← Chapters

ကျုပ်တို့က အနုပ်စုပ်ကုပ်စုတ်ကျောင်းတစ်ကျောင်းပါဆို

Vol. 35 Ch. 518

ကျုပ်တို့က အနုပ်စုပ်ကုပ်စုတ်ကျောင်းတစ်ကျောင်းပါဆို

Vol. 35 Ch. 518

"ပါမောက္ခ စိတ်လျှော့ပါ။ ခါးနာနေဦးမယ်"

ထိုပါမောက္ခအိုကြီး၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်မိသည်။ ဤပညာရှင်ကြီးများက အသက်အရွယ်အားဖြင့် ကြီးရင့်နေသော်ငြား သူတို့၏အတွေးအခေါ်ကတော့ ခေတ်မီနေဆဲသာ။ ထို့ပြင် သူတို့၏နည်းလမ်းပေါင်းများစွာကိုပင် လူငယ်မျိုးဆက်သစ်များက လက်ခံကျင့်သုံးနေကြသည်။

"ငါတို့ကျောင်းရဲ့ မီဒီယာဌာနကို ဆောင်းပါးနှစ်ပုဒ်သုံးပုဒ်လောက် သွားရေးခိုင်းလိုက်ဦးမယ်"

"ငါ့မြေးလေးကို ဝေးပေါ်မှာ ဘယ်လိုပို့စ်တင်ရလဲဆိုတာ သင်ပေးခိုင်းလိုက်ဦးမယ်"

"အထာကျကျဘယ်လိုပြောဆိုရမလဲဆိုတာကို ငါ့မြေးမလေးဆီက သွားသင်လိုက်ဦးမယ်"

လွန်ခဲ့သောရက်အနည်းငယ်အတွင်း စိတ်ထဲတွင် တင်းကျပ်နေခဲ့သော ခံစားချက်များကြောင့် ဤပညာရှင်အိုကြီးများမှာ စိတ်ထွက်ပေါက်တစ်ခုကို အဆောတလျင်ရှာဖွေခဲ့ကြသည်။ ယခုမူ သူတို့ထံသို့ အခွင့်အရေးရောက်လာပြီဖြစ်သောကြောင့် သူတို့ခံစားခဲ့ရသော နာကျင်မှုများကို အကုန်အစင်ဖွင့်ထုတ်ပစ်ဖို့ ဆုံးဖြတ်ထားကြသည်။

...

"တော်ဝင်ဆွီဒင်သိပ္ပံကျောင်းတော်က ဒီနှစ်အတွက် ရူပဗေဒနိုဘယ်ဆုကို လဝက်အတွင်း ကြေညာမယ်လို့ ကြေညာစာထုတ်ထားတယ်။ စာတမ်းတင်သွင်းရက်ကိုလည်း ဆယ်ရက်အတွင်း ပိတ်သိမ်းမယ်တဲ့"

ပါမောက္ခကလော့ဒ်က ကတိပေးထားသည့်အတိုင်း နာရီဝက်အတွင်းမှာပင် ချန်နယ်အမျိုးမျိုးမှတစ်ဆင့် ဤသတင်းကို ကြေညာခဲ့သည်။

ရူပဗေဒအသိုင်းအဝိုင်းတစ်ခုလုံးမှာ တစ်ပြိုင်နက်တည်း ညည်းညူကြလေတော့သည်။

"ဘာ? ဆယ်ရက်ပဲကျန်တော့တာလား။ ငါ့အချက်အလက်တွေကို အပြီးသတ်ဖို့ တစ်လလောက် အချိန်ယူရဦးမှာ။ ငါက ဒီတစ်ခေါက် ရူပဗေဒနိုဘယ်ဆုအတွက် ဖြစ်နိုင်ခြေအရှိဆုံးလေ"

"မတရားဘူး။ ဘာလို့အစောကြီးသုံးသပ်ရတာလဲ။ ငါတို့အတွက် မတရားဘူး"

"ဆိုင်းငံ့ပေးဖို့ တောင်းဆိုပါတယ်။ ဒါက ငါတို့သိပ္ပံသုတေသနပညာရှင်တွေရဲ့လုပ်အားကို စော်ကားလိုက်တာပဲ"

သိပ္ပံအသိုင်းအဝိုင်းတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။ ရလဒ်များ ထုတ်ထားပြီးသူများက သူတစ်ပါး၏နာကျင်မှုကို ဝမ်းသာနေကြပြီး ယခုနှစ်အတွက် ဆန်ကာတင်စာရင်းထဲကိုဝင်ဖို့ အချိန်မမီတော့သူများကတော့ စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြသည်။

သို့သော် သူတို့ မည်မျှငြင်းခုံပြီး ဆန္ဒပြစေကာမူ အချည်းနှီးသာ။ အကြောင်းမှာ ထိုလူများမှာ လူနည်းစုမျှသာဖြစ်၏။ ထို့ပြင် ရူပဗေဒနိုဘယ်ဆုအတွက် အရည်အချင်းပြည့်မီသူများမှာ သူတို့၏သုတေသနလုပ်ငန်းများတွင် တစ်သက်တာလုံး မြှုပ်နှံထားခဲ့ကြသည်ဖြစ်ရာ နောက်တစ်လထပ်စောင့်ရတာပဲဖြစ်စေ၊ နောက်တစ်နှစ်ထပ်စောင့်ရတာပဲဖြစ်စေ သိပ်မကွာတော့ပေ။

ဖီလာအားဖြင့် သာမန်စွမ်းဆောင်ရည်မျှသာရှိသော်ငြား ယုံကြည်မှုပြည့်ဝနေသော ပညာရှင်များကတော့ သူတို့၏အပြုအမူက အမှန်တကယ်ထင်ရှားကျော်ကြားသော ပညာရှင်များရှေ့တွင် မည်မျှရယ်စရာကောင်းနေသလဲဆိုတာကို မသိကြချေ။

အမှန်ပင်။ နောက်ထပ်သတင်းတစ်ပုဒ်က ပေါက်ကွဲလုနီးပါးဖြစ်နေသော ဤသတင်းကို အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားစေခဲ့သည်။

အကြောင်းမှာ တော်ဝင်ဆွီဒင်သိပ္ပံကျောင်းတော်က ယခုနှစ်အတွက် ရူပဗေဒနိုဘယ်ဆုတွင် ဆုကြေးငွေဒေါ်လာဆယ်သန်းပါဝင်မည်ဟု ကြေညာခဲ့သောကြောင့်ပင်။

မနှစ်တုန်းက နိုဘယ်ဆုတွင် ဆုကြေးငွေပမာဏမှာ ဟွာရှားယွမ်ငွေဖြင့်တွက်လျှင် ၁.၁သန်းသာ ရှိခဲ့သည်။ ယခု ဆုကြေးငွေက အဆခြောက်ဆယ်နီးပါးအထိ မြင့်တက်လာသည်ဖြစ်ရာ မည်သူကများ လျစ်လျူရှုထားနိုင်မည်နည်း။

များပြားလှသော ဆုကြေးငွေပမာဏကြောင့် စောဒကတက်နေသည့်အသံများ တိတ်ကျသွားသည်။ ဤနေရာတွင် မကျေမနပ်ဖြစ်နေမည့်အစား ထပ်ကြိုးစားကြည့်ခြင်းက ပိုကောင်းလေသည်။ သတ်မှတ်ချိန်မတိုင်ခင်လည်း စာတမ်းတင်သွင်းနိုင်ပေသည်။ မည်သူ အနိုင်ရမလဲဆိုတာကို ဘယ်သူက သိနိုင်မည်နည်း။

…

ကျန်းမုန့်လောင်၏စာတမ်းကတော့ ချောချောမွေ့မွေ့ထုတ်ဝေနိုင်ခဲ့သည်။ အစကမူ သုံးရက်အချိန်ယူရန် စီစဉ်ထားသော်ငြား အမှောင်ဒြပ်ထုနှင့်ပတ်သက်သော သူ့စာတမ်းကို အထူးထုတ်တစ်ခုအနေနှင့် ထုတ်ဝေပြီးပြီဖြစ်ကြောင်း မိုဟက်က ဒုတိယမြောက်နေ့မှာပင် သူ့အား အကြောင်းကြားခဲ့သည်။

သဘာဝဂျာနယ်က ယခင်တုန်းကလည်း အထူးထုတ်များကို ထုတ်ဝေဖူးသော်ငြား ၎င်းမှာ နိုဘယ်ဆုရှင်များ ရေးသားထားသော စာတမ်းများပင်။ ထို့ပြင် ပုံမှန်အားဖြင့် စာတမ်းသုံးစောင်မှ ငါးစောင်အထိ ပါဝင်ခဲ့သည်။ စာတမ်းတစ်စောင်တည်းကို သီးသန့်ထုတ်ဝေဖူးခြင်းတော့ မရှိချေ။

ဤစာတမ်းကို ထုတ်ဝေလိုက်သည်နှင့် တစ်ကမ္ဘာလုံး အုန်းအုန်းကျက်ကျက်ဖြစ်သွားကြသည်။

"ဟွာရှားနိုင်ငံက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ဟန်ကျင်းယွီရဲ့သုတေသနအဖွဲ့က အမှောင်ဒြပ်ထုရဲ့တည်ရှိမှုကို အောင်အောင်မြင်မြင်သက်သေပြနိုင်ခဲ့တယ်"

ဤခေါင်းစီးကား ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို တတိယအဆင့်တက္ကသိုလ်မှ ညတွင်းချင်း နာမည်ကြီးသွားအောင် လုပ်ဆောင်ပေးခဲ့သည်။

လူသားမျိုးနွယ်ကို နှစ်တစ်ရာတိုင်အောင် ခေါင်းရှုပ်စေခဲ့သည့် ပုစ္ဆာတစ်ခုကို တတိယအဆင့်တက္ကသိုလ်တစ်ခုမှ ဒုတိယအဆင့်ပါမောက္ခတစ်ယောက်၏ သုတေသနအဖွဲ့က ဖြေရှင်းပေးနိုင်ခဲ့သည်။ သည့်ထက်ပိုကြီးသော သတင်းမျိုး ဘယ်မှာရှိနိုင်ပါအံ့နည်း။

ပိုသက်ရောက်မှုကြီးမားသော အရာမှာကား စာတမ်း၏ပင်မစာရေးသူမှာ အခြားသူမဟုတ်ဘဲ ကျန်းမုန့်လောင် ဖြစ်နေပေသည်။ နာမည်တူနေခြင်းမဟုတ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်ကိုယ်တိုင်ပင်။

"ဒီနေရာမှာ ပြဿနာတစ်ခုတော့ရှိလာပြီ။ သံသယဝင်ချင်စရာပဲ။ ချမ်းသာပြီး ပညာမတတ်တဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူတစ်ယောက်က အမှောင်ဒြပ်ထုရဲ့တည်ရှိမှုကို ဘယ်လိုလုပ်ပြီး သက်သေပြနိုင်မှာလဲ"

"ဒါက ငွေနဲ့ဝယ်ထားတာပဲဖြစ်ရမယ်။ လိမ်လည်မှုတစ်ခုရှိတယ်ဟေ့"

ငါ စာတမ်းတစ်ခုလုံးကို သံသယဖြစ်မိတယ်။ ကျန်းမုန့်လောင်က သူများရဲ့စာတမ်းကို ငွေနဲ့ဝယ်လိုက်တာဖြစ်မယ်။ သေချာပေါက်လည်း ဝယ်နိုင်တယ်လေ။ ဒီနှစ် ရူပဗေဒနိုဘယ်ဆုရှင်အတွက် ဆုကြေးငွေက အမေရိကန်ဒေါ်လာဆယ်သန်းဆိုပေမဲ့ ဒီလိုကိစ္စမျိုးအတွက်ဆိုရင် ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာတစ်ရာဘီလီယံလောက်အထိ ပစ်ပေးနိုင်တယ်ဆိုတာ ငါယုံတယ်"

ကောင်းသတင်းများ ထွက်မလာခင်မှာ မကောင်းသတင်းများက အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ ကျန်းမုန့်လောင်၏ပရိသတ်များကလည်း သည်းမခံနိုင်တော့ဘဲ သူ့အတွက် ဝင်ပြောပေးလေတော့သည်။

"ငွေနဲ့ဝယ်ထားတယ်လို့ သံသယဖြစ်နေတဲ့လူတွေက ရူးနေကြတာလား။ နှစ်တစ်ရာလောက်ကြာအောင် ဘယ်သူမှ သက်သေမပြနိုင်ခဲ့တဲ့ ပုစ္ဆာတစ်ခုကို ပိုက်ဆံပေးပြီး ဖြေရှင်းခိုင်းကြည့်လိုက်စမ်းပါ။ ဘယ်လိုနေလဲဆိုတာ ကြည့်ကြရအောင်"

"သူတို့က ကီးဘုတ်ဖိုက်တာတွေမလား။ ဦးနှောက်မသုံးဘဲ လျှောက်ပြောနေကြတာ"

"ကျန်းမုန့်လောင်က ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲဖြေတုန်းက နှစ်နှစ်ရာလောက်ကြာအောင် သင်္ချာအသိုင်းအဝိုင်းတစ်ခုလုံးကို ခေါင်းရှုပ်စေခဲ့တဲ့ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းခဲ့တာလည်း မမေ့နဲ့နော်။ ရာစုနှစ်တစ်ခုစာလောက်ပဲကြာတဲ့ ပုစ္ဆာဆိုတာကတော့ သူ မဖြေရှင်းနိုင်စရာမရှိဘူး"

"ရူပဗေဒနိုဘယ်ဆုပေးရမဲ့ အချိန်ရောက်ပြီ။ အနိုင်ရနိုင်ခြေရှိတယ်လို့ ထင်လား"

"ကြောက်စရာကောင်းလိုက်တာနော်။ သူသာ တကယ်ဆုရသွားရင် ငါတို့ဟွာရှားနိုင်ငံမှာ တတိယမြောက်နိုဘယ်ဆုရှင်တစ်ယောက် ပေါ်လာတော့မှာမလား"

...

"ငါက ဒါကို ငွေနဲ့ဝယ်ထားတယ်လို့ ထင်နေရင်လည်း မတတ်နိုင်ဘူး။ လူကောင်းတစ်ယောက်က အဲဒီလိုအရူးတွေကို ဘာကြောင့် အချိန်ကုန်ခံပြီး ရှင်းပြနေရမှာလဲ"

ကျန်းမုန့်လောင်က ဝေးပေါ်တွင် ပို့စ်တစ်ခုတင်လိုက်သည်။ ရုတ်ခြည်းပင် ကောမန့်ထဲ၌ ပေါက်ကွဲသွားလေတော့သည်။

"တော်တယ် မစ္စတာကျန်း.. သိပ်ကောင်းတယ်။ ငါလည်း ဒီလိုလူမျိုးတွေကို တအားရွံတာ။ သူတို့ သိပ်တတ်နေတယ်ဆိုရင် သူတို့ဘာသာ စာတမ်းတစ်စောင် ထုတ်ဝေကြည့်လိုက်လေ"

"ဟုတ်ပါ့။ ငါတို့လိုလူကောင်းတွေက ငတုံးတွေကို ဘာလို့ အချိန်ကုန်ခံပြီး ရှင်းပြနေရမှာလဲ"

"ငတုံး : တော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ။ ငါ စော်ကားခံလိုက်ရသလို ခံစားရတယ်"

…

ဆယ်ရက်ကြာအောင် ပင်ပင်ပန်းပန်းစောင့်ဆိုင်းပြီးနောက် ယခုနှစ်အတွက် ရူပဗေဒနိုဘယ်ဆုကို ကြေညာပေးမည့် နေ့ကို ရောက်ရှိလာသည်။

မီဒီယာများ၊ ပညာရှင်များ၊ တက္ကသိုလ်များနှင့် အခြားလူများအားလုံးက တော်ဝင်ဆွီဒင်သိပ္ပံကျောင်းတော်၏ သတင်းကိုသာ အာရုံစိုက်နေကြသည်။

တစ်ကမ္ဘာလုံး၏ စောင့်ကြည်မှုအောက်တွင် ပါမောက္ခကလော့ဒ်က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပေါ်လာခဲ့သည်။

"ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ… လေးစားထိုက်တဲ့ ပါမောက္ခအယောက်နှစ်ထောင်ကျော်ရဲ့ ငါးရက်ကြားသုံးသပ်မှုအပြီးမှာတော့ ကျွန်တော်တို့ ဒီနှစ်အတွက် ရူပဗေဒနိုဘယ်ဆုရှင်ကို ကိုယ်စားလှယ်လောင်းသုံးရာကျော်ထဲက ရွေးချယ်စိစစ်ထားပြီးပါပြီ"

"သူတို့ကတော့…"

"'စကြဝဠာထဲမှာ အမှောင်ဒြုပ်ထုတည်ရှိကြောင်း အလင်းထောင်ချောက်ဖြင့် သက်သေပြခြင်း'စာတမ်းကို တင်သွင်းခဲ့တဲ့ ဟွာရှားနိုင်ငံက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ကျန်းမုန့်လောင်နဲ့ပါမောက္ခဟန်ကျင်းယွီတို့ပဲဖြစ်ပါတယ်"

"မိုက်လိုက်တာ"

လျှပ်တစ်ပြက်အတွင်းမှာပင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားလေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ဤတက္ကသိုလ်က အမှောင်ဒြပ်ထု၏တည်ရှိမှုကို အောင်အောင်မြင်မြင်သက်သေပြနိုင်ခဲ့ပြီဟု သိရစဉ်က လူတွေက ထိတ်လန့်သွားရုံမျှသာ။ သို့သော် ယခုမူ ကမ္ဘာမြေတုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခုဖြစ်သွားလေပြီ။ သူတို့၏သိပ္ပံသုတေသနက ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုကို ရရှိခဲ့လေပြီ။ နိုဘယ်ဆုဆိုသည်မှာ ရူပဗေဒအသိုင်းအဝိုင်းထဲတွင် အခိုင်မာဆုံးဂုဏ်ပြုမှုတစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။

"ဒါက ငါတို့ဟွာရှားနိုင်ငံရဲ့ တတိယမြောက်နိုဘယ်ဆုပဲ။ နိုဘယ်ဆုရှင်တွေအကုန်လုံးကလည်း ဟွာရှားနိုင်ငံသားစစ်စစ်တွေချည်းပဲ"

"အခု ဘယ်သူက ဟွာရှားလူမျိုးတွေကို အထင်သေးရဲသေးလဲ"

ထိုအချိန်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားတိုင်းဟာ အပျော်လုံးဆို့နေကြသည်။ အနုပ်စုတ်ကုပ်စုတ်ကျောင်းတစ်ကျောင်းအဖြစ် အချိန်အတော်ကြာအောင် သတ်မှတ်ခံခဲ့ရပြီးနောက် ယခုမူ သူတို့၏နာကျည်းမှုများကို ဖွင့်ထုတ်နိုင်ခဲ့လေပြီ။

"သူတို့က ငါတို့ကျောင်းကို အနုပ်စုတ်ကုပ်စုတ်လို့ ပြောခဲ့တာမလား။ ဒါပေမဲ့ ငါတို့က နိုဘယ်ဆုရပြီ။ မင်းတို့မှာရော ရှိလား"

"@ဟိုတက္ကသိုလ် @ဒီတက္ကသိုလ်.. မင်းတို့က ကိုယ့်ကိုယ်ကိုယ် သိပ်တော်လှပြီထင်နေတာလား။ နိုဘယ်ဆုတစ်ဆုလောက်ယူပြီး သက်သေပြစမ်းပါ။ ယူနိုင်ခဲ့တယ်ဆိုရင် ဒီပရောဂျက်တွေအကုန်လုံးကို မင်းတို့ကို ပေးလိုက်မယ်"

"ဟိုတလောတုန်းက ငါတို့တက္ကသိုလ်ရဲ့သုတေသနခွန်အားက အားနည်းတယ်လို့ ဘယ်သူကပြောခဲ့တာလဲ။ ဒီတော့ မင်းတို့က နိုဘယ်ဆုရနေပြီပေါ့လေ။ တစ်ခုမကရှိထားလောက်မှာ ကျိန်းသေတယ်"

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ နိုဘယ်ဆုတစ်ခုတောင် မရသေးတဲ့ ဂုဏ်သတင်းကြီးမားတဲ့ တက္ကသိုလ်ဆိုတာ ဟွာရှားနိုင်ငံမှာ ရှိတာလား"

"ခင်ဗျားတို့ရဲ့ကျောင်းသားတွေကတော့ ခင်ဗျားတို့ကို တော်တော်စိတ်ပျက်နေမှာပဲ။ ငါတို့ကတော့ မင်းတို့ကျောင်းအတွက် တော်တော်စိတ်မကောင်းဖြစ်မိတယ်"

"သဘောမတူတဲ့လူ ရှိသေးလား"

...

လက်ရှိအချိန်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားများက စကားလုံးများဖြင့် တိုက်ခိုက်နေကြသည်။

အခြားတက္ကသိုလ်မှ ကျောင်းသားများနှင့် ပါမောက္ခများကတော့ ဒေါသထွက်နေကြသည်။ နိုင်ငံတော်ပရောဂျက်များကို အရမယူနိုင်တာကတင် ဆိုးလှလေပြီ။ ယခုမူ နာမည်တပ်ပြီး အလှောင်ခံနေရပြန်သည်။ ယခင်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသော ကျောင်းများမှာ ယခုမူ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကျောင်းသားများထံမှ အစုလိုက်အပြုံလိုက်ပစ်မှတ်ထားခြင်းကို ခံနေရသည်။

တော်ဝင်ပညာရှင်တွေ အများကြီးရှိတော့ရော ဘာလုပ်ရမှာလဲ? မင်းတို့မှာ တော်ဝင်ပညာရှင်တွေရှိတယ်ဆိုတာနဲ့ပဲ သိပ်တော်တယ်ထင်နေတယ်ပေါ့။ ဒါပေမဲ့ မင်းတို့ဘာသာ ဘယ်လောက်တော်တော် နိုဘယ်ဆုရှင်ကိုတော့ ယှဉ်နိုင်မှာတဲ့လား။ ဟွာရှားနိုင်ငံထဲက တော်ဝင်ပညာရှင်တွေထဲမှာ နိုဘယ်ဆုရထားတာ တစ်ယောက်ပဲရှိတယ်မဟုတ်လား။

သူတို့ခမျာ စိတ်ထဲမှာသာ ပူလောင်နေကြသော်ငြား ဘာတစ်ခုမှလည်း ပြန်မငြင်းနိုင်ချေ။ အဆုံးမှာတော့ သူက နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ပေသည်။ သူသည် စင်စစ်အံ့ဖွယ်ကောင်းလှသည်။

*************

All Chapters