← Chapters

သူတို့က ဉာဏ်ရည်တုငတုံးတွေ

Vol. 35 Ch. 524

သူတို့က ဉာဏ်ရည်တုငတုံးတွေ

Vol. 35 Ch. 524

သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားရေးစိတ်ဓာတ်နှင့် သိပ္ပံပညာ၏ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ အွန်လိုင်းပေါ်ရှိ သံသယများလည်း လုံးဝနီးပါးပျောက်ကွယ်သွားခဲ့ပြီး ကျန်းမုန့်လောင်အကြောင်း စူးစမ်းနေကြသော အကြောင်းအရာများဖြင့် အစားထိုးသွားသည်။

သင်္ချာနှင့် ရူပဗေဒတွင် ကြောက်ခမန်းလိလိအောင်မြင်မှုရထားသည့်အပြင် ကမ္ဘာ့အချမ်းသာဆုံးလူပါ ဖြစ်လာနိုင်သူမှာ ဘယ်လိုလူစားမျိုးလေလဲ။

လူတိုင်းတွင် ပခုံးနှစ်ဖက်နှင့် ခေါင်းတစ်လုံးသာ ရှိကြသည်။ သို့ဖြစ်လေရာ သူက ဘာကြောင့်များ အလွန်ထူးချွန်နေရသလဲ။ သူတို့က ကမ္ဘာပေါ်မှာ လူအရေအတွက်ပြည့်ရုံသက်သက် ဖန်တီးခံထားရသည်ဟု ဘာကြောင့် ခံစားနေရသလဲ။

ကျန်းမုန့်လောင်အတွက်တော့ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို အခြားမည်သူကမှ ပြဿနာမရှာတော့သရွေ့ ကျန်တာတွေကို ဂရုစိုက်နေမည်မဟုတ်ချေ။

သိပ္ပံရှေ့ဆောင်တက္ကသိုလ် ရွေးချယ်ရန်အတွက် အချိန်တစ်ပတ်သာ လိုတော့သည်။ နောက်ဆုံးနေရာကို သိပ္ပံအောင်မြင်မှုများကို ပြသပြီးနောက် ကြေညာလိမ့်မည်သာ။

ဤကာလအတောအတွင်း ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများမှာ အင်အားအပြည့်ဖြင့် တက်တက်ကြွကြွကြိုးစားခဲ့ကြပြီး သူတို့၏ပရောဂျက်၁၅၈ခုထဲမှ ၁၄ခုကို တစ်လအတွင်း သိသာသောရလဒ်များ ထွက်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ကျောင်း၏ရမှတ်စာရင်းကို ပညာရေးကွန်ယက်ပေါ်တွင် တင်ထားပြီးဖြစ်၏။ ယန်ကျင်းတက္ကသိုလ်က စုစုပေါင်း၇၈၄၀မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ချင်းပေ့တက္ကသိုလ်က ၇၇၂၀ဖြင့် ဒုတိယနေရာတွင်ရှိကာ ကျန်းနန်တက္ကသိုလ်ကတော့ ၇၆၉၀ဖြင့် တတိယနေရာ၌ နေရာယူထားသည်။

ဤကျောင်းသုံးကျောင်းကြားရှိ ကွာဟချက်မှာ အလွန်နီးကပ်လှလေရာ ပြိုင်ပွဲစည်းမျဉ်းများအရ နောက်ဆုံးပြိုင်ပွဲက အများဆုံး ရမှတ်သုံးထောင်အထိ ရယူနိုင်သည်။ ထို့ကြောင့် မည်သည့်ကျောင်းမဆို အနိုင်ရနိုင်ခြေရှိ၏။

နောက်ဆက်တွဲပြိုင်ပွဲကလည်း အလွန်စိတ်လှုပ်ရှားဖို့ကောင်းလှသည်။ ကျောင်းတစ်ကျောင်းချင်းစီ၏ အမှတ်ကွာဟချက်မှာ နည်းနည်းသာရှိသောကြောင့် သိပ္ပံအောင်မြင်မှုများကို ပြသမည့် နောက်ဆုံးအဆင့်က မရေရာမှုများဖြင့် ပြည့်နှက်နေသည့် ပြိုင်ပွဲတစ်ခုဖြစ်လာနိုင်သည်။

သိပ်မကြာခင်ကမှ နာမည်ကြီးလာခဲ့သော ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က နိုင်ငံတော်ပရောဂျက်၁၅၈ခု၊ နိုဘယ်ဆုတစ်ဆုနှင့် နိုင်ငံတော်အဆင့်ပရောဂျက်၂၄ခုကြောင့် အပိုထပ်ဆောင်းရမှတ်များ ရရှိခဲ့သည်ဖြစ်ရာ ဂုဏ်သတင်းကြီးမားလှသော ၉၈၅နှင့် ၂၁၁တက္ကသိုလ်များကို ကျော်တက်၍ စုစုပေါင်းအမှတ်၇၅၂၀ဖြစ်သွားပြီး အဆင့်ငါးနေရာတွင် နေရာယူထားချေသည်။

ရုတ်တရက်ထွက်ပေါ်လာသော ထူးချွန်ကျောင်းကြောင့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှာ ထိတ်လန့်သွားခဲ့ကြသည်။ သာမန်တက္ကသိုလ်လေးတစ်ခုက ဤမျှအထိကြီးမားလှသော ရလဒ်မျိုးကို ထုတ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူတို့သာ နောက်ဆုံးပြိုင်ပွဲမှာ အရေးပါသော သုတေသနရလဒ်တစ်ခုကို ထုတ်ပြနိုင်ခဲ့မည်ဆိုလျှင် ဤရှေ့ဆောင်တက္ကသိုလ်ရွေးချယ်ရေးအစီအစဉ်တွင် နေရာတစ်ခု ရသွားပေလိမ့်မည်။

သို့သော် ယခုလိုအာရုံစိုက်ခံနေရသော ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ သံသယပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ သူတို့က ရူပဗေဒတွင် နိုဘယ်ဆုရခဲ့ပါသော်ငြား ၎င်းမှာ အခြေခံရူပဗေဒသုတေသနတစ်ခုဖြစ်၏။ ဤပြိုင်ပွဲကား အသုံးချသိပ္ပံပညာကို အဓိကအသားပေးထားသည်။

သုတေသနရလဒ်များကို လူသားများ၏ စက်မှုလုပ်ငန်းများ သို့မဟုတ် အခြားနယ်ပယ်များအတွက် သိသိသာသာ အကျိုးရှိစေမည့် လက်ရာများအဖြစ် ပြောင်းလဲနိုင်ရမည်ဖြစ်၏။ သို့မဟုတ်ပါက ပြိုင်ဆိုင်ခွင့်မရှိသလောက်ပင်။

လက်ရှိအချိန်အထိတော့ ချစ်ပ်ပြားစီမံကိန်းကလွဲလျှင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ ဤပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်နိုင်လောက်သည့် အဆင့်မြင့်အရာများ မရှိသေးပေ။

ဤရွေးချယ်ပွဲမှာ စည်းမျဉ်းတစ်ခုရှိသည်။ စီမံကိန်းတစ်ခုကို ပြိုင်ပွဲနှစ်ခုအတွက် အသုံးမပြုနိုင်ချေ။ အဓိပ္ပာယ်မှာ သူတို့၏ အားကောင်းလှသော ချစ်ပ်ပြားစီမံကိန်းကို စတုတ္ထမြောက်ပြိုင်ပွဲအတွက် အသုံးပြု၍ မရနိုင်ပေ။

စီမံကိန်း၁၅၈ခုထဲမှာ အသုံးချသိပ္ပံသုတေသနစီမံကိန်းများစွာ ရှိသော်လည်း အချိန်တိုတောင်းမှုကြောင့် တော်တော်များများက ဖွံ့ဖြိုးမှုအားနည်းနေသေးသည်။ ထို့ကြောင့် သုံးသပ်အကဲဖြတ်သည့် နောက်ဆုံးအဆင့်၌ အားနည်းချက်များပေါ်လာဖို့ လွယ်လှသည်။

ဤအခြေအနေကြောင့် ဟန်ကျင်းယွီလည်း ​နားလည်ရခက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

"ပါမောက္ခဟန်..တခြားကျောင်းတွေရဲ့ ပါဝင်ယှဉ်ပြိုင်တဲ့ အကြောင်းအရာတွေကို သိလား"

"ငါ နည်းနည်းတော့ စုံစမ်းကြည့်ထားတယ်။ စီမံကိန်းတွေကို တရားဝင်မတင်သွင်းရသေးပေမဲ့ အတွင်းသတင်းတွေ အများကြီး ပေါက်ကြားထားပြီးပြီ။ ဒီနှစ်အတွက် ရေပန်းအစားဆုံးစီမံကိန်းက ဉာဏ်ရည်တုတဲ့"

"ဉာဏ်ရည်တု"

ကျန်းမုန့်လောင်က စဉ်းစားရင်း ရေရွတ်လိုက်သည်။ အမှန်ပင်။ ယခုခေတ်ဟာ ဒစ်ဂျစ်တယ်ခေတ်ဖြစ်ပြီး လူသားများလုပ်ဆောင်နေသော အလုပ်များကို ဉာဏ်ရည်တုက တဖြည်းဖြည်းအစားထိုးလာသည်။

သို့သော် ဉာဏ်ရည်တုက ကနဦးအဆင့်မှာသာ ရှိနေသေးသည်။ ဤသည်မှာ ကမ္ဘာတစ်ဝန်း၌ စိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရာတစ်ခုဖြစ်ပြီး တက္ကသိုလ်တော်တော်များများက ဤခေါင်းစဉ်အတွက် သက်ဆိုင်ရာဘာသာရပ်များကိုပင် ဖန်တီးထားကြသည်။

ယခင်က နိုင်ငံတော်အဆင့်စက်ရုပ်ပြိုင်ပွဲက ဉာဏ်ရည်တု ကနဦးပြိုင်ပွဲအဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။ ထိုပြိုင်ပွဲတွင် နှစ်စဉ်နှစ်တိုင်း ထူးခြားလှသော လက်ရာများကို မြင်တွေ့နိုင်သည်။

"ထိပ်ဆုံးကျောင်းတွေအားလုံးက ဒီစီမံကိန်းကို ရွေးချယ်ထားပုံပဲ"

"ဟုတ်တယ်။ ချင်းပေ့တက္ကသိုလ်၊ ယန်ကျင်းတက္ကသိုလ်နဲ့ ကျန်းနန်တက္ကသိုလ်က ဉာဏ်ရည်တုလက်ရာတွေကို ပြင်ဆင်ထားကြတာ။ ဆေးပညာကိုအထူးပြုတဲ့ အဓိကဘာသာရပ်တချို့ဆိုရင် ဒါကို ဆေးဘက်ဆိုင်ရာနယ်ပယ်မှာပါ အသုံးချနေကြတယ်လေ။ ဒီလိုနယ်ပယ်ပေါင်းစုံသုံးလို့ရတဲ့ စီမံကိန်းတွေက အမှတ်ပိုရတတ်တယ်"

ဟန်ကျင်းယွီက ပြော၏။

"ငါသိသလောက်တော့ ကျန်းနန်တက္ကသိုလ်က ကိုယ်တိုင်ခွဲစိတ်မှုလုပ်ဆောင်နိုင်တဲ့ AIတစ်ခုကို ပြင်ဆင်ထားတယ်တဲ့။ လွန်ခဲ့တဲ့လပိုင်းလောက်ကပဲ ဒီAIနည်းပညာကိုသုံးပြီး နှလုံးခွဲစိတ်မှုကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့တယ်ဆိုပဲ"

"ဟုတ်တယ်။ အခုခေတ်က ဉာဏ်ရည်တုခေတ်ဆိုတော့ ကျွန်တော်တို့လည်း ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့လိုတယ်"

ကျန်းမုန့်လောင်က ဆို၏။

"ပါမောက္ခဟန်..ကျွန်တော်တို့လည်း ဉာဏ်ရည်တုအတွက် စာရင်းသွင်းလိုက်ရအောင်"

"မင်း လာနောက်နေတာလား"

ဟန်ကျင်းယွီက မချိပြုံးပြုံးလျက် ပြောလိုက်သည်။

"ငါတို့ကျောင်းက စက်ရုပ်တွေက သာမန်အဆင့်ဆိုပေမဲ့ သတင်းအချက်အလက်နည်းပညာအပိုင်းမှာတော့ ထိပ်တန်းကျောင်းတွေနဲ့ အပြတ်အသတ်ကွာတယ်။ သူတို့ရဲ့ AIစက်ရုပ်တွေက ခွဲစိတ်မှုတောင်လုပ်နိုင်တယ်။ ဒါပေမဲ့ ငါတို့ရဲ့AIကားတွေက နံရံနဲ့ မတိုက်မိအောင် မောင်းဖို့တောင် မလွယ်ဘူး။ ရှုပ်ထွေးတဲ့အလုပ်တွေကို လုပ်ဖို့ဆိုတာတော့ ဝေးရော။ သူတို့က စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသေးဘူး။ မင်းက ငါတို့ပြိုင်ဘက်တွေကို ရယ်သေအောင်လုပ်ပြီး အနိုင်ယူဖို့စီစဉ်နေတာလား"

မနှစ်တုန်းက နိုင်ငံတော်စက်ရုပ်ပြိုင်ပွဲမှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဟာ ခရိုင်အဆင့်ကိုတောင် မကျော်နိုင်ခဲ့ချေ။ သူတို့၏အလိုအလျောက်လမ်းကြောင်းပြစက်ရုပ်က ပရိုဂရမ်အမှားကြောင့် သတ်မှတ်ထားသော လမ်းကြောင်းမှသွေဖည်ပြီး နံရံတစ်ခုနှင့် ဝင်တိုက်မိခဲ့သည်။

ထိုပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားများမှာ ညတွင်းချင်း ကျောင်းကိုပြန်ပြေးခဲ့ကြရသည်ဟု ဆိုကြသည်။ ဤအကြောင်းအရာမှာ အွန်လိုင်းမှာတောင် နာမည်ကြီးသွားခဲ့ပြီး သူတို့၏သမိုင်းတွင် အမည်းစက်တစ်ခု ဖြစ်သွားခဲ့သည်။

"ဆရာဟန်..ကျွန်တော်တို့ကျောင်းရဲ့ AIနည်းပညာအတွက် ဆရာ့မှာ တာဝန်ရှိတယ်နော်"

"ထွက်သွားစမ်း"

ဟန်ကျင်းယွီလည်း ကျန်းမုန့်လောင်ကို စိုက်ကြည့်လိုက်မိသည်။

"ဟားဟားဟား ဆရာဟန်.. ကျွန်တော်တို့ ဉာဏ်ရည်တုနဲ့ပဲ ပြိုင်ကြစို့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော် ထပ်ပြီးမဖုံးကွယ်တော့ဘူး။ ကျွန်တော့်ရဲ့အားသာချက်တွေကို ဖွင့်ထုတ်ပြတော့မယ်။ နယ်ပယ်တွေအားလုံးထဲမှာ AIက ကျွန်တော် အားအသာဆုံးဘာသာရပ်ပါ"

"ဟမ်"

ဟန်ကျင်းယွီခမျာ မျက်လုံးပြူးသွားရသည်။ ထိုနှစ်ခုစလုံးက သိပ္ပံသုတေသနနယ်ပယ်မှာ ရှိသော်လည်း ထိုနယ်ပယ်များကြားက ကွာခြားချက်မှာ များလွန်းလှသည်။ အစောပိုင်းက သူ့သုတေသနက ရူပဓာတုဗေဒကို အခြေခံထားခြင်းဖြစ်ပြီး AIသုတေသနကတော့ သတင်းအချက်အလက်နည်းပညာ သို့မဟုတ် ကုတ်ရေးသားခြင်းအပေါ် မှီခိုလေသည်။

"မင်းရဲ့မှတ်တမ်းစာရွက်ကို ငါကြည့်ဖူးတယ်။ ဒုတိယနှစ်တုန်းက မင်းရဲ့အဆင့်နှစ်VBစာမေးပွဲကို မှတ်မိသေးလား။ အမှတ်ငါးဆယ်ရပြီး ပြန်လည်စစ်ဆေးမှုကိုလည်း ကျထားသေးတယ်။ မင်း အတန်းတောင် ပြန်တက်ရသေးတယ်မလား"

"အာ... ကျွန်တော်က သိုသိုသိပ်သိပ်နေပြီး ခွန်အားအစစ်ကို ချမပြခဲ့လို့ပါ"

တကယ်တော့ ကျန်းမုန့်လောင်က ကုတ်ရေးသားရာတွင် အမှန်တကယ် အတွေ့အကြုံမရှိသူတစ်ဦးဖြစ်ပြီး ယခုအချိန်အထိ နိုင်ငံတော်ကွန်ပျူတာအဆင့်နှစ်လက်မှတ်ကိုပင် မရသေးချေ။

သို့သော် သတိပြုသင့်သည်မှာ သူ ပထမဆုံးဆင့်ခေါ်ခဲ့သောဆရာမှာ ဆရာတိုနီဖြစ်၏။ ကျန်းမုန့်လောင်က AIသုတေသနကို အချိန်အကြာဆုံး ထိတွေ့ခဲ့ရသည်။ ဟွာရှားနိုင်ငံ၏ ထိပ်တန်းအိုင်တီအဖွဲ့အစည်းဖြစ်သည့် "သုန်းဟွမ်းနာရီ"၏ ကာကွယ်ရေးAIအပိုင်းကိုပင် ကျန်းမုန့်လောင်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင်။

ဆေးဘက်ဆိုင်ရာ စက်ရုပ်တွေလား?

အလိုအလျောက်မောင်းနှင်မှုလား?

ကျန်းမုန့်လောင်၏အရည်အချင်းရှေ့မှာတော့ အရာအားလုံး အားနည်းသည်သာ။

အခြားလူများ ဖန်တီးထားသည့်အရာများက ထိပ်တန်းAIဟု ထင်ရသော်လည်း ကျန်းမုန့်လောင်၏ မျက်လုံးထဲမှာတော့ ထိုအရာများမှာ စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသော AIများသာ။

"မင်း ယုံကြည်မှုရှိရဲ့လား"

"ကျွန်တော်က မသေချာတဲ့အလုပ်တစ်ခုကို ဘယ်တုန်းက လုပ်ခဲ့ဖူးလို့လဲ"

ကျန်းမုန့်လောင်ကလည်း ပြန်လည်ချေပလိုက်သည်။

"ဆရာဟန်..မမေ့နဲ့နော်။ ဒီဟာပြီးတာနဲ့ ကျွန်တော် ဘွဲ့ရပြီနော်။ ကျွန်တော့်ရဲ့ဒီပလိုမာအတွက်ဆိုရင်တော့ ဆရာ ကျွန်တော့်ကို ဖုန်းဆက်လို့ရတယ်။ အဲဒါကလွဲရင် ကျွန်တော် ခဏခဏလာနိုင်မှာမဟုတ်ဘူး"

"မင်း တကယ်လုပ်ပြီးမှပဲ ပြောကြတာပေါ့"

နောက်ဆုံးမှာတော့ ဟန်ကျင်းယွီလည်း ကျန်းမုန့်လောင်၏ အကြံပြုချက်ကို လိုက်လျောခဲ့ပြီး ဉာဏ်ရည်တုကို နောက်ဆုံးစီမံကိန်းတင်သွင်းစာရင်းထဲမှာ ထည့်သွင်းခဲ့သည်။

"မင်းနဲ့ ပူးပေါင်းဆောင်ရွက်ပေးမဲ့ လူတစ်ယောက်ယောက်များ လိုအပ်သေးလား"

ဟန်ကျင်းယွီက မေးလိုက်သည်။

"AIရဲ့ ဘယ်နယ်ပယ်ကို မင်း တီထွင်ချင်တာလဲ"

"ဘယ်နယ်ပယ်လဲဆိုတော့ အကုန်လုံးပဲ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"နယ်ပယ်တစ်ခုတည်းမှာပဲ ထူးချွန်တဲ့ အိုင်ကျူမြင့်လူသားတစ်ယောက်ကို မြင်ဖူးလား။ စစ်မှန်တဲ့ဉာဏ်ရည်တုမှာ လူသားရဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့ ကွန်ပျူတာရဲ့တိကျမှုနှစ်ခုစလုံး ရှိရတယ်"

"ကောင်းပြီလေ။ ငါ စောင့်ကြည့်နေမယ်"

*****************

All Chapters