← Chapters

အစုလိုက်အပြုံလိုက်သုတ်သင်မှုကြီး ဖြစ်တော့မှာပဲ

Vol. 35 Ch. 525

အစုလိုက်အပြုံလိုက်သုတ်သင်မှုကြီး ဖြစ်တော့မှာပဲ

Vol. 35 Ch. 525

သုံးရက်အကြာတွင် ဟွာရှားပညာရေးကွန်ယက်မှ ပရောဂျက်ပြပွဲအတွက် သတ်မှတ်ထားသော နေရာနှင့် အချိန်ဇယားကို ကြေညာခဲ့သည်။ ယခင်က ရထားပြီးသော ရမှတ်များကြောင့် ကျောင်းတော်တော်များများက ထိုနေရာမှာပင် လက်လျှော့လိုက်ကြသည်။ ယုံကြည်မှုနည်းနည်းရှိနေသေးသော်လည်း များပြားလှသော အမှတ်ကွာဟချက်များကြောင့် စတုတ္ထပြိုင်ပွဲတွင် အမှတ်ပြည့်ရခဲ့လျှင်ပင် အနိုင်မရနိုင်ချေ။

ယခုလိုဖြစ်နေမှတော့ ဘာလို့ အားစိုက်ထုတ်နေဦးမှာလဲ။ လက်လျှော့လိုက်ပြီး မျက်နှာမပျက်ရအောင် ရှောင်ရှားလိုက်တာက ပိုကောင်းသည်ဟု ထင်ရသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဤသိပ္ပံသုတေသနရှေ့ဆောင်စီမံကိန်းတွင် ပါဝင်ရန်အတွက် အဖွဲ့အစည်း၄၇ခုကသာ ချင်းပေ့တက္ကသိုလ်သို့ လာရောက်ပြီး စာရင်းသွင်းခဲ့သည်။

"ကျစ် ကျစ် ကျစ်... အဖွဲ့အစည်း၄၇ခုထဲမှာ စီမံကိန်း၃၃ခုက ဉာဏ်ရည်တုနဲ့ ဆက်စပ်နေတာပဲ"

"ဘုရားရေ.. ဒါက ဉာဏ်ရည်တုစစ်ပွဲကြီးပဲ"

"ရှောင်လွှဲလို့မရဘူးလေ။ အခုခေတ်က သတင်းအချက်အလက်နဲ့ ဉာဏ်ရည်တုခေတ်ဖြစ်နေတာကိုး။ ထိပ်တန်းတက္ကသိုလ်တွေအကုန်လုံးကလည်း ဒီအကြောင်းအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြပြီဆိုတော့ ဒါက သူတို့ရဲ့ခွန်အားကို ပြသဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲလေ"

"သိပ်မကြာခင်တုန်းက ယန်ကျင်းတက္ကသိုလ်နဲ့ ချင်းပေ့တက္ကသိုလ်ကျောင်းသားတွေက စက်ရုပ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်ကောင်းကောင်းရခဲ့တယ်လို့ ကြားမိတယ်"

"ချင်းပေ့တက္ကသိုလ်ရဲ့ Go-playingစက်ရုပ်က နိုင်ငံတကာဒုတိယဆုကို ရခဲ့ပြီး ယန်ကျင်းတက္ကသိုလ်ရဲ့ ဘိုင်အိုနစ်စက်ရုပ်က တတိယဆုရခဲ့တယ်။ ဒီဆုရဲ့အလေးချိန်က တော်တော်မြင့်တယ်။ ပထမဆုရခဲ့တဲ့ လက်ရာက ငါတို့ရဲ့ဉာဏ်ရည်တုနယ်ပယ်မှာ အနည်းဆုံး ငါးနှစ်ကနေ ရှစ်နှစ်အထိ ခေတ်ရှေ့ပြေးနေတာ။ ဒီအောင်မြင်မှုက တော်တော်လေးအထင်ကြီးချင်စရာ ကောင်းတယ်"

ဤပွဲကိုစောင့်ကြည့်နေကြသော ပညာရှင်များနှင့် တက္ကသိုလ်များမှာ ခမ်းနားလှသော ဤပြိုင်ပွဲကို မျှော်လင့်စောင့်စားနေကြချေသည်။ သူတို့သည် ရုတ်တရက်အင်အားကြီးလာသော တက္ကသိုလ်ဖြစ်သည့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို သတိရလိုက်မိကြသည်။

တကယ်တော့ လူတော်တော်များများက ဤတက္ကသိုလ်အကြောင်း အနည်းအကျဉ်းသာ သိထားကြသည်။ သူတို့၏အထည်အလိပ်နဲ့ ဖက်ရှင်ဒီဇိုင်းဘာသာရပ်က နိုင်ငံတော်အဆင့်မှာ ထိပ်ဆုံးသုံးနေရာထဲတွင် ပါတာကိုသာ သိထားကြသည်။ သို့သော် ကျန်ဘာသာရပ်များကတော့ ပြောစရာမလိုလောက်အောင် ဆိုးဝါးလှသည်။

သူတို့အနေနှင့် သူတို့အထူးပြုထားသော နယ်ပယ်ထဲမှ အကြောင်းအရာတစ်ခုခုကို ပြင်ဆင်လာလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း မမျှော်လင့်ထားဘဲ ဉာဏ်ရည်တုကို ရွေးချယ်ခဲ့ပြီး ထိပ်တန်းတက္ကသိုလ်များနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ယခင်တုန်းက ဆက်စပ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးကြောင်းကိုမူ သူတို့သိသည်။ သို့သော် သူတို့၏ရလဒ်များမှာ အလွန်ဆိုးဝါးခဲ့သည်။ တကယ်တော့ ပါဝင်ယှဉ်ပြိုင်သူများမှာ သူတို့၏လက်ရာများကို ဉာဏ်ရည်တုငတုံးများဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။ ဤသည်မှာ အချို့လူများ တူးဖော်ရရှိခဲ့သော သူတို့၏သမိုင်းကြောင်းထဲက အမည်းစက်တစ်ခုပင်။

အနည်းငယ်မှုန်ဝါးနေသော ဗီဒီယိုတစ်ပုဒ်က အွန်လိုင်းပေါ်တွင် ပေါ်လာခဲ့သည်။ ဤသည်မှာ ထိုစဉ်က နိုင်ငံတော်စက်ရုပ်ပြိုင်ပွဲ၏ ခရိုင်အဆင့်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဝင်ပြိုင်ခဲ့သော ဗီဒီယိုပင်။

"ဟားဟားဟား ဒါကြီးက ဘာကြီးလဲ။ ဒါကို ဉာဏ်ရည်တုလို့တောင် ခေါ်လို့ရရဲ့လား။ "ဉာဏ်ရည်တုငတုံး"ဆိုတဲ့နာမည်က တကယ်မှန်တာပဲ"

"မဖြစ်နိုင်တာ။ မဖြစ်နိုင်တာ။ သူတို့က တကယ်ပဲ ဉာဏ်ရည်တုသုတေသနကို အကဲဖြတ်စိစစ်ရေးမှာ တင်သွင်းဖို့ စိတ်ကူးနေကြတာလား။ ဒါက ကိုယ့်အရှက်ကိုယ်ခွဲချင်နေကြတာမဟုတ်ဘူးလား"

"တအားစိတ်ချမနေနဲ့ဦး။ သူတို့ရဲ့တက္ကသိုလ်မှာ အခုဆိုရင် တော်ဝင်ပညာရှင်တစ်ယောက်နဲ့ နိုဘယ်ဆုရှင်တစ်ယောက် ရှိနေပြီ။ နှစ်နည်းနည်းကြာလာပြီဆိုတော့ ပြောင်းလဲသွားလောက်ပြီမလား"

အွန်လိုင်းပေါ်တွင် ဝေဖန်မှုအမျိုးမျိုးရှိသော်လည်း လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသော အသံများက ပိုများလေသည်။ ပြိုင်ဘက်တချို့က အင်တာနက်ပေါ်တွင် စိန်ခေါ်မှုများပင် စတင်ပြုလုပ်ခဲ့ကြသည်။

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ရူပဗေဒနိုဘယ်ဆုကို ဘယ်လိုနည်းနဲ့ ရခဲ့လဲဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ဉာဏ်ရည်တုသုတေသနကတော့ တော်တော်ထူးချွန်လိမ့်မယ်လို့ထင်တာပဲ။ ငါတို့ ရင်ဆိုင်ဖို့ စောင့်နေပါ့မယ်"

တစ်စုံတစ်ယောက်က ဤပို့စ်ပိုင်ရှင်ကို ချက်ချင်းခြေရာခံကြည့်လိုက်လေရာ သူသည် ချင်းပေ့တက္ကသိုလ်ရှိ ပါရဂူကျောင်းသားတစ်ဦးဖြစ်ပြီး ဉာဏ်ရည်တုကို အထူးပြုယူထား၏။ နိုင်ငံတကာဆုကို ရရှိခဲ့တာကလည်း သူ့အဖွဲ့ပင်။

သူ မဟာဘွဲ့ရစဉ်တုန်းကလည်း ဟွားဝေ့လုပ်ငန်းစုက သူ့ကို ဖိတ်ကြားခဲ့ပြီး အစပို်ငးမှာ လစာယွမ်ရှစ်သိန်း ကမ်းလှမ်းခဲ့သည်။ ယခုမူ ဘွဲ့ရပြီးသည်နှင့် ဟွားဝေ့တွင် အလုပ်ဝင်ရန် စာချုပ်ချုပ်ထားပြီးဖြစ်လေရာ သူ့လစာမှာ မူလတုန်းက ယွမ်ရှစ်သိန်းရှိရာက ယွမ်နှစ်သန်းအထိ ထိုးတက်သွားခဲ့သည်။ သူ့ဇာတ်လမ်းက တစ်ချိန်တုန်းက အွန်လိုင်းပေါ်မှာ အလွန်လူပြောများခဲ့သည်။

အခြားလူကသာ ဤစကားမျိုးပြောခဲ့မည်ဆိုပါက အများပြည်သူကလည်း ချက်ချင်းပြန်ငြင်းခုံကြမည်ဖြစ်သော်လည်း သူ့လို ပါရမီရှင်တစ်ယောက်က ပြောလာချိန်တွင်မူ ပြန်ချေပရဲသူ မရှိပေ။

ချင်းပေ့တက္ကသိုလ်ကျောင်းသားကသာမက ကျန်းနန်တက္ကသိုလ်မှ အဖွဲ့ကိုဦးဆောင်နေသူကလည်း ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို အွန်လိုင်းပေါ်ကတစ်ဆင့် လူသိရှင်ကြားစိန်ခေါ်ခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ကျန်းကျယ်စီရင်စုက ဖြစ်၏။ သို့သော် ဘုရင်ကတော့ တစ်ပါးတည်းသာ ရှိနိုင်သည်။ သူတို့ပင်တည်း။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က နိုင်ငံတော်စီမံကိန်း၁၅၈ခုကို အလုအယက်ရယူခဲ့သည်။ ယခင်နှစ်များတုန်းကဆိုလျှင် ကျန်းနန်တက္ကသိုလ်က အနည်းဆုံး သုတေသနစီမံကိန်းဆယ်ခုလောက် အရယူနိုင်သည်။ အဓိပ္ပာယ်မှာ သုတေသနရန်ပုံငွေဘီလီယံပေါင်းများစွာ ရနိုင်သည်ဟု ဆိုလိုခြင်းပင်။ တက္ကသိုလ်များအတွက်တော့ ဤသည်မှာ ရှင်သန်ရေးတိုက်ပွဲပင်။

သို့သော် သူတို့က နိုဘယ်ဆုရထားသည်ဖြစ်ရာ ပြန်ငြင်းခုံစရာလည်း စကားရှာမရပေ။ ယခုတော့ သူတို့၏အထူးပြုနယ်ပယ်အကြောင်းအရာက ပါဝင်ပတ်သက်လာပြီဖြစ်သောကြောင့် သူတို့ ဂုဏ်ယူဝင့်ကြွားရမည့်အချိန်ကို ရောက်လာပြီမဟုတ်လား။

"ကျန်းကျယ်ပြည်နယ်မှာ တစ်ခါတုန်းက နာမည်ကြီးတက္ကသိုလ်တစ်ခုတည်းပဲ ရှိခဲ့တာ။ အဲဒါက ငါတို့ရဲ့ကျန်းနန်တက္ကသိုလ်ပဲ။ အနာဂတ်မှာလည်း အသန်မာဆုံးတက္ကသိုလ်က ငါတို့ပဲဆက်ဖြစ်နေမှာ။ တချို့လက်သစ်သူဌေးတွေကတော့ ငါတို့ထီးနန်းကို သိမ်းပိုက်ဖို့ အိပ်မက်တောင်မမက်နဲ့"

...

"တကယ်စိတ်ဝင်စားစရာပဲ။ သူတို့တွေ စည်းလုံးသွားကြပြီ"

ကျန်းမုန့်လောင်က မက်ဆေ့ချ်များကိုကြည့်ရင်း အေးတိအေးစက်ရယ်မောလိုက်မိသည်။ ဝါရင့်ကီးဘုတ်ဖိုက်တာတစ်ယောက်ဖြစ်နေသည့်အတွက် သူလည်း သည်းမခံနိုင်တော့ပေ။ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သည်ဖြစ်ရာ ပညာရှင်တစ်သိုက်ကို စကားစစ်မထိုးနိုင်စရာရှိသလား။

"သိပ္ပံရှေ့ဆောင်တက္ကသိုလ်ရွေးပွဲရဲ့ စတုတ္ထမြောက်ပွဲစဉ်ကို ငါကိုယ်တိုင်ဦးဆောင်မယ်လို့ ဒီနေရာကနေ တရားဝင်ကြေညာလိုက်တယ်"

"သေစမ်း! ဘော့စ်ကျန်းပဲဖြစ်နေပြန်ပြီ"

"ဘော့စ်ကျန်းက သင်္ချာနဲ့ အခြေခံရူပဗေဒသုတေသီမဟုတ်လား။ ဒီလိုအကြောင်းအရာမျိုးကိုတောင် နားလည်တာလား"

"ပါရမီရှင်ဆိုတာ ဘာမှန်း ငါ အခုတော့နားလည်သွားပြီ"

"သူ ထပ်ကြွားတော့မယ်လို့ ငါအာရုံရနေတယ်"

ကျန်းမုန့်လောင်၏ပရိသတ်များမှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားကြသည်။

"ကျောင်းတော်တော်များများက ငါတို့ကို အထင်သေးနေတယ်ဆိုတာ သိပါတယ်။ မင်းတို့ရဲ့ဉာဏ်ရည်တုက တအားထက်မြက်နေတယ်လို့များ ထင်နေတာလား။ ဆောရီးပဲ။ ငါ တစ်ခုလောက်ပြောချင်တယ်။ မင်းတို့ထုတ်လုပ်ထားတဲ့ ဉာဏ်ရည်တုနည်းပညာတွေအကုန်လုံးက ငါ့မျက်လုံးထဲမှာတော့ ဉာဏ်ရည်တုတုံးအမှုတစ်ခုပဲ"

"မောက်မာလိုက်တာ"

ကျန်းမုန့်လောင်၏ ရန်စကားများကို မြင်လိုက်ရချိန်၌ လူတော်တော်များများ ဒေါသူပုန်ထသွားကြသည်။ ထိုတက္ကသိုလ်များမှ ကျောင်းသားများသာမက ဆရာများပင် ဒေါသထွက်သွားကြသည်။

"ငါ စာသင်လာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒီလောက်မောက်မာတဲ့ကျောင်းသားမျိုးကို မတွေ့ဖူးဘူး။ သူက သူ့ကိုယ်သူ စွမ်းအားရှင်တစ်ယောက်လို့များ ထင်နေတာလား"

"ငါတို့ကျောင်းရဲ့ဉာဏ်ရည်တုနည်းပညာကို ကမ္ဘာ့ထိပ်တန်းအဆင့်အဖြစ် အသိအမှတ်ပြုထားတာနော်။ ငါတို့ရဲ့ဉာဏ်ရည်တုနည်းပညာကိုများ ဉာဏ်ရည်တုတုံးအမှုလေးဘာလေးနဲ့"

"ကောင်းပြီလေ။ သူတို့ ဘယ်လိုလက်ရာမျိုး ထုတ်လုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"ကုတ်တွေကို နောက်တစ်ခေါက် ထပ်စမ်းသပ်လိုက်။ ဒီတစ်ခေါက် သရုပ်ပြမှုက လုံးဝအမှားအယွင်းရှိလို့မရဘူး"

တက္ကသိုလ်တစ်ခုချင်းစီမှ အဖွဲ့ခေါင်းဆောင်များမှာ ရက်အနည်းငယ်အတွင်း ကျင်းပမည့် ပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုများကို ချက်ချင်းစတင်ခဲ့ကြပြီး မောက်မာလှသော ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို အရှက်ခွဲဖို့ သန္နိဋ္ဌာန်ချထားကြသည်။

"ဟားဟားဟား…ဒီကောင်လေးက မော်ကြွားတတ်တဲ့သူ့ပုံစံကို လုံးဝမပြောင်းလဲနိုင်ပါလား"

ပါမောက္ခကျိုးက တသီးတသန့်နေတတ်သော်ငြား ကျန်းမုန့်လောင်၏လုပ်ရပ်များအကြောင်း ကြားထားသည်။

"လောင်ကျိုး.. ဒီကောင်လေးကို သိပ်မမော်ကြွားဖို့ သတိပေးသင့်တယ်မလား။ ပြီးခဲ့တဲ့တစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်မှုတုန်းက ဝိညာဉ်တွေ တကယ်ရှိကြောင်း သက်သေပြလိုက်လို့ လူတော်တော်များများ ပြဿနာရှာခဲ့ကြတယ်"

ပါမောက္ခကျိုး၏ဘေးနားရှိ အဘိုးကြီးတစ်ယောက်က ပြောလာလေသည်။

"လောင်ဝူ.. ဒါကို ယုံကြည်မှုအလွဲအမှားတစ်ခုလို့ မတွေးနဲ့နော်။ ဝိညာဉ်တွေရဲ့တည်ရှိမှုကို သက်သေပြနိုင်သရွေ့တော့ သိပ္ပံပညာပဲလေ။ သိပ္ပံပညာဖြစ်နေမှတော့ လူသိရှင်ကြားပြလို့မရစရာရှိလား။ ပြီးတော့ ဒီကောင်လေးမှာ တကယ်အရည်အချင်းရှိတယ်။ အရည်အချင်းရှိတဲ့ လူငယ်တွေအနေနဲ့ နည်းနည်းလောက်မောက်မာတာက ဘာမှမဖြစ်ပါဘူး။ ငါသာ သူ့လို အရည်အချင်းရှိမယ်ဆိုရင် ပိုဆိုးဦးမှာ"

"ဒါဆို သူ ဒီဉာဏ်ရည်တုပြိုင်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ထင်လား"

လောင်ဝူက မေးလိုက်၏။

"ဒါက သူ့အတွက်တော့ ကလေးကစားသလောက်ပဲရှိတာ"

အခြားလူများကတော့ မသိချင်မသိဘဲရှိမည်။ သို့သော် ပါမောက္ခကျိုးကတော့ ကျန်းမုန့်လောင်လက်ထဲရှိ ဉာဏ်ရည်တုနည်းပညာအဆင့်အတန်းက ပညာရှင်များနှင့် ကျွမ်းကျင်သူများ၏ စိတ်ကူးနိုင်စွမ်းထက် သာလွန်ကြောင်းကို ကောင်းကောင်းသိသည်။

လက်ရှိ သုန်းဟွမ်းနာရီစနစ်က ကျန်းမုန့်လောင်ထံမှ ရရှိထားသော ဉာဏ်ရည်တု၏အကူအညီဖြင့် ယခင်ကထက် အဆပေါင်းများစွာ ပိုသာသော ခုခံရေးစနစ်မျိုး ရှိလာခဲ့သည်။ ထို့ပြင် ဆက်လက်တိုးတက်နေဆဲပင်။ အစပိုင်းတုန်းက ကာကွယ်ရေးစွမ်းရည်များသာ ရှိခဲ့သော်လည်း ယခုတော့ ထိုးစစ်ဆင်နိုင်စွမ်းပါ ရှိလာပြီဖြစ်၏။ သုန်းဟွမ်းနာရီစနစ်ကို ထိုးဖောက်ရန် ကြိုးစားသူတိုင်းမှာ အကြီးအကျယ်ဆုံးရှုံးနစ်နာခဲ့ကြသည်။

ထိုကဲ့သို့သော ဉာဏ်ရည်တုမျိုးမှာ လက်ရှိခေတ်၏နည်းပညာကို ကျော်လွန်နေချေပြီ။

"စောင့်ကြည့်နေလိုက်။ ဒီပြိုင်ပွဲက အစုလိုက်အပြုံလိုက်သုတ်သင်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်"

**************

All Chapters