အခန်း (၅၂၁)
Vol. 35 Ch. 521
ယနေ့ သတင်းစာရှင်းလင်းပွဲသို့ တစ်စုံတစ်ယောက်ကတော့ ပြဿနာရှာဖို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း လူတိုင်းသိထားကြသည်။ သို့သော် ဤမျှအထိ မြန်မြန်ဆန်ဆန် ပေါ်လာလိမ့်မည်ဟုတော့ မည်သူမျှ မမျှော်လင့်ထားကြပေ။
"သေစမ်း! ဒီကောင်က ဘယ်ကကောင်လဲကွ? ကိုယ့်လူတို့.. သူ့ကို ကျောက်မီးသွေးတူးဖို့အတွက် အာဖရိကကို ပို့ပစ်ကြရအောင်!"
"ဒီလူက သက်သက်လာရှုပ်တာ။ ငါ့ဒေါသကို ဘယ်သူမှလာမတားကြနဲ့ဟေ့!"
"ဘာဖြစ်တာလဲ။ ငါတို့ဟွာရှားလူမျိုးတွေ သိပ်တော်နေတာကို မနာလိုမရှုစိမ့်ကြဘူးလား။ အပြစ်လာရှာနေတာလား။ ငါ့ကို စစ်သီချင်းတစ်ပုဒ်လောက် ဆိုပြစမ်းပါ!"
ဥရောပတော်ဝင်ရူပဗေဒတက္ကသိုလ်မှ ဆီဘက်က သူ့သံသယများကို စတင်ပြောဆိုရန် အခွင့်မသာသေးခင်မှာပင် ဟွာရှားပရိသတ်များက သူတို့၏ဒေါသကို မထိန်းချုပ်ထားနိုင်ကြချေ။
ဆီဘက်က ယခုနှစ်တွင် အသက်၅၄နှစ်ရှိပြီဖြစ်ပြီး အမှောင်ဒြပ်ထုနယ်ပယ်အကြောင်း နှစ်ပေါင်းသုံးဆယ်နီးပါး သုတေသနပြုလုပ်ခဲ့သည်။ ကျန်းမုန့်လောင်ပေါ်မလာခင်က အမှောင်ဒြပ်ထုနှင့် ပတ်သက်သည့် ရှေ့ပြေးသတင်းအချက်အလက်အများစုက သူ့ဓာတ်ခွဲခန်းနှင့် ပါမောက္ခဂျင်းစ်ဦးဆောင်သော အခြားဓာတ်ခွဲခန်းတို့မှ ထွက်လာခဲ့ခြင်းပင်။
မနှစ်ကမှ သူတို့၏သုတေသနမှာ အလွန်ကြီးမားလှသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီး သုံးနှစ်အတွင်း အမှောင်ဒြပ်ထု၏တည်ရှိမှုကို အောင်မြင်စွာ သက်သေပြနိုင်ပြီး ၎င်း၏ပါဝင်ဖွဲ့စည်းမှုကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
သုံးနှစ်ဟူသောအချိန်ကား သိပ်မကြာလှပေ။ အကြောင်းမှာ ပါမောက္ခဂျင်းစ်ကလွဲ၍ ကမ္ဘာပေါ်ရှိ အခြားမည်သည့် အဖွဲ့အစည်းကမှ သူတို့၏သုတေသနကို လိုက်မမီနိုင်သောကြောင့်ပင်။ မကြာသေးမီက ပါမောက္ခဂျင်းစ်ကလည်း သိသာထင်ရှားသော တိုးတက်မှုများကို မပြုလုပ်နိုင်ခဲ့သောကြောင့် သုံးနှစ်အတွင်း သူ့ကို အမီလိုက်ရန်မှာ မဖြစ်နိုင်သလောက်နီးနီးပင်။
ထိုအချိန်တုန်းကတော့ ဆီဘက်ခမျာ သူ အသက်ခြောက်ဆယ်မပြည့်ခင်မှာ ရူပဗေဒနိုဘယ်ဆုကို အရယူနိုင်မည့် အခွင့်အရေးတစ်ခု သေချာပေါက်ရှိသည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော် လမ်းတစ်ဝက်သို့ရောက်ခါမှ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ဤအခြေခံရူပဗေဒပြဿနာကို တစ်ခါတည်းဖြေရှင်းပစ်လိုက်လိမ့်မည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။
သူ့အနေနှင့် သုံးနှစ်ကြာပြီးနောက် ပိုကောင်းသော စာတမ်းတစ်စောင် ရေးနိုင်ခဲ့လျှင်ပင် ဒုတိယနေရာရသူတစ်ယောက်ကို မည်သူကမှ မှတ်မိကြမည်မဟုတ်သလို အမှောင်ဒြပ်ထု၏ တည်ရှိမှုကို သက်သေပြနိုင်ခဲ့သည့်တိုင် ရူပဗေဒနိုဘယ်ဆုအတွက် ဆက်ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်။
ထိုအချိန်တွင် သူ့ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ရပြီး ရက်ပေါင်းများစွာ အိပ်မပျော်နိုင်ခဲ့ချေ။ ဤအဖြစ်ကား အချိန်အကြာကြီး ပိုက်ဆံစုထားခဲ့ပြီး အောင်သွယ်တော်တစ်ယောက်စီစဉ်ကာ မင်္ဂလာဦးအိမ်နှင့် တင်တောင်းငွေကိုပါ ပြင်ဆင်ထားပြီး ယောက္ခမလောင်းထံတွင် တင်တောင်းရန် ပြင်ဆင်နေချိန်၌ မိမိချစ်သူကို အခြားတစ်ယောက်က လုယူသွားသလို၊ အခြားလူတစ်ယောက်က သူ့အပိုင်ဖြစ်ကြောင်း ကြေညာလိုက်သလို ခံစားရသည်။
မည်သူကများ သည်းခံနိုင်မည်နည်း။
ဟန်ကျင်းယွီ၏အဖွဲ့က ပေါ်လီမာကုန်ကြမ်းပစ္စည်းများကိုသာ စမ်းသပ်လုပ်ဆောင်နေခဲ့ပြီး အမှောင်ဒြပ်ထုနှင့် ပတ်သက်သည့်အရာများကို တစ်ခါမှမထိတွေ့ဖူးကြောင်း သူ သိလိုက်ရသောအခါ ချက်ချင်းဆိုသလို သံသယများ ဝင်ရောက်လာခဲ့သည်။
အခြားလူများ နှစ်ပေါင်းတစ်ရာအတွင်း မလုပ်ဆောင်နိုင်ခဲ့သည့်အရာကို သူတို့က တစ်ပတ်အတွင်း ဖြေရှင်းခဲ့ကြသည်တဲ့လား။
ကမ္ဘာပေါ်တွင် ပါရမီရှင်များရှိကြောင်း ဝန်ခံပါသည်။ သို့သော် ပါရမီရှင်တစ်ဦးပင်လျှင် ရက်အနည်းငယ်မျှဖြင့် ဤအရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ လှည့်ကွက်တစ်ခုခုတော့ ရှိရပေမည်။ ယနေ့ ကမ္ဘာလုံးဆိုင်ရာမီဒီယာများနှင့် ပညာရှင်များရှေ့မှောက်တွင် သူတို့၏ ပညာရေးလိမ်လည်မှုကို ဖော်ထုတ်ရမည်။
"မစ္စတာဆီဘက်. .လွတ်လွတ်လပ်လပ်မေးနိုင်ပါတယ်"
ကျန်းမုန့်လောင်ကလည်း တစ်ယောက်ယောက်က ပြဿနာရှာဖို့ ရောက်လာလိမ့်မည်ဟု သိထားသောကြောင့် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့သော် သူ့ဗဟုသုတအားလုံးက အမှန်တကယ်ရရှိထားခြင်းပင်။။ လာဘ်ထိုးထားခြင်းလည်း မရှိသလို ခိုးယူထားခြင်းမျိုးလည်း မရှိပေ။
သူက ဘာကို စိုးရိမ်ရမှာလဲ?
"ကျွန်တော်ပြောမယ့် စကားတွေက နည်းနည်းကြမ်းကောင်းကြမ်းနိုင်ပါတယ်။ ဒါကိုပြောသင့်ရဲ့လားတော့ မသိဘူး"
"ပြောသင့်လားဆိုတာတောင် သေချာမသိရင် မပြောနဲ့တော့လေ"
"ဟားဟားဟား!"
ကျန်းမုန့်လောင်က ကျွမ်းကျင်စွာ တန်ပြန်တိုက်ခိုက်လိုက်သည်နှင့် ခန်းမအတွင်း၌ ရယ်မောသံများ ရုတ်တရက်ကြီးထွက်ပေါ်လာသည်။
မှန်ပေသည်။ ပြောသင့်လားဆိုတာကိုသာ သေချာမသိလျှင် ဘာအတွက် ပြောနေဦးမလဲ။
ပြောသင့်မပြောသင့် မသေချာဘူးလား? ဒါဆိုရင် မပြောနဲ့တော့!
တည့်တိုးပြောမိလို့ ခွင့်လွှတ်ပါလို့လည်း မပြောနဲ့တော့။ အဲဒီအစား ဘာမှမပြောဘဲ နေလိုက်လေ!
သံသယဖြစ်စရာ မရှိပါချေ။
ဟွာရှားစကားကို ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်သော ဆီဘက်က ထိုတန်ပြန်တိုက်ခိုက်မှုကြောင့် လုံးဝကြောင်အသွားခဲ့သည်။ လူငယ်များက လေးစားသမှုမရှိကြသလို ကျိုးကြောင်းသင့်တော်စွာ မပြောတတ်ကြတော့ပေ။
သူ့ခမျာ အင်္ဂလိပ်ဘာသာစကားဖြင့်သာ ဆက်ပြောခဲ့ရသည်။
"ကျွန်တော် ခုနကပဲ မစ္စတာကျန်းပြောတာကို ကြားလိုက်ရတယ်။ ခင်ဗျားတို့ရဲ့ သုတေသနအဖွဲ့က စီမံကိန်းစတင်ပြီး တစ်ပတ်အတွင်းမှာတင် စာတမ်းရေးခဲ့တာပေါ့?"
"အဲဒါက ဘာစကားလဲ။ ဟွာရှားလိုပဲပြောပါ။ ကျွန်တော် နားမလည်ဘူး!"
ကျန်းမုန့်လောင်က သူ့ကို ပြန်ဖြေရန် စိတ်မပါချေ။ အထူးသဖြင့် တစ်ဖက်လူက ပြဿနာရှာရန် ရောက်လာသူဖြစ်သောကြောင့် သူ့အပျော်ကို ဖျက်ဆီးရန် ကြိုးစားနေသူတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနိုင်မည်တဲ့လား။
"ဟားဟားဟား မစ္စတာကျန်း..ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ခင်ဗျား သင်္ချာပုစ္ဆာကို ဖြေရှင်းခဲ့တုန်းက နိုင်ငံပေါင်းများစွာက သတင်းထောက်တွေကို သူတို့ရဲ့အမိဘာသာစကားနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြန်ဖြေခဲ့တာ မှတ်မိပါသေးတယ်။ သူတို့ကို ဆဲတောင်ဆဲခဲ့သေးတယ်လေ။ အခုကျတော့ အင်္ဂလိပ်လို နားမလည်ဘူးတဲ့လား"
"ငါ စကားလေးခွန်းပဲပြောချင်တယ်။ လုံးဝအရှက်မရှိဘူး"
"ကိစ္စမရှိဘူး။ ဟွာရှားနိုင်ငံမှာ နိုင်ငံခြားစကားကို ဘာလို့ပြောရမှာလဲ?"
ကံကောင်းချင်တော့ ဤတစ်ခေါက်တွင် ဟွာရှား၌ ပညာသင်ခဲ့ဖူးသော ကျောင်းသားတစ်ယောက်က ဆီဘက်နှင့်အတူ ပါလာခဲ့သည်။ နယ်ခံများကဲ့သို့ မကျွမ်းကျင်သော်လည်း အခြေခံဆက်သွယ်မှုအတွက်မူ ပြဿနာမရှိပေ။ ဆရာတပည့်နှစ်ယောက်က အပြန်အလှန်စကားပြောရင်း ဘာသာပြန်နေခဲ့ကြလေရာ နိုင်ငံတကာဆွေးနွေးပွဲတစ်ခုနှင့် ခပ်ဆင်ဆင်ဖြစ်သွားသည်။
"မစ္စတာကျန်းက လူသားတွေကို နှစ်ပေါင်းတစ်ရာကြာအောင် ခေါင်းရှုပ်စေခဲ့တဲ့ ပြဿနာတစ်ခုကို တစ်ပတ်အတွင်း ဖြေရှင်းခဲ့တယ်ဆိုတော့ ကျွန်တော် မေးချင်တာက ဒီရလဒ်ကို လူတိုင်း လက်ခံနိုင်ပါသလား"
ထိုကျောင်းသားက ဆီဘက်အတွက် ဘာသာပြန်ပေးလိုက်သည်။
"ပြီးတော့ မစ္စတာကျန်းနဲ့ ပါမောက္ခဟန်တို့က အမှောင်ဒြပ်ထုနဲ့ပတ်သက်တဲ့ ဘယ်ဘာသာရပ်ကိုမှ အရင်တုန်းက တာဝန်မယူခဲ့ဖူးပါဘူး"
"မင်းက ဘာပြောချင်တာလဲ?"
"မစ္စတာကျန်းက တခြားလူတစ်ယောက်ရဲ့ သိပ္ပံသုတေသနရလဒ်တွေကို ခိုးယူခဲ့တယ်လို့ ကျွန်တော်တို့ သံသယဖြစ်မိပါတယ်!"
ဆီဘက်က ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
"ဝိုး!"
ပရိသတ်များမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
မည်သူတစ်ဦးတစ်ယောက်ကမှ ဤသို့သံသယမဝင်ဖူးတာတော့ မဟုတ်ပေ။ ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့က ခုနစ်နှစ်ကြာ သုတေသနလုပ်ခဲ့သည်ဆိုပါက ပို၍ ယုံကြည်ချင်စရာကောင်းဦးမည်။ သို့သော် ခုနစ်ရက်တဲ့လား? ဤသည်မှာ သူတို့၏ဉာဏ်ရည်ကို စော်ကားလိုက်သလိုပင်။
သို့သော် မည်သူကမှ ဤကဲ့သို့အခြေအနေမျိုးတွင် ထိုသံသယကို ထုတ်ဖော်မပြောရဲကြချေ။ အကြောင်းမှာ ထိုလုပ်ရပ်ကား တစ်ကမ္ဘာလုံးရှေ့တွင် တစ်စုံတစ်ယောက်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် အတူတူပင်။
"မစ္စတာဆီဘက်.. ခင်ဗျား မစင်ကို စိတ်ကြိုက်စားချင်စားနိုင်ပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကိုတော့ မပြောသင့်ဘူး။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သန်းပေါင်းများစွာသောလူတွေက ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတာနော်။ နောက်မှ ခင်ဗျားတို့နိုင်ငံကို တရားစွဲဖို့ ကျွန်တော့်ရဲ့ရှေ့နေကို ညွှန်ကြားလိုက်မယ်"
ကျန်းမုန့်လောင်က ပြန်လည်ချေပလိုက်သည်။
"ကျန်းမုန့်လောင်..ခင်ဗျားက အရမ်းချမ်းသာမှန်း ကျုပ်သိပါတယ်။ အခု ခင်ဗျားက တခြားလူတစ်ယောက်ရဲ့ သုတေသနရလဒ်တွေကို ငွေအများကြီးပေးပြီး ဝယ်ယူခဲ့တယ်လို့ ကျုပ် သံသယဖြစ်မိတယ်။ ခင်ဗျား ကျွန်တော့်ကို တရားစွဲချင်စွဲနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းကို လိုက်မေးကြည့်လိုက်ပါ။ ခင်ဗျားကို ယုံကြလားလို့။ ဒါက ပညာရှင်တွေအားလုံးရဲ့ ဉာဏ်ရည်ကို စော်ကားလိုက်တာပဲ!"
"ခင်ဗျားရဲ့ဉာဏ်ရည်ကို စော်ကားသလို ဖြစ်သွားတာလား?"
ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။
"ကဲ..မစ္စတာဆီဘက်ရေ ကျွန်တော်တို့ တွက်ချက်ကြည့်ရအောင်။ ခင်ဗျား အမှောင်ဒြပ်ထုဘာသာရပ်ကို ဘယ်လောက်ကြာအောင် လေ့လာခဲ့လဲ?"
"၂၈နှစ်!"
ဆီဘက်က ထိုကိန်းဂဏန်းကို ဂုဏ်ယူစွာဖြင့် မတုံ့ဆိုင်းဘဲ ချက်ချင်းပြောလိုက်၏။
"ဒါဆို ပါမောက္ခဆီဘက်ရဲ့ ခန့်မှန်းချက်အရ ဘယ်အချိန်မှာ ဒီဘာသာရပ်ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်လဲ?"
"အများဆုံးသုံးနှစ်!"
"ကောင်းပြီ။ သုံးနှစ်ထပ်ပေါင်းလိုက်ရင် စုစုပေါင်း၃၁နှစ် ဖြစ်သွားပြီနော်။ တစ်နှစ်ကို ၃၆၅ရက်နဲ့တွက်လိုက်ရအောင်"
ကျန်းမုန့်လောင်က ဆက်ပြောလေသည်။
"ကျွန်တော် အမှောင်ဒြပ်ထုအကြောင်း လေ့လာဖို့ ခုနစ်ရက်ပဲ အချိန်ယူခဲ့ရတယ်။ ဒါကြောင့် ၃၁ကို ၃၆၅နဲ့မြှောက်ပြီး ၇နဲ့စားလိုက်ရင် ၁၆၁၆ရတယ်။ ၁၆၁၆ကို အနီးစပ်ဆုံးယူလိုက်ရင် ၂၀၀၀ရတယ်... ကျွန်တော့်ရဲ့ ဉာဏ်ရည်က ခင်ဗျားရဲ့ဉာဏ်ရည်ထက် အဆနှစ်ထောင်ပိုမြင့်တယ်!"
"ဟားဟားဟား မစ္စတာကျန်းက တကယ့် သင်္ချာပါရမီရှင်တစ်ယောက်ပဲ။ သူ့သင်္ချာကို ကာယဆရာဆီက သင်ခဲ့တာလား?"
"တစ်ယောက်ယောက် ငါ့ကိုကယ်ပါဦး။ ဟွာလော့ကန်းကတော့ သူ့သင်္ချိုင်းဂူထဲမှာ လူးလိမ့်နေလောက်ပြီ!"
"ဆက်လုပ် မစ္စတာကျန်း..ခင်ဗျားအတွက် ခေါင်းတလားအဖုံးကို ကျွန်တော်တို့ ဖိထားပေးမယ်!"
"တော်လိုက်တာ! မစ္စတာကျန်းက ဝါရင့်ကီးဘုတ်ဖိုက်တာကြီးပဲဟ!"
"သူက အရမ်းကိုယုတ္တိရှိရှိနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့တာဆိုတော့ ငါ့မှာ ပြန်ချေပလို့တောင် မရဘူး"
...
"မြင်တယ်နော်။ ကျွန်တော်တို့ရဲ့ဉာဏ်ရည်က အဆနှစ်ထောင်ကျော်တောင် ကွာခြားနေတဲ့အတွက် ခင်ဗျားရဲ့ဉာဏ်ရည်ကို နည်းနည်းလောက်လေး စော်ကားတာက သိပ်တော့မလွန်ဘူးလား"
"ဪ .ကျွန်တော်က လူသားတွေကို နှစ်ပေါင်းနှစ်ရာကျော်ကြာအောင် ဒုက္ခပေးခဲ့တဲ့ သင်္ချာပုစ္ဆာတစ်ခုကိုလည်း စာမေးပွဲချိန်အတွင်းမှာတင် ဖြေရှင်းခဲ့ဖူးတယ်နော်။ တွက်ကြည့်မယ်ဆိုရင် ကျွန်တော့်ဉာဏ်ရည်က သန်းပေါင်းများစွာ သာနေတာလည်းဖြစ်နိုင်တာပဲ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်၏။
"ခင်ဗျားအတွက်တော့ ဒီအမှောင်ဒြပ်ထုအကြောင်းအရာက ခက်ကောင်းခက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ တစ်အပေါင်းတစ် ညီမျှခြင်းနှစ်လောက်တောင် မခက်ဘူး။ ဒါကိုသက်သေပြဖို့ စာတမ်းတစ်စောင်ရေးဖို့ မလိုအပ်ဘူးဆိုရင် ကျွန်တော် ဒီထက်ပိုမြန်အောင်တောင် သက်သေပြနိုင်တယ်။ ခင်ဗျားက တုံးအတဲ့ ခင်ဗျားရဲ့အမြင်နဲ့ ကျွန်တော့်ရဲ့ပါရမီရှင်စွမ်းရည်တွေကို ဘာလို့ လာပြီးမေးခွန်းထုတ်နေတာလဲ"
"လျှပ်တစ်ပြက်သတ်ဖြတ်မှု! ပေါက်ကွဲအားပြင်းတယ်ဟေ့!"
"ငါသာ ဆီဘက်ဆိုရင် အော်ငိုနေလောက်ပြီ"
"ကမ္ဘာ့အဆင့်ပါမောက္ခတစ်ယောက်ကို မစ္စတာကျန်းက ငတုံးလို့ခေါ်လိုက်တာနော်။ သူ့ခမျာ ပြန်တောင်မချေပနိုင်ရှာဘူး။ ဒါက ရင်နာစရာမကောင်းဘူးလား"
"သေစမ်း! သူ ထပ်အောင်မြင်သွားပြန်ပြီ!"
***************