← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 1-4 Ch. 46

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 1-4 Ch. 46

“ဘာလို့လဲ”

အတန်းသားတိုင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဟဲယွမ်က သူတို့ကို ပြုံးကြည့်၍ ပြောလိုက်သည်။

“မင်းတို့မှာ ဘာသက်သေ ရှိလဲ”

“သိုင်းလေ့ကျင့်ရေး အချိန်အတွင်း ဖုန်းယူသွားဖို့ မဖြစ်နိုင်ဘူးလေ၊ ဘယ်လိုလုပ် ကျွန်တော်တို့မှာ သက်သေ ရှိမှာလဲ”

ကျူးချန်တုံ စိတ်တိုလက်တိုဖြင့် ညည်းတွားလိုက်သည်။

“သက်သေမရှိရင် မင်းတို့ရဲ့ တစ်ဖက်သက် စကားပဲ ဖြစ်နေတယ်”

ဟဲယွမ်က ဒေါသတကြီး ခေါင်းခါလိုက်သည်။

“ပြီးတော့ သူက စစ်သည်တော်ဌာနရဲ့ အဖွဲ့ဝင်ပဲ၊ ကျောင်းသားသမဂ္ဂမှာ ဘယ်လိုလုပ် ကြားဝင်နိုင်တဲ့ အခွင့်အာဏာ ရှိမှာလဲ”

“တစ်ဖက်သက်စကား ဟုတ်လား”

ရှန်း ဒေါကန်သွားသည်။

“ကျုပ်တို့မှာ ဒီလောက် မျက်မြင်သက်သေတွေ အများကြီး ရှိတာ၊ ဒါနဲ့ မလုံလောက်ရင် ကျုပ်တို့ မိန်းကလေး တွေကိုပါ ခေါ်လိုက်မယ်၊  ဒီနေ့ မိန်းကလေးတစ်ယောက်ဆို အနိုင်ကျင့်ခံရလို့ ငိုပါငိုတယ်၊ ကျုပ်တို့ တစ်ခန်းလုံးက ဘာလို့ ဝိုင်းလိမ်ရမှာလဲ”

“ပြောဖို့ခက်တယ်၊ တစ်ချို့လူတွေက သိုင်းလေ့ကျင့်ရေးအချိန်ကို ထွက်ပြေးချင်တာနဲ့ တစ်ခန်းလုံးနဲ့ ပူးပေါင်း တတ်တယ်လေ”

ဟဲယွမ်က မတတ်သာသော အမူအရာနှင့် ပြောလိုက်ပြီးနောက် အမိန့်ပေး လိုက်သည်။

“သူတို့ကို ပြန်လိုက်ပို့လိုက်”

“ယီးပဲ၊ မင်းတို့က ဘယ်လို ကျောင်းသားသမဂ္ဂလဲ၊ ငါတို့ ကျောင်းသားတွေ ခံစားနေရတာတောင် မင်းတို့က အရေးမစိုက်ဘူးပေါ့လေ၊ အသုံးမကျတဲ့ ကျောင်းသားသမဂ္ဂ”

ရှောင်ကမ်းက သူတို့ကို အော်ဟစ်ပြောဆိုလိုက်လေသည်။ ဟဲယွမ်၏ မျက်နှာ မည်းမှောင်သွားသည်။

“မင်းတို့ ထွက်သွားဖို့ ငြင်းဆန်မယ်ဆိုရင် မင်းတို့တွေ အဖွဲ့လိုက် ဆူပူအုံကြွမှု လုပ်တယ်လို့ ငါ သတ်မှတ်ရလိမ့်မယ်၊ ပြီးရင် မင်းတို့တိုင်းကို ပြစ်မှုမှတ်တမ်း ရေးပစ်မယ်၊ အမှိုက်ကောင်တွေ”

“ယီးပဲ ချီးထုပ် သမဂ္ဂ၊ ဖျက်သိမ်းလိုက်တာက ပိုကောင်းဦးမယ်”

အတန်းသားများသည် သိုင်းလေ့ကျင့်ရေးအချိန်၌ မတရားခံလာရပြီး ယခု သူတို့ ကျောင်းသားသမဂ္ဂ၏ အပြုအမူကြောင့် ဒေါသူပုန်ထသွားကြသည်။

ထိုအခိုက်တွင် ရဲ့လင်းချန် ရှေ့တိုးလာပြီး ဟဲဟွမ်ကို စေ့စေ့ကြည့်လေသည်။

“ခင်ဗျား ကျုပ်ကို ကြည့်မရတာနဲ့ ကျုပ်တို့ တစ်ခန်းလုံးကို မကူညီနိုင်တာလား”

“ဟဲဟဲ”

ဟဲယွမ်က ရဲ့လင်းချန်ထံ ဖြည်းဖြည်းချင်း‌ လျှောက်သွားလိုက်ပြီး သူ့အား အထင်သေးစွာ စိုက်ကြည့်ကာ သူ့နားနား ကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။

“မင်း နောင်တရလိမ့်မယ်လို့ ငါ မင်းကို ပြောခဲ့သားပဲ၊ ဒါ အစပဲရှိသေးတယ်၊ ငါတို့အတွက် အချိန်တွေ အများကြီး ရှိသေးတယ်”

ထိုသို့ပြောပြီးနောက် သူက ရဲ့လင်းချန်အား ပခုံးပုတ်၍ သရော်လိုက်သည်။

“မင်း ဒူးထောက်ပြီး ငါ့ကို သုံးကြိမ် ဦးညွှတ်တောင်းပန်ပြီး ကူညီပေးဖို့ တောင်းဆိုရင်တော့ ငါ စဉ်းစားပေး နိုင်ပါတယ်”

အာလူးလေး ဒေါသထွက်ကာ ဆွေ့ဆွေ့ခုန်သွားသည်။

“မင်းမေ-ိုးလိုက်၊ မင်းက အမှိုက်ကောင် ဥက္ကဋ္ဌဖြစ်နေတာနဲ့ မင်းကိုယ်မင်း သိပ်ဟုတ်နေပြီ ထင်နေလား၊ အရူးကောင်”

“ကျောင်းသား သမဂ္ဂက ကြောက်နေတာလို့ပဲ ငါ ထင်ခဲ့တာ၊ ဒီလိုလူဖျင်းလူနုံမျိုးကိုပါ မွေးထုတ်ပေးလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ရှောင်ကမ်း၏ မျက်နှာ သုန်မှုန်နေသည်။

“မြေယိုးကောင်၊ လူမှားယုံခဲ့မိတဲ့ ငါတို့အမှားလို့ပဲ ထားလိုက်တော့၊ ငါ သေရမယ်ဆိုရင်တောင် ကျောင်းသား သမဂ္ဂဆီ နောက်ဘယ်တော့မှ ခြေမချဘူး၊ ရှောင်ရဲ့ သွားမယ်”

“ငါ အရင်တုန်းက ကျောင်းသားသမဂ္ဂထဲ ဝင်မယ်လို့ တွေးခဲ့တာ၊ ဒီမှာ စာရိတ္တ ပျက်ပြားတဲ့ကောင် ရှိနေတော့ ဖြတ်သွားရမှာတောင် ငါ ရွံတယ်”

အတန်းသားများသည် ဒေါသထွက်ကာ ဟဲယွမ်အား ရွံသလိုကြည့်ပြီး ဆဲရေးတိုင်းထွာပြီး အတူတူ ပြန်ထွက်သွား ကြသည်။

သူတို့သည် ယခုမှ တက္ကသိုလ်ဘဝကို စတင်ရသဖြင့် သွေးပူကာ စိတ်ကူးယဉ်တတ်ကြသည်။ လူ့အဖွဲ့အစည်းက အလွန် ညစ်ညမ်း ရိုင်းစိုင်းလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။

စစ်သည်တော်ဌာန၏ နည်းပြ၊ ကျောင်းသား သမဂ္ဂ နှစ်ခုလုံးက သူတို့၏ ဘဝအပေါ် အသိအမြင်များအား ပြောင်းလဲသွားစေသည်။

“အလုပ်မဖြစ်ဘူးဆိုတော့လည်း ငါတို့ တခြားနည်းပြကို အကူအညီ တောင်းကြည့်ရအောင်၊ သိုင်းပညာရှင်အားလုံးက ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ငါ မယုံဘူး”

ရှန်းက အကြံပေးသလို ပြောလိုက်သည်။ ထိုအကြံက ဖြစ်နိုင်ချေရှိသည်ဟု သူတို့အားလုံး တွေးမိသည်။ မလှမ်းမကမ်း၌ နည်းပြတစ်ယောက်က သူတို့ထံ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာနေသည်။ လူတိုင်း မျက်နှာက လေးနက်သွားပြီး သက်တောင့်သက်သာ မဖြစ်သလို ခံစားနေရသည်။

“မင်းတို့က စွန်းချောင် တာဝန်ယူထားရတဲ့ အတန်း မဟုတ်လား”

နည်းပြက မေးလာသည်။

“ဟုတ်ပါတယ်”

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“ဒီမနက် စွန်းချောင်ရဲ့ အပြုအမူကို ငါ သတိထားမိတယ်၊ ငါ မင်းတို့ကို သတိပေးမလို့ မင်းတို့ တတ်နိုင်သလောက် သည်းခံလိုက်ပါ၊ လဝက်ဆိုတာ မြန်မြန်ကုန်သွားမှာပါ”

ထိုနည်းပြက သက်ပြင်းချလေသည်။

“ဘာလို့လဲ”

အာလူးလေးက မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။ ရှောင်ကမ်း စိတ်ပျက်သွားသည်။

“လွန်ခဲ့တဲ့သုံးနှစ်က သူ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာပဲ၊ ဘာလို့ စစ်သည်တော်အဖွဲ့က သူ့ကို မထုတ်တာလဲ”

ထိုနည်းပြက ဘေးဘီကို ဝေ့ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုး ပြောလေသည်။

“စစ်သည်တော်ဌာနက ဖွဲ့ထားတာ သိပ်မကြာသေးဘူး၊ အစိုးရက တရားဝင် ဖွဲ့ထားတဲ့ အဖွဲ့အစည်းလို့ ပြောလို့မရဘူးလေ၊ ပြီးတော့ စီမံခန့်ခွဲမှုကလည်း စီးပွားရေးလုပ်ငန်းတွေထက် နည်းနည်းလေးပဲ ပိုကောင်းတာ၊ စစ်တပ်လို စည်းကမ်းတင်းကြပ်တာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် အသေးစား ပြဿနာအချို့ ရှိနေတယ်၊ စွန်းချောင်က အရင်ကတည်းက လူမိုက်ပဲ၊ အဲ့ဒါကြောင့် သူ့စရိုက်က ကောင်းနေမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ့မှာ စစ်သည်တော် ဌာနရဲ့ အနိမ့်တန်း အဆင့်ထဲမှာ လုပ်ပိုင်ခွင့် နည်းနည်းရှိတဲ့ အစ်ကိုတစ်ယောက် ရှိတယ်၊ အဲ့ဒါကြောင့် သူ စိတ်ထင်သလို ပြုမူရဲနေတာ”

“လွန်ခဲ့တဲ့သုံးနှစ်က ဘာဖြစ်ခဲ့သလဲ မင်းတို့လည်း သိတာပဲ၊ ဒါပေမဲ့ ဒီပြဿနာကို သူ့အစ်ကိုက အတင်း လိုက်ဖုံးထားလို့ သူ စစ်သည်တော်ဌာနမှာ ဆက်ရှိနေနိုင်တာ၊ မင်းတို့ မပြောနဲ့၊ စစ်သည်တော်ဌာနထဲမှာတောင် ငါတို့ စွန်းချောင်ကို မကျော်ရဲဘူး၊ သူ့ကို ဆန့်ကျင့်ရင် အဆုံးသတ် မကောင်းဘူးကွ”

နည်းပြသည် သူ ပြောချင်သော သတင်းစကားကို ပြောပြီးသည်နှင့် ကြာကြာ မနေရဲဘဲ ချက်ချင်း ထွက်သွားသည်။ အတန်းသားများ၏ အမူအရာက ပြောမပြတတ်လောက်အောင် ဆိုးရွားလာသည်။ လူတိုင်း စိတ်မောလာပြီး အချို့ဆိုလျင် အသက်ပင် ရှူရခက်လာကြသည်။

အနိမ့်တန်းအဆင့် စစ်သည်တော်က စစ်သည်တော်ဌာနတွင်း၌ စီမံခန့်ခွဲမှု အနိမ့်ဆုံး ဖြစ်သော်လည်း လုပ်ပိုင်ခွင့် ရှိသော အဆင့်အတန်း ဖြစ်နေဆဲပင်။

အတိုက်အခိုက် စွမ်းရည်ကို မပါလျင်တောင်မှ ထိုအဆင့်အတန်းတစ်ခုတည်းက ကျောင်းသားများအတွက် ယှဉ်ရ ခက်ပေသည်။

“ချီးပဲကွာ ဒီလိုလူက အနိမ့်တန်းအဆင့် စစ်သည်တော်ဌာနက အစ်ကိုတောင် ရှိနေသေးတာလား၊ သူ မဆင်မခြင် လုပ်ရဲတာကို မအံ့ဩတော့ဘူး”

“မကောင်းမှုက ကောင်းမှုကို မနိုင်နိုင်ပါဘူးကွာ၊ ငါတို့ ဒီခွေးလို နည်းပြကို တိုက်ခိုက်နိုင်မှာပါ”

…

နေ့လယ် တစ်နာရီခွဲ၌ ကွင်းပြင်တွင် ပြတ်သားသော အော်သံများ ပေါ်ထွက်လာသည်။ သိုင်းလေ့ကျင့်ရေး ပြန်စလေပြီ။

ခြစ်ခြစ်တောက် ပူနေသော နေရောင်အောက်၌ ကွင်းပြင်က ပူလောင်နေပြီး သိုင်းလေ့ကျင့်ရေးအား သည်းမခံနိုင် လောက်အောင် ပင်ပန်းစေသည်။

စွန်းချောင်က မည်းမှောင်နေသော မျက်နှာနှင့် ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ့အကြည့်က အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် အန္တရာယ်များလှသည်။ သူက မကောင်းသော လေသံဖြင့် ပြောလိုက်သည်။

“ဒီနေ့ နေ့လယ် အစောပိုင်းက မင်းတို့ထဲက ဘယ်သူက ငါ့ကို ကျောင်းသား သမဂ္ဂမှာ သွားတိုင်တာလဲ၊ ရှေ့ထွက်ခဲ့စမ်း”

“သောက်ကျိုးနည်း ကျောင်းသားသမဂ္ဂက မျိုးမစစ်ကောင်တွေ၊ ငါတို့ကို မကူညီရုံနဲ့တင် မလုံလောက်သေးလို့ ငါတို့ကိုပါ ရောင်းစားလိုက်ပြီ”

ရှောင်ကမ်းက အံကြိတ်၍ ခပ်တိုးတိုး ပြောလာသည်။ ယောက်ျားလေးများ အားလုံး အချင်းချင်း ပြန်ကြည့်ကြပြီးနောက် သူတို့နေရာမှနေ၍ ရှေ့သို့ ထွက်လာကြသည်။

“ဟားဟားဟား သိပ်ကောင်းတယ်”

စွန်းချောင်က သရော်လေသည်။

“မင်းတို့ မလောက်လေးမလောက်စား တစ်သိုက်က ငါ့ကို တိုင်ရဲတယ်ပေါ့လေ”

ထိုသို့ပြောပြီး သူက သူနှင့်အနီးဆုံး ကျောင်းသားလေးကို ကန်ထုတ် လိုက်သဖြင့် မြေကြီးပေါ် လဲကျသွားစေသည်။ ထိုကျောင်းသားသည် ညည်းတွားရင်း အချိန်တစ်ခုမျှအထိ ပြန်မရပ်နိုင်ပေ။

“မင်းက သေမှာမကြောက်လို့ ငါ့ကို တိုင်ရဲတယ်ပေါ့”

လူတိုင်း စိုးရိမ်လာပြီး နေရခက်လာသည်။

“မင်းအတွက် ဘာမှလေ့ကျင့်စရာ မလိုဘူး၊ ဒီမှာ ရပ်နေ၊ တစ်ယောက်ယောက် လှုပ်ရင် ငါ သူ့ခြေထောက်ကို ချိုးပစ်မယ်”

စွန်းချောင် ဆက်ပြောလိုက်သည်။ ခြစ်ခြစ်တောက် ပူနေသော နေအောက်၌ သတိဆွဲ၍ ရပ်နေရပြီး နားခွင့် မရသည်က ကျောင်းသားများအတွက် ငရဲခန်းပင်။

ထို့နောက် စွန်းချောင်က ကျောင်းသူများထံသို့ လျှောက်သွားသည်။ ကျောင်းသူလေးများသည် သတိဆွဲ၍ ရပ်နေရင်းနှင့်ပင် ကြောက်လန့်ကာ တုန်ယင်နေပြီး နှုတ်ခမ်းကို ကိုက်ထားကြသည်။

“မင်းတို့ မနက်က မြန်မြန် ချီတက်တာကို သင်ခဲ့ပြီးပြီ၊ အခု ငါတို့ ဒူးဆန့်ပြီး စစ်ရေးပြ ချီတက်နည်းကို တက်မယ်”

စွန်းချောင်က ရိုးရိုးရှင်းရှင်း သရုပ်ပြပြီးနောက် ကျောင်းသူများအား လိုက်လုပ်ရန် ညွှန်ကြားလေသည်။

“ငါ့အမိန့်ကို နားထောင်၊ ခြေထောက်မြှောက်”

ကျောင်းသူများ ခြေထောက်မြှောက်လိုက်သည်။ စွန်းချောင်က အနားသို့ လျှောက်လာပြီး တစ်ယောက်ချင်းစီကို လိုက်ကြည့်သည်။ မိန်းကလေး တစ်ယောက်၏ ပေါင်ကို သူ လှမ်းကိုင်၍ ပြောလာသည်။

“မင်း ခြေထောက်ကို ပိုမြှောက်ဖို့ လိုတယ်”

ထို့နောက် သူသည် နောက်မိန်းကလေးတစ်ဘောက်နား ကပ်သွားပြီး သူမအား ပခုံးမှကိုင်၍ မဖွယ်မရာ လိုက်ကိုင်သည်။

“မင်းပခုံးတွေကို လျှော့ထား၊ ဒီမှာ ငါ မင်းအတွက် ပြင်ပေးမယ်”

ထို့နောက် သူသည် မျက်လုံးအရောင်တောက်သွားပြီး တစ်ခြားတစ်ဖက်သို့‌ လျှောက်သွားသည်။

“မင်းပေါင်မှာ ပိုအားထည့်ဖို့ လိုတယ်၊ ခြေထောက်ကို ပိုကားထား”

ထိုသို့ပြောပြီး သူက ထိုကျောင်းသူလေး၏ ပေါင်အတွင်းသားကို ကိုင်ရန် လက်လှမ်းလေသည်။ သို့သော် ထိုကျောင်းသူက ခန္ဓာကိုယ်ကို တိမ်း၍ နောက်သို့ နှစ်လှမ်း ဆုတ်လိုက်သည်။

“ဆရာ ကျွန်မ နားလည်ပါတယ်၊ ကျွန်မဘာသာ ပြင်လိုက်ပါ့မယ်”

စွန်းချောင်က လက်မလျှော့ချေ။

“မင်းက ဘယ်လို ပြင်မှာလဲ၊ သင့်တော်တဲ့ ပုံစံ ပြန်လုပ်၊ ငါ မင်းအတွက် ပြင်ပေးမယ်”

ထိုကျောင်းသူလေး နောက်သို့ နှစ်လှမ်း ထပ်ဆုတ်သွားပြီး မျက်လုံးများ နီလာသည်။

“မြန်မြန်လုပ်လေ အချိန်ဖြုန်းမနေနဲ့၊ မင်း မလုပ်ရင် ငါ မင်းအမှတ်ကို နုတ်ပစ်မယ်”

စွန်းချောင် ခြိမ်းခြောက်လိုက်သည်။ ထိုကျောင်းသူ၏ မျက်နှာတွင် မဆုံးဖြတ်နိုင်ဟန်များဖြင့် ပြည့်နှက်နေပြီး ဘာလုပ်ရမှန်း မသိတော့ချေ။

ထိုအခိုက်တွင် အသံတစ်သံက ကြားဖြတ် ပေါ်လာသည်။

“ဆရာ ယောက်ျားနဲ့ မိန်းမကြားမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုက မသင့်တော်ပါဘူး၊ ကိုယ့်အပြုအမူကို ဆင်ခြင်ပေးပါ”

“ယီးပဲ ရှောင်ရဲ့ မင်း ရူးနေလား”

အာလူးလေးက စိုးရိမ်နေသော လေသံဖြင့် ပြောလိုက်သည်။ ရှောင်ကမ်းက အံ့ဩသော လေသံဖြင့် ပြောလေသည်။

“ရှောင်ရဲ့ ဒါမှ ယောကျ်ားသားကွ”

“ဟမ်”

စွန်းချောင်က ရန်လိုသော မျက်လုံးဖြင့် ဝေ့ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“ဘယ်သူ ပြောတာလဲ”

ရဲ့လင်းချန်က ရှေ့သို့ နှစ်လှမ်း တက်လာပြီး တည်ငြိမ်စွာ ဝန်ခံလေသည်။

“ကျွန်တော်ပါ”

ရဲ့လင်းချန်ကို မြင်သောအခါ စွန်းချောင်၏ ရန်လိုစိတ်က ပိုပြင်းလာသည်။

“မျိုးမစစ်ကောင် မင်းက သူရဲကောင်းလုပ်ချင်တယ်ပေါ့လေ”

တစ်ခန်းလုံးက ရဲ့လင်းချန်ကို စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်လာကြသည်။

“ဆရာ သိုင်းပညာရှင်တစ်ဦးအနေနဲ့ ဆရာက စစ်သည်တော်ဌာနကို ကိုယ်စားပြုပါတယ်၊ စစ်သည်တော်ဌာန နာမည် မပျက်ဖို့ သိုင်းလောကရဲ့ စည်းကမ်းတွေကို အလေးအနက် လိုက်နာသင့်ပါတယ်”

ရဲ့လင်းချန်က စွန်းချောင်ကို ကြောက်ရွံ့ဟန်မပြဘဲ ပြန်စိုက်ကြည့်လေသည်။ သိုင်းပညာရှင်တစ်ယောက် မလုပ် သင့်သော အရာက အနိုင်ကျင့် နှိပ်စက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ သိုင်းလောက စည်းကမ်းများက သိုင်းပညာရှင် တစ်ယောက်၏ ကျင့်ဝတ်ကို ရည်ညွှန်းလေသည်။

“မင်းက ငါ့ကိစ္စကို ဝင်ပါရဲတယ်လား၊ တော်တော် သတ္တိရှိတာပဲ”

စွန်းချောင်က ရဲ့လင်းချန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး မချိုမချဉ် မျက်နှာပေးဖြင့် ကြည့်လာသည်။ ရဲ့လင်းချန်နှင့် သုံးပေမျှ အကွာသို့ ရောက်သောအခါ စွန်းချောင်၏ အကြည့်တွင် လူသတ်ချင်စိတ်များ ပေါ်လာ လေသည်။

“မင်းကများ ငါ့ကို သိုင်းလောက စည်းကမ်းတွေကို ပြောရဲတယ်ပေါ့လေ၊ မင်း သောက်ကျိုးနည်း အသက်ရှင်ရတာ ပျင်းနေပြီနဲ့ တူတယ်”

…

All Chapters