အခန်း (၂၇၄၁-၂၇၄၅)
Vol. 117 Ch. 2741-2745
အပိုင်း (၂၇၄၁)
ဘာသာပြန်သူ_တိမ်တိုက်
“နင် ငါ့ကို မှတ်မိတယ်ပေါ့…” ရန်ကိုင်က သူ၏လှည့်ကွက် အလုပ်မဖြစ်သွားသည့်အတွက်ကြောင့် စိတ်ပျက်နေဟန်ဖြင့် ခေါင်းကိုကုတ်လိုက်လေသည်။
ဟွာချင်းစီက မျက်နှာကြီးမဲ့လျက် “ရုတ်တရက်ကြီး မြင်မြင်ချင်းတော့ မမှတ်မိဘူး… ဒါပေမယ့် သေသေချာချာကြည့်ကြည့်လိုက်တော့ မှတ်မိသွားတယ်…”
ယခု ရန်ကိုင်၏အသံကို ကြားလိုက်သည့်အတွက်ကြောင့် သူမရှေ့တွင် ရှိနေသည့် ဘာမှန်းမသိရသော အကောင်ကြီးမှာ ရန်ကိုင်မှန်း ဟွာချင်းစီ သိသွားခဲ့ခြင်း ဖြစ်လေသည်။
ငါးရောင်ခြယ်လှံကို ဟွာချင်းစီဆီသို့ ပြန်ပေးလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။ “ငါ့ပုံစံ မိုက်တယ်မလား…”
ဟွာချင်းစီက ပြန်ပြောလိုက်သည်။ “လူကြမ်းရုပ်တော့ပေါက်တယ်…”
“အဲ့လိုကြမ်းနေမှကောင်းတာ…” ရန်ကိုင်က အော်ရယ်မောလိုက်လေသည်။
“နန်းတော်သခင်ရန် ဘယ်လိုပညာရပ်ကြီးကို ထုတ်သုံးထားတာလဲ… အရင်တုန်းက ဒါမျိုး တစ်ခါမှ မသုံးဖူးပါလား…” ဟွာချင်းစီက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
“ငါ တံခါးပိတ်ကျင့်ကြံနေတုန်း ကျင့်ကြံခြင်းမှာ အာရုံမျောသွားရင်းနဲ့ ဒီလိုပညာရပ်ကို နားလည်သွားတာလေ…” ရန်ကိုင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
ဟွာချင်းစီက မျက်နှာကြီးမဲ့လျက် နှုတ်ခမ်းကိုတွန့်ကွေးရင်းမှ “အပိုတွေ… ကျုချင်းသင်ပေးသွားတာမလား…”
“အင်း… ဟုတ်တယ်… ဒါနဲ့ နင် ငါ့ဆီ ဘာလုပ်ဖို့ ရောက်လာတာလဲ…” ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ပြန်ရုတ်သိမ်းလျက် မူလပုံစံသို့ ပြန်ပြောင်းလိုက်လေသည်။ သို့သော်ငြား သူ့အဝတ်အစားများမှာတော့ စုတ်ပြဲကုန်လေသည်။ ရန်ကိုင်၏ခန္ဓာကိုယ်မှာ ရုတ်တရက် နှစ်ဆမက ဖြစ်လာသည့်အတွက်ကြောင့် သူ့အဝတ်အစားများ စုတ်ပြဲကုန်သည်မှာ သဘာဝသာ ဖြစ်လေသည်။ ဟွာချင်းစီကမူ ထိုကိစ္စအား ဂရုစိုက်မနေခဲ့ဘဲ သိုလှောင်လက်စွပ်နှစ်ကွင်းကိုသာ ရန်ကိုင်ဆီသို့ ပေး၍ ပြောလိုက်လေ၏။ “ဒီမှာ… မီးနဂါးနန်းတော်နဲ့ အာကာယံကောင်းကင်ဂိုဏ်းက လာပို့သွားတဲ့ အရင်းအမြစ်ကျောက်တွေ…”
ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် “နင်ပဲသိမ်းထားလိုက်… နောက်ပိုင်း ငါတို့ဂိုဏ်း အရင်းအမြစ်ကျောက်တွေလိုလာရင် သူတို့ဆီကနေ သွားယူလို့ရတယ်…”
လက်ရှိအချိန်တွင် ဟွာချင်းစီမှာ ထက်ကောင်းကင်နန်းတော်၏ မန်နေဂျာမှူး ဖြစ်နေခဲ့လေပြီ။ ရန်ကိုင်သည် သူမအား အရင်းအမြစ်ကျောက်များစွာ ပေးထားခဲ့ပါသော်ငြား ရန်ကိုင်တွင် ရှိနေသော အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ထောင်နှင့် ယှဉ်လိုက်သော် သူပေးလိုက်သည့်ပမာဏမှာ ဘာမှ မပြောပလောက်တော့ပေ။ ဤမျှများပြားလှသော အရင်းအမြစ်ကျောက်များ ရှိနေသည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်သည် နောက်ထပ် နှစ်ငါးဆယ်လောက် ကျင့်ကြံရေးအရင်းအမြစ် မလုံလောက်မည်ကို စိတ်ပူစရာမလိုတော့ပေ။
“ကောင်းပြီလေ…” ဟွာချင်းစီက ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ်နှစ်ကွင်းကို ပြန်သိမ်းထားလိုက်လေသည်။ “ပြီးတော့ ဆေးဝိဇ္ဇာကျိလည်း ရောက်နေတယ်…”
“အို… ရောင်းရင်းကျိရောက်တာ မြန်လှချည်လား…” ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြောလိုက်လေ၏။ “ငါ အဝတ်အစားတစ်ချက် သွားလဲလိုက်ဦးမယ်… သူ့ကို ခဏစောင့်နေဖို့ ပြောထားလိုက်…”
ထို့နောက်တွင် ဟွာချင်းစီ ပြန်ထွက်သွားခဲ့လေသည်။ ရန်ကိုင်လည်း သူ့အခန်းထဲသို့ ဝင်၍ အဝတ်အစားအသစ်တစ်စုံ လဲဝတ်လိုက်လေ၏။ သူ့စိတ်ထဲ အကာအကွယ်အင်္ကျီတစ်စုံလောက် ဝယ်လျှင် ကောင်းမလားဟုပင် စဉ်းစားနေလေသည်။ ထိုသို့သာမဟုတ်ပါက နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသက်သွင်းလိုက်တိုင်း သူ့အဝတ်အစားများ စုတ်ပြဲနေရမည်ဖြစ်လေရာ ခန္ဓာကိုယ်အရွယ်အစားအလိုက် လိုက်ပါပြောင်းလဲပေးနိုင်မည့် အကာအကွယ်အင်ကျီတစ်စုံလောက် ဝတ်ထားသည်မှာ အတော်လေးကိုကောင်းမွန်သည့် အကြံတစ်ခု ဖြစ်ပေသည်။
ထို့အပြင် အကာအကွယ်အင်္ကျီများမှာ အတော်လေးကိုမှ ကြံ့ခိုင်ကာ လူတိုင်းအတွက် သင့်လျော်ပေသည်။
ထက်ကောင်းကင်နန်းတော်၏ အဓိကခန်းမထဲ ကျိယင်သည် အပြင်ဘက်ဆီသို့ စိုးရိမ်တကြီးဖြင့် မကြာမကြာ လှမ်းကြည့်ရင်း ထိုင်နေခဲ့လေသည်။
သူ့ဘေးနားတွင်တော့ ဟွာချင်းစီ ရှိနေခဲ့လေသည်။
တစ်ခဏအကြာ၌ အပြင်ဘက်ဆီမှ ရန်ကိုင် ရောက်လာခဲ့လေသည်။
“ရောင်းရင်းရန်…” ကျိယင် အမြန်ထရပ်လိုက်လေသည်။
ရန်ကိုင်က ပြုံးကာ နှုတ်ဆက်လိုက်သည်။ “ရောင်းရင်းကျိရောက်တာ မြန်လှချည်လား… အခု ကျုပ်တို့ ထက်ကောင်းကင်နန်းတော်မှာနေပြီး ဆေးလုံးတွေဖော်စပ်ပေးဖို့ အဆင်သင့်ဖြစ်ပြီပေါ့…”
ကျိယင်က ခါးသက်စွာ ပြုံးလျက် “အဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ပါတယ် နန်းတော်သခင်ရယ်… ဒီကိစ္စကိုတော့ ကျုပ် ခဏလောက် ရွှေ့ဆိုင်းထားရဦးမယ်…”
ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ “ဘာလဲ… မဟာဧကရာဇ်က…”
ကျိယင်က ခေါင်းခါလျက် “ဆရာက အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောဘူး… ဒါပေမယ့် ရောင်းရင်းရန်ကိုတော့ စိတ်ဝင်စားနေတယ်… ရောင်းရင်းရန်အားလို့ရှိရင် ဆေးလုံးတောင်ကြားကို လာဖို့တောင် ပြောလိုက်သေးတယ်…”
“မဟာဧကရာဇ်က ကျုပ်ကို တွေ့ချင်နေတာလား…” ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့သည်။
ကျိယင်က “ကျေးဇူးပြုပြီး စိတ်မပူနဲ့ နန်းတော်သခင်ရန်… ဆရာက ရောင်းရင်းရန်နဲ့ ဆေးပညာအကြောင်း ဘာလေးညာလေးပဲ ဆွေးနွေးချင်တာ… ရောင်းရင်းရန်က ဆေးပြိုင်ပွဲမှာ ဒီကျိကို အနိုင်ရသွားတယ်လေ…”
မဟာဆေးဧကရာဇ်မှာ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် မပြောလိုသည့်အတွက်ကြောင့် ယခုကဲ့သို့ အပြုသဘောအရ ပြောလိုက်ခြင်းသာ ဖြစ်လေသည်။ ရန်ကိုင်၏ဆေးစွမ်းရည်မှာ ထူးချွန်မည်ဆိုလျှင်ပင် မဟာဆေးဧကရာဇ်ကို မှီမည်လား။ မဟာဆေးဧကရာဇ်သည် ရန်ကိုင်အား တစ်ခုနှစ်ခု သင်ပြပေးချင်သည့်အတွက်ကြောင့် ထိုကဲ့သို့နည်းလမ်းကိုသုံး၍ သွယ်ဝိုက်ကာ ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။
ရန်ကိုင်လည်း မဟာဆေးဧကရာဇ်၏ လုပ်ရပ်နှင့်ပတ်သက်၍ လေးစားပေသည်။ သူ့အနေဖြင့် မဟာဆေးဧကရာဇ်အား တစ်ခါမှ မတွေ့ခဲ့ဖူးပါသော်ငြား ယခု ကျိယင် ပြောသည်ကို ကြားပြီသည့်နောက် မဟာဆေးဧကရာဇ်သည် စကားပြောရဆိုရ လွယ်ကူသည့် လူစားမျိုးမှန်း ရန်ကိုင် နားလည်သွားတော့သည်။
သို့သော်ငြား ရန်ကိုင်အနေဖြင့် မဟာဆေးဧကရာဇ် ပစားပေးရလောက်သည့် အရည်အချင်းမျိုး ရှိနေရန်လည်း လိုအပ်ပေသေးသည်။ တကယ်တော့ မဟာဧကရာဇ်ဆိုသည်မှာ လူတိုင်းတွေ့နိုင်သည့် လူတစ်ဦးမှ မဟုတ်လေပဲ။
“မဟာဧကရာဇ်ရဲ့ စေတနာအတွက် ဒီရန် တကယ်ကို ကျေးဇူးတင်ပါတယ်…” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။
ကျိယင်က ပြုံးလျက် “ရောင်းရင်းရန် တတိယစီနီယာအစ်ကိုရဲ့ အမွေကို ရသွားတာ ကံတရားပဲလို့ ဆရာက ပြောလိုက်တယ်… ရောင်းရင်းရန်က ရလိုက်တယ်ဆိုမှတော့ ရောင်းရင်းရန်ရဲ့ အပိုင်ပဲပေါ့တဲ့…”
“ကျေးဇူးပြုပြီး ကျုပ်ကိုယ်စား မဟာဧကရာဇ်ကို ကျေးဇူးတင်စကား ပြောပေးပါဦး…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ယခုကဲ့သို့ ဖြစ်လာမည်မှန်း ရန်ကိုင် သိပြီးသားပင်။ မဟာဧကရာဇ်သည် သူ့တပည့်၏ အမွေအနှစ်ကို အခြားတစ်ယောက်မှ ရသွားသည့်အပေါ် မနာလိုဝန်တိုနေလိမ့်မည် မဟုတ်ဘဲ သဘောကြီးကြီးနှင့်သာ လက်သင့်ခံပေးလိုက်ပေလိမ့်မည်။
ထို့နောက်တွင် ကျိယင်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့လေသည်။ “ဆရာ့ရဲ့အမိန့်နဲ့ ဒီကျိ ရောင်းရင်းရန်ဆီကနေ တစ်ခုလောက် တောင်းဆိုချင်တယ်…”
ရန်ကိုင်က ပြောလိုက်လေသည်။ “မဟာဧကရာဇ်ရဲ့အမိန့်ဆိုမှတော့ ပြောသာပြော ရောင်းရင်းကျိ…”
ကျိယင်က ပြန်ပြောလိုက်သည်။ “ရောင်းရင်းရန် တတိယစီနီယာအစ်ကိုရဲ့ အရိုးတွေကို ဒီကျိနဲ့အတူ လိုက်ကူပြီး ယူပေးလို့ရမလား… တတိယစီနီယာအစ်ကိုရဲ့အရိုးကို ဆေးလုံးတောင်ကြားမှာ ပြန်မြှုပ်ပေးချင်လို့…”
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ခေါင်းညိတ်လျက် “ရတယ်လေ… စီနီယာကုန်းစွန်းမူရဲ့ နောက်ဆုံးဆန္ဒကလည်း ဆေးလုံးတောင်ကြားဆီ ပြန်သွားဖို့ပဲ… ဒီအကြောင်းကိုသာ ကြားမယ်ဆိုရင် သူကျိန်းသေဝမ်းသာနေမှာ…”
“ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းရန်… တတိယစီနီယာအစ်ကို တောင်ဘက်နယ်မြေမှာ သေသွားတယ်လို့ ရောင်းရင်းရန်ပြောတယ်နော်… ဟုတ်တယ်မလား…”
“ဟုတ်တယ်… တောင်ဘက်နယ်မြေက ယွမ်မီးဖိုတောင်မှာ သေသွားခဲ့တာ… ကျုပ် အဲ့နေရာကို မှတ်မိတယ်…”
“တောင်ဘက်နယ်မြေကို သွားဖို့က တော်တော်လေးဝေးတာဆိုတော့ ဒီကိစ္စက နှောင့်နှေးနေလို့ သိပ်အဆင်မပြေဘူး…” ကျိယင်က မေးလိုက်လေသည်။ “ဒါပေမယ့် မသွားခင် ရောင်းရင်းရန်မှာ အခြားလုပ်စရာကိစ္စတွေ ရှိသေးလားမသိဘူး…”
ရန်ကိုင်က ပြုံးလျက် “ထက်ကောင်းကင်နန်းတော်မှာ အခုချိန် ဘာတပည့်မှ ရှိသေးတာမဟုတ်ဘူး… ဒီတော့ ဘာကိစ္စမှမရှိဘူး… ရောင်းရင်းကျိ အလျင်လိုနေတယ်ဆိုမှတော့ အခုပဲသွားကြတာပေါ့…”
ရန်ကိုင်လည်း အစက တောင်ဘက်နယ်မြေသို့ ပြန်သွားရန် စီစဉ်နေခြင်း ဖြစ်လေရာ ကျိယင်၏ တောင်းဆိုချက်သည် သူလုပ်ချင်နေသည့်ကိစ္စနှင့်ပတ်သက်၍ ကွက်တိဖြစ်သွားခဲ့လေသည်။ သူ့အား ထက်ကောင်းကင်နန်းတော်ထဲတွင်သာ နေရန် ပြောသွားသည့် ကျုချင်း၏တောင်းဆိုချက်ကိုတော့ ရန်ကိုင် ဂရုစိုက်မနေခဲ့ပေ။
ရန်ကိုင်သည် သူထွက်သွားမည့်အကြောင်းကို မွန်းစတားဘုရင်သုံးပါးအား သတိမပေးခဲ့ပေ။ လက်ရှိ ရန်ကိုင်၏ခွန်အားအရ မည်သည့်ဧကရာဇ်တတိယအဆင့်ပညာရှင်ကိုမဆို ရန်ကိုင် တိုက်ခိုက်နေနိုင်လေပြီ။ ဤလောကကြီးထဲတွင် သူ့အသက်ကို ခြိမ်းခြောက်နိုင်သည့် လူများများစားစား မရှိတော့။ ထို့အတွက်ကြောင့် မွန်းစတားဘုရင်သုံးပါးအား သူ့နောက်သို့ လိုက်ခိုင်းနေစရာ မလိုတော့ချေ။
ရန်ကိုင်မှ ကျိယင်အား ဟင်းလင်းပြင်အစီအရင်ဆီသို့ ခေါ်လာသည့်အခိုက် ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေကြသော ရွက်တစ်ထောင်ဂိုဏ်းသား တပည့်နှစ်ဦးသည် ရန်ကိုင်အား တလေးတစားဖြင့် ချက်ချင်း နှုတ်ဆက်လိုက်လေသည်။ “နှုတ်ဆက်ပါတယ် နန်းတော်သခင်…”
“မန်နေဂျာဟွာက မင်းတို့ကို ဒီမှာစောင့်နေဖို့ ပြောထားတာလား…” ရန်ကိုင်သည် ထိုနှစ်ဦးကိုကြည့်၍ ပြောလိုက်လေသည်။
အနည်းငယ်အသက်ပိုကြီးသည်ထင်ရသည့် ရွက်တစ်ထောင်ဂိုဏ်းသားတပည့်က တလေးတစားဖြင့် ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်… မန်နေဂျာဟွာက ရွက်တစ်ထောင်တောင်မှာ လုပ်စရာတာဝန်တွေ အများကြီး လာပို့ပေးသွားပါတယ်… ဂျူနီယာညီလေးနဲ့ကျုပ်က ကံကောင်းပြီးတော့ အဲ့ထဲကတာဝန်တစ်ခုကို ရသွားခဲ့တာပါ… တာဝန်တွေပြီးသွားရင် တာဝန်အလိုက် ထိုက်သင့်တဲ့ အမှတ်တွေ ရမယ်လို့လဲ မန်နေဂျာဟွာက ပြောသွားပါသေးတယ်…”
“ကောင်းတယ်…” ရန်ကိုင်က ခေါင်းညိတ်၍ “တစ်ခုခုဖြစ်တယ်ဆိုရင် မန်နေဂျာဟွာကို ချက်ချင်း သွားအကြောင်းကြားလိုက်…”
“ဟုတ်ကဲ့…”
ဟွာချင်းစီ၏ စီစဉ်ပုံနှင့်ပတ်သက်ပြီး ရန်ကိုင်မှာ အလွန်ကိုမှ ကျေနပ်မိပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ဤဟင်းလင်းပြင်အစီအရင် ရှိနေသည့် နေရာသည် အရေးကြီးသည့်နေရာတစ်ခု ဖြစ်နေဆဲ။ ရန်ကိုင် ယခင်တစ်ကြိမ် ဤနေရာသို့ ရောက်လာစဉ်က ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေသည့်လူ တစ်ဦးမှ ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ဟွာချင်းစီအား ထိုကိစ္စနှင့်ပတ်သက်၍ ပြောခဲ့လေသည်။ ဟွာချင်းစီသည် ရန်ကိုင်ပြောသည့်အတိုင်း ဤနေရာတွင် အစောင့်ချထားလိုက်လေ၏။
ရွက်တစ်ထောင်ဂိုဏ်းသားနှစ်ဦးမှာ ကျိယင်အား မသိကြပေ။ ကျိယင်သည် မဟာဆေးဧကရာဇ်၏ အမွေခံတပည့်တစ်ဦးဖြစ်ကြောင်း သိလိုက်ရမည်ဆိုလျှင်တော့ နှစ်ဦးစလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြပေလိမ့်မည်။
“ရောင်းရင်းရန်… ဒီအစီအရင်က ဘယ်ကို ဦးတည်နေတာလဲ…” ကျိယင်သည် ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ရပ်ရင်းမှ ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။
“ရောင်းရင်းကျိ မကြာခင်သိမှာပေါ့…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
ရန်ကိုင်၏အဖြေကြောင့် ကျိယင် ပို၍ စိတ်ဝင်စားသွားလေသည်။
“အားတင်းထားနော် ရောင်းရင်းကျိ…” ရန်ကိုင်က ကျိယင်အား ရုတ်တရက် သတိပေးလိုက်လေသည်။
ကျိယင်မှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင် ဖြစ်သွားခဲ့လေသည်။ သူသည် ဆေးပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်နေဆဲ။ သာမန် ဟင်းလင်းပြင်အစီအရင်တစ်ခုလောက်သည် သူ့အား ဘာလုပ်နိုင်ပါမည်နည်း။ အလွန်ကိုမှ ဝေးကွာသည့်နေရာသို့ ဦးတည်ထားသော နယ်မြေခြားဟင်းလင်းပြင်အစီအရင်များသာ မဟုတ်ပါက တာတိုတည်နေရာခုန်ကူးခြင်း လောက်ကိုတော့ ကျိယင် မမှုပေ။
ထိုသို့တွေးရင်းမှ ကျိယင် စလိုက်လေ၏။
သို့သော်ငြား မကြာခင်တွင် ကျိယင် အလွန်ကိုမှ အံ့အားသင့်သွားခဲ့ရလေသည်။ သူ့မြင်ကွင်းတစ်ခုလုံး ဖြူလင်းသွားခဲ့ပြီး ခေါင်းမှာလည်း စတင် မူးဝေလာခဲ့ရသည်။
ကျိယင် ပြန်အသိဝင်လာချိန် ရန်ကိုင်မှ ရယ်ချင်ပတ်ကျိ အမူအယာဖြင့် သူ့အား ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
ကျိယင်မှာ ခေါင်းမူးဝေနေသေးသဖြင့် ခေါင်းကို တခါခါ လုပ်နေခဲ့သည်။ ထို့နောက် အထိတ်တလန့်အမူအယာဖြင့် မေးလိုက်လေ၏။ “နယ်မြေခြားဟင်းလင်းပြင်အစီအရင်လား…”
သာမန်ဟင်းလင်းပြင်အစီအရင်များသည် သူ့အား ဤကဲ့သို့ဖြစ်အောင် မလုပ်နိုင်ပေ။ ကျိယင်သည် ဟင်းလင်းပြင်အစီအရင်များကို မရေမတွက်နိုင်အောင် အသုံးပြုခဲ့ဖူးသည်။ ယခုကဲ့သို့ တစ်ခါမျှ ခံစားရခြင်းမရှိခဲ့။ ယခုမူ သူခေါင်းမှာ အတော်လေးကိုမှ မူးဝေသွားရလေသည်။ ထိုအချက်ကို ကြည့်လိုက်ရုံဖြင့် သူတို့ မည်မျှ ဝေးကွာသည့် နေရာတစ်ခုဆီသို့ တည်နေရာခုန်ကူးလာကြောင်း စဉ်းစားကြည့်နိုင်ပေသည်။
“ဟုတ်တယ်…” ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ကျိယင် ထိတ်လန့်သွားခဲ့လေ၏။ “ထက်ကောင်းကင်နန်းတော်မှာ ဘယ်လိုလုပ်ပြီး နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေရတာလဲ…”
ထက်ကောင်းကင်နန်းတော်သည် ယခင်က ရမ္မက်ရှာဂိုဏ်း ဖြစ်ခဲ့ဖူးသည်။ ကျိယင်ကိုယ်တိုင်သည်လည်း ရမ္မက်ရှာဂိုဏ်းသို့ တစ်ကြိမ်မက ရောက်ခဲ့ဖူးပေသည်။ ရမ္မက်ရှာဂိုဏ်းတွင်သာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေပါက ကျိယင် ထိုအကြောင်းကို မသိစရာအကြောင်း မရှိချေ။ နယ်မြေခြားဟင်းလင်းပြင်အစီအရင်များသည် အလွန်တရာကိုမှ အဖိုးတန်သည့် ရတနာများ ဖြစ်ကြကာ ကြယ်တာရာအစုအဝေးထဲတွင် အင်အားစုအချို့သည်သာ ထိုအရာများကို ပိုင်ဆိုင်ထားနိုင်ကြသည်။ ထို့အပြင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို ပိုင်ဆိုင်ထားသည့် အင်အားစုများသည် မဟာဧကရာဇ်များ ထူထောင်ထားသည့် ဂိုဏ်းများ ဖြစ်နေကြခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုနယ်မြေခြားဟင်းလင်းပြင်အစီအရင်အားလုံးမှာ ရှေးခတ်အချိန်အခါက ခင်းကျင်းခဲ့ကြသော ဟင်းလင်းပြင်အစီအရင်များ ဖြစ်ကြပြီး ယခုခေတ်တွင် မည်သူမျှ ထိုကဲ့သို့သော အစီအရင်မျိုးကို မခင်းကျင်းနိုင်ကြတော့ပေ။
ထို့အတွက်ကြောင့် ကျိယင် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်ပေသည်။
ရန်ကိုင်ကမူ ပြန်မဖြေခဲ့ဘဲ ပြုံး၍သာ ပြောလိုက်လေ၏။ “သွားကြရအောင်…”
ကျိယင်လည်း ရန်ကိုင်နောက်မှ လိုက်လာခဲ့လေသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ကျိယင် ထပ်မံထိတ်လန့်သွားခဲ့ပြန်လေသည်။ “ကမ္ဘာငယ်လေးတစ်ခုလား…”
ရန်ကိုင်က ပြုံးလျက် “ရောင်းရင်းကျိက အမြင်စူးရှတာပဲ.. ဟုတ်တယ်… ဒါက ကမ္ဘာငယ်လေးတစ်ခုပဲ.. အရင်က ရွက်တစ်ထောင်ဂိုဏ်းရဲ့ အုတ်မြစ်ဖြစ်ခဲ့တဲ့ နေရာပေါ့… ဒါပေမယ့် အခု ဒီနေရာကို ကျုပ်ယူထားလိုက်ပြီ…”
ကျိယင်က သက်ပြင်းချလိုက်သည်။ “ဟူး… နှမြောစရာပဲ…”
ရန်ကိုင် ဤကမ္ဘာငယ်လေးအား သိမ်းယူလိုက်သည့်အတွက်ကြောင့် သူ နှမြောတသ ဖြစ်နေရခြင်းမဟုတ်။ ထို့အစား ဤကမ္ဘာငယ်လေး၏ အဆင့်မှာ လုံလောက်အောင် မြင့်မားခြင်း မရှိသည့်အတွက်ကြောင့် ကျိယင် နှမြောတသ ဖြစ်နေရခြင်းပင်။ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်မှာ အတော်လေးကိုမှ သိပ်သည်းလှပါသော်ငြား ကျင့်ကြံရေးသုခဘုံတစ်ခု ဖြစ်ရလောက်သည်အထိတော့ မြင့်မားခြင်းမရှိသေးပေ။
ဤနေရာရှိ မိုးမြေစွမ်းအင်သည်သာ ယခုထက် အနည်းငယ်မျှ ပိုမိုသိပ်သည်းနေပြီဆိုပါက သူ့အနေဖြင့် ဤနေရာတွင် ဆေးပင်များ စိုက်ပျိုးကာ ဤနေရာတစ်ခုလုံးကို ဆေးဥယျာဉ်အဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။
ဆေးပင်များကို ယခုကဲ့သို့ ကမ္ဘာငယ်လေးများထဲ စိုက်ပျိုးခြင်းမှာ အတော်လေးကိုမှ လုံခြုံပေသည်။ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကျိယင်သည် ဆေးပညာရှင်တစ်ဦး၏ ရှူထောင့်မှသာ စဉ်းစားတွေးတောလေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် အခြားသော ဟင်းလင်းပြင်အစီအရင်တစ်ခုရှေ့သို့ ရောက်လာကြလေသည်။ ဤဟင်းလင်းပြင်အစီအရင်မှာတော့ ကမ္ဘာငယ်လေးနှင့် အပြင်ဘက်သို့ ဆက်သွယ်ပေးထားသည့် ဟင်းလင်းပြင်အစီအရင်ဖြစ်ပေသည်။
ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်ပြီးသည့်နောက် ရန်ကိုင်နှင့် ကျိယင်တို့ ရွက်တစ်ထောင်ဂိုဏ်းထဲတွင် ပေါ်လာခဲ့လေသည်။
“ဒီနေရာက အရင်တုန်းက ရွက်တစ်ထောင်ဂိုဏ်းက ရှိခဲ့တဲ့နေရာပေါ့… ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီဂိုဏ်းက လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ဖျက်ဆီးခံလိုက်ရတယ်…” ရန်ကိုင်သည် ပျက်စီးနေသည့် ရှူခင်းများကိုကြည့်ရင်း ရှင်းပြလိုက်လေသည်။
ကျိယင်က ခေါင်းညိတ်လျက် ပြန်မေးလိုက်လေသည်။ “ဒီတော့ ဒါက တောင်ဘက်နယ်မြေပေါ့…”
ရန်ကိုင်သည် နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို အသုံးပြုလိုက်သည့်အတွက်ကြောင့် သူတို့အား တောင်ဘက်နယ်မြေသို့ တိုက်ရိုက် ခေါ်ဆောင်လာနိုင်လောက်ပေသည်။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လျက် ကျိယင်ဘက်သို့လှည့်ကာ ပြောလိုက်လေ၏။ “ရောင်းရင်းကျိ ဒီဟင်းလင်းပြင်အစီအရင်ကိစ္စကို လျှို့ဝှက်ထားပေးနော်…”
ကျိယင်ကြောင်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “စိတ်မပူပါနဲ့ ရောင်းရင်းရန်… ဒီကျိက ပါးစပ်ဖွာတတ်တဲ့လူမဟုတ်ဘူး…”
ရန်ကိုင်က ပြုံးလျက် “ကိစ္စမရှိပါဘူး… မဟာဧကရာဇ်မေးရင်တော့ ပြောပြလိုက်ပေါ့…”
ကျိယင်က ကျေးဇူးတင်တကြီးဖြင့် ပြန်ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းရန်…”
အစကတော့ မြောက်ဘက်နယ်မြေမှ တောင်ဘက်နယ်မြေသို့ သွားရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရလိမ့်မည်ဟု ထင်ထားခဲ့လေသည်။ ထို့အတွက်ကြောင့် သူသာ ရက်အနည်းငယ်အတွင်း ပြန်လာမည်ဆိုပါက သူ့ဆရာ သူ့အား ကျိန်းသေ မေးခွန်းထုတ်ပေလိမ့်မည်။
ရန်ကိုင်သည် သူ့အတွက် ပြောပေးနေခြင်းသာ ဖြစ်လေသည်။
“သွားကြရအောင်… ကျုပ် ခင်ဗျားကို ယွမ်မီးဖိုတောင်ဆီ ခေါ်သွားပေးမယ်…” ရန်ကိုင်က အရင်ဆုံး ပျံသန်းသွားလေသည်။
ယွမ်မီးဖိုတောင်မှာ ရွက်တစ်ထောင်ဂိုဏ်းနှင့် မနီးချေ။ အနည်းဆုံး ထိုနေရာသို့ရောက်ရန် သုံးလေးငါးရက်ခန့် ပျံသန်းရပေလိမ့်မည်။ သို့သော်ငြား နှစ်ဦးစလုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် လမ်းတစ်ဝက်၌ အနားယူနေစရာ မလိုပေ။
ယွမ်မီးဖိုတောင်သည် မေပယ်မြို့အနီးတွင် တည်ရှိကာ နေမီးတောက်ကျောင်းတောင်၏ ပိုင်နက်နယ်မြေ အစွန်အဖျားပိုင်းတွင် ရှိနေပေသည်။
ယခင်က နေမီးတောက်ကျောင်းတော်သည် ရန်ကိုင် သွားရောက်ယှဉ်ပြိုင် တုပ၍ မရသည့် အင်အားစုတစ်ခု ဖြစ်ခဲ့ပါသော်ငြား ယခုတွင်မူ နေမီးတောက်ကျောင်းတော်သည် ရန်ကိုင်ခေါင်းပေါ်ရှိ ဆံပင်တစ်ချောင်းနှင့်ပင် မယှဉ်နိုင်တော့ချေ။ နှစ်များစွာကြာပြီးသည့်နောက် သူ ယခင်က မော့ကြည့်ခဲ့ရသည့် လူအများစုမှာ ယခု ရန်ကိုင်မှ အလွယ်တကူ စိစိညက်ညက်ကြေအောင် လုပ်ပစ်နိုင်သည့် လူများအဖြစ်သို့ ပြောင်းလဲသွားကုန်ကြရလေပြီ။
အပိုင်း (၂၇၄၂)
ဘာသာပြန်သူ_တိမ်တိုက်
“ဒီတော့ ဒါက ယွမ်မီးဖိုတောင်ပေါ့…” ကျိယင်သည် တစ်စစီပြိုကျနေသည့် တောင်ကို ကြည့်ရင်း အံ့အားသင့်နေဟန်ဖြင့် မေးလိုက်လေသည်။
ယခင်က ယွမ်မီးဖိုတောင်၏ အရိပ်အယောင်ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရတော့ဘဲ ပြိုကျနေသည့် ကျောက်စကျောက်နများ၊ မြေကြီးခဲများကိုသာ နေရာအနှံ့ တွေ့နေရလေသည်။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဒီနေရာမှာ ကျုပ် စီနီယာကုန်းစွန်းမူရဲ့ အမွေအနှစ်ကို ရခဲ့တာ… အဲ့တုန်းက သူ့လိုဏ်ဂူစံအိမ်က ဒီတောင်ရဲ့အောက်မှာ ရှိတာ… ဒါပေမယ့် မီးတောက်တွေပေါက်ကွဲထွက်လာတော့ ချော်ရည်တွေလည်း လျှံထွက်လာပြီး ဒီနေရာတစ်ခုလုံး ပျက်စီးသွားရော…”
ယင်မီးတောက်၏အကူအညီကြောင့်သည်ပင်လျှင် လျို့ယန်သည် တာအိုသခင်အဆင့်နှင့် ယှဉ်နိုင်သော ခွန်အားကို ရရှိခဲ့ခြင်း ဖြစ်လေသည်။
“အဲ့တုန်းက ကျုပ်က တော်တော်လေး အားနည်းတာဆိုတော့ စီနီယာကုန်းစွန်းမူကို ကောင်းကောင်း မမြှုပ်နှံပေးလိုက်ရဘူး… ဒီတိုင်းပဲ အလျင်စလို လုပ်ပေးလိုက်ရတယ်… ကြည့်ရတာ ကျုပ်လုပ်ရပ်က တော်တော်လေးကိုမှ ရှက်စရာကောင်းနေတယ်နဲ့တူတယ်…” ရန်ကိုင်က သက်ပြင်းချလျက် ပြောလိုက်သည်။
“ရောင်းရင်းရန် အဲ့ဒါတွေကို စိတ်ထဲထားနေစရာ မလိုပါဘူး… အခု ရောင်းရင်းရန်ရဲ့ အကူအညီကြောင့်ပဲ ကျုပ်ရဲ့စီနီယာအစ်ကို ဆေးလုံးတောင်ကြားကို ပြန်သွားနိုင်တော့မှာ မဟုတ်ဘူးလား… ဒီအကြောင်းကိုသာသိရင် သူလည်း ကျိန်းသေ ဝမ်းသာနေမှာ… အဲ့လိုမျိုးကိစ္စလေးတွေကိုတော့ ဂရုစိုက်နေမှာမဟုတ်ဘူး…” ကျိယင်က နှစ်သိမ့်ပေးလိုက်လေသည်။
ရန်ကိုင်က ပြောလိုက်လေ၏။ “စီနီယာကုန်းစွန်းမူရဲ့ အလောင်းက ဟိုးမြေအောက်ထဲမှာ ရှိနေတာဆိုတော့ ဒါတွေကို အရင်ဖယ်ကြတာပေါ့…”
“အင်း…”
ထိုသို့ဖြင့် ရန်ကိုင်တို့သည် ကိုယ့်နည်းကိုယ့်ဟန်ကိုသုံး၍ ထိုနေရာတစ်ခုလုံးကို ရှင်းလင်းတော့လေသည်။
နှစ်ဦးစလုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်သည့်အတွက်ကြောင့် သူတို့၏ခွန်အားမှာ တောင်ကိုလှန် ပင်လယ်ကိုမှောက် လုပ်နိုင်လေရာ ယခု ပြိုကျထားသည့် ယွမ်မီးဖိုတောင်တစ်ဝက်လောက်ကို ဖယ်ရှားဖို့ရာ သိပ်မကြာခဲ့ပေ။
မကြာမီ ရန်ကိုင်တို့နှစ်ဦးသည် နေရာတစ်ခုကို ရှာတွေ့သွားပြီး ထိုနေရာမှတစ်ဆင့် စတူးကြတော့လေသည်။ တစ်ချိန်တည်းတွင် သူတို့၏ကောင်းကင်စိတ်အာရုံကိုလည်း ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးနေကြလေသည်။
တစ်ရက်ခန့် ကြာပြီးသည့်နောက် ရန်ကိုင်မှာ သူတူးသည့်လမ်းကြောင်း မှားနေပြီမှန်း သိသွားခဲ့သည်။ ထို့နောက်တွင် ဘယ်ဘက်သို့ ပြန်လှည့်၍ တူးလေ၏။ တစ်ချိန်တည်းတွင်လည်း ကျိယင်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းသတိပေးလိုက်လေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် ကျိယင်သည် ရန်ကိုင်တူးထားသည့် အပေါက်ဆီသို့ ပျံသန်းလာပြီး သူ့ဘေးနားတွင်ရပ်၍ မေးလိုက်လေသည်။ “ရှာတွေ့လား…”
“တွေ့တယ်… အဲ့လမ်းကြောင်းအတိုင်းရှာရင် ရလောက်တယ်…” ရန်ကိုင်က တစ်ခုသောဘက်ဆီသို့ ညွှန်ပြရင်းမှ ပြောလိုက်သည်။
ကျိယင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရှာကြည့်လိုက်ရာ တစ်ခဏအကြာ၌ အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “မြေကြီးထဲမှာ ရှိနေတာက…”
ထိုနေရာတွင် မြေကြီးထဲ မြှုပ်နှံထားသည့် အရိုးခြောက်တစ်ခုကို တွေ့လိုက်ရလေသည်။
ယခု အရိုးခြောက်ကို တွေ့သွားပြီ ဖြစ်သည့်အတွက်ကြောင့် အကုန်လုံးမှာ လွယ်ကူသွားခဲ့လေပြီ။ အနန္တဓါးကို ကိုင်စွဲရင်းမှ ရန်ကိုင်သည် ဓါးထဲသို့ ဧကရာဇ်ချီကို ထည့်သွင်း၍ မြေစတူးတော့လေသည်။ အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့သည် ကုန်းစွန်းမူအား မြှုပ်နှံထားသည့် နေရာဆီသို့ ရောက်လာခဲ့လေသည်။
ကျိယင်သည် အလောင်းဘေးတစ်ဝိုက်တွင် ရှိနေသော ဖုန်များ၊ မြေကြီးစများကို အသာအယာ ဖယ်ထုတ်ပေးလိုက်ရာ မကြာမီ အဖြူရောင်အရိုးခြောက်တစ်ခု ပေါ်လာခဲ့လေသည်။
“တတိယစီနီယာအစ်ကို… အခုရောက်လာတာ ဂျူနီယာကျိယင်ပါ… ဆရာ့အမိန့်အရ စီနီယာအစ်ကိုကို အိမ်ကိုပြန်ခေါ်သွားဖို့ ကျုပ်ရောက်လာခဲ့တာပါ…” ကျိယင်သည် အရိုးခြောက်အား လက်သီးဆုပ်၍ အလေးအနက်အမူအယာဖြင့် ပြောလိုက်ပြီးသည့်နောက် ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်လေသည်။ ထို့နောက်တွင် ဒူးထောက်၍ ကုန်းစွန်းမူ၏ လက်ကျန်အစိတ်အပိုင်းများကို တစ်ခုချင်းစီကောက်၍ အခေါင်းထဲသို့ အသေအချာ ထည့်ပေးလိုက်လေသည်။
မကြာမီ အရိုးအားလုံးကို ကောက်လို့ပြီးသွားသည့်နောက်တွင် ကျိယင်သည် အခေါင်းအား ချိပ်ပိတ်၍ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
“ဒီကကိစ္စ ပြီးသွားပြီဆိုတော့ ဒီကျိ မြောက်ဘက်နယ်မြေကို ပြန်လိုက်ပါဦးမယ်… ရောင်းရင်းရန် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ…” ကျိယင်က ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။
“ဒီမှာ လုပ်စရာကိစ္စလေးတွေ ရှိသေးတယ်…” ရန်ကိုင်က ပြောလိုက်သည်။ “ဒါပေမယ့် ဒီလောက် အရေးကြီးတာ မဟုတ်ပါဘူး… ကျုပ် ရောင်းရင်းကျိကို အရင် ပြန်ပို့ပေးမယ်…”
ကျိယင်က ရယ်မောလျက် “ရောင်းရင်းရန်မှာ ကိစ္စရှိတယ်ဆိုရင် မလိုတော့ဘူးလေ… ဒီကျိ ကိုယ့်ဘာသာကိုယ်ပဲ သွားလိုက်တော့မယ်… အပြန်လမ်းလောက်ကိုတော့ ဒီကျိ မှတ်မိပါတယ်…”
ရန်ကိုင်က ပြောလိုက်သည်။ “အပြန်လမ်းကိုမှတ်မိတယ်ဆိုပေမယ့် ရောင်းရင်းကျိ အဲ့က ဟင်းလင်းပြင်အစီအရင်ကို အသက်မသွင်းနိုင်လောက်ဘူး…”
“ဘာလို့လဲ…” ကျိယင် အံ့အားသင့်သွားခဲ့လေသည်။
သူ အသက်မသွင်းနိုင်သည့် ဟင်းလင်းပြင်အစီအရင် ဤလောကကြီးထဲတွင် တကယ်ကြီး ရှိသည်လား။
ရန်ကိုင်က အကျဉ်းချုံး ရှင်းပြလိုက်သည်။ “ကျုပ် အဲ့နယ်မြေခြားဟင်းလင်းပြင်အစီအရင်ပေါ်မှာ ကန့်သတ်ချက်တစ်ခု လုပ်ထားတယ်… ကျုပ်မပါဘဲနဲ့ အဲ့ဟင်းလင်းအပြင်အစီအရင်ကို ဘယ်သူမှ အသက်သွင်းနိုင်မှာမဟုတ်ဘူး…”
“အဲ့လိုမျိုးလည်း လုပ်လို့ရတာလား…” ကျိယင် အံ့အားသင့်သွားခဲ့လေသည်။ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခုအား ထိုကဲ့သို့သော ကန့်သတ်ချက်မျိုး လုပ်ထားဖို့ရာ မဟာဧကရာဇ်တစ်ပါးသည်ပင် မလုပ်နိုင်ပေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်က မည်ကဲ့သို့များ လုပ်နိုင်ရလေသနည်း။
ထိုနယ်မြေခြားဟင်းလင်းပြင်အစီအရင်များကို ရန်ကိုင်မှ ခင်းကျင်းထားသည်ဟူသော အချက်ကိုတော့ ကျိယင်မသိခဲ့ပေ။
“ရော့… ဒါကိုယူသွားလိုက်… ဒါနဲ့ဆိုလို့ရှိရင် အဲ့ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းနိုင်လိမ့်မယ်…” ရန်ကိုင်သည် တံဆိပ်ပြားတစ်ခုကို ထုတ်၍ ကျိယင်ဆီသို့ ပေးလိုက်လေသည်။ ထိုအရာမှာ ရန်ကိုင် အထူးတလည် သန့်စင်ထားသည့် ဖြတ်သန်းရေးတံဆိပ်ပြားသာ ဖြစ်လေ၏။
ကျိယင်သည် တံဆိပ်ပြားကို ယူထားပြီးသည့်နောက် အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “စိတ်မပူနဲ့ ရောင်းရင်းရန်… ထက်ကောင်းကင်နန်းတော်ကို ပြန်ရောက်တာနဲ့ ဒီတံဆိပ်ပြားကို မန်နေဂျာမှူးဟွာဆီ ပေးထားလိုက်မယ်…”
ဤတံဆိပ်ပြားသည် မြောက်ဘက်နယ်မြေမှ တောင်ဘက်နယ်မြေသို့ လူတစ်ဦးအား သွားနိုင်အောင် လုပ်ပေးနိုင်သည့် အတွက်ကြောင့် အတော်လေး အဖိုးတန်သည်ဟု ပြော၍ရပေသည်။ ထို့အတွက်ကြောင့် ကျိယင်မှာ ဤတံဆိပ်ပြားကို သူ့ဘာသာသူ သိမ်းမထားရဲပေ။ ဤတံဆိပ်ပြားကို ရန်ကိုင်မှ သူ့အား ပေးလာသည်ကို ကြည့်လျှင် ရန်ကိုင် သူ့အပေါ် မည်မျှ ယုံကြည်ကြောင်း မြင်တွေ့နိုင်လေ၏။ တစ်နည်းအားဖြင့် ဤသည်မှာလည်း သူ့အပေါ် လေးစားမှုထားခြင်းလည်း ဖြစ်ပေသည်။
ရန်ကိုင်က ပြုံး၍ လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်လေသည်။ “မလိုပါဘူး… ရောင်းရင်းကျိက အခု ကျုပ်တို့ထက်ကောင်းကင်နန်းတော်ရဲ့ ဆေးပညာရှင်မှူး ဖြစ်နေပြီပဲ… ရောင်းရင်းကျိလည်း ဒါမျိုး ဖြတ်သန်းရေးတံဆိပ်ပြားတစ်ခုလောက်ကို ကိုင်ထားရမှာပေါ့… ဒီလိုဆိုရင် နောက်ပိုင်း ရောင်းရင်းကျိ တောင်ဘက်နယ်မြေကို လာချင်ရင် လာလို့ရသွားပြီလေ…”
ကျိယင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုမှတော့ ရောင်းရင်းရန်ကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့… စိတ်ချထားလိုက် ရောင်းရင်းရန်… ဒီကျိ စီနီယာအစ်ကိုရဲ့ကိစ္စ ပြီးသွားတာနဲ့ ထက်ကောင်းကင်နန်းတော်ကို မြန်မြန်ပြန်လာခဲ့မယ်… ရောင်းရင်းရန် ထက်ကောင်းကင်နန်းတော်ကို ပြန်ရောက်တာနဲ့ နဂါးသွေးဆေးလုံးတွေ အဆင်သင့်ဖြစ်နေပြီလို့သာ မှတ်ထားလိုက်ပေတော့…”
“အိုး… ကျုပ်တောင် အဲ့ကိစ္စကို မေ့နေတာ…” ရန်ကိုင်က ပြုံးဖြီးလျက် “အဲ့ဒါဆိုရင် ရောင်းရင်းကျိကိုပဲ အားကိုးနေမယ်နော်…”
ထို့နောက်တွင် ယွမ်မီးဖိုတောင်ထက်၌ ရန်ကိုင်တို့နှစ်ဦး လမ်းခွဲသွားကြလေသည်။
ကျိယင် ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် အခြားသောတစ်ဖက်သို့လှည့်၍ ပျံသန်းသွားလေသည်။
သူသွားနေသည့်နေရာမှာ မေပယ်မြို့သာ ဖြစ်လေသည်။ ထိုမြို့မှ ထွက်လာပြီးသည့်နောက် ထိုမြို့ဆီသို့ မရောက်ဖြစ်သည်မှာ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။
ရှင်းရှင်းပြောရလျှင် မေပယ်မြို့သည် ရန်ကိုင်မှ ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် ပထမဦးဆုံး ခရီးတစ်ထောက်နားခဲ့သည့် နေရာတစ်ခု ဖြစ်သည်ဟု ပြော၍ရသည်။ ထိုနေရာတွင်ပင် သူ၏ ပထမဦးဆုံးသော မိတ်ဆွေနှင့် တွေ့ခဲ့ရခြင်း ဖြစ်လေသည်။ ယခု ရန်ကိုင် မေပယ်မြို့သို့ ပြန်သွားရခြင်းမှာ ထိုနေရာ မည်ကဲ့သို့များ ပြောင်းလဲသွားသလဲ ဆိုသည်ကို သိချင်သည့်အတွက်ကြောင့် ဖြစ်သလို ဈေးနည်းနည်းပါးပါး ဝယ်ရန်လည်း ဖြစ်ပေသည်။
နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်အရွယ်အစားမှာ နှစ်ဆမက ကြီးမားလာခဲ့သဖြင့် အဝတ်အစားများအားလုံး စုတ်ပြဲရလေရာ ရန်ကိုင်သည် အကာအကွယ်အင်္ကျီတစ်စုံလောက်ကို လာဝယ်ချင်မိပေသည်။
ထို့အပြင် သူ့၌ လေဟာနယ်ဝိဉာဉ်သလင်းကျောက်များနှင့် လေဟာနယ်ကျောက်စိမ်းတို့ သိပ်မရှိတော့ချေ။ ထိုအရာများသည် ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းရန်အတွက် အဓိကလိုအပ်သည့် အရာများ ဖြစ်ကြပေသည်။
ရန်ကိုင်၏အစီအစဉ်မှာ နယ်မြေကြီးလေးခုစလုံးကို ဟင်းလင်းပြင်အစီအရင်များသုံး၍ ဆက်သွယ်ရန် ဖြစ်လေသည်။ ထိုအစီအစဉ်သာ ပြီးမြောက်သွားနိုင်မည်ဆိုပါက ထက်ကောင်းကင်နန်းတော်၏ တပည့်များသည် သူတို့သွားချင်သည့် နယ်မြေသို့ စိတ်ကြိုက်သွားနိုင်ကြပေတော့မည်။ ထိုနည်းလမ်းသည် တပည့်များ၏ သွားလာရေးကို အဆင်ပြေစေရုံမက တပည့်များ ရွေးချယ်ထားသည့် ကျင့်စဉ်များပေါ် မူတည်၍ လေ့ကျင့်လိုပါက သွားရလာရ အဆင်ပြေအောင်လည်း လုပ်ပေးနိုင်ပေသည်။ ထို့အပြင် လိုအပ်သော ကျင့်ကြံရေးအရင်းအမြစ်များကို ဝယ်ယူသည့် အခါတွင်လည်း ထက်ကောင်းကင်နန်းတော်အား အကူအညီ ကြီးကြီးမားမား ပေးနိုင်လေသည်။
ကျင့်ကြံရေးအရင်းအမြစ်များအတွက် ပစ္စည်းများမှာ နယ်မြေဒေသအလိုက် ကွာခြားလေ့ရှိလေသည်။ အချို့သောပစ္စည်းများသည် နယ်မြေတစ်ခုတွင် အလွန်ကိုမှ ဈေးကြီးပါသော်ငြား အခြားသောနယ်မြေများတွင် ဈေးပေါတတ်နေသည်။
ကျင့်ကြံသူပေါင်းများစွာသည် နယ်မြေကြီးတစ်ခုမှ တစ်ခုသို့ ကူးသန်းသွားလာရင်း ကုန်ပစ္စည်းများကို ရောင်းဝယ်ဖလှယ်ကြကာ အကျိုးအမြတ်များစွာ ရရှိကြလေသည်။ ရန်ကိုင်၏အစီအစဉ်သာ အလုပ်ဖြစ်သွားခဲ့မည်ဆိုပါက ထက်ကောင်းကင်နန်းတော်၏ တိုးတက်မှုအပေါ် အကြီးအကျယ် သက်ရောက်နိုင်ပေသည်။
ဇိမ်ပြေနပြေဖြင့် ပျံသန်းနေရင်းမှ ရန်ကိုင်သည် အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးလျက် မွေးရပ်မြေဆီသို့ ပြန်လာနေရသလို ခံစားမိလိုက်ရလေသည်။ ထို့အတွက်ကြောင့် အော်ရယ်မောမိလိုက်လေသည်။
မေပယ်မြို့မှာ သူ၏မွေးရပ်မြေ မဟုတ်ပါသော်ငြား ထိုကဲ့သို့ ခံစားရသည်မှာလည်း မမှားပေ။ မေပယ်မြို့မှ ထွက်လာစဉ်က ရန်ကိုင်သည် အားကောင်းခြင်း သိပ်မရှိသေး။ တာအိုသခင်ပထမအဆင့်သာ ရှိသေးသည်။ ယခုမူ ရန်ကိုင်သည် လူပေါင်းများစွာ မော်ကြည့်ရသည့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။
ယွမ်မီးဖိုတောင်မှာ မေပယ်မြို့နှင့် သိပ်မဝေးလှ။ ခန်စစ်ရန်မှာ ရန်ကိုင်အား ယွမ်မီးဖိုတောင်ဆီသို့ ခေါ်သွားစဉ်က ရက်အနည်းငယ်ကြာအောင် သွားခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်၏ခွန်အားမှာ သိသိသာသာကို တိုးတက်လာသည် ဖြစ်သည့်အတွက်ကြောင့် ယွမ်မီးဖိုတောင်မှ မေပယ်မြို့သို့သွားရန် ထိုမျှ အချိန်ကြာမနေတော့ချေ။
နေ့ဝက်ခန့်ကြာအောင် ပျံသန်းနေပြီးသည့်နောက်တွင် မေပယ်မြို့၏ အနားသတ်အရိပ်အယောင်ကို ရန်ကိုင် မြင်တွေ့လိုက်ရလေသည်။ ထို့အပြင် ယခင်နှင့်မတူ ကွဲပြားနေသည်မှာ လက်ရှိအချိန်၌ မေပယ်မြို့အနီးတွင် မေပယ်မြို့အောက် သေးငယ်ခြင်းမရှိသော အခြားမြို့တစ်မြို့လည်း ရှိနေခဲ့လေသည်။
ထိုနေရာမှာ အခြားမဟုတ် စိတ်ဝိဉာဉ်ရေကန်နန်းတော်သာ ဖြစ်လေသည်။
စိတ်ဝိဉာဉ်ရေကန်နန်းတော်မှာ ရန်ကိုင်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
မူလက မေပယ်မြို့အပြင်ဘက်တွင် စိတ်ဝိဉာဉ်ရေကန်နန်းတော်ဟူ၍ မရှိချေ။ သို့သော်ငြား တစ်နေ့တွင် စိတ်ဝိဉာဉ်စမ်းချောင်းဆယ့်ရှစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထိုနေရာပတ်ဝန်းကျင်တစ်ခုလုံး မိုးမြေစွမ်းအားများဖြင့် သိပ်သည်းလာခဲ့ရကာ ဧရာမစိတ်ဝိဉာဉ်ရေကန်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။ ထိုကိစ္စသည် တောင်ဘက်နယ်မြေတွင် ရှိနေသော ထိပ်တန်းဂိုဏ်းအားလုံးအား နိုးနိုးကြားကြား ဖြစ်သွားစေခဲ့လေရာ ကြယ်ဝိဉာဉ်နန်းတော်သည်ပင်လျှင် ထိုကိစ္စ၌ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါလာခဲ့လေသည်။
သို့သော်ငြား မည်သူမျှ စိတ်ဝိဉာဉ်ရေကန်အား တစ်ယောက်တည်း မောင်ပိုင်မစီးနိုင်ခဲ့ပေ။
နောက်ဆုံးတွင် အချင်းချင်း ဆွေးနွေးခဲ့ကြပြီးသည့်နောက် တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများသည် စိတ်ဝိဉာဉ်ရေကန်အပေါ်၌ စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို တည်ဆောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ ထို့နောက် ကျင့်ကြံသူများ ကျင့်ကြံဖို့ရာအတွက် သင့်လျော်သော ကျင့်ကြံရေးအခန်းများကိုလည်း ဆောက်လုပ်ပေးခဲ့ကြသည်။ ကျင့်ကြံရေးအခန်းများကို ကောင်းကင်၊ မြေပြင်နှင့် သာမန်အဆင့်ဟူ၍ အဆင့်သုံးမျိုး ခွဲထားပေသည်။
တောင်ဘက်နယ်မြေမှ ကျင့်ကြံသူများသည် လုံလောက်သည့် အရင်းအမြစ်များကိုသာ ပေးချေနိုင်သရွေ့ ထိုကျင့်ကြံရေးအခန်းများထဲ စိတ်ကြိုက် ကျင့်နိုင်ပေသည်။
ထိုကျင့်ကြံရေးအခန်းများမှ ရရှိသည့် အကျိုးအမြတ်များကို တောင်ဘက်နယ်မြေရှိ ဂိုဏ်းများမှ အသီးသီး ခွဲဝေယူကြသည်။
ရန်ကိုင်၏ ကျောက်တုံးကိုယ်ပွား လက်ရှိအသုံးပြုနေသော နတ်ဆိုးတိုက်ပွဲတူကို စိတ်ဝိဉာဉ်ရေကန်နန်းတော်၏ အောက်ခြေမှ ရန်ကိုင်ရှာတွေ့ခဲ့ခြင်း ဖြစ်လေသည်။ ထိုစဉ်က ရန်ကိုင်သည် ရှေးဟောင်းနတ်ဆိုး၏ အကြွင်းအကျန်စိတ်ဝိဉာဉ်နှင့် အသည်းအသန် တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးကြမှသာ အနိုင်ယူနိုင်ခဲ့ကာ ထိုလက်နက်ကိုလည်း ရရှိနိုင်ခဲ့ခြင်း ဖြစ်လေသည်။
လက်ရှိအချိန်တွင် စိတ်ဝိဉာဉ်ရေကန်နန်းတော်သည် တောင်ဘက်နယ်မြေ၏ အထင်ကရ နေရာတစ်ခု ဖြစ်လာခဲ့လေသည်။ အလွန်ကိုမှ မိုးမြေစွမ်းအင်သိပ်သည်းသည့် နေရာတစ်ခု ဖြစ်ကြသည့် အတွက်ကြောင့် ကျင့်ကြံသူပေါင်းများစွာမှာ ဤနေရာသို့ လာရန် စိတ်ဝင်စားကြသည်။ စိတ်ဝိဉာဉ်ရေကန်နန်းတော်ထဲရှိ ကောင်းကင်အဆင့် ကျင့်ကြံရေးအခန်းများမှာ ထိပ်တန်းဂိုဏ်းများတွင် ရှိနေကြသော ကျင့်ကြံရေးအခန်းများအောက် နိမ့်ကျခြင်းမရှိချေ။ ထို့အတွက်ကြောင့် ဤနေရာသည် ကျင့်ကြံသူများ အဆင့်ချိုးဖြတ်ရန်အတွက် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်လာခဲ့ရလေသည်။
လက်ရှိအဆင့်တွင် တစ်နေကြသော မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နောက်တစ်ဆင့်သို့ ချိုးဖြတ်နိုင်လို့နိုင်ငြား အရင်းအမြစ်ကျောက် မြောက်မြားစွာကို အသုံးပြု၍ စိတ်ဝိဉာဉ်ရေကန်နန်းတော်တွင် လာရောက်ကျင့်ကြံကြသည်။
လွန်ခဲ့သောနှစ်များအတွင်း ထိုနည်းလမ်းအတိုင်း အောင်မြင်ခဲ့သူအချို့ ရှိပါသော်ငြား အများစုမှာတော့ မအောင်မြင်ခဲ့ရပေ။ ဤသည်မှာ အလောင်းအစားတစ်ခုသာ ဖြစ်လေသည်။ ကျင့်ကြံသူများသည် မိမိတို့၏ ငွေကြေးစည်းစိမ်အားလုံးကို အသုံးပြု၍ သိုင်းတာအိုခရီးလမ်းတွင် နောက်တစ်ဆင့်သို့ တက်နိုင်ရန် ပုံအော လောင်းကြေးထပ်ကြသည်။ သို့သော်ငြား အများစုမှာ အရှုံးနှင့်သာ ရင်ဆိုင်ကြရသည်။ သို့တိုင် စိတ်ဝိဉာဉ်ရေကန်နန်းတော်သို့ လာရောက်ကြသည့် ကျင့်ကြံသူများ၏ အရေအတွက်မှာ လျော့နည်းသွားခြင်းမရှိဘဲ တစ်နှစ်ထက်တစ်နှစ် ပိုပို၍ များပြားလာပေသေးသည်။ ထို့အတွက်ကြောင့် သာမန်အခန်းများနှင့် မြေကမ္ဘာအဆင့် ကျင့်ကြံရေးခန်းများမှာ အခန်းလွတ် ရှာမရအောင်ကို ဖြစ်နေကြလေရာ ကျင့်ကြံသူများအဖို့ ထိုအခန်းများတွင် ကျင့်ကြံလိုပါက အချိန်အတော်ကြာအောင် တန်းစီရပေသည်။
ကောင်းကင်အဆင့်ကျင့်ကြံရေးခန်းများမှာတော့ လူတိုင်းဝင်နိုင်သည့် အရာမျိုးမဟုတ်ပေ။ ထိုနေရာတွင် ကျင့်ကြံလိုပါက လုံလောက်သည့် အရင်းအမြစ်ကျောက်များကို ပိုင်ဆိုင်ထားရန် လိုအပ်သလို ထိပ်တန်းဂိုဏ်းများမှ တပည့်အချို့နှင့်လည်း အဆက်အသွယ်ရှိထားရန် လိုအပ်ပေသည်။
အခြားတစ်ဖက်တွင်တော့ တောင်ဘက်နယ်မြေရှိ ထိပ်တန်းဂိုဏ်းများမှ တပည့်များစွာတို့သည် စိတ်ဝိဉာဉ်ရေကန်နန်းတော်၏ ကောင်းကင်အဆင့် ကျင့်ကြံရေးခန်းများတွင် လာရောက် ကျင့်ကြံကြလေ၏။
စိတ်ဝိဉာဉ်ရေကန်နန်းတော်၏ တစ်နှစ် တစ်နှစ် ဝင်ငွေသည် အရင်းအမြစ်ကျောက် သန်းရာဂဏန်းနှင့် ချီပေသည်။
စိတ်ဝိဉာဉ်ရေကန်နန်းတော်သည် တောင်ဘက်နယ်မြေမှ ကျင့်ကြံသူများကိုသာလျှင် မဟုတ်ဘဲ အခြားသောနယ်မြေများမှ ကျင့်ကြံသူများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ စိတ်ဝိဉာဉ်ရေကန်နန်းတော်တွင် ကျင့်ကြံခွင့်ရဖို့အတွက်နှင့် ကျန်သောနယ်မြေများတွင် ရှိနေသော ကျင့်ကြံသူများသည် မိုင်သန်းပေါင်းများစွာကွာဝေးသည့် ခရီးကို ဖြတ်ကျော်၍ ဤနေရာသို့ လာရောက်ကြလေသည်။ လာသည့်လူဦးရေ တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ စိတ်ဝိဉာဉ်ရေကန်နန်းတော်အနီးတစ်ဝိုက်၌ အဆောက်အဦးများ ထွက်ပေါ်လာခဲ့ကြရာ မကြာမီတွင် ထိုနေရာအနီးတစ်ဝိုက်၌ မြို့အသစ်တစ်မြို့ ဖြစ်ပေါ်လာခဲ့ရလေသည်။
စိတ်ဝိဉာဉ်ရေကန်နန်းတော်နှင့် သိပ်မကွာသည့် နေရာတွင် တည်ရှိနေသော မေပယ်မြို့မှာလည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ရသည်။
ယခင်က မေပယ်မြို့၏ မိုးမြေစွမ်းအင်မှာ အတော်လေးကိုမှ ကျဲပါးလှသည့်အတွက်ကြောင့် မြို့ထဲတွင် နေထိုင်ကြသည့် ကျင့်ကြံသူများအဖို့ တိုးတက်ရန် ခက်ခဲခဲ့ရသည်။ ထိုစဉ်က မေပယ်မြို့၏ အားအကောင်းဆုံးကျင့်ကြံသူမှာ တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေသော မြို့သခင်တွမ့်ယွမ်ရှန်းဖြစ်ခဲ့ပြီး သူ၏ လက်ထောက်မြို့သခင်နှစ်ပါးမှာလည်း တာအိုသခင်ပထမအဆင့်များသာ ဖြစ်ကြလေသည်။ မြို့ထဲရှိ မိသားစုများ၏ ခေါင်းကိုင်ဖခင်များသည်ပင်လျှင် တာအိုသခင်ပထမအဆင့်သို့သာ ရောက်နိုင်ကြသည်။ သို့သော်ငြား လက်ရှိ မေပယ်မြို့၏ မိုးမြေစွမ်းအင်မှာ ယခင်ကထက် အများကြီး ပိုမိုသိပ်သည်းလာပြီ ဖြစ်သည့်အတွက်ကြောင့် မေပယ်မြို့သူမြို့သားအရေအတွက်မှာ ရုတ်ချည်း တိုးများလာခဲ့ရာ မြို့တစ်ခုလုံးမှာလည်း စည်ပင်သာယာ ဝပြောလာခဲ့ရလေသည်။ ဧကရာဇ်အဆင့် ကျင့်ကြံသူများသည် ယခင်ကကဲ့သို့ မေပယ်မြို့တွင် တွေ့ရခဲလှသည့် လူများ မဟုတ်တော့ချေ။ နေ့စဉ်နှင့်အမျှ မေပယ်မြို့ထဲသို့ ဝင်ရောက်လာနေကြသည့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိနေကြလေသည်။
ကံမကောင်းစွာဖြင့် စိတ်ဝိဉာဉ်ရေကန်နန်းတော်၏ အကျယ်အဝန်းကို အတော်လေးကိုမှ ကျဉ်းမြောင်းလှသည်။ ထို့အတွက်ကြောင့် ထိုနေရာတွင် အခြေချနေထိုင်ရန် နေရာရှာမတွေ့သည့် လူများအဖို့ မေပယ်မြို့တွင် ယာယီခရီးတစ်ထောက် နားကြလေသည်။ မြို့နှစ်မြို့ကြားရှိ အကွာအဝေးမှာလည်း နီးနီးလေးသာ ဖြစ်သည့်အတွက်ကြောင့် တစ်ခုခုလိုအပ်ပါက စိတ်ဝိဉာဉ်နန်းတော်ဆီသို့ အချိန်မရွေး အလျင်အမြန် အပြေးသွားနိုင်ပေသည်။
အပိုင်း (၂၇၄၃)
ဘာသာပြန်သူ_တိမ်တိုက်
စိတ်ဝိဉာဉ်ရေကန်နန်းတော်နှင့် မေပယ်မြို့၏ ပြောင်းလဲမှုများမှာ ရန်ကိုင်အတွက်တော့ အသစ်အဆန်းပင်။ ရန်ကိုင်သည် လက်ရှိအချိန်တွင် မြို့နှစ်မြို့အား စိတ်ဝင်တစားဖြင့် သေသေချာချာ ကြည့်နေမိလေသည်။ ရန်ကိုင်၏မျက်လုံးထဲလည်း အံ့အားသင့်ရိပ်တို့ ထင်ဟပ်နေခဲ့လေ၏။ အကြောင်းမှာ သူမည်သည့်နေရာသို့ ကြည့်နေပါစေ မြို့ထဲသို့ စီတန်းကာ စုပြုံဝင်နေကြသည့် ကျင့်ကြံသူများကို တွေ့နေရသည့် အတွက်ကြောင့်ပင်။
မြို့နှစ်မြို့မှာ မိုင်တစ်ထောင်လောက်သာ ဝေးကွာသည့်တိုင် နှစ်မြို့စလုံးမှာ အလွန်ကိုမှ စည်ပင်သာယာဝပြောနေခဲ့သည်။
ကြည့်ရသလောက် မေပယ်မြို့ တကယ်ကြီး ပြောင်းလဲသွားခဲ့သည့်ပုံပင်။ ထို့အတွက်ကြောင့် ချင်းမိသားစု ယခုအချိန် မည်ကဲ့သို့ ရှိနေဦးမလဲ ဆိုသည်ကို ရန်ကိုင် တွေးမိသွားခဲ့လေသည်။ ယခင်က ချင်းမိသားစုသည် မေပယ်မြို့ထဲ၌ အတော်လေးကိုမှ အင်အားတောင့်သည့် မိသားစုတစ်ခု ဖြစ်ခဲ့ကာ ထိုမိသားစုကို ကြီးကြပ်ဦးဆောင်နေသည့်လူမှာ တာအိုသခင်အဆင့်သို့ ရောက်ရှိနေခဲ့လေသည်။ သို့သော်ငြား လက်ရှိအခြေအနေအရ တာအိုသခင်အဆင့်ကျင့်ကြံသူများမှာ ဘာမှ မပြောပလောက်တော့ပေ။
ရန်ကိုင်သည် အနန္တဓါးကို ချင်းမိသားစုဆီမှ ရရှိခဲ့ခြင်းဖြစ်ပြီး အနန္တဓါးနှင့်ပတ်သက်၍ ချင်းမိသားစုမှ ချင်းကျောင်းရန်နှင့်လည်း သဘောတူညီချက်တစ်ခု လုပ်ထားခဲ့လေသည်။ ချင်းမိသားစု၏ ချင်းယုသည်သာ ဧကရာဇ်အဆင့်သို့ အောင်အောင်မြင်မြင် တက်ရောက်သွားနိုင်မည်ဆိုပါက ရန်ကိုင်အနေဖြင့် အနန္တဓါးကို ချင်းမိသားစုဆီသို့ ပြန်ပေးရပေမည်။
ရမ္မက်ရှာဂိုဏ်းမှ ရေခဲနှလုံးသားတောင်ကြားသို့ ကျူးကျော်စဉ် ရန်ကိုင်မှ ရေခဲနှလုံးသားတောင်ကြား၏ တပည့်များဆီသို့ ပေးခဲ့သည့် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကိုလည်း ချင်းမိသားစုဆီမှ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ရန်ကိုင်သည် ကျင့်ကြံရေးခရီးလမ်းတစ်လျှောက် ချင်းမိသားစုဆီမှ တိုက်ရိုက်အကူအညီ များများစားစား မရှိခဲ့ပါသော်ငြား ထိုမိသားစုအပေါ်တွင်တော့ ရန်ကိုင် အကြွေးများစွာ တင်နေပေသေးသည်။ ထို့အတွက်ကြောင့် တောင်ဘက်နယ်မြေသို့ ရောက်တုန်းရောက်ခိုက် မေပယ်မြို့သို့ ပြန်လာကာ ချင်းမိသားစုဆီသို့ သွားရောက်နှုတ်ဆက်ရပေလိမ့်မည်။
ထို့အပြင် သူသွားလည်ရမည့် ရို့ရှီ၏မိသားစုလည်း ရှိနေပေသေးသည်။ တောင်ဘက်နယ်မြေသို့ ပြန်ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် နေမင်းပြာကျောင်းတော်သို့လည်း သွားလည်ရပေဦးမည်။ မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အမွေခံတပည့်တစ်ဦး ဖြစ်နေဆဲ။ ရှင်းရှင်းပြောရလျှင် နေမင်းပြာကျောင်းတော်၏ ပင်မတပည့်များသာ ကိုင်ဆောင်ထားရသော တံဆိပ်ပြားတစ်ခုကိုလည်း ရရှိထားခဲ့သေးသည် မဟုတ်ပေလော။
ထို့အပြင် စီနီယာထျန်းယန်တောင်းဆိုထားသည့် တောင်းဆိုချက်ကိုလည်း ရန်ကိုင် မှတ်မိနေပေသေးသည်။ ယခု သူ့တွင် ခန္ဓာဖြစ်တည်အသီး ရှိနေပြီဖြစ်သလို လိုအပ်သည့်ဆေးအမယ်များကိုလည်း ရရှိထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်နိုင်လေပြီ။ ထိုဆေးလုံးနှင့်သာဆိုပါက ထျန်းယန်သည် ကြယ်တာရာအစုအဝေးထဲသို့ ထွက်လာနိုင်ပေတော့မည်။
ထျန်းယန်သည် မဟာဧကရာဇ်အဆင့် တည်ရှိမှုတစ်ပါး ဖြစ်သည့်အတွက်ကြောင့် သူ ရုပ်ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်သွားပြီး ကြယ်တာရာအစုအဝေးထဲတွင်သာ လျှောက်သွားနိုင်သည်ဆိုပါက ထက်ကောင်းကင်နန်းတော်သည် ထျန်းယန်ဆီမှ နောက်ပိုင်းတွင် အကူအညီ ကြီးကြီးမားမား ရနိုင်ပေသည်။
ရန်ကိုင်စိတ်ထဲ အစီအစဉ်များ ရေးဆွဲနေစဉ်မှာပင် အလင်းတန်းတစ်ခု သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေကြောင်းကို တွေ့ရှိလိုက်ရသည်။
ထိုအလင်းတန်းနောက်တွင်တော့ အခြားသော အလင်းတန်းများစွာ လိုက်ပါလာနေခဲ့လေသည်။
လက်ရှိပုံကို ကြည့်ရသလောက် ရှေ့မှ ပျံသန်းလာနေသည့် အလင်းတန်းမှာ ထွက်ပြေးနေဟန်ရပြီး နောက်မှလိုက်နေသည့် အလင်းတန်းများမှာ လိုက်ဖမ်းနေသည့်ပုံပင်။ ထိုလူအားလုံးမှာ တာအိုသခင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသည့်အတွက်ကြောင့် ရန်ကိုင်စိတ်ပူစရာ မဟုတ်ခဲ့ပေ။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို ကြယ်တာရာအစုအဝေးထဲတွင် မကြာခဏ မြင်ကြရပေသည်။ အကျိုးအမြတ်များကြောင့်ဖြစ်စေ ရန်ငြိုးရန်စများကြောင့်ဖြစ်စေ လူပေါင်းများစွာမှာ နေ့စဉ်နှင့်အမျှ သတ်ဖြတ်ခံနေကြရသည်။ ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် အခြားသောကျင့်ကြံသူများ၏ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုကဲ့သို့သော အခက်အခဲအသွယ်သွယ်ကို ဖြတ်ကျော်လာပြီးသည့်နောက်မှသာ ဤအဆင့်သို့ ရန်ကိုင် ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်။
ထွက်ပြေးနေသည့် အလင်းတန်းမှာ ထိတ်လန့်တုန်လှုပ်နေဟန် ပေါက်နေခဲ့ပြီး ရန်ကိုင်တည့်တည့်သို့ ပြေးဝင်လာနေခဲ့လေသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ တစ်ဖက်လူသည် သူ၏ပြဿနာထဲ သူ့ကိုပါ ဆွဲခေါ်ချင်နေသည့်ပုံပင်။ သို့သော်ငြား ဤကဲ့သို့သော ကိစ္စမျိုးတွင် ရန်ကိုင်ဝင်မပါချင်ပေ။ သူကိုယ်တိုင်မှာလည်း ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် တစ်ဖက်လူအား ရှောင်နေစရာမလိုသည့်အတွက်ကြောင့် တည့်တည့်သာ ပျံသန်းသွားလိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် ထွက်ပြေးနေသည့် အလင်းတန်းနှင့် မီတာတစ်ထောင်သာ ဝေးကွာတော့လေသည်။
သေသေချာချာ ကြည့်ကြည့်လိုက်သည့်နောက် ထွက်ပြေးလာနေသည့် အလင်းတန်းထဲ မိန်းမသားတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ဆင်တူသည့် အမို့အမောက် အရှိုက်အဝန်းများကို မြင်တွေ့လိုက်ရလေသည်။ သေသေချာချာ အနီးကပ်ထပ်ကြည့်လိုက်သည့်နောက် အလင်းတန်းထဲရှိလူကို မြင်လိုက်သော် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး သွားနေရင်း ရပ်လိုက်မိလေ၏။
ထွက်ပြေးလာနေသည့် အမျိုးသမီးမှာလည်း ရန်ကိုင်အား သတိပြုမိသွားသည့်ပုံပင်။ ရန်ကိုင်ကိုမြင်မြင်ချင်း ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်လေ၏။ “ရန်ကိုင်လား…”
ရန်ကိုင်က ပြုံးလျက် “ကျုပ်တို့က တကယ်ကို ရေစက်ပါတာပဲနော် ကာကွယ်သူပိရန်… ကျုပ်တို့မတွေ့ရတဲ့နောက်ပိုင်း ခင်ဗျား အဆင်ပြေပြေနဲ့ ရှိနေမယ်လို့ ကျုပ် မျှော်လင့်ပါတယ်…”
ထိုအမျိုးသမီးသည် ရန်ကိုင်ရင်းနှီးနေသည့် ငှက်မွေးပြာဂိုဏ်း၏ ကာကွယ်သူ ပိရန်ယုချင်း ဖြစ်နေခဲ့လေသည်။
ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ ကြယ်တာရာအစုအဝေးသို့ ရောက်ရှိလာစဉ်က ငှက်မွေးပြာဂိုဏ်းမှ ခို့ဝူ၏ ဖမ်းဆီးခြင်း ခံရပြီး နောက်ပိုင်း၌ ပိရန်ယုချင်းလက်အောက်သို့ ရောက်သွားခဲ့ရသည်။ ငှက်မွေးပြာဂိုဏ်းထဲတွင် အချိန်အတော်ကြာအောင် နေခဲ့ပြီး ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်ဖြစ်သော ဝူမုန်ချွမ် အကျဉ်းထောင်ထဲမှ လွတ်မြောက်ပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးကို စိတ်ကြိုက် သတ်ဖြတ်သည့်အခါမှသာ ရန်ကိုင်တို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်လေသည်။
ထိုစဉ်က ပိရန်ယုချင်းသည် ကိစ္စတစ်ခုကြောင့် အပြင်ရောက်နေသဖြင့် ဝူမုန်ချွမ်၏လက်မှ လွတ်မြောက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဝူမုန်ချွမ်လက်အောက်သို့ ခိုဝင်၍ လက်အောက်ငယ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် ဥတုလေးမျိုးနယ်မြေထဲ၌ ပြန်ဆုံခဲ့ရသည်။
ယခု သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ဝူမုန်ချွမ် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်ခဲ့ခြင်းမှာ ပိရန်ယုချင်းရရှိခဲ့သည့် ကြယ်စည်းတံဆိပ်ကြောင့် ဖြစ်လိမ့်မည်မှန်း ရန်ကိုင် နားလည်သွားရတော့သည်။ ပိရန်ယုချင်းတို့အဖွဲ့ ဥတုလေးမျိုးနယ်မြေထဲသို့ ရောက်လာရခြင်းမှာလည်း ဝူမုန်ချွမ်မှ ကြယ်စည်းတံဆိပ်ကိုရှာရန် စေလွှတ်လိုက်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ဝူမုန်ချွန်မှာ ကြယ်ပျက်ပင်လယ်ထဲ၌ အဖြစ်ဆိုးနှင့် ကြုံခဲ့ရလေသည်။ ရန်ကိုင်အား ဆန့်ကျင်ရန် ကြိုးစားခဲ့ပါသော်ငြား ရန်ကိုင်၏လက်ချက်ကြောင့်သာ သေပွဲဝင်ခဲ့ရပြီး ရန်ကိုင်၏ကျောက်တုံးကိုယ်ပွား ကျင့်ကြံထားသည့် ကောင်းကင်တိုက်ပွဲဥပဒေမှာလည်း အဆင့်တစ်ဆို့သည့် အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ရသည်။
ကြည့်ရသလောက် ထိုကဲ့သို့သော အဖြစ်အပျက် အကြောင်းစုံသည် ရန်ကိုင် ငှက်မွေးပြာဂိုဏ်းထဲသို့ ဝင်စဉ်ကတည်းက ကြိုတင်သတ်မှတ်ထားသည့်အလား။
ထိုအတွေးများ ရန်ကိုင်စိတ်ထဲ ဖြတ်ပြေးသွားသည့်အချိန်မှာပင် ပိရန်ယုချင်းသည် ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့ပြီး အံကြိတ်၍ ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး နင်ဖြစ်နေရတာလဲ…”
ရန်ကိုင်က ပြုံးဖြီးလျက် “ကာကွယ်သူပိရန်ကိုကြည့်ရတာ ကျုပ်ဖြစ်နေမှန်းသိလိုက်လို့ တော်တော်ကို စိတ်ပျက်သွားတဲ့ပုံပဲ…”
ပိရန်ယုချင်းက ပြန်ပြောလိုက်လေသည်။ “အစကတော့ ငါ့ပြဿနာထဲ တစ်ယောက်ယောက်ကို ဆွဲခေါ်မလို့ပဲ… ဒါပေမယ့် နင်ဖြစ်နေမှတော့ ဘာမှပြောနေစရာမလိုတော့ဘူး… မြန်မြန်ထွက်ပြေးကြရအောင်…”
ပိရန်ယုချင်းမှာ သူမ ရန်ကိုင်တည့်တည့်သို့ ပျံသန်းလာနေရခြင်းမှာ သူမ၏ပြဿနာထဲ ရန်ကိုင်ကိုပါ ဆွဲခေါ်လိုသည့်အတွက်ကြောင့် ဖြစ်သည်ဟု ဝန်ခံခဲ့လေသည်။ ထိုသို့ပြောပြီးသည့်နောက် ပိရန်ယုချင်းမှာ ချက်ချင်းပဲ ရန်ကိုင်ကိုကျော်၍ ပျံသန်းသွားလေသည်။
သို့သော်ငြား သူမဘက်မှ ထွက်ပြေးသွားသည့်တိုင် ရန်ကိုင်ဆီမှ မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရသည့်အတွက်ကြောင့် ရပ်တန့်၍ နောက်သို့ပြန်လှည့်ကာ အော်ပြောလိုက်လေသည်။ “မြန်မြန်ပြေးလေ… နင်ဘာတွေရပ်ကြည့်နေတာလဲ…”
ရန်ကိုင်ကမူ တောင်တစ်လုံးနှယ် မားမားမတ်မတ်သာ ရပ်နေခဲ့ပြီး ပိရန်ယုချင်း၏ ဝမ်းဗိုက်တွင် ရှိနေသော ဓါးဒဏ်ရာကို ကြည့်ရင်းမှ မျက်မှောင်ကျုံ့လျက် ပြောလိုက်လေသည်။ “ခင်ဗျားနဲ့ အဲ့လူတွေကြားမှာ ဘယ်လိုရန်ငြိုးရန်စတွေ ရှိနေတာလဲ…”
“ခေါင်းထိသွားတာလား… ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ်ပြီး ဒါတွေလာမေးနေတာလဲ…” ပိရန်ယုချင်းမှာ အလွန်ကိုမှ စိုးရိမ်နေခဲ့လေသည်။ ရန်ကိုင်သည် တစ်ချက်ကလေးမျှ မလှုပ်ဘဲ ကျောက်ရုပ်ကြီးနှယ် ရပ်နေသည်ကိုမြင်သော် သူမစိတ်ထဲ ရန်ကိုင်အား ဒရွတ်တိုက်ဆွဲခေါ်ချင်စိတ်များပင် ဖြစ်ပေါ်လာရတော့သည်။
ရန်ကိုင်သည် အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကျင့်ကြံရာတွင် ပါရမီပါကာ သူ၏တိုးတက်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်လိမ့်မည်မှန်း သိထားခဲ့ပါသော်ငြား ယခု ရန်ကိုင် ကြယ်တာရာအစုအဝေးသို့ ရောက်သည်မှာ နှစ်မည်မျှပင် ကြာသေးလို့နည်း။ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်ကို ကျော်နိုင်လိမ့်ဦးမည်မဟုတ်ဟု ပိရန်ယုချင်း ယုံကြည်နေခဲ့လေသည်။ သူမကိုယ်တိုင်ပင်လျှင် ထိုလူအုပ်ကြီး၏ ပြိုင်ဘက် မဖြစ်နိုင်လေရာ ရန်ကိုင်ကရော မည်ကဲ့သို့များ ဖြစ်နိုင်ပါမည်နည်း။
ရန်ကိုင်တို့နှစ်ဦး စကားပြောနေစဉ် ပိရန်ယုချင်းနောက်သို့ လိုက်လာသည့် အလင်းတန်းများမှာ ရန်ကိုင်တို့ဆီမှ သုံးမိုင်အကွာသို့ ရောက်လာကြလေသည်။ ထိုစဉ် ခက်ထန်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “ခွေးမ… အဲ့မှာရပ်နေလိုက်စမ်း… ဝင်ခွင့်တံဆိပ်ပြား ပေးရင်ပေး… မပေးရင် နင် အသေဆိုးနဲ့ သေရမှာနော်…”
“ဝင်ခွင့်တံဆိပ်ပြား… ဘာဝင်ခွင့်တံဆိပ်ပြားလဲ… ခင်ဗျား သူတို့ကို သွားဓါးပြတိုက်လာတာလား…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထိုသို့သာဆိုလျှင်တော့ ပိရန်ယုချင်း ကိုယ့်ပြဿနာကိုယ် ရှာနေသည့်ပုံပင်။
“ဘယ်လိုလုပ်ပြီး သူတို့ကို သွားဓါးပြတိုက်ရမှာလဲ… အဲ့ကောင်တွေကသာ ငါ့ဆီကနေ လိုက်လုနေတာ…” ပိရန်ယုချင်းက အမြန်ပြန်ပြောလိုက်သည်။ “နင် လာမှာလား မလာဘူးလား… မလာရင် နင့်ကိစ္စနဲ့နင်ပဲနော်… သူတို့ နင့်ကို ကျိန်းသေသတ်ပစ်မှာ…”
သူမ၏လေသံမှာ ခက်ထန်ပါသော်ငြား အနည်းဆုံးတော့ ပိရန်ယုချင်းသည် ရန်ကိုင်၏လုံခြုံရေးနှင့်ပတ်သက်၍ စဉ်းစားတွေးတောနေပေသေးသည်။ ထို့အတွက်ကြောင့် သူမအပေါ် ရန်ကိုင်၏အထင်အမြင်မှာ အနည်းငယ် ကောင်းမွန်သွားရတော့သည်။
ရှင်းရှင်းပြောရလျှင် ရန်ကိုင်နှင့် ပိရန်ယုချင်းကြား မည်သည့်ရန်ငြိုးရန်စမှမရှိ။ တစ်ချိန်က ရန်ကိုင်သည် ငှက်မွေးပြာဂိုဏ်းထဲတွင် ပြဿနာရှာခဲ့ပါသော်ငြား ပိရန်ယုချင်းမှာ သူ့ကိုယ်စား ဝင်ပြောပေးခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရေခဲချောက်ကမ်းပါးသို့သွားရန် ပိရန်ယုချင်း၏ အပြစ်ပေးခြင်းလည်း ခံခဲ့ရသည်။ သို့သော်ငြား ထိုအပြစ်ဒဏ်မှာ ရန်ကိုင်အတွက်တော့ အပြစ်ဒဏ်တစ်ခုမဟုတ်ဘဲ အခွင့်အရေးတစ်ခုသာ ဖြစ်နေခဲ့လေသည်။
“ခင်ဗျား သွားချင်တယ်ဆိုရင် သွားလေ…” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။
“နင့်ဘာသာနင် ကြည့်လုပ်ပေတော့…” ပိရန်ယုချင်းသည် ထိုသို့ပြောပြီးသည့်နောက် ချက်ချင်း ပျံသန်းသွားလေသည်။
သို့သော်ငြား ထွက်သွားပြီးသည့်နောက် ချက်ချင်း ပြန်လှည့်လာကာ ရန်ကိုင်ဘေးတွင် ရပ်လိုက်လေသည်။
“မသွားတော့ဘူးလား…” ရန်ကိုင်သည် ပိရန်ယုချင်းအား ကြည့်၍ မေးလိုက်လေသည်။
ပိရန်ယုချင်း၏မျက်နှာမှာ ဒယ်အိုးဖင်နှယ် သုန်မှုန်နေခဲ့လေသည်။ “နင် ငါ့ကို တကယ် သေအောင်လုပ်နေတာပဲ… နင့်ခေါင်း ဘာဖြစ်နေလဲ ငါတကယ်ကို နားမလည်နိုင်တော့ဘူး…”
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “ကာကွယ်သူပိရန်… ဘာလဲ ခင်ဗျားက ကျုပ်နဲ့ အတူတူသေပွဲဝင်ချင်လို့လား… အဲ့ဒါလည်း မဆိုးပါဘူးနော်… မိန်းမချောလေးတစ်ယောက်နဲ့အတူသေရမှာ… ဘယ်သူကများ အပြစ်တင်နိုင်မှာလဲ…”
“အိပ်မက်သာ မက်နေလိုက်…” ပိရန်ယုချင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်၍ အေးစက်စက်အမူအယာဖြင့် “ကျန်တဲ့လူတွေကိုထိန်းထား… ငါ အဲ့လူကို အရင်သွားသတ်မယ်…”
“ခင်ဗျား သူနဲ့ ဘယ်လိုရန်ငြိုးရန်စတွေ ရှိနေလို့လဲ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“အဲ့ကောင်ကြောင့် ခို့ဝူသေသွားတာ…” ပိရန်ယုချင်း၏လေသံမှာ အရိုးခိုက်မတတ် အေးစက်နေခဲ့ပြီး သူမ၏လက်သီးလေးများမှာလည်း တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့လေသည်။
“ခို့ဝူသေသွားပြီလား…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ သူ့အမူအယာမှာလည်း ရုတ်ချည်းဆိုသလို လေးနက်တည်ကြည်သွားခဲ့သည်။ သူနှင့် လျို့ရှန်းယွင်တို့အား ဖမ်းဆီးခဲ့သည့်လူမှာ ခို့ဝူဖြစ်ပါသော်ငြား ခို့ဝူသည် ဂိုဏ်းထဲသို့ အရောက်တွင် သူတို့၏ စီနီယာအစ်ကိုသဖွယ် ပြုမူကာ သူတို့အား ဂရုစိုက်ခဲ့ပေသည်။
ဥတုလေးမျိုးနယ်မြေထဲတွင်လည်း ပိရန်ယုချင်းနှင့်အတူ ခို့ဝူကိုပါ သူတို့တွေ့ခဲ့ရသည်။ ယခု ခို့ဝူသေသွားကြောင်း ကြားလိုက်ရသော် ရန်ကိုင်စိတ်ထဲ အနည်းငယ် ဝမ်းနည်းမိသွားခဲ့လေသည်။ သိုင်းတာအိုတွင် အမှားလေးတစ်ချက်လောက် လုပ်မိလိုက်ရုံဖြင့် ဘဝခရီးမှာ အဆုံးသတ်သွားနိုင်ပေသည်။ အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်သည့် သိုင်းလောကခရီးပင်။
“ငါထွက်ပြေးလို့ရအောင် သူ အဲ့လူတွေကို အချိန်ဆွဲထားပေးတာ…” ပိရန်ယုချင်းသည် အသက်ပြင်းပြင်းရှူသွင်းလျက် အမြန်ပြောလိုက်သည်။ “အရင်တုန်းက ငါတို့ ခင်မင်ခဲ့တာတွေကို ထောက်ထားသေးတယ်ဆိုရင် ဒီတစ်ကြိမ် ငါ့ကို ကူညီပေး…”
“ကောင်းပြီလေ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ပိရန်ယုချင်းက ဆက်ပြောလိုက်သည်။ “အဲ့လူတွေအကုန်လုံးက တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတွေ… နင်တစ်ယောက်တည်းတော့ သူတို့အကုန်လုံးကို အနိုင်ယူနိုင်မှာမဟုတ်ဘူး… ဒီတော့ ထိန်းနိုင်သလောက်သာထိန်း… မထိန်းနိုင်တော့ဘူးဆိုရင် ငါ့ကို ထားပြီး ထွက်ပြေးလိုက်…”
ရန်ကိုင်မှာ ပိရန်ယုချင်းအကြောင်းကို ယခုမှသာ ပထမဦးဆုံးအကြိမ်အဖြစ် သိလိုက်ရသည့်အလား သူမအား သေသေချာချာကို စိုက်ကြည့်နေလိုက်လေသည်။
ပိရန်ယုချင်းက ပြုံးလျက် “ငါ့ကို အဲ့လိုမျိုး လာကြည့်မနေနဲ့… ငှက်မွေးပြာဂိုဏ်းက ရှိတော့တာမဟုတ်ဘူး… ငါတို့ အသက်ရှင်ဖို့အရေး ငါနဲ့ခို့ဝူ တစ်ယောက်ကိုတစ်ယောက် အားကိုးခဲ့ရတာ… အခု သူသေသွားပြီဆိုတော့ အနည်းဆုံးတော့ ငါ သူ့အတွက် လက်စားပြန်ချေပေးရမှာပေါ့…”
“ခင်ဗျားဆန္ဒ ပြည့်စေရမယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
“အဲ့လိုမျှော်လင့်ရတာပဲ…” ပိရန်ယုချင်းက သက်ပြင်းအမောကြီး ချလိုက်သည်။ ထို့နောက် သူမမျက်လုံးများကို အသာအယာ ပိတ်ချလိုက်လေသည်။ မျက်လုံးများ ပြန်ပွင့်လာသည့်နောက်တွင် ပိရန်ယုချင်း၏မျက်လုံးထဲ အေးစက်စက်အလင်းရောင်တို့ဖြင့် ပြည့်နေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူမ၏ လက်ဝါးပေါ်၌ လက်ကောက်ကဲ့သို့သော မှော်ရတနာတစ်ခု ပေါ်လာခဲ့လေသည်။
ရန်ကိုင်တို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ပိရန်ယုချင်းနောက်သို့ လိုက်လာသည့် အလင်းတန်းများမှာ သူတို့အနားသို့ ရောက်လာခဲ့လေပြီ။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် လူသုံးဦး ပေါ်လာခဲ့လေသည်။
သုံးဦးစလုံးမှာ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့ဝတ်စားထားသည့် အဝတ်အစားများအရ သုံးဦးစလုံးမှာ တစ်ဂိုဏ်းထဲမှ လာသည့်ပုံပင်။ သို့သော်ငြား ထိုလူများ မည်သည့်ဂိုဏ်းမှ လာသလဲ ဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။
ရှေ့ဆုံးတွင် ရှိနေသည့်လူမှာ အသားဖြူဖြူ၊ မုတ်ဆိတ်မွေးမရှိသည့် အသက်လေးဆယ်လောက် ရှိမည်ထင်ရသော လူကြီးတစ်ဦး ဖြစ်လေသည်။ ထိုလူကြီးသည် သွေးစွန်းနေသည့် ဓါးတစ်ချောင်းကို ကိုင်စွဲထားခဲ့သည်။
ဓါးပေါ်ရှိ သွေးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ပိရန်ယုချင်း၏ မျက်လုံးများ ရုတ်ချည်း နီရဲသွားခဲ့သည်။
ထိုသွေးသည် ခို့ဝူ၏သွေးမှန်း သူမ ပြောနိုင်ပေသည်။
“ခွေးမ… ထပ်ပြေးဦးလေ…” သက်လတ်ပိုင်းလူကြီးသည် ပိရန်ယုချင်းအား ဓါးဖြင့် ချိန်ရွယ်ရင်းမှ အော်ပြောလိုက်လေသည်။
ပိရန်ယုချင်းကမူ အံကိုသာ တင်းတင်းကြိတ်ထားခဲ့ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
သက်လတ်ပိုင်းလူကြီးက ဆက်၍ အော်ပြောလိုက်သည်။ “ဝင်ခွင့်တံဆိပ်ပြားကိုပေး… အဲ့ဒါဆို ငါ နင့်ကို အသက်ရှင်ခွင့်ပေးမယ်…”
“ငါ့တပည့်ကို သတ်လိုက်တာ နင်လား…” ပိရန်ယုချင်းသည် သက်လတ်ပိုင်းလူကြီး ပြောသည့်စကားကို ပြန်မပြောခဲ့ဘဲ သူမ မေးချင်ရာကိုသာ ပြန်ပြောလိုက်သည်။
သက်လတ်ပိုင်းလူကြီးက ဝန်ခံလိုက်လေသည်။ “ဟုတ်တယ်… ငါ သူ့ကို သတ်လိုက်တာ… ငါ့ဓါးနဲ့ သူ့ရင်ဘတ်တည့်တည့်ကို ဆောင့်ထိုးလိုက်တာ… သူက နင့်ကို အရမ်းသစ္စာရှိတယ် သိလား… နင်ထွက်ပြေးနိုင်ဖို့အရေး သူ့အသက်ကို စတေးပစ်ခဲ့တာ…”
ပိရန်ယုချင်း၏မျက်နှာမှာ ရေခဲတမျှ အေးစက်နေခဲ့လေသည်။ သူမရင်ထဲရှိ ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းထားရသည့်အတွက်ကြောင့် အံတင်းတင်းကြိတ်ထားရလေရာ သူမ၏နှုတ်ခမ်းမှပင် သွေးများ စီးကျလာနေခဲ့ရသည်။ သူမတစ်ကိုယ်လုံးမှာလည်း တဆတ်ဆတ်ကို တုန်ရီနေခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “နင်လည်း သူ့လိုမျိုး မြန်မြန်သေရအောင် ငါလုပ်ပေးမယ်…”
ထိုစကားကို ကြားလိုက်သည့်အခိုက် လူသုံးဦးလုံး ဝါးလုံးကွဲအော်ရယ်မောလိုက်ကြလေသည်။
သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်ကိုကြည့်၍ အထင်အမြင်တသေးဖြင့် ပြောလိုက်သည်။ “ဒီအကူလေးကို နင် ဘယ်ကနေ ရလာလဲတော့ ငါမသိဘူး… ဒါပေမယ့် သူ့လိုလူတစ်ယောက် ရှိနေရုံနဲ့ ငါတို့ရှေ့မှာ အရှက်မရှိ လာကြွားရဲတယ်ပေါ့ ဟုတ်လား.. ဟေ့ရောင် ကောင်လေး… မင်း အခွင့်အရေးရတုန်း ပြေးနိုင်သမျှ မြန်မြန်ပေးထားနော်… ငါသာ မင်းနေရာမှာဆိုရင် ချက်ချင်း ထွက်ပြေးနေလောက်ပြီ… မိန်းမချောတစ်ယောက်က စွဲမက်ဖွယ်ကောင်းတယ်ဆိုပေမယ့် အဲ့အလှတရားကို ခံစားဖို့အတွက် မင်း အသက်ရှင်နေမှဖြစ်မှာ…”
ရန်ကိုင်သည် ပိရန်ယုချင်း၏အလှတွင် နစ်မျောသွားပြီး သူရဲကောင်းတစ်ယောက်လုပ်ရန်အတွက် သူမဘက်မှ ဝင်ကူပေးနေခြင်း ဖြစ်သည်ဟု သက်လတ်ပိုင်းလူကြီး ထင်နေခြင်း ဖြစ်လေသည်။ သက်လတ်ပိုင်းလူကြီး ထိုသို့ပြောသည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ပိရန်ယုချင်း၏ ကိုယ်လုံးကိုယ်ပေါက်မှာ တကယ်ကို မဆိုးလှပေ။ အထူးသဖြင့် သူမ၏ပုံစံမှာ ရင့်ကျက်ပျိုရွယ်သည့် မိန်းမချောတစ်ဦး၏ အလှမျိုး ဖြစ်နေခဲ့လေသည်။ သူမပုံစံသည် သာမန်မိန်းမငယ်လေးတစ်ဦး ယှဉ်နိုင်သည့် အရာမျိုးမဟုတ်။ ပိရန်ယုချင်း၏အလှမှာ တမူထူးခြားသည်ဟု ပြော၍ရသည်။
ပုံမှန်အားဖြင့် ရန်ကိုင်အသက်အရွယ် ယောက်ျားသားအများစုသည် ထိုကဲ့သို့သော ရင့်ကျက်ပျိုရွယ်သည့် အမျိုးသမီးများကို အထူးတလည်နှစ်သက်ကြသည် မဟုတ်ပေလော။
“အားတော့နားပါရဲ့ဗျာ… ကျုပ် အဲ့လိုမလုပ်နိုင်ဘူး…” ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။
သက်လတ်ပိုင်းလူကြီး၏ အမူအယာ သုန်မှုန်သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ “မင်းက ဒီလောက် သေချင်နေမှတော့လည်း ငါလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…”
ထိုလူများသည် ပိရန်ယုချင်း၏ ဇစ်မြစ်ကို စုံစမ်းပြီးသွားခဲ့လေပြီ။ ပိရန်ယုချင်းသည် မည်သည့်ဂိုဏ်းထဲသို့မှ ဝင်ရောက်ထားခြင်းမရှိသည့် နောက်ခံမရှိသော အမျိုးသမီးတစ်ဦးသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့်သာမဟုတ်ပါက မည်ကဲ့သို့များ ပိရန်ယုချင်းဆီမှ ဝင်ခွင့်တံဆိပ်ပြားကို လာလုရဲပါမည်နည်း။
အပိုင်း (၂၇၄၄)
ဘာသာပြန်သူ_တိမ်တိုက်
လက်ရှိအချိန်တွင် မေပယ်မြို့နှင့် စိတ်ဝိဉာဉ်ရေကန်မြို့တော်၌ အမျိုးမျိုးသော ပညာရှင်များ၊ အားကောင်းသည့်နောက်ခံကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများ ရှိနေကြလေသည်။ ထို့အတွက်ကြောင့် သူတို့သည်သာ ကြုံရာလူတစ်ဦးအား သွားရန်စမိမည်ဆိုပါက ကံမကောင်းခဲ့လျှင် ရန်မစသင့်သည့် လူတစ်ဦးအား သွားရန်စမိနိုင်ပေသည်။
သို့သော်ငြား ပိရန်ယုချင်းကမူ ထိုကဲ့သို့ မဟုတ်။ သူမအနေဖြင့် အခြားလူတစ်ဦး၏ အကူအညီကို တောင်းခံနိုင်မည်ဆိုလျှင်ပင် သူမအကူအညီတောင်းနိုင်သည့်လူ၏ ခွန်အားမှာ ထိုမျှ အားကောင်းနေလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သည် အတော်လေးကိုမှ ငယ်ရွယ်ပေသေးသည်။ ထို့အတွက်ကြောင့် သူ့အား အထင်သေးသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။
“ဂျူနီယာညီလေးတို့… အဲ့ကောင်လေးကို အရင်သွားသတ်… ပြီးရင် မင်းတို့ရဲ့ စီနီယာအစ်ကိုကို လာကူညီပေး… ငါတို့သာ ဝင်ခွင့်တံဆိပ်ပြားကို ရမယ်ဆိုရင် ဧကရာဇ်အဆင့်ကိုတက်ဖို့က ဘာမှ ဒီလောက်ခက်တော့မှာမဟုတ်ဘူး…” သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်အား လက်ညှိုးထိုးရင်းမှ သူ့ဘေးနားတွင် ရှိနေသော လူနှစ်ဦးအား ပြောလိုက်လေသည်။
တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော ထိုကျင့်ကြံသူနှစ်ဦးမှာ ခေါင်းအသီးသီး ညိတ်လိုက်ကြသည်။ ထို့နောက်တွင် ခက်ထန်သည့် အမူအယာကို ဆင်မြန်းလျက် ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြလေ၏။
“ရန်ကိုင် သတိထား…” ပိရန်ယုချင်းက သတိပေးလိုက်သည်။
ထိုစကားကိုကြားသော် သတ်လတ်ပိုင်းလူကြီးက လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “နင့်ကိုယ်နင်စိတ်မပူဘဲ နင့်ရဲ့အချစ်လေးကို စိတ်ပူနေတယ်ပေါ့ ဟုတ်လား…”
ထိုစကား ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ဓါးရောင်တစ်ချက် လက်သွားခဲ့ပြီး သက်လတ်ပိုင်းလူကြီးသည် ပိရန်ယုချင်းဆီသို့ တိုးဝင်သွားလေသည်။ တိုက်ပွဲမှာ စတင်ခဲ့လေပြီ။
သို့သော်ငြား တိုက်ပွဲစစချင်းမှာပင် ချောက်ခြားဖွယ်ရာ အော်ဟစ်သံနှစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သက်လတ်ပိုင်းလူကြီး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်ဆီသို့ ပြေးဝင်သွားသော သူ့ဂျူနီယာညီလေးနှစ်ယောက်၏ ရင်ဘတ်နေရာ၌ အပေါက်များ အသီးသီး ရှိနေကြလေသည်။ ထိုအပေါက်များမှတစ်ဆင့် သူတို့ကိုယ်အတွင်းထဲရှိ ကိုယ်တွင်းအင်္ဂါများကိုပင်လျှင် အထင်းသား လှမ်းမြင်နေရလေသည်။
“ဘာတွေဖြစ်သွားတာလဲ…” သက်လတ်ပိုင်းလူကြီးမှာ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ အစောပိုင်းက သူ့ဂျူနီယာညီလေးနှစ်ဦးမှာ အကောင်းအတိုင်းသာ ရှိနေကြသေးရာ မည်ကဲ့သို့များ မျက်တောင်တစ်ခတ်အတွင်း ယခုကဲ့သို့ ဖြစ်သွားရလေသနည်း။ သူတို့၏ရင်ဘတ်အသီးသီးတွင် ရှိနေသော ဒဏ်ရာများမှာ အလွန်ကိုမှ ပြင်းထန်လှကာ နှလုံးများသည်ပင်လျှင် ပျောက်နေကြရလေသည်။ တစ်နည်းဆိုရသော် သူ့ဂျူနီယာညီလေးနှစ်ယောက်၌ အသက်ရှင်နိုင်ဖို့ရာ အခွင့်အရေး မရှိတော့ချေ။ ထိုနှစ်ဦးမှာ ကျိန်းသေကို သေကြရပေတော့မည်။
ထိုနှစ်ဦးမှာ တာအိုသခင်တတိယအဆင့်ကျင့်ကြံသူများ ဖြစ်ကြကာ သူတို့၏ခွန်အားမှာ သူ့အောက် နိမ့်ကျခြင်း မရှိချေ။ ထိုသို့ဖြစ်လေရာ သူတို့နှစ်ဦးမှာ မျက်တောင်တစ်ခတ်အတွင်း မည်ကဲ့သို့များ အသတ်ခံလိုက်ရကြရလေသနည်း။
မည်သူ လုပ်လိုက်လေသနည်း။
သက်လတ်ပိုင်းလူကြီး ပထမဦးဆုံး တွေးမိလိုက်သည်မှာ အနီးအနားတွင် စီနီယာပညာရှင်တစ်ဦးဦး ပုန်းအောင်းနေသည်ဟူ၍ပင်။ ထိုသို့ အတွေးများသွားသည့်အခိုက် ပိရန်ယုချင်းဆီသို့ ပြေးဝင်သွားနေသည့် သူ့အရှိန်အဟုန်မှာ ရပ်တန့်သွားခဲ့ပြီး သူ့ဓါးဆီမှ ဖြာထွက်နေသည့် အလင်းရောင်တို့မှာလည်း မှိန်ကျသွားခဲ့လေသည်။
ပိရန်ယုချင်းမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်နေခဲ့လေသည်။ အစကမူ သူမသေရမည်ဆိုလျှင်ပင် ဤလူအား သူမနှင့်အတူ ဆွဲခေါ်သွားရန် ဆုံးဖြတ်ထားခဲ့သည်။ ရန်ကိုင်သည်သာ ကျန်နှစ်ဦးအား အချိန်ဆွဲထားပေးနိုင်သရွေ့ သူမ ဤလူအား သတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိပေသည်။
သူမသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး မဟုတ်သေးပါသော်ငြား တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်မှာ အတော်လေးကိုမှ ကြာညောင်းနေခဲ့လေပြီ။ ထို့ကြောင့် သက်လတ်ပိုင်းလူကြီးအား သူမနှင့်အတူ ဆွဲခေါ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိပေသည်။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ ရန်ကိုင်ဆီသို့ ပြေးဝင်သွားရမည့် ရန်ကိုင်၏ ရန်သူနှစ်ဦးမှာ အလွန်ကိုမှ ပြင်းထန်သည့် ဒဏ်ရာများကို ရရှိသွားကြကာ မကြာခင်အချိန်အတွင်း သေကြရတော့မည့်ပုံပင်။ အကုန်လုံးမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့သည့်အတွက်ကြောင့် မည်သူမျှ ဘာတွေများ ဖြစ်နေသလဲ ဆိုသည်ကို အမှီမလိုက်နိုင် ဖြစ်နေကြလေသည်။
ထိုအခိုက်အတန့်တွင် အံ့အားသင့်ဖွယ်ရာ အရှိန်အဝါတစ်ရပ် ရန်ကိုင်၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့လေသည်။ ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ လက်သီးအား တင်းတင်း ဆုပ်ချလိုက်ရာ ရင်ဘတ်ဟောင်းလောင်းဖြစ်နေသော သက်လတ်ပိုင်းလူကြီး၏ ဂျူနီယာနှစ်ဦးမှာ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားကုန်ကြလေသည်။
သိုလှောင်လက်စွပ်နှစ်ကွင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ရသည်။ ထိုသိုလှောင်လက်စွပ်နှစ်ကွင်း ပြုတ်ကျသည့်အသံမှာ သာမန်အားဖြင့် အတော်လေးကိုမှ တိုးလျပါသော်ငြား လက်ရှိအချိန်တွင်တော့ ထိုအသံသည် လူတိုင်း၏နားထဲ မိုးခြိမ်းသံတမျှ ကျယ်လောင်နေခဲ့လေသည်။
“ဧကရာဇ်အဆင့်…” သက်လတ်ပိုင်းလူကြီး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် သူ့လျှာသူ ပြန်ကိုက်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ပိရန်ယုချင်းအား ကူညီပေးရန်အတွက် ဘယ်ကမှန်းမသိ ပေါ်လာသော လူသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။
ထို့အပြင် သာမန်ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသာလျှင် ဖြစ်သည့်ပုံမပေါ်။ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် သူ့ဂျူနီယာနှစ်ဦးအား မျက်တောင်တစ်ခတ်အတွင်း ယခုကဲ့သို့ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။ ထိုလူငယ်လေးသည် ဧကရာဇ်အဆင့်တွင်ပင် အတော်လေးကိုမှ ကြောက်မက်ဖွယ်ရာကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်ရပေလိမ့်မည်။ အနည်းဆုံး ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်ထားရလိမ့်မည်ဖြစ်ကာ တတိယအဆင့်မှာတော့ ပို၍ပင် ဖြစ်နိုင်ပေသေးသည်။
ထိုကဲ့သို့စဉ်းစားမိလိုက်သည့်အခိုက် သက်လတ်ပိုင်းလူကြီးမှာ အလွန်တရာကိုမှ ထိတ်လန့်ကြောက်ရွံ့သွားတော့လေသည်။
ယခုတစ်ကြိမ်တွင်တော့ သံပြားကို သူတကယ်ကြီး သွားကန်မိလေပြီ။
သူ့စိတ်ထဲ အော်ငိုချင်စိတ်များပင် ပေါက်လာရတော့သည်။ သို့သော်ငြား မည်သည့်မျက်ရည်မှတော့ မကျနိုင်ခဲ့။ ယခုကိစ္စမတိုင်ခင် ပိရန်ယုချင်း၏ နောက်ကြောင်းကို သူသေသေချာချာ စုံစမ်းခဲ့ပေသည်။ ပိရန်ယုချင်းသည် ငှက်မွေးပြာဂိုဏ်းဟုခေါ်သည့် ဂိုဏ်းမှ လာခဲ့ပြီး ထိုဂိုဏ်း၏ဂိုဏ်းချုပ် ပျောက်ကွယ်သွားပြီးသည့်နောက် ဂိုဏ်းတစ်ခုလုံးမှာ တစ်စစီဖြစ်ကာ ပြိုကွဲသွားခဲ့သည်။ ထို့အပြင် ထိုဂိုဏ်း၌ မည်သည့် ဧကရာဇ်အဆင့်ပညာရှင်မှ ရှိမနေခဲ့ပေ။ ထိုသို့ဖြစ်လေရာ ပိရန်ယုချင်းတွင် မည်ကဲ့သို့များ ဤမျှအားကောင်းသည့် အကူတစ်ယောက် ရှိနေရလေသနည်း။
အလွန်ကိုမှ ကြောက်လန့်နေရာ သက်လတ်ပိုင်းလူကြီးသည် ပိရန်ယုချင်းကိုပင် တိုက်ခိုက်ရန် မကြိုးစားတော့ချေ။ သူ့စိတ်ထဲ ဤနေရာမှ မည်ကဲ့သို့ ထွက်ပြေးလျှင် ကောင်းမလဲ ဆိုသည်ကိုသာ စဉ်းစားနေတော့သည်။ ဘယ်ကမှန်းမသိရသော် ဤလူငယ်လေးသည် သူ၏ ဂျူနီယာနှစ်ဦးအား အလွယ်တကူ သတ်ပစ်နိုင်ခဲ့လေရာ သူ့ကိုလည်း လွယ်လင့်တကူပင် သတ်ပစ်နိုင်ပေလိမ့်မည်။
“ရန်ကိုင်… နင်…” ပိရန်ယုချင်းမှာ လုံးဝကို မင်သက်နေခဲ့လေသည်။
နှစ်အနည်းငယ်လေးအတွင်း ရန်ကိုင် ဧကရာဇ်အဆင့်သို့ ရောက်သွားလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။ ရန်ကိုင်ရောက်ရှိနေသည်မှာ သာမန်အဆင့်တစ်ခုမဟုတ်။ ဧကရာဇ်အဆင့်ဖြစ်သည်။ ထိုအဆင့်ကိုပင်လျှင် ရန်ကိုင်သည် အလွယ်တကူ တက်ရောက်နိုင်ခဲ့လေသည်။ ဤရန်ကိုင်သည် ငှက်မွေးပြာဂိုဏ်းထဲသို့ဝင်၍ သူမ၏လက်အောက်သို့ ခိုဝင်ခဲ့ရသော ရန်ကိုင်ဆိုသည့် လူငယ်လေး တကယ်ရော ဟုတ်မှဟုတ်ပါလေရဲ့လော။ အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည့် ကျင့်ကြံသူအားလုံး ဤမျှ ထူးချွန်ကြသည်လား။
ခဏတာဆိုသလို လက်ရှိရန်ကိုင်သည် ပိရန်ယုချင်းအတွက် လုံးဝကို သူစိမ်းတစ်ယောက်နှယ် ဖြစ်သွားခဲ့လေသည်။
“ကာကွယ်သူပိရန်… ခင်ဗျား ခို့ဝူအတွက် လက်စားပြန်မချေချင်ဘူးလား…” ရန်ကိုင်သည် ပိရန်ယုချင်းကိုကြည့်၍ “လက်စားချေမယ်ဆိုရင် အခုချေတော့လေ… ဘယ်လောက်ကြာအောင် စောင့်နေဦးမှာလဲ…”
ရန်ကိုင်၏စကားသည် ပိရန်ယုချင်းအား အသိပြန်ဝင်လာစေခဲ့လေသည်။ ပိရန်ယုချင်းသည် တိုက်ပွဲအပေါ် ချက်ချင်း ပြန်အာရုံစိုက်လျက် သူမ၏အရင်းအမြစ်ချီကို လှည့်ပတ်လိုက်ရာ သူမလက်ထဲကိုင်ထားသည့် လက်ကောက်ဆီမှ အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် လက်ကောက်သည် လူတစ်ဦး၏ ခါးအရွယ်အစားမျှ ကျယ်ဝန်းလာသည့် လက်ကောက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် ပိရန်ယုချင်းသည် လက်ကွက်များကို ထုတ်ဖော်လျက် လက်ကောက်ကြီးအား သက်လတ်ပိုင်းလူကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။
သက်လတ်ပိုင်းလူကြီးမှာ ကြောက်စိတ်တို့ ကိန်းအောင်းနေသလို ပြေးရမည့်အရေးကိုသာ တွေးပူနေသဖြင့် ပိရန်ယုချင်း တိုက်ခိုက်လာသည့်အခါ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ လက်ကောက်ကြီး သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော် သေသေချာချာ မကာကွယ်နိုင်တော့သည့် အတွက်ကြောင့် အရင်းအမြစ်ချီကို အလျင်စလို လှည့်ပတ်၍ သူ့ဓါးကို ရှေ့တည့်တည့်တွင် ထား၍သာ ခုခံလိုက်ရလေသည်။
“ဘန်း…”
လက်ကောက်သည် တန်ပေါင်းများစွာ လေးလံသည့်အလား သက်လတ်ပိုင်းလူကြီး ကိုင်စွဲထားသည့် တာအိုအဆင့်ဓါးကို ကွေးတက်သွားစေခဲ့လေသည်။ ထို့နောက်တွင် သက်လတ်ပိုင်းလူကြီး၏ ရင်ဘတ်အား ဆက်လက်သွားဆောင့်လေရာ သက်လတ်ပိုင်းလူကြီး အလျင်စလို ထုတ်ဖော်ထားရသည့် အရင်းအမြစ်ချီအကာအကွယ်မှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရလေသည်။
ပိရန်ယုချင်းပစ်လွှတ်လိုက်သည့် လက်ကောက်ထဲတွင် ဤမျှ ကြောက်မက်ဖွယ်ရာစွမ်းအားတို့ ကိန်းအောင်းနေလိမ့်မည်ဟု သက်လတ်ပိုင်းလူကြီး လုံးဝ မထင်ထားခဲ့ချေ။ လက်ကောက်ဆီမှ တိုးဝင်လာသည့် စွမ်းအားကြောင့် သက်လတ်ပိုင်းလူကြီး၏ မျက်နှာမှာ တမုဟုတ်ချည်း ဖြူလျော်သွားခဲ့ရသည်။ အစကမူ သူ့ဂျူနီယာနှစ်ယောက်အားကိုးဖြင့် သုံးယောက်အတူ ပူးပေါင်းလျက် ပိရန်ယုချင်းအား အနိုင်ယူတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ပိရန်ယုချင်း ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ခဲ့။ ယခု တစ်ယောက်ချင်း တိုက်ခိုက်ရသည့်အခါမှသာလျှင် ပိရန်ယုချင်း မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်းကို သက်လတ်ပိုင်းလူကြီး နားလည်သွားရတော့လေသည်။
ပို၍ဆိုးသည်မှာ သူမဘက်မှ ရပ်စောင့်ကြည့်နေပေးသည့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ရှိနေသေးသည့်အချက်ပင်။ ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ သူ့ခွန်အားအပြည့်အဝကို ထုတ်သုံး၍ မတိုက်ခိုက်နိုင်ခဲ့ပေ။
(ငါ သူတို့ပြိုင်ဘက်မဟုတ်ဘူး…)
သူ့ခမျာ ကောင်းကောင်း မတွေးနိုင်သေးခင်မှာပင် သက်လတ်ပိုင်းလူကြီးအား လာရောက်ထိမှန်သွားသော လက်ကောက်သည် နောက်သို့ ပြန်ကန်ထွက်သွားခဲ့ပြီး အရှိန်ယူလိုက်သည့်အလား သက်လတ်ပိုင်းလူကြီးဆီသို့ နောက်တစ်ကြိမ် ပြန်လည်တိုးဝင်လာခဲ့လေသည်။
ထိုမှော်ရတနာ၏စွမ်းအားကို တစ်ကြိမ် ခံစားဖူးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ ထိုမှော်ရတနာ သူ့ဆီသို့ ထပ်မံတိုးဝင်လာနေသည်ကို မြင်သော် မည်ကဲ့သို့များ မကြောက်ရွံ့ဘဲ နေပါမည်နည်း။ သူကိုင်စွဲထားသည့် ဓါးအား အလျင်အမြန် ဝှေ့ယမ်း၍ ဓါးပညာရပ်တစ်ခုကို ထုတ်သုံးကာ သူ့ခန္ဓာကိုယ်အား အလျင်အမြန် ကာကွယ်လိုက်လေသည်။
သို့သော်ငြား တစ်ကြိမ်မှားသွားသည့် အတွက်ကြောင့် ပြဿနာမှာ မီးခိုးကြွက်လျှောက် ပါလာရတော့လေသည်။ သက်လတ်ပိုင်းလူကြီးမှာ ပိရန်ယုချင်း ပထမဦးစွာ တိုက်ခိုက်လိုက်စဉ် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘဲ ဟန်ချက်ပျက်သွားခဲ့ရလေသည်။ ပိရန်ယုချင်းသည် ပထမအကြိမ်တိုက်ခိုက်မှု အောင်မြင်သွားသည်ကို အခွင့်ကောင်းယူလျက် တရစပ်ဖိနှိပ်၍ တိုက်ခိုက်လိုက်ရာ လက်ကောက်ကြီး၏ အဆက်မပြတ် ထုနှက်ခြင်းကြောင့် ဓါးအားကိုင်စွဲထားသည့် သက်လတ်ပိုင်းလူကြီး၏ လက်တစ်ခုလုံးမှာ ထုံကျဉ်လာခဲ့ရပြီး သူ့ဓါးအား လွှတ်ချလုမတတ်ပင် ဖြစ်သွားခဲ့ရလေသည်။ အချိန်ကြာလာသည်နှင့်အမျှ သက်လတ်ပိုင်းလူကြီး၏ တိုက်ကွက်များထဲ ဟာကွက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရတော့လေသည်။
ပိရန်ယုချင်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် တရစပ် ဖိအားပေးလေသည်။ ပိရန်ယုချင်းသည် လေမိုးကြိုးတိမ်တိုက်တို့ကို သူမလက်ထဲ စုဝေးလျက် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားဖြင့် သက်လတ်ပိုင်းလူကြီး၏ တည့်တည့်သို့ ရိုက်ချလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးမှာလည်း ပိရန်ယုချင်းမှ ရုတ်တရက်ကြီ ထိုကဲ့သို့ တိုက်ခိုက်လာသည့်အခါ သတိလက်လွတ် ဖြစ်သွားခဲ့ရလေသည်။ ယခုကဲ့သို့ ပိရန်ယုချင်းနှင့် တိုက်ခိုက်စဉ် လုံးဝ သူအောက်စည်းရောက်နေရခြင်းမှာ ရန်ကိုင်လှုပ်ရှားလာမည်ကို ကြောက်ရွံ့သည့် အတွက်ကြောင့် ရန်ကိုင်အပေါ်သို့ အာရုံစိုက်ထားရသည့် အတွက်ကြောင့်လည်း ပါပေသည်။ ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ တိုက်ပွဲကို သေသေချာချာ အာရုံမစိုက်နိုင် ဖြစ်နေခဲ့လေရာ ပိရန်ယုချင်း၏ တရစပ် တိုက်ခိုက်ခြင်းကိုသာ ခံနေခဲ့ရသည်။ ပိရန်ယုချင်းမှ သူ့တည့်တည့်သို့ လက်ဝါးဖြင့် ရိုက်ချလာသည်ကို မြင်သည့်အခါတွင်လည်း ဓါးလှိုင်းလေးတစ်ခုကိုသာ ပြန်လည်ထုတ်လွှတ်နိုင်ခဲ့လေ၏။ သို့သော်ငြား ထိုဓါးလှိုင်းမှာ ပိရန်ယုချင်း၏ လက်ဝါးချက်ကို တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ပိရန်ယုချင်း၏ လက်ဝါးချက်သည် သက်လတ်ပိုင်းလူကြီး၏ ရင်ဘတ်တည့်တည့်သို့ သွားရောက်ထိမှန်လေရာ သက်လတ်ပိုင်းလူကြီးမှာ သွေးအပွက်ပွက်ကို အန်ထုတ်လိုက်ရလေ၏။
သေရေးရှင်ရေးအခိုက်အတန့်တွင် သက်လတ်ပိုင်းလူကြီးသည် သူ့ကိုယ်သူ ဆိုးဆိုးရွားရွား ဒဏ်ရာရမသွားအောင် အချိန်မီ ရှောင်တိမ်းသွားနိုင်ခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက ပိရန်ယုချင်း၏ လက်ဝါးချက်သည် သူ့အား တမလွန်ဘဝသို့ ပို့ပေးရန် လုံလောက်ပေသည်။
သို့တိုင် သက်လတ်ပိုင်းလူကြီးမှာတော့ အခြေအနေမကောင်းတော့ချေ။ ပိရန်ယုချင်း၏ လက်ဝါးချက်ကြောင့် နောက်သို့ လွင့်စင်ထွက်သွားသည့်အခါ ပိရန်ယုချင်း၏ လက်ကောက်ကြီးမှာ သူ့နောက်သို့ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။ ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ ဟန်ချက်ပျက်နေလင့်ကစား ဓါးအား အဆက်မပြတ် ဝှေ့ယမ်း၍ လက်ကောက်ကို ခုခံနေခဲ့ရသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ချက်ကလေးသာ မှားသွားခဲ့မည်ဆိုပါက နောင်ဘဝသို့ ရောက်ရှိသွားရပေလိမ့်မည်။
နောက်ဆုံးတွင် သက်လတ်ပိုင်းလူကြီးမှာ ကြောက်လန့်လာခဲ့ပြီး ထအော်တော့လေသည်။ “စီနီယာ… စီနီယာမှန်း တကယ်ကို မသိလိုက်လို့ အခုလိုမျိုး လုပ်မိတာပါ… ဒါကြောင့် ကျေးဇူးပြုပြီး စီနီယာ ကျုပ်အသက်ကို ချမ်းသာပေးပါနော်… စီနီယာသာ ကျုပ်အသက်ကို ချမ်းသာပေးမယ်ဆိုလို့ရှိရင် ကျုပ်တို့တောင်ပြိုဂိုဏ်းက စီနီယာကို ကျိန်းသေ ရက်ရက်ရောရောနဲ့ လက်ဆောင်ပြန်ပေးမှာပါ…”
လက်ရှိအချိန်တွင် သူ သေမလား ရှင်မလားဆိုသည်ကို ရန်ကိုင်ဆုံးဖြတ်ပေးနိုင်သည့် အရာတစ်ခုမှန်း သက်လတ်ပိုင်းလူကြီး သိနေခဲ့လေသည်။ ရန်ကိုင်သည် သူနှင့် ပိရန်ယုချင်း၏ တိုက်ပွဲကြား ဝင်မပါပါသော်ငြား ရန်ကိုင်သည်သာ သူ့အသက်ကို ချမ်းသာပေးလိုပါက ပိရန်ယုချင်း သူ့အား သတ်နိုင်လိမ့်မည်မဟုတ်ဟု သက်လတ်ပိုင်းလူကြီး အပြည့်အဝ ယုံကြည်နေပေသည်။
ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင် အနည်းငယ် ထိတ်လန့်သွားစေရန်အတွက် သူမည်သည့်နေရာမှ လာသလဲ ဆိုသည်ကိုပါ ထုတ်ပြောလိုက်ခြင်း ဖြစ်ပေသည်။ အနည်းဆုံးတော့ တောင်ပြိုဂိုဏ်းသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမှ စီမံအုပ်ချုပ်နေသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်သည် တောင်ပြိုဂိုဏ်းဟူသော ဂိုဏ်းအား သိပင်မသိ ဟူသော အချက်ကို သက်လတ်ပိုင်းလူကြီး မည်ကဲ့သို့များ ခန့်မှန်းထားပါမည်နည်း။
တောင်ဘက်နယ်မြေသည် အလွန်တရာကိုမှ ကျယ်ပြောကာ မရေမတွက်နိုင်သော ဂိုဏ်းများသည် ထိုနယ်မြေအတွင်း တည်ရှိကြသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အနေဖြင့် တောင်ဘက်နယ်မြေထဲ၌ ရှိနေသော ဂိုဏ်းအားလုံး၏ နာမည်ကို မည်ကဲ့သို့များ သိထားနိုင်ပါမည်နည်း။ သို့သော်ငြား ရန်ကိုင်အနေဖြင့် တောင်ပြိုဂိုဏ်းအား သိနေမည်ဆိုလျှင်ပင် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ လက်ရှိ ရန်ကိုင်နှင့် အဆက်အသွယ်ရှိသည့် ဂိုဏ်းများမှာ နယ်မြေတစ်ခုချင်းစီ၏ ထိပ်တန်းဂိုဏ်းများသာ ဖြစ်ကြလေသည်။ ထိုဂိုဏ်းများမှ ဂိုဏ်းချုပ်များသည်ပင်လျှင် ရန်ကိုင်ရှေ့၌ မျက်နှာတစ်ခွဲသားဖြင့် ဝံ့ကြွားရဲခြင်း မရှိကြချေ။ လီကျောက်နှင့် မီချီတို့ဆိုလျှင် ရန်ကိုင်အပေါ် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ထောင့်ငါးရာ အကြွေးတင်နေသည့်တိုင် ထိုအကြွေးကို မပေးဘဲ နေရန် မလုပ်ရဲကြ။ ထိုသို့ဖြစ်လေရာ တောင်ပြိုဂိုဏ်းကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းအား သူ့အနေဖြင့် ဘာကြောင့်များ ဂရုစိုက်နေရဦးမည်နည်း။
ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်သည်။ “ခင်ဗျားကိုသတ်ချင်တာ ကျုပ်မဟုတ်ဘူး… ဘာဖြစ်လို့ ကျုပ်ကို လာပြီးတော့ တောင်းပန်နေရတာလဲ…”
ထိုစကားကိုကြားသည့်အခါ သက်လတ်ပိုင်းလူကြီး တုန်လှုပ်ခြောက်ခြားသွားခဲ့လေသည်။ ရန်ကိုင် သူ့အား အလွတ်ပေးမည်မဟုတ်မှန်း သိလိုက်သည့်နောက် ပိရန်ယုချင်းဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “အစ်မ… အစ်မရဲ့တပည့်တစ်ယောက် သေသွားတယ်ဆိုပေမယ့် ကျုပ်ဂျူနီယာနှစ်ယောက်လုံး သေသွားပြီလေ… ဘာဖြစ်လို့ ဒီကိစ္စကို ဒီမှာတင် အဆုံးမသတ်လိုက်ရတာလဲ… ကျုပ် အစ်မကို တကယ်တောင်းပန်ပါတယ်ဗျာ…”
“အိပ်မက်သာ မက်နေလိုက်…” ပိရန်ယုချင်းသည် အံကို တင်းတင်းကြိတ်လိုက်လေသည်။ သူမ၏မျက်လုံးများမှာ ရူးသွပ်တော့မည့်အလား သွေးရောင်ရဲတက်နေခဲ့သည်။ အရင်းအမြစ်ချီများမှာ သူမ၏ ခန္ဓာကိုယ်မှ ဒီရေလှိုင်းလုံးနှယ် ဖြာထွက်နေခဲ့လေသည်။ ပိရန်ယုချင်းသည် သက်လတ်ပိုင်းလူကြီးအား မသတ်ရသေးသရွေ့ ကျေနပ်နိုင်လိမ့်မည်ပုံမပေါ်။
သက်လတ်ပိုင်းလူကြီးမှာလည်း ဒေါသထွက်သွားခဲ့ပြီး ပြန်အော်ပြောလိုက်လေသည်။ “ကောင်းပြီလေ… အဲ့လိုဆိုမှတော့ သူသေကိုယ်သေ တိုက်ကြတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးသည် သူ့ခန္ဓာကိုယ်တစ်ဝိုက် အရင်းအမြစ်ချီအကာအကွယ်တစ်ခုကို ဖန်တီးလိုက်လေသည်။ ထို့နောက် သူ့လက်အား ဓါးသွားတစ်လျှောက် ပွတ်သပ်ချလျက် ဓါးပေါ်သို့ သွေးအဆီအနှစ်တစ်စက် ထွေးထုတ်လိုက်လေသည်။
ဓါးမှာ ကောင်းကင်ပေါ်သို့ အချိန်မရွေး ပျံတက်တော့မည့်အလား တဝီဝီမြည်ဟည်းလာပြီး အလွန်တရာကိုမှ အားကောင်းလှသော ဓါးစိတ်ဆန္ဒသည်လည်း သက်လတ်ပိုင်းလူကြီး ကိုင်စွဲထားသည့် ဓါးဆီမှ ဖြာထွက်လာခဲ့လေသည်။
“ကာကွယ်သူပိရန်… သတိထားတော့နော်…” ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်က မျက်လုံးမှေးစင်းလျက် သတိပေးလိုက်လေသည်။ သို့သော်ငြား ဝင်ပါမည့် အရိပ်အယောင်တော့ မပြ။ ရန်ကိုင်သည် ဆန္ဒရှိလျှင် သက်လတ်ပိုင်းလူကြီးအား အလွယ်လေး သတ်ပစ်နိုင်ပေသည်။ သို့သော်ငြား လက်စားချေမည်ဆိုလျှင် မိမိကိုယ်တိုင် လက်စားပြန်ချေခြင်းသည် အခြားသူတစ်ဦး၏ အကူအညီကို ယူ၍ လက်စားချေခြင်းထက် ပို၍ ကောင်းပေသည်။
ရန်ကိုင်မှ သတိပေးနေစရာပင် မလို။ သက်လတ်ပိုင်းလူကြီးမှာ သူ့အသက်ကိုရှေ့တန်းတင်၍ တိုက်ခိုက်လာတော့မည်မှန်း ပိရန်ယုချင်းလည်း သိလိုက်လေသည်။ သူမ၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး လက်နှစ်ဖက်ကို ပူးကပ်၍ အော်ပြောလိုက်လေ၏။ “ကွဲထွက်လိုက်စမ်း…”
ပိရန်ယုချင်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လက်ကောက်မှာ ရုတ်တရက် နှစ်ကွင်း ကွဲထွက်သွားခဲ့သည်။ ထို့နောက် နှစ်ကွင်းမှ လေးကွင်း၊ လေးကွင်းမှ ရှစ်ကွင်း စသဖြင့် မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ထက်၌ မရေမတွက်နိုင်သော လက်ကောက်များစွာ ထွက်ပေါ်လာခဲ့ပြီး သက်လတ်ပိုင်းလူကြီးဆီသို့ တဟုန်ထိုး တိုးဝင်သွားကုန်ကြလေသည်။ လက်ကောက်တစ်ခုချင်းစီတိုင်းသည် အလွန်တရာကိုမှ အသက်ဝင်လှကာ အားကောင်းသော အရှိန်အဝါကိုလည်း ထုတ်လွှတ်နေကြသည်။ သို့သော်ငြား ရန်ကိုင်ကမူ မည်သည့်လက်ကောက်ကအစစ် မည်သည့်လက်ကောက်ကအတု ဆိုသည်ကို ပြောနိုင်လေသည်။ ထိုမှော်ရတနာမှာ မဆိုးလှပါသော်ငြား တာအိုအဆင့်မှော်ရတနာတစ်ခုသာ ဖြစ်လေသည်။
လက်ကောက်များစွာ ထွက်ပေါ်လာသည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီး ဇဝေဇဝါဖြစ်သွားခဲ့လေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘဲ သက်လတ်ပိုင်းလူကြီးလည်း အကြပ်ရိုက်သွားခဲ့သည်။ သို့သော်ငြား ထိုအရာများကို အာရုံစိုက်မနေတော့ဘဲ ချက်ချင်းပဲ ပြန်အော်ပြောလိုက်လေ၏။ “ဒီနေ့ ငါသေရမယ်ဆိုရင်တောင် နင်လည်း မသက်သာဘူးမှတ်…”
ထို့နောက်တွင် ဓါးအလင်းတန်းတို့ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး လူနှင့်ဓါးသည် အလင်းစီးကြောင်းတစ်ခုအသွင်သို့ ပြောင်းကာ လက်ကောက်အားလုံးကို ထိုးဖောက်၍ ပိရန်ယုချင်းဆီသို့ တိုးဝင်သွားလေသည်။
အပိုင်း (၂၇၄၅)
ဘာသာပြန်သူ_တိမ်တိုက်
ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်နေရသည့်တိုင် ပိရန်ယုချင်းသည် နောက်တွန့်သွားခဲ့ခြင်းမရှိဘဲ ပြန်လည် ထိပ်တိုက်ရင်ဆိုင်လေသည်။ သူမ၏အတွေးတစ်ချက်နှင့် ကောင်းကင်ထက်တွင် စုဝေးနေကြသော လက်ကောက်အားလုံးမှာ သက်လတ်ပိုင်းလူကြီးဆီသို့ အစီအရီ တိုးဝင်လာကုန်ကြလေသည်။
လက်ကောက်တစ်ခုပြီးတစ်ခု တိုးဝင်လာနေခဲ့ပါသော်ငြား သက်လတ်ပိုင်းလူကြီးမှာ မည်သည့်ဒဏ်ရာမှ မရခဲ့ပေ။ ထိုအစား လက်ကောက်အားလုံးသည်သာ ပျက်စီးကုန်ကြရလေသည်။ တကယ်တော့ ထိုလက်ကောက်များသည် ပုံရိပ်ယောင်များသာလျှင် ဖြစ်ကြသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် လက်ကောက်အစစ်ကဲ့သို့ ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိကြချေ။
ရန်သူနှစ်ဦးမှာ တစ်ခဏအတွင်း တစ်ဦးနှင့်တစ်ဦး နီးကပ်လာခဲ့ကြလေသည်။
ထိုအချင်းအရာကိုမြင်သော် သက်လတ်ပိုင်းလူကြီးသည် ပြုံးဖြီးဖြီးဖြင့် သူ့ဓါးအား ရှေ့တည့်တည့်သို့ ထိုးချလိုက်လေသည်။
‘စွပ်’ ခနဲမြည်သံနှင့်အတူ ဓါးမှာ ပိရန်ယုချင်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။
ပိရန်ယုချင်းသည် နာကျင်မှုကို တင်းခံရင်း အံကြိတ်၍ အော်ပြောလိုက်လေသည်။ “သေလိုက်ပေတော့…”
ပိရန်ယုချင်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လက်ကောက်တစ်ခုသည် သက်လတ်ပိုင်းလူကြီး၏ ခေါင်းတည့်တည့်သို့ တိုးဝင်သွားခဲ့လေသည်။ ထိုလက်ကောက်၏စွမ်းအားကို မခံနိုင်သည့်အလား သက်လတ်ပိုင်းလူကြီး၏ ခေါင်းမှာ ဖရဲသီးတစ်လုံးနှယ် ပေါက်ကွဲထွက်သွားခဲ့ပြီး နီစွေးစွေးသွေးများ ပတ်ပတ်လည်အနှံ့ ပြန့်ထွက်ကုန်ကြလေသည်။
ခေါင်းမပါသောအလောင်းသည် တစ်ခဏမျှ ယိမ်းထိုးနေပြီးသည့်နောက် ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။
ပိရန်ယုချင်းမှာလည်း တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ သူမရင်ဘတ်ရှိ ဓါးထိုးခံထားရသည့် ဒဏ်ရာကို လက်ဖြင့်အုပ်ရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားရပြီးသည့်နောက် သွေးအပွက်ပွက် ထိုးအန်လေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်သည် ပိရန်ယုချင်း၏ ဘေးနားတွင် ပြန်ပေါ်လာပြီး သူမအား လက်တစ်ဖက်ဖြင့် ထူမပေးလိုက်ရင်းမှ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ “ဒီတိုင်းပဲ အချိန်ဆွဲပြီး တိုက်ခိုက်သွားရင်း သူသေတော့မှာပဲကို ဘာဖြစ်လို့ အခုလိုမျိုး အကြမ်းပတမ်း ဝင်တိုက်တာလဲ…”
လက်ရှိတိုက်ပွဲတွင် ပိရန်ယုချင်းမှ အသာစီးရနေခဲ့လေသည်။ ထို့အပြင် ရန်ကိုင်မှလည်း ဘေးဘက်မှ စောင့်ကြည့်နေပေသေးသည်။ ထို့အတွက်ကြောင့် ပိရန်ယုချင်းသည်သာ တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ခိုက်နေမည်ဆိုပါက အဆုံးအရှုံး များများစားစားနှင့် မကြုံရဘဲ တစ်ဖက်လူအား သတ်ပစ်နိုင်ပေသည်။ သို့သော်ငြား မမျှော်လင့်ထားစွာပင် ပိရန်ယုချင်းမှာ နောက်ဆုံးအခိုက်အတန့်၌ သက်လတ်ပိုင်းလူကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် လျင်လျင်မြန်မြန် အနိုင်ရခဲ့ပါသော်ငြား ယခုကဲ့သို့ ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိသွားခဲ့ရလေသည်။
သက်လတ်ပိုင်းလူကြီးမှာ သေသွားခဲ့ပါသော်ငြား ပိရန်ယုချင်းမှာလည်း ဓါးဖြင့် ထိုးခံလိုက်ရသည်။ ဤဒဏ်ရာမှာ ပေါ့သေးသေးဒဏ်ရာမဟုတ်။ ပိရန်ယုချင်းသာ အနည်းငယ်မျှ သတိလက်လွတ်ဖြစ်သွားခဲ့လျှင် တစ်ခါတည်း သေသွားခဲ့ရပေလိမ့်မည်။
ပိရန်ယုချင်းသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်ရင်းမှ လှောင်ပြောင်လိုဟန်ဖြင့် ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “နင်တို့ယောက်ျားတွေပဲ သွေးဆူလွယ်တာမဟုတ်ဘူး…”
ရန်ကိုင် တိတ်သွားခဲ့လေသည်။
ပိရန်ယုချင်းမှာ ခေါင်းတခါခါ လုပ်နေခဲ့သည်။ လက်စားပြန်ချေပြီးသည့်တိုင် သူမစိတ်ထဲ ပျော်မနေခဲ့ပေ။ ထို့အစား ပို၍ အထီးကျန် ခြောက်ကပ်သွားသလို ခံစားလိုက်ရလေသည်။
ငှက်မွေးပြာဂိုဏ်း မရှိတော့သည့်နောက် သူမနှင့် ခို့ဝူမှာ အသက်ရှင်အတွက် တစ်ဦးကိုတစ်ဦး မှီခိုခဲ့ကြရသည်။ ယခု ခို့ဝူသေသွားပြီးသည့်နောက် သူမတစ်ယောက်တည်း ဖြစ်သွားရလေပြီ။ ထို့အတွက်ကြောင့် ပိရန်ယုချင်းမှာ ယခင်ကနှင့် မတူတော့ဘဲ အဖော်မဲ့ အထီးကျန်သွားသလို ခံစားလာရလေ၏။
“ဒဏ်ရာကို အရင်ပြန်ကုနှင့်…” ရန်ကိုင်သည် ပိရန်ယုချင်း၏ရင်ဘတ်ရှိ ဓါးဒဏ်ရာကို ကြည့်ရင်းမှ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
နောက်ဆုံးအခိုက်အတန့်၌ ပိရန်ယုချင်းသာ သူမ၏ခန္ဓာကိုယ်ကို အနည်းငယ် မစောင်းလိုက်ပါက သက်လတ်ပိုင်းလူကြီး၏ဓါးမှာ သူမ၏ နှလုံးတည့်တည့်ကို ထိုးဖောက်သွားပေလိမ့်မည်။ ရန်ကိုင် သူမအား မကယ်ချင်သည်မဟုတ်။ ဤဓါးမှာ သူမအား သတ်နိုင်လိမ့်မည် မဟုတ်မှန်း သိသည့်အတွက်ကြောင့် ဖြစ်သလို ပိရန်ယုချင်း၏ ဆန္ဒကိုလည်း လေးစားသည့်အတွက်ကြောင့် ရပ်ကြည့်နေခြင်းသာ ဖြစ်လေသည်။
သို့သော်ငြား ဤဒဏ်ရာကိုသာ အချိန်မီ မကုသလျှင် နောက်ပိုင်း၌ ပြဿနာများ တက်လာနိုင်ပေသည်။
ပိရန်ယုချင်းက ခေါင်းခါလျက် “ခို့ဝူအလောင်းကို အရင် သွားပြန်ရှာရဦးမယ်… အဲ့မှာ သားရဲတွေ အများကြီးပဲ…”
ရန်ကိုင်က သက်ပြင်းချလျက် “အဲ့ဒါဘယ်မှာလဲ…”
“အဲ့ဘက်မှာ…” ပိရန်ယုချင်းက တစ်ခုသောဘက်သို့ ညွှန်ပြလိုက်လေ၏။
ရန်ကိုင်သည် ပိရန်ယုချင်းကိုဆွဲခေါ်၍ ထိုဘက်သို့ သွားတော့မည်အပြု ပိရန်ယုချင်းက ရုတ်တရက် ပြောလိုက်လေသည်။ “သူတို့ရဲ့လက်စွပ်တွေ…”
ရန်ကိုင်မှ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အောက်ဘက်ဆီမှ အလင်းတန်းများစွာ သူ့ဆီသို့ ပျံသန်းလာလေ၏။ သိုလှောင်လက်စွပ် သုံးကွင်းတိတိနှင့်တကွ သက်လတ်ပိုင်းလူကြီး၏ ဂျူနီယာနှစ်ယောက် အသုံးပြုသွားသည့် မှော်ရတနာများပါ ရှိနေခဲ့သည်။
ထိုတာအိုသခင်အဆင့် ပညာရှင်များ၏ ပိုင်ဆိုင်မှုများသည် ရန်ကိုင်အတွက် ဘာမှ မပြောပလောက်ပါသော်ငြား ပိရန်ယုချင်းအတွက်မူ အတော်လေးကိုမှ အဖိုးတန်သည့် ရတနာများ ဖြစ်ကြသည့်အတွက်ကြောင့် ပိရန်ယုချင်းမှာ ထိုမှော်ရတနာများကို ဤအတိုင်း မထားရစ်ခဲ့ချင်ပေ။
ရန်ကိုင်သည် သိုလှောင်လက်စွပ်များနှင့် မှော်ရတနာများကို ပိရန်ယုချင်းဆီသို့ ပေးလိုက်ပြီးသည့်နောက် ခရီးစတင်ထွက်ခွာလေ၏။
မကြာမီ ပိရန်ယုချင်းပြောသည့်နေရာသို့ ရောက်လာခဲ့ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းတစ်လောင်းကို တွေ့လိုက်ရလေသည်။ ထိုအလောင်းပိုင်ရှင်မှာ ခို့ဝူမှလွဲ၍ မည်သူဖြစ်ပါမည်နည်း။ သက်လတ်ပိုင်းလူကြီး ပြောသကဲ့သို့ပင် ခို့ဝူ၏ ရင်ဘတ်နေရာ၌ ဓါးဒဏ်ရာတစ်ခု ရှိနေခဲ့လေသည်။
ထိုအလောင်းကိုကြည့်ရင်း ပိရန်ယုချင်း၏ မျက်လုံးများ ရဲတက်လာခဲ့ပြီး နှာခေါင်းတရှုံ့ရှုံ့ ဖြစ်သွားခဲ့သည်။ သို့သော်ငြား မျက်ရည်မကျမိအောင် သူမကိုယ်သူမ အတတ်နိုင်ဆုံး ထိန်းထားခဲ့လေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက် သူမအား ထူမပေးထားသော ရန်ကိုင်၏လက်ကို ဖယ်လျက် အောက်ဘက်ဆီသို့ ပျံသန်းသွားလေ၏။
မြေပြင်ပေါ်တွင် ရောက်လာပြီးသည့်နောက်တွင် ခို့ဝူ၏အလောင်းကို ငေးငိုင်ငိုင်ဖြင့် ရပ်ကြည့်နေမိလေသည်။ တစ်ခဏမျှကြာအောင် ငြိမ်သက်စွာ ရပ်ကြည့်နေပြီးသည့်နောက် ပြောလိုက်လေ၏။ “ငါနဲ့အတူရှိခဲ့ရတဲ့ သူ့ဘဝကြီးက တကယ်ကို ခက်ခဲခဲ့ရတာ… နောင်ဘဝမှာ သူ အဆင်ပြေပါစေလို့ပဲ ငါမျှော်လင့်တော့တယ်…”
နောက်ဆုံးတွင်တော့ ပိရန်ယုချင်းမှာ သူမ၏မျက်ရည်များကို မထိန်းနိုင်တော့ချေ။ မျက်ရည်စီးကြောင်းများမှာ သူမ၏ ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် စီးကျလာတော့သည်။ ထို့နောက်တွင် ပိရန်ယုချင်းသည် မျက်ရည်ရွဲလဲဖြင့် ခို့ဝူ၏အလောင်းကို အသာအယာ ကောက်ယူလျက် သိုလှောင်လက်စွပ်ထဲ သေသေချာချာ ထည့်သိမ်းလေသည်။
ရန်ကိုင်ကမူ ဘာမှမပြောဘဲ ဘေးမှရပ်၍သာ ငြိမ်သက်စွာ ရပ်ကြည့်နေလေ၏။
ပိရန်ယုချင်းမှ ခို့ဝူ၏အလောင်းကို သေသေချာချာ သိမ်းဆည်းသန့်စင်ပြီးသွားသည့် နောက်မှသာ ရန်ကိုင်သည် သူမအား အနီးအနားရှိ တောင်တစ်လုံးဆီသို့ ခေါ်သွားပေးလိုက်လေ၏။
တောင်တစ်ဝိုက်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် လိုဏ်ဂူတစ်လုံးကိုတွေ့သဖြင့် ထိုထဲသို့ ဝင်လာခဲ့လိုက်လေသည်။ လိုဏ်ဂူထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆေးလုံးအချို့ကိုထုတ်၍ ပြောလိုက်လေ၏။ “ပါးစပ်ဟ…”
ပိရန်ယုချင်းမှာ သူမပါးစပ်ကို ဟပေးလိုက်သည်။ ရန်ကိုင်လည်း သူထုတ်ယူထားသည့် ဆေးလုံးများကို သူမပါးစပ်ထဲသို့ ပစ်ထည့်ပေးလိုက်လေ၏။
ပိရန်ယုချင်း မတုံ့ပြန်နိုင်သေးခင်မှာပင် ရန်ကိုင်သည် ပိရန်ယုချင်း၏ရင်ဘတ်၌ စိုက်နေသော ဓါးအား ဆတ်ခနဲ ဆွဲထုတ်ပစ်လိုက်လေ၏။
ပိရန်ယုချင်းမှာ ယာယီမျှ မှင်တက်နေပြီးသည့်နောက် သွေးပျက်ခြောက်ခြားဖွယ်ကောင်းစွာ ထအော်တော့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ၏ဧကရာဇ်ချီကိုသုံး၍ ပိရန်ယုချင်း၏ ဒဏ်ရာမှ သွေးဆက်မထွက်အောင် တားဆီးပေးလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ဆေးအာနိသင်တွေကို သန့်စင်ပြီးသွားလို့ရှိရင် အဆင်ပြေသွားလိမ့်မယ်…”
ထိုသို့ပြောပြီးသည့်နောက် လိုဏ်ဂူထဲမှ ထွက်သွားလေသည်။
ရန်ကိုင်သည် ထိုကုသရေးဆေးလုံးများကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ထားခြင်း ဖြစ်လေသည်။ ထိုထဲမှ ဆေးလုံးတစ်လုံးဆိုလျှင် ဧကရာဇ်အဆင့်ဆေးလုံးပင် ဖြစ်နေလေသည်။ ပိရန်ယုချင်း၏ဒဏ်ရာမှာ အတော်လေးကိုမှ ပြင်းထန်သည့်အတွက်ကြောင့် သူမ၏ကျင့်ကြံခြင်းနှင့် သူမတွင်ရှိနေသော ဆေးလုံးများကိုသာ အသုံးပြုမည်ဆိုပါက ထိုဒဏ်ရာမှ ပြန်လည်သက်သာရန် အတော်လေး အချိန်ယူရပေလိမ့်မည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် လိုဏ်ဂူအပြင်ဘက်၌ လက်နောက်ပစ်နေသော ရန်ကိုင်မှာ သူ့နောက်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ပိရန်ယုချင်းသည် အဝတ်အစားအသစ်တစ်စုံ လဲလျက် အပြင်သို့ထွက်လာကြောင်းကို တွေ့လိုက်ရလေသည်။
အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် ပိရန်ယုချင်းက အနည်းငယ်ရှုပ်ထွေးသည့် အမူအယာဖြင့် ပြောလိုက်လေ၏။ “ကျေးဇူးပဲ…”
ယခင်က သူမအထင်အမြင်သေးခဲ့ရသော လူငယ်လေးတစ်ဦးမှာ ယခုဆိုလျှင် သူမပင် မော်ကြည့်ရသည့်အဆင့်အထိသို့ ရောက်လာခဲ့လေပြီ။ ထိုပြောင်းလဲမှုများကို ပိရန်ယုချင်း အနည်းငယ် အမှီမလိုက်နိုင် ဖြစ်နေခဲ့လေသည်။
“ဘာမှမဟုတ်ဘူး…” ရန်ကိုင်က ခေါင်းခါလျက် “ရှင်းရှင်းပြောရရင် ခင်ဗျား အခုလိုဖြစ်တာ ကျုပ်ကြောင့်လို့တောင် ပြောလို့ရတယ်…”
ပိရန်ယုချင်း နားမလည်နိုင်ခဲ့ချေ။ “ဒီကိစ္စက နင်နဲ့ ဘာဆိုင်လို့လဲ…”
ရန်ကိုင်သည် ပိရန်ယုချင်းအား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြောလိုက်လေသည်။ “ဝူမုန်ချွမ်ကိုသတ်လိုက်တာ ကျုပ်ပဲ…”
“ဘာ…” ပိရန်ယုချင်း၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ သူမ ယခု ကြားလိုက်ရသည့် စကားအပေါ် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေသည့်အလား။ သို့သော်ငြား လက်ရှိ ရန်ကိုင်၏ အဆင့်အတန်း၊ ခွန်အားအရ ထိုကဲ့သို့သော အကြောင်းကို သူမအား လိမ်နေလိမ့်မည်မဟုတ်မှန်း ပိရန်ယုချင်း သိနေခဲ့လေသည်။ ရန်ကိုင် ယခုကဲ့သို့ ပြောလာသဖြင့် ဝူမုန်ချွမ်သည် ရန်ကိုင်လက်၌ တကယ်သေသွားသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ငှက်မွေးပြာဂိုဏ်း နိမ့်ကျလာရခြင်းမှာ ဝူမုန်ချွမ်ပျောက်ကွယ်သွားသည်နှင့် ပတ်သက်နေပေသည်။ ဂိုဏ်းချုပ်မရှိတော့သလို ကာကွယ်သူလေးဦးအနက် သုံးဦးမှာလည်း ဝူမုန်ချွမ်၏ သတ်ဖြတ်ခြင်း ခံထားရသည့်အတွက်ကြောင့် ပိရန်ယုချင်းတစ်ယောက်သာ ကျန်တော့လေရာ ဂိုဏ်းတစ်ဂိုဏ်းလုံးကို သူမ၏ခွန်အားဖြင့် မထိန်းထားနိုင်တော့ချေ။ မကြာမီတွင် ငှက်မွေးပြာဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားခဲ့ပြီး တပည့်များသည် အလျှိုလျှို ထွက်ခွာသွားကုန်ကြလေသည်။
အခြားသူများ ဝူမုန်ချွမ် ဘာကြောင့် ပျောက်ကွယ်သွားရသလဲ ဆိုသည်ကို သိလိမ့်မည် မဟုတ်ပါသော်ငြား ပိရန်ယုချင်းကတော့ သိနေခဲ့လေသည်။ တကယ်တော့ ဝူမုန်ချွမ်သည် သူမနှင့်ခို့ဝူတို့ ယူလာခဲ့သည့် ကြယ်စည်းတံဆိပ်ကိုသုံး၍ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်သွားခဲ့ပြီး ဘယ်တော့မှ ပြန်ထွက်မလာခဲ့တော့သည် မဟုတ်ပေလော။
သို့ရာတွင် ဝူမုန်ချွမ်သည် ရန်ကိုင်လက်၌ သေသွားခဲ့ရလိမ့်မည်ဟုတော့ ပိရန်ယုချင်း လုံးဝ မထင်ထားခဲ့ချေ။ ဝူမုန်ချွမ်သည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်တစ်ဦး ဖြစ်သလို ပိရန်ယုချင်း သိထားရသလောက် သူ့တွင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှ လက်ဆင့်ကမ်းပေးခဲ့သော အမွေခံဧကရာဇ်အဆင့်မှော်ရတနာတစ်ခုလည်း ရှိနေသေးသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်သွားစဉ်က တာအိုသခင်အဆင့်သာ ရှိရပေလိမ့်မည်။ သို့သော်ငြား ထိုကျင့်ကြံခြင်းအဆင့်လေးဖြင့် ဝူမုန်ချွမ်အား တကယ်ကြီးသတ်နိုင်ခဲ့သည်လား။
“ကြည့်ရတာ ခင်ဗျား သူ့အတွက် လက်စားပြန်မချေပေးချင်တဲ့ပုံပဲ…” ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။
ရန်ကိုင်မှ ဝူမုန်ချွမ်အား သတ်ပစ်ခဲ့ကြောင်း ပြောလိုက်ပြီးသည့်နောက်တွင် ပိရန်ယုချင်းမှာ အနည်းငယ် ထိတ်လန့်သွားရုံမှအပ အခြား ဘာမှမဖြစ်ခဲ့ပေ။
“ဘာလို့ သူ့အတွက် လက်စားချေပေးရမှာလဲ…” ပိရန်ယုချင်းက ပြန်ပြောလိုက်လေသည်။ “ငှက်မွေးပြာဂိုဏ်းကို အုပ်ချုပ်ဖို့ လူလိုနေသေးတဲ့အတွက်ကြောင့်သာ မဟုတ်လို့ရှိရင် ငါလည်း အစောကြီးတည်းက သူသတ်လို့သေပြီ… ဒီတော့ သူ့လိုလူတစ်ယောက် သေသွားတာကို ငါက ဘာကိစ္စ သူ့အတွက် ပြန်ပြီးတော့ လက်စားလိုက်ချေပေးနေရမှာလဲ…”
“အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ဒါနဲ့ အဲ့လူတွေပြောနေတဲ့ ဝင်ခွင့်တံဆိပ်ပြားဆိုတာ ဘာကိုပြောနေတာလဲ…”
ပိရန်ယုချင်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် သူမ၏သိုလှောင်လက်စွပ်ထဲမှ လက်တစ်ဝါးစာခန့် အရွယ်ရှိသော မိုးပြာရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၍ ရန်ကိုင်ဆီသို့ ပေးလိုက်လေ၏။ “ဒါပဲ…”
ရန်ကိုင်သည် တံဆိပ်ပြားကိုယူ၍ သေသေချာချာ လေ့လာကြည့်လိုက်လေသည်။ ဤတံဆိပ်ပြားသည် မိုးပြာရောင်ကျောက်စိမ်းနှင့် ထွင်းထုထားသည်မှအပ အခြားမည်သည့်ထူးခြားမှုမှ ရှိမနေကြောင်း တွေ့ရှိလိုက်ရသည်။
မိုးပြာရောင်ကျောက်စိမ်းပြားသည် ကျောက်စိမ်းတစ်မျိုးဖြစ်ကာ သိပ်၍ အဖိုးမတန်လှ။ ထိုကဲ့သို့သောကျောက်စိမ်းများကို နေရာအနှံ့တွင် တွေ့ရကာ ထိုကဲ့သို့သော သတ္တုရိုင်း တစ်ခုနှစ်ခုလောက်ကို အဆင့်နိမ့်မှော်ရတနာများ ထုလုပ်ရာတွင် အသုံးပြုလေ့ ရှိကြပေသည်။ ထိုသို့ဖြစ်လေရာ မိုးပြာရောင်ကျောက်စိမ်းနှင့် လုပ်ထားသည့် ဤတံဆိပ်ပြားကို ဘာကြောင့်များ တာအိုသခင်အဆင့်ကျင့်ကြံသူတစ်အုပ်သည် အလွန်ကိုမှ မက်မက်မောမော လိုချင်နေရလေသနည်း။
တံဆိပ်ပြား၏ကျောဘက်သို့ လှန်ကြည့်လိုက်ရာ ထိုကျောဘက်တွင် ၃၉၁၂ ဟူသော ဂဏန်းလေးလုံး ထိုးထွင်းထားသည်ကို တွေ့လိုက်ရလေသည်။
“ဒါဘာလဲ…” ရန်ကိုင်သည် ပိရန်ယုချင်းဘက်သို့လှည့်၍ မေးလိုက်လေ၏။
“ဒါ စိတ်ဝိဉာဉ်ရေကန်နန်းတော်ရဲ့ ဝင်ခွင့်တံဆိပ်ပြားပဲ… ဒါနဲ့ဆိုရင် စိတ်ဝိဉာဉ်ရေကန်နန်းတော်ရဲ့ သီးသန့်ခန်းတွေမှာ သွားကျင့်ကြံလို့ရတယ်…” ပိရန်ယုချင်းက ရှင်းပြလိုက်သည်။ “နင်ထွက်သွားတာ ကြာပြီဆိုတော့ စိတ်ဝိဉာဉ်ရေကန်နန်းတော် ဒီတလော ဘယ်လောက်တောင် စည်ကားနေလဲဆိုတာကို သိမှာမဟုတ်ဘူး… အဲ့က ကောင်းကင်၊ မြေကမ္ဘာနဲ့ သာမန်ကျင့်ကြံရေးအခန်းတွေကို အသုံးပြုဖို့ နေ့တိုင်း လူတွေအများကြီး ရောက်လာနေကြတာ… ဒီဝင်ခွင့်တံဆိပ်ပြားကို ရဖို့အတွက် ငါပိုင်ဆိုင်ထားတဲ့ဟာတွေ တော်တော်များများကို သုံးလိုက်ရတယ်… အဲ့ဒါတောင် အခုချက်ချင်း အဲ့ထဲကို သွားလို့မရသေးဘူး… နောက်ထပ်နှစ်လ ထပ်စောင့်ရဦးမှာ…”
ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “နှစ်လ… အဲ့မှာ လူတွေ အဲ့လောက်တောင် များတာလား…”
ပိရန်ယုချင်းက ပြောလိုက်လေသည်။ “ငါ ဒီဝင်ခွင့်တံဆိပ်ပြားကို ရထားတာ ဘယ်လောက်ကြာပြီလို့ နင်ထင်လဲ..”
“ဘယ်လောက်ကြာပြီလဲ…”
“နှစ်ဝက်…” ပိရန်ယုချင်းက ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက ဒီတံဆိပ်ပြားကို ရခဲ့တာ… အဲ့ဒါတောင် နောက်ထပ်နှစ်လ ထပ်စောင့်ရဦးမယ်… နောက်ထပ်နှစ်လ ကြာသွားမှပဲ ငါ ဒီတံဆိပ်ပြားနဲ့ အဲ့မှာ သွားကျင့်ကြံလို့ရမှာ…”
“အို…” ရန်ကိုင် အတော်လေးကိုမှ အံ့အားသင့်သွားခဲ့လေသည်။ “စိတ်ဝိဉာဉ်ရေကန်နန်းတော်က ဒီလောက်တောင် နာမည်ကျော်နေတာလား…”
ပိရန်ယုချင်းက ရယ်မောလျက် “အဲ့ကမိုးမြေစွမ်းအင်က တော်တော်လေးကို သိပ်သည်းတာလေ… အဆင့်အနိမ့်ဆုံး သာမန်အခန်းက မိုးမြေစွမ်းအင်တောင် သာမန်ဂိုဏ်းလေးတွေ ယှဉ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး… ဒီတော့ အဆင့်ချိုးဖြတ်လိုတဲ့ လူတွေအတွက် အဲ့လိုနေရာက အကောင်းဆုံးနေရာတစ်ခု ဖြစ်လာတာပေါ့… ဒါပေမယ့် နင့်မှာ အဆက်အသွယ်တွေမရှိဘူးဆိုရင် အကြာကြီး စောင့်ရမှာ…”
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “ဒါကြောင့်ပဲ အဲ့လူတွေ နင့်ရဲ့ ဝင်ခွင့်တံဆိပ်ပြားကို လုယူဖို့ ကြိုးစားနေတာပေါ့…”
ပိရန်ယုချင်းက ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ဒီဝင်ခွင့်တံဆိပ်ပြားရဲ့ တန်ဖိုးကို သွားအထင်မသေးလိုက်နဲ့နော်… စိတ်ဝိဉာဉ်ရေကန်နန်းတော်က ဝင်ခွင့်တံဆိပ်ပြားတွေကို ပေးပြီးသွားလို့ရှိရင် တံဆိပ်ပြားကိုပဲ ဂရုစိုက်တော့တာ… ပိုင်ရှင်ကို ဂရုစိုက်တာမဟုတ်ဘူး… ဒီတော့ ဒီတံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့ ဘယ်သူမဆို သူတို့ဆီမှာ လာပြီး ကျင့်ကြံလို့ရတယ်… ဒီတံဆိပ်ပြားကို ရဖို့အတွက် ငါ့မှာရှိတဲ့ အရင်းအမြစ်ကျောက်တွေအကုန်လုံးကို သုံးလိုက်ရတယ်ဆိုပေမယ့် ငါသာ အခုနေ ဒီတံဆိပ်ပြားကို မှောင်ခိုဈေးကွက်မှာ သွားပြန်ရောင်းလို့ရှိရင် ဒီထက် နှစ်ဆမက ရတယ်… အခြားအဆင့်မြင့်တဲ့ ဝင်ခွင့်တံဆိပ်ပြားတွေဆိုရင် လေလံတောင် သွားတင်လို့ရတယ်…”
“စောင့်နေရတဲ့အချိန် ကြာလို့လား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“ဟုတ်တယ်… အကြာကြီးစောင့်စရာမလိုဘဲနဲ့ ခဏလေးပဲစောင့်ရမယ်ဆိုရင် အဲ့တံဆိပ်ပြားတစ်ခုက ပိုပြီး တန်ဖိုးကြီးတယ်… အခု မေပယ်မြို့ရဲ့ မှောင်ခိုဈေးကွက်မှာ ဒီကိစ္စတွေ ပွက်လောရိုက်နေတာ… ဝင်ခွင့်တံဆိပ်ပြားကို ရဖို့အတွက် လူတွေ ဘယ်လောက်တောင် ကုန်းရုန်းရှာနေကြလဲ ဘယ်သူမှ မပြောနိုင်ဘူး…”
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ဝင်ခွင့်တံဆိပ်ပြား၏ တန်ဖိုးကို မဆိုထားနှင့် စိတ်ဝိဉာဉ်ရေကန်နန်းတော်သို့ နှစ်လအတွင်း သွားရောက်ကျင့်ကြံနိုင်မည်ဟူသော အချက်ကပင်လျှင် ကျင့်ကြံသူပေါင်းများစွာအား အရူးအမူး ဖြစ်သွားစေနိုင်ပေသည်။ ပိရန်ယုချင်းမှာ သူမ ဤတံဆိပ်ပြားအား ပိုင်ဆိုင်ထားကြောင်း အမှတ်မထင် ထုတ်ဖော်မိသွားခြင်း ဖြစ်ရပေလိမ့်မည်။ ထိုကြောင့်သာလျှင် တောင်ပြိုဂိုဏ်းမှ တပည့်သုံးဦး သူမနောက်သို့ လိုက်လာကြခြင်း ဖြစ်လေသည်။
သူ ဤနေရာမှ ထွက်သွားပြီးသည့်နောက် နှစ်အနည်းငယ်အတွင်း ဤနေရာတစ်ခုလုံးမှာ ယခုကဲ့သို့ ပြောင်းလဲသွားရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။
“အဖြူရောင်ဝင်ခွင့်တံဆိပ်ပြားတွေက သာမန်အခန်းတွေ… ဒီမိုးပြာရောင်တံဆိပ်ပြားတွေက မြေကမ္ဘာအခန်းတွေ… ပတ္တမြားအရောင်တံဆိပ်ပြားတွေကတော့ ကောင်းကင်အဆင့်အခန်းတွေအတွက်ပဲ…” ပိရန်ယုချင်းက ရှင်းပြလိုက်သည်။ “ဒါပေမယ့် ကောင်းကင်အဆင့်အခန်းတွေက ငါတို့လိုလူမျိုးတွေ ဝင်နိုင်တဲ့ အခန်းမျိုးမဟုတ်ဘူး…”
ဧကရာဇ်အဆင့်ပညာရှင်များသည်ပင်လျှင် ထိုကျင့်ကြံရေးအခန်းများထဲ ဝင်ချင်ကြလေရာ ပိရန်ယုချင်းအနေဖြင့် သူမတွင်ရှိနေသာ အဖိုးတန်ရတနာလေးများနှင့် ကောင်းကင်အဆင့်ထဲသို့ အခန်းထဲသို့ ဝင်ရန် မည်ကဲ့သို့များ စဉ်းစားနိင်ပါမည်နည်း။