကို ထက်ကောင်းကင်နန်းတော်တွင် လာတွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့။
ရန်ကိုင်မှ ဤနဂါးမလေးအား ဆက်ဆံပုံကို ပြန်စဉ်းစားကြည့်လိုက်သော် ရန်ကိုင်သည် နဂါးမလေးကို ဧည်သည့်များအား ရေနွေးကြမ်းလာချပေးရန် အစေခံမလေးတစ်ယောက်သဖွယ် ပြုမူပြောဆိုခဲ့ကြောင်းကို ပြန်သတိရသွားခဲ့လေသည်။
ထိုသို့စဉ်းစားမိလိုက်သည့်အခိုက် ကျိယင်၏နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့ပြီး ရန်ကိုင်၏သတ္တိကိုလည်း လေးစားမိသွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့ရင်ထဲ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားမိလေသည်။
နဂါးကလန်သားများသည် အလွန်တရာကိုမှ မာနကြီးကာ ဂုဏ်မောက်ကြသူများ ဖြစ်ကြလေရာ နဂါးကလန်သားတစ်ဦးသည် မည်ကဲ့သို့များ အိမ်ဖော်မလေးတစ်ဦးသဖွယ် ဆက်ဆံခံနေရလေသနည်း။ သူမကိုသာ အမှန်တကယ် ဒေါသထွက်အောင် လုပ်မိမည်ဆိုပါက ဤခန်းမထဲ မည်သူကများ အသက်ရှင်လျက် ထွက်သွားနိုင်ပါဦးမည်နည်း။
ရန်ကိုင်သည် မည်ကဲ့သို့သော စွမ်းရည်ကို ပိုင်ဆိုင်ထား၍များ ဤနဂါးမလေးကို သူ့အမိန့်အတိုင်း နာခံအောင် လုပ်ထားနိုင်ရလေသနည်း။ သူသည်လည်း နဂါးကလန်သားတစ်ဦး ဖြစ်လေသလော။
ထိုသို့စဉ်းစားမိလိုက်သည့်နောက်တွင် ကျိယင်မှာ ရန်ကိုင်အား အမြင်တစ်မျိုးဖြင့် ကြည့်လာတော့လေသည်။ အစကမူ ရန်ကိုင်သည် သူ့အား ဆေးပညာအရာတွင် သာလွန်အောင် စွမ်းဆောင်ပြနိုင်ခဲ့သည့်အတွက်ကြောင့် ရန်ကိုင်အပေါ် လေးစားစိတ် ဖြစ်မိလေသည်။ ရန်ကိုင်နှင့်လည်း မိတ်ဆွေဖွဲ့ချင်မိခဲ့သည်။ သို့သော်ငြား ယခုတွင်မူ ကျိယင်သည် ရန်ကိုင်အား သူ့ထက် တစ်ဆင့်ပိုမြင့်သည့် စီနီယာတစ်ဦးသဖွယ် လေးစားအားကျနေရလေပြီ။
နဂါးမလေးတစ်ဦးအား လက်ဖက်ရည်တည်ခင်း ဧည့်ခံခိုင်းခြင်းမှာ သူ၏ဆရာဖြစ်သော မဟာဆေးဧကရာဇ်ကိုယ်တိုင် ရောက်လာမည်ဆိုလျှင်ပင် လုပ်နိုင်လောက်သည့်အရာမျိုး မဟုတ်လောက်ချေ။
ကျိယင်စိတ်ထဲ အတွေးပေါင်းသောင်းခြောက်ထောင် ထွက်ပေါ်လာတော့လေ၏။
“ပြော… ဒီနဂါးသွေးပန်းကို ဘယ်ကနေ ရလာတာလဲ… မပြောရင် ငါနင့်ကို သတ်မှာနော်…” ကျုချင်းသည် လီကျောက်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် သတ်ဖြတ်လိုစိတ်ကို အပြည့်အဝ ထုတ်ဖော်ရင်းမှ ပြောလိုက်လေသည်။
နဂါးသွေးပန်းသည် နဂါးကျွန်းပေါ်တွင်သာ တွေ့ရသည့် ပစ္စည်းတစ်မျိုး ဖြစ်သည်။ ယခု နဂါးသွေးပန်းသည် အပြင်လောကကြီး၌ ထွက်ပေါ်လာခဲ့လေသည်။ လက်ရှိနဂါးသွေးပန်း၏ အရည်အသွေးမှာ အနိမ့်ဆုံးဖြစ်ပါသော်ငြား နဂါးသွေးပန်းသည် နဂါးသွေးပန်း ဖြစ်နေဆဲ။ နဂါးကလန်မှ လူတစ်ဦးဦးသည် အပြင်လူများနှင့်ပူးပေါင်း၍ နဂါးသွေးပန်းများကို ရောင်းချနေခြင်းပေလော။ ဤကိစ္စသည် ပေါ့သေးသေးကိစ္စတစ်ရပ်မဟုတ်။ ထို့အတွက်ကြောင့်ပင် ကျုချင်းမှာ လက်ရှိကိစ္စနှင့်ပတ်သက်၍ အလွန်ကိုမှ အလေးထားနေရခြင်း ဖြစ်လေသည်။
“ရေခဲနယ်မြေ… ရေခဲနယ်မြေကနေ ရခဲ့တာ…” ယခုကဲ့သို့ဖြစ်လာမှတော့ လီကျောက်လည်း မည်ကဲ့သို့များ အမှန်တရားကို ဖုံးကွယ်ထားရဲပါဦးမည်နည်း။ အသက်ရှင်နေသည့် အရွယ်ရောက် နဂါးမလေးတစ်ကောင်သည် သူ့ရှေ့တည့်တည့်၌ ရပ်နေခဲ့လေသည်။ သူမဆီမှ ထွက်ပေါ်နေသည့် သွေးမျိုးဆက်ဖိနှိပ်ခြင်းစွမ်းအားမှာ သူ့အား အလွန်တရာကိုမှ ထိတ်လန့်ကြောက်ရွံ့နေစေခဲ့လေသည်။ ဤနဂါးမလေးသာ သူ့အား သတ်ချင်သည်ဆိုပါက တိုက်ကွက်တစ်ကွက်တည်းဖြင့် သူ့အား သတ်ပစ်နိုင်ပေသည်။ ထို့အတွက်ကြောင့် လီကျောက်မှာ သူသိထားသည့် အကြောင်းအရာများကို ဖုံးကွယ်မထားရဲတော့ပေ။
“ဒီတော့ အဲ့ဒါက ရေခဲနယ်မြေကလာတာပေါ့…” မီချီ ထိတ်လန့်သွားခဲ့လေသည်။ ယခင်က ဤနဂါးသွေးပန်းကို မည်သည့်နေရာမှ ရလာသလဲဆိုသည်ကို လီကျောက်အား တစ်ကြိမ်မက မေးမြန်းခဲ့ပါသော်ငြား လီကျောက်ကမူ သူ့မေးခွန်းကို အမြဲတစေ ရှောင်ဖယ်ခဲ့လေသည်။ ထို့အတွက်ကြောင့် မီချီမှာ အံတကြိတ်ကြိတ်နှင့်သာ ကျန်ခဲ့ရသည်။ ယခုမှသာလျှင် နဂါးသွေးပန်းသည် ရေခဲနယ်မြေမှလာကြောင်း သိသွားရတော့လေသည်။
ထိုနေရာသည် အန္တရာယ်များလှသည့် တားမြစ်နယ်မြေကြီးတစ်ခုဖြစ်ကာ မဟာဧကရာဇ်များသည်ပင်လျှင် ထိုရေခဲနယ်မြေ၏ အတွင်းပိုင်းထဲသို့ မဝင်သွားရဲကြဟု ပြောကြပေသည်။ ဧကရာဇ်တတိယအဆင့်ကျင့်ကြံခြင်းဖြင့် ရေခဲနယ်မြေသို့သွားသည်မှာ စွန့်စားရာကျပေသည်။
“ရေခဲနယ်မြေ…” ကျုချင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူမဆီမှ ထုတ်လွှတ်နေသည့် ဖိအားအောက်ဝယ် လီကျောက် လိမ်ရဲလောက်လိမ့်မည်ဟု မထင်သည့်အတွက်ကြောင့် ကျုချင်း လီကျောက်အား ယုံချင်မိသွားခဲ့သည်။ သို့သော်ငြား သိချင်စိတ်ဖြစ်မိနေသေးသည့် အတွက်ကြောင့် ပြန်၍ မေးလိုက်လေသည်။ “ရေခဲနယ်မြေမှာ ဘယ်လိုလုပ်ပြီး နဂါးသွေးပန်းက ရှိနေရတာလဲ…”
ထိုနေရာသည် အလွန်တရာကိုမှ အေးစက်ကာ လူသူအရောက်အပေါက်မရှိသလို မည်သည့်သက်ရှိမှလည်း နေထိုင်ခြင်းမရှိသည့် နေရာတစ်ခု ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ ထိုနေရာ၌ နဂါးသွေးပန်းတစ်ပွင့် မည်ကဲ့သို့များ ရှိနေရလေသနည်း။
လီကျောက်က အလျင်စလို ရှင်းပြလိုက်လေသည်။ “နဂါးတစ်ကောင် အဲ့မှာ သေသွားတယ်နဲ့တူပါတယ်… နဂါးအရိုးတွေ အဲ့မှာတွေ့ပါတယ်… နဂါးသွေးပန်းပွင့်ကလည်း အဲ့အရိုးထဲက အာနိသင်တွေကို စုပ်ယူပြီးတော့ ပေါက်ခဲ့တဲ့ပုံပါပဲ...”
ထိုစကားကိုကြားသော် ကျုချင်း၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “အဲ့မှာ နဂါးတစ်ကောင် သေသွားတာလား…”
ထို့နောက် တစ်ခုခုအား တွေးမိသွားဟန်ဖြင့် တစ်ခဏကြာမျှ တိတ်ဆိတ်သွားခဲ့လေသည်။ နောက်ဆုံးကြမှ ပြန်၍ မေးလိုက်လေ၏။ “နင် ငါ့ကို အမှန်အတိုင်းပြောရင် ကောင်းလိမ့်မယ်နော်… မဟုတ်ရင် ငါနင့်ကို တစ်စစီဖြစ်အောင် လုပ်ပစ်မှာ…”
“ကျုပ် အမှန်အတိုင်း ပြောနေတာပါ…” လီကျောက်က အလျင်စလို ပြန်ပြောလိုက်လေသည်။
“ဒါဆိုရင် နင် အဲ့နဂါးအလောင်းကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ… ရေခဲနယ်မြေထဲက ဘယ်နေရာမှာလဲ… အဲ့နေရာမှာ ဘာအမှတ်အသားတွေ ရှိလဲ…” ကျုချင်းက ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးလိုက်သည်။
ထိုစကားကိုကြားသော် ကျုချင်းသည် ထိုကိစ္စကို သူမကိုယ်တိုင် စစ်ဆေးတော့မည်မှန်း လီကျောက် နားလည်သွားခဲ့လေသည်။ သို့သော်ငြား ထိုကိစ္စမှာ အထူးအဆန်းမဟုတ်။ နဂါးတစ်ကောင်သည် ထိုနေရာတွင် သေသွားခဲ့သည်ကိုး။ နဂါးကလန်သားအရေအတွက်မှာ များများစားစား မရှိလှ။ ထို့အတွက်ကြောင့် ကလန်သားတစ်ဦးချင်းစီတိုင်းသည် အလွန်ကိုမှ အဖိုးတန်ပေသည်။ နဂါးတစ်ကောင်ကောင်သည်သာ ရေခဲနယ်မြေထဲ သေသွားခဲ့မည်ဆိုပါက ကျုချင်းသည် ထိုနေရာသို့သွားကာ စစ်ဆေးကြည့်ရပေလိမ့်မည်။ အနည်းဆုံး သေသွားသည့် နဂါး၏ အရိုးများကို ကောင်းကောင်းသင်္ဂြိုလ်ပေးရအောင် နဂါးကျွန်းဆီသို့ ပြန်ယူသွားရပေလိမ့်မည်။
လီကျောက်က ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြန်ပြောလိုက်သည်။ “သခင်မလေး… အဲ့နဂါးအလောင်းကို ပြန်ယူချင်တယ်ဆိုရင်တော့ အဲ့လိုလုပ်စရာမလိုတော့ဘူးလို့ ကျုပ်ပြောချင်တယ်… ကျုပ်ကိုယ်တိုင် စစ်ဆေးကြည့်ပြီးသွားပြီ… နဂါးအရိုးတွေက ပြာဖြစ်ကုန်ပြီ… မရှိတော့ဘူး…”
ကျုချင်းက ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ဘယ်နေရာမှာလဲ ဆိုတာကိုပဲပြော… ကျန်တာ ဘာမှ ပြောနေစရာမလိုဘူး…”
ကျုချင်းခေါင်းမာနေသည်ကိုမြင်သော် လီကျောက်ကလည်း သူ နဂါးသွေးပန်းအား မည်သည့်နေရာတွင် တွေ့ခဲ့ကြောင်းကို အမှန်အတိုင်း ပြောပြရတော့သည်။ နောက်ဆုံးတွင် ထပ်၍ ပြောလိုက်သေး၏။ “ရေခဲနယ်မြေက အရမ်းအန္တရာယ်များတာနော်… သခင်မလေး အဲ့မှာ အန္တရာယ်တစ်ခုခုနဲ့တွေ့ရင် ကျုပ်နဲ့ ဘာမှမဆိုင်ဘူးနော်…”
ကျုချင်းက လှောင်ပြောင်ပြောဆိုလိုက်သည်။ “နင်တောင် အဲ့ကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာ… ငါက ဘာလို့ မထွက်လာနိုင်ရမှာလဲ…”
“ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်…” လီကျောက်၏နဖူးထက် ချွေးအေးများ ဝေ့သီနေခဲ့လေသည်။ ထို့နောက် ကျုချင်းလက်ထဲရှိ သစ်သားသေတ္တာကိုကြည့်၍ “ဒါဆိုရင် ဒီနဂါးသွေးပန်းက…”
“နင် သေချင်နေတာလား…”
“ကျုပ်… သခင်မလေးဆီ ပြန်ပေးပါ့မယ်… ဒါက အစကတည်းက နဂါးကျွန်းရဲ့အပိုင်ပဲဟာကို…” လီကျောက်သည် သူ့လေသံကို ချက်ချင်း ပြောင်းလဲလိုက်လေသည်။ သို့သော်ငြား သူ့ရင်ထဲတွင်တော့ အလွန်ကိုမှ နာကျင်နေမိလေ၏။
ယခုတစ်ကြိမ်တွင် သူ အကြီးအကျယ်ကို ဆုံးရှုံးလိုက်ရသည်။ ရန်ကိုင်အား ပေးရန် အဆင့်မြင့်အရင်းအမြစ်ကျောက်များစွာ အကြွေးတင်ခဲ့ရုံမက သူ၏သွေးအဆီအနှစ်ကိုသုံး၍ နှစ်ပေါင်းများစွာကြာအောင် တယုတယဖြင့် ပျိုးထောင်လာခဲ့ရသော နဂါးသွေးပန်းကိုပင် ဆုံးရှုံးလိုက်ရသည်။ သူ ဤနေရာကို လုံးဝ မလာခဲ့လိုက်သင့်ပေ။ ထက်ကောင်းနန်းတော် အစုတ်အပြတ်ကြီးဆီသို့ လုံးဝကို မလာခဲ့လိုက်သင့်ချေ။
“ထွက်သွားစမ်း…” ကျုချင်းသည် ယင်ကောင်တစ်ကောင်ကို ဖယ်ထုတ်ပစ်လိုက်သည့်အလား သူမလက်ကို ဝှေ့ယမ်းလိုက်လေသည်။
ထိုအခါမှသာလျှင် လီကျောက်သည်လည်း အလျင်စလို ထရပ်လိုက်ပြီး နဂါးသွေးပန်းရှိနေသည့် သစ်သားသေတ္တာအား နှမြောတသဖြင့် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ပျံသန်းထွက်သွားလေ၏။
လီကျောက်ထွက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် မီချီလည်း ထိုနေရာတွင် ဆက်မနေရဲတော့ပေ။ လက်သီးဆုပ်၍ နှုတ်ဆက်ပြီးသည့်နောက် အလျင်အမြန် ထွက်လာခဲ့လိုက်လေသည်။
“ချင်းအာ… ငါ တစ်ချက် ကြည့်ကြည့်ရအောင်…” ခန်းမထဲတွင်ရှိနေသည့် ရန်ကိုင်သည် ပြုံးလျက် ကျုချင်းအား လှမ်းပြောလိုက်လေသည်။
ကျုချင်းသည် ရန်ကိုင်အား ထီမထင်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် သစ်သားသေတ္တာကို သူ့ဆီ ပစ်ပေးလိုက်လေ၏။
ရန်ကိုင်လည်း သစ်သားသေတ္တာကို အဖုံးဖွင့်ကာ ကြည့်ကြည့်လိုက်သည်။
“နဂါးသွေးပန်းက ကြယ်တာရာအစုအဝေးထဲမှာ အရှားပါးဆုံးပန်းတွေထဲမှာ ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ဒီနဂါးပန်းသွေးကို နဂါးကလန်ရဲ့သွေးနဲ့ပဲ စိုက်ပျိုးလို့ရလို့… အဲ့ဒါကြောင့်ပဲ နဂါးသွေးပန်းက နဂါးကျွန်းမှာပဲ ပေါက်နိုင်တာ…” ကျုချင်းက ရှင်းပြလိုက်သည်။
“နဂါးသွေးနဲ့ပဲ စိုက်လို့ရတာလား…” ထိုစကားကိုကြားသော် ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။
နဂါးသွေးသည် အစကတည်းက အလွန်တရာကိုမှ ကောင်းမွန်လှသည့် အဖိုးတန်ရတနာတစ်ခုဖြစ်ကာ ရှားလည်းရှားပါးသည့် ပစ္စည်းတစ်မျိုးဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ နဂါးသွေးဖြင့် စိုက်ပျိုးသည့် ပန်းတစ်ပွင့်သည် မည်ကဲ့သို့များ အရည်အသွေး နိမ့်ကျနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် ဤနဂါးသွေးပန်းသည် နဂါးချီအား ထုတ်လွှတ်နေနိုင်သည်မှာ အထူးအဆန်းမဟုတ်တော့ချေ။
နဂါးသွေးပန်းကိုသုံး၍ မည်ကဲ့သို့သော ဆေးလုံးအား ဖော်စပ်နိုင်မလဲ ဆိုသည်ကို သူမသိပါသော်ငြား ဤနဂါးသွေးပန်းမှာ သူ့အတွက် အလွန်အသုံးဝင်မှန်းတော့ ရန်ကိုင်စိတ်ထဲ အလိုလိုခံစားနေခဲ့ရသည်။
“ဒါကို ဆေးလုံးအဖြစ် ဖော်စပ်လို့ရလား…” ရန်ကိုင်က ကျိယင်ဘက်သို့လှည့်၍ မေးလိုက်သည်။
ကျိယင်ကပြုံးလျက် “ရတာပေါ့… နဂါးသွေးပန်းကို အဓိကဆေးအမယ်အဖြစ်သုံးပြီး ဖော်စပ်တဲ့ဆေးလုံးကို နဂါးသွေးဆေးလုံးလို့ ခေါ်တယ်… နဂါးတစ်ကောင် ဒါမှမဟုတ် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ယောက်သာ အဲ့ဆေးလုံးကို သောက်လိုက်မယ်ဆိုရင် သွေးမျိုးဆက်ကို ပိုပြီး သန့်စင်အောင် လုပ်နိုင်တယ်… သာမန်လူတစ်ယောက် အဲ့ဆေးလုံးကို သောက်လိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ် ပိုပြီး အားကောင်းလာတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်တယ်…”
အပိုင်း (၂၇၃၉)
ဘာသာပြန်သူ_တိမ်တိုက်
ကျိယင်ပြောပုံအရ နဂါးသွေးပန်းကိုသုံး၍ နဂါးသွေးဆေးလုံးအား ဖော်စပ်နိုင်ကာ ထိုဆေးလုံးသည် နဂါးသွေးမျိုးဆက်အား ပိုင်ဆိုင်ထားသူများအတွက် သွေးမျိုးဆက်ကို ပိုမိုသန့်စင်အောင် လုပ်ပေးနိုင်ကာ သာမန်လူများအတွက်ဆိုလျှင် ခန္ဓာကိုယ်ကို ပိုပြီး ကြံ့ခိုင်လာအောင် လုပ်ပေးနိုင်ပေသည်။
ရန်ကိုင်၏ခန္ဓာကိုယ်သည် မူလကတည်းက အလွန်ကိုမှ အားကောင်းနေခြင်း ဖြစ်လေရာ သူသာ ဤနဂါးသွေးပန်းကိုသုံး၍ နဂါးသွေးဆေးလုံးအဖြစ် ဖော်စပ်ကာ သောက်သုံးလိုက်မည်ဆိုပါက ကျားအား အတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ရန်ကိုင်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက်တွင် ကျိယင်ဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ရောင်းရင်းကျိ… နဂါးသွေးဆေးလုံးကို ဘယ်လိုဖော်စပ်ရမလဲ သိလား…”
ကျိယင်က ခေါင်းကုတ်လျက် အသာအယာချောင်းဟန့်ရင်းမှ ပြန်ပြောလိုက်လေသည်။ “သိတယ်… ဒါပေမယ့်…” ထို့နောက်တွင် ကျုချင်းဘက်သို့ ကြည့်လိုက်လေသည်။
ဤနေရာတွင် အစစ်အမှန် နဂါးမလေးတစ်ကောင် ရှိနေသည့်အတွက်ကြောင့် ကျိယင်မှာ နဂါးသွေးဆေးလုံးအား ဖော်စပ်ရမည့်ကိစ္စကို ရန်ကိုင်နှင့် တည့်တိုး မဆွေးနွေးရဲပေ။ တကယ်တော့ နဂါးသွေးပန်းသည် နဂါးကလန်အတွက် အလွန်ကိုမှ အရေးကြီးသည့် ကိစ္စတစ်ရပ် မဟုတ်ပေလော။ သူသာ ဤနဂါးမလေးအား ရန်စမိလိုက်မည်ဆိုပါက မဟာဆေးဧကရာဇ်၏ အမွေခံတပည့်တစ်ဦး ဖြစ်သည်ဟူသော သူ့အဆင့်အတန်းသည်ပင်လျှင် သူ့အား ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“နင် နဂါးသွေးပန်းတွေ လိုချင်တာလား…” ကျုချင်းသည် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။
“နင့်မှာရှိတာလား…” ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်မှ ထိုကိစ္စမှာ မထူးဆန်းကြောင်း သိသွားခဲ့သည်။ တကယ်တော့ ကျုချင်းသည် နဂါးတစ်ကောင် မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူမတွင် နဂါးသွေးပန်းများ ရှိနေသည်မှာ အထူးအဆန်းမဟုတ်ပေ။ သူသည်သာ ကျုချင်းဆီမှ နဂါးသွေးပန်းများကို ရလိုက်မည်ဆိုပါက နဂါသွေးဆေးလုံးများစွာကို ဖော်စပ်နိုင်မည်ဖြစ်ကာ သူ့ခွန်အားကိုလည်း တိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။
“ရှိတယ်…” ကျုချင်း ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေ၏။ သို့သော်ငြား သူ ဘာမှမပြောနိုင်သေးခင်မှာပင် ကျုချင်းက ဆက်ပြောလိုက်သည်။ “ဒါပေမယ့် အဲ့ပန်းတွေအကုန်လုံးကို နဂါးကျွန်းမှာ ထားခဲ့တယ်… နဂါးကျွန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ နဂါးသွေးပန်းတွေကို အပြင်ကို ယူသွားခွင့်မရှိဘူး…”
ရန်ကိုင်၏စိတ်လှုပ်ရှားမှုမှာ ရေအေးဖြင့် လောင်းချခံလိုက်ရသည့်အလား တမုဟုတ်ချည်း ငြိမ်းသေသွားခဲ့ပြီး စိတ်ပျက်ပျက်ဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် ဘာဖြစ်လို့ အဲ့အကြောင်းကို လာပြီး အစဖော်နေသေးတာလဲ…”
ယခုမှသာလျှင် ကျုချင်း၏ သိုလှောင်လက်စွပ်ထဲတွင် ဘာကြောင့်များ ထိုပန်းများကို မတွေ့ရသလဲ ရန်ကိုင် နားလည်သွားရတော့လေသည်။ သူမတွင်သာ နဂါးသွေးပန်းများ ရှိနေမည်ဆိုပါက သူမ၏သိုလှောင်လက်စွပ်ထဲတွင် ထိုပန်းများကို အစောကြီးကတည်းက တွေ့ခဲ့ရပေလိမ့်မည်။
ကျိယင်၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့ပြန်လေသည်။ နဂါးမလေးနှင့် စကားပြောဆိုရာတွင် ရန်ကိုင်သည် မည်ကဲ့သို့များ ဤမျှ လက်ပေါက်ကပ်နေရလေသနည်း။ သူမအပေါ် အနည်းငယ်မျှပင်လျှင် ယဉ်ကျေးပျူငှာခြင်းမရှိ။ ရန်ကိုင်ပုံစံကိုကြည့်ရင်း ကျိယင်မှာ ရင်တဒုန်းဒုန်းကို ခုန်နေတော့လေသည်။
ကျုချင်းက ပြုံးလျက် ညစ်ကျယ်ကျယ်အမူအယာဖြင့် “နင် ငါနဲ့ နဂါးကျွန်းကို လိုက်ခဲ့မယ်ဆိုလို့ရှိရင် အဲ့နဂါးသွေးပန်းတွေအကုန်လုံးကို ငါ နင့်ကို ပေးလို့ရတယ်… ငါ့မှာ နဂါးသွေးပန်း ဆယ်ပွင့်လောက်ရှိတယ်…”
ထိုစကားကိုကြားသော် ကျိယင်၏မျက်လုံးများ ပြူးကျယ်သွားတော့လေသည်။
ဤနဂါးမလေးသည် ရန်ကိုင်အား နဂါးကျွန်းသို့ တကယ်ကြီး ဖိတ်ခေါ်ချင်နေသလော။ သူများ နားကြားမှားသွားခြင်းပေလား။
နဂါးကျွန်းသည် ကြယ်တာရာအစုအဝေး၌ အဆန်းကြယ်ဆုံးနေရာတစ်ခု ဖြစ်ပေသည်။ နဂါးကျွန်းအား သွားရန်မဆိုထားနှင့် သာမန်လူများဆိုလျှင် နဂါးကျွန်း မည်သည့်နေရာ၌ ရှိနေသလဲ ဆိုသည်ကို မသိကြချေ။ ထို့အပြင် နတ်သားရဲများ၏ အရှင်သခင်ဟု မိမိကိုယ်ကို မှတ်ယူထားကြသော နဂါးများသည် မည်သူ့ကိုမှ နဂါးကျွန်းဆီသို့ ဖိတ်ခေါ်လိမ့်မည်မဟုတ်ချေ။ မဟာဧကရာဇ်များသည်သာ နဂါးကျွန်းပေါ်သို့ ခြေချခွင့် ရရှိကြပေသည်။ သို့သော်ငြား သူတို့အနေဖြင့် နဂါးကျွန်းဆီသို့ မကြာခဏ သွားရောက်ရန်မှာ သိပ်၍ မဖြစ်နိုင်လှ။ နဂါးကလန်ဆီမှ နဂါးသွေးပန်းများရရန်ဆိုလျှင်တော့ ပိုလို့ပင် မဖြစ်နိုင်သေး။
သို့သော်ငြား ဤနဂါးမလေးမှာမူ ရန်ကိုင်အား နဂါးကျွန်းဆီသို့ ဖိတ်ခေါ်နေရုံမက ရန်ကိုင်သာ နဂါးကျွန်းဆီသို့ လိုက်လာခဲ့မည်ဆိုလျှင် သူမတွင်ရှိနေသော နဂါးသွေးပန်း ဆယ်ပွင့်စလုံးကို ပေးမည်ဟုပင် ပြောနေခဲ့လေသည်။
ကျိယင်မှာ လုံးဝကို မှင်တက်နေတော့လေသည်။ ယခုကိစ္စသည် သူနှင့် ဘာမှမဆိုင်ပါသော်ငြား ကျိယင်ကမူ ရန်ကိုင်အား အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့်လိုက်လေသည်။
ဤသည်မှာ အလွန်ကိုမှ တွေ့ရခက်ခဲလှသည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုဖြစ်လေရာ ရန်ကိုင်မှာ ဘာကြောင့်များ တုံ့ဆိုင်းနေရလေသနည်း။ ရန်ကိုင်အား မြန်မြန်ဆန်ဆန် သဘောတူလိုက်ရန် အချက်ပြနေခြင်း ဖြစ်လေသည်။ သူသာဆိုလျှင်တော့ ကျုချင်း၏ ကမ်းလှမ်းချက်ကို ကျိန်းသေ သဘောတူလိုက်ပေလိမ့်မည်။
“နင် အဲ့အကြောင်းကို နောက်တစ်ကြိမ် ထပ်ပြောရဲပြောကြည့်… ငါတို့ မိတ်ဆွေမဟုတ်တော့ဘူးပဲ…” ရန်ကိုင်သည် ကျုချင်းအား ခက်ထန်သည့် အမူအယာဖြင့် ကြည့်လိုက်လေသည်။
ကျုချင်းသည် နှုတ်ခမ်းစူလျက် သူမလက်ကို ဆန့်ထုတ်ရင်း ပြောလိုက်လေသည်။ “ငါ့ကို အဲ့သေတ္တာပြန်ပေး…”
ရုတ်တရက်ဆိုသလို ရန်ကိုင်လက်ထဲရှိ သေတ္တာမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အူကြောင်ကြောင်အမူအယာဖြင့် “ဘာသေတ္တာလဲ… ငါ ဘာသေတ္တာကိုမှ မတွေ့ပါလား…”
ကျုချင်း ဒေါသူပုန်ထသွားခဲ့လေသည်။ “နဂါးသွေးပန်းဆိုတာ နဂါးကျွန်းအပိုင်ပဲ… အဲ့ဒါကို သိမ်းထားရင် ပြဿနာတက်မှာကို မကြောက်ဘူးလား…”
ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ဘာနဂါးသွေးပန်းလဲ… ဘာနဂါးသွေးပန်းမှ မတွေ့ပါလား…”
ကျုချင်းမှာ ဒေါသလည်းထွက် စိတ်လည်း ညစ်လာရတော့သည်။ ရန်ကိုင်သည် နဂါးသွေးပန်းကို ပြန်ပေးရန် လုံးဝ မစဉ်းစားထားသည့် ပုံပင်။ အခြားတစ်ယောက်ယောက်သည်သာ နဂါးသွေးပန်းကို ယခုကဲ့သို့ လုယူသွားမည်ဆိုပါက ကျုချင်းသည် အကြမ်းနည်းသုံး၍ ချက်ချင်း ပြန်လုယူလိုက်မည် ဖြစ်ပါသော်ငြား ရန်ကိုင်သည် လူသားတစ်ဦးဖြစ်နေသည့်တိုင် ဘိုးဘေးနဂါးအမြုတေကို ပိုင်ဆိုင်ထားသဖြင့် သူ့တွင် နဂါးသွေးပန်းကို ရပိုင်ခွင့် ရှိနေသည်။
ထို့အတွက်ကြောင့် ကျုချင်းမှာ မျက်မှောင်ကြုတ်လျက် ခဏမျှ စဉ်းစားနေပြီးနောက် ထိုကိစ္စကို ဆက်၍ အာရုံမစိုက်တော့ရန် ဆုံးဖြတ်လိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျိယင်မှာတော့ သူ့ကိုယ်သူ အိမ်မက်မက်နေသလို ခံစားနေခဲ့ရသည်။ တစ်ယောက်ယောက်သည် နဂါးတစ်ကောင်ဆီမှ နဂါးသွေးပန်းများကို အမှန်တကယ်ကြီး လုယူရဲသည်လား။
ယနေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များသည် သူ့တစ်ဘဝလုံး ကြုံခဲ့ရသည့် အဖြစ်အပျက်များထက်ပင် ပို၍ ထိတ်လန့်အံ့အားသင့်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။ လက်ရှိအဖြစ်အပျက်များကို ကြည့်ရင်း ကျိယင်မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကိုပင်လျှင် တဖြည်းဖြည်း ဆုံးရှုံးလာနေမိတော့၏။
“ချင်းအာ… ဒီနေ့က နေသာတယ်… နင်ဘာဖြစ်လို့ အပြင်လေးဘာလေးထွက်ပြီး နေစာမလှုံတာလဲ… အခန်းထဲမှာပဲ တစ်ချိန်လုံးနေတာ နင့်အသားအရေအတွက် မကောင်းဘူးနော်…” ရန်ကိုင်က ကျုချင်းအား ပြုံးကာကြည့်ရင်းမှ ပြောလိုက်လေသည်။
ကျုချင်း အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ ရန်ကိုင် သူမအား မောင်းထုတ်ချင်နေမှန်း သိလိုက်သည့်အတွက်ကြောင့် ခြေဆောင့်ကာ ခန်းမထဲမှ ထွက်သွားလေသည်။
ထိုအခါမှသာလျှင် ရန်ကိုင်လည်း ဟွာချင်းစီနှင့် မွန်းစတားဘုရင်သုံးပါးအား လှမ်းကြည့်လိုက်လေသည်။
ဟွာချင်းစီနှင့် မွန်းစတားဘုရင်သုံးပါးတို့မှာလည်း အလိုက်တသိဖြင့် ခန်းမထဲမှ ထွက်သွားကြလေသည်။
ယခုဆိုလျှင် ခန်းမထဲ၌ ရန်ကိုင်၊ ကျိယင်နှင့် ဈာန်ဝင်စားနေသည့် အခြေအနေသို့ ရောက်နေသော ကျိယင်၏ ပထမတပည့်တို့သာ ကျန်ရစ်တော့လေသည်။
ရန်ကိုင်သည် အစောပိုင်းက သိမ်းဆည်းလိုက်သည့် သစ်သားသေတ္တာကို ပြန်ထုတ်လျက် ကျိယင်ဆီသို့ ပေးရင်းမှ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းကျိယင်… နဂါးသွေးဆေးလုံးကို ကျုပ်အတွက် ဖော်စပ်ပေးလို့ရမလား…”
“အမ်…” ကျိယင်မှာ မှင်တက်နေခဲ့လေရာ သစ်သားသေတ္တာအား မသိလိုက် မသိဘာသာဖြင့် အလိုလို လှမ်းယူမိထားခဲ့လေသည်။
ရန်ကိုင်က ရယ်မောလျက် “ရောင်းရင်းကျိ မေ့သွားတာတော့ မဟုတ်ပါဘူးနော်… ရောင်းရင်းကျိက အခု ကျုပ်တို့ ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူး ဖြစ်နေပြီလေ…”
ထိုစကားကိုကြားသော် ကျိယင် ကြောင်သွားလေ၏။ ထို့နောက် ခါးသက်သက်အမူအယာဖြင့် ရယ်မောလျက် “ဒီကျိ ကိုယ့်အရှုံးကိုယ် လက်ခံပါတယ်… ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး… ဒါပေမယ့် အရင်ဆုံးတော့ ဆေးလုံးတောင်ကြားဆီ ပြန်ပြီးတော့ ဆရာ့ကို ဒီအကြောင်း ပြောရဦးမယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ကိစ္စမရှိဘူး… ရောင်းရင်းကျိ အဲ့ကကိစ္စတွေ ရှင်းပြီးသွားတော့မှ ဒီကိုပြန်လာခဲ့…”
“ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းရန်…” ကျိယင်က တယဉ်တကျေးဖြင့် ပြန်ပြောလိုက်လေသည်။ သူ့စိတ်ထဲလည်း အနည်းငယ် ဒွိဟဖြစ်နေမိလေသည်။ ထက်ကောင်းကင်နန်းတော်သို့ မလာခင်က သူသည် လုံးဝကို လွတ်လပ်ပေါ့ပါးသည့် လူတစ်ဦး ဖြစ်ခဲ့ပါသော်ငြား ယခုမူ ဤနေရာသို့ လာပြီးသည့်နောက် ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး ဖြစ်လာခဲ့ရလေသည်။ ဤသည်မှာ သူဖြစ်ချင်သည့်အရာမျိုး မဟုတ်ချေ။
သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်၏ဆေးစွမ်းရည်မှာ အတော်လေးကိုမှ အံ့ဩဖွယ်ကောင်းလှကာ ရန်ကိုင်သည် ဆေးတာအို၏ အဆီအနှစ်ကိုပင်လျှင် ထိတွေ့ထားနိုင်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကျိယင်သည်သာ ရန်ကိုင်နှင့် ဆေးပညာချင်း ဖလှယ်နိုင်မည်ဆိုပါက သူ့အတွက် အလွန်ကိုမှ အကျိုးကျေးဇူး များရပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် သူ့စိတ်ထဲ ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးတစ်ဦး ဖြစ်လာရသည့်အပေါ် အရမ်းကြီး ဆန့်ကျင်လိုစိတ် မဖြစ်မိတော့ချေ။
“ရောင်းရင်းရန်… ဒီကျိ အတည်ပြုစရာကိစ္စလေးတစ်ခု ရှိတယ်…” ကျိယင်က ရုတ်တရက်ပြောလိုက်သည်။
ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။ “ကျုပ်သုံးသွားတဲ့ ဆေးဖော်စပ်တဲ့နည်းစနစ်တွေနဲ့ ပတ်သက်ပြီးတော့လား…”
ကျိယင်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ “ဖြစ်နိုင်တာက…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ရောင်းရင်းကျိထင်တာ အမှန်ပဲ…”
“ထင်ထားတဲ့အတိုင်းပါလား…” ကျိယင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်၏ဆေးညွှန်းသည် သူအသုံးပြုသည့်ဆေးညွှန်းနှင့် တူနေသည်ကို မြင်လိုက်စဉ်တည်းက ကျိယင်စိတ်ထဲ သံသယတို့ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်ပေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဖြစ်နိုင်ချေတစ်ခုသာ ရှိပေသည်။
“အဲ့ဆေးညွှန်းကို သိတဲ့လူဆိုလို့ ဆေးလုံးတောင်ကြားကနေ ထွက်သွားတဲ့ ကျုပ်ရဲ့ တတိယစီနီယာအစ်ကိုပဲ ရှိလိမ့်မယ်… ဒီကျိ ဆေးလုံးတောင်ကြားထဲရောက်တာ နောက်ကျသွားတော့ တတိယစီနီယာအစ်ကိုနဲ့ တစ်ခါမှ မတွေ့ဖြစ်လိုက်ဘူး… ဒါပေမယ့် သူ့အကြောင်းတော့ ကြားဖူးတယ်… အဲ့ဆေးညွှန်းက ရောင်းရင်းရန်ရဲ့လက်ထဲ ရောက်နေတာဆိုတော့ အခု တတိယစီနီယာအစ်ကိုကုန်းစွန်းမူ ဘယ်ရောက်နေလဲ သိလို့ရမလား…”
ကုန်းစွန်းမူသည် အစောပိုင်းကာလတွင် အမှားကြီးတစ်ခုကို လုပ်မိကာ မဟာဆေးဧကရာဇ်၏ နှင်ထုတ်ခြင်း ခံခဲ့ရလေသည်။ ယခု နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက် ကုန်းစွန်းမူနှင့် ပတ်သက်သည့် မည်သည့်သတင်းအစအနကိုမှ ကြယ်တာရာအစုအဝေးထဲ မကြားရတော့ချေ။ ယခု ရင်းနှီးနေသည့် ဆေးညွှန်းကို ပြန်မြင်လိုက်ရသော် ကျိယင်မှာ သူ့စီနီယာအစ်ကိုဖြစ်သော ကုန်းစွန်းမူအကြောင်း စိတ်ဝင်တစားဖြင့် မေးကြည့်မိလိုက်လေသည်။
သူ့ဆရာသည် ကုန်းစွန်းမူအား ဆေးလုံးတောင်ကြားမှ နှင်ထုတ်ခဲ့ပါသော်ငြား သူတို့ကြား ဆက်ဆံရေးအချို့ ကျန်ရစ်နေသေးမှန်းတော့ သူပြောနိုင်ပေသည်။ တကယ်တော့ မဟာဆေးဧကရာဇ်နှင့် ကုန်းစွန်းမူတို့သည် တစ်ချိန်က ဆရာတပည့်များ ဖြစ်ခဲ့ကြသည် မဟုတ်ပေလော။ ရှင်းရှင်းပြောရလျှင် ကျိယင်၏ တတိယစီနီယာအစ်ကိုကုန်းစွန်းမူသည် ဆေးပညာအရာတွင် အလွန်ကိုမှ ပါရမီပါသည့် လူတစ်ဦး ဖြစ်ပေသည်။ သူ၏ ဆေးပညာဆိုင်ရာပါရမီသည် သူ၏ အကြီးဆုံးစီနီယာအစ်ကိုနှင့် ဒုတိယစီနီယာအစ်မတို့သည်ပင် လိုက်မမီနိုင်သည့် အရာမျိုး ဖြစ်ကြသည်။ ကံမကောင်းစွာဖြင့် ကုန်းစွန်းမူမှာ လမ်းမှားရောက်သွားခဲ့ရပြီး ဆေးလုံးတောင်ကြားမှ နှင်ထုတ်ခြင်း ခံခဲ့ရလေသည်။ ထိုသို့သာမဟုတ်ပါက သူသည် သူ၏စီနီယာများထက်ပင်လျှင် ပို၍ ထူးချွန်နေပေလိမ့်မည်။
ရန်ကိုင်က သက်ပြင်းချလျက် “စီနီယာကုန်းစွန်းမူ သေသွားတာကြာပြီ…”
ကျိယင် ထိတ်လန့်သွားခဲ့လေသည်။ ထို့နောက်တွင် ခါးသက်စွာပြုံးလျက် “ထင်ထားတဲ့အတိုင်းပါပဲလား…”
သူ့စိတ်ထဲ ယခုကဲ့သို့ ဖြစ်လိမ့်မည်မှန်း ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ပါသော်ငြား တကယ်တမ်းကြားလိုက်ရချိန် ကျိယင် အနည်းငယ်တော့ ဝမ်းနည်းမိသွားခဲ့လေသည်။ ဤကဲ့သို့သော ဆေးပညာဆိုင်ရာ ပါရမီရှင်တစ်ဦး ကျဆုံးသွားရသည်မှာ အမှန်တကယ်ကိုမှ နှမြောဖွယ်ကောင်းလှပေသည်။
ရန်ကိုင်က ရှင်းပြလိုက်သည်။ “စီနီယာကုန်းစွန်းမူနေခဲ့တဲ့ လိုဏ်ဂူစံအိမ်ထဲမှာ သူ့အမွေအနှစ်ကို ကျုပ် ရှာတွေ့ခဲ့တာ…”
ကျိယင် ခါးသက်စွာ ရယ်မောလိုက်လေသည်။ ယခု ရန်ကိုင်၏ ဧကရာဇ်ယွမ်ဆေးလုံးအား ဖော်စပ်သည့်ပုံစံသည် ဘာကြောင့် သူနှင့် တစ်ထပ်တည်း တူညီနေသလဲ ဆိုသည်ကို နားလည်သွားခဲ့လေပြီ။ ရန်ကိုင်သည် ကုန်းစွန်းမူ၏ အမွေအနှစ်ကို ဆက်ခံခဲ့သည့် အတွက်ကြောင့် ကုန်းစွန်းမူတတ်မြောက်ထားသော ဆေးညွှန်းများကိုလည်း တတ်ကျွမ်းထားရပေလိမ့်မည်။ ကုန်းစွန်းမူတတ်ကျွမ်းထားသည့် ဆေးညွှန်းမှာ မဟာဆေးဧကရာဇ်ဆီမှ ရရှိခဲ့ခြင်းဖြစ်လေရာ ရန်ကိုင်တတ်ကျွမ်းထားသည့် ဆေးညွှန်းနှင့် ကျိယင်တတ်ကျွမ်းထားသည့်ဆေးညွှန်း တူညီနေသည်မှာ အထူးအဆန်းမဟုတ်တော့ပေ။
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူလျက် ကျိယင်ဆီသို့ ပေးလိုက်လေသည်။ “ဒီမှာ စီနီယာကုန်းစွန်းမူ နောက်ဆုံးပြောချင်ခဲ့တဲ့ စကားတွေ ရှိတယ်… အခုတော့ ဒါကိုပဲ ဆေးလုံးတောင်ကြားဆီ ပြန်ယူသွားဖို့ ရောင်းရင်းကျိကိုပဲ အားကိုးတော့မယ်နော်… စီနီယာကုန်းစွန်းမူရဲ့ အမွေအနှစ်နဲ့ ပက်သက်ပြီး မဟာဆေးဧကရာဇ်ဘယ်လိုထင်လဲဆိုတာကို တစ်ချက်မေးပေးဖို့ပါ ရောင်းရင်းကျိကို အကူအညီ ထပ်တောင်းရမယ်…”
ကျိယင်က ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “ဒီကိစ္စကို ဆရာ့ဆီ ပြန်ပြောပေးပါ့မယ်… ဆရာငြင်းမယ်လို့တော့ မထင်ပါဘူး… တတိယစီနီယာအစ်ကိုရဲ့ အမွေအနှစ်ကို အခြားတစ်ယောက်က လက်ခံယူထားပေးတာကိုတောင် ဆရာက ပျော်ရင် ပျော်နေလောက်မှာ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “အဲ့လိုဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့..”
တစ်ချက်ရပ်ပြီးသည့်နောက် ရန်ကိုင်က ထပ်မေးလိုက်လေသည်။ “စီနီယာကုန်းစွန်းမူပြောသွားတဲ့အထဲမှာလေ ဆေးလုံးတောင်ကြားကနေ နှင်ထုတ်ခံလိုက်ရတာက တားမြစ်ထားတဲ့ လူသားဆေးလုံးပညာရပ်ကို လေ့လာခဲ့လို့တဲ့… လူသားဆေးလုံးပညာရပ်ဆိုတာ ဘာကိုပြောတာလဲ… ရောင်းရင်းကျိသိလား…”
ကျိယင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “ရောင်းရင်းရန်လည်း အဲ့လူသားဆေးလုံးပညာရပ်ကို စိတ်ဝင်စားတာလား…”
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “မဟုတ်ဘူး… ဒီတိုင်းမေးကြည့်ရုံပဲ… မဟာဧကရာဇ်ကိုယ်တိုင်ကတောင် အဲ့ဒါကို တားမြစ်ထားတာဆိုတော့ ကောင်းတဲ့ပုံတော့ မပေါက်ဘူး… အဲ့လိုပညာရပ်မျိုးကို ကျုပ်က ဘယ်လိုလုပ်ပြီး စိတ်ဝင်စားရမှာလဲ…”
ထိုစကားကိုကြားလိုက်သည့်အခါမှသာ ကျိယင်၏အမူအယာ အနည်းငယ်ပြေလျော့သွားခဲ့ပြီး တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “တကယ်တော့ အဲ့အကြောင်းကို ရောင်းရင်းရန်ကို ပြောပြလိုက်လို့လည်း ပြဿနာမရှိပါဘူး… ရောင်းရင်းရန်ရဲ့ ပုံစံနဲ့ဆိုရင်တော့ လူသားဆေးလုံးပညာရပ်ကို လေ့ကျင့်မှာမဟုတ်မှန်း ဒီကျိ ယုံပြီးသား…”
ရန်ကိုင်သည် ကျိယင်အား စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။
ကျိယင်က ဆက်ပြောပြလိုက်သည်။ “တတိယစီနီယာအစ်ကို လေ့လာနေတဲ့ လူသားဆေးလုံးပညာရပ်ဆိုတာ လူသားတွေရဲ့အသက်ကို ဆေးလုံးအဖြစ် သန့်စင်တဲ့ ပညာရပ်မျိုးပဲ…ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းက ပိုမြင့်လေ အဲ့ကျင့်ကြံသူကိုသုံးပြီးတော့ ဖော်စပ်တဲ့ဆေးလုံးက ပိုပြီးကောင်းလေပဲ…”
“ဘယ်လို…” ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “လူသားတွေကို ဆေးအမယ်အဖြစ်သုံးတာလား…”
ကျိယင်က သက်ပြင်းချလိုက်လေသည်။ “ဟုတ်တယ်… အဲ့အကြောင်းကို ကြားတုန်းက ဆရာ အရမ်း ဒေါသူပုန်ထသွားတာ… အကြီးဆုံးစီနီယာအစ်ကို ဝင်အသနားခံပေးလိုက်တဲ့ အတွက်ကြောင့်သာ မဟုတ်လို့ရှိရင် တတိယစီနီယာအစ်ကို ဆရာသတ်လို့ သေပြီ… ဒီကျိ ဂိုဏ်းထဲဝင်သွားတုန်းက လိုရမယ်ရ အကြီးဆုံးစီနီယာအစ်ကိုက တတိယစီနီယာအစ်ကိုအကြောင်းကို ပြောပြပေးခဲ့တာ…”
ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။ “စီနီယာကုန်းစွန်းမူက လမ်းမှားသွားရောက်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ သူ့အမှားသူသိသွားပါတယ်… ဒါပေမယ့် မဟာဧကရာဇ်ကို ကိုယ်တိုင်ကိုယ်ကျ ပြန်တွေ့ခွင့် တစ်ခါမှ မရလိုက်ဘဲနဲ့ သူ့ဘာသာသူ တစ်ကိုယ်တည်း သေသွားခဲ့ရတာတော့ တကယ်ကို သနားစရာပဲ…”
ကျိယင်က ခါးသက်စွာ ပြုံးလျက် “လူဆိုတာ အမှားနဲ့မကင်းဘူးလေ…”
သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ကျိယင်၏တပည့် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး ဝမ်းသာအားရဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်လေသည်။
“မင်းဘာတွေရလိုက်လဲ…” ကျိယင်က သူ့တပည့်ကို ပြုံးကာကြည့်၍ မေးလိုက်သည်။
ကျိယင်၏တပည့်က အလျင်အမြန်ခေါင်းညိတ်၍ မတ်တပ်ရပ်ကာ ရန်ကိုင်အား ဦးညွှတ်လိုက်လေ၏။ ထို့နောက် တလေးတစားဖြင့် ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် ဆေးဝိဇ္ဇာရန်…”
ကျိယင်က ရယ်မောလျက် “မင်း တစ်နေ့နေ့ ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်လာနိုင်မယ်ဆိုရင် ဦးလေးရန်ရဲ့ ကျေးဇူးတွေ မကင်းဘူး… ဒီတော့ သူ့ကျေးဇူးကို လုံးဝမမေ့နဲ့…”
ကျိယင်၏တပည့်က ချက်ချင်း ပြန်ပြောလိုက်လေသည်။ “တပည့် မေ့မှာမဟုတ်ဘူး…”
ရန်ကိုင်က ရယ်မောလျက် “သူ အခုလိုမျိုး ရလိုက်တာ သူ့ကံကြောင့်ပါပဲလေ… ကျုပ်ကို ကျေးဇူးတင်စရာမလိုပါဘူး…” ထို့နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “အခု မင်းဆရာက ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူး ဖြစ်လာပြီဆိုတော့ မင်းရော ဘာဖြစ်လို့ ထက်ကောင်းကင်နန်းတော်မှာ မနေတာလဲ…”
“ဒါက…” ကျိယင်၏တပည့် တုံ့ဆိုင်းသွားခဲ့လေသည်။ သူ့ခမျာ အကြပ်တွေ့နေသည့် ပုံပင်။
ကျိယင်က ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရန်… မင်းက တကယ်ကို မကျေနပ်နိုင်ပါလားကွ… အဲ့လိုဆိုမှတော့ ငါ့ရဲ့အကြီးဆုံးစီနီယာအစ်ကိုရယ်၊ ဒုတိယစီနီအစ်မရယ်၊ လေးယောက်မြောက်စီနီယာအစ်မရယ်ကိုပါ တစ်ခါတည်း ဘာဖြစ်လို့ မခေါ်လိုက်တာလဲ…”
“သူတို့ကိုပါ ခေါ်လို့ရမယ်ဆိုရင်တော့ တကယ်ကိုကောင်းမှာ…”
အပိုင်း (၂၇၄၀)
ဘာသာပြန်သူ_တိမ်တိုက်
“ငါ ရေခဲနယ်မြေဆီ သွားချင်တယ်…” ရန်ကိုင် ကျိယင်နှင့် ဆေးပညာချင်း ပြိုင်ခဲ့သည်မှာ လဝက်ခန့် ကြာသွားခဲ့လေပြီ။ ယနေ့ ရွှေသံချပ်စာအုပ်ကို သန့်စင်နေစဉ် ကျုချင်းသည် သူ့ဆီသို့ ရုတ်တရက် ရောက်ချလာခဲ့ပြီး ရေခဲနယ်မြေသို့ သွားလိုကြောင်း ပြောလာခဲ့သည်။
ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ “အဲ့နေရာက တားမြစ်နေရာကြီးနော်… နင်က နဂါးတစ်ကောင်ဆိုရင်တောင် အဲ့ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ သေချာတာမဟုတ်ဘူး… နင် ဘာလို့ အဲ့ကိုသွားချင်နေရတာလဲ…”
“နင်လည်း သိနေတာပဲ…”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ကျုချင်း ရေခဲနယ်မြေဆီသို့ သွားလိုရခြင်းမှာ သူမကလန်သား၏ အရိုးကို ပြန်ယူလိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ လီကျောက်မှ နဂါးသွေးပန်းကို ရေခဲနယ်မြေထဲတွင် ရှာတွေ့ခဲ့ကြောင်း ပြောစဉ်က ကျုချင်း၏ အမူအယာမှာ အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်နေလေသည်။ ကြည့်ရသလောက် ရေခဲနယ်မြေထဲတွင် သေဆုံးသွားသည့် နဂါးကလန်သားသည် သူမနှင့် တစ်မျိုးတစ်ဖုံ ပတ်သက်နေသည့်ပုံပင်။
“အရိုးတစ်ခုလုံး ပြာဖြစ်သွားပြီလို့ လီကျောက် နင့်ကို မပြောဘူးလား… အခု နင်သွားလည်း အပိုပဲဖြစ်မှာ…” ရန်ကိုင်က ကျုချင်းအား ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ ဤကောင်မလေးသည် သူ့အတွက် အတော်လေးကိုမှ စိတ်ညစ်စရာကောင်းသလို ရန်ကိုင်ကိုယ်တိုင်ကလည်း ကျုချင်းအား ဤနေရာမှ ဝေးနိုင်သမျှ ဝေးရာသို့ မောင်းထုတ်ချင်နေပါသော်ငြား သူမ ရေခဲနယ်မြေသို့ သွားမည့်ကိစ္စကိုတော့ ရန်ကိုင် စိတ်ပူပေသည်။
နဂါးကလန်သားတစ်ဦးသည်ပင်လျှင် ထိုနေရာ၌ သေဆုံးသွားခဲ့လေရာ ကျုချင်းသာ ထိုနေရာသို့ သွားမည်ဆိုပါက သူမသည်လည်း ပထမတစ်ဦး၏ လမ်းစဉ်အတိုင်း လိုက်သွားရနိုင်ပေသည်။
“နောက်တစ်ခုရှိသေးတယ်…” ကျုချင်းက ထပ်ပြောလိုက်သည်။
“ဘာလဲ…”
ခဏမျှ စဉ်းစားနေပြီးသည့်နောက် ကျုချင်းက အမှန်အတိုင်း ပြောပြလိုက်သည်။ “နဂါးအမြုတေပဲ… ငါသွားမှာက အရိုးကိုယူဖို့သက်သက်ပဲ မဟုတ်ဘူး… သေသွားတဲ့ ငါ့ကလန်သားရဲ့ အမြုတေကို ပြန်ယူဖို့လည်းပါတယ်…”
ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့လေသည်။ နဂါးကလန်သားတစ်ဦး၏ အမြုတေသည် နတ်သားရဲတစ်ကောင်၏ အမြုတေ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် အလွယ်တကူ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်။ အရိုးများ အမှုန်ဖြစ်သွားမည်ဆိုလျှင်ပင် အမြုတေကတော့ ကျိန်းသေ ကျန်ရစ်နေပေလိမ့်မည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ဒါဆိုသွားလေ… ဒါပေမယ့် သတိတော့ထားဦးနော်… ရေခဲနယ်မြေက သွားချင်တိုင်းသွား လာချင်တိုင်းလာလို့ရတဲ့ နေရာမဟုတ်ဘူး…”
ကျုချင်းသည် ရန်ကိုင်ကိုကြည့်၍ “နင်ရော မလိုက်ဘူးလား…”
ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ဘာလို့လိုက်ရမှာလဲ…”
“ငါနဲ့အတူ လိုက်ပေးလေ…” ကျုချင်း၏မျက်လုံးထဲ စိတ်ပျက်မှုတို့ ထွက်ပေါ်လာခဲ့ရသည်။
ရန်ကိုင်က ပြန်၍ ငြင်းဆိုလိုက်လေသည်။ “ငါ့ခွန်အားက နိမ့်နိမ့်လေးပဲရှိသေးတာ… ငါသာ အဲ့ကိုသွားရင် ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်နေမှာ… ငါ နင်နဲ့လိုက်လို့ နင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို မစိုးရိမ်ဘူးလား…”
အရေးအကြီးဆုံးအချက်မှာ ထိုနေရာသို့သွား၍ သူ့အတွက် ဘာအကျိုးမှ မရှိသည့် အတွက်ကြောင့်ပင်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အနေဖြင့် အကြောင်းအရင်းမရှိဘဲ ရေခဲနယ်မြေသို့ ဘာကြောင့်များ သွားရပါမည်နည်း။
သေချာစဉ်းစားကြည့်ပြီးသည့်နောက် ကျုချင်းက ခေါင်းညိတ်၍ “အဲ့ဒါလည်းဟုတ်တာပဲ… အဲ့လိုဆိုမှတော့ နင့်ကို မခေါ်တော့ပါဘူး… ငါ့ဘာသာငါ တစ်ယောက်တည်းပဲ သွားတော့မယ်…” တစ်ချက်မျှ ရပ်ပြီးသည့်နောက် ကျုချင်းက ထပ်ပြောလိုက်သည်။ “ဒါပေမယ့် နင် ဒီမှာပဲနေနော်… ဘယ်ကိုမှ လျှောက်မသွားနဲ့နော်…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဘာလို့နေရမှာလဲ… နင်ထွက်သွားတာနဲ့ ငါ မြောက်ဘက်နယ်မြေကနေ ချက်ချင်းထွက်သွားမှာ… ကြယ်တာရာအစုအဝေးက အကျယ်ကြီးပဲ… နင် ငါ့ကို လိုက်ရှာလို့မရတဲ့နေရာထိကို ငါက ထွက်သွားမှာ…”
ကျုချင်း၏မျက်နှာ သုန်မှုန်သွားခဲ့လေသည် “အဲ့ဒါဆို ငါမသွားတော့ဘူး”
သူမ၏ကလန်သား၏ အမြုတေနှင့်ယှဉ်လိုက်သော် ရန်ကိုင်ကိစ္စမှာ ပို၍အရေးကြီးပေသည်။
ကျုချင်း၏စကားကိုကြားသော် ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့ပြီး သူ့ပါးစပ်သူ ပြန်ဖြတ်ရိုက်ပစ်ချင်စိတ် ပျောက်သွားခဲ့လေသည်။ “ငါနောက်နေတာ… စိတ်မပူနဲ့… နင်ပြန်လာတဲ့ထိ ငါ ဒီမှာပဲ စောင့်နေမှာ…”
“နင်လိမ်နေတာတော့ မဟုတ်ပါဘူးနော်…” ကျုချင်းသည် ရန်ကိုင်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။
“ဘာလို့လိမ်ရမှာလဲ… ဂိုဏ်ကို တည်ထောင်ထားတာ မကြာသေးဘူး… ဒီဂိုဏ်းမှာ လုပ်စရာတွေ အများကြီးပဲ ရှိသေးတယ်… အဲ့ဒါကို ဘယ်လိုလုပ်ပြီး အခြားနေရာတွေဆီ လျှောက်သွားဖို့ ငါ့မှာ အချိန်ရှိမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
“ဟုတ်တယ်နော်…” ကျုချင်း ခေါင်းညိတ်သွားခဲ့လေသည်။ ထို့နောက် ရုတ်တရက် ပြောလိုက်လေ၏။ “ဒါနဲ့… ငါ့မှာ နင့်အတွက် နည်းစနစ်တစ်ခုရှိတယ်… အဲ့ဒါကိုကျင့်ကြံထားလိုက်… ဒီတစ်ခုက နင်အရင်သုံးနေတဲ့ဟာထက် အများကြီး ပိုကောင်းတယ်…”
“နည်းစနစ်… ဘယ်လိုကျင့်စဉ်မျိုးလဲ…” ရန်ကိုင်က မျက်မှောင်ကျုံ့သွားခဲ့သည်။
ကျုချင်းသည် ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူ၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။
ရန်ကိုင်လည်း ကျောက်စိမ်းပြားထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်း၍ စစ်ဆေးကြည့်လိုက်ရာ သူ့မျက်လုံးများ တမုဟုတ်ချည်း ဝိုင်းစက်သွားခဲ့လေသည်။ “နဂါးအသွင်ပြောင်းလဲခြင်း နည်းစနစ်…”
ကျုချင်းက ခေါင်းညိတ်လိုက်သည်။ “နင် အဲ့လိုပညာရပ်မျိုး သုံးတာ ငါတွေ့ဖူးတယ်… ဒါပေမယ့် နင်သုံးတဲ့ပညာရပ်ရဲ့အဆင့်က တော်တော်လေးနိမ့်တယ်… ဒီတစ်ခုထက် အများကြီးနိမ့်တယ်… နင်သာ ဒီပညာရပ်ကို အောင်အောင်မြင်မြင် ကျင့်ကြံသွားနိုင်မယ်ဆိုရင် နင့်ရဲ့တိုက်ပွဲစွမ်းရည်က အနည်းဆုံး ၂၀ရာခိုင်နှုန်း တိုးလာလိမ့်မယ်…”
ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ဝမ်းသာအားရဖြင့် ပြန်မေးလိုက်လေ၏။ “တကယ်လား….”
ကျုချင်းက ပြုံးလျက် “ငါ့ပုံစံက လိမ်မယ့်ပုံ ပေါက်နေလို့လား..”
ရန်ကိုင် ရှက်သွားခဲ့ပြီး ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “နင်တို့နဂါးကျွန်းမှာ ဘယ်လိုလုပ်ပြီး ဒီလိုပညာရပ်မျိုး ရှိနေရတာလဲ…”
နဂါးများသည် သူတို့၏ အမြုတေစွမ်းအားကို ထုတ်သုံးလိုက်ရုံဖြင့် နဂါးအသွင်သို့ ပြောင်းလဲနိုင်လေရာ ဘာကြောင့်များ ဤကဲ့သို့သော နဂါးအသွင်ပြောင်းလဲခြင်း နည်းစနစ်မျိုး သူတို့တွင် ရှိနေရလေသနည်း။ ရန်ကိုင်က လုံးဝ မစဉ်းစားတတ်ပေ။
“နဂါးကျွန်းမှာ သွေးသန့်နဂါးတွေချည်းပဲ ရှိတာမဟုတ်ဘူး… အခြားသွေးနှောတွေလည်း ရှိသေးတယ်…” ကျုချင်းက ပြောလိုက်သည်။ “တစ်နေ့ နင် နဂါးကျွန်းကိုသွားရင် သိလိမ့်မယ်…”
“အဲ့ဒါဆိုရင် အဲ့ကျမှပဲ ထပ်ပြောကြတာပေါ့…” ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်အား ဝမ်းသာအားရဖြင့် လေ့လာလိုက်လေသည်။ ကျုချင်းပြောသည်မှာ အမှန်ဖြစ်မည်ဆိုပါက သူသာ ဤကျင့်စဉ်ကို ကျင့်ကြံပြီးသွားလျှင် သူ့တိုက်ပွဲစွမ်းအားမှာ သိသိသာသာကို မြင့်တက်လာပေလိမ့်မည်။
“အချိန်ယူပြီး ကျင့်ကြံနေလိုက်… ငါ အခုသွားတော့မယ်…” ထိုသို့ပြောပြီးသည့်နောက် ကျုချင်း လှည့်ထွက်သွားလေသည်။
“အဲ့မှာမသေစေနဲ့ဦးနော်…” ရန်ကိုင်က ကျုချင်း၏ကျောပြင်ကို ကြည့်ရင်းမှ ရုတ်တရက် လှမ်းပြောလိုက်သည်။
ကျုချင်းသည် တပြုံးပြုံးဖြင့် တံခါးကိုဖွင့်ကာ ထွက်သွားလေ၏။ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်နှင့်သာဆိုပါက ရန်ကိုင်အနေဖြင့် တစ်လနှစ်လလောက် အလုပ်ရှုပ်နေတော့လိမ့်မည်မှန်း ကျုချင်းသိနေခဲ့လေသည်။ ထိုအချိန်လောက်ဆိုလျှင် သူမလည်း ရေခဲနယ်မြေမှ ပြန်ရောက်နေလောက်ပေပြီ။
ထို့နောက်တွင် ကျုချင်းသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် မြောက်ဘက်ဆီသို့ ပျံသန်းသွားလေ၏။ ထို့နောက်တွင် ပျံသန်းနေရင်းမှ ရုတ်တရက်ရပ်၍ အနောက်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ တစ်ယောက်ယောက်မှ သူမအား စိုက်ကြည့်နေသလို ဘာကြောင့်မှန်းမသိ ခံစားနေရသည်။ သို့သော်ငြား ပြန်လှည့်ကြည့်လိုက်သည့်အခါတွင်လည်း မည်သူ့ကိုမှ မတွေ့ရသည့် အတွက်ကြောင့် ခေါင်းတခါခါနှင့် ထိုကိစ္စကို အာရုံစိုက်မနေတော့ဘဲ သွားလိုရာဆီသို့သာ ထွက်လာခဲ့လေ၏။
“အိုက်ယား…” ရန်ကိုင်သည် သူ့အခန်းထဲတွင်နေ၍ အပြစ်မကင်းလိုစိတ်ဖြင့် သက်ပြင်းချလိုက်သည်။
ကျုချင်း၏ တောင်းဆိုချက်ကို သဘောမတူခဲ့ရခြင်းမှာ အကြောင်းအရင်းနှစ်ချက်ကြောင့်ဖြစ်သည်။ ပထမတစ်ချက်မှာ ရေခဲနယ်မြေသည် အလွန်ကိုမှ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့်ပင်။ ဒုတိယအကြောင်းအရင်းမှာတော့ ကျုချင်းအား ထိုနေရာသို့ မသွားစေလို့သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား ကျုချင်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ထိုနေရာသို့ ထွက်သွားပါလိမ့်မည်ဟု သူမည်ကဲ့သို့များ မျှော်လင့်ထားပါမည်နည်း။
“တကယ်ကို ခေါင်းမာလိုက်တဲ့ ကောင်မလေးပါလား… အဲ့ထဲမှာ သေလည်း အေးတာပဲ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် စိတ်ပျက်ပျက်ဖြင့် ရေရွတ်လိုက်လေသည်။
သို့သော်ငြား မကြာမီ ထိုကိစ္စများကို အာရုံစိုက်မနေတော့ဘဲ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို လေ့လာရာတွင်သာ အာရုံစိုက်ထားလိုက်တော့သည်။
ရန်ကိုင် လက်ရှိကျင့်ကြံထားသည့် နဂါးအသွင်ပြောင်းလဲခြင်းနည်းစနစ်ကို ဟုန်းလော့ကြယ်စီရင်စုကြီး၏ မွန်းစတားဧကရာဇ်ကြယ်တွင် ရှိစဉ်က ချီယွဲ့မှ သူ့အား သင်ပေးခဲ့ခြင်း ဖြစ်လေသည်။ အားနည်းနေစဉ်အခါက ထိုနည်းစနစ်မှာ အလွန်ကိုမှ အံ့အားသင့်ဖွယ်ရာကောင်းသည့် နည်းစနစ်တစ်ခု ဖြစ်သလို သူ့တိုက်ပွဲစွမ်းအားကိုလည်း သိသိသာသာ မြှင့်တင်ပေးခဲ့ပါသော်ငြား အားကောင်းသည့်ရန်သူများနှင့် ရင်ဆိုင်လာရသည့်အခိုက် ထိုနည်းစနစ်၏ အရေးပါသည့် အခန်းကဏ္ဍမှာ တဖြည်းဖြည်း လျော့ကျလာခဲ့ရလေသည်။
သို့သော်ငြား ကျုချင်းပေးသွားသည့် ဤနဂါးအသွင်ပြောင်းလဲခြင်း နည်းစနစ်မှာ သူကျင့်ကြံထားသည့် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ထက် အများကြီးပိုကောင်းကာ သူ့နဂါးအမြုတေ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေသည်။
နည်းစနစ်နှစ်ခုကို ယှဉ်လိုက်မည်ဆိုပါက သူတို့ကြားရှိ ကွာခြားချက်မှာ မိုးနှင့်မြေအလားပင်။ ကျုချင်းပေးသွားသည့်ကျင့်စဉ်ကို လေ့လာလေ လေ့လာလေ သူ့စိတ်ထဲ ပိုပျော်လာလေပင်။
အစကမူ ကျုချင်းထွက်သွားသည်နှင့် ဤနေရာမှ ထွက်သွားရန် စဉ်းစားထားခဲ့ပါသော်ငြား ယခုမူ နဂါးအသွင်ပြောင်းလဲခြင်းနည်းစနစ်ကို လေ့လာရာတွင် အာရုံနစ်မျောသွားသဖြင့် ထိုကိစ္စကိုပင် မေ့လျော့သွားခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ်လဝက် ကုန်ဆုံးသွားခဲ့သည်။
အခန်းထဲ၌ ရန်ကိုင်သည် မျက်လုံးဖွင့်လျက် အော်ပြောလိုက်လေသည်။ “နဂါးအသွင်ပြောင်းလဲခြင်း…”
နားပင်းမတတ် နဂါးဟိန်းသံနှင့်အတူ ဧရာမ ရွှေနဂါးပုံရိပ်ကြီးတစ်ခု ရန်ကိုင်၏ကျောဘက်တွင် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ထိုရွှေနဂါးပုံရိပ်မှာ ရန်ကိုင်၏ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
အရိုးအက်သံများနှင့်အတူ နာကျင်မှုကြောင့် ရန်ကိုင်၏မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။ ထို့နောက်တွင် တင်ပလင်ခွေထိုင်နေသော ရန်ကိုင်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာခဲ့ရာ သူ့ခန္ဓာကိုယ်မှာ သုံးမီတာမက မြင့်မားလာခဲ့လေသည်။
သူ့လက်နှစ်ဖက်မှာလည်း ယခင်ကထက်ပို၍ အသက်ဝင်လှသည့် နဂါးလက်သည်းနှစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ လက်သည်းထိပ်ဖျားများမှာ ဓါးသွားနှယ် ထက်ရှလှပြီး အေးစက်စက် အရောင်တလက်လက် တောက်နေခဲ့လေသည်။ သူ့ရင်ဘတ်တစ်ခုလုံးကိုလည်း အကြေးခွံများမှ ဖုံးလွှမ်းထားခဲ့လေသည်။
ထိုအကြေးခွံများမှာ ယခင်ကကဲ့သို့ စွမ်းအင်များသက်သက်နှင့် ဖန်တီးထားသည့် အကြေးခွံများသာ မဟုတ်တော့ဘဲ ရန်ကိုင်ကိုယ်ထဲတွင် ရှိနေသော နဂါးအမြုတေစွမ်းအားမှ ဖြစ်ပေါ်လာသည့် အကြေးခွံများသာ ဖြစ်တော့လေသည်။ ရှင်းရှင်းပြောရလျှင် လက်ရှိ ရန်ကိုင်၏ ရင်ဘတ်၌ ရှိနေသော အကြေးခွံများမှာ အစစ်အမှန် နဂါးတစ်ကောင်၏ အကြေးခွံများနှင့် ဘာမှ သိပ်မကွာတော့ချေ။
ရန်ကိုင်၏ ခေါင်းနှင့် အမြီးပိုင်းမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ရန်ကိုင်သည် သူ့ခေါင်းကို လက်ဖြင့် စမ်းကြည့်လိုက်ရာ ရုတ်ချည်းဆိုသလို မျက်လုံးပြူးသွားခဲ့ရသည်။ အကြောင်းမှာ သူ့ခေါင်းထက်တွင် အဖုလေးနှစ်ဖု ရုတ်တရက် ထွက်လာသည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။
“နဂါးချိုတွေလား…” ကျုချင်း သူမ၏နဂါးအမြုတေစွမ်းအားကို အသက်သွင်းလိုက်သည့်အခါ ပြောင်းလဲသွားသည့်ပုံစံကို ရန်ကိုင် ရုတ်တရက် ပြန်စဉ်းစားမိသွားခဲ့သည်။
သူ့ခေါင်းပေါ်၌ ဖုထွက်နေသည့် အဖုလေးနှစ်ဖုမှာ နဂါးချိုများ ဖြစ်လောက်ပေသည်။ ထို့နောက် သူ့နောက်ဘက်သို့ စမ်းကြည့်လိုက်သည့်အခါ ရန်ကိုင်၏အမူအယာ ပို၍ ထူးဆန်းသွားခဲ့သည်။ အကြောင်းမှာ သူ့ဖင်နားဆီမှ နဂါးအမြီးတစ်ချောင်း ထွက်နေသည်ကို ခံစားလိုက်ရသည့် အတွက်ကြောင့်ပင်။
ဤပုံစံကြီးနှင့် ရန်သူများကို သူ တကယ်ကြီး တိုက်ခိုက်ရမည်လား။
သူ့ခံစားချက်များကို ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီးသည့်နောက် ရန်ကိုင် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ လက်ရှိရန်ကိုင်သည် ယခင်ကထက် နှစ်ဆမက ပိုမိုကြီးမားလာခဲ့လေသည်။ ရန်ကိုင်သည် အစတည်းက အရပ်ပုသည့် လူစားမျိုးမဟုတ်။ အတော်လေးကိုမှလည်း အရပ်ရှည်လွန်းသည့်လူမဟုတ်ပေ။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ မွေးရာပါ အလွန်တရာကိုမှ လူကောင်ထွား အရပ်ရှည်သည့် လူများသည်သာ ရန်ကိုင်နှင့် ယှဉ်နိုင်ပေတော့လိမ့်မည်။ အခြားသူများမှာမူ ရန်ကိုင်အတွက် လူပုလေးများ ဖြစ်ကုန်ပေတော့မည်။
ရန်ကိုင်သည် သူ့လက်ကို တင်းတင်းဆုပ်ကြည့်လိုက်သည်။ သူ့လက်ထဲ အတိုင်းမသိသည့် စွမ်းအားတို့ ကိန်းအောင်းနေသလို ခံစားလိုက်ရလေသည်။
ထိုစွမ်းအားကို ခံစားမိလိုက်သည့်အခိုက် ရန်ကိုင် အလွန်ကိုမှ ဝမ်းသာသွားခဲ့သည်။
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့ရှိ ဟင်းလင်းပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့ပြီး ကြေးမုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ မှန်ထဲရှိသူ့ပုံကို မြင်သွားသည့်အခိုက် ရန်ကိုင် လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်လေသည်။
လက်ရှိရန်ကိုင်ပုံစံသည် အတော်လေးကိုမှ ကြမ်းကြုတ်ခက်ထန်ကာ ဘီလူးကြမ်းနှင့်ပင် တူနေပေသေးသည်။ သူ့ခန္ဓာကိုယ်ပုံစံသာ ပြောင်းလဲသွားခဲ့ခြင်းမဟုတ်။ သူ့ဆီမှလည်း အလွန်တရာကိုမှ ကြမ်းကြုတ်ခက်ထန်သည့် အရှိန်အဝါတစ်ရပ်လည်း ဖြာထွက်နေလေသည်။ ကြောက်တတ်သည့်လူတစ်ဦးဦးသာ ဆိုပါက ရန်ကိုင်ကိုမြင်လိုက်ရုံဖြင့် တစ်ခါတည်း ကြောက်လန့်တကြား ထွက်ပြေးသွားနိုင်ပေသည်။ အသိသာဆုံးအချက်မှာ ပြောင်းလဲသွားသည့် ရန်ကိုင်၏မျက်လုံးများပင်။ လက်ရှိအချိန်တွင် ရန်ကိုင်၏မျက်လုံးများမှာ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းလိုက်စဉ်ကကဲ့သို့ ရွှေရောင်တောက်နေခဲ့လေသည်။ သူ့ပုံသူကြည့်ရင်း ရန်ကိုင် ဝါးလုံးကွဲ အော်ရယ်မောလိုက်လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်မှာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပြီးပြည့်စုံအောင် မလေ့ကျင့်ရသေးချေ။ သူသာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အပြည့်အဝ နားလည်သွားမည်ဆိုပါက သူ့ခန္ဓာကိုယ်ပြောင်းလဲမှုမှာ ပို၍ သိသာထင်ရှားလာပေလိမ့်မည်။ အနည်းဆုံး သူ့ခန္ဓာကိုယ်မှာလည်း ယခုထက်ပို၍ အရွယ်အစား ကြီးမားလာပေလိမ့်မည်။
ရန်ကိုင် ယခင်က ကျင့်ကြံခဲ့သော နဂါးအသွင်ပြောင်းလဲခြင်းနည်းစနစ်သည် ယခု ကျုချင်းပေးသွားသည့် နဂါးအသွင်ပြောင်းလဲခြင်းနည်းစနစ်နှင့် လုံးဝမယှဉ်နိုင်ပေ။
“နန်းတော်သခင် နန်းတော်သခင်…” ဟွာချင်းစီ၏အသံ အပြင်ဘက်မှ ရုတ်တရက် ထွက်လာခဲ့သည်။
ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး အပြင်သို့ ထွက်လိုက်လေ၏။ ရန်ကိုင်၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် ဧရာမဘီလူးကြီး လမ်းလျှောက်နေသည့်အလား မြေပြင်တစ်ခုလုံးကို တသိမ့်သိမ့်တုန်သွားစေခဲ့လေသည်။
အခန်းတံခါး ပွင့်သွားသည့်အခိုက် ဟွာချင်းစီမျက်နှာ ဖြူလျော်သွားခဲ့ပြီး အထိတ်တလန့်ဖြင့် အော်မေးလိုက်လေ၏။ “ရှင်ဘယ်သူလဲ…”
ထိုကဲ့သို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဟွာချင်းစီသည် ငါးရောင်ခြယ်လှံကို ထုတ်ယူလျက် ထိုလှံထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလိုက်ရာ ငါးရောင်ခြယ်လှံမှာ အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် လှံကို ရန်ကိုင်တည့်တည့်သို့ ထိုးချလိုက်လေသည်။ လက်ရှိ သူမရှေ့တွင် ရှိနေသည့် ဘာမှန်းမသိရသော အကောင်ကြီးမှာ အလွန်တရာကိုမှ အားကောင်းလိမ့်မည်ဟု သူမစိတ်ထဲ ခံစားနေရလေသည်။ ထို့ကြောင့်ပင် တွေ့တွေ့ချင်း အကြမ်းတမ်းဆုံး တိုက်ကွက်ကိုသုံး၍ တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။
ရန်ကိုင်သည် ခက်ထန်စွာ အော်ရယ်မောလျက် သူ့နဂါးလက်သည်းဖြင့် ကုတ်ချလိုက်လေသည်။
ရန်ကိုင်သည် သူ့လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ဟွာချင်းစီမှ ပစ်လွှတ်လိုက်သော ငါးရောင်ခြယ်အလင်းကို တစ်စစီဖြစ်အောင် ဖျက်စီးပစ်လိုက်ပြီး ငါးရောင်ခြယ်လှံကို သူ့လက်ထဲ တင်းတင်းဆုပ်ကိုင်ထားလိုက်လေသည်။
ဟွာချင်းစီမှာ ကြောက်လန့်တကြားဖြင့် သူမ၏လှံကို အသည်းအသန် ပြန်ဆွဲယူကြည့်လိုက်သည်။ သို့သော်ငြား ငါးရောင်ခြယ်လှံမှာ ပြုတ်တူကြီးဖြင့် ခိုင်မြဲစွာ ညှပ်ထားခံရသည့်အလား တုတ်တုတ်မျှမလှုပ်။
“ဟဲ ဟဲ ဟဲ… နင့်နန်းတော်သခင်က ငါသတ်လို့သေသွားပြီ… အခု နင်တို့ ထက်ကောင်းကင်နန်းတော်တစ်ခုလုံးကို ငါ ဖျက်ဆီးပစ်တော့မှာ… နင်တို့အားလုံး သေဖို့သာ ပြင်ထားကြပေတော့…” ရန်ကိုင်သည် ခက်ထန်ကြမ်းကြုတ်သည့် ပုံစံမျိုးဖြင့် ရယ်မောလိုက်လေသည်။
ရုတ်တရက်ဆိုသလို ဟွာချင်းစီမှာ ကြောက်လန့်နေခြင်းမရှိတော့ဘဲ ရန်ကိုင်အား ဝေ့ကြည့်လျက် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ “နန်းတော်သခင်… ရှင်ဘာတွေလုပ်နေတာလဲ… ရှင် လူကို တကယ် လန့်အောင် လုပ်တတ်တာပဲ…”