← Chapters

နိုဘယ်ဆုရဖို့အတွက် ဘယ်တီထွင်မှုကို သုံးရမလဲ

Vol. 35 Ch. 511

နိုဘယ်ဆုရဖို့အတွက် ဘယ်တီထွင်မှုကို သုံးရမလဲ

Vol. 35 Ch. 511

ပရောဂျက်၁၅၈ခုနှင့်ပတ်သက်သော အချက်အလက်များကို နောက်တစ်နေ့တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်သို့ တိုက်ရိုက်ပေးပို့ခဲ့သည်။ ဤသတင်းကို ကြားသောအခါ ကျောင်းတစ်ခုလုံးရှိ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူအားလုံးမှာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အလား ပြင်ဆင်ကြလေတော့သည်။

ပရောဂျက်၁၅၈ခုကို ကျောင်းရှိ ဆရာဆရာမ၁၅၈ဦးထံသို့ ခွဲဝေပေးအပ်ခဲ့သည်။ လူတိုင်း၏ သုတေသနနယ်ပယ်မှာ အနည်းငယ်ကွဲပြားမှုရှိသော်လည်း ကျန်းမုန့်လောင်၏ လမ်းညွှန်မှုများ ရှိနေပါက အခြေခံဘာသာရပ်များ တူညီနေသရွေ့ အခက်အခဲမရှိ​ပါချေ။။

ဝန်ထမ်းအင်အား နည်းပါးနေသလား။ ကျောင်းတွင် ကျောင်းသားထောင်ပေါင်းများစွာ ရှိနေသည်ဖြစ်ရာ သူတို့အား နိုင်ငံတော်အဆင့်ပရောဂျက်များအတွက် ဝန်ထမ်း ခေါ်ယူနေကြောင်း ပြောလိုက်ပါက သိပ္ပံနှင့်အင်ဂျင်နီယာ ကျောင်းသားတိုင်း ရူးသွပ်သွားကြပေလိမ့်မည်။ သူတို့အနေနှင့် သုတေသနအဖွဲ့ထဲတွင် နေရာတစ်နေရာရရန်အတွက် သေချာပေါက် အလုအယက်ကြိုးစားကြလိမ့်မည် သာ။

အကယ်၍ သူတို့သာ နိုင်ငံတော်အဆင့်ပရောဂျက်တစ်ခုတွင် ပါဝင်နိုင်ပါက အနာဂတ်တွင် သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ သို့မဟုတ် ပညာရေးတိုးတက်မှုများအတွက် အကြွင်းမဲ့အပိုဆုတစ်ခုပင်။

အမှန်ပင်။ ဤစာတမ်းများကို ထုတ်ဝေမည်ဆိုပါက အချိန်ခဏလေးဖြင့် ပြီးမြောက်နိုင်မည့်ကိစ္စမျိုး မဟုတ်ပေ။ အကြောင်းမှာ သီအိုရီပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများနှင့် စမ်းသပ်မှုအစီအစဉ်များကို လျင်မြန်စွာ ရေးသားနိုင်သော်လည်း စာတမ်းများမှာမူ အထောက်အကူပြုရန်အတွက် အချက်အလက် အမြောက်အမြားကို လိုအပ်လေသည်။ ခန့်မှန်းအချက်အလက်များကိုတော့ စာတမ်းထဲတွင် ထည့်သွင်း၍ မရနိုင်ချေ။ ထိုသို့ဆိုလျှင် ပညာရေးလိမ်လည်မှုအဖြစ် မှတ်ယူခံရမည်ဖြစ်၏။

စာတမ်းတစ်စောင်မှ ထုတ်ဝေဖူးခြင်း မရှိသေးသော်လည်း သူတို့၏ ဒုတိယမြောက်အကဲဖြတ်ရမှတ်မှာ ၁၅၈၀မှတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခင်၃၂၀မှတ်နှင့် ပေါင်းလိုက်ပါက စုစုပေါင်း၁၉၀၀မှတ် ဖြစ်၏။

ဤအမှတ်ဖြင့်သာဆိုပါက ပါဝင်ယှဉ်ပြိုင်နေသော တက္ကသိုလ်ပေါင်းများစွာအနက် သူတို့အနေနှင့် ထိပ်ဆုံးအဆင့်နှစ်ဆယ်တွင် ရပ်တည်နိုင်နေပြီသာ။

သို့သော် လေပြည်ကိုတားဆီးနိုင်သော နံရံဟူ၍ မရှိပေ။ ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ယခုနှစ်အတွက် သိပ္ပံသုတေသနပရောဂျက်၁၅၈ခုလုံးကို လက်ဝါးကြီးအုပ်လိုက်သည့်သတင်းက ရက်အနည်းငယ်အတွင်း ပျံ့နှံ့သွားခဲ့ပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအားလုံးတွင် မုန်တိုင်း ထန်သွားစေသည်။

မည်သူက လက်ခံနိုင်မည်နည်း။ ဤပရောဂျက်များကို ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်တစ်ခုတည်းကသာ မျက်စိကျနေခြင်း မဟုတ်ပေ။ အခြားကျောင်းများကလည်း သူတို့၏အဆင့်သတ်မှတ်ချက်များကို မြှင့်တင်ရန်အတွက် ဤပရောဂျက်၁၅၈ခုမှ ရရှိလာမည့် အမှတ်များကို အသုံးပြုလိုကြသည်။

ပုံမှန်အားဖြင့် အကဲဖြတ်မှုကို နှစ်စဉ် ဇွန်လကုန်ပိုင်းတွင် ပြုလုပ်လေ့ရှိသည်။ ဤနိုင်ငံတော်အဆင့် သိပ္ပံသုတေသနပရောဂျက်ပြိုင်ပွဲအတွက် ကျောင်းပေါင်းများစွာရှိ သုတေသနအဖွဲ့များမှာ အတော်အတန်အားထုတ်ထားကြပြီး အချို့ကမူ သူတို့၏သုတေသနတွေ့ရှိချက်တချို့ကို ထိပ်တန်းနိုင်ငံတကာဂျာနယ်များမှာပင် ထုတ်ဝေထားပြီး ဖြစ်၏။

ဤသည်မှာ ချက်ပြုတ်ရန်အတွက် အိုးထဲတွင် ထည့်ထားပြီးသား ဘဲတစ်ကောင် ရုတ်တရက်ပျံထွက်သွားသလို ခံစားရသည်။ ဤကိစ္စတွင် လှည့်စားမှုတစ်စုံတစ်ရာ မပါဝင်ဘူးဟု ဆိုပါက မည်သူက ယုံကြည်နိုင်မည်နည်း။

အပြင်ပန်းတွင်မူ တက္ကသိုလ်များအားလုံး တည်ငြိမ်နေခဲ့ကြပြီး ကျောင်းအုပ်ကြီးများကလည်း ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ကျောင်းအုပ်ကြီးအား သူတို့၏အတွေ့အကြုံများနှင့်ပတ်သက်ပြီး "အကြံဉာဏ်ရယူရန်" ဖုန်းခေါ်ဆိုခဲ့ကြသေးသည်။ သို့သော် နောက်ကွယ်တွင်မူ ဤထိပ်တန်းတက္ကသိုလ်များအကြားရှိ ယှဉ်ပြိုင်မှုမှာ သန့်ရှင်းစင်ကြယ်မှုမရှိပေ။ ဆောင်းပါးတော်တော်များများက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ပြင်းပြင်းထန်ထန် စတင်ဝေဖန်ခဲ့ကြသည်။

စာပေ၏ လှုံ့ဆော်မှုစွမ်းအားမှာ စင်စစ်ကြီးမားလှသည်။ ဤမက်ဆေ့ချ်များမှာ တက္ကသိုလ်များမှတစ်ဆင့် နိုင်ငံလုံးဆိုင်ရာဘွဲ့လွန်နှင့် ပါရဂူကျောင်းသားအုပ်စုများထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုလူအများစုကလည်း သူတို့၏အလုပ်အကိုင်လမ်းကြောင်း မြင့်တက်လာစေရန်အတွက် ဤနိုင်ငံတော်အဆင့်ပရောဂျက်များတွင် ပါဝင်လိုကြသည်။ ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ လုပ်ရပ်များမှာ သူတို့၏အခွင့်အလမ်းများကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း သိသာလှ၏။ သို့ဖြစ်လေရာ သူတို့အနေနှင့် မည်သို့သည်းခံနိုင်မည်နည်း။

"ပညာရေးလိမ်လည်မှုလား။ ဒါမှမဟုတ် နောက်ကွယ်က ငွေရှင်ကြေးရှင်ကြီးရဲ့ လက်ချက်လား။ ကျန်းနန်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က နိုင်ငံတော်အဆင့်ပရောဂျက်၁၅၈ခုကို ဘယ်လိုရယူခဲ့သလဲ"

စာမျက်နှာထောင်ပေါင်းများစွာ ပါဝင်သော ဆောင်းပါးတစ်စောင်က အွန်လိုင်းပေါ်တွင် ပေါ်ထွက်လာခဲ့ပြီးနောက် ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်အပေါ် ကြီးမားလှသော သံသယများကို ဖြစ်ပေါ်လာစေခဲ့သည်။ ထိုဆောင်းပါးထဲတွင် တက္ကသိုလ်ကို တန်ဖိုးမရှိသလောက်နီးနီး ပြင်းပြင်းထန်ထန်ဝေဖန်ထားသော ဝေဖန်စကားအမြောက်အမြား ပါဝင်နေသည်။

ဆောင်းပါးက ရေပန်းအစားဆုံးစာရင်းထဲသို့ ဝင်သွားသောအခါ ပညာရေးအသိုင်းအဝိုင်းထဲတွင်လည်း ပညာရေးဆိုင်ရာ အငြင်းပွားမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"တတိယအဆင့် တက္ကသိုလ်တစ်ခုဖြစ်တဲ့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ဒီလိုလုပ်ရဲတယ်ပေါ့။ ပရောဂျက််၁၅၈ခုတဲ့လား။ သူတို့မှာ သိပ္ပံသုတေသနစွမ်းဆောင်ရည်မျိုး ရှိလို့လား"

"ဟေ့း..ငါ နားလည်သွားပြီ။ ကျောင်းတစ်ကျောင်းမှာ ပိုက်ဆံရှိနေသရွေ့ နိုင်ငံတော်အဆင့် ပရောဂျက်တွေတောင် ရောင်းပေးလို့ရတယ်"

"ပရောဂျက်တွေကို ဝယ်ထားပြီး ကျောင်းရဲ့ သိပ္ပံနည်းကျ အဆောက်အအုံတွေက ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ဖြစ်နေပေမဲ့ သူတို့ရဲ့လူတွေကရော လုပ်နိုင်စွမ်းရှိရဲ့လား။ ငါ မှတ်မိသလောက်ဆိုရင် ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ တော်ဝင်ပညာရှင်တစ်ယောက်မှမရှိဘူး မဟုတ်လား"

"ဘာတွေပြောနေတာလဲ ဟားဟား.. ဒီနှစ် တော်ဝင်ပညာရှင်အဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ပါမောက္ခဟန် ရှိတယ်မဟုတ်ဘူးလား။ ကျန်းနန်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ဒါကို တစ်ပတ်လုံး ကြေညာခဲ့သေးတယ်လေ။ သူတို့က တစ်ကမ္ဘာလုံးကိုတောင် ကြေညာတော့မတတ်ပဲ"

"တော်ဝင်ပညာရှင်တစ်ယောက်တဲ့..ဝိုး အထင်ကြီးချင်စရာကောင်းလိုက်တာ။ ငါတို့ကျောင်းမှာ တော်ဝင်ပညာရှင်ဘယ်နှယောက်ရှိလဲဆိုတာ ပြန်တွက်ကြည့်ရအောင်။ နှစ်ဆယ်လား။ သုံးဆယ်လား။ သူတို့က တော်ဝင်ပညာရှင်တစ်ယောက်တည်းရှိတာတောင် ဒီလောက်ပရောဂျက်အများကြီးကို ယူရဲတယ်နော်။ နောက်ကွယ်မှာ မသန့်ရှင်းတဲ့ အပေးအယူတစ်ခုခုတော့ ရှိနေလောက်မှာပဲ ဟုတ်တယ်မလား"

"ကျစ် ကျစ် ကျစ် ဟုတ်ပါရဲ့။ ဘာပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က သူတို့ရဲ့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကလေ။ သူတို့ အခုဆိုရင် တော်တော်ထောနေကြပြီ"

...

အွန်လိုင်းပေါ်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို မရပ်မနားလှောင်ပြောင်နေခဲ့ကြသည်။ သို့သော် သူတို့က စပျစ်သီးကို သူတို့မစားရသည့်အတွက် ချဉ်တယ်ဟု ပြောတတ်ကြသူများ၏ လေယူလေသိမ်းမျိုး မဟုတ်ပါဘဲ ဌာနဆိုင်ရာ ဆရာဆရာမများကို တိုက်ခိုက်ခဲ့ကြသည်။ ဆရာဆရာမများနှင့် ပတ်သက်၍ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ လူများကလည်း ပြန်ငြင်းခုံရန် အကြောင်းပြချက်တစ်ခုမှ ရှာမတွေ့ခဲ့ကြပေ။

အမှန်တွင် သူတို့၏ပညာရေးအမွေအနှစ်မှာ နည်းပါးလှပြီး သူတို့လုပ်ဆောင်နိုင်သည့် အရာကလည်း များများစားစားမရှိချေ။။ ယခုမူ နိုင်ငံအတွင်း၌ ပြင်းထန်လှသော ယှဉ်ပြိုင်မှုကြီးတစ်ခု ရှိနေသောကြောင့် အမှန်တကယ်အရည်အချင်းရှိပြီး ထူးချွန်​လှသော လူအားလုံးက ၉၈၅နှင့် ၂၁၁ကဲ့သို့သော ဂုဏ်သတင်းကြီးမားသည့် တက္ကသိုလ်များကိုသာ သွားကြသည်။ ထိုအဖွဲ့အစည်းများကပေးသော လျော်ကြေးများကလည်း ပိုမြင့်မားချေသည်။

ချေပစကားများကို မကြားရသောအခါ အွန်လိုင်းပေါ်ရှိ ဆဲဆိုမှုများမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။

"@ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ် ပြောစရာစကားမရှိတော့ဘူးလား။ ကိုယ့်အကြောင်းကိုယ်သာ နည်းနည်းလောက်သိမယ်ဆိုရင် ပရောဂျက်တွေကို အမြန်ပြန်ပေးပြီး အခုလိုတရားမဝင်နည်းလမ်းတွေ သုံးနေတာကို ရပ်လိုက်။ နှစ်နှစ်သုံးနှစ်နေလို့ သုတေသနရလဒ်တစ်ခုမှ မတင်ပြနိုင်ရင် ဘယ်လိုအဆုံးသတ်မလဲဆိုတာ စောင့်ကြည့်နေလိုက်"

"ဒီလိုကျောင်းမျိုးက ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ သုတေသနရလဒ်မျိုးကို ထုတ်ပေးနိုင်မှာလဲ။ နောက်ဆုံးတစ်ခေါက် သူတို့ရဲ့ နိုင်ငံတော်အဆင့်ပရောဂျက်နဲ့ အကောင်းဆုံးပညာရေးအောင်မြင်မှုက အဆင့်တစ်SCIဂျာနယ်မှာ စာတမ်းတစ်စောင်ထုတ်ဝေနိုင်ခဲ့ရုံပဲရှိတာ"

အနည်းငယ်ပိုသာသည့် ကျောင်းများက နိုင်ငံတော်ပရောဂျက်တစ်ခုခုကိုပင် အောင်မြင်အောင် လုပ်ဆောင်နိုင်လေရာ အဆင့်တစ်SCIဆောင်းပါးများအကြောင်း ပြောနေစရာပင် မလိုချေ။ တစ်ခါတစ်ရံတွင် သူတို့သည် ထိပ်တန်းအဆင့် ပညာရပ်ဆိုင်ရာဂျာနယ်များတွင်ပင် ပါလာတတ်သည်။

"သူတို့ တော်တော်လွန်နေပြီ!"

ကျောင်းရှိ သုတေသနစင်တာ၏ ဒါရိုက်တာဖြစ်သူ ဟန်ကျင်းယွီက ဤမှတ်ချက်များကို ဖတ်ကြည့်ပြီးနောက် စားပွဲကိုပင် မှောက်ပစ်ချင်စိတ်ဖြစ်မိသည်။

"သူတို့ ဒီလောက်တောင် အရည်အချင်းရှိနေတယ်ဆိုရင်လည်း ပရောဂျက်တွေအကုန်လုံးကို ဘာလို့မယူကြတာလဲ"

"ပါမောက္ခဟန်..ကျွန်တော်တို့က ပရောဂျက်တွေကို အဆက်အသွယ်ကတစ်ဆင့် ရခဲ့တယ်လို့ သူတို့ သံသယဖြစ်နေကြတာပါ"

ကျန်းမုန့်လောင်က စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုရင်း ပြောလိုက်သည်။

"တကယ်တော့ သူတို့ကို အသံတိတ်သွားအောင်လုပ်ဖို့ လွယ်ပါတယ်"

"ဘယ်လိုလုပ်မှာလဲ"

"ဒီလိုလေ။ ကျွန်တော်တို့ကျောင်းရဲ့ သုတေသနစွမ်းဆောင်ရည်က ညံ့ဖျင်းနေလို့ သူတို့က မမျှတဘူးလို့ ထင်နေကြတာ။ တကယ်လို့ ချင်းပေ့တက္ကသိုလ် ဒါမှမဟုတ် ယန်ကျင်းတက္ကသိုလ်လိုမျိုး ထိပ်တန်းတက္ကသိုလ်တွေက သုတေသနပရောဂျက်တွေအများကြီးကို ယူသွားမယ်ဆိုရင် သူတို့လည်း မကျေမနပ်ဖြစ်ရုံလောက်ပဲရှိမှာ"

"ဒါပေမဲ့ ဒါက ငြင်းဆန်လို့မရတဲ့ အမှန်တရားပဲလေ။ ငါတို့ပါမောက္ခတွေက အများဆုံးမှ ယန်ဇီပညာရှင်တွေ ဒါမှမဟုတ် ပါရမီရှင်တစ်ရာနဲ့ ပါရမီရှင်တစ်ထောင်ပရိုဂရမ်ထဲမှာ ပါဖူးတဲ့လူတွေလောက်ပဲ။ ဟွာရှားသိပ္ပံကျောင်းတော်လို အဖွဲ့အစည်းတွေမှာဆိုရင် ပန်းခြံထဲမှာ ဒါမှမဟုတ် လမ်းပေါ်မှာ ထိုက်ချိကစားနေတဲ့ အဘိုးကြီးတစ်ယောက်ကတောင် တော်ဝင်ပညာရှင်တစ်ယောက် ဖြစ်နေနိုင်တယ်။ ငါတို့က သူတို့ကို ဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာလဲ"

"သုတေသနစွမ်းဆောင်ရည်ဆိုတာ ဆောင်းပါးတွေ ထုတ်ဝေနိုင်တာလောက်ပဲ ရှိတာပါ။ သူတို့ဘက်က မကျေနပ်ဘူးဆိုရင် ကျွန်တော်တို့ဘက်ကလည်း စာတမ်းတွေပိုထုတ်ဝေပြီး ဒီကိစ္စကို ဖြေရှင်းလိုက်လို့ရတာပဲ"

"ကျန်းမုန့်လောင်.. ဒါက နောက်စရာကိစ္စမဟုတ်ဘူးနော်"

ဟန်ကျင်းယွီက ပြောလိုက်၏။

"မင်းက စာတမ်းထုတ်ဝေတဲ့လုပ်ငန်းစဉ်ကို မကြုံဖူးသေးလို့။ တင်သွင်းတဲ့အဆင့်ကနေ ကနဦးပြန်လည်သုံးသပ်ဖို့အထိ လပေါင်းများစွာကြာပြီး ထုတ်ဝေဖို့ဆိုရင် တစ်နှစ်အထိ ကြာနိုင်တယ်"

"ကျွန်တော့်စီနီယာပြောတာတော့ ထိပ်တန်းဂျာနယ်တွေက တစ်ပတ်နှစ်ပတ်အတွင်း အကြောင်းပြန်တယ်တဲ့"

"အဲဒီဂျာနယ်တွေရဲ့ တင်သွင်းခွင့်အဆင့်သတ်မှတ်ချက်က တော်တော်မြင့်တယ်။ စာတမ်းရဲ့အရည်အသွေးက မပြည့်မီဘူးဆိုရင် ချက်ချင်းပယ်ချလိမ့်မယ်။ ပယ်ချမှုနှုန်းက ၉၅ရာခိုင်နှုန်းကျော်နေတဲ့အတွက် ရလဒ်ထုတ်တာကလည်း မြန်နေတာ။ ဒါပေမဲ့ သုံးသပ်မှုကို အောင်မြင်သွားရင်တော့ ကျွမ်းကျင်သူအကဲဖြတ်မှုလိုမျိုး လုပ်ငန်းစဉ်တွေက လပေါင်းများစွာကြာဦးမှာ။ အဲဒီအချိန်ကျရင် ရှေ့ဆောင်တက္ကသိုလ်ရွေးချယ်မှုကလည်း ပြီးသွားလောက်ပြီ။ ငါတို့လည်း တံတွေးပင်လယ်ထဲ ပက်လက်မျောနေလောက်ပြီ"

"လုပ်ငန်းစဉ်တစ်ခုလုံးကို အရှိန်မြှင့်နိုင်မဲ့ နည်းလမ်းတစ်ခုခုရှိလား"

"ရှိတယ်!"

ယန်ကျင်းယွီက ပြောလိုက်လေသည်။

"မင်းရဲ့ဆောင်းပါးအဆင့်အတန်းက ကမ္ဘာပေါ်က တခြားလူတွေအားလုံးကို ကျော်တက်ပြီး နိုဘယ်ဆုအဆင့်အထိ ရောက်သွားမယ်ဆိုရင်တော့ သူတို့က မင်းရဲ့ဆောင်းပါးကို အမြန်ဆုံးနှုန်းနဲ့ ထုတ်ဝေပေးမှာ သေချာတယ်"

"နိုဘယ်ဆု.. ဟုတ်လား"

ကျန်းမုန့်လောင်လည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"မင်း ဘာတွေတွေးနေတာလဲ"

ဟန်ကျင်းယွီက ရယ်မောလိုက်သည်။

"မင်း တစ်လအတွင်း နိုဘယ်ဆုရနိုင်တဲ့ ဆောင်းပါးတစ်စောင်ထုတ်ဝေဖို့ စဉ်းစားနေတာလား"

"မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ကျွန်တော်က နိုဘယ်ဆုရဖို့အတွက် ဘယ်တီထွင်မှုကို သုံးရမလဲဆိုတာကို စဉ်းစားနေတာ"

*************

All Chapters