သေးထွက်မတတ်ကြောက်လန့်ခြင်း
Vol. 35 Ch. 523
"ညီအစ်ကိုတို့.. ငါ နားကြားမှားတာများလား။ ဒါမှမဟုတ် ဘော့စ်ကျန်းက ဝိညာဉ်တကယ်ရှိကြောင်း သက်သေပြမယ်လို့ တကယ်ကြီးပြောလိုက်တာလား"
"သေစမ်း။ သရဲဖမ်းပွဲကို တိုက်ရိုက်ထုတ်လွှင်မှာလား။ ငါ ဒီလိုမြင်ကွင်းမျိုးတော့ အရင်က တစ်ခါမှမမြင်ဖူးဘူး"
"ဒါက ထုတ်လွှင့်လို့ရော ရရဲ့လား။ ဆိုရှယ်လစ်အနှစ်သာရနဲ့ ကိုက်ညီရဲ့လား"
"ဝိညာဉ်ကိုသာ တကယ်ခေါ်နိုင်ခဲ့ရင် စိတ်ကူးဝါဒနဲ့ ရုပ်ဝါဒကြားမှာ အသေအကြေတိုက်ပွဲတစ်ခု ဖြစ်လာတော့မှာ"
သတင်းစာရှင်းလင်းပွဲတစ်ခုက ယခုလိုအခြေအနေမျိုးအထိ ရောက်လာလိမ့်မည်ဖြစ်ကြောင်း မည်သူမှ မမျှော်လင့်ထားပေ။
"ဟားဟား.. ရယ်ရတယ်ဟေ့။ ဝိညာဉ်ဆိုတာ တကယ်ရှိသတဲ့"
သိပ္ပံပညာကို အခိုင်အမာယုံကြည်ထားသော ပညာရှင်အိုကြီးတစ်စုက လှောင်ပြောင်သရော်လာလေသည်။
"ခင်ဗျားတို့ကမှ မသိနားမလည်တဲ့လူတွေ"
ကျန်းမုန့်လောင်ကလည်း မတွန့်မဆုတ်ပြန်ပက်လိုက်၏။
"လူတစ်ယောက်ရဲ့ဝိညာဉ်ကို ခင်ဗျားတို့မြင်ဖူးလား။ မမြင်ဖူးရင် ပါးစပ်ပိတ်နေလိုက်။ မဟုတ်ရင် ကိုယ်တုံးအတာ လူသိတယ်။ အဲဒါနဲ့များ ကိုယ့်ကိုယ်ကိုယ် သိပ္ပံပညာရှင်လို့ခေါ်နေသေးတယ်။ ဒီအသက်အရွယ်ရောက်နေတာတောင် အရာရာကို သိပ္ပံအမြင်နဲ့ မကြည့်တတ်ကြဘူးလား"
"ဒါဆိုလည်း ကောင်းပြီလေ။ မစ္စတာကျန်းကသာ ကျုပ်တို့လို မသိနားမလည်တဲ့လူတွေကို ဝိညာဉ် တကယ်ရှိကြောင်း သရုပ်ပြနိုင်မယ်ဆိုရင် သိပ်ကျေးဇူးတင်မိမှာပဲ"
ရည်ရွယ်ချက်ကောင်း မရှိကြသူများမှာ ပွဲကြည့်လိုဟန်အမူအရာများဖြင့် ရှိနေပြီး ဝိညာဉ်တည်ရှိကြောင်း သက်သေပြနိုင်ရန် လုံးဝမဖြစ်နိုင်ဘူးဟု ခိုင်မာစွာယုံကြည်ထားကြသည်။
"မိန်းကလေး..ခင်ဗျားခြေကျင်းဝတ်ပေါ်က အဆောင်ခေါင်းလောင်းလေးကို ငှားလို့ရမလား"
ကျန်းမုန့်လောင်က ဝန်ထမ်းတစ်ယောက်နားသို့ ချဉ်းကပ်သွားပြီး သူ(မ)၏ခြေကျင်းဝတ်ရှိ လက်ဝတ်ရတနာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ရပါတယ်"
ထိုမိန်းကလေးကလည်း ထိုခေါင်းလောင်းလေးကို ချွတ်ပြီး ကျန်းမုန့်လောင်အား ပေးလိုက်၏။
"ကဲ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့ရမဲ့အချိန်ပါပဲ"
လူတိုင်းက စိတ်ရှုပ်ထွေးမှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ကြည့်နေကြချိန်မှာ ကျန်းမုန့်လောင်က သူကိုင်ထားသော အဆောင်ခေါင်းလောင်းလေးကို လှုပ်ခါလိုက်သဖြင့် အထူးသတ်မှတ်ထားသော ကြိမ်နှုန်းရှိသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။
"သူ ဘာလုပ်နေတာလဲ"
"မသိဘူး။ ငါ ဘာလို့ ကျောချမ်းလာတာပါလိမ့်"
"ရူပဗေဒနိုဘယ်ဆုရှင်တစ်ယောက်က ဝိညာဉ်တွေက တကယ်ရှိကြောင်း တစ်ကမ္ဘာလုံးကို သက်သေပြတော့မယ်တဲ့။ ဒါကြီးက မယုံနိုင်စရာကြီး"
"မစ္စတာကျန်းက ရှေ့ဖြစ်ဟောဆရာတစ်ယောက်လိုပဲ"
ရုတ်ခြည်းပင် ကျန်းမုန့်လောင်ကို သံသယဝင်ခဲ့ကြသော ပညာရှင်များ၏ ခန္ဓာကိုယ်များမှာ တောင့်ခဲသွားရလေသည်။ သူတို့၏မျက်ဆံများကလည်း အဆမတန်ပြူးကျယ်လာပြီးနောက် တောင့်တင်းနေသော သူတို့၏ခန္ဓာကိုယ်များမှာ အနည်းငယ်တုန်ယင်လာခဲ့သည်။
"အား!"
"မလာခဲ့နဲ့။ ငါ့နားကို မလာခဲ့နဲ့"
"ကယ်ပါဦး။ ဒါကြီးက ဘာကြီးလဲ"
သူတို့၏မျက်လုံးများမှာ ချင်းချင်းနီလာပြီး ထိတ်လန့်တကြား နောက်ဆုတ်လိုက်ကြသည်။ ကြောက်စရာကောင်းသော အရာတစ်ခုက သူတို့ကို တိုက်ခိုက်နေသည့်အလား လက်မောင်းများကို ဝှေ့ယမ်းနေချေသည်။
သို့သော် ပတ်ပတ်လည်ရှိ လူများကတော့ ပါကင်ဆန်ရောဂါကို ရုတ်တရက်ကြီးခံစားလိုက်ရသလိုပင်။
"ဒီလူတွေဘာဖြစ်တာလဲ။ သူတို့ သရဲမြင်နေရတာတော့ မဟုတ်ပါဘူးနော်"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါကသိပ္ပံနည်းကျလို့လား"
"လူသားဝိညာဉ်ဆိုတာ တကယ်ရှိတယ်ဆိုရင် ရုပ်ဝတ္ထုတစ်ခုခုနဲ့တော့ ဖွဲ့စည်းထားတာသေချာတယ်။ အဲဒါက ငါတို့နားလည်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နေတာဖြစ်မယ်"
ထိုအချိန်မှာ တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်သွားလေတော့သည်။
ကျန်းမုန့်လောင်က တစ်စုံတစ်ခုကိုများ ကြိုတင်စီစဉ်ထားသလားဟု တချို့က သံသယဝင်ခဲ့ကြသည်။ သို့သော် ဤစိန်ခေါ်မှုကို ချက်ချင်းသက်သေပြခဲ့သည်ဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့် ဘာမှကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိပေ။ ထိုပညာရှင်များကမူ သူ့အပေါ် မလိုမုန်းထားဖြစ်နေသောကြောင့် သူ့အတွက် သရုပ်ဆောင်ပေးနေခြင်းတော့ မဟုတ်တန်ရာ။
ကျန်းမုန့်လောင်က သူတို့ကို ဝိညာဉ်များ၏တည်ရှိမှုကို မျက်မြင်တွေ့စေရန်အတွက် နည်းလမ်းတစ်ခုခုကိုများ သုံးခဲ့လေသလား။
တကယ်တမ်းတွင် ကျန်းမုန့်လောင်ကိုယ်တိုင်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ မရောက်ခင်ကအထိ သဘာဝလွန်အရာများကို မယုံကြည်ခဲ့ပေ။ သို့သော် ယန်ချီရှနှင့် နျဲ့ရှောင်းချန်တို့၏တည်ရှိမှုကြောင့် ဝိညာဉ်တကယ်ရှိကြောင်း သူ ယုံကြည်ခဲ့သည်။
လူသားဝိညာဉ်ဆိုသည်မှာ စွမ်းအင်သက်ရှိတစ်ခုဖြစ်ပြီး မြင်လည်းမမြင်နိုင်သလို ထိလည်းမထိတွေ့နိုင်ပေ။ သို့သော် ဤစွမ်းအင်အမှုန်များက အလွန်ထူးခြားလှသော ကြိမ်နှုန်းနှင့် ထိတွေ့သည့်အခါ လူ့ခန္ဓာကိုယ်ကို လှုံ့ဆော်နိုင်သည်နှင့် သူတို့ကို မြင်နိုင်လေသည်။
အမှန်ပင်။ ဤစွမ်းအင်အမျိုးအစားက အသိစိတ်မရှိသောအရာတစ်ခုဖြစ်ပြီး လူသားများအတွက် ဘာခြိမ်းခြောက်မှုမှလည်း မပေးနိုင်ပေ။ အချိန်တစ်ခုကြာပြီးနောက် သဘာဝထဲရှိ အခြားစွမ်းအင်တစ်မျိုးအဖြစ် ပြောင်းလဲသွားမည်ဖြစ်၏။
အလွန်ထူးခြားသော အခြေအနေတချို့အောက်မှာသာ ဤစွမ်းအင်သတ္တဝါများက လူ့ဘဝတွင် သူတို့ပိုင်ဆိုင်ခဲ့သော အသိစိတ်များကို ဆက်လက်သယ်ဆောင်ထားနိုင်သည်။
ကျန်းမုန့်လောင်က ဝိညာဉ်စွမ်းအင်၏ကြိမ်နှုန်းကို ထိုပညာရှင်များ၏ကြိမ်နှုန်းနှင့် ကိုက်ညီအောင် တီးခဲ့ခြင်းပင်။
လူတစ်ဦးချင်းစီတွင် သတ်မှတ်ထားသော ကြိမ်နှုန်းက မတူညီသဖြင့် သူတို့သာ ထိုအရာများကို မြင်နိုင်ခြင်းဖြစ်၏။ ယခုလိုထိန်းချုပ်မှုမျိုးက သာမန်လူများနှင့် ကိရိယာများအတွက်တော့ မဖြစ်နိုင်ပေ။ ကျန်းမုန့်လောင်က သူ့စွမ်းရည်ကို အတိုင်းအတာတချို့အထိ ထုတ်သုံးခဲ့ခြင်းပင်။
ထို့ကြောင့် ပညာရှင်များက ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ပြသခဲ့ခြင်းမှာ သူတို့ပတ်ပတ်လည်တွင် အသိစိတ်ကင်းမဲ့နေသော သက်ရှိများအလား လှည့်လည်သွားလာနေသော ဝိညာဉ်များကို မြင်လိုက်ရသောကြောင့်ပင်။ သူတို့၏ကြိမ်နှုန်းများ ညီမျှသွားသည်နှင့် ထူးခြားသော အသိစိတ်ရှိသည့် ဝိညာဉ်များက သူတို့၏တည်ရှိမှုကို သိရှိသွားပြီး အပြင်းအထန်တိုက်ခိုက်လာနိုင်သည်။
ပိုအရေးကြီးသည့်အချက်မှာ လူသားဝိညာဉ်များက သေဆုံးချိန်ကတည်းက တချို့ဝိသေသလက္ခဏာများကို ဆက်လက်ထိန်းသိမ်းထားသည်။ ကားမတော်တဆမှုများ၊ ပြုတ်ကျမှုများ သို့မဟုတ် မီးလောင်မှုများကြောင့်ဖြစ်သော သေဆုံးမှုများက ဤဝိညာဉ်များ၏အသွင်အပြင်ကို ပိုမိုကြောက်မက်ဖွယ်ကောင်းစေသည်။
အစောတုန်းက ထိုကဲ့သို့ဖြစ်သွားခြင်းပင်။
ကျန်းမုန့်လောင်က ခေါင်းလောင်းယမ်းတာကို ရပ်လိုက်သောအခါ ထိုပညာရှင်ငါးယောက်ခြောက်ယောက်အနားတွင် ပေါ်လာသော ဝိညာဉ်များမှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။ သူတို့လည်း ချက်ချင်းပင် အားအင်ကုန်ခမ်းသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ထို့နောက် ကျန်းမုန့်လောင်ကိုကြည့်သော သူတို့အကြည့်တွင် အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။
အကြောင်းမှာ သူတို့အနေနှင့် ဝိညာဉ်၏သဘာဝကို နားမလည်သောကြောင့်ပင်။ လူသားများဟာ သူတို့မသိနားမလည်သောအရာများကို ကြောက်တတ်ကြသည်။
"လူကြီးမင်းတို့.. ကျုပ်ရဲ့သရုပ်ပြမှုကို စိတ်တိုင်းကျရဲ့လား"
ကျန်းမုန့်လောင်က သူ့လက်ထဲရှိ ခေါင်းလောင်းကို မြှောက်ပြလိုက်သည်။
"ကျုပ်က ပညာရေးလိမ်လည်မှုကို ကျူးလွန်ခဲ့တယ်လို့ ထင်တဲ့လူများရှိရင် ခင်ဗျားတို့ကို နောက်တစ်ခေါက် ကြည့်ခွင့်ပေးနိုင်ပါတယ်။ ဒီဝိညာဉ်တွေရဲ့ဖွဲ့စည်းပုံအကြောင်း လေ့လာဖို့အတွက် တချို့ကိရိယာတွေကိုလည်း ရှာနိုင်ပါတယ်။ ဒါဆိုရင် နောက်လာမဲ့နိုဘယ်ဆုကို ခင်ဗျားတို့ ရချင်ရနိုင်တာပဲ"
"မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ မလုပ်ပါနဲ့"
လူတော်တော်များများလည်း ချက်ချင်းဆိုသလို ထိတ်လန့်သွားကြလေသည်။ သူတို့အနေနှင့် ထိုကဲ့သို့သောမြင်ကွင်းမျိုးကို နောက်တစ်ခါထပ်မမြင်ချင်တော့ပေ။ ထိုစက္ကန့်ပိုင်းမျှ ကြောက်လန့်လိုက်ရုံဖြင့် တစ်သက်တာလုံး ကုစားလို့ မရနိုင်တော့ချေ။
"ဘာအနံ့ကြီးလဲ။ ဘာလို့ တအားနံနေတာလဲ"
"သေစမ်း.. ကြမ်းပြင်ကို ကြည့်လိုက်ကြဦး။ သူတို့ ကြောက်သေးပန်းထားကြတာဟ"
"ဟားဟားဟား.. သူတို့ သေးထွက်ကျတဲ့အထိ ကြောက်သွားတာပါလား"
"ဟုတ်တယ်။ သူတို့က ဘယ်သူဆိုလားပဲ။ တော်ဝင်ဥရောပရူပဗေဒတက္ကသိုလ်ကလား"
တစ်စုံတစ်ယောက်က သူတို့၏ဇစ်မြစ်ကို တမင်တကာ အကျယ်ကြီးပြောလိုက်သည်။
"ဝန်ထမ်း.. ပါမောက္ခကြီးတွေကို အတွင်းခံလဲပေးဖို့ ခေါ်သွားပေးလိုက်ပါဦး။ အတွင်းခံရဲ့ကုန်ကျစရိတ်ကိုတော့ ကျွန်တော် ရှင်းပေးပါ့မယ်"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"ကောင်းတာလေး ဝယ်နော်။ မဟုတ်ရင် ဟွာရှားလူမျိုးတွေက သိပ္ပံသုတေသနစွမ်းရည်မှာ မချို့တဲ့ပေမဲ့ ကပ်စေးနည်းတယ်လို့ ပြောနေကြဦးမယ်"
"ဟားဟားဟား"
"သိပ်ကြောက်ဖို့ကောင်းတဲ့မှတ်ချက်ပဲ"
"သူတို့ ဘာမြင်လိုက်ရလဲဆိုတာ ငါ သိချင်လိုက်တာ"
"ဟင့်အင်း မသိချင်နဲ့"
...
"မစ္စတာကျန်း ခင်ဗျား ခုနတုန်းက ဘာလုပ်လိုက်တာလဲ"
ဆာရှီနင်က ရဲရဲဝံ့ဝံ့မေးလိုက်လေသည်။
"သူတို့က ဝိညာဉ်တွေ တကယ်ရှိမရှိဆိုတာကို သက်သေပြစေချင်တာမလား။ ကျွန်တော်က သူတို့ကို မြင်ခွင့်ပေးလိုက်တာပါ"
"အားလုံးကို ကြောက်လန့်အောင်လုပ်မိသွားတဲ့အတွက် တောင်းပန်ပါတယ်"
ကျန်းမုန့်လောင်က ကင်မရာကို လှည့်ပြောလိုက်သည်။
"တကယ်တော့ ဝိညာဉ်ဆိုတာ တကယ်ရှိပါတယ်။ စိတ်ဝင်စားတဲ့ ပညာရှင်တွေရှိတယ်ဆိုရင် စွမ်းအင်နဲ့ရူပဗေဒရှုထောင့်ကနေ လေ့လာနိုင်ပါတယ်။ အဓိကအချက်ကတော့ ကြိမ်နှုန်းပါ။ ကျွန်တော်တို့ရဲ့ အမြင့်ဆုံးကြိမ်နှုန်းတိုင်းတာရေးကိရိယာတွေရဲ့ တိကျမှုကို မြှင့်တင်နိုင်မယ်ဆိုရင် ကောက်ချက်ချဖို့လွယ်လွယ်လေးပါ"
ကျန်းမုန့်လောင်လည်း ခေါင်းလောင်းလေးကို ဝန်ထမ်းမလေးထံသို့ ပြန်ပေးလိုက်ပြီး အင်တာဗျူးနေသည့်နေရာသို့ ပြန်သွားလိုက်၏။
"ကဲ.. မေးစရာရှိကြသေးလား"
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ တော်ဝင်ရူပဗေဒဓာတ်ခွဲခန်းမှ ပညာရှင်များ၏ တုံ့ပြန်မှုကို သူတို့မြင်လိုက်ရသော်လည်း လှည့်စားမှုတစ်စုံတစ်ရာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျန်းမုန့်လောင်တွင် သူတို့မသိနိုင်သော ဗဟုသုတအများအပြား ပိုင်ဆိုင်ထားပုံရသည်။
"မရှိတော့ဘူးဆိုရင်လည်း အခုကစပြီး ခင်ဗျားတို့ကို ပါးစပ်ပိတ်ထားပေးကြဖို့ တောင်းဆိုချင်တယ်။ ဟွာရှားလူမျိုးတွေရဲ့ အရည်အချင်းကိုလည်း သံသယဝင်မနေနဲ့တော့။ ကျုပ်တို့နိုင်ငံက သမိုင်းကြောင်းအရှည်ဆုံးနိုင်ငံတစ်ခုပဲ။ ကျုပ်တို့ရဲ့အသိပညာတွေက ခင်ဗျားတို့တွေ မေးခွန်းထုတ်လို့ရတဲ့အရာမဟုတ်ဘူး"
"ကျုပ်တို့တွေ နိမ့်ကျတဲ့ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဟွာရှားနိုင်ငံက တခြားနိုင်ငံတွေထက် မနိမ့်ကျတော့ဘူး"
ကျန်းမုန့်လောင်က ပြုံးပြုံးလေး ပြောလိုက်၏။
"စကားမစပ်.. ဟွာရှားနိုင်ငံကို သံသယဖြစ်နေသေးတယ်ဆိုရင် ကျုပ်တို့ရဲ့အမျိုးသားနေ့က လဝက်ပဲလိုတော့တာ။ ခါတိုင်းလိုပဲ ခမ်းနားတဲ့စစ်ရေးပြအခမ်းအနားနဲ့ စစ်သရုပ်ပြမှုတွေ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ခင်ဗျားတို့လည်း ကြည့်ရှုပေးကြဖို့ မျှော်လင့်ပါတယ်"
*****************