အခန်း (၂၇၄၆-၂၇၅၀)
Vol. 117 Ch. 2746-2750
အပိုင်း (၂၇၄၆)
ဘာသာပြန်သူ_တိမ်တိုက်
“မြေကမ္ဘာအဆင့်ပဲလား…” ရန်ကိုင် ရေရွတ်လိုက်လေသည်။ “ဧကရာဇ်အဆင့်ကို ချိုးဖြတ်ချင်လို့ နင် အဲ့မှာ သွားကျင့်ကြံဖို့ လုပ်နေတာလား…”
ပိရန်ယုချင်းက ပြုံးလျက် “ဟုတ်တယ်… အောင်မြင်နိုင်ချေနည်းပေမယ့် ကြိုးတော့ကြိုးစားကြည့်ရမှာပေါ့… မဟုတ်ဘူးလား…”
သူမ အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက်ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် သူမအနေဖြင့် မြေကမ္ဘာအဆင့် ကျင့်ကြံရေးအခန်းထဲသို့ သွားရောက်ကျင့်ကြံမည်ဆိုလျှင်ပင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်လိမ့်မည်မဟုတ်ဟု ရန်ကိုင် ယုံကြည်ပေသည်။ အဆင့်တက်သည့် ကိစ္စမျိုးတွင် ကျင့်ကြံသူတစ်ဦး၏ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အလွန်ကိုမှ အရေးကြီးပေသည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “သွားကြရအောင်…”
“ဘယ်ကိုလဲ…” ပိရန်ယုချင်းက မေးလိုက်သည်။
“စိတ်ဝိဉာဉ်ရေကန်နန်းတော်ကိုပေါ့… ငါ အဲ့ကို မရောက်ဖြစ်တာ တော်တော်လေးကြာနေပြီ… နင်က အဲ့နေရာအကြောင်း ငါ့ထက် ပိုရင်းနှီးတာဆိုတော့ ငါ့ရဲ့လမ်းပြ လုပ်ပေးလေ…”
ပိရန်ယုချင်းက ခေါင်းညိတ်လိုက်လေသည်။ “ရတယ်လေ….”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဧကရာဇ်ချီကိုလှည့်ပတ်၍ ပိရန်ယုချင်းအား သူ၏ ဧကရာဇ်ချီဖြင့် ရစ်ပတ်လျက် စိတ်ဝိဉာဉ်ရေကန်နန်းတော်ရှိရာဆီသို့ အရှိန်အဟုန်တင်ကာ ပျံသန်းသွားလေသည်။ သို့သော်ငြား ဝင်ခွင့်တံဆိပ်ပြားကိုတော့ သူမဆီသို့ ပြန်မပေးခဲ့ပေ။
ပိရန်ယုချင်းမှာ တစ်ခုခုအကြောင်း ပြောချင်နေပါသော်ငြား နောက်ဆုံးတွင်တော့ ဘာမှမပြောနိုင်ခဲ့ပေ။ ရန်ကိုင်သာ ဤဝင်ခွင့်တံဆိပ်ပြားကို သူမဆီမှ လုယူသွားမည်ဆိုလျှင်ပင် ပိရန်ယုချင်းအနေဖြင့် ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
မကြာခင်တွင် ရန်ကိုင်တို့သည် စိတ်ဝိဉာဉ်ရေကန်နန်းတော်ဆီမှ မိုင်တစ်ထောင်ဝေးကွာသည့် တစ်နေရာဆီသို့ ရောက်လာခဲ့လေသည်။
ထိုနေရာမှ လှမ်းမျှော်ကြည့်လိုက်သည့်အခိုက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင် အံ့ဩမိသွားခဲ့သည်။ နှစ်အနည်းငယ်အတွင်း စိတ်ဝိဉာဉ်ရေကန်နန်းတော်မှာ မေပယ်မြို့အောက် နိမ့်ကျခြင်းမရှိသည့် မြို့တစ်ခုအဖြစ်သို့ ကြီးထွားလာခဲ့သည်။ လက်ရှိပုံစံကို ကြည့်ရသလောက် စိတ်ဝိဉာဉ်ရေကန်နန်းတော်မှာ ဆက်လက်၍ ကြီးမားလာနေခဲ့ရာ နှစ်အနည်းငယ်အတွင်း မေပယ်မြို့ကိုပင်လျှင် ဝါးမျိုသွားကာ မြို့နှစ်ခုပေါင်းပြီး တစ်မြို့ထဲ ဖြစ်သွားတော့မည့်ပုံပင်။
ရန်ကိုင်မှ စိတ်ဝိဉာဉ်ရေကန်နန်းတော်ထဲသို့ ဟိတ်ဟန်တကြီးဖြင့် ဝင်သွားချင်နေသည်ကိုမြင်သော် ပိရန်ယုချင်းက အလျင်အမြန် ဖြတ်ပြောလိုက်လေသည်။ “စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို ဝင်မယ်ဆိုလို့ရှိရင် အရင်းအမြစ်ကျောက်တွေ ပေးရတယ်… လူတစ်ဦးကို အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် ဆယ်တုံးပဲ…”
“အိုး… အတော်လေးများတာပါလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင်သည် မြို့ပေါင်းများစွာသို့ ရောက်ခဲ့ဖူးပြီး ထိုမြို့အားလုံးမှာ ယေဘုယျအားဖြင့် အဆင့်နိမ့်အရင်းအမြစ်ကျောက်များကိုသာ ကောက်ခံပေသည်။ အဆင့်နိမ့်အရင်းအမြစ်ကျောက်များကိုပင်လျှင် ဆယ်တုံးကိုသာ ကောက်ခံလေရာ လက်ရှိ စိတ်ဝိဉာဉ်ရေကန်နန်းတော်မှ ကောက်ခံသည့် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် ဆယ်တုံးဆိုသည်မှာ ထိုမြို့များမှကောက်ခံသည့် ဝင်ကြေးထက် အဆတစ်ရာမက ပိုမို များပြားနေခဲ့လေသည်။
“များပေမယ့် တန်တယ်လေ… စိတ်ဝိဉာဉ်ရေကန်မြို့ထဲက မိုးမြေစွမ်းအင်က စိတ်ဝိဉာဉ်ရေကန်နန်းတော်ထဲမှာရှိတဲ့ ကျင့်ကြံရေးခန်းတွေထဲက မိုးမြေစွမ်းအင်လောက် မသိပ်သည်းပေမယ့် အတော်လေးတော့ သိပ်သည်းတုန်းပဲ… ဝင်ခွင့်တံဆိပ်ပြားတွေ မရတဲ့လူတွေက စိတ်ဝိဉာဉ်ရေကန်မြို့ထဲမှာ နေပြီး ကျင့်ကြံနေကြတာ…”
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ သူကိုယ်တိုင်သည်လည်း အောက်ခြေမှစ၍ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တက်လာခဲ့ရသော ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုကျင့်ကြံသူများ ရင်ဆိုင်နေရသည့် အခက်အခဲများကို နားလည်ပေသည်။ ထိုလူများအတွက် စိတ်ဝိဉာဉ်ရေကန်မြို့ထဲရှိ မိုးမြေစွမ်းအင်မှာ ကောင်းချီးတစ်ခုနှင့် မခြားချေ။ ထို့အတွက်ကြောင့် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်ဆယ်တုံးကို ပေး၍ စိတ်ဝိဉာဉ်ရေကန်မြို့ထဲတွင် နေခွင့်ရသည်မှာ တကယ်ကို တန်သည်ဟု ပြော၍ရပေသည်။
ပြောပြောဆိုဆိုနှင့် ရန်ကိုင်တို့နှစ်ဦးသည် ဝင်ပေါက်ရှေ့သို့ ရောက်လာကြလေသည်။ ကံကောင်းစွာဖြင့် လက်ရှိအချိန်တွင် ဝင်ပေါက်မှာ လူများကျဲပါးနေပြီး တန်းစီနေသည့်လူ များများစားစား မရှိခဲ့။ ရန်ကိုင်တို့အလှည့်သို့ ရောက်သော် ရန်ကိုင်သည် အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်တုံးကို ပစ်ပေးလိုက်လေရာ ဂိတ်စောင့်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ရန်ကိုင်တို့အား ချက်ချင်းဝင်ခွင့်ပေးလိုက်လေသည်။
ရန်ကိုင် သူမည်မျှချမ်းသာကြောင်းကို ထုတ်ကြွားနေသည်မဟုတ်။ သူ့တွင် အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်အရင်းအမြစ်ကျောက်များ ပါမလာသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏သိုလှောင်လက်စွပ်ထဲတွင် အဆင့်မြင့်အရင်းအမြစ်ကျောက်များသာ ရှိနေခဲ့လေ၏။
စိတ်ဝိဉာဉ်ရေကန်မြို့ထဲသို့ ဝင်လာသည့်အခိုက် အလွန်ကိုမှ စည်ကားသိုက်မြိုက်သည့် မြင်ကွင်းတစ်ခုက ရန်ကိုင်တို့အား ဆီးကြိုနေခဲ့လေသည်။ ကျင့်ကြံသူများသည် မြို့ထဲလမ်းများတစ်လျှောက် ခြေဦးတည့်ရာ လျှောက်သွားနေကြပြီး အမျိုးမျိုးသော ဆိုင်ခန်းများမှာလည်း လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ဖွင့်ထားကြလေသည်။ လူတော်တော်များများမှာလည်း လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ဆိုင်တည်လျက် အမျိုးမျိုးသောပစ္စည်းများကို ရောင်းချနေကြသည်။ ဈေးဝယ်သူများနှင့် ဈေးရောင်းသူများကြား အပြန်အလှန်ငြင်းခုံသံများ ဈေးဆစ်သံများမှာလည်း ညံမစဲအောင်ကို ထွက်ပေါ်နေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် အံ့ဩတကြီး ဖြစ်သွားခဲ့လေသည်။ တာအိုသခင်အဆင့် ကျင့်ကြံသူများမှာ လက်ညှိုးထိုးမလွဲ ရှိနေကြပြီး မိမိ၏ကျင့်ကြံခြင်းကို ဖုံးကွယ်လျက် လူအုပ်ကြီးထဲ လျှောက်ပတ်သွားလာနေကြသော ဧကရာဇ်အဆင့်ပညာရှင်အချို့သည်ပင်လျှင် ရှိနေကြလေသည်။ လွန်ခဲ့သောဆယ်နှစ်ခန့်ကသာဆိုလျှင်တော့ ဤကဲ့သို့မြင်ကွင်းမျိုးကို လုံးဝမြင်နိုင်လိမ့်မည်မဟုတ်။ ထိုစဉ်က မေပယ်မြို့၏ မိုင်တစ်သိန်းဝန်းကျင်အတွင်း အားအကောင်းဆုံးသော ပညာရှင်မှာ တာအိုသခင်ဒုတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်ခဲ့သည်။ တာအိုသခင်အဆင့်ကျင့်ကြံသူအရေအတွက်မှာလည်း လက်ဖြင့် ချိုးရေလို့ ရလောက်သည်အထိ နည်းပါးလွန်းလှသည်။ သို့သော်ငြား ယခုတွင်မူ တာအိုသခင်အဆင့်ကျင့်ကြံသူများမှာ နေရာအနှံ့တွင် ရှိနေကုန်ကြလေသည်။
ထိုကဲ့သို့ပြောင်းလဲသွားရသည်မှာ စိတ်ဝိဉာဉ်ရေကန်နန်းတော်ကြောင့်သာ ဖြစ်လေသည်။
ရန်ကိုင်သည် အလွန်ကိုမှ သက်ဝင်စည်ကားလှသော လူအုပ်ကြီးထဲ အေးအေးလူလူ လျှောက်ပတ်သွားလာကြည့်လေ၏။
ပိရန်ယုချင်းမှာ ရန်ကိုင်နှင့်အတူ လိုက်ပါလာရင်း စိတ်ဝိဉာဉ်ရေကန်မြို့အကြောင်းကို ရန်ကိုင်အား ရှင်းပြနေခဲ့လေသည်။ ငှက်မွေးပြာဂိုဏ်း ပျက်စီးသွားပြီးသည့် အချိန်မှစ၍ ပိရန်ယုချင်းနှင့် ခို့ဝူတို့မှာ စိတ်ဝိဉာဉ်ရေကန်မြို့ဆီသို့ ရောက်လာကြလေသည်။ ထို့အတွက်ကြောင့် ဤမြို့အား ရန်ကိုင်ထက်ပို၍ နားလည်သည်ဟု ပြော၍ရသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် မြို့အလယ်၌ ရှိနေသော စိတ်ဝိဉာဉ်ရေကန်နန်းတော်ဆီသို့ ရောက်လာကြလေသည်။
ထိုနန်းတော်ကြီးမှာ မြို့ထဲတွင်တည်ထားသည့် မြို့လေးတစ်မြို့နှင့်ပင် တူနေပေသေးသည်။ စိတ်ဝိဉာဉ်ရေကန်နန်းတော်၏ ဝင်ပေါက်ရှေ့တွင် လူပေါင်းများစွာ တန်းစီစောင့်ဆိုင်း နေကြလေသည်။
ဤနေရာသို့ ရောက်လာသည့်အခိုက် လူတန်းရှည်ကြီးသုံးတန်းကို ရန်ကိုင်မြင်တွေ့လိုက်ရသည်။ ဘယ်ဘက်အစွန်ဆုံး လူတန်းရှည်မှာ လူအများဆုံးဖြစ်ကာ စုစုပေါင်း ငါးရာဝန်းကျင်ရှိနေခဲ့သည်။ အလယ်တန်းမှာတော့ ဘယ်ဘက်အစွန်ဆုံးအတန်း၏ တစ်ဝက်လောက်သာ ရှိပြီး ညာဘက်တွင် ရှိနေသော အတန်းမှာတော့ လူငါးဆယ်ပင် မပြည့်တတ်ပေ။ ထိုလူတန်းသုံးတန်းတွင် ရှိနေကြသော ကျင့်ကြံသူများ၏ ခွန်အားမှာလည်း မတူညီကြ။ ဘယ်ဘက်အစွန်ဆုံးအတန်းရှိ ကျင့်ကြံသူအများစုမှာ တန်ခိုးရှင်ဘုရင်အဆင့် သို့မဟုတ် တန်ခိုးရှင်ဘုရင်အဆင့်ထက် နိမ့်သည့် ကျင့်ကြံသူများ ဖြစ်ကြ၍ အတော်လေးကိုမှ ဆင်းရဲသည့် တာအိုသခင်အဆင့်အချို့လည်း ပါဝင်နေတတ်သည်။
အလယ်တန်းတွင်တော့ အများစုမှာ တာအိုသခင်ပထမအဆင့်နှင့် ဒုတိယအဆင့်များသာ ဖြစ်ကြပြီး အနည်းငယ်ကြွယ်ဝချမ်းသာသည့် တန်ခိုးရှင်ဘုရင်အဆင့်များလည်း ထိုအတန်းထဲတွင် ပါဝင်နေကြလေသည်။
ညာဘက်အတန်းတွင် ရှိနေသည့် ကျင့်ကြံသူများမှာမူ တာအိုသခင်ဒုတိယအဆင့်နှင့်အထက် ကျင့်ကြံသူများ ဖြစ်ကြပြီး ထိုလူများထဲတွင် ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦးပင် ပါဝင်နေခဲ့လေသည်။
ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်လေ၏။ “အဲ့လူတန်းသုံးတန်းက ဝင်ခွင့်တံဆိပ်ပြားသုံးမျိုးကို ကိုယ်စားပြုတာမလား…”
ပိရန်ယုချင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ဘယ်ဘက်အစွန်ဆုံးအတန်းက အဖြူရောင်ဝင်ခွင့်တံဆိပ်ပြား ကိုင်တဲ့လူတွေ… အလယ်တန်းက ကျောက်စိမ်းပြာတံဆိပ်ပြားကို ကိုင်ထားတဲ့လူတွေ… ညာဘက်တန်းက ပတ္တမြားဝင်ခွင့်တံဆိပ်ပြားကို ကိုင်ထားတဲ့လူတွေ… စိတ်ဝိဉာဉ်ရေကန်နန်းတော်မှာရှိတဲ့ ကျင့်ကြံရေးအခန်းအများစုက သာမန်အဆင့်တွေပဲ… သူ့လောက်သိပ်မပေါတာဆိုရင်တော့ မြေကမ္ဘာအဆင့်တွေပေါ့… အရှားဆုံးကတော့ ကောင်းကင်အဆင့်တွေပဲ… ဒါကြောင့် အဖြူရောင်ဝင်ခွင့်တံဆိပ်ပြားအတွက် တန်းစီစောင့်နေတဲ့လူတွေက အများကြီးပဲဆိုပေမယ့် သူတို့အတွက် အခန်းရဖို့က အဲ့လောက်ကြီးမကြာဘူး…”
ရန်ကိုင်သည် ခေါင်းတညိတ်ညိတ်ဖြင့် လူသူမရှိသည့် ဗလာကျင်းနေသည့် နေရာတစ်ခုဆီသို့ လျှောက်သွားလိုက်ပြီး စိတ်ကျေနပ်နေသည့် အမူအယာဖြင့် လျှောက်ပတ်ကြည့်လေသည်။
ပိရန်ယုချင်းမှာ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိခဲ့။ သို့သော်ငြား သွားမမေးခဲ့ဘဲ ရန်ကိုင်ကိုသာ စိတ်ဝင်တစားဖြင့်ကြည့်နေခဲ့သည်။
ရုတ်တရက် ရန်ကိုင်က အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်လေသည်။ “ငါ့မှာ အခန်းနံပါတ် ၃၉၁၂ အတွက် ကျောက်စိမ်းပြာတံဆိပ်ပြားတစ်ခုရှိတယ်… လိုချင်တဲ့လူလာခဲ့… အရင်လာ အရင်ရမှာနော်…”
ရန်ကိုင်၏အသံမှာ အရမ်းမကျယ်လှ။ သို့သော်ငြား ဧကရာဇ်ချီကို သုံး၍ အော်လိုက်သည့်အတွက်ကြောင့် ရန်ကိုင်၏အသံသည် ပင်လယ်ပြင်ထဲသို့ ခဲတစ်လုံးကျသွားသည်နှယ် လှိုင်းတွန့်သဖွယ်ဖြစ်ကာ စိတ်ဝိဉာဉ်ရေကန်မြို့အနီးတစ်ဝိုက် နေရာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားခဲ့ရလေသည်။
ထိုစကားကိုကြားသော် ပိရန်ယုချင်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “နင် ဘာလုပ်ချင်နေတာလဲ…”
ဤဝင်ခွင့်တံဆိပ်ပြားသည် သူမပိုင်ထားသည့် အရာအားလုံးကို အသုံးပြု၍ ရယူခဲ့ရသည့် တံဆိပ်ပြားတစ်ခု ဖြစ်လေသည်။ သူမအလှည့်သို့ ရောက်ရန် နောက်ထပ် နှစ်လလောက်သာ ထပ်စောင့်ရတော့ပေသည်။ ဤတံဆိပ်ပြားသည် သူမ ဧကရာဇ်အဆင့်သို့ ရောက်နိုင်မရောက်နိုင် ဆုံးဖြတ်ပေးမည့် တံဆိပ်ပြားလည်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှ သူမတံဆိပ်ပြားအား သူမ၏ခွင့်ပြုချက်ကိုမမေးဘဲ လေလံတင်ရောင်းချနေသည်ကို မြင်သော် ပိရန်ယုချင်း အလန့်တကြား ဖြစ်သွားခဲ့လေသည်။ သူမသာ ဤတံဆိပ်ပြားကို ရောင်းချင်သည်ဆိုပါက ယခုကဲ့သို့ နေရာမျိုးတွင် လာရောင်းလိမ့်မည်မဟုတ်ဘဲ အစောကြီးတည်းက လေလံတင်၍သာ ရောင်းပစ်လိုက်ပေပြီ။ ဘာကြောင့်များ သိမ်းထားရပါဦးမည်နည်း။
“ငါ့ကိုသာ ယုံစမ်းပါ…” ရန်ကိုင်က ပိရန်ယုချင်းကို ကြည့်၍ ပြန်ပြောလိုက်သည်။
ပိရန်ယုချင်း ဒေါသူပုန်ထသွားခဲ့လေ၏။ သို့သော်ငြား အဆုံးတွင်တော့ မျက်မှောင်ကြုတ်၍သာ ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မပြောတော့ချေ။
ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ ရောက်နေလေပြီ။ ထို့အတွက်ကြောင့် သူသာ သူမအပေါ် တစ်ခုခု မကောင်းကြံလိုပါက သူမအနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည်မဟုတ်။
ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် ကိုယ့်ဘာသာကိုယ် လမ်းလျှောက်နေသည့် အနီးအနား၌ ရှိနေကြသော ကျင့်ကြံသူများမှာ ရန်ကိုင်ဆီသို့ အံ့အားသင့်တကြီးဖြင့် စုပြုံကြည့်လာကြလေသည်။ ထို့နောက်တွင် လူအုပ်ကြီးတစ်ခုလုံးမှာ ဒီရေလှိုင်းလုံးအလား ရန်ကိုင်ဆီသို့ အပြေးအလွှား ပြေးလာကုန်ကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်နှင့် ပိရန်ယုချင်းတို့အား ကျင့်ကြံသူအုပ်ကြီးမှ ဝိုင်းရံသွားခဲ့လေသည်။ ထိုအခြေအနေကိုကြည့်ရင်း ပိရန်ယုချင်းမှာ အနည်းငယ် စိုးရိမ်သွားခဲ့သည်။ လက်ရှိအချိန်တွင် သူတို့အား ဝိုင်းရံနေသည့် ကျင့်ကြံသူများမှာ အလွန်ကိုမှ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်ရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ချောက်ခြားဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်ရင်း သူတို့အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ပိရန်ယုချင်းမှာ အနည်းငယ် ကြောက်ကြောက်လန့်လန့်ဖြင့် ရန်ကိုင်ဆီသို့ တိုးကပ်မိသွားလေ၏။
“အခန်း ၃၉၁၂ ဆိုတာ တကယ်သေချာလား…”
“ရှိရင် ငါတို့ကို သေသေချာချာ ပြပေးပါလား…”
“ကောင်လေး… မင်း ငါတို့ကို လာလှည့်စားရင်တော့ သေပြီနော်…”
စိတ်ဝိဉာဉ်ရေကန်မြို့ထဲတွင် ရှိနေသော ကျင့်ကြံသူများမှာ ဝင်ခွင့်တံဆိပ်ပြားရရန်အတွက် ရှာဖွေနေကြခြင်း ဖြစ်လေရာ အခန်းနံပါတ်များနှင့် အတော်လေးကိုမှ ရင်းနှီးကာ အခန်းနံပါတ်များသည် ဘာကိုဆိုလိုမှန်း သိကြပေသည်။ အခန်းနံပါတ် ၃၉၁၂ ပါဝင်သော မိုးပြာရောင်ဝင်ခွင့်တံဆိပ်ပြားသည် အရမ်းကြီးစောင့်စရာမလိုသည့် အခန်းတစ်ခန်း ဖြစ်ပေသည်။ ထိုတံဆိပ်ပြားကို ရထားမည်ဆိုပါက နှစ်လကြာသည်နှင့် ထိုအခန်းနံပါတ်ပါသည့် အခန်းတွင် သွားရောက်ကျင့်ကြံနိုင်ပေသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော အရမ်းကြီးစောင့်စရာမလိုသည့် တံဆိပ်ပြားများကို လေလံပွဲများတွင်သာ တွေ့ရလေ့ရှိပေသည်။ မှောင်ခိုဈေးကွက်တွင်ပင် မတွေ့ရနိုင်။ ထို့အတွက်ကြောင့် ထိုကဲ့သို့သော တံဆိပ်ပြား သူ့တွင် ရှိနေသည်ဟု ရန်ကိုင်မှ ထုတ်ပြောလာသော် လူအုပ်ကြီးတစ်ခုလုံးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားသွားကြတော့သည်။
ချက်ချင်းဆိုသလို လူအုပ်ကြီးတစ်ခုလုံးမှာ ပွက်ပွက်ညံသွားခဲ့လေသည်။
ရန်ကိုင်ကမူ သူ့အား ခြိမ်းခြောက်နေသော လူအုပ်ကြီးကို လျစ်လျူရှုလျက် ဆက်၍သာ အော်ဟစ်နေခဲ့လေသည်။
အဝေး၌ရှိနေသော ကျင့်ကြံသူများမှာလည်း ရန်ကိုင်ဆီသို့ လှမ်းလာကုန်ကြလေရာ မကြာမီတွင် ရန်ကိုင်အနီးတစ်ဝိုက်၌ ကျင့်ကြံသူပေါင်း အယောက်ငါးရာကျော်မက ရှိသွားခဲ့လေသည်။ လူအရေအတွက်မှာ ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်း မရှိသေးဘဲ အဝေး၌ ရှိနေကြသော ကျင့်ကြံသူများမှာလည်း ရန်ကိုင်ဆီသို့ ဆက်လက်၍ ပျံသန်းလာနေကြလေသေးသည်။
စိတ်ဝိဉာဉ်ရေကန်မြို့ထဲ တိုက်ခိုက်ခြင်းအား တားမြစ်ထားသည့် အတွက်ကြောင့်သာ မဟုတ်ပါက အချို့လူများသည် ရန်ကိုင်ဆီမှ လုယူရန်ပင် ကြိုးစားလောက်ပေပြီ။
လူလုံလောက်သွားပြီဟု ထင်လိုက်သည့်အခါမှသာ ရန်ကိုင်သည် ကျောက်စိမ်းပြာတံဆိပ်ပြားကို ထုတ်ကာ လူအုပ်ကြီးမြင်အောင် ပြပေးလိုက်လေသည်။ ထို့နောက် တံဆိပ်ပြားကို တစ်ဖက်သို့လှည့်၍ အခန်းနံပါတ်ကိုပါ မြင်အောင် ထပ်ပြပေးလိုက်သည်။
နေရောင်အောက်ဝယ် မိုးပြာရောင်ကျောက်စိမ်းတံဆိပ်ပြားပေါ်ရှိ နံပါတ်များမှာ တလက်လက် တောက်ပနေသဖြင့် လူအုပ်ကြီးမှာ နံပါတ်ကို အထင်းသား မြင်တွေ့နိုင်ခဲ့လေသည်။
“တကယ်ကြီး ၃၉၁၂ကွ…”
“ဒီလို သိပ်စောင့်စရာမလိုတဲ့ ဝင်ခွင့်တံဆိပ်ပြား ပေါ်မလာတာ တော်တော်ကြာသွားပြီ… ဒီတံဆိပ်ပြားနဲ့ဆိုရင် နောက်ထပ်နှစ်လလောက်ပဲ စောင့်ရမှာ….”
“ကောင်လေး… ငါအရင်လာတာ… ဒီတော့ မင်း အဲ့တံဆိပ်ပြားကို ငါ့ကိုရောင်းပေး… ငါပေးတဲ့ဈေးကို မင်းကျေနပ်ရမယ်လို့ ငါ အာမခံတယ်…” လူအိုကြီးတစ်ဦးက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။ ထိုလူမှာ အတော်လေးကိုမှ အိုမင်းပြီး ခေါင်းတစ်ခေါင်းလုံး ဖြူဖွေးနေခဲ့သည်။ သို့သော်ငြား သူ့ကျင့်ကြံခြင်းမှာတော့ တာအိုသခင်ဒုတိယအဆင့်သို့သာ ရောက်ပေသေးသည်။ သေခြင်းချီအငွေ့အသက်တို့မှာလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းနေကာ သူ့အသက်စွမ်းအင်မှာလည်း အလွန်ကိုမှ ပါးလျနေခဲ့လေသည်။ သူ့ပုံစံကို ကြည့်ရသလောက် လူအိုကြီးမှာ အနှေးနှင့်အမြန်ဆိုသလို သေရတော့မည့် လူတစ်ဦးမှန်း မည်သူမဆို ပြောနိုင်ပေလိမ့်မည်။
သို့သော်ငြား သူသည်သာ ဤနေရာ၌ အဆင့်တက်သွားနိုင်မည်ဆိုပါက နောက်ထပ် နှစ်အနည်းငယ်ခန့် ပိုမိုရှင်သန်နိုင်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ဝင်ခွင့်တံဆိပ်ပြားအား အလွန်ကိုမှ စိတ်ဝင်စားနေရခြင်းပင်။
တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော အခြားသောကျင့်ကြံသူတစ်ဦးသည် လေထဲတွင်ဝဲလျက် ရန်ကိုင်အား ငုံ့ကြည့်ရင်းမှ ပြောလိုက်လေသည်။ “ကောင်လေး… အဲ့ဝင်ခွင့်တံဆိပ်ပြားက ဘယ်လောက်လဲ… ဈေးကိုပြော…”
ရန်ကိုင်က ပြုံးလျက် လူအုပ်ကြီးအား ကြည့်ကာ ပြောလိုက်လေသည်။ “ကြည့်ရတာ အကုန်လုံးက ဒီဝင်ခွင့်တံဆိပ်ပြားကို စိတ်ဝင်စားကြတယ်နဲ့တူတယ်… ကောင်းပြီလေ… အဲ့လိုဆိုမှတော့ ဒီမှာတင် လေလံတင်ကြတာပေါ့… ဝင်ခွင့်တံဆိပ်ပြားကို ဈေးအများဆုံးပေးနိုင်တဲ့လူ ရမယ်…”
ထိုစကားကိုကြားသော် လူအိုကြီး၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်အော်ပြောလိုက်လေသည်။ “ကောင်လေး… အရင်လာ အရင်ရမယ်လို့ မင်း အခုလေးတင် ပြောလိုက်တာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ကိုယ့်စကားကိုယ် မတည်ရတာလဲ…”
ရန်ကိုင်က ပြုံးဖြီးလျက် “လူအိုကြီး… အဲ့ဒါက ကျုပ်ပါးစပ်ထဲက ထွက်တဲ့အတိုင်း ပြောလိုက်တာ… ခင်ဗျား တကယ်ကြီးယုံတာလား… ဒီလောက်အဖိုးတန်တဲ့ ဝင်ခွင့်တံဆိပ်ပြားကို ဘယ်လိုလုပ်ပြီး အရင်လာတဲ့လူ အရင်ပေးရမှာလဲ… လေလံပဲတင်မှာပေါ့…”
“မင်း…” လူအိုကြီး၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ခါနေခဲ့လေသည်။ “မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်တာပဲ…”
“မင်းက လေလံတင်မယ်ဆိုမှတော့ ကြမ်းခင်းဈေးက ဘယ်လောက်လဲ…” လေထဲ၌ ရှိနေသော တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးက မေးလိုက်လေသည်။
ရန်ကိုင်က ပြောလိုက်လေ၏။ “ခင်ဗျားတို့စိတ်ကြိုက် ပေးလို့ရတယ်… ကြမ်းခင်းဈေးဆိုတာ မရှိဘူး..”
လူပေါင်းများစွာ ယှဉ်ပြိုင်နေမည် ဖြစ်သည့်အတွက်ကြောင့် ကြမ်းခမ်းဈေးဆိုသည်မှာ မလိုအပ်တော့။ ဝင်ခွင့်တံဆိပ်ပြား၏တန်ကြေးသည် တဖြည်းဖြည်းနှင့် မြင့်တက်သွားရပေလိမ့်မည်။
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်ယောက်က ချက်ချင်း ထအော်ပြောလေသည်။ “သန်းနှစ်ဆယ်…”
“သန်းနှစ်ဆယ်ဆိုတာ စိတ်ဝိဉာဉ်ရေကန်နန်းတော်ကနေ ဝင်ခွင့်တံဆိပ်ပြားတစ်ခုကို ဝယ်ရမဲ့တန်ကြေးကွ… လေလံပွဲမှာ ဒီလောက်ကလေးနဲ့ ဒါကိုဝယ်ချင်နေတာလား… သန်းသုံးဆယ်…”
“သုံးဆယ့်တစ်သန်း…”
“သုံးဆယ့်နှစ်သန်း…”
မျက်တောင်တစ်ခတ်အတွင်း ကျောက်စိမ်းပြာတံဆိပ်ပြား၏ တန်ကြေးမှာ သုံးဆယ့်ခြောက်သန်းအထိ မြင့်တက်သွားခဲ့လေသည်။
ရန်ကိုင်က ပိရန်ယုချင်းအား တိုးတိုးလေးပြောလိုက်လေ၏။ “သူတို့ပေးနေတာ အဆင့်နိမ့်လား ဒါမှမဟုတ် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်တွေလား…”
ပိရန်ယုချင်းက ပြန်ပြောလိုက်သည်။ “အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်တွေပေါ့… အဖြူရောင်တံဆိပ်ပြားကို အဆင့်နိမ့်အရင်းအမြစ်ကျောက်နဲ့ ဝယ်ရပြီး ပတ္တမြားတံဆိပ်ပြားကိုတော့ အဆင့်မြင့်အရင်းအမြစ်ကျောက်နဲ့ ဝယ်ရတယ်… ဒီတော့ ဒါကို အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်နဲ့ ဝယ်ရမှာပေါ့…”
“နင် ဒါကိုဝယ်တုန်းက ဘယ်လောက်ပေးလိုက်ရလဲ…” ရန်ကိုင်က မေးလိုက်သည်။
“အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းနှစ်ဆယ်…”
အပိုင်း (၂၇၄၇)
ဘာသာပြန်သူ_တိမ်တိုက်
အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းနှစ်ဆယ်ဆိုသည်မှာ အဆင့်မြင့်အရင်းအမြစ်ကျောက် နှစ်သိန်းဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ ထိုပမာဏမှာ ရန်ကိုင်အတွက်တော့ ရေပုံးတစ်ပုံးထဲရှိ ရေတစ်စက်စာမျှသာ ဖြစ်နေပါသော်ငြား ပိရန်ယုချင်းအတွက်မူ သူမ ပိုင်ဆိုင်ထားသည့် အရာမှန်သမျှ ဖြစ်လေသည်။
ထိုသို့ရရှိထားသည်ကပင်လျှင် ငှက်မွေးပြာဂိုဏ်း၌ ကာကွယ်သူတစ်ဦး လုပ်ခဲ့ရသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူမတွင် ဂိုဏ်းမှ ရရှိသည့် ကျင့်ကြံရေးအရင်းအမြစ်အချို့ကို သုံးစွဲခွင့် ရှိနေခဲ့သည်။ ထိုအကြောင်းကြောင့်သာ မဟုတ်ပါက သူမတွင် ဤမျှ များပြားသည့် ပမာဏ ရှိနေလိမ့်မည် မဟုတ်ချေ။
မျက်တောင်တစ်ခတ်အတွင်း ပိရန်ယုချင်းမှ သန်းနှစ်ဆယ်ဖြင့် ဝယ်ယူထားသည့် မိုးပြာရောင်ကျောက်စိမ်းတံဆိပ်ပြားမှာ သုံးဆယ့်ခြောက်သန်းအထိသို့ ဈေးခုန်တက်သွားခဲ့လေသည်။
ပိရန်ယုချင်းပြောခဲ့သလိုပင် သူမသာ ဤတံဆိပ်ပြားကို မှောင်ခိုဈေးကွက်တွင် သွားရောင်းမည်ဆိုပါက နှစ်ဆမက ပြန်ရနိုင်ပေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ဝင်ခွင့်တံဆိပ်ပြားကို ကျင့်ကြံသူများ မည်မျှလိုချင်နေကြောင်း သိနိုင်ပေသည်။
“သန်းလေးဆယ်…” လေထဲတွင်ရှိနေသော တာအိုသခင်အဆင့် ကျင့်ကြံသူမှ မျက်နှာကြီးမှုန်ကုပ်လျက် ဈေးခေါ်လိုက်လေသည်။ ကြည့်ရသလောက် ဤပမာဏကို ပေးရန်အတွက် သူ့အတွက်လည်း အတော်လေးကိုမှ ခက်ခဲသည့်ပုံပင်။ သို့သော်ငြား သူသာ ဤတံဆိပ်ပြားကို ရနိုင်မည်ဆိုပါက ဧကရာဇ်အဆင့်သို့ချိုးဖြတ်ရန် နှစ်လအတွင်း ကြိုးစားနိုင်ပေသည်။ အောင်မြင်သွားခဲ့မည်ဆိုပါက အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းလေးဆယ်ဟူသော ပမာဏသည် ဘာမှ မပြောပလောက်တော့ပေ။
စိတ်ဝိဉာဉ်ရေကန်နန်းတော် ထွက်ပေါ်လာမှုသည် ကျင့်ကြံသူများအား အဆင့်တစ်ဆို့အတားအဆီးများကိုကျော်ဖြတ်၍ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်အောင် ကူညီပေးခဲ့လေသည်။ လွန်ခဲ့သောဆယ်နှစ်အတွင်း စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို အားကိုး၍ ဧကရာဇ်အဆင့်သို့ တက်ရောက်သွားခဲ့ကြသော ကျင့်ကြံသူ အယောက်တစ်ရာမက ရှိခဲ့သည်။ ထိုလူများသည်ပင်လျှင် ဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့လေရာ သူတို့ကရော ဘာကြောင့်များ မဝင်ရောက်နိုင်ရပါမည်နည်း။
“တစ်ယောက်ယောက် ဒီထက် ဈေးပိုပေးမယ်ဆိုရင် ငါ ဒါကို မယူတော့ဘူး…” တာအိုသခင်တတိယအဆင့်ကျင့်ကြံသူက ပတ်ဝန်းကျင်ကို စိုးရိမ်တကြီးဖြင့် ဝေ့ကြည့်ရင်းမှ အံကြိတ်ကာ ပြောလိုက်လေသည်။
သို့သော်ငြား သူနှင့်အပြိုင် မည်သူမျှ ဈေးထပ်မခေါ်တော့ပေ။ ထိုသို့မခေါ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ သန်းလေးဆယ်ဟူသော ပမာဏသည် စိတ်ဝိဉာဉ်ရေကန်နန်းတော်မှ ဝင်ခွင့်တံဆိပ်ပြားကို ဝယ်ရသည့် တန်ကြေး၏ နှစ်ဆပင် ရှိနေသည် မဟုတ်လေလော။ ထိုပမာဏသည် လူအများစု အများဆုံးတတ်နိုင်သည့် ပမာဏ ဖြစ်လေရာ မည်သူကများ ရူးမိုက်၍ ဝင်ခွင့်တံဆိပ်ပြားအား တန်ရာတန်ကြေးထက် အဆမတန်ပေးကာ ဝယ်ယူပါမည်နည်း။ အရင်းအမြစ်ကျောက်များသည် လေထဲမှ ဗြုန်းစားကြီး ပေါ်လာကြသည့် အရာများမဟုတ်။ သူတို့တစ်ဘဝလုံး ခက်ခက်ခဲခဲ စုဆောင်းပြီးမှ ရလာကြသည့် အရာများဖြစ်လေရာ မည်သူကများ လက်လွတ်စပယ် အသုံးပြုချင်ပါမည်နည်း။
“ငါ သန်းလေးဆယ်နဲ့ တစ်သောင်းပေးမယ်…” ရုတ်တရက်ဆိုသလို အဝေးတစ်နေရာဆီမှ အိုမင်းနေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုစကားကို ကြားလိုက်သည့်အခိုက် လူအုပ်ကြီးတစ်ခုလုံး၏ အမူအယာ ထူးဆန်းသွားကုန်ကြလေသည်။ ပုံမှန်အားဖြင့် လေလံဈေးပေးမည်ဆိုပါက များများစားစားသာ ပေးလေ့ရှိကြပြီး ယခုကဲ့သို့ တစ်သောင်းတည်း ကပ်ပေးသည်မှာ ဈေးပေးလိုက်သည့်လူသည် သူ၏ အဖိုးတန် အရင်းအမြစ်ကျောက်များကို မဆုံးရှုံးချင်သည့် အတွက်ကြောင့်များ ယခုကဲ့သို့ လုပ်လိုက်ခြင်းပေလား ထိုသို့မဟုတ်ပဲ သန်းလေးဆယ်ပေးလိုက်သည့် ကျင့်ကြံသူနှင့် ရန်ငြိုးရန်စများ ရှိနေ၍များ ယခုကဲ့သို့ လုပ်လိုက်ခြင်းပေလား ဆိုသည်မှာတော့ မသဲကွဲပေ။
“ဘယ်သူလဲ… ဘယ်သူပြောလိုက်တာလဲ…” ထိုစကားကိုကြားသည့်အခါ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူမှာ ဒေါသူပုန်ထသွားခဲ့ပြီး ချက်ချင်း ထအော်တော့လေသည်။
ရန်ကိုင်သည် တစ်ခါဈေးခေါ်လျှင် မည်သည့်ပမာဏ ခေါ်ရမည်ဟု သတ်မှတ်ထားခြင်း မရှိပါသော်ငြား လူတိုင်းမှာ အလိုက်သိစွာပင် တစ်ခါဈေးခေါ်လျှင် ငါးသိန်း သို့မဟုတ် တစ်သန်းတိတိ ခေါ်ကြသည်။ အများစုမှာတော့ တစ်သန်းခေါ်လေ့ရှိကြသည်။ သို့သော်ငြား ယခုအသစ်ရောက်လာသောသူသည် အခြားသူများနှင့် မတူညီစွာပင် ကပ်သီးကပ်ဖဲ့ တစ်သောင်းတည်းကိုသာ ဈေးပေးခဲ့သည်။ ဤသည်မှာ သူ့အား အထင်သေးနေခြင်းပေလော။
“ငါပဲ… မင်း ဘာဖြစ်ချင်တာလဲ…”
ချက်ချင်းဆိုသလို လူအိုကြီးတစ်ဦး ပေါ်လာခဲ့လေသည်။ ဤနေရာသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် လူအိုကြီးသည် သူ့ခန္ဓာကိုယ်ဆီမှ အားကောင်းသည့် ဧကရာဇ်စိတ်ဆန္ဒကို ထုတ်လွှတ်၍ လူအုပ်ကြီးအား ဘေးသို့ တွန်းဖယ်လိုက်လေသည်။
“ဧကရာဇ်အဆင့်…” သန်းလေးဆယ်ဈေးပေးလိုက်သည့် ကျင့်ကြံသူ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။
မိုးပြာရောင်ကျောက်စိမ်းတံဆိပ်ပြားကို ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမှ လာလုလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ မိုးပြာရောင်ကျောက်စိမ်းတံဆိပ်ပြားသည် ကျင့်ကြံသူတစ်ဦးအား မြေကမ္ဘာအဆင့်အခန်းထဲသို့သာ ဝင်ရောက်စေနိုင်ပါသော်ငြား ဤတံဆိပ်ပြားသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးအတွက်တော့ အနည်းငယ် တန်ဖိုးရှိနေပေသေးသည်။ သို့သော်ငြား ပုံမှန်အားဖြင့် ဧကရာဇ်အဆင့် ပညာရှင်များသည် ကောင်းကင်အဆင့်အခန်းများကိုသာ အသုံးပြုလေ့ ရှိကြသဖြင့် ဤလူအိုကြီးသည် မိုးပြာရောင်ကျောက်စိမ်းတံဆိပ်ပြားကို လာဝယ်ရခြင်းမှာ သူ့တပည့် သို့မဟုတ် သူ့မျိုးဆက်တစ်ယောက်အတွက် အသုံးပြုလိုသည့် အတွက်ကြောင့်သာ ဖြစ်ဟန်တူပေသည်။
“အဲ့ဒါ တောင်ပြိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် လီတုန်းကျန်းပဲ…” လူအုပ်ကြီးထဲမှ တစ်ယောက်ယောက်က ထအော်လေသည်။ ထိုလူအိုကြီး မည်သူမှန်း မှတ်မိသွားသည့်ပုံပင်။
ထိုစကားကိုကြားလိုက်သည့်အခိုက် လူတိုင်း၏မျက်နှာထက် ကြောက်ရွံ့ရိပ်တို့ ထွက်ပေါ်လာကြသည်။
ပိရန်ယုချင်း၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ ဤလူအိုကြီးသည် သူမအား ပြဿနာရှာရန်သက်သက်အတွက်နှင့် ရောက်လာသည်ဟု သူမစိတ်ထဲ ခံစားနေရလေသည်။ သို့သော်ငြား သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် သူမနှင့်ရန်ကိုင် တောင်ပြိုဂိုဏ်းမှ တပည့်သုံးဦးအား သတ်လိုက်သည်ကို မည်သူမျှ မမြင်လိုက်ရ။ ထိုကဲ့သို့ စဉ်းစားပြီးသွားသည့်အခါမှသာ သူမစိတ်ထဲ စိတ်သက်သာရာ ရသွားတော့လေသည်။
ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး လီတုန်းကျန်းအား တွေးတွေးဆဆအမူအယာဖြင့် ကြည့်လိုက်လေသည်။ ဤလူအိုကြီးသည် ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာပြီး တစ်သောင်းတည်း ဈေးပေးသွားသည့်အချက်ကို ထည့်မတွက်လျှင်ပင် ဤလူအိုကြီးမှ ရန်ကိုင်မှ သူ့ဂိုဏ်းမှ တပည့်သုံးဦးကို သတ်ပြီးပြီးချင်း ပေါ်လာသည်မှာတော့ အတော်လေးကိုမှ တိုက်ဆိုင်လွန်းနေခဲ့လေသည်။
သူတို့ ထိုလူသုံးယောက်အား သတ်လိုက်သည့်ကိစ္စ ပေါ်သွားခြင်းပေလော။ သို့သော်ငြား ထိုသို့လည်း မဖြစ်နိုင်ပေ။ ရန်ကိုင်သည် ထိုသူများကို မသတ်ပစ်ခင် သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်ထားခဲ့သည်။ အနီးအနားတစ်ဝိုက်တွင် မည်သူမျှ ရှိမနေခဲ့ပေ။ ထို့အပြင် ထိုလူသုံးဦးသည် သူတို့မသေခင် မည်သူ့ကိုမှ သတင်းမပို့ခဲ့။ ထိုသို့ဖြစ်လေရာ လီတုန်းကျန်း ထိုအကြောင်းကို မည်ကဲ့သို့များ သိနေရလေသနည်း။
“ဒီတော့ စီနီယာလီပေါ့…” တာအိုသခင်တတိယအဆင့်ကျင့်ကြံသူမှာ လီတုန်းကျန်းအား မှတ်မိသွားခဲ့ပြီး ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်လေသည်။ “စီနီယာလီက ဒီကျောက်စိမ်းပြာတံဆိပ်ပြားကို လိုချင်တယ်ဆိုမှတော့ ဂျူနီယာလည်း ဘာမှ မပြောတော့ပါဘူး…”
“ကောင်းတယ်…” လီတုန်းကျန်းက ထိုသို့ တစ်ချက် ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့လှည့်၍ သူ့လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ “ဝင်ခွင့်တံဆိပ်ပြားကိုပေး…”
ရန်ကိုင်က လူအိုကြီးကိုကြည့်လျက် ပြန်ပြောလိုက်လေသည်။ “လေလံပွဲက မပြီးသေးဘူး…”
လီတုန်းကျန်းက ပြန်ပြောလိုက်သည်။ “ဘာလဲ… ငါ့ကိုကျော်ပြီး ဈေးပေးနိုင်မယ့်လူ ရှိလို့လား…”
ထိုသို့ပြောပြီးသည့်နောက်တွင် လီတုန်းကျန်းသည် လူအုပ်ကြီးအား ခြိမ်းခြောက်သည့်အကြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။ လီတုန်းကျန်းမှ ထိုကဲ့သို့ ခြိမ်းခြောက်နေသည့်အတွက်ကြောင့် မည်သူမျှ ဈေးထပ်မပေးရဲကြတော့ဘဲ အကုန်တိတ်သွားကုန်ကြလေသည်။ ထို့အပြင် သန်းလေးဆယ်ဟူသော ပမာဏမှာ ဤနေရာ၌ရှိနေသော လူအများစု မတတ်နိုင်သည့် ပမာဏ ဖြစ်ပေသည်။
“မင်းတွေ့တယ်မလား… ငါဈေးပေးတာ အများဆုံးပဲ…” လီတုန်းကျန်းက ထပ်၍ ဆန့်ထုတ်လိုက်သည်။ “ဝင်ခွင့်တံဆိပ်ပြားကို ပေးပေတော့…”
ရန်ကိုင်က သူ့မေးစေ့ကိုပွတ်လျက် ခေါင်းခါလိုက်သည်။ “ခင်ဗျားက ဈေးအများဆုံးပေးတယ်ဆိုရင်တောင် ကျုပ် ဒီတံဆိပ်ပြားကို ခင်ဗျားဆီ ရောင်းမှာမဟုတ်ဘူး…”
(တစ်သောင်းတည်းကပ်ပေးပြီးတော့ တံဆိပ်ပြားကို လိုချင်နေတယ်… ဟမ့်…) ရန်ကိုင်သာ တံဆိပ်ပြားကို လီတုန်းကျန်းအား ပေးလိုက်ရမည်ဆိုပါက သူ့ရင်ထဲ ခါးသက်သက်ကြီး ဖြစ်နေပေလိမ့်မည်။ ထို့အပြင် ဤတံဆိပ်ပြားမှာ တောင်ပြိုဂိုဏ်းမှ တပည့်သုံးဦး ခိုးယူချင်နေသည့် အရာတစ်ခု ဖြစ်သည်။ ခို့ဝူသည် ဝင်ခွင့်တံဆိပ်ပြားအတွက်ကြောင့် အသတ်ခံလိုက်ရလေရာ ဤတံဆိပ်ပြားကို တောင်ပြိုဂိုဏ်းမှ အဖွဲ့သားများဆီသို့ မည်ကဲ့သို့များ အရောက်ခံနိုင်ပါမည်နည်း။
လီတုန်းကျန်း၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ကောင်လေး… မင်း ငါ့ကို လာလှည့်စားရဲတယ်ပေါ့…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဘာမှလှည့်စားတာမရှိဘူး… ဒီလေလံပွဲကို ကျုပ်ကိုယ်တိုင်ကျင်းပတာ… ဒီတော့ ဒီကစည်းမျဉ်းစည်းကမ်းတွေက ကျုပ်စကားအတိုင်းပဲ… ခင်ဗျားက ဘာမို့လို့ ကျုပ်ကို လှည့်စားတယ်လို့ ပြောနေရတာလဲ…”
ထိုစကားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ ရန်ကိုင်အား အံ့ဩတကြီးဖြင့် စိုက်ကြည့်နေကုန်ကြလေသည်။ လီတုန်းကျန်းကဲ့သို့သော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကိုပင်လျှင် ရန်စရဲသည့် ဤလူငယ်လေး၏သတ္တိကို သူတို့စိတ်ထဲ ကြိတ်၍ လေးစားနေမိလေသည်။
“မင်း သေချင်နေတာလား…” လီတုန်းကျန်းမှာ အလွန်ကိုမှ ဒေါသူပုန်ထသွားသည့်အလား အားကောင်းလှသည့် ဧကရာဇ်အရှိန်အဝါမှာ သူ့ခန္ဓာကိုယ်ဆီမှ တဟုန်းဟုန်း ထွက်ပေါ်လာခဲ့လေသည်။
လီတုန်းကျန်းဆီမှ ထွက်ပေါ်လာသည့် အရှိန်အဝါကြောင့် အနီးအနားတွင်ရှိနေသော ကျင့်ကြံသူများမှာ ငြီးတွားလျက် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားကုန်ကြရလေသည်။
ရန်ကိုင်ကမူ မလှုပ်ရှားခဲ့ဘဲ လီတုန်းကျန်းကိုသာ လှောင်ပြုံးပြုံးလျက် ပြန်လည်စိုက်ကြည့်နေခဲ့လေသည်။ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးသည့်နောက်တွင် အိပ်စက်မိန်းမောနေသည့် သားရဲကြီးတစ်ကောင် နိုးထလာသည့်အလား ရန်ကိုင်ဆီမှ ဧကရာဇ်ဖိအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။
လီတုန်းကျန်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “မင်းလည်း ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်လား…”
ထိုမြင်ကွင်းကိုကြည့်နေသည့် လူအုပ်ကြီးမှာလည်း ထိတ်လန့်သွားခဲ့ကြလေသည်။ တံဆိပ်ပြားကို လေလံတင်နေသည့် ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြ။ ရုတ်ချည်းဆိုသလို သူတို့စိတ်ထဲ အတော်လေးကံကောင်းသွားပါလားဟု ခံစားလိုက်ရလေသည်။ ရန်ကိုင်မှ လေလံတင်နေစဉ် လူအုပ်ကြီးတစ်ခုလုံးမှာ ရုတ်ရုတ် ရုတ်ရုတ် လုပ်ခဲ့ခြင်းမရှိဘဲ စည်းစနစ်ကျကျဖြင့် လေလံတင်ခဲ့လေသည်။ ရန်ကိုင်ကိုလည်း အလွန်အကြူး သွားရောက်ရန်စခြင်း မရှိခဲ့ပေ။ ထိုသို့သာမဟုတ်ပါက အကျိုးဆက်ကို သူတို့ တောင့်ခံနိုင်လိမ့်မည်မဟုတ်။
“အိုး… ဒီလူအိုကြီး မမြင်လိုက်မိတာပဲ…” လီတုန်းကျန်း၏အမူအယာ တမုဟုတ်ချည်း ပြေလျော့သွားခဲ့သည်။
ရန်ကိုင်သည် လီတုန်းကျွမ်းကို လျစ်လျူရှု၍ သူရှေ့ဘက်ဆီသို့ လက်ညှိုးထိုးရင်း “ဟေ့ကောင်… ဟိုကကောင်… မင်း ဒီကိုလာခဲ့…”
ရန်ကိုင်လက်ညှိုးထိုးလိုက်သည့်အခိုက် လူအုပ်ကြီးတစ်ခုလုံးမှာ ချက်ချင်းကို ဘေးသို့ ခွဲထွက်သွားလေရာ လူတစ်ဦး အထင်းသား ထွက်ပေါ်လာခဲ့လေသည်။
ထိုလူမှာ အခြားမဟုတ်။ အစောပိုင်းက သန်းလေးဆယ်ဈေးပေးခဲ့သည့်လူသာ ဖြစ်လေသည်။ သူမည်သည့်နေရာသို့ သွားနေစေကာမူ ရန်ကိုင်၏လက်ညှိုးသည် သူ့ဆီသို့သာ တည့်တည့်မတ်မတ် ထိုးထားခဲ့လေသည်။
ထို့အတွက်ကြောင့် ထိုကျင့်ကြံသူက ခါးသက်သက်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “စီနီယာ… ကျုပ် ဘာများ လုပ်ပေးရမလဲ…”
သူသည် ရန်ကိုင်ထက် အတော်လေးကိုမှ အသက်ပိုကြီးပါသော်ငြား သူ့ကျင့်ကြံခြင်းမှာ ရန်ကိုင်ထက်နိမ့်ကျသည့်အတွက်ကြောင့် ရန်ကိုင်ကို စီနီယာဟုသာ ခေါ်ရလေသည်။
“ဒီကိုလာခဲ့…” ရန်ကိုင်က ထပ်ပြောလိုက်သည်။
ထိုလူမှာလည်း ရွေးစရာမရှိတော့သည့်အဆုံး ရန်ကိုင်ပြောသည့်အတိုင်း သူ့ဆီသို့သာ လျှောက်သွားရလေသည်။ ရန်ကိုင် သူ့ဆီမှ ဘာလိုချင်နေလို့ လိုချင်နေမှန်းကို လုံးဝ နားမလည်နိုင်ချေ။
အနားသို့ရောက်လာသည့်နောက်တွင် ရန်ကိုင် မိုးပြာရောင်ကျောက်စိမ်းတံဆိပ်ပြားကို ထိုလူလက်ထဲသို့ ထည့်ပေး၍ ပြောလိုက်လေ၏။ “ဒီဝင်ခွင့်တံဆိပ်ပြားက မင်းအပိုင်ပဲ…”
ချက်ချင်းဆိုသလို လေထဲတွင်ဝဲနေသော လီတုန်းကျန်း၏မျက်နှာ ရှုံ့မဲ့သွားခဲ့လေသည်။
သူသည် ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ကာ ဈေးပိုပေးခဲ့သည့်လူလည်း ဖြစ်လေ၏။ သို့သော်ငြား ရန်ကိုင်ကမူ ဝင်ခွင့်တံဆိပ်ပြားကို သူ့ဆီသို့ မပေးဘဲ တာအိုသခင်အဆင့်ကျင့်ကြံသူဆီသို့သာ ပေးလိုက်သည်။ ဤသည်မှာ လူမြင်ကွင်းရှေ့၌ သူ့ပါးကို ပြောင်ပြောင်တင်းတင်း ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။
တာအိုသခင်အဆင့် ကျင့်ကြံသူမှာတော့ ပျော်ရမည့်အစား ထိတ်လည်းထိတ်လန့် ကြောက်လည်းကြောက်နေခဲ့လေသည်။ သူ့လက်ထဲရှိ မိုးပြာရောင်ကျောက်စိမ်းတံဆိပ်ပြားမှာ လူတိုင်းလိုချင်နေသည့် တံဆိပ်ပြားတစ်ခု မဟုတ်တော့ဘဲ သံပူတုံးကြီး တစ်ခုအလား ခံစားနေခဲ့ရသည်။
လီတုန်းကျန်းသာ ဈေးမခေါ်ခဲ့ပါက သူ့အနေဖြင့် ဤဝင်ခွင့်တံဆိပ်ပြားကို ဝမ်းပန်းတသာဖြင့် လက်ခံမိခဲ့လိမ့်မည် ဖြစ်ပါသော်ငြား ယခုအချိန်တွင်တော့ လီတုန်းကျန်း ပေါ်လာပြီဖြစ်လေရာ သူ့အနေဖြင့် ဤတံဆိပ်ပြားကို မည်ကဲ့သို့များ ယူရဲပါဦးမည်နည်း။ သူသာ ဤတံဆိပ်ပြားကို ယူလိုက်မည်ဆိုပါက သူ ရန်မစသင့်သည့် လူတစ်ဦးအား သွားရန်စမိလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူ့အနာဂတ် မည်ကဲ့သို့ဖြစ်မလဲ မသေချာတော့ပေ။
“စီနီယာ… ကျုပ် ဒီတံဆိပ်ပြားကို မလိုချင်တော့ဘူး…” ထိုသူမှာ ခက်ခက်ခဲခဲဖြင့် သူ့ပါးစပ်ကိုဟလျက် ဝင်ခွင့်တံဆိပ်ပြားကို ပြန်ပေး၍ ပြောလိုက်လေသည်။
“မင်း ငြင်းရဲတာလား…” ရန်ကိုင်သည် ထိုလူအား အင်္ကျီလည်တိုင်မှ ဆွဲကိုင်လျက် ခက်ထန်သည့် အမူအယာဖြင့် စိုက်ကြည့်ရင်း “ငါ မင်းကို သေကောင်ပေါင်းလဲ ဖြစ်သွားအောင် မရိုက်ရဲဘူးလို့ မင်းထင်နေတာလား…”
ထိုလူမျက်နှာ တမုဟုတ်ချည်း ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေသည်။ “စိတ်ဝိဉာဉ်ရေကန်မြို့ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်နော် ဆရာ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “မင်း စိတ်ဝိဉာဉ်ရေကန်မြို့ထဲမှာ တစ်သက်လုံး ပုန်းနေနိုင်မှာလား… မင်းမြို့ထဲကနေထွက်တာနဲ့ ငါမင်းကို တစ်ခါတည်း တမလွန်ဘဝ ပို့ပေးလိုက်လို့ရတယ်…”
ထိုလူမှာ အော်ငိုလိုက်ချင်ပါသော်ငြား မျက်ရည်ကား ကျမလာ။ ထို့အတွက်ကြောင့် တောင်းတောင်းပန်ပန်ဖြင့်သာ အသနားခံရတော့သည်။ “စီနီယာ… ဘာဖြစ်လို့ ကျုပ်ကို ဒီလောက်တောင် အကြပ်တွေ့အောင် လုပ်နေရတာလဲ… ကျုပ်က တာအိုသခင်အဆင့်ပဲ ရှိသေးတာလေ…”
“ဝင်ခွင့်တံဆိပ်ပြားတစ်ခုကို မင်းကိုရောင်းပေးတာက မင်းကို အကြပ်တွေ့အောင်လုပ်တာ ဟုတ်လား…” ရန်ကိုင်သည် ထိုလူ၏ အင်္ကျီလည်တိုင်ကို ကိုင်စွဲထားရင်းမှ ဆက်ပြောလိုက်လေသည်။ “မင်း ယူမှာလား မယူဘူးလား… မယူရင်တော့ မင်း သေပြီသာမှတ်…”
ထိုလူမှာ ရန်ကိုင်နှင့် အကြည့်ချင်းမဆုံရဲသည့်အတွက်ကြောင့် အခြားတစ်ဖက်သို့ အကြည့်လွှဲဖယ်လိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်က တိုးတိုးလေး ပြောလိုက်လေသည်။ “မင်း ယူမယ်ဆိုလို့ရှိရင် လီတုန်းကျန်းကို ရန်စမိသွားလိမ့်မယ်… ဒါပေမယ့် ဝင်ခွင့်တံဆိပ်ပြားလည်း ရလိမ့်မယ်… ဒီတော့ မင်းမှာ ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်ချေရှိသွားပြီ… ဒါပေမယ့် မယူဘူးဆိုရင်တော့ ဒီသခင်လေးကို ရန်စမိသွားလိမ့်မယ်… မင်းအတွက် ဘာအကျိုးမှမရှိဘူး… အကျိုးအမြတ်ကို သေသေချာချာစဉ်းစား… ပြီးတော့မှ ဆုံးဖြတ်…”
ထိုစကားကိုကြားသည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းလူကြီး၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။
ရန်ကိုင်ပြောသည်မှာ အမှန်ပင်။ သူ့အနေဖြင့် ဝင်ခွင့်တံဆိပ်ပြားကို ယူယူ မယူယူ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကို ရန်စမိပေလိမ့်မည်။ ယူလိုက်မည်ဆိုလျှင်တော့ အနည်းဆုံး သူ့တွင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ချေ ရှိပေသေးသည်။ ဤသည်မှာ ရိုးရှင်းသည့် မေးခွန်းတစ်ခု ဖြစ်လေရာ ဘာကြောင့်များ ဤမျှရိုးရှင်းသည့် အဖြေကို အစောကြီးတည်းက မစဉ်းစားမိလိုက်ရလေသနည်း။
ချက်ချင်းဆိုသလို သက်လတ်ပိုင်းလူကြီးမှာ ဆုံးဖြတ်လိုက်တော့လေသည်။
လေပေါ်တွင်ရှိနေသော လီတုန်းကျန်းအား မော့ကြည့်ရင်းမှ သက်လတ်ပိုင်းလူကြီးက ပြောလိုက်လေ၏။ “စီနီယာလီ… ဂျူနီယာ စီနီယာနဲ့ တိုက်ခိုက်ချင်တာမဟုတ်ပါဘူး… ဒါပေမယ့် ဂျူနီယာလည်း မတတ်သာလို့ပါ… ကျေးဇူးပြုပြီး နားလည်ပေးပါနော် စီနီယာ…”
“ဟမ့်…” လီတုန်းကျန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေရာ ထိုလူ၏မျက်နှာ ထပ်မံဖြူလျော်သွားရပြန်လေသည်။ သို့သော်ငြား ဤအခြေအနေထိ ရောက်လာပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဆက်၍ တုံ့ဆိုင်းမနေသင့်တော့ပေ။ ချက်ချင်းပဲ အလယ်အလတ်အဆင့်အရင်းအမြစ်ကျောက် သန်းလေးဆယ်ကိုထုတ်ပေး၍ ဝင်ခွင့်တံဆိပ်ပြားကို လက်ခံယူထားလိုက်သည်။
ရန်ကိုင်သည် ထိုအလယ်အလတ်အဆင့်အရင်းအမြစ်ကျောက် သန်းလေးဆယ်ပါသည့် သိုလှောင်လက်စွပ်အား ပိရန်ယုချင်းဆီသို့ ပေးလိုက်ပြီးသည့်နောက် ထိုလူ၏အင်္ကျီကော်လံကို ပြန်လွှတ်ပေးလျက် ပြောလိုက်လေ၏။ “မင်း ဒီတံဆိပ်ပြားကို မင်းဘာသာမင်းသုံးလို့ရတယ်… အခြားလူတွေဆီတော့ လျှောက်ရောင်းလို့မရဘူး… အထူးသဖြင့် ဒီလူအိုကြီးကိုပဲ…” ရန်ကိုင်သည် လီကျန်းတုန်းကို လက်ညှိုးထိုး၍ ခြိမ်းခြောက်လိုက်လေသည်။ “မင်း သူ့ကို ရောင်းလိုက်မှန်း ငါကြားလိုက်ရတယ်ဆိုရင်တော့ ဟမ့်… မင်း သိပါတယ်…”
“ကျုပ်သိပါတယ် ကျုပ်သိပါတယ်… ကျုပ်ဘာသာကျုပ်ပဲ သုံးမှာပါ… ဘယ်သူ့ကိုမှ မရောင်းပါဘူး…” ထိုလူက အဆက်မပြတ်ကို ခေါင်းညိတ်နေခဲ့သည်။
“အခုသွားပေတော့…” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။
ရန်ကိုင်ဆီမှ ခွင့်ပြုချက်ရလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူမှာ လူအုပ်ကြီးကြားထဲသို့ တမုဟုတ်ချည်း တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ထိုဝင်ခွင့်တံဆိပ်ပြား ရောင်းထွက်သွားသည်ကို မြင်သော် လက်ကျန်လူများအဖို့ ဤနေရာတွင် ဆက်နေဖို့ရာ အကြောင်းအရင်း မရှိတော့ချေ။ ထို့ကြောင့် အလျင်အမြန် ထွက်ခွာသွားကုန်ကြလေသည်။
လီတုန်းကျန်းတစ်ဦးသည်သာ ကျန်နေခဲ့ပြီး ရန်ကိုင်အား မျက်လုံးမှေးစင်းလျက် စိုက်ကြည့်နေခဲ့လေသည်။ သူ့မျက်လုံးများထဲ အေးစက်စက်အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး “မိတ်ဆွေလေး… ဒီလူအိုကြီး မင်းကို ဘယ်လိုလုပ်ပြီး ရန်စမိလိုက်လို့ မင်း ငါ့ကို အခုလိုမျိုး အထူးတလည် ပစ်မှတ်ထားနေရတာလဲ…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဂိုဏ်းချုပ်လီ… ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ… ဒီရောက်နေပြီဆိုမှတော့ ပြောချင်ရာကို ပြောလိုက်စမ်းပါ… ဘာတွေ ဝေ့လည်ကြောင်ပတ် လုပ်နေတာလဲ…”
လီတုန်းကျန်းက ပြန်ပြောလိုက်လေသည်။ “မိတ်ဆွေလေး ဘာပြောချင်နေတာလဲ ငါနားမလည်ဘူး…”
“အဲ့လိုဆိုမှတော့ ဘာမှ ဆက်ပြောနေစရာအကြောင်း မရှိတော့ဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်က ပိရန်ယုချင်းဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “သွားကြရအောင်…”
အပိုင်း (၂၇၄၈)
ဘာသာပြန်သူ_တိမ်တိုက်
“နေပါဦး…” ရန်ကိုင်ထွက်သွားရန် ပြင်နေသည်ကိုမြင်သော် လီတုန်းကျန်းသည် အလျင်အမြန် အော်ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်လီ… ခင်ဗျား ဘာပြောချင်သေးလို့လဲ…” ရန်ကိုင်သည် လီတုန်းကျန်းဘက်သို့လှည့်၍ မေးလိုက်လေသည်။
လီတုန်းကျန်းက မျက်လုံးမှေးစင်း၍ ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ကာ မေးလိုက်လေသည်။ “ငါ့ရဲ့တပည့်သုံးယောက်… သူတို့ အခု ဘယ်မှာလဲ…”
“ဟမ်…” ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် လီတုန်းကျန်းအား စိုက်ကြည့်ရင်း “ဂိုဏ်းချုပ်လီ အဲ့အကြောင်း ဘာမှမသိဘူးလို့ ကျုပ်ထင်နေတာ… လက်စသတ်တော့ အဲ့သုံးယောက်ကိုပို့လိုက်တာ ဂိုဏ်းချုပ်လီကိုး…”
ပိရန်ယုချင်း၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး လီတုန်းကျန်းအား ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်ပြောသည်သာ အမှန်ဖြစ်မည်ဆိုပါက ခို့ဝူသေခဲ့ရခြင်း၏ တကယ့်တရားခံသည် လီတုန်းကျန်းဖြစ်ပေသည်။ သူသာ အမိန့်မပေးပါက သူမနှင့် ခို့ဝူတို့ ထိုလူသုံးဦး၏ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရလိမ့်မည်မဟုတ်ချေ။
ရန်ကိုင်၏အမေးကို ကြားသည့်အခါ လီတုန်းကျန်းက ဆက်ပြောလိုက်လေသည်။ “မင်း ငါမေးတာကို မဖြေရသေးဘူးနော်…”
“သိချင်လား…” ရန်ကိုင်က ပြုံးဖြီး၍ “ကိုယ့်ဘာသာ အဖြေရှာကြည့်လေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင် လှည့်ထွက်သွားလေသည်။
လီတုန်းကျန်း ဒေါသူပုန်ထသွားခဲ့သည်။ စိတ်ဝိဉာဉ်ရေကန်မြို့ထဲတွင် တိုက်ခိုက်ခြင်းအား တားမြစ်ထားသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်နှင့် တစ်ခါတည်း တိုက်ခိုက်ပြီးနေလောက်ပေပြီ။ ရန်ကိုင်ဆီသို့ပို့လိုက်သည့် သူ့တပည့်သုံးဦးအနက် တစ်ဦးမှာ သူ့မျိုးဆက်ဖြစ်ကာ သူ မျှော်လင့်ချက်ကြီးကြီးမားမား ထားထားရသူလည်း ဖြစ်သည်။ သို့သော်ငြား ရန်ကိုင်၏လေသံအရ ထိုလူသုံးဦးစလုံး၏အခြေအနေမှာ မကောင်းသည့်ပုံပင်။ ထိုသို့ဖြစ်လေရာ လီတုန်းကျန်း ဒေါသမထွက်ဘဲ ဘယ်နေပါမည်နည်း။
လီတုန်းကျန်းသည် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။ “ကောင်လေး… ငါ မင်းကို မြို့ပြင်မှာ မတွေ့စေနဲ့ပေါ့ကွာ… မဟုတ်ရင်တော့ မင်း သေပြီသာမှတ်ပေတော့…”
ရန်ကိုင်ကမူ ဂရုပင်မစိုက်ဘဲ သူ့ဘာသာသူ ဆက်သွားနေလေ၏။ ထို့အတွက်ကြောင့် လီတုးန်ကျန်းမှာ ကြိတ်မနိုင်ခဲမရ ဖြစ်ကာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
လီတုန်းကျန်းသည် တဖြည်းဖြည်းထွက်ခွာနေသော ရန်ကိုင်၏ကျောပြင်အား အမုန်းတရားဖြင့် မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ သူ့စိတ်ထဲ သူ့တပည့်သုံးဦး သေသွားခဲ့ရသည့်ကိစ္စအတွက် ကျိန်းသေ ပြန်လက်စားချေပေးရမည်ဟုလည်း တွေးနေခဲ့လေသည်။
“မင်းဘာတွေလုပ်နေတာလဲ… သွားပြန်တန်းစီ…”
စိတ်ဝိဉာဉ်ရေကန်နန်းတော်အရှေ့ဘက်တွင် ကောင်းကင်တိုက်ပွဲဒိုဂျိုဝတ်စုံကို ဝတ်ဆင်ထားသော တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည် ရန်ကိုင်အား မောက်မာတကြီးအမူအယာဖြင့် လှမ်းတားလိုက်လေသည်။
တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများအနက်မှ တစ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်နှင့်အညီ သူ့တွင် ဤကဲ့သို့ မောက်မာစရာ ကျောထောက်နောက်ခံရှိပေသည်။ ထို့အပြင် သူသည် ငယ်ငယ်လေးသာ ရှိပါသေးသော်ငြား တာအိုသခင်တတိယအဆင့်သို့ ရောက်နေခဲ့သည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် ဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်ချေမှာ အတော်လေးကိုမှ မြင့်ပေသည်။
ကြယ်ဝိဉာဉ်နန်းတော်၏ ဦးဆောင်မှုနှင့်အတူ တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းမှုဖြင့် စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို တည်ထောင်ခဲ့လေသည်။ စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို ထိုဂိုဏ်းသုံးဂိုဏ်းမှသာ ကြီးကြပ်ပေသည်။
ရန်ကိုင်သည် တံဆိပ်ပြားတစ်ခုကိုထုတ်၍ ထိုလူရှေ့၌ ဝှေ့ယမ်းပြလိုက်သည်။
ကောင်းကင်တိုက်ပွဲဒိုဂျိုတပည့်မှာ ချက်ချင်းပဲ ငြိမ်ကျသွားခဲ့ပြီး လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “အော်… နေမင်းပြာကျောင်းတော်က စီနီယာအစ်ကိုကိုး… စီနီယာအစ်ကိုကို ဘယ်လိုခေါ်ရမလဲ သိလို့ရမလား…”
ရန်ကိုင် လက်ရှိကိုင်ထားသည့် တံဆိပ်ပြားမှာ နေမင်းပြာကျောင်းတော်၏ နေမင်းပြာရွှေတံဆိပ်ပြား ဖြစ်ပေသည်။ ထိုတံဆိပ်ပြားကို နေမင်းပြာကျောင်းတော်၏ ပင်မတပည့်များကသာ ရရှိနိုင်ပေသည်။ ဤလူမှာ ကောင်းကင်တိုက်ပွဲဒိုဂျိုမှ တပည့်တစ်ယောက်ဖြစ်ပါသော်ငြား သူသည် အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်ပြီး ပင်မတပည့်နှင့် အလွန်ကိုမှ ကွာခြားပေသည်။ ရန်ကိုင် မည်သူမည်ဝါမှန်း သိသွားပြီးသည့်နောက် ထိုလူမှာ ယခင်ကကဲ့သို့ မမောက်ရဲတော့ပေ။
ထိုမြင်ကွင်းကိုကြည့်ရင်း ပိရန်ယုချင်းမှာတော့ အထင်အမြင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။ စိတ်ဝိဉာဉ်ရေကန်နန်းတော်၏ ဝင်ပေါက်ကို စောင့်ကြပ်နေကြသည့် ကျင့်ကြံသူများ မည်မျှ မောက်မာဝံ့ကြွားကြောင်းကို သူမ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးပေသည်။ ဧကရာဇ်အဆင့်ပညာရှင်များကိုပင်လျှင် ထိုတပည့်များမှာ အရေးစိုက်လေ့မရှိကြ။ ထို့အတွက်ကြောင့် ကောင်းကင်တိုက်ပွဲဒိုဂျိုမှတပည့် ရန်ကိုင်အား လက်သီးဆုပ်၍ ဦးညွှတ်နေသလို သူတို့ပြောသွားသည့်အကြောင်းအရာများကိုလည်း ကြားလိုက်ရပြီးသည့်နောက်တွင် ဥတုလေးမျိုးနယ်မြေထဲသို့ သွားစဉ်က ရန်ကိုင်သည် နေမင်းပြာကျောင်းတော်မှ တပည့်များနှင့် အတူတူ ရှိခဲ့သည်ဟူသော အချက်ကို ပိရန်ယုချင်း ရုတ်တရက် ပြန်သတိရသွားခဲ့သည်။
ထိုစဉ်ကတည်းက ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်နေသည့်ပုံပင်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် ရန်ကိုင်သည် သာမန်တပည့်တစ်ယောက်သာလျှင်မဟုတ်ဘဲ အတော်လေးကိုမှ အဆင့်မြင့်သည့် တပည့်တစ်ဦး ဖြစ်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ကောင်းကင်တိုက်ပွဲဒိုဂျိုမှ တပည့်သည် ရန်ကိုင်အပေါ် ဤမျှ ယဉ်ကျေးနေလိမ့်မည်မဟုတ်ပေ။
“ရန်ကိုင်…”
ဂိတ်ပေါက်ကို စောင့်ကြပ်နေသောတပည့် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သေသေချာချာစဉ်းစားကြည့်ပါသော်ငြား ရန်ကိုင်ဟူသောနာမည်ကို မကြားဖူးကြောင်း တွေ့ရှိလိုက်ရသည်။
ပုံမှန်အားဖြင့် နေမင်းပြာကျောင်းတော်၏ ပင်မတပည့်အားလုံးကို သူသိပေသည်။ သို့သော်ငြား ရန်ကိုင်ဟူသည့် နာမည်ကိုတော့ တစ်ခါမှမကြားဖူးချေ။ ထိုသို့ပင်ဖြစ်လင့်ကစား နေမင်းပြာရွှေတံဆိပ်ပြားမှာ အတုလုပ်၍မရသည့် တံဆိပ်ပြားတစ်ခု ဖြစ်သည့်အတွက်ကြောင့် ဤတံဆိပ်ပြားကို ကိုင်စွဲထားသည့် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ ပင်မတပည့်တစ်ဦး ကျိန်းသေ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်မှ ဥတုလေးမျိုးနယ်မြေထဲတွင် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့စဉ်က သူ့ဂုဏ်သတင်းမှာ တောင်ဘက်နယ်မြေအနှံ့ ကျော်ကြားသွားခဲ့ရလေသည်။ သို့သော်ငြား ထိုကိစ္စမှာ လွန်ခဲ့သောနှစ်အတော်ကြာက ဖြစ်သွားခဲ့ခြင်း ဖြစ်လေ၏။ ထို့အတွက်ကြောင့် လူတော်တော်များများမှာ ရန်ကိုင်၏နာမည်အား မေ့လျော့သွားကုန်ကြလေသည်။ ထို့အပြင် အချို့သောကျင့်ကြံသူများမှာလည်း အချိန်အတော်ကြာအောင် တံခါးပိတ်ကျင့်စဉ်ဝင်နေသည့် အတွက်ကြောင့် သူတို့အနေဖြင့် ရန်ကိုင်၏နာမည်အား တစ်ခါမှ မကြားဖူးသည်မှာ သဘာဝသာ ဖြစ်လေသည်။ လက်ရှိ ဂိတ်ပေါက်ကို စောင့်ကြပ်နေသည့် ကျင့်ကြံသူသည် ထိုကဲ့သို့သောလူများအနက် တစ်ဦးအပါအဝင် ဖြစ်လေသည်။
“ဒီတော့ စီနီယာအစ်ကိုရန်ပေါ့…” ထိုကျင့်ကြံသူမှာ ရန်ကိုင်ကို မမှတ်မိပါသော်ငြား ရန်ကိုင်ရှေ့တွင် မယဉ်မကျေး မလုပ်ရဲပေ။ “စီနီယာအစ်ကိုရန် အခုတစ်ကြိမ်လာတာ ဒီကကျင့်ကြံရေးအခန်းတွေကို သုံးချင်လို့လား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ကောင်းရွှယ်ထင်းမှ ရန်ကိုင်အား ဤနေမင်းပြာရွှေတံဆိပ်ပြားကို ပေးစဉ်က စိတ်ဝိဉာဉ်ရေကန်နန်းတော်တွင် ကောင်းကင်၊ မြေပြင်နှင့် သာမန်အဆင့် ကျင့်ကြံရေးအခန်းများအပြင် ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှ တပည့်များအတွက် အထူးတလည် ပြင်ဆင်ပေးထားသော ကျင့်ကြံရေးအခန်းများလည်း ရှိသည်ဟု ပြောခဲ့လေသည်။ ထိုကျင့်ကြံရေးအခန်းများကို ပြင်ပလူများအား အသုံးပြုခွင့် မပေးချေ။ သို့သော်ငြား ဤကဲ့သို့သော ရွှေတံဆိပ်ပြားနှင့်ဆိုလျှင်မူ ထိုကျင့်ကြံရေးအခန်းများ၌ အလကား သွားရောက်ကျင့်ကြံနိုင်ပေသည်။
ထို့ကြောင့်သာမဟုတ်ပါက ရန်ကိုင်သည် ပိရန်ယုချင်း၏ ကျောက်စိမ်းပြာတံဆိပ်ပြားကို ရောင်းခဲ့လိမ့်မည် မဟုတ်ချေ။ သူမအတွက် ပိုကောင်းသည့် အခန်းတစ်ခန်း ရှိနေမည်ဖြစ်လေရာ ဘာကြောင့်များ ကျောက်စိမ်းပြာတံဆိပ်ပြားကို လိုနေပါဦးမည်နည်း။
“စီနီယာအစ်ကိုရန်… ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ… စီနီယာအစ်ကိုကို ဘဏ္ဍာထိန်းနဲ့တွေ့လို့ရအောင် ကျုပ် ခေါ်သွားပေးပါမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ဂိတ်စောင့်သည် ရှေ့မှ ဦးဆောင်သွားလေ၏။
ရန်ကိုင်သည် ပိရန်ယုချင်းကို ခေါ်၍ ထိုလူနောက်မှ လိုက်သွားလေသည်။
ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ပိရန်ယုချင်း နားလည်နေလေပြီ။ ထို့အတွက်ကြောင့် သူမစိတ်ထဲ ရန်ကိုင်အား အတော်လေးကိုမှ ကျေးဇူးတင်မိသွားသည်။ တစ်ချိန်တည်းတွင်လည်း သူမရင်ထဲ ခါးသက်သက် ခံစားနေခဲ့ရလေသည်။ ကျောက်စိမ်းပြာတံဆိပ်ပြားလေး ရရန်အတွက်နှင့် အခက်အခဲပေါင်းစုံကို ကြုံခဲ့ရသလို သူမ၏ အဖိုးတန်ရတနာများစွာကိုလည်း ရောင်းချခဲ့ရသည်။ သို့တိုင် ကျင့်ကြံရေးအခန်းထဲသို့ တိုက်ရိုက်မဝင်နိုင်သေးဘဲ ရှစ်လတိတိ စောင့်ရန် လိုပေသေးသည်။ သို့သော်ငြား ရန်ကိုင်ကမူ ဤနေရာသို့လာ၍ သူ၏တံဆိပ်ပြားကို ထုတ်ပြလိုက်ရုံဖြင့် ကောင်းကင်အဆင့် ကျင့်ကြံရေးအခန်းတစ်ခန်းကို ရရှိခဲ့လေသည်။ ဤအချက်ကို တွေ့ရှိသွားပြီးသည့်နောက်တွင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ရသည်မှာ မည်မျှ လွယ်ကူအဆင်ပြေကြောင်း ပိရန်ယုချင်း တွေ့ရှိသွားရတော့သည်။ ထိုအချက်နှင့်ပတ်သက်၍ သူမစိတ်ထဲ ကူကယ်ရာမဲ့သလိုလည်း ခံစားခဲ့ရသည်။
အားကောင်းသည့်နောက်ခံသာ မရှိပါက ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားမည်ဆိုလျှင်ပင် သူမ၏ အဆင့်အတန်းမှာ ထိုထိပ်သီးဂိုဏ်းများမှ တပည့်များလောက် မြင့်မားချင်မှ မြင့်မားပေလိမ့်မည်။
“ခင်ဗျား ဘာလုပ်နေတာလဲ…” ရန်ကိုင်သည် ပိရန်ယုချင်းဘက်သို့လှည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ လက်ရှိအချိန်တွင် ပိရန်ယုချင်း၏ ပုံစံမှာ အနည်းငယ် မူမမှန် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
ရန်ကိုင်၏အော်ခေါ်သံကြောင့် ပိရန်ယုချင်း အသိပြန်ဝင်လာခဲ့ပြီး သူမ၏စိတ်အစုံအား စိတ်ဓာတ်ကျစရာအတွေးများမှ လွှမ်းမိုးနေကြောင်းကို တွေ့ရှိသွားရသည်။ ထိုကဲ့သို့သော စိတ်ဓာတ်မျိုးနှင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန် ကြိုးစားမည်ဆိုပါက အောင်မြင်နိုင်ချေ အလွန်ကိုမှ နည်းပေသည်။
ထို့အတွက်ကြောင့် ပိရန်ယုချင်းမှာ အတွေးများကို အသေအချာ ပြန်လည်စုစည်းလျက် စိတ်ကို ခိုင်ခိုင် ထားလိုက်တော့သည်။
ခို့ဝူသည် သူမအနေဖြင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်လို့ ရရန်အတွက် မိုးပြာရောင်တံဆိပ်ပြားကို မဆုံးရှုံးစေရန်အလို့ငှာ သူ့အသက်ကို စတေးပစ်ခဲ့သည်။ သူမသည်သာ ခို့ဝူမျှော်လင့်ထားသည့်အတိုင်း ဧကရာဇ်အဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပါက သူမသေသွားပြီးသည့်နောက် ခို့ဝူနှင့် မည်ကဲ့သို့များ မျက်နှာချင်း သွားဆိုင်ရပါမည်နည်း။
ခို့ဝူ၏သွေး မြေခခဲ့ရသည်မှာ အချည်းနှီးဖြစ်၍ မရပေ။
“ဘာမှမဟုတ်ပါဘူး…” ပိရန်ယုချင်းက ပြုံးလိုက်လေသည်။ ဘာကြောင့်မှန်းမသိ သူမစိတ်ထဲ ဘာမှန်းမသိရသော ယုံကြည်ချက်တို့ အလိုလို ထွက်ပေါ်လာခဲ့သည်။ ယခုနေ နေရာကောင်းကောင်းတစ်ခု ရှာ၍သာ အဆင့်ချိုးဖြတ်မည်ဆိုပါက ဧကရာဇ်အဆင့်သို့ ရောက်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းခန့် ရှိသည်ဟု ခံစားနေခဲ့ရလေသည်။ ယခင်ကသာဆိုလျှင်တော့ သူမအနေဖြင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန် တစ်ဆယ်ရာခိုင်နှုန်းလောက်သာ ရှိသည်ဟု ပြော၍ရသည်။ ထို့အတွက်ကြောင့် ဤသုံးဆယ်ရာခိုင်နှုန်းဆိုသည်မှာ အတော်လေးကိုမှ များသည့် ပမာဏတစ်ရပ် ဖြစ်ပေသည်။
ရန်ကိုင်သည် ပိရန်ယုချင်းအား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ကောင်းကင်တိုက်ပွဲဒိုဂျိုမှ တပည့်နောက်သို့ လိုက်သွားလေ၏။
ပိရန်ယုချင်းစိတ်ထဲ မည်သည့်အကြောင်းအရာများကို စဉ်းစားနေမှန်း သူမသိ။ သို့သော်ငြား ပိရန်ယုချင်း၏ စိတ်အစုံမှာ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကြောင်းကိုတော့ အာရုံခံမိပေသည်။ သူ့စိတ်ထဲ ထိုအချက်နှင့် ပတ်သက်၍လည်း ကျေနပ်မိပေ၏။
ကောင်းကင်တိုက်ပွဲဒိုဂျိုမှ တပည့်သည် ရန်ကိုင်နှင့် ပိရန်ယုချင်းအား အခန်းတစ်ခန်းဆီသို့ ခေါ်လာပြီးသည့်နောက် ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်ပါနော်… ကျုပ် ဘဏ္ဍာထိန်းကို သွားခေါ်လိုက်ပါဦးမယ်…”
“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
ထိုလူ ထွက်သွားလေ၏။
“ကျေးဇူးပဲ…” ပိရန်ယုချင်းက ရုတ်တရက် ပြောလိုက်သည်။ ဤသည်မှာ ရန်ကိုင်နှင့် ပြန်တွေ့ပြီးသည့်နောက် ရန်ကိုင်အပေါ် ဒုတိယအကြိမ်အဖြစ် ကျေးဇူးတင်ခြင်း ဖြစ်လေသည်။ သူမ ကျေးဇူးတင်သည့် အချိန်တိုင်းတွင်လည်း ရန်ကိုင်အပေါ် တကယ်ကို စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခြင်းသာ ဖြစ်လေသည်။ သူမ အသက်ရှင်လာသည့် သက်တမ်းတစ်လျှောက် မည်သူမှ သူမအပေါ် ဤမျှ မကြင်နာခဲ့ဖူးပေ။
ရန်ကိုင်က ပြုံးလျက် “ဘာမှမဟုတ်ပါဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် ပိရန်ယုချင်းဆီသို့ ကျောက်စိမ်းပုလင်းအချို့ ပစ်ပေးလိုက်လေ၏။
ပိရန်ယုချင်းသည် ကျောက်စိမ်းပုလင်းများကို လက်ခံယူထားလျက် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်ကာ “ဒါတွေ…”
“ကျင့်ကြံမယ်ဆိုရင် အဲ့ဒါတွေကို သုံးလိုက်…” ရန်ကိုင်က ရှင်းပြလိုက်သည်။
ပိရန်ယုချင်းသည် ကျောက်စိမ်းပုလင်းတစ်ပုလင်း၏ အဖုံးကို ဖွင့်၍ အထဲသို့ ကြည့်ကြည့်လိုက်လေသည်။ ရုတ်ချည်းဆိုသလို သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လျက် “ဒါက ဧကရာဇ်အဆင့်ဆေးလုံး…”
အခြားသော ကျောက်စိမ်းပုလင်းတစ်ပုလင်းကိုလည်း ထပ်မံဖွင့်ကြည့်လိုက်ရာ ထိုထဲတွင်လည်း နောက်ထပ်ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံး ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ပထမကျောက်စိမ်းပုလင်းထဲတွင် ပါဝင်သည့် ဆေးလုံးမှာ ၎င်း၏ပုံစံနှင့် သင်းရနံ့အရ ဒဏ္ဍာရီလာ စိတ်ငြိမ်ဆေးလုံးဖြစ်သည်မှာ သေချာပေသည်။ စိတ်ငြိမ်ဆေးလုံးသည် ကျင့်ကြံသူ၏စိတ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ကာ ကိုယ်တွင်းနတ်ဆိုးများနှင့် ရင်ဆိုင်ရခြင်းမရှိအောင် ကူညီပေးနိုင်သည့် ဆေးလုံးတစ်မျိုးဖြစ်ပေသည်။
အလားတူဆေးလုံးများကို ဈေးကွက်ထဲတွင် ဝယ်၍ ရပါသော်ငြား ဧကရာဇ်အဆင့်သို့ ရောက်နေသော စိတ်ငြိမ်ဆေးမှာတော့ အတော်လေးကိုမှ ရှာရခက်ပေသည်။ လက်ရှိဈေးကွက်ထဲတွင် အလွယ်တကူ ဝယ်၍ရသည့် စိတ်ငြိမ်ဆေးအမျိုးအစားမှာ တာအိုအလယ်အလတ်အဆင့် ဆေးလုံးဖြစ်လေရာ လက်ရှိ ဤကျောက်စိမ်းပုလင်းထဲတွင် ရှိနေသော စိတ်ငြိမ်ဆေးနှင့် လုံးဝကို အပုံကြီး ကွာပေသည်။
အခြားသောဆေးပုလင်းထဲတွင်တော့ ကောင်းကင်တာအိုဆေးလုံး ရှိနေခဲ့လေသည်။ ထိုဆေးလုံး၏ အာနိသင်မှာ ပို၍ပင် အံ့အားသင့်ဖွယ်ရာ ကောင်းလှသည်။ ထိုဆေးလုံးသည် ကျင့်ကြံသူတစ်ဦးအား ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ပို၍ လွယ်လွယ်ကူကူ ခံစားနိုင်အောင် ကူညီပေးနိုင်ပေသည်။
ထိုဆေးလုံးနှစ်လုံးဖြင့်သာဆိုပါက ဧကရာဇ်အဆင့်သို့ သူမ၏ ချိုးဖြတ်ဝင်ရောက်နိုင်ချေမှာ သုံးဆယ်ရာခိုင်နှုန်းမှ အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းခန့်ထိ မြင့်တက်သွားပြီဟု ပြော၍ရပေသည်။ သူမသည်သာ ယခုတစ်ကြိမ် ဧကရာဇ်အဆင့်သို့ မတက်ရောက်နိုင်ခဲ့ပါက နောက်နောင်လည်း တက်ရောက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
ကျောက်စိမ်းပုလင်းနှစ်ပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပိရန်ယုချင်း၏ စိတ်အစုံမှာ အတော်လေးကိုမှ မငြိမ်မသက် ဖြစ်နေလေသည်။ ထို့နောက်တွင် ရန်ကိုင်အား ဒွိဟဖြစ်နေသည့် အကြည့်ဖြင့် ကြည့်လျက် ပြောလိုက်လေသည်။ “ဒီလိုလက်ဆောင်အတွက် ငါ နင့်ကို ဘယ်လို ပြန်ကျေးဇူးဆပ်လို့ ဆပ်ရမယ်မှန်းတောင် မသိတော့ဘူး…”
“ကျုပ်က ခင်ဗျားဆီက ပြန်တောင်းမယ်လို့ ပြောလို့လား ကာကွယ်သူပိရန်…” ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်းမှ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် “ဒါပေမယ့် ခင်ဗျားဘက်က ပေးချင်တယ်ဆိုရင်တော့.... ဘာဖြစ်လို့ ကျုပ်ဂိုဏ်းထဲကို မဝင်တာလဲ…”
“နေမင်းပြာကျောင်းတော်လား…” ပိရန်ယုချင်း မှင်တက်သွားခဲ့လေသည်။ ဤသည်မှာ သူမအတွက် လက်ဆောင်တစ်မျိုး ဖြစ်လေရာ မည်ကဲ့သို့များ အကြွေးပြန်ဆပ်သည်နှင့် တူပါမည်နည်း။ သူမကဲ့သို့ နေမင်းပြာကျောင်းတော်ထဲသို့ ဝင်ချင်နေသည့် တပည့်ပေါင်း သောင်းနှင့်ချီကာ ရှိမနေဘူးဟု ပြောလျှင်ပင် အနည်းဆုံးတော့ ထောင်နှင့်ချီကာ ရှိပေသည်။ နေမင်းပြာကျောင်းတော်သည် တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေရာ သူမအနေဖြင့် ထိုဂိုဏ်းထဲသို့ မည်ကဲ့သို့များ ဝင်ချင်တိုင်း ဝင်နိုင်ပါမည်နည်း။
သူမသည်သာ နေမင်းပြာကျောင်းတော်ထဲသို့ ဝင်လိုက်မည်ဆိုပါက သူမ၏အဆင့်အတန်းမှာ အနိမ့်ဆုံးဖြစ်နေမည်ဆိုလျှင် သူမဘာသာ တစ်ကိုယ်တည်း လျှောက်သွားနေခြင်းထက်တော့ အများကြီး ပိုကောင်းပေသေးသည်။ အထူးသဖြင့် သူမကဲ့သို့ စွဲမက်ဖွယ်ရာမျက်နှာနှင့် ယစ်မူးဖွယ်ရာကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည့် မိန်းမချောလေးတစ်ဦးသည် ကိုယ့်ဘာသာကိုယ် လျှောက်သွားနေပါက အမျိုးမျိုးသောပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ပေသည်။ တစ်ခါတစ်ရံ သူမဘာသာသူမ အေးအေးဆေးဆေး ပုန်းလျှိုးကွယ်လျှိုးဖြင့် နေနေမည်ဆိုလျှင်ပင် ပြဿနာသည် သူမအိမ်တံခါးအား လာခေါက်နိုင်နေပေသေးသည်။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး… နေမင်းပြာကျောင်းတော်မဟုတ်ဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။
“မဟုတ်ဘူးလား…” ပိရန်ယုချင်း အံ့အားသင့်သွားခဲ့လေသည်။
ရန်ကိုင်က ပြုံးလျက် “ကျုပ် ဂိုဏ်းတစ်ဂိုဏ်းကို ထောင်ထားတယ်… အခုလောလောဆယ်တော့ ဂိုဏ်းက တည်ထောင်ထားတာ မကြာသေးတော့ ဂိုဏ်းသား ဆယ်ယောက်လောက်ပဲ ရှိသေးတယ်… ဆယ်ယောက်လောက်ပဲဆိုတော့ လူလိုနေတယ်လို့ပဲ ပြောရမှာပေါ့… ကာကွယ်သူပိရန် စိတ်ဝင်စားလားတော့ မသိဘူး…”
“စိတ်ဝင်စားတယ်…” ပိရန်ယုချင်းသည် တစ်ချက်မျှပင် စဉ်းစားမနေဘဲ ချက်ချင်း သဘောတူလိုက်လေသည်။ ရန်ကိုင်သည် သူမအား ဤမျှ ကူညီပေးထားပြီ ဖြစ်သည့်အတွက်ကြောင့် သူမအသက်ကို စတေးရမည်ဆိုလျှင်ပင် တုံ့ဆိုင်းနေလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်တည်ထောင်ထားသည့် ဂိုဏ်းထဲသို့ ဝင်ရန်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
ရန်ကိုင်တည်ထောင်ထားသည့် ဂိုဏ်းမှာ ထိုမျှအားကောင်းလိမ့်မည်ဟု ပိရန်ယုချင်းမထင်ပေ။ ရန်ကိုင်သည် အားကောင်းသည့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရသည်မှာ ထိုမျှ လွယ်ကူသည်မျှ မဟုတ်လေပဲ။ ထို့အပြင် လက်ရှိ ရန်ကိုင်၏ဂိုဏ်း၌ အဖွဲ့သား ဆယ်ဦးလောက်သာ ရှိနေလေရာ သူတည်ထောင်ထားသည့်ဂိုဏ်းမှာ အတော်လေးကိုမှ သေးငယ်သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်မှန်း သိသာလှသည်။ ရန်ကိုင်တည်ထောင်ထားသည့်ဂိုဏ်းမှာ ငှက်မွေးပြာဂိုဏ်းထက်ပင်လျှင် ပို၍ အခြေအနေဆိုးကောင်း ဆိုးနေလောက်ပေသည်။
ထိုသို့ဖြစ်လျှင်ရော ဘာအရေးနည်း။ သူတို့သည်သာ အတူတကွ ကြိုးစားလုပ်ဆောင်မည်ဆိုပါက ထိုဂိုဏ်းသည် အနာဂတ်တွင် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာနိုင်ပေသည်။ သူမသည်သာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားနိုင်မည်ဆိုပါက ရန်ကိုင်အား ပို၍ပင် အကူအညီပေးနိုင်ပေလိမ့်မည်။
“ခင်ဗျားသဘောတူတာ တယ်မြန်ပါလား…” ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။
ပိရန်ယုချင်းသည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်လျက် ပြုံးကာ ပြောလိုက်လေသည်။ “ငါက ကျေးဇူးကြွေးကို သိတဲ့လူပဲ… ဒီတော့ နင်စိတ်ပူမနေနဲ့… ဒီတစ်ကြိမ် တံခါးပိတ်ကျင့်စဉ် ဝင်တာကနေပြီးတော့ လုံလုံခြုံခြုံ ပြန်ထွက်လာနိုင်ခဲ့လို့ရှိရင် နင့်ဂိုဏ်းထဲကို ကျိန်းသေဝင်မယ်… ဒါပေမယ့် ငါ သေသွားခဲ့မယ်ဆိုရင်တော့ ငါ့ကံကြမ္မာပဲပေါ့…”
အပိုင်း (၂၇၄၉)
ဘာသာပြန်သူ_တိမ်တိုက်
ဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရသည်မှာ ထိုမျှ မလွယ်ကူ။ ဧကရာဇ်အဆင့်သို့ ချိုးဖျက်ရာတွင် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်ရနိုင်ကာ အမှားလေးတစ်ချက်သည် သေခြင်းတရားကို ဦးတည်သွားစေနိုင်ပေသည်။ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူပေါင်းများစွာသည် ဧကရာဇ်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားခဲ့ပါသော်ငြား မအောင်မြင်ခဲ့ဘဲ သေပွဲသာ ဝင်ခဲ့ရသည်။
ဝူတောက်သည်ပင်လျှင် တာအိုသခင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရာ၌ သေဆုံးခဲ့ရသည်ကို မမေ့သင့်ပေ။ သူသည် ဟုန်းလော့ကြယ်စီရင်စုကြီး၏ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ သို့တိုင် သူပင်လျှင် တာအိုသခင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရာ၌ မိုးမြေကောင်းချီးကို မခံနိုင်ဘဲ သေဆုံးခဲ့ရလေသည်။ ထိုတာအိုသခင်အဆင့်သို့ ချိုးဖျက်ရာတွင်ပင် ဤကဲ့သို့သော အန္တရာယ်များ ရှိနေလေရာ ဧကရာဇ်အဆင့်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
“အိုက်ယား… တူလေးရန်ပါလား… မင်းအကြောင်းကိုကြားနေတာ တော်တော်ကြာနေပြီ… မင်း ဒီနေ့ စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို လာလည်မယ်လို့ ငါ လုံးဝ မထင်ထားဘူး…” ထိုစဉ် အတွင်းဘက်ဆီမှ ယောက်ျားတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ အသက်ငါးဆယ်အရွယ်ခန့်ရှိမည့် သက်ကြီးပိုင်းလူတစ်ဦး သူ့ဆီသို့ လျှောက်လာနေကြောင်းကို တွေ့လိုက်ရလေသည်။ ထိုလူ၏တစ်ခေါင်းလုံးမှာ ဖြူဖွေးဆွတ်နေပြီး သူ့မျက်နှာမှာတော့ နီကျင့်ကျင့် ဖြစ်နေလေသည်။ ထို့အပြင် သူ့တစ်ကိုယ်လုံးမှာ အသက်ဓာတ်တို့ဖြင့် ပြည့်ဝနေခဲ့ပြီး သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာပင်လျှင် အတော်လေးကိုမှ အားကောင်းလှသည်။
(ဧကရာဇ်ပထမအဆင့်လား…) ရန်ကိုင် ချက်ချင်း ပြောလိုက်နိုင်လေသည်။
သို့သော်ငြား ဤလူသည် အဆင့်တူကျင့်ကြံသူများထက် ပို၍ အားကောင်းပေသည်။ အရှိန်အဝါသက်သက်သည်ကပင်လျှင် လီတုန်းကျန်းကဲ့သို့သောလူမျိုး ယှဉ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ဤလူအိုကြီးသာ လီတုန်းကျန်းနှင့် တစ်ယောက်ချင်း ယှဉ်တိုက်မည်ဆိုပါက လီတုန်းကျန်းကို အနိုင်ယူရန်အတွက် အမွှေးတိုင်တစ်ချောင်းစာပင် လိုလိမ့်မည်မဟုတ်ဟု ရန်ကိုင်ပြောနိုင်ပေသည်။
“စီနီယာက…” ရန်ကိုင်လည်း လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။
ထိုလူအိုကြီးက မုတ်ဆိတ်မွေးကိုပွတ်ရင်းမှ ပြုံးကာ ပြောလိုက်လေသည်။ “ဒီလူအိုကြီးက ကောင်းကင်တိုက်ပွဲဒိုဂျိုရဲ့ ယောင်လီပဲ…”
ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲဒိုဂျိုမှ လူများများစားစားကို မသိ။ ချန်ဝမ်ဟောင်မှလွဲ၍ ဝူချန်းတစ်ယောက်ကိုသာ သိပေသည်။ ထိုနှစ်ဦးမှလွဲ၍ အခြားမည်သူ့ကိုမှမသိ။ သို့သော်ငြား ယောင်လီ၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ပထမအဆင့် ဖြစ်သည့်အတွက်ကြောင့် သူသည် အနည်းဆုံးတော့ ကောင်းကင်တိုက်ပွဲဒိုဂျို၏ အကြီးအကဲတစ်ဦး ဖြစ်ရပေလိမ့်မည်။
ဤလူအိုကြီးမှာ သူ့စီနီယာဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း တလေးတစားဖြင့်သာ ဆက်ဆံလေသည်။
“ဒီတော့ အကြီးအကဲယောင်ပေါ့… ရန်ကိုင် အကြီးအကဲယောင်ကို နှုတ်ဆက်ပါတယ်…”
“ယဉ်ကျေးနေစရာမလိုပါဘူး… တူလေး ထိုင်ပါဦး…” ယောင်လီက ပြုံး၍ ရန်ကိုင်အား ထိုင်ရန် ပြောလိုက်လေသည်။
ချက်ချင်းဆိုသလို မိန်းမချောလေးတစ်ဦး သူတို့အား ရေနွေးကြမ်း လာရောက် တည်ခင်းပေးလေ၏။
ယောင်လီသည် ပြုံးလျက် ရန်ကိုင်အား စောင့်ကြည့်နေလေသည်။ ရန်ကိုင်နှင့်ပတ်သက်၍ အတော်လေး စိတ်ဝင်စားနေသည့်ပုံပင်။ တကယ်တော့ သူ့ရှေ့တွင်ရှိနေသည့် ဤလူငယ်လေးသည် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည့် လူငယ်လေး မဟုတ်ပေလော။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နိုင်ချေမှာ အတော်လေးကိုမှ မြင့်မားလှပေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲဒိုဂျို၏ အပိုင်မဟုတ်။ ရုတ်တရက် ယောင်လီ၏အကြည့်သည် ပိရန်ယုချင်းဆီသို့ ရောက်သွားခဲ့ပြီး ရန်ကိုင်ကိုကြည့်ကာ မေးလိုက်လေ၏။ “ဒါက…”
“ကျုပ်ရဲ့ အစ်မဝမ်းကွဲပဲ…” ရန်ကိုင်က ပြောလိုက်လေသည်။
ပိရန်ယုချင်းသည် ထိုင်ရာမှထ၍ ပြောလိုက်လေ၏။ “ကျွန်မ အကြီးအကဲယောင်ကို နှုတ်ဆက်ပါတယ်…”
ရန်ကိုင်သည် ထိုအကြောင်းကို သူမနှင့် ကြိုတင်ဆွေးနွေးထားခြင်း မရှိပါသော်ငြား ပိရန်ယုချင်းမှာတော့ အတိုင်ဖောက်ညီညီ သရုပ်ဆောင်နိုင်ခဲ့လေသည်။ သူမတစ်ဘဝလုံးကို အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသလို အပြင်လောကကြီးတွင် တစ်ဦးတည်း ကျင်လည်ခဲ့ရသူဖြစ်လေရာ ပိရန်ယုချင်းမှာ ဤမျှ တုံးအမနေခဲ့ပေ။
“ဒီတော့ တူလေးရန်ရဲ့ ဝမ်းကွဲပေါ့… အင်း ထိုင်ပါဦး..” ယောင်လီက ပြုံး၍ ပြောလိုက်လေသည်။
ယောင်လီ၏ ယခုကဲ့သို့ ဆက်ဆံပုံကြောင့် ပိရန်ယုချင်း၏ရင်ထဲ တလှပ်လှပ် ဖြစ်သွားခဲ့ရသည်။ ယောင်လီသည် သူမထက် အဆင့်အတန်း အများကြီး ပိုမြင့်သည့် လူတစ်ဦး ဖြစ်ကာ သူမအဖို့ မော်သာကြည့်ရသည့် လူတစ်ဦး ဖြစ်လေသည်။ သူမအနေဖြင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားနိုင်မည်ဆိုလျှင်ပင် ယောင်လီ၏အဆင့်အတန်းကို မီလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်ကြောင့် ယောင်လီနှင့် တစ်ဝိုင်းတည်းထိုင်ကာ ရေနွေးကြမ်း သောက်နိုင်ခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် သူမစိတ်ထဲ၌ ရန်ကိုင်နှင့်တွေ့ပြီးသည့်နောက်တွင် သူမ၏ကံကြမ္မာမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားသလို ခံစားနေခဲ့ရလေသည်။
“ငါ့တပည့်ဆီက ကြားတာ တူလေးရန်က ဒီမှာ ကျင့်ကြံရေးအခန်းတစ်ခန်း လိုချင်လို့ဆို…” ယောင်လီက လိုရင်းကို တန်းသွားလိုက်လေသည်။
ရန်ကိုင်သည် အတော်လေးကိုမှ အထင်ကြီးစရာကောင်းပါသော်ငြား ယောင်လီမှာ ကောင်းကင်တိုက်ပွဲဒိုဂျို၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ရန်ကိုင်အပေါ် ဘာမှဖားယားနေစရာမလိုပေ။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အကြီးအကဲယောင်… ဒီမှာ အပြင်လူတွေကို ပေးမဝင်တဲ့ အလကားကျင့်ကြံလို့ရတဲ့ ကျင့်ကြံရေးအခန်းတွေရှိသေးလား…”
ယောင်လီမျက်မှောင်ကြုတ်သွားခဲ့ပြီး တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် “တူလေးရန်… တူလေးရန်တောင်းနေတဲ့ ကျင့်ကြံခြင်းအခန်းကလေ တူလေးရန်ကိုယ်တိုင်သုံးဖို့လား… ဒါမှမဟုတ်…” ထိုသို့ပြောပြီးသည့်နောက် ပိရန်ယုချင်းဘက်သို့ လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်မှ ဘာမှမပြောလျှင်ပင် ရန်ကိုင် ပိရန်ယုချင်းကို ခေါ်၍ ဤနေရာသို့ လာခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ယောင်လီမှာ ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ပြောနိုင်ခဲ့လေသည်။
ရန်ကိုင်က အမှန်အတိုင်းပြောလိုက်လေ၏။ “ကျုပ်ဝမ်းကွဲရဲ့ ကျင့်ကြံခြင်းက တာအိုသခင်တတိယအဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်နေပြီလေ… ဒီတော့ သူသာ တံခါးပိတ်ကျင့်ကြံဖို့ နေရာကောင်းကောင်းတစ်ခု ရမယ်ဆိုလို့ရှိရင် ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်လောက်မှာ….”
ယောင်လီက ခေါင်းညိတ်လိုက်သည်။ “ထင်တဲ့အတိုင်းပါပဲလား…”
တစ်ချက်မျှရပ်ပြီးသည့်နောက် ယောင်လီက ဆက်ပြောလိုက်လေသည်။ “တူလေးရန်… ငါ မင်းကို မလိမ်တော့ဘူးကွာ… အပြင်လူတွေကို ပေးမဝင်တဲ့ ကျင့်ကြံရေးအခန်းက မင်းတို့လို ပင်မတပည့်တွေအတွက် ပြင်ဆင်ပေးထားတာဟုတ်တယ်… ဒါပေမယ့် ဆိုးသွားတာက အခုလောလောဆယ် အဲ့အခန်းတွေအကုန်လုံးက ပြည့်နေတယ်ကွ… မင်းသုံးဖို့အတွက်ဆိုရင်တော့ ငါ တစ်ယောက်ယောက်ကို ချက်ချင်း ဖယ်ခိုင်းလိုက်မှာ… ဒါပေမယ့် အခြားတစ်ယောက်အတွက်ဆိုတော့ ငါလည်း နည်းနည်းတော့ တိုင်ပတ်သွားပြီကွာ…”
“ပြည့်နေတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ သူ့စိတ်ထဲ တစ်ခုခု မူမမှန်သလို ခံစားလိုက်ရလေသည်။ စိတ်ဝိဉာဉ်ရေကန်နန်းတော်ရှိ မိုးမြေစွမ်းအင်မှာ အတော်လေးကိုမှ သိပ်သည်းကြွယ်ဝသလို ဤနေရာတွင် ပင်မတပည့်များအတွက် သီးသန့်ရေးအခန်းများမှာလည်း မဆိုးလှပါသော်ငြား ထိုအခန်းများသည် အများဆုံးမှ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းတွင် ရှိနေသော ကျင့်ကြံရေးအခန်းများနှင့်သာ ယှဉ်နိုင်ပေသည်။ ထိုသို့ဖြစ်လေရာ ထိုဂိုဏ်းများမှ ကျင့်ကြံသူများသည် ကိုယ့်အိမ်ကိုယ်ယာတွင် မကျင့်ကြံဘဲ ဘာကြောင့်များ ဤနေရာသို့ အလုပ်ရှုပ်ခံ၍ လာပြီး ကျင့်ကြံနေရလေသနည်း။
“ဟုတ်တယ်… ပြည့်နေတာ…” ယောင်လီက ခေါင်းညိတ်ပြလိုက်သည်။
ရန်ကိုင်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားတော့လေသည်။
အစကတော့ ဤနေရာတွင် လစ်လပ်နေသည့် ကျင့်ကြံရေးအခန်းတစ်ခန်း ရှိနေမည်ဟု ထင်လျက် ပိရန်ယုချင်း၏ မိုးပြာရောင်တံဆိပ်ပြားကို ရောင်းပစ်ခဲ့လေသည်။ ယခု ဤနေရာရှိ အလကားကျင့်ကြံ၍ရသော အခန်းများအားလုံးမှာ ပြည့်နေပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် ပိရန်ယုချင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆက်လုပ်လို့လုပ်ရမှန်း မသိတော့ပေ။
ယောင်လီက ဆက်ပြောလိုက်သည်။ “ဒါဆိုရင် ဒီလိုရော တူလေးရန်… ပင်မတပည့်တွေအတွက် အထူးတလည်ပြင်ဆင်ပေးထားတဲ့အခန်းတွေက ပြည့်နေပြီဆိုပေမယ့် ငါ မင်းအတွက် ကောင်းကင်အဆင့် အခန်းတစ်ခန်း ပြင်ပေးလို့ရတယ်… အဲ့ဒါဆိုရင်ရော… ကောင်းကင်အဆင့် ကျင့်ကြံရေးအခန်းတွေကလည်း မဆိုးပါဘူး… အဲ့အခန်းတွေရဖို့အတွက် တန်းစီစောင့်နေတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေမှ အများကြီး… သူသာ အဲ့အခန်းတစ်ခန်းထဲမှာ သွားကျင့်ကြံမယ်ဆိုရင် မင်းရဲ့ဝမ်းကွဲလည်း အဆင်ပြေလောက်မှာပါ…”
ဤကဲ့သို့ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဘာများ ပြန်ပြောနိုင်ပါဦးမည်နည်း။ သူ့အနေဖြင့် ယောင်လီအား ထိပ်တန်းဂိုဏ်းမှ တပည့်များအတွက် အထူးတလည်ပြင်ဆင်ပေးထားသော အခန်းတစ်ခန်းကို ချက်ချင်း မရ ရအောင် လုပ်ပေးပါဟု သွားပြော၍မှ မရလေဘဲ။ ထိုအခန်းများတွင် ကျင့်ကြံနိုင်သည့် တပည့်များမှာ ဂိုဏ်းအသီးသီး၏ ထိပ်တန်းတပည့်များ ဖြစ်ကြလေရာ မည်သူမှ သူ့အောက် အဆင့်အတန်းနိမ့်ကျခြင်း ရှိမနေခဲ့ပေ။ ရန်ကိုင်သာ ထိုကဲ့သို့ သွားရောက်တောင်းဆိုမည်ပါက ယောင်လီ သဘောတူတူ မတူတူ ဂိုဏ်းများအကြား ပဋိပက္ခတို့ ကျိန်းသေ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ယောင်လီသည် ကောင်းကင်တိုက်ပွဲဒိုဂျို၏ အကြီးအကဲတစ်ဦး ဖြစ်လေရာ လက်ရှိ သူမှ ရန်ကိုင်အပေါ် ဆက်ဆံနေသည့် ပုံစံမှာ အတော်လေးကိုမှ ကောင်းမွန်နေပြီဟု ပြော၍ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သာ တစ်ဖက်လူအား အတင်းအကြပ် သွားဖိအားပေးပါက နှစ်ဦးနှစ်ဖက်အတွက် ကသိကအောက် ဖြစ်စရာများ ဖြစ်ကုန်ပေလိမ့်မည်။
“ဒါဆို ကျုပ်တို့ ဘယ်လောက်စောင့်ရမှာလဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။
ယောင်လီက ပြုံး၍ ပြန်ပြောလိုက်သည်။ “မစောင့်ရဘူး… ဒီနေ့ပဲရတယ်…”
“ဝမ်းကွဲ… နင်ရော ဘယ်လိုထင်လဲ…” ရန်ကိုင်သည် ပိရန်ယုချင်းဘက်သို့လှည့်၍ မေးလိုက်လေသည်။
ပိရန်ယုချင်းက ပြန်ပြောလေ၏။ “နင်ပဲဆုံးဖြတ်လိုက်…”
ယခင်ကတော့ မြေကမ္ဘာအဆင့် ကျင့်ကြံရေးအခန်းလေးတစ်ခန်း ရရန်အတွက်နှင့် နှစ်လလောက် စောင့်ရန် လိုအပ်ခဲ့သည်။ သို့သော်ငြား ယခုမူ ရန်ကိုင်၏အကူအညီကြောင့် ကောင်းကင်အဆင့် ကျင့်ကြံရေးအခန်းထဲသို့ ချက်ချင်း ဝင်ခွင့်ရပေတော့မည်။ သူမ မပျော်ဘဲ နေမည်လား။
ပိရန်ယုချင်း အထွန့်မတက်သည်ကို မြင်သော် ရန်ကိုင်လည်း ထိုအစီအစဉ်တိုင်းသာ သွားရန် ဆုံးဖြတ်လိုက်လေသည်။ ရန်ကိုင်မှ သဘောတူတော့မည်အပြု အပြင်ဘက်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည်။ “အခန်းတွေပြည့်နေတာလား… မဟုတ်သလိုပဲနော်… ကျုပ်မှတ်မိသလောက်ဆိုရင် လွတ်နေတဲ့အခန်းတစ်ခန်း ရှိပါတယ်…”
ထိုအသံကို ကြားလိုက်သည့်အခါ ရန်ကိုင် အနည်းငယ် ကြောင်သွားခဲ့လေသည်။ မော့ကြည့်လိုက်လေရာ ယဲ့ယဲ့လေးပြုံးလျက် ရပ်နေသည့် ရင်းနှီးနေသည့် လူတစ်ဦးကို မြင်လိုက်ရလေသည်။
“စီနီယာအစ်ကိုရှပါလား…” ရန်ကိုင်လည်း ချက်ချင်းထရပ်၍ ရှရှန်းအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ “မင်း ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ…”
နေမင်းပြာကျောင်းတော်၏ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ ရှရှန်းသည် ကြယ်ပျက်ပင်လယ်ထဲတွင်ပင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ကာ ယခုဆိုလျှင် မြောက်ဘက်နယ်မြေ၌ နာမည်ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့လေပြီ။ အနှေးနှင့်အမြန်ဆိုသလို ရှရှန်းမှာ ဧကရာဇ်ဒုတိယအဆင့်သို့ တက်ရောက်နိုင်ပေလိမ့်မည်။ ဧကရာဇ်တတိယအဆင့်သို့ပင်လျှင် ရောက်ကောင်းရောက်နိုင်ပေသည်။
ဤနေရာတွင် ရှရှန်းအား လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် ရှရှန်းကို မြင်လိုက်ရသည့်အခိုက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားရလေ၏။
သို့သော်ငြား ယောင်လီကမူ ရှရှန်းအား မြင်ပြီးသည့်နောက် အနည်းငယ် မျက်စိပျက်မျက်နှာပျက် ဖြစ်သွားလေ၏။
“မင်းရဲ့စီနီယာအစ်ကိုက စိတ်ဝိဉာဉ်ရေကန်နန်းတော်ရဲ့ ဘဏ္ဍာထိန်း သုံးဦးထဲက တစ်ယောက်လေ… ဒီတော့ ငါက ဒီမှာ တစ်နှစ်ပတ်လုံး ရှိနေတာပေါ့…” ရှရှန်းက ပြုံး၍ ပြောလိုက်သည်။
“ဘဏ္ဍာထိန်းသုံးဦး…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။
တစ်ချက်မျှ စဉ်းစားကြည့်ပြီးသည့်နောက် ချက်ချင်း နားလည်သွားခဲ့သည်။ စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို ဂိုဏ်းသုံးဂိုဏ်းမှ အတူပူးပေါင်း ကြီးကြပ်နေလေရာ ဂိုဏ်းတစ်ဂိုဏ်းချင်းစီသည် သူတို့၏တပည့်များ မမျှမတ ဆက်ဆံမခံရစေရန်အတွက် ဘဏ္ဍာထိန်းမှူးတစ်ဦးစီကို စေလွှတ်ထားပေလိမ့်မည်။ တစ်ချိန်တည်းတွင်လည်း ဘဏ္ဍာထိန်းမှူးများသည် စိတ်ဝိဉာဉ်ရေကန်နန်းတော်၏ ဝင်ခွင့်ကို ကြီးကြပ်ရပေသည်။
ကောင်းကင်တိုက်ပွဲဒိုဂျိုမှ တပည့် ရန်ကိုင်အား ဤနေရာသို့ ခေါ်လာစဉ်က ရန်ကိုင်ကို ဘဏ္ဍာထိန်းနှင့် တွေ့ရအောင် ခေါ်သွားပေးမည်ဟု ပြောခဲ့သည်။ ထို့နောက်တွင် ယောင်လီပေါ်လာခဲ့လေသည်။ ထိုစဉ်က ရန်ကိုင် များများစားစား စဉ်းစားခဲ့ခြင်း မရှိခဲ့။ ယောင်လီသည် စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို ကြီးကြပ်နေသည့်လူ ဖြစ်သည်ဟုသာ တွေးခဲ့လေသည်။ သို့သော်ငြား ယခုမူ ထိုသို့မဟုတ်သည့်ပုံပင်။
“ကျောင်းသခင်က မင်းကို ဒီမှာ တကယ်ကြီး နေခွင့်ပေးတာလား…” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။
ရှရှန်းက ပြန်ပြောလိုက်သည်။ “ငါ အဆင့်ချိုးဖြတ်တာ မကြာသေးတော့ လောကကြီးရဲ့ အတွေ့အကြုံရအောင် လုပ်ရမယ်လို့ ကျောင်းသခင်ကပြောတယ်… အဲ့နည်းနဲ့မှ ငါ့ရဲ့ကျင့်ကြံခြင်းကို ကျစ်လျစ်သွားနိုင်မှာတဲ့… ဒါကြောင့်ပဲ ငါ့ကို ဒီကို ပို့လိုက်တာ…”
ထိုသို့ပြောပြီးသည့်နောက် သူ့ခမျာ ခက်ခက်ခဲခဲ အလုပ်တစ်ခုကို လုပ်နေရသည့်အလား ရှရှန်း၏မျက်နှာ ခါးသက်သက် ဖြစ်သွားခဲ့လေသည်။
“ကျောင်းသခင်နဲ့ အကြီးအကဲကောင်း ဘယ်လိုနေလဲ…” ရန်ကိုင်က မေးလိုက်လေသည်။
“နှစ်ယောက်စလုံး အဆင်ပြေပါတယ်… ဒါပေမယ့် မင်းကတော့ နှစ်တွေအများကြီး ပျောက်သွားလိုက်တာ စကားလေးတစ်ခွန်းတောင် ဘာမှပြန်မကြားရဘူး…”
ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် “ပြဿနာလေးတွေ နည်းနည်းပါးပါး ရှုပ်နေလို့ပါကွာ… အခုတစ်ကြိမ် တောင်ဘက်နယ်မြေကို ပြန်ရောက်တုန်းလေး တစ်ခါတည်း သွားလည်ဖို့ စဉ်းစားထားပြီးသား…”
ရှရှန်းက လေသံကို တိုးတိုးဖြင့် ပြောလိုက်လေသည်။ “မင်းပြန်သွားလို့ရှိရင် အကြီးအကဲကောင်းနဲ့ မတွေ့မိအောင် နေနော်… အကြီးအကဲကောင်းကတော့ ပြောထားတယ်… နောက်တစ်ကြိမ် ကျေးဇူးမသိတတ်တဲ့ ဝံပုလွေတွေနဲ့ တွေ့လို့ရှိရင် ကျိန်းသေ အရေစုတ်ပစ်မယ်တဲ့…”
“ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်ရမှာလဲ…” ရန်ကိုင်၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။
ရန်ကိုင် ဒုက္ခရောက်နေသည့်အပေါ် ဝမ်းသာအားရ ဖြစ်နေသည့်အလား ရှရှန်းက ဆက်ပြောလိုက်သည်။ “အဲ့ဒါတော့ ငါမသိဘူး… အကြီးအကဲကောင်းကတော့ အဲ့လိုပြောတာပဲ… မင်းလည်း အကြီးအကဲကောင်းရဲ့စိတ်ကိုသိတာပဲ…” ပြောနေရင်းမှ ရှရှန်းသည် အနည်းငယ် တုန်ရီသွားခဲ့လေသည်။ “ဒါနဲ့ ငါ မင်းကို သတင်းဆိုးတစ်ခု ပြောရဦးမယ်… အကြီးအကဲကောင်း ဧကရာဇ်ဒုတိယအဆင့်ကို လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ရောက်သွားတယ်… ဒီတော့ မင်း ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင် အကြီးအကဲကောင်းကို နိုင်မှာမဟုတ်ဘူး…”
“အကြီးအကဲကောင်း အဆင့်ချိုးဖြတ်သွားပြီလား…” ရန်ကိုင် အံ့အားသင့်မိသွားသလို ကောင်းရွှယ်ထင်းအတွက်လည်း ဝမ်းသာမိသွားလေသည်။ ယခင်တစ်ကြိမ်တွင် သူမအား အရှေ့ဘက်နယ်မြေတွင် တွေ့လိုက်ရစဉ်က ကောင်းရွှယ်ထင်းသည် ဆေးဥယျာဉ်များ စိုက်ပျိုးထားသည့် ကမ္ဘာငယ်လေးထဲတွင် ပိတ်မိနေခြင်းသာ ဖြစ်ပေသည်။ ထိုစဉ်က သူမသည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးခဲ့သည်။ ယခု နှစ်အနည်းငယ်လေးအတွင်း ဧကရာဇ်ဒုတိယအဆင့်သို့ ထပ်ရောက်သွားနိုင်လိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။
“မင်းကံကောင်းပါစေကွာ…” ရှရှန်းသည် ရန်ကိုင်အား ကရုဏာသက်နေသည့်အမူအယာဖြင့် သူ့ပုခုံးအား ပုတ်ပေးလိုက်လေသည်။
“ဒါနဲ့ စီနီယာအစ်ကို… မင်း ခုနတုန်းကပြောတဲ့ အခန်းတစ်ခန်းလွတ်နေတယ်ဆိုတာ ဘာကိုပြောတာလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ယောင်လီသည် သူ့အား အခန်းများပြည့်နေသည်ဟု ပြောခဲ့ပြီး ရှရှန်းကမူ တစ်ခန်းလွတ်နေသည်ဟု ပြောခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားရတော့လေသည်။
ရှရှန်းကပြုံးလျက် ယောင်လီကိုကြည့်ကာ “ကျင့်ကြံရေးအခန်းက စုစုပေါင်း ကိုးခန်းရှိတယ်… ဂိုဏ်းတစ်ဂိုဏ်းကို သုံးခန်းစီ… အရင်တစ်ခေါက် ငါစစ်ကြည့်တုန်းက နေမင်းပြာကျောင်းတော်ရဲ့ အခန်းတွေထဲက နှစ်ခန်းကိုပဲ သုံးရသေးတယ်… ဘယ်လိုလုပ်ပြီး အခုနောက်ဆုံးတစ်ခန်းက လူရှိသွားရတာလဲ… ဘဏ္ဍာထိန်းယောင်… နေမင်းပြာကျောင်းတော်ရဲ့ ဘယ်တပည့် အခု တံခါးပိတ်ကျင့်စဉ်ဝင်သွားလဲ ကျုပ် သိလို့ရမလား…”
ထိုအမေးကိုကြားသော် ရန်ကိုင် ပို၍ မျက်မှောင်ကြုတ်သွားခဲ့လေသည်။
အစောပိုင်းက စိတ်ဝိဉာဉ်ရေကန်နန်းတော်မှ အထူးအခန်းများကို ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှ တပည့်များအတွက် အထူးတလည် ပြင်ဆင်ပေးထားကြောင်း သိခဲ့ရသည်။ အသေးစိတ်ကိုတော့ မသိခဲ့ရပေ။ သို့သော်ငြား ယခု ရှရှန်းပြောသွားသည်ကို နားထောင်ပြီးသည့်နောက် ဂိုဏ်းတစ်ဂိုဏ်းစီအတွက် အခန်းသုံးခန်းအထိ ပြင်ဆင်ပေးထားသည့်ပုံပင်။ ထို့အပြင် ရှရှန်းနှင့် ယောင်လီတို့ပြောပုံကို ကြည့်ရသလောက်တွင် သူတို့နှစ်ဦးမှာ သိပ်မတည့်ကြသည့်အလား။
ထိုအခါမှသာလျှင် ယောင်လီသည် သူ့နဖူးကိုပုတ်၍ ပြုံးကာ ပြောလိုက်လေသည်။ “ဟုတ်သားပဲ ဘဏ္ဍာထိန်းရှ… မင်းသာမပြောရင် ငါ မှတ်မိတော့မှာမဟုတ်ဘူး… အခု သေချာပြန်စဉ်းစားကြည့်လိုက်တော့မှပဲ မင်းတို့အခန်းတစ်ခန်းက လွတ်နေသေးမှန်း သတိရတော့တယ်… အသက်တွေကြီးလာတော့ မေ့တတ်လိုက်တာကွာ…”
ရန်ကိုင်မျက်နှာ တမုဟုတ်ချည်း သုန်မှုန်သွားခဲ့လေသည်။ အစောပိုင်းက ယောင်လီအပေါ် အကောင်းမြင်နေသည့် စိတ်ကလေးမှာလည်း ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကွယ်သွားရတော့လေ၏။
အပိုင်း (၂၇၅၀)
ဘာသာပြန်သူ_တိမ်တိုက်
ယနေ့တွင်သာ ရှရှန်းပေါ်လာပြီး သူ့အား အမှန်အတိုင်း မပြောခဲ့ပါက ရန်ကိုင်သည် ယောင်လီ၏ လှည့်စားခြင်း ခံရပြီး ထိုကဲ့သို့ လှည့်စားခံရသည့်တိုင် ယောင်လီအပေါ် ကျေးဇူးတင်နေမိပေလိမ့်မည်။ သီးသန့်ခန်းနှင့် ကောင်းကင်အဆင့်အခန်းမှာ သိသိသာသာ ကွာခြားခြင်း မရှိသော်ငြား အဆင့်ချိုးဖျက်ဝင်ရောက်သည့် အခါမျိုးတွင် အနည်းငယ်သော ကွာခြားချက်လေးသည်ကပင်လျှင် အောင်မြင်မလား၊ မအောင်မြင်မလား ဆိုသည်ကို အဆုံးအဖြတ်ပေးနိုင်ပေသည်။
အဆင့်တက်ရာ၌ မိမိဘက်က ပြင်ဆင်နိုင်သမျှ ပြင်ဆင်ထားသည်မှာ အကောင်းဆုံး ဖြစ်ပေသည်။
“အခုတလော အလုပ်တွေ များနေတာနဲ့ ဒီလို ကိစ္စမျိုးတွေကိုတောင် မေ့မေ့လျော့လျော့ ဖြစ်ကုန်ပြီကွာ တူလေးရန်ရာ။ မင်းတို့ နေမင်းပြာကျောင်းတော်မှာ အခန်းတစ်ခန်း ကျန်နေသေးတာကို ငါတကယ်ကြီး မေ့သွားတယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါကွာ” ယောင်လီက မျက်နှာတည်ဖြင့် ပြောလိုက်သည်။
သို့သော်ငြား မည်ကဲ့သို့များ ထိုကဲ့သို့ အမှားမျိုး ဖြစ်ရလေသနည်း။ အခန်းသည် စုစုပေါင်းမှ ကိုးခန်းသာ ရှိလေရာ ယခုကဲ့သို့ ကိစ္စမျိုးကို ဧကရာဇ်အဆင့် ပညာရှင် တစ်ဦး ဖြစ်လျက်နှင့် မေ့စရာအကြောင်း မရှိချေ။
ရန်ကိုင်က အေးစက်စက် မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည် “ဘဏ္ဏာထိန်းယောင် အခု မှတ်မိသွားပြီဆိုရင်တော့ ကိစ္စမရှိပါဘူး”
ယောင်လီက အလျင်အမြန် ဆက်ပြောလိုက်သည် “ဒါပေမယ့် အဲ့အခန်းတွေက ထိပ်တန်းဂိုဏ်းက ပင်မတပည့်တွေကိုပဲ သုံးခွင့်ပေးထားတာ။ အခြားဘယ်သူ့ကိုမှ သုံးခွင့် ပေးတာ မဟုတ်ဘူး။ ဘဏ္ဏာထိန်းရှောင်လည်း အဲ့အကြောင်းကို သိတာပဲ။ ဒီတော့၊ တူလေးရန်၊ မင်းရဲ့ ဝမ်းကွဲကို အဲ့မှာ သွားကျင့်ကြံစေချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်”
“ကျုပ်ဘာသာသုံးမှာ” ရန်ကိုင်သည် ရှရှန်းဘက်သို့လှည့်၍ “ဒါပေမယ့် ငါ့ဝမ်းကွဲကိုပါ ငါနဲ့အတူ ခေါ်သွားမယ်။ အဲ့ဒါဆို ရတယ်မလား”
ရှရှန်းက ပြုံးဖြီးလျက် “ရတာပေါ့”
ထို့နောက်တွင် ယောင်လီဘက်သို့လှည့်၍ “ဘဏ္ဏာထိန်းယောင်၊ ဒီကိစ္စနဲ့ ပက်သက်ပြီး တစ်ချက် စီစဉ်ပေးပါဦး”
ရှရှန်းမှ သူ့အား အမိန့်ပေးကာ ခိုင်စေလင့်နေကစား ယောင်လီမှာတော့ မကျေနပ်သည့် အရိပ်အယောင် မပြရဲခဲ့ဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည် “အခုချက်ချင်း သွားပြင်လိုက်မယ်”
ထိုသို့ ပြောပြီးသည့်နောက် ထွက်သွားလေ၏။ ထွက်သွားသည့် ယောင်လီ၏ ကျောပြင်ကို ကြည့်ရင်း ရန်ကိုင်သည် ယနေ့တွင် ရှရှန်းနှင့် လာတိုးမိသည့်အပေါ် ဝမ်းသာနေမိခဲ့သည်။
“အဲ့လူကြီး ငါပြောတာကို ဘာလို့ နားထောင်လဲ မင်းသိချင်လား” ရရှန်းက ပြုံး၍ မေးလိုက်လေသည်။ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
ရှရှန်းက ရှင်းပြလိုက်လေသည် “ပုံမှန်ဆိုရင် အဲ့အခန်းကိုးခန်းစလုံးက ဂိုဏ်းက တပည့်တွေနဲ့ ပြည့်နေလေ့မရှိဘူး။ ထိပ်တန်းဂိုဏ်းက ပင်မတပည့်တွေ အများစုက ဂိုဏ်းမှာပဲ ကျင့်ကြံကြတာလေ။ ဒီတော့ သူတို့တွေ လာမသုံးတုန်း၊ ဘဏ္ဏာထိန်းတွေက အခြားလူတွေကို ငှားလိုက်တယ်။ အဲ့လိုမလုပ်ရင် သူတို့ရဲ့ မျိုးဆက်တွေကို အဲ့အခန်းတွေမှာ လာကျင့်ကြံခိုင်းတယ်။ ပုံမှန်ဆိုရင်တော့ သူတို့တွေ လုပ်နေတာကို ငါမပြောဘူး။ ဒီအတိုင်းပဲ မသိချင်ယောင် ဆောင်နေလိုက်တယ်။ ဒါပေမယ့် အခုက မင်းနဲ့ ပက်သက်နေတာဆိုတော့ ငါဒီအတိုင်း ရပ်ကြည့်နေလို့ မဖြစ်တော့ဘူးလေ”
“ငါနားလည်သွားပြီ” ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။
“သွားကြရအောင်၊ ငါမင်းကို ခေါ်သွားပေးမယ်” ရှရှန်းက သွားရင်းမှ ပြောလိုက်သည်။
အခန်းဆီသို့ သွားနေစဉ်အတွင်း သူတို့ဆီသို့ လူနှစ်ဦး လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ တစ်ဦးမှာ ယောင်လီဖြစ်ပြီး အခြားတစ်ဦးမှာတော့ ဒေါသထွက်နေသည့် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ ရန်ကိုင်တို့ မြင်သည့်အခိုက်၊ ရန်ကိုင်နှင့် ပိရန်ယုချင်အား မုန်းတီးစွာ တစ်ချက်မျှ စိုက်ကြည့်လိုက်ပြီးနောက် ချက်ချင်း အကြည့် လွှဲဖယ်သွားခဲ့သည်။
ထိုလူသည် ဤသီးသန့်ခန်းတွင် ကျင့်ကြံနိုင်ခွင့် ရရန်အတွက် ငွေကြေးများစွာကို အသုံးပြုခဲ့ရရုံမက အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်ငြား ထိုသီးသန့်ခန်း၌ ဆယ်ရက်ပြည့်အောင် မကျင့်ကြံနိုင်သေးခင်မှာပင် သူ့အနေဖြင့် ဤအခန်းကို ဆက်သုံး၍ မရတော့ဟု ယောင်လီမှ ပြောလာခဲ့လေသည်။ ထိုလူ ဒေါသမထွက်ဘဲ နေမည်လား။
သို့ရာတွင် သူတို့စိတ်ထဲ မည်သို့ပင် ဒေါသထွက်နေစေကာမူ ရန်ကိုင်ရော၊ ယောင်လီကိုပါ ဒေါသ သွားမထွက်ရဲခဲ့ချေ။ ထိုလူနှစ်ဦးစလုံးမှာ သူရန်စနိုင်သည့် လူများမဟုတ်ကြသဖြင့် သူ့ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။
ကံကောင်းစွာဖြင့် နောက်ထပ် အခန်းလွတ်တစ်ခန်း ရှိလာပါက သူ၏ လက်ကျန်အချိန်များကို ထိုအခန်းတွင် ကျင့်ကြံခွင့်ပေးမည်ဟု ယောင်လီမှ ပြောလာခဲ့လေသည်။ တစ်ဦးနှင့်တစ်ဦး ဖြတ်သွားစဉ် ယောင်လီသည် ဘာမှ ဖြစ်မသွားသည့်အလား ရှရှန်းတို့ကိုပင် ပြုံးပြသွားခဲ့သေးသည်။
မကြာမီတွင် ရန်ကိုင်တို့သုံးဦး ကျောက်တုံးတံခါးတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ ရှရှန်းသည် တံဆိပ်ပြားတစ်ခုကိုထုတ်၍ ဧကရာဇ်ချီကို ထိုထဲသို့ ထည့်သွင်းကာ ကျောက်တံခါးရှေ့ ဝှေ့ရမ်းလျက် အခန်းတံခါးကို ဖွင့်လိုက်လေသည်။
ရှရှန်းက ပြောလိုက်သည် “ပုံမှန်အားဖြင့် သီးသန့်ခန်းတွေကို တစ်ယောက်ကို တစ်လပဲ အသုံးပြုခွင့်ပေးထားတယ်။ ပင်မတပည့်တွေတောင် ချွင်းချက်မဟုတ်ဘူး။ ဒါပေမယ့် မင်းကတော့ နှစ်လ ကျင့်ကြံလို့ရတယ်”
ရန်ကိုင်က ပြန်မေးလိုက်သည် “ဘာလို့လဲ”
ရှရှန်းက ပြုံးလျက် “ဒီကောင်တွေလက်က သန့်ရှင်းတာမှမဟုတ်တာ။ သူတို့ သွားပြန်တိုင်မှာကို ကြောက်နေစရာလား” ပြောနေရင်းမှ ရန်ကိုင်၏ ပခုံးကိုပုတ်လျက် ပြောလိုက်လေသည် “ကောင်းကောင်းကျင့်ကြံနော်၊ မဟုတ်တရုတ်တွေ လျှောက်မလုပ်နဲ့”
ပိရန်ယုချင်းမျက်နှာ အနည်းငယ် ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့လေသည်။ ရှရှန်း ဘာပြောချင်နေလဲ ဆိုသည်ကို သူမ မသိဘဲ နေမည်လား။
“သွားတော့” ရှရှန်းက ပြုံး၍ ပြောလိုက်သည်။
ရန်ကိုင်လည်း ပိရန်ယုချင်းနှင့်အတူ အခန်းထဲသို့ ဝင်သွားလေသည်။ ထို့နောက်တွင် အခန်းတံခါး ပြန်ပိတ်သွားခဲ့လေသည်။
“သိပ်သည်းလိုက်တဲ့ မိုးမြေစွမ်းအင်” ပိရန်ယုချင်းသည် အခန်းအလယ်ဆီသို့ လျှောက်သွားရင်းမှ အသက်ပြင်းပြင်းရှူသွင်းလျက် ပြောလိုက်လေသည်။
သူမဘဝတွင် ဤမျှ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်နှင့် တစ်ခါမှ မကြုံဖူးချေ။ သူမကိုယ်သူမ တိမ်စိုင်တိမ်ထက်များထက်တွင် ရပ်နေရသလို ခံစားလိုက်ရာ အသက် တစ်ချက် ရှူလိုက်တိုင်း သိပ်သည်းသန့်စင်လှသည့် မိုးမြေစွမ်းအင်တို့ သူမကိုယ်ထဲ စီးဝင်လာသည်ကို အတိုင်းသား ခံစားမိနေခဲ့လေသည်။
ထိပ်တန်းဂိုဏ်းများမှ တပည့်များ၏ ကျင့်ကြံခြင်း ဤမျှ မြန်ဆန်နေသည်မှာ အထူးအဆန်း မဟုတ်တော့ချေ။ သူတို့ ကျင့်ကြံရသည့် နေရာသည် ဂိုဏ်းငယ်လေးများမှ တပည့်များ ကျင့်ကြံရသည့် နေရာနှင့် မိုးနှင့်မြေပမာ ကွာခြားနေသည်ကိုး။
သူမသည်သာ ဤနေရာတွင် နှစ်လခန့် ကျင့်ကြံနိုင်မည်ဆိုပါက ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ချေမှာ ပို၍ပင် မြင့်မားလာပေလိမ့်မည်။
“ရော့ဒီမှာ၊ ခင်ဗျားအတွက်” ရန်ကိုင်သည် အရင်းအမြစ်ကျောက်များကို ကြမ်းပြင်ပေါ်၌ ပုံချပေးရင်း ပြောလိုက်လေသည်။
ထိုအရင်းအမြစ်ကျောက်များကို မြင်သည့်အခါ ပိရန်ယုချင်း ထိတ်လန့်သွားပြီး ထအော်မိသွားလေသည် “အဆင့်မြင့် အရင်းအမြစ်ကျောက်တွေ”
လက်ရှိ သူမရှေ့တွင် အဆင့်မြင့် အရင်းအမြစ်ကျောက် တစ်သန်းခန့် ရှိနေခဲ့သည်။
အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်သန်း... ထိုပမာဏသည် ပိရန်ယုချင်းအား လုံးဝကို မှင်တက်သွားစေခဲ့လေသည်။ သူမနှင့်ခို့ဝူ၏ ပိုင်ဆိုင်မှုအားလုံး ပေါင်းလိုက်သည့်တိုင် မိုးပြာရောင်တံဆိပ်ပြားတစ်ခုကို ဝယ်နိုင်ရုံသာ တတ်နိုင်ခဲ့ချေ။ ယခု ရန်ကိုင် ထုတ်ပေးလာသည့် ပမာဏမှာတော့ သူမတွင် ရှိသည့် ပမာဏနှင့် ယှဉ်လိုက်လျှင် ကြောက်မခန်းလိလိကို များပြားလွန်းနေခဲ့လေသည်။
“များလွန်းတယ်” ပိရန်ယုချင်က အလျင်စလို ပြန်ပြောလိုက်သည် “မိုးပြာရောင်တံဆိပ်ပြားကို ရောင်းပြီး ရလာတဲ့ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းလေးဆယ် ရှိနေပြီပဲ။ အဲ့လောက်နဲ့တင် လုံလောက်နေပြီ။ ထပ်မလိုတော့ဘူး”
“ယူသာယူထားလိုက်” ရန်ကိုင်က ပြန်ပြောလိုက်သည် “ကျင့်ကြံတဲ့နေရာမှာ အဆင့်မြင့် အရင်းအမြစ်ကျောက်တွေက ပိုအသုံးဝင်တယ်။ ပြီးတော့ ကျုပ်တတ်နိင်လို့လည်း ခင်ဗျားကို ပေးနေတာ။ မဟုတ်ရင် ပေးမှာ မဟုတ်ဘူး”
ပိရန်ယုချင်းမှာ ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်ပါသော်ငြား ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့လေသည်။ ယခုတစ်ကြိမ် ရန်ကိုင်အပေါ် သူမ အတော်လေး အကြွေးတင်သွားခဲ့လေပြီ။ ထို့ကြောင့် ယခု ဧကရာဇ်အဆင့်သို့ရောက်အောင် ကြိုးစားရမည်ဟု ဆုံးဖြတ်လိုက်လေသည်။ ထိုသို့သာ မဟုတ်ပါက ခို့ဝူ စတေးခဲ့ရသည်မှာ အလကား ဖြစ်သွားလိမ့်မည် ဖြစ်သလို ရန်ကိုင်၏ စေတနာမှာလည်း အချည်းနှီး ဖြစ်သွားရပေလိမ့်မည်။ သူမသာ ဧကရာဇ်အဆင့်သို့ ရောက်သွားခဲ့လျှင်တော့ ရန်ကိုင်၏ ဂိုဏ်းထဲသို့ဝင်ကာ ရန်ကိုင်အား ကူညီပေးနိုင်ပေသည်။ ယခင်က သူမသည် ဂိုဏ်းတစ်ဂိုဏ်းကို စီမံ အုပ်ချုပ်ခဲ့ဖူးသည့် မဟုတ်ပေလော။ ထို့ကြောင့် ဂိုဏ်း၏ စီမံအုပ်ချုပ်ရေးရာကိစ္စများတွင် ရန်ကိုင်အား ဝင်ကူညီပေးနိုင်ပေသည်။
ထိုသို့ တွေးပြီးသည့်နောက်တွင် ပိရန်ယုချင်းက ထိုင်ချလိုက်ပြီး ပြောလိုက်လေ၏ “နင့်ကို ငါ့နားမှာ နှစ်လခေါ်ထားရတာ အားတောင်နာတယ်...”
ရန်ကိုင်က ပြုံးလျက် “ဒီနေရာကလား ကျုပ်ကို ပိတ်ထားနိုင်မှာ၊ ခင်ဗျား ကျင့်ကြံခြင်းကိုသာ ဂရုစိုက်၊ နောက်နှစ်လကြာရင် ကျုပ်ပြန်လာခဲ့မယ်။ အခုတော့ အပြင်တစ်ချက် သွားလိုက်ဦးမယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်မှ သူ့လက်အား ဝှေ့ရမ်းချလိုက်ရာ အနီးတစ်ဝိုက်၌ ရှိနေကြသော ဟင်းလင်းပြင်နိယာမများ စတင် လှုပ်ရှားလာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လှိုင်းတွန့်များသဖွယ် ဖြစ်လာသော ဟင်းလင်းပြင်နိယာမများထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ပိရန်ယုချင်၏ မြင်ကွင်းမှ ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။ သူ့အသံသည်သာ အခန်းထဲ ပဲ့တင်ထပ်ကာ ကျန်ရစ်နေခဲ့သည် “ကိုယ့်ကိုယ်ကို သံသယမဖြစ်နဲ့၊ ယုံကြည်ချက်အပြည့်ထား။ ဧကရာဇ်အဆင့်ကို တက်ဖို့ဆိုတာ ဒီလောက် ခက်တာ မဟုတ်ဘူး”
ပိရန်ယုချင်းကမူ ရန်ကိုင် ပျောက်သွားသည့် နေရာသို့သာ ကြောင်ကြည့်နေပြီး အတန်ကြာသည့်အခါမှသာ အသိပြန်ဝင်လာဟန်ဖြင့် ရေရွတ်လိုက်လေသည် “လေဟာနယ်နိယာမစွမ်းအား”
ရန်ကိုင်သည် လှိုင်းတွန့်များထဲသို့ ခြေတစ်လှမ်းလှမ်းပြီးနောက် သူမရှေ့မှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူများသာ လုပ်နိုင်သည့်အရာ ဖြစ်ပေသည်။
ပိရန်ယုချင်းသည် သူမစိတ်ကို တည်ငြိမ်သွားအောင် အချိန်ယူကြိုးစားလိုက်ပြီးနောက် မျက်လုံးပိတ်ကာ ကျင့်ကြံခြင်းအပေါ်တွင် အပြည့်အဝ အာရုံစိုက်လိုက်လေသည်။
…
စိတ်ဝိဥာဉ်ရေကန်မြို့အပြင်ဘက်... ဟင်းလင်းပြင်မှာ ရုတ်တရက် မတည်မငြိမ် ဖြစ်လာခဲ့ပြီးနောက် ထိုထဲမှ လူတစ်ဦး ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။
ထိုအနီးအနားမှ ဖြတ်သွားသည့် ကျင့်ကြံသူတစ်ဦးမှ လေထဲမှ လူတစ်ဦး ရုတ်တရက်ကြီး ပေါ်လာသည်ကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။ နေ့ခင်းကြောင်တောင် တစ္ဆေခြောက်ခံနေရသည်ဟု အထင်ရောက်လျက် သူ့မျက်လုံးကို ပွတ်ကာ သေချာ ပြန်ကြည့်ကြည့်လိုက်သည်။ မည်သူမှ မရှိမှန်း သေချာသွားသည့်အခါမှသာ သူအမြင်မှားသွားသည်ဟု မှတ်ယူလိုက်တော့လေသည်။
ထိုသို့ ဖြစ်ပြီးနောက်တွင် ထိုကျင့်ကြံသူသည် ဘေးပတ်ဝန်းကျင်ကို မယုံသင်္ကာဖြင့် ကြည့်လျက် သွားနေသည့်နှုန်းကို စတင် အရှိန်တင်တော့လေသည်။
မေပယ်မြို့မှ မနီးမဝေးနေရာတစ်ခု၌ ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။
အသက် ဆယ့်ခြောက်၊ ဆယ့်ခုနှစ်နှစ်ခန့် ရှိမည်ထင်ရသော ကောင်မလေးတစ်ဦးသည် အိမ်တော်ရှေ့၌ တံမြက်စည်းလှည်းနေခဲ့လေသည်။ လက်ရှိအချိန်တွင် တစ်စုံတစ်ဦးသည် သိုင်းကျင့်ကြံနေသည့်အလား အိမ်တော်ထဲဆီမှ မာန်သွင်းအော်ဟစ်သံများ ထွက်ပေါ်လာနေခဲ့သည်။
အိမ်တော်ထဲရှိ အခြေအနေကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် သူ့ပခုံးထက် ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသလို ရန်ကိုင် ခံစားလိုက်ရလေသည်။
ဤနေရာသည် ကျန်းရို့ရှီ၏ အိမ်ဖြစ်သည့် ကျန်းမိသားစုသာ ဖြစ်လေသည်။ စိတ်ဝိဥာဉ်ရေကန်နန်းတော် ပေါ်လာပြီးသည့်နောက်တွင် မေပယ်မြို့သည်ပါ ပြောင်းလဲသွားခဲ့ပြီး မြို့ထဲတွင် အဆင့်မြင့် ပညာရှင်ပေါင်းများစွာ နေ့တိုင်းလိုလို ပေါ်လာတော့လေသည်။ သွေးစွန်းတိုက်ပွဲများဟာလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ကျန်းမိသားစုများ တစ်ခုခု ဖြစ်သွားလေမလား တွေးရင်း စိုးရိမ်ခဲ့ရသည်။ ကျန်းမိသားစုသည်သာ ပျက်စီးသွားခဲ့မည် ဆိုလျှင်တော့ ကျန်းရို့ရှီ ရင်ကွဲရပေလိမ့်မည်။
သို့ရာတွင် လက်ရှိ အခြေအနေကို ကြည့်ရသလောက် ကျန်းမိသားစုကို ကာကွယ်ပေးမည့် အားကောင်းသော ပညာရှင်တစ်ဦး ရှိမနေသည့်တိုင် ကျန်းမိသားစုသည် အဆင်ပြေပြေနှင့် ရှိနေသေးသည့်ပုံပင်။
“ရှင်... ရှင်ဘယ်သူ့ကို ရှာနေတာလဲ” ရုတ်တရက် ပေါ်လာသည့် ရန်ကိုင်ကြောင့် တံမြက်စည်း လှည်းနေသည့် ကောင်မလေး ထိတ်လန့်သွားခဲ့ရလေသည်။ ထို့နောက် တံမြက်စည်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ရန်ကိုင်၏ မျက်လုံး ဝိုင်းဝိုင်းကြီးများနှင့် ကြည့်လျက် ရင်တထိတ်ထိတ်ဖြင့် မေးလိုက်လေသည်။
ရန်ကိုင် ကျန်းရို့ရှီအား ကျန်းမိသားစုမှ ခေါ်သွားခဲ့သည်မှာ ဆယ်နှစ်နီးပါး ရှိနေခဲ့လေပြီ။ ဤမိန်းကလေးမှာ အသက် ဆယ့်ခြောက်၊ ဆယ့်ခုနှစ်နှစ်လောက်သာ ရှိသေးသည့် အတွက်ကြောင့် ရန်ကိုင်အား မသိသည်မှာ အထူးအဆန်းမဟုတ်ချေ။
ရန်ကိုင်က ဖော်ရွေစွာ ပြုံးလျက် ချက်ချင်းပဲ ပြန်ပြောလိုက်သည် “အဖွားအိုကျန်းကို ရှာနေတာ”
“အဖွားလား” မိန်းမငယ်လေးက ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ ရန်ကိုင် ရောက်နေတယ်ဆိုတဲ့အကြောင်း သူ့ကို သွားပြောပေးလို့ရမလား” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။
ကျန်းမိသားစုထဲသို့ ဤအတိုင်း လမ်းလျှောက်ဝင်သွား၍ ရပါသော်ငြား ဤနေရာသည် ကျန်းရို့ရှီ၏ အိမ်ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အနည်းငယ်ဆုံးတော့ လေးစားသမှု ပြုရပေလိမ့်မည်။
“ရှင်က စီနီယာရန်လား” ကောင်မလေး၏ မျက်လုံးများ ရုတ်ချည်း တောက်ပလာခဲ့ပြီး ရန်ကိုင်အား ဝမ်းသာအားရဖြင့် ကြည့်လိုက်လေသည်။
“နင်ငါ့ကို သိတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
ကောင်မလေးက ခေါင်းခါလိုက်သည်။ သို့သော် ချက်ချင်း ခေါင်းပြန်ညိတ်လိုက်၏။ သူမ ပုံစံကြောင့် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။ ထို့နောက်တွင် ကောင်မလေးသည် ဘာမှထပ်ပြောမနေဘဲ တံမြက်စည်းကို ပစ်ချလျက် ရန်ကိုင်၏ လက်ကိုဆွဲကာ သူ့အား ထဲသို့ ဆွဲခေါ်သွားလေ၏။
“အဖွား... အဖွား...”
ကောင်မလေး၏ အော်ခေါ်သံကြောင့် ငြိမ်သက်တိတ်ဆိတ်နေသည့် အိမ်တော်မှာ ရုတ်ချည်းဆိုသလို ဆူညံလာခဲ့ရလေသည်။
အိမ်တော်မှာ အလွန်တရာ ကျယ်ဝန်းသည့် အိမ်တော်မျိုး မဟုတ်သည့်အတွက်ကြောင့် ကောင်မလေးမှ ယခုကဲ့သို့ အော်ဟစ်လိုက်သည်နှင့် ကျန်းမိသားစုဝင်များ နိုးနိုးကြားကြား ဖြစ်သွားပြီး ချက်ချင်းပဲ ဘက်ပေါင်းစုံမှ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကုန်ကြလေသည်။