← Chapters

အခန်း (၅၂၀)

Vol. 35 Ch. 520

အခန်း (၅၂၀)

Vol. 35 Ch. 520

ည၇နာရီ၃၀မိနစ်တွင် အချိန်များ ရပ်တန့်သွားသည့်အလားပင်။ ထိုအချိန်ဝယ် CCAV1၏ တိုက်ရိုက်ကြည့်ရှုသူ အရေအတွက်က သုံးသန်းအထိ ရောက်ရှိသွားသည်။ နိုင်ငံတော်မီဒီယာများ၊ လူမှုကွန်ရက်မီဒီယာများနှင့် နိုင်ငံတကာသတင်းများမှတစ်ဆင့် အာရုံစိုက်မှုများကိုပါ ထပ်ပေါင်းလိုက်သည့်အခါ ယခုည တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုသူအရေအတွက်စုစုပေါင်းမှာ မရေမတွက်နိုင်လောက်အောင် များပြားလှသည်။

ယနေ့ည၏ အစီအစဉ်တင်ဆက်သူမှာ ဆာရှီနင်ဖြစ်ပြီး သူသည် ချင်းပေ့တက္ကသိုလ်မှ ဘွဲ့ရခဲ့သူတစ်ယောက်ပင်။ တကယ်တမ်းဆိုလျှင် သူသည် တရားဝင်အစီအစဉ်တင်ဆက်သူတစ်ယောက် ဖြစ်ခဲ့ဖူးသော်လည်း မာယွင်ကို အင်တာဗျူးပြီးနောက် ထိန်းချုပ်မှုလွတ်ထွက်သွားခဲ့သည်။

ထိုအချိန်မှစ၍ ရသစုံရှိုးများနှင့် အစီအစဉ်တင်ဆက်ရသည့် ပွဲတိုင်းတွင် သူ့ကြွားလုံးများကိုသာ ပရိသတ်များ နားထောင်ခဲ့ရသည်။

"ချင်းပေ့တက္ကသိုလ်က မဆိုးပါဘူး"နှင့် "ကျွန်တော်က ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေခဲ့ရဘူး။ ထောက်ခံပေးခံရတာ"ဟူသော ကြွားလုံးများက ပထမမျိုးဆက်ကြွားလုံးများ ဖြစ််လာခဲ့သည်။

"အလီဘာဘာကို တည်ထောင်ခဲ့မိတာ နောင်တရတယ်ဆိုတဲ့ ဂျက်မား၊ ချင်းပေ့တက္ကသိုလ်က သာမန်ပါပဲဆိုတဲ့ ဆာရှီနင်၊ သူ့ရုပ်ရည်က သာမန်ပါပဲဆိုတဲ့ ကုထုံနွှီ၊ မိသားစုထဲမှာ ရုပ်အဆိုးဆုံးပါဆိုတဲ့ လျူယီဖေး"ဟူသော memeများကလည်း ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့သည်။

ယနေ့ည သတင်းစာရှင်းလင်းပွဲ၏ အစီအစဉ်တင်ဆက်သူအနေနှင့် ဤစုဝေးပွဲမှာ ခမ်းနားထည်ဝါသော အခမ်းအနားတစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်ရသည်။

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဆာရှီနင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောမန့်ထဲတွင် "ဆရာကြီးကို အရိုအသေပေးပါတယ်"ဟူသော ကောမန့်များ ပလူပျံသွားချေသည်။

"ကျွန်တော်တို့ရဲ့အမြင်မှာ နိုဘယ်ဆုဆိုတာ ဒဏ္ဍာရီဆန်တဲ့ ဆုတစ်ခုပါပဲ။ အခုအချိန်အထိ ကျွန်တော်တို့နိုင်ငံမှာ ဒီဆုကိုရရှိခဲ့ဖူးတဲ့ ရှေ့မီနောက်မီပုဂ္ဂိုလ်ကြီးနှစ်ဦးသာ ရှိခဲ့ဖူးပါတယ်။ အဲဒါကလည်း စာပေနိုဘယ်ဆုနဲ့ ဆေးပညာနိုဘယ်ဆုတို့ပါ။ ဒါပေမဲ့ ရူပဗေဒ၊ ဓာတုဗေဒနဲ့ တခြားနယ်ပယ်တွေမှာတော့ ကျွန်တော်တို့နိုင်ငံက ချို့တဲ့နေတုန်းပါပဲ။ ဒါပေမဲ့ တစ်နေ့ကပဲ ကျွန်တော်တို့နိုင်ငံက ရူပဗေဒနယ်ပယ်ရဲ့ဟာကွက်ကို ဖြည့်နိုင်ခဲ့ပါပြီ"

ဆာရှီနင်၏ တစ်ကိုယ်တော်စကားပြောဟန်က အလွန်ဆွဲဆောင်မှုရှိပြီး နောက်ခံတေးဂီတနှင့် ပေါင်းစပ်လိုက်သောအခါ ဟွာရှားလူမျိုးများ၏ရင်ထဲဝယ် စိတ်လှုပ်ရှားမှုလှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။

"ကဲ..ဒီနှစ်အတွက် ရူပဗေဒနိုဘယ်ဆုရှင်တွေဖြစ်တဲ့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က သိပ္ပံသုတေသနဌာန ရဲ့ဒါရိုက်တာ ပါမောက္ခဟန်ကျင်းယွီနဲ့ သူ့တပည့် ကျန်းမုန့်လောင်တို့ကို ကြိုဆိုလိုက်ကြရအောင်"

"ဝူးဟူး"

လက်ခုပ်သြဘာသံများက ခန်းမတစ်ခုလုံးအနှံ့ လှိုင်းထန်သွားသည်။ ပညာရေးအသိုင်းအဝိုင်းတွင်လည်း စတားနောက်လိုက်ခြင်းဆိုတာမျိုး ရှိသည်။ အထူးသဖြင့် အမှောင်ဒြပ်ထုအကြောင်း အချိန်အကြာကြီး လေ့လာခဲ့ကြသော ပညာရှင်များအကြားတွင် သူတို့နှစ်ယောက်ကို အိုင်ဒေါများအဖြစ် မှတ်ယူထားကြပြီး ပြည်တွင်းပြည်ပ ပညာရှင်များအားလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

အမှန်ပင်။ ခြွင်းချက်များလည်း ရှိသည်။ ထိုလူများက သူတို့ပတ်ပတ်လည်တွင် လက်ခုပ်တီးနေသူများကို ထီမထင်ဟန်ဖြင့် ကြည့်နေကြပြီး စင်ပေါ်ရှိ ထိုလူနှစ်ယောက်ကိုလည်း သူတို့၏သိပ္ပံအောင်မြင်မှုများကို ခိုးယူသွားသည့်အလား ဒေါသတကြီးစိုက်ကြည့်နေကြသည်။

"ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြပါဦး"

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ပါမောက္ခဟန်ကျင်းယွီပါ"

"တကယ့်လူတော်က ကျွန်တော်ပါ။ ကျွန်တော်ကတော့ ကျန်းမုန့်လောင်လို့ ခေါ်ပါတယ်"

ကျန်းမုန့်လောင်က ကြောင်တောင်တောင်နိုင်သော သူ့ဟန်ပန်ကို ဆက်လက်ထိန်းသိမ်းထားလေရာ ပရိသတ်များနှင့် အွန်လိုင်းမှတ်ချက်များအကြား တဟားဟားရယ်မောသံများ ပေါ်ပေါက်လာခဲ့သည်။

"ဟားဟားဟား.. မစ္စတာကျန်းကတော့ ပြောစမှတ်တွင်ရလောက်အောင် ဉာဏ်ပြေးတာပဲ"

ဆာရှီနင်က အစီအစဉ်တင်ဆက်မှုအတွေ့အကြုံ ပေါများလှသောကြောင့် မည်သည့်ဧည့်သည်မျိုးနှင့်ကြုံကြုံ မတုံ့မဆိုင်းဘဲ အခြေအနေကို ပိုင်နိုင်စွာကိုင်တွယ်နိုင်သည်။

"ဟွာရှားလူမျိုးထဲမှာ ရူပဗေဒနိုဘယ်ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးသူတွေ ဖြစ်လာတဲ့အတွက် ဘယ်လိုခံစားရလဲဆိုတာ ပြောပြပေးပါဦးဗျ"

"အရမ်းစိတ်လှုပ်ရှားမိပြီး အရမ်းလည်း ဂုဏ်ယူမိပါတယ်"

ဟန်ကျင်းယွီက ယနေ့ည အင်တာဗျူးအတွက် ပြောရမည့်စကားများကို ကြိုတင်ပြင်ဆင်လာခဲ့သည်။ သူ့ခမျာ မနက်တုန်းက အိမ်သာတက်နေရင်းပင် ရွတ်ဆိုနေခဲ့သေးသည်။

"ဒီဆုက ကျွန်တော်တို့နိုင်ငံရဲ့ သိပ္ပံသုတေသနစွမ်းအား တိုးတက်မှုကို ကိုယ်စားပြုပြီး ကျွန်တော်တို့ ဟွာရှားလူမျိုးတွေက ဘယ်သူ့ထက်မှ မနိမ့်ကျဘူးဆိုတာကိုပါ သက်သေပြလိုက်တာပါပဲ။ ကျွန်တော်တို့လည်း နိုဘယ်ဆုအတွက် ပါဝင်ယှဉ်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်း​တွေကြားက အောင်မြင်နိုင်ပါတယ်"

"ကျွန်တော်ကတော့ ထူးထူးခြားခြားမခံစားရပါဘူး။ နည်းနည်းတောင် ရယ်ချင်မိတယ်"

ဟန်ကျင်းယွီ၏ စိတ်အားထက်သန်လှသော မိန့်ခွန်းနှင့် နှိုင်းယှဉ်လိုက်ပါက ကျန်းမုန့်လောင်က ပိုတည်ငြိမ်ပုံရ၏။

"နိုဘယ်ဆုလေးတစ်ခုပါပဲ။ အဲဒီလောက်လည်း မခက်ပါဘူး"

ဆာရှီနင်၏အမူအရာကား ရုတ်တရက် ပြောင်းလဲသွားလေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက မာယွင်ကို အင်တာဗျူးစဉ်က လွှမ်းမိုးခံခဲ့ရသည့် ကြောက်ရွံ့မှုကို သူ ရုတ်တရက် သတိရလိုက်မိသည်။

"မစ္စတာကျန်း.. ဒီဘာသာရပ်အတွက် သုတေသနကို ဘယ်အချိန်ကတည်းက စတင်ပြင်ဆင်ခဲ့လဲဆိုတာ ကျွန်တော်တို့ကို ပြောပြပေးလို့ရမလား"

"တကယ်တော့ ကျွန်တော်က ရူပဗေဒနိုဘယ်ဆုအတွက် ဝင်ပြိုင်ဖို့ အစီအစဉ်မရှိခဲ့ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါပေမဲ့ ဒီနှစ် ကျွန်တော်တို့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က နိုင်ငံတော်အဆင့် သိပ္ပံသုတေသနစီမံကိန်း ၁၅၈ခုကို ရခဲ့တယ်ဆိုတာ ခင်ဗျားတို့လည်း ကြားကြမှာပါ။ အဲဒါကို ကျောင်းတော်တော်များများက မကျေမနပ်ဖြစ်ခဲ့ကြတယ်လေ။ သူတို့က ကျွန်တော်တို့ကျောင်းရဲ့ သိပ္ပံသုတေသနစွမ်းရည်က အားနည်းတာမို့ စီမံကိန်းတွေအများကြီးကို မရသင့်ဘူးလို့ ထင်ကြတယ်။ ဒီတော့ မသမာမှုတစ်ခုခုရှိတယ်လို့ သံသယဖြစ်နေကြတာ"

ဆာရှီနင်၏မျက်နှာကား ရှုံ့မဲ့သွားရလေသည်။ ဤသည်မှာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုဖြစ်သောကြောင့် ယခုလိုကိစ္စများကို အကုန်ထုတ်ဖော်ပြောဆိုနေခြင်းမှာ အစီအစဉ်မှူးတစ်ယောက်ဖြစ်သည့် သူ့ကို မယုံနိုင်လောက်အောင် နေရခက်စေသည်။

"အဲဒါကြောင့် ကျွန်တော် အရမ်းစိတ်ဆိုးခဲ့ရတယ်။ တကယ်သည်းမခံချင်စရာကောင်းတယ်လေ။ နောက်ဆုတ်လိုက်ရင် လုံးဝရှုံးသွားမှာ"

ကျန်းမုန့်လောင်က စိတ်အားထက်သန်စွာ ပြောလိုက်၏။

"အဲဒီမှာပဲ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော်တို့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ သိပ္ပံသုတေသနစွမ်းရည်က အားအကောင်းဆုံးဆိုတာကို သက်သေပြဖို့အတွက် တကယ့်စွမ်းရည်အစစ်ကို ထုတ်ပြရမယ်ပေါ့။ အဲဒီလိုနဲ့ ပါမောက္ခဟန်နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ဂုဏ်သတင်းကြီးမားတဲ့ ဂျာနယ်တစ်ခုအတွက် စာတမ်းတစ်စောင်ရေးဖို့ ဆုံးဖြတ်ခဲ့တယ်"

"ဒါဆိုရင် ခင်ဗျားက အစတုန်းက ဆုယူဖို့ စိတ်ကူးမရှိခဲ့ဘူးပေါ့"

"ဟုတ်တယ်။ မမျှော်လင့်ထားဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျွန်တော်က ရူပဗေဒနိုဘယ်ဆုကို လုံဝစိတ်မဝင်စားဘူး။ အရင်က ဒီအကြောင်းကို ကြားပဲကြားဖူးတာ။ ဒါပေမဲ့ အစွမ်းအစဆိုတာ လိမ်ညာလို့မရဘူးလေနော်။ ကျွန်တော်တို့ လွန်ခဲ့တဲ့လဝက်လောက်တုန်းက စာတမ်းတင်သွင်းလိုက်တဲ့အချိန်မှာပဲ ထုတ်ဝေရေးဌာနတွေရဲ့ အယ်ဒီတာ​တွေနဲ့ အယ်ဒီတာချုပ်တွေက ကျွန်တော်တို့ရဲ့ မူကြမ်းကို လိုချင်လွန်းလှပါချည်ရဲ့ဆိုပြီး ဟွာရှားကို အပြေးရောက်လာခဲ့ကြတယ်။ ကျွန်တော်လည်း တွေ့ရာလူတစ်ယောက်နဲ့ လက်မှတ်ထိုးလိုက်တယ်။ နောက်တော့ ဆုရတော့တာပဲ"

"မိုက်တယ်ဟေ့"

"သေစမ်း။ သူ့ဆီမှာ ထပ်ပြီး အကြွားခံလိုက်ရပြန်ပြီ"

"ဆာရှီနင်တစ်ယောက် ဘယ်လိုစိတ်ဒဏ်ရာမျိုး ရသွားမလဲမသိဘူး"

"ဟားဟားဟား.. အခုကစပြီး ဆရာဆာက​ နောက်တစ်ခါထပ်ပြီး အသွင်ပြောင်းတော့မှာပဲ"

...

"မစ္စတာကျန်း.. ပါမောက္ခဟန်"

ဆာရှီနင်က ပရော်ဖက်ရှင်နယ်ဆန်သော စိတ်နေသဘောထားကို ဆက်လက်ထိန်းသိမ်းထားပြီး မေးလိုက်သည်။

"ကျွန်တော်တို့သိထားတာက ခင်ဗျားတို့ရဲ့ သုတေသနအဖွဲ့က စက်မှုလုပ်ငန်းနယ်ပယ်ထဲက ပေါ်လီမာကုန်ကြမ်းပစ္စည်းကိုပဲ လုပ်နေကြတာပါ။ ဘယ်အချိန်ကများ အမှောင်ဒြပ်ထုလိုမျိုး အခြေခံရူပဗေဒကို သုတေသနလုပ်ဖို့ ဦးတည်ချက်ပြောင်းလဲခဲ့တာလဲဗျ"

"ကျွန်တော်တို့အဖွဲ့က အမှောင်ဒြပ်ထုကို သီးသန့် လေ့လာခဲ့တာမျိုး မရှိပါဘူး"

ဟန်ကျင်းယွီက ထိုသို့ပြောပြီး ကျန်းမုန့်လောင်ကို တစ်ချက်ကြည့်လိုက်သည်။

"ဟုတ်ပါတယ်"

ကျန်းမုန့်လောင်ကလည်း သဘောတူထောက်ခံလိုက်၏။

"တကယ်တော့ ဒါတွေအားလုံးက ကျွန်တော်တို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို အင်တာနက်ပေါ်မှာ ဝေဖန်ရာကနေ စတာပါပဲ။ ကျွန်တော်တို့ တန်ပြန်အစီအစဉ်တွေအများကြီးကို စဉ်းစားခဲ့ကြပေမဲ့ ကျွန်တော်တို့ရဲ့ပေါ်လီမာသုတေသနက ပညာရပ်ဆိုင်ရာနယ်ပယ်မှာ အသိအမှတ်ပြုမှုရဖို့ တော်တော်ခက်တယ်ဗျ။ အဲဒါကြောင့် Googleမှာ ရှာကြည့်လိုက်တော့ အမှောင်ဒြပ်ထုအကြောင်းအရာက နှစ်ပေါင်းတစ်ရာအတွင်း ဘာမှတိုးတက်မှုမရှိသေးတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီအ​ကြောင်းအရာကို ရွေးချယ်ခဲ့တာပါ"

"ဒါဆို... ခင်ဗျားတို့ပြောချင်တာက ဒီစီမံကိန်းကို သုတေသနလုပ်ဖို့ ဆုံးဖြတ်တဲ့အချိန်ကနေ ရူပဗေဒနိုဘယ်ဆု ရတဲ့အချိန်အထိ တစ်လတောင်မကြာခဲ့ဘူးလို့ ဆိုလိုချင်တာလား"

ဆာရှီနင်၏အမူအရာမှာ မစင်စားထားရသည့်အလား အကျည်းတန်သွားချေသည်။

"တိတိကျကျပြောရရင်တော့ ၂၃ရက်ပေါ့။ ကျွန်တော်တို့ စီမံကိန်းကို စတင်ခဲ့တယ်။ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ စာတမ်းပြုစုခဲ့တယ်။ အဲဒါတွေအားလုံးက စုစုပေါင်း ငါးရက်ခြောက်ရက်လောက်​တော့ ကြာခဲ့တယ်။ တကယ်တမ်းတော့ တော်တော်လေးပင်ပန်းတာဗျ"

"တကယ်တော့ ကျွန်တော်တို့က ကျွန်တော်တို့ကျောင်းရဲ့ အင်အားကို သက်သေပြချင်ရုံသက်သက်ပါပဲ။ ဒီနိုဘယ်ဆုက လမ်းမှာ ကောက်ရလိုက်တဲ့ သဘောမျိုးပဲရှိတာပါ။ သိပ်ပြီး အရေးတယူလုပ်စရာမရှိပါဘူး"

စင်ပေါ်ရှိ အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့က အပေးအယူမျှမျှဖြင့် ကပ်တိုးလေး ကြွားလုံးထုတ်ခဲ့ကြသည်။

"သောက်ကျိုးနည်း"

"သေလိုက်ပါတော့!"

"မင်းတို့ ယုံနိုင်ရဲ့လား"

"ပင်ပန်းတယ်တဲ့လား? သူများတွေက နှစ်ပေါင်းတစ်ရာလောက်ကြာအောင် သုတေသနလုပ်နေတာတောင် မအောင်မြင်ခဲ့တဲ့ဟာကို မင်းတို့က ငါးရက်ခြောက်ရက်အတွင်း သုတေသနလုပ်ပြီး တော်တော်ပင်ပန်းတယ်လို့ လာပြောနေတာလား"

"ဒီလိုကြွားလုံးမျိုးကိုတော့ ဒီတစ်သက် တခြားဘယ်သူကမှ သင်ယူနိုင်မှာမဟုတ်တော့ဘူး"

"မင်းတို့ကတော့ ယုံချင်မှယုံလိမ့်မယ်။ သူတို့က သူတို့ကျောင်းကို တစ်ယောက်ယောက်က လာစော်ကားလို့ နိုဘယ်ဆုရခဲ့ကြတာ။ ဒေါသ​ထွက်ပြီး ဆုတစ်ခုကို အသာလေးကောက်ယူပြလိုက်လို့လေ"

"ဟားဟားဟား.. ဒါက တကယ့်ကို ဒဏ္ဍာရီဆန်တဲ့ အတွေ့အကြုံတစ်ခုပဲ"

ဆာရှီနင်က လက်ရှိအခြေအနေကို ပြေလည်အောင် ကြိုးစားလိုက်သည်။ ကြည့်ရှုသူသန်းပေါင်းများစွာရှိသော တိုက်ရိုက်ထုတ်လွှင့်မှုသာ မဟုတ်ပါက သူလည်း မိုက်ကို ကိုင်ပေါက်ကာ ထွက်သွားမိလောက်သည်။

"ခင်ဗျားတို့နှစ်ယောက်က ကျွန်တော်တို့ဟွာရှားလူမျိုးတွေရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို အပြည့်အဝ ပုံဖော်ပြလိုက်တာပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ ကျွန်တော်တို့ဟွာရှားလူမျိုးတွေက တကယ်ပဲ လုပ်နိုင်စွမ်းရှိကြတယ်!"

ဆာရှီနင်ခမျာ သူ့နဖူးထက်မှ ချွေးများကိုသုတ်ဖယ်ရင်း ပြောလိုက်သည်။

"ဒါဆို ဒီနေ့ ကျွန်တော်တို့ပရိသတ်တွေထဲမှာ မီဒီယာမိတ်ဆွေတွေနဲ့ ပညာရှင်တွေအများကြီးလည်း ရှိပါတယ်။ သူတို့မှာ ခင်ဗျားတို့ရဲ့သုတေသနနဲ့ပတ်သက်တဲ့ မေးခွန်းတွေ အများကြီးရှိနေမှာ သေချာတယ်။ အခုပဲ သူတို့အားလုံးကို စကားပြောခွင့်ပေးလိုက်ကြရအောင်"

ဆံပင်ရွှေအိုရောင်နှင့် အနောက်တိုင်းသားပညာရှင်တစ်ဦးက ပထမဆုံး မတ်တတ်ထရပ်လိုက်သည်။

"ကျွန်တော်က ဥရောပတော်ဝင်ရူပဗေဒတက္ကသိုလ်က ဆီဘက်ပါ။ ခင်ဗျားတို့ရဲ့ သုတေသနအောင်မြင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်သံသယဖြစ်မိပါတယ်"

ဝှစ်!

လူအုပ်ကြီးမှာ ရုတ်ခြည်းဆိုသလို ထိတ်လန့်တုန်လှုပ်မှုကြောင့် ပွက်လောရိုက်သွားကြ၏။

မျှော်လင့်ထားသည့်အရာကား ရောက်လာခဲ့လေပြီ...

**************

All Chapters