သက်သေပြရင် ယုံမှာလား
Vol. 35 Ch. 522
"မစ္စတာကျန်း.. ကျွန်တော့်ကို မေးခွင့်ပြုပါ။ ခင်ဗျားတို့နိုင်ငံရဲ့ လူဦးရေတစ်ဘီလီယံကျော်ထဲက အခုအချိန်အထိ နိုဘယ်ဆုရခဲ့ဖူးတဲ့လူက နှစ်ယောက်တည်းပဲ ရှိပါတယ်။ သူတို့နှစ်ယောက်စလုံးကလည်း တော်တော်အသက်ကြီးနေပြီ။ ဒါက ဟွာရှားနိုင်ငံဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေထွက် ခေတ်နောက်ကျနေတယ်ဆိုတဲ့ သက်သေပါပဲ။ ခုနတုန်းက ခင်ဗျားပြောတဲ့ အောင်မြင်မှုတွေနဲ့တင် ခင်ဗျားတို့မှာ အစွမ်းအစရှိတယ်ဆိုတာကို သက်သေမပြနိုင်ပါဘူး"
"အဲဒီလိုလား"
ထိုအခိုက်ဝယ် ကျန်းမုန့်လောင် ဒေါသထွက်မိသည်။
"ကြည့်ရတာတော့ ခင်ဗျားက ကျုပ်တို့ဟွာရှားလူမျိုးတွေကို အဆင့်မမီဘူးလို့ ထင်နေပုံပဲ။ မစ္စတာဆီဘက် ခင်ဗျားက ကျုပ်တို့အပေါ် တစ်ဖက်သတ်အာဃာတထားနေတာ ဟုတ်တယ်မလား"
ဆီဘက်ခမျာ ပြန်မဖြေသော်ငြား သူ့အမူအရာကတော့ ထိုကဲ့သို့ တွေးနေခြင်းဖြစ်ကြောင်း သိသိသာသာညွှန်ပြနေလေသည်။
"ကျုပ်တို့ဟွာရှားနိုင်ငံရဲ့ နှစ်ငါးထောင်သမိုင်းကြောင်းမှာ စက္ကူထုတ်လုပ်ခြင်း၊ ပုံနှိပ်ခြင်း၊ ယမ်းမှုန့်နဲ့ သံလိုက်အိမ်မြှောင်ဆိုတဲ့ တီထွင်မှုတွေကို ထုတ်လုပ်ခဲ့တယ်။ ဒီတီထွင်မှုတွေက ကမ္ဘာကိုတုန်လှုပ်စေခဲ့တဲ့ တီထွင်မှုတွေမဟုတ်လား"
ကျန်းမုန့်လောင်က စိန်ခေါ်လိုက်သည်။
"ဟွာရှားနိုင်ငံကြောင့်သာမဟုတ်ရင် ခင်ဗျားတို့ အိမ်သာတက်ပြီးတာနဲ့ တုတ်ချောင်းနဲ့ ဖင်သုတ်နေကြရဦးမှာနော်။ ဟုတ်တယ်မလား"
"ဟားဟားဟား"
စိတ်ဆိုးဒေါသထွက်နေကြသော ဟွာရှားပရိသတ်များမှာ ရုတ်တရက်ကြီး ရယ်လိုက်မိကြသည်။ တီထွင်ဖန်တီးမှုနှင့် ပတ်သက်လာလျှင် ဟွာရှားနိုင်ငံက သိပ္ပံနယ်ပယ်တွင် တောက်တောက်ပပလင်းလက်ခဲ့သည်။ ထိုအနောက်နိုင်ငံများကတော့ ရှိလို့ရှိမှန်းတောင် မသိခဲ့ကြပေ။
"ဒါပေမဲ့ အဲဒါက အရင်တုန်းကလေ။ အခု ဘာမှကြွားစရာမရှိတော့ဘူး"
"ကောင်းပြီလေ။ ခေတ်သစ်အကြောင်း ပြောကြတာပေါ့"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။
"လူလုပ်အာကာသယာဉ်နည်းပညာပိုင်းမှာ ဟွာရှားနိုင်ငံထက် သာတယ်လို့ ပြောရဲတဲ့လူတွေ လက်ထောင်ပေးပါ"
ကျန်းမုန့်လောင်က ပွဲကြည့်ပရိသတ်ထဲသို့ တစ်ချက်စစ်ဆေးလိုက်လေရာ မည်သူကမှ လက်မထောင်ရဲကြချေ။
ယနေ့အချိန်အထိ ဟွာရှားနိုင်ငံ၏ လူလုပ်အာကာသယာဉ်များမှာ အောင်မြင်မှုနှုန်းတစ်ရာရာခိုင်နှုန်းရှိသည်။ အခြားနိုင်ငံများကရော? သမိုင်းတစ်လျှောက် အာကာသယာဉ်လွှတ်တင်ခဲ့ရာတွင် မအောင်မြင်ပေါင်းများစွာရှိခဲ့ပြီး အပြင်းအထန်လေ့ကျင့်ထားသော အာကာသယာဉ်မှူးပေါင်းများစွာ၏ အသက်များကိုလည်း စတေးခဲ့ရသည်။ ဤသည်ကပင် အရာအားလုံးကို သက်သေပြထားပြီးသားပင်။
"ကဲ ဒီတော့ ဘယ်လိုလဲ။ ဆွံ့အသွားပြီလား"
ကျန်းမုန့်လောင်က ပြုံး၏။
"သိပ်မကြာခင်တုန်းက ကျုပ်တို့ဟွာရှားနိုင်ငံက ၂နာနိုမီတာချစ်ပ်ပြားကို တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။ ကျုပ်မှတ်မိတာသာ မမှားဘူးဆိုရင် ကျုပ်တို့နိုင်ငံကနေ ချစ်ပ်ပြားတွေ တင်သွင်းနိုင်ဖို့အတွက် ကျုပ်ရဲ့ဆီလီကွန်မွန်းလိုက်ကုမ္ပဏီရှေ့မှာ ခင်ဗျားတို့တွေ နာရီပေါင်းများစွာ ဒူးထောက်ခဲ့ကြရတယ်မလား"
ဤစကားအဆုံး၌ လူတော်တော်များများမှာ အရှက်တရားကြောင့် ခေါင်းငုံ့သွားကြသည်။ ထိုစဉ်တုန်းက ကျန်းမုန့်လောင်သည် တိတ်တိတ်လေးတိုက်ရိုက်ထုတ်လွှင့်ထားလိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။ ဤသည်မှာ အစုလိုက်အပြုံလိုက်အရှက်ခွဲခံရခြင်းဖြစ်ပြီး အနောက်နိုင်ငံများအတွက် အတိတ်မည်းကြီးတစ်ခု ဖြစ်ခဲ့ရသည်။
"ဒီတော့ ရှင်းပါတယ်။ ခေတ်သစ်ကိုပဲကြည့်ကြည့် သမိုင်းကိုပဲကြည့်ကြည့် ခင်ဗျားမှာ ဟွာရှားလူမျိုးတွေရဲ့သုတေသနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ဝေဖန်ပိုင်ခွင့်မရှိဘူး"
"ပြောသွားတာ သိပ်ကောင်းတယ်"
"ငါတော့ ချွေးတောင်ပြန်တယ်ဟေ့။ ဒါက ဘိုရူတိုထက်တောင် ပိုစိတ်လှုပ်ရှားဖို့ကောင်းမနေဘူးလား"
"ဥက္ကဋ္ဌကျန်းက ထာဝရနတ်ဘုရားတစ်ပါးပါပဲ"
"ဥက္ကဋ္ဌကျန်းက ကြွားလုံးထုတ်တဲ့အခါ အရမ်းပြစားပြစားနိုင်ပေမဲ့ ဒီနေ့တော့ တော်တော်ခံ့ညားတာပဲ"
...
ကျန်းမုန့်လောင်က အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
"ကောင်းပါပြီ ပါမောက္ခဆီဘက်.. ခင်ဗျား အိမ်ပြန်ပြီး တရားရုံးဆင့်ခေါ်စာကို စောင့်နေလိုက်တော့။ ကျုပ်ကို ရှစ်နှစ်ဆယ်နှစ်လောက် စိတ်ကျေနပ်မှုမပေးသရွေ့ ဒီကိစ္စကို ဒီမှာတင်မပြီးနိုင်ဘူး။ ဒီကစားပွဲအတွက်လည်း ကျုပ် ပိုက်ဆံအလုံအလောက်ရှိတယ်"
"အာ ဟုတ်သားပဲ။ လူနာတင်ကားတစ်စီးလည်း အဆင်သင့်ပြင်ထားလိုက်။ ဒီလူ ဒေါသထွက်လွန်းလို့ လေဖြတ်သွားမှာစိုးလို့"
ကျန်းမုန့်လောင်၏စကားလုံးများကြောင့် ဆီဘက်ခမျာ သွေးတက်သွားရသည်။ သူ မယုံကြည်ခဲ့ပေ။ အခြားလူများလည်း ယုံမည်မဟုတ်ကြောင်း သူသိသည်။ သို့သော် ဘာမှလည်းမတတ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေအထားသို့ရောက်အောင် မည်သူမှ သက်သေမပြနိုင်ပေ။
"ကောင်းပြီ။ ကျုပ်တို့ရဲ့သုတေသနအောင်မြင်မှုကို တခြားလူတွေအနေနဲ့ သံသယဖြစ်နေတယ်ဆိုတာ ကျုပ်သိတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျုပ် အဲဒါကို နားလည်ပါတယ်။ ဒါပေမဲ့ အမှောင်ဒြပ်ထုနဲ့ပတ်သက်ပြီး ပြောချင်တာက ကျုပ်တို့အနေနဲ့ ဘယ်လက်ရာကိုမှ ခိုးယူထားခြင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့ခိုးရလောက်အောင်အထိလည်း ဘယ်သူကမှ တော်တတ်မနေလို့ပါ"
"ခင်ဗျား အဲဒါကို ဘယ်လိုသက်သေပြမလဲ"
"တကယ်တော့ ကျုပ် သက်သေပြစရာမလိုပါဘူး"
ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်သည်။
"ဒါပေမဲ့ ကျုပ်သာ သက်သေမပြဘူးဆိုရင် ကီးဘုတ်ဖိုက်တာတွေက ဟွာရှားလူမျိုးတွေကို အွန်လိုင်းမှာ စာမူခိုးယူပါတယ်ဆိုပြီး တိုက်ခိုက်ကြလိမ့်မယ်။ ကျုပ်တို့က နိုဘယ်ဆုနဲ့မထိုက်တန်ဘူးလို့ ပြောကြလိမ့်မယ်"
"ကမ္ဘာပေါ်မှာ ဖြေရှင်းလို့မရသေးတဲ့ လျှို့ဝှက်နက်နဲမှုတွေအများကြီးရှိတယ်နော်။ ကျုပ်အနေနဲ့ နောက်ထပ်နည်းနည်းလောက် ထပ်ဖြေရှင်းပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ အဲဒီလောက်ဆိုရင် ကျုပ်ရဲ့အရည်အချင်းကို သက်သေပြဖို့ လုံလောက်တယ်မလား"
"မဖြစ်နိုင်တာ"
တစ်စုံတစ်ယောက် အောက်ဘက်မှ လှောင်ပြောင်လာလေသည်။
"ဒီလိုအရာမျိုးကို ခင်ဗျား ကြိုတင်ပြင်ဆင်လာသလားဆိုတာ ဘယ်သူက ကြိုသိမှာလဲ။ ဒါမှမဟုတ် ခင်ဗျားရဲ့လိမ်ညာမှုကို ဖုံးကွယ်ဖို့အတွက် နောက်ထပ်လိမ်ညာမှုတစ်ခုကို ထပ်သုံးမှာပဲ"
"ဟုတ်တယ်။ ခင်ဗျား အကြောင်းအရာကို ခင်ဗျားကိုယ်တိုင်မရွေးရဘူး။ ကျုပ်တို့ရွေးပေးမယ်။ အဲဒါမှ သိနိုင်မှာ"
ကျန်းမုန့်လောင်၏ပညာရေးအောင်မြင်မှုများကို မယုံသင်္ကာဖြစ်နေကြသော လူများက တစ်ပြိုင်တည်းဆိုလာကြသည်။
"ခုနတုန်းက လူတိုင်းက ခေါင်းတညိတ်ညိတ်လုပ်နေကြတာ။ အခု တစ်ယောက်က ဦးဆောင်လိုက်တာနဲ့ ပြဿနာစရှာတော့တာပဲ။ ဒီလူတွေက တော်တော်ယုတ်ညံ့တာပဲ"
"ဒါကိုတော့ လက်မခံနိုင်ဘူးဟေ့။ တခြားနိုင်ငံက လူတွေ နိုဘယ်ဆုရရင်တော့ ဘယ်သူမှမေးခွန်းမထုတ်ကြဘဲ ဟွာရှားနိုင်ငံက ဆုရတော့ ဘာလို့ပွက်လောရိုက်နေကြတာလဲ။ နှစ်ဖက်ချွန်စံနှုန်းတွေလား"
"ကမ္ဘာကြီးကို မမြင်ဖူးသလိုလုပ်ပြနေတဲ့လူတွေကို ကြည့်စမ်းပါဦး။ ဟွာရှားလူမျိုးတွေကရော ပါရမီရှင်တွေကို မွေးထုတ်မပေးနိုင်ဘူးလား"
ဟွာရှားတစ်နိုင်ငံလုံးမှာ မိုးမွှန်နေအောင် ဆဲကြလေတော့သည်။
"ဒါဆိုလည်း ကောင်းပြီလေ"
အံ့ဩဖို့ကောင်းလောက်အောင်ပင် ကျန်းမုန့်လောင်က သဘောတူလိုက်သည်။ ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာရှေ့တွင် သူ ဤစိန်ခေါ်မှုကို လက်ခံလိုက်သည်။
"ကဲ ထိုင်နေတဲ့လူတွေကပဲ မေးခွန်းသတ်မှတ်ပေးကြပေါ့။ နက္ခတ္တဗေဒ၊ ပထဝီ၊ ဆေးပညာ ဒါမှမဟုတ် သမိုင်း… ဘာပဲဖြစ်ဖြစ် ပြန်အဖြေမထုတ်နိုင်ရင် ကျုပ်ရှုံးတယ်"
"ကျန်းမုန့်လောင်က သိပ်မိုက်တာပဲ(အသံအက်ကွဲ)"
"အဲဒီစကားတစ်ခွန်းတည်းနဲ့တင် ဒီနေ့ကစပြီး ခင်ဗျားက ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးဖြစ်သွားပြီ"
"ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ငါ နည်းနည်းတော့စိတ်ပူမိတယ်။ ဘော့စ်ကျန်းရဲ့လုပ်ရပ်က နည်းနည်းကြီးကျယ်လွန်းတယ်။ သူ့စံနှုန်းနဲ့ လိုက်မမီမှာကို စိတ်ပူမိတယ်။ ဗိုက်ထဲမှာကတည်းက သူ စသင်မယ်ဆိုရင်တောင် အဲဒီလောက်များတဲ့ အသိပညာတွေကို စုဆောင်းနိုင်ပါ့မလား"
"ဖန်ကူ ကမ္ဘာကြီးကိုဖန်တီးကတည်းက သင်ထားမှဖြစ်မှာမဟုတ်လား"
"မစ္စတာကျန်း..ဖျော်ဖြေပွဲကို စလိုက်ပါတော့"
"ဟားဟားဟား.. မစ္စတာကျန်း ခင်ဗျားက သိပ်ယုံကြည်မှုရှိနေမှတော့ ခင်ဗျားကို မေးခွန်းတစ်ခုလောက်မေးပါရစေ"
တော်ဝင်ဥရောပရူပဗေဒတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ယောက်က အရင်ဦးစွာ မတ်တတ်ထရပ်လိုက်သည်။
"ဒီကလူကြီးမင်းကို ဘယ်လိုခေါ်ရမလဲဗျ"
"ကျုပ်နာမည်က ပါလီပါ ။ မစ္စတာကျန်း ကျုပ်အကြောင်းကို ကြားဖူးချင်မှကြားဖူးမှာ"
"အဲဒီလိုဆိုရင်လည်း မစ္စတာပါလီ..ခင်ဗျားရဲ့မေးခွန်းကိုပြောပါ"
"မစ္စတာကျန်းက အမှောင်ဒြပ်ထုရဲ့တည်ရှိမှုကို သက်သေပြခဲ့တာဆိုတော့ မစ္စတာကျန်းအနေနဲ့ တခြားအရာတစ်ခုရဲ့တည်ရှိမှုကို သက်သေပြနိုင်မလားဆိုတာ သိချင်ပါတယ်"
"ဘာများလဲ"
"ဝိညာဉ်ပါ"
"ဝိုး"
ထိုနေရာရှိ ပွဲကြည့်ပရိသတ်များရော တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များပါ ပွက်လောရိုက်သွားကြသည်။
"သေစမ်း! ရိုင်းလိုက်တာ။ ဒါကို သက်သေပြလို့ရလို့လား"
"ဒါက သက်သေပြထားပြီးပြီမဟုတ်လား။ လူတစ်ယောက်သေရင် သူတို့ရဲ့ဒြပ်ထုက ဂရမ်းနည်းနည်းလောက် လျော့ကျသွားတယ်လို့ ကြားဖူးတယ်။ အဲဒါက ဝိညာဉ်မဟုတ်ဘူးလား"
"မစ္စတာကျန်း.. ဝိညာဉ်နဲ့ပတ်သက်တဲ့ လူသားတွေရဲ့သုတေသနက သူတို့ရဲ့တည်ရှိမှုကို သက်သေပြနိုင်ဖို့ ကြိုးစားနေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ ခင်ဗျားသာ ဝိညာဉ်ရဲ့တည်ရှိမှုကို တစ်ပတ်အတွင်း သက်သေပြပြီး အဲဒါကို ဖွဲ့စည်းထားတဲ့ ဒြပ်ထုတွေကို ခွဲခြမ်းစိတ်ဖြာနိုင်မယ်ဆိုရင် ခင်ဗျားက ပါရမီရှင်ဖြစ်ကြောင်း အသိအမှတ်ပြုပေးပါ့မယ်"
ကျန်းမုန့်လောင်က ဘာမှမပြောပေ။ ပါလီကတော့ ကျန်းမုန့်လောင်၏အမူအရာကိုကြည့်ပြီး အောင်နိုင်သူတစ်ယောက်အလား ပြုံးလိုက်လေသည်။ သူက ကျန်းမုန့်လောင်ကို ချောင်ပိတ်ပြီး ရိုက်ချင်နေခြင်းသာ။
လူသားဝိညာဉ်ကဲ့သို့သော အရာမျိုး၏ တည်ရှိမှုနှင့် မတည်ရှိမှုကို မည်သို့သက်သေပြမည်နည်း။ ဤအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် စိတ်ကူးယဉ်မှုတို့ဖြင့် ပြည့်နှက်နေသည်ဆိုပါက ထိုအရာကို သက်သေပြရန် လုံးဝမဖြစ်နိုင်ချေ။
သက်သေပြ၍မဖြစ်နိုင်သော အရာတစ်ခုကို သက်သေပြခိုင်းနေခြင်းမဟုတ်လား။
"သေချာလား"
ကျန်းမုန့်လောင်က သရော်ပြုံး ပြုံးလိုက်လေသည်။
"ဒါပေါ့။ မစ္စတာကျန်းအနေနဲ့ တစ်ပတ်အတွင်း လုပ်နိုင်ဖို့ ခက်ခဲတယ်လို့ထင်ရင် တစ်လဆိုရင်လည်း ရပါတယ်"
ပါလီက ပြုံးပြုံးလေး ပြောလိုက်၏။
"ခင်ဗျား အဖြေကို တကယ်သိချင်တယ်ဆိုရင် ကျုပ် အခုချက်ချင်းပြောပြနိုင်တယ်။ လူသားဝိညာဉ်ဆိုတာ တကယ်ရှိတယ်"
"ဟားဟားဟား"
ပါလီက ရယ်မောလိုက်ချေသည်။
"ဝိညာဉ်တကယ်ရှိတယ်ဆိုရင် မစ္စတာကျန်းအနေနဲ့ သက်သေပြနိုင်သလားဆိုတာ သိချင်ပါတယ်။ ဒီအတိုင်းပြောရုံနဲ့တော့ ယုံချင်စရာမကောင်းဘူးနော်"
"ခင်ဗျားပြောတာမှန်တယ်"
ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်နှင့် ဆိုလာချေသည်။
"အဓိကကတော့..ကျုပ်အနေနဲ့ ဝိညာဉ်ရှိကြောင်း သက်သေပြနိုင်တယ်ဆိုရင် ခင်ဗျား ခံနိုင်ရည်ရှိပါ့မလား"
"မစ္စတာကျန်း စိတ်ချပါ။ ကျုပ်က အရမ်းသတ္တိရှိတာ။ ပြီးတော့ သိပ္ပံပညာကို ယုံကြည်တဲ့အတွက် ဝိညာဉ်တကယ်ရှိတယ်ဆိုရင်တောင် ကြောက်တဲ့အထိတော့ မဖြစ်ပါဘူး"
"အိုး? သေချာလား"
"ဒါဆိုလည်း ကောင်းပြီလေ"
ကျန်းမုန့်လောင်က ထီမထင်လေဟန်အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်သည်။
"တစ်လလောက်အထိ အချိန်ယူစရာမလိုပါဘူး။ လူသားဝိညာဉ်တကယ်ရှိမရှိ သိချင်တယ်ဆိုရင် ကျုပ် အခုချက်ချင်း သက်သေပြပေးနိုင်တယ်"
******************