← Chapters

ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာလိမ့်မယ်

Vol. 35 Ch. 519

ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာလိမ့်မယ်

Vol. 35 Ch. 519

တစ်ညအတွင်းမှာပင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ဒုတိယအဆင့်တက္ကသိုလ်အဆင့်မှ ကမ္ဘာကျော်တက္ကသိုလ်တစ်ခု ဖြစ်သွားခဲ့ပြီး သူတို့တက္ကသိုလ်အပေါ် သင်္ကာမကင်းဖြစ်နေကြသော သံသယများလည်း ရပ်တန့်သွားခဲ့သည်။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏စံနှုန်းကို မေးခွန်းထုတ်ခြင်းမှာ ရူပဗေဒနိုဘယ်ဆု၏ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်ခြင်းနှင့် အတူတူပင်။ ဤသဘောကား ကမ္ဘာ့အဆင့်မီသော ဟွာရှားလူမျိုးများ၏ သိပ္ပံသုတေသနစွမ်းရည်ကို မေးခွန်းထုတ်ရာရောက်သည်။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ သိပ္ပံသုတေသနစွမ်းရည်က မကောင်းဘူးဟု ဆက်ပြောနေမည်ဆိုပါက ဟွာရှားလူမျိုးများက မတော်ဘူးဟု ပြောနေသလိုပင်။ ထိုသို့ဆိုလျှင် တစ်နိုင်ငံလုံးကို ပြန်တောင်းပန်ဖို့လိုပေသည်။

ကောင်းကောင်းမွန်မွန်အဆုံးသတ်လိုက်တော့။

"ရက်တစ်ရာကြိုးစားပြီး ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို အရောက်လှမ်းမယ်"ဟူသော ဆောင်ပုဒ်မှာ အထက်တန်းကျောင်းသားများနှင့် ဘွဲ့လွန်စာမေးပွဲအတွက် လေ့လာနေသူများတွက် အပြင်းထန်ဆုံးကြွေးကြော်သံတစ်ခု ဖြစ်လာခဲ့သည်။

ယခုအခါတွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ ရူပဗေဒလေ့လာသူများအတွက် ကောင်းကင်ဘုံတစ်ခုဖြစ်လာသည်မှာ မြေကြီးလတ်ခတ်မလွဲပေ။

သတင်းကောင်းများက ဆက်တိုက်ရောက်လာခဲ့သည်။ နောက်တစ်နေ့မှာပင် ဟန်ကျင်းယွီထံသို့ အကြောင်းကြားစာတစ်စောင် ရောက်လာခဲ့သည်။ ယခုနှစ်အတွက် တော်ဝင်ပညာရှင်ရာထူးကို သူ အောင်အောင်မြင်မြင်ရလိုက်ပြီဟူသော အကြောင်းကြားစာပင်။ ယခုမူ လုပ်ထုံးလုပ်နည်းများသာ ကျန်တော့သည်။

နိုဘယ်ဆုရှင်တစ်ယောက်အနေနှင့် သူတို့ဘက်က သူ့အား တော်ဝင်ပညာရှင်ဘွဲ့ကို မပေးအပ်ခဲ့ပါက ဤသည်မှာ ခုခံငြင်းပယ်၍မရနိုင်သော ကိစ္စတစ်ခုဖြစ်သွားပေလိမ့်မည်။

ဟန်ကျင်းယွီသည် ရန်ပုံငွေမရှိသော ပါမောက္ခတစ်ယောက်အဖြစ်မှ တော်ဝင်ပညာရှင်ဘွဲ့နှင့် ရူပဗေဒနိုဘယ်ဆုရှင်ဘွဲ့တို့ကို ပိုင်ဆိုင်ထားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျောင်းအုပ်ကြီးသာမက အုပ်ချုပ်သူများကပါ သူ့အား တလေးတစားဆက်ဆံရသည်။

ထိုညတွင် မရေမတွက်နိုင်သော တက္ကသိုလ်အမြောက်အများက ဟန်ကျင်းယွီထံသို့ ငြိမ်းချမ်းရေးသံလွင်ခက်များ ပေးပို့ခဲ့ကြသည်။ နိုင်ငံခြားရှိ Ivyအဆင့်ကျောင်းများကပင် သူ့အား အလွန်ရက်ရောသော သတ်မှတ်ချက်များဖြင့် ကမ်းလှမ်းလာခဲ့ကြသည်။

"ပါမောက္ခဟန်.. ကျွန်တော်တို့စတန်းဖို့ဒ်တက္ကသိုလ်က ခင်ဗျားကို နှစ်စဉ်လစာ ဒေါ်လာနှစ်သန်းပေးဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ အမေရိကန်မှာလည်း အစိမ်းရောင်ကတ်ပြဿနာကို ဖြေရှင်းပေးပါ့မယ်"

"ပါမောက္ခဟန်.. ခင်ဗျားသာ ဟားဗတ်တက္ကသိုလ်ကို လာမယ်ဆိုရင် ခင်ဗျားကို ဌာနမှူးရာထူးကို တန်းပေးမှာပါ။ နှစ်စဉ်လစာ သုံးသန်းနဲ့ ဗီလာတစ်လုံးအပြင် ပြောင်းရွှေ့အခြေချဖို့အတွက် ထောက်ပံ့ငွေဒေါ်လာငါးသန်းကိုလည်း တစ်ကြိမ်တည်းအကျေပေးမှာပါ။ ဒါပေမဲ့ နိုင်ငံသားပြောင်းလဲပေးဖို့တော့ မျှော်လင့်မိပါတယ်"

…

ဟန်ကျင်းယွီက ထိုကမ်းလှမ်းချက်အားလုံးကို နှစ်ခါပြန်မစဉ်းစားဘဲ ချက်ချင်းငြင်းပစ်လိုက်သည်။

ပိုက်ဆံလား? သူက အခု ပိုက်ဆံချို့တဲ့နေလို့လား? သူနှင့်ပူးပေါင်းရန်အတွက် စိတ်အားထက်သန်နေသော လုပ်ငန်းစုများမှာ ရုံးခန်းတံခါးကျိုးမတတ် လာနေကြသည်။ သူ့နှစ်စဉ်ဝင်ငွေကလည်း အမေရိကန်ဒေါ်လာသန်းပေါင်းများစွာအထိ မရှိသော်ငြား ဟွာရှားယွမ်ငွေသန်းအနည်းငယ်ကိုမူ အလွယ်တကူရနိုင်ပါသည်။

နေ့ရက်တိုင်းကို သုတေသနလုပ်ငန်းတွင်သာ မြှုပ်နှံထားသော သူ့တွင် ထိုမျှများပြားသော ငွေကြေးပမာဏမျိုးကို မလိုအပ်ချေ။ သူ့သားသမီးများ၏ နေရေးထိုင်ရေးနှင့် ပညာရေးကိုမူ အစောကြီးကတည်းက ဖြေရှင်းပြီးထားပြီဖြစ်၏။ အတိုင်းအတာတစ်ခုကို လွန်သွားလျှင် ငွေဆိုသည်မှာ ကိန်းဂဏန်းတစ်ခုမျှသာ။

ဟန်ကျင်းယွီက ပညာရှင်တစ်ဦးဖြစ်ပြီး သိပ္ပံသုတေသနကို လိုက်စားသူတစ်ဦးဖြစ်၏။ ကျန်းမုန့်လောင်အနားတွင် နေခြင်းမှာ သူ၏ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများအတွက် အဓိပ္ပာယ်ရှိလှကြောင်း ကောင်းကောင်းသိသည်။

တိတိကျကျပြောရလျှင် ဤရူပဗေဒနိုဘယ်ဆုက ကျန်းမုန့်လောင်ကိုမှီ၍ ရရှိခဲ့ခြင်းပင်။ သို့သော် ကျန်းမုန့်လောင်ထံမှရရှိခဲ့သော အဆင့်မြင့်အသိပညာပေါင်းများစွာကို ပေါင်းစပ်အသုံးချနိုင်သရွေ့တော့ နောက်နှစ်အနည်းငယ်အတွင်းမှာပင် သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် နောက်ထပ်နိုဘယ်ဆုတစ်ခု ရရှိနိုင်ခြေရှိ၏။

ထို့ပြင် သူသည် လက်ရှိအချိန်တွင် တက္ကသိုလ်၏ သိပ္ပံသုတေသနပရောဂျက်အားလုံးကို စီမံခန့်ခွဲနေရသည်။ သူသာ အခြားကျောင်းသို့ သွားလိုက်ပါက ထိုကဲ့သို့သောအခွင့်အရေးမျိုးနှင့် ခံစားခွင့်များကို ရရှိနိုင်မည်မဟုတ်ပေ။ သူ့အနေနှင့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ သူ့ရာထူးကို ဟားဗတ်တက္ကသိုလ်ပါမောက္ခရာထူးကို ဆယ်ခုလောက်ပေးလာလျှင်ပင် လဲလှယ်မည်မဟုတ်ချေ။

ထို့ပြင် သူတို့က သူ့အား သူတို့၏နိုင်ငံသားအဖြစ် ခံယူစေချင်ကြသည်။ သူက ငတုံးမဟုတ်ပေ။ အကယ်၍ သူသာ နိုဘယ်ဆုယူပြီးမှ ထွက်ခွာသွားပါလျှင် တစ်နိုင်ငံလုံး၏ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံစားရလိမ့်မည်။

"ပါမောက္ခဟန်.. ခင်ဗျား အားလား"

ခိုးကြောင်ခိုးဝှက်နိုင်သော အသွင်အပြင်မျိုးဖြင့် ပါမောက္ခတစ်ယောက်က ဟန်ကျင်းယွီ၏ရုံးခန်းသို့ ရောက်ချလာသည်။ ဟန်ကျင်းယွီ၏အကြည့်မှာ ချက်ချင်းစူးရှသွားပြီး လေထုထဲတွင်လည်း ခပ်ဖျော့ဖျော့ဒေါသရိပ်တစ်ခု လွှမ်းခြုံသွားသည်။

"ဘာဖြစ်လို့လဲ"

ဟန်ကျင်းယွီ၏ စိတ်အခြေအနေပြောင်းလဲမှုကို ကျန်းမုန့်လောင်က သတိထားမိသည်။ သူတို့သိလာကြတာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် တစ်ဖက်လူ ဤမျှအထိဒေါသထွက်နေတာကို သူ တစ်ခါမှမမြင်ဖူးခဲ့ပေ။

"ပြောရရင်တော့ အရှည်ကြီးပဲ"

အကြီးဆုံးအလုပ်သင်တပည့်ကျူးမုန့်ချောင်က တီးတိုးဆိုလာလေသည်။

"အဲဒါက ပါမောက္ခယွီလေ။ သူက ပါမောက္ခဟန်ရဲ့သုတေသနအဖွဲ့မှာ ကထိကအနေနဲ့ အလုပ်လုပ်ခဲ့ဖူးတယ်။ ပါမောက္ခဟန်က သူ့ကို ပါမောက္ခရာထူးရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးလာခဲ့တာ။ ငါတို့ရဲ့သုတေသနအဖွဲ့ကို တာဝန်ယူစေချင်တဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ သူက လမ်းတစ်ဝက်မှာ စိတ်ပြောင်းပြီး ငါတို့တက္ကသိုလ်က ယန်းဇီပညာရှင်တစ်ယောက်နဲ့ သွားရောနေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"

"ဒါဆို သူက ပါမောက္ခဟန် နောက်တစ်ခေါက်ပြန်အောင်မြင်လာတာကိုမြင်တော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့"

ထိုကဲ့သို့သော လူစားမျိုးကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည်ဟု ထင်သောကြောင့် ကျန်းမုန့်လောင်က လှောင်ပြောင်သရော်လိုက်လေသည်။

ထိုအချိန်မှာပင် ဟန်ကျင်းယွီ၏ဖုန်းက မြည်လာလေသည်။ သူက ပါမောက္ခယွီကို အရေးမလုပ်ဘဲ ဖုန်းပြန်ဖြေလိုက်၏။ သို့သော် ပါမောက္ခယွီကတော့ အနားရှိ ဆိုဖာပေါ်တွင် အရှက်မရှိဝင်ထိုင်လိုက်သည်။

ဖုန်းခေါ်ဆိုမှုက နာရီဝက်ကျော် ကြာမြင့်ခဲ့သည်။

"အာ စောင့်ခဲ့မိလို့ တောင်းပန်ပါတယ် ပါမောက္ခယွီ.. ကျုပ် အခုတလော အလုပ်များနေလို့"

ဟန်ကျင်းယွီက ဆို၏။

"လာမဲ့မတ်လအတွက် ဘွဲ့လွန်ကျောင်းသားလက်ခံဖို့လေ။ အခုမှ စက်တင်ဘာလပဲရှိသေးပေမဲ့ နိုင်ငံတစ်ဝှမ်းက ကျောင်းသားပေါင်းရာဂဏန်းလောက်က ဘွဲ့လွန်ကျောင်းသားလျှောက်ထားချင်တဲ့အကြောင်းပြောဖို့ ကျုပ်ကို ဆက်သွယ်နေကြတာ။ ဖုန်းနံပါတ်ပြောင်းလိုက်တာတောင် သူတို့က ရအောင်ရှာနိုင်တယ်နော်။ စိတ်ရှုပ်ဖို့ကောင်းတယ်မလား"

"ဟားဟားဟား.. ပါမောက္ခဟန်က ကပ်တိုးလေးကြွားတတ်သားပဲ"

ဟန်ကျင်းယွီ၏ ကျောင်းသားများက ဓာတ်ခွဲခန်းထဲတွင်ပုန်းရင်း ရယ်မောနေကြသည်။

သို့သော် ဤသည်မှာ အမှန်တရားပင်။ နိုဘယ်ဆုရှင်၏ ကျောင်းသားဖြစ်ခွင့်က လူတိုင်း ရနိုင်သည်မဟုတ်ချေ။ ဤနေရာအတွက် စောစောစီးစီးကတည်းက လူတိုင်း အလုအယက်ဖြစ်နေကြသည်မှာ အံ့ဩစရာလား။ ယန်ကျင်းတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်က မနေ့ညတုန်းက မိုင်ပေါင်းများစွာဝေးသည့်ခရီးကို အပြေးအလွှားရောက်ချလာပြီး သူတို့အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ရန်ပုံငွေများပင် ယူလာခဲ့ကြောင်း ကောလာဟလများ ထွက်နေသည်။

"သူနဲ့တန်တာပဲ"

အကြီးဆုံးစီနီယာအစ်ကိုက ပြောလာလေသည်။

"မင်းတို့မသိလို့နော်။ သူထွက်သွားပြီးတဲ့နောက်မှာ သူ့ဘာသာ ဘယ်လောက်လိုက်နာချင်ယောင်ဆောင်ပြီး မသိချင်ယောင်ဆောင်နေပါစေ.. သူ့ကြောင့် ပါမောက္ခဟန်ရဲ့ပရောဂျက်တွေအများကြီး ပျက်စီးခဲ့ရတာ"

"ပါမောက္ခယွီ.. လိုအပ်တာတစ်ခုခုရှိလို့လား"

ဟန်ကျင်းယွီက မေးလိုက်၏။

"ပါမောက္ခဟန်.. ကျုပ် ဒီအဖွဲ့ကနေ ထွက်လာခဲ့တာ တော်တော်တောင်ကြာပြီ။ ကျုပ်တို့ရဲ့ဓာတ်ခွဲခန်းထဲက ကျောင်းသားတွေကို အရမ်းသတိရလို့ ပြန်လာလည်တာပါ"

"လည်လို့ပြီးပြီလား။ ဒါဆို ပြန်လိုက်ပါတော့။ ကျုပ် ဒီည မုန့်လောင်နဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု တက်စရာရှိလို့"

ဟန်ကျင်းယွီက သူ့ပစ္စည်းများကို သိမ်းဆည်းရင်း ပြောလိုက်သည်။

"မုန့်လောင် မင်း အဆင်သင့်ဖြစ်ပြီလား"

"အဆင်သင့်ပါပဲ"

ကျန်းမုန့်လောင်ကလည်း ပူးပေါင်းဆောင်ရွက်သည့်အနေနှင့် ထွက်လာလိုက်သည်။

"သွားရအောင်လေ ပါမောက္ခဟန်… ဒီနေ့ ကမ္ဘာတစ်ဝန်းက ပါမောက္ခတွေနဲ့ ပညာရှင်တွေအများကြီးလည်း လာတယ်လို့ ကြားထားတယ်"

"ခဏနေပါဦး ပါမောက္ခဟန်"

ပါမောက္ခယွီက အမြန်ပြောလိုက်သည်။

"ကျုပ်တို့သုတေသနအဖွဲ့ထဲမှာ လူလိုသေးလားလို့ မေးချင်လို့ပါ။ ကျုပ် ဒီနေရာကို သံယောဇဉ်တွယ်နေတုန်းပဲ"

"အိုး..လူလိုတာပေါ့"

ပါမောက္ခယွီ၏မျက်နှာကား ပျော်ရွှင်မှုကြောင့် ဝင်းပသွားလေသည်။ သို့သော် ဆက်ကြားလိုက်ရသည့် စကားက သူ့အား စိတ်ဓာတ်ကျသွားစေသည်။

"မုန့်ချောင်.. ငါတို့ဓာတ်ခွဲခန်းထဲမှာ ဓာတုပစ္စည်းတွေနဲ့ ကိရိယာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် စီမံခန့်ခွဲသူတစ်ယောက် လိုနေတယ်မလား။ ပါမောက္ခဟန်ကသာ အဲဒီအဆင့်အထိ သူ့ကိုယ်သူအရောက်ခံနိုင်တယ်ဆိုရင် နေရာချပေးလိုက်"

ဟန်ကျင်းယွီက ပြောလိုက်၏။

"ဟုတ်ကဲ့ ပါမောက္ခဟန်"

...

"ပါမောက္ခဟန်.. အဲဒီလိုလူတွေအတွက်နဲ့ စိတ်တိုနေဖို့ မလိုပါဘူး"

သူတို့က ရုပ်မြင်သံကြားဌာနသို့ သွားနေသည့်လမ်းတွင် ရှိနေခြင်းပင်။ ဟန်ကျင်းယွီက စိတ်တိုနေသေးသည်မှာ သိသာလှသည်။

"ငါ စိတ်မတိုပါဘူး"

ဟန်ကျင်းယွီကလည်း ရုတ်တရက်ရယ်မောလိုက်သည်။

"ဒါက အရမ်းစိတ်ကျေနပ်ဖို့ကောင်းတာပဲ။ ငါ ဒီလိုနေ့မျိုးရောက်လာဖို့ စောင့်နေတာ ကြာပြီ။ မျက်နှာနှစ်ဖက်နဲ့ လူယုတ်မာကောင်..ခုနတုန်းက လူတွေအများကြီးရှေ့မှာ ငါ မဆဲချင်လို့သာ။ အဲဒီလိုလူတွေက ပညာရေးလောကအတွက်တော့ ရှက်စရာပဲ"

ယခုလိုပုံစံဖြစ်နေသော ဟန်ကျင်းယွီကိုကြည့်၍ ကျန်းမုန့်လောင်လည်း ကြောင်အသွားရသည်။

လှပလိုက်တဲ့ဟွာရှားဘာသာစကား..

ပါမောက္ခဟန်က ဘာသာစကားအကျော်အမော်တစ်ယောက်ဆိုတာကို မည်သူကသိနိုင်မည်နည်း။

မကြာခင်မှာပင် ကျန်းနန်မြို့ နိုင်ငံတကာပြခန်းစင်တာသို့ သူတို့ ရောက်လာခဲ့သည်။ ဤသတင်းစာရှင်းလင်းပွဲနှင့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲအတွက် ဟွာရှား၏မီဒီယာအရင်းအမြစ်အားလုံးနီးပါးက ဤနေရာတွင် စုဝေးခဲ့ကြသည်။

ပွဲစီစဉ်သူများမှာ ဖိတ်စာ၁၈၀၀ကျော်ကို ပေးပို့ခဲ့ပြီး ထိုဖိတ်စာအားလုံးကိုလည်း တစ်ဖက်က လက်ခံခဲ့သည်။ ဖိတ်ကြားမခံရသော ပညာရှင်ထောင်ပေါင်းများစွာက ပါဝင်ရန်ပင် တောင်းဆိုလာသည်။ ဤမျှကြီးကျယ်ခမ်းနားလှသော ပွဲတစ်ပွဲက တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ခုနစ်နာရီခွဲမှစတင်မည့် တိုက်ရိုက်ထုတ်လွှင့်မှုက တစ်နာရီနှစ်နာရီအလိုကတည်းက လူများ ပြည့်ကျပ်နေခဲ့သည်။

"မိုက်တယ်ဟေ့"

"ဘော့စ်ကျန်းသွားလိုက်တဲ့နေရာတိုင်းက ကြီးကျယ်ခမ်းနားမှုတစ်ခုခုတော့ သေချာပေါက်ရှိတာပဲ။ ဒီနေ့လည်း ပွဲကြည့်စရာတစ်ခုရှိတယ်လို့ ငါ ရဲရဲဝံ့ဝံ့ခန့်မှန်းလိုက်မယ်"

"အဲဒီငတုံးသတင်းထောက်တွေ ထူးထူးဆန်းဆန်းမေးခွန်းတွေ မမေးကြဖို့ပဲ မျှော်လင့်မိတယ်။ မဟုတ်ရင် ဘော့စ်ကျန်းက သူတို့ကို ဖောက်ကွဲပစ်လိမ့်မယ်။ တစ်လက်စတည်း ကြွားက ကြွားဦးမယ်ထင်တယ်"

"ယုံကြည်မှုရှိစမ်းပါ ကိုယ့်လူရာ…ထင်တယ်ဆိုတာကို ဖြုတ်လိုက်"

"ကိုယ့်လူတို့… အမှောင်ဒြပ်ထုအကြောင်း အထူးပြုယူထားတဲ့ ဥရောပအဖွဲ့အစည်းတစ်ခုက ဘော့စ်ကျန်းရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီး သံသယဖြစ်နေတယ်တဲ့။ သိရသလောက်ဆိုရင် သူတို့က ဒီနေ့ ဖိတ်ကြားခံထားရတယ်ဆိုပဲ။ သူတို့က ဆယ်စုနှစ်ပေါင်းများစွာ သုတေသနလုပ်နေခဲ့ကြတာ။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက အောင်မြင်မှုတချို့ရခဲ့တယ်လို့ကြားတယ်။ အဲဒါကြောင့် ဒီနေ့ သူတို့ ပြဿနာရှာလောက်တယ်"

"ပြဿနာရှာမှာတဲ့လား။ စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ။ ဒီနေ့တော့ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်"

****************

All Chapters