ကောင်းကင်ဘုံက ငါ့ကိုဖန်ဆင်းထားတာမဟုတ်ဘူး ကီးဘုတ်ဖိုက်တာတွေ..
Vol. 35 Ch. 517
ဤကဲ့သို့သောမြင်ကွင်းမျိုးကို မည်သူကများ မြင်ဖူးပါသလဲ။
ပါမောက္ခကလော့ဒ်အနေနှင့် ဤကဲ့သို့သောမြင်ကွင်းမျိုးကို လုံးဝမမြင်ဖူးချေ။
တစ်စုံတစ်ယောက်က နိုဘယ်ဖောင်ဒေးရှင်းကို ဖုန်းဆက်ပြီး နိုဘယ်ဆုရှင်ကြေညာရေးကို မြန်မြန်လုပ်ပေးဖို့ တောင်းဆိုလာသည်။ မလုပ်ပေးပါက သူတို့၏ဖောင်ဒေးရှင်းတစ်ခုလုံးကို ဝယ်ပစ်လိုက်မည်ဟုလည်း ခြိမ်းခြောက်နေသေးသည်။ ဤသည်မှာ စင်စစ်ပင် ကျန်းမုန့်လောင်၏အကွက်ပင်။
ပိုက်ဆံရှိတာနဲ့ပဲ လုပ်ချင်ရာလုပ်နိုင်ပြီလား?
ပါမောက္ခကလော့ဒ်လည်း ကျန်းမုန့်လောင်ဟူသော နာမည်ကို ကောင်းကောင်းသိထားပြီး ပရိယာယ်အပြည့်ပါသော သူ့လုပ်ရပ်များကိုလည်း သိသည်။ ယခု သူပြောလိုက်သောစကားများကိုလည်း အမှန်တကယ်အကောင်အထည်ဖော်ပေလိမ့်မည်။
"မစ္စတာကျန်း..စိတ်အေးအေးထားပါ"
ပါမောက္ခကလော့ဒ်က ကျန်းမုန့်လောင်ကို စိတ်အေးစေရန် ဖျောင့်ဖျလိုက်၏။
"ကျွန်တော့်ကို ဆယ်မိနစ်လောက် အချိန်ပေးပါ။ ကျွန်တော်တစ်ယောက်တည်း ဒီဆုံးဖြတ်ချက်ကို ချလို့မရလို့ပါ။ ဖောင်ဒေးရှင်းရဲ့တခြားအဖွဲ့ဝင်တွေကိုလည်း စုဝေးရဦးမှာ"
"ကျွန်တော် ခင်ဗျားကို ငါးမိနစ်ပဲ အချိန်ပေးမယ်"
ကျန်းမုန့်လောင်က ဖုန်းချလိုက်လေရာ လူတိုင်းက သူ့အား မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သလို စိုက်ကြည့်နေကြသည်။ နိုဘယ်ဖောင်ဒေးရှင်းကို ခြိမ်းခြောက်ရဲသူမှာ သမိုင်းတစ်လျှောက် သူက ပထမဆုံးပင်။
...
ငါးမိနစ်မပြည့်ခင်မှာပင် ကျန်းမုန့်လောင်၏ဖုန်းက မြည်လာခဲ့သည်။
"မစ္စတာကျန်း.. ကျွန်တော်တို့ ဆွေးနွေးပြီးလို့ ခင်ဗျားရဲ့တောင်းဆိုမှုကို သဘောတူဖို့ ဆုံးဖြတ်လိုက်ပါတယ်'
ကလော့ဒ်က ဆို၏။
သူတို့ သဘောမတူဘဲ နေနိုင်ရိုးလား။ သဘောမတူလိုက်ပါက သူတို့၏ဖောင်ဒေးရှင်းထဲရှိ ငွေများမှာ ဈေးကွက်လှုပ်ခါမှုကြောင့် အစအနမကျန်အောင် ပျောက်ကွယ်သွားပေလိမ့်မည်။
နိုဘယ်ဆုအတွက် ဆုကြေးငွေမပေးနိုင်ပါက သမိုင်းတစ်လျှောက် ဟားတိုက်စရာတစ်ခုဖြစ်သွားပေလိမ့်မည်။
"စာတမ်းတင်သွင်းရမဲ့ နောက်ဆုံးရက်ကတော့ ဆယ်ရက်အတွင်း ဖြစ်ပါစေ"
"ဒါက.. အဲဒီလိုဆိုရင် ကျွန်တော်တို့အနေနဲ့ စာတမ်းသုံးသပ်ဖို့ ငါးရက်ပဲ အချိန်ရတော့တာပေါ့။ ဟို..ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေက.."
"ပါမောက္ခကလော့ဒ်.. ပိုက်ဆံနဲ့ဖြေရှင်းလို့မရတာ မရှိဘူးလို့ ကျွန်တော်ယုံကြည်ထားတယ်။ လူမလောက်ရင်လည်း ထပ်ခန့်လိုက်ပေါ့။ အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံဆိုရင် ခင်ဗျားအတွက် စာတမ်းသုံးသပ်ပေးဖို့ ပါမောက္ခအဖွဲ့ကြီးတစ်ခုလုံးခေါ်ရင်တောင် လောက်ပါတယ်"
"ဒါပေမဲ့ အချိန်ကိုရွှေ့လိုက်ရင် စာတမ်းတော်တော်များများလည်း တင်သွင်းခွင့်မရှိတော့ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒီလိုဆိုရင် ထူးချွန်တဲ့ပြိုင်ပွဲဝင်တွေကို ဆုံးရှုံးရလိမ့်မယ်"
"ကျွန်တော်ကတော့ အဲလိုမတွေးဘူး"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ဒီနှစ်ထဲမှာ ရူပဗေဒနိုဘယ်ဆုကို ရနိုင်တဲ့ အရည်အချင်းရှိတဲ့လူက တစ်ယောက်တည်းရှိတယ်။ ဒီအောင်မြင်မှုတစ်ခုတည်းကတင် ကန့်ကွက်သူတွေအားလုံးကို ပါးစပ်ပိတ်သွားအောင် လုပ်နိုင်တယ်"
"ကောင်းပါပြီ"
ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုအပြီးတွင် ပါမောက္ခကလော့ဒ်လည်း အံတင်းတင်းကြိတ်၍ သဘောတူလိုက်သည်။ု
"ကျွန်တော်တို့ နာရီဝက်အတွင်းမှာတင် သက်ဆိုင်ရာကြေညာချက်တွေကို ထုတ်ပြန်ပေးပါ့မယ်"
"ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပါမောက္ခ.. ကတိပေးထားတဲ့ ဒေါ်လာတစ်ဆယ်ဘီလီယံကို ခဏနေရင် ဖောင်ဒေးရှင်းရဲ့အကောင့်ကို လွှဲပေးလိုက်ပါ့မယ်"
"ဟုန်းရီ..ငါပါ။ ငွေလွှဲလိုက်တော့"
…
"တွေ့လား။ လွယ်လွယ်လေးပဲမဟုတ်လား"
ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို ကားပြလိုက်သည်။
ကျန်းမုန့်လောင်၏လှုပ်ရှားမှုက လူတိုင်းကို ဆွံ့အစေခဲ့သည်။ ကြည့်ရသည်မှာ နိုဘယ်ဖောင်ဒေးရှင်းဘက်က အကြီးအကျယ်လိုက်လျောခဲ့ရသည်ဟု ထင်ရသော်ငြား သူတို့အနေနှင့် ရင်နာနာဖြင့်ပင် ဒေါ်လာတစ်ဆယ်ဘီလီယံကို ရရှိခဲ့သည်ဖြစ်ရာ ယခုလောက်ဆိုလျှင် တံခါးနောက်တွင် အရူးလို ရယ်နေကြလောက်လေပြီ။
"နိုဘယ်ဆုကို လဝက်အတွင်း အကဲဖြတ်လိမ့်မယ်။ ဒီတော့ ခင်ဗျားတို့ကို ကျွန်တော် ဒီလောက်ပဲ အချိန်ပေးနိုင်တယ်။ ဒီစာတမ်းကို အမြန်ဆုံးထုတ်ဝေနိုင်ပြီး ကျွန်တော့်စာတမ်းကို နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို ပထမဆုံးတင်သွင်းနိုင်တဲ့လူနဲ့ စာချုပ်ချုပ်ပါ့မယ်"
"မစ္စတာကျန်း.. ကျွန်တော်တို့အနေနဲ့ တစ်ပတ်အတွင်း စာမူကို ထုတ်ဝေပြီး ဆယ်ရက်အတွင်း နိုဘယ်ဆုလျှောက်လွှာကို တင်ပေးနိုင်ပါတယ်"
သဘာဝဂျာနယ်၏အယ်ဒီတာမိုဟက်က ပထမဆုံးကတိပေးလာသည်။
"တစ်ပတ်အတွင်းထုတ်ဝေပြီး ဆယ်ရက်အတွင်း လျှောက်လွှာတင်ပေးမယ်တဲ့။ ဒီထက်မြန်အောင် လုပ်ပေးနိုင်တဲ့လူရှိလား"
"ကျွန်တော်တို့ကတော့ ငါးရက်အတွင်းထုတ်ဝေပြီး ရှစ်ရက်အတွင်း လျှောက်လွှာတင်ပေးနိုင်ပါတယ်"
သိပ္ပံဂျာနယ်၏ အယ်ဒီတာချုပ်က ထအော်တော့မတတ်ပင်။ သူက အယ်ဒီတာချုပ်ဖြစ်သည့်အတွက် အခြားအယ်ဒီတာများထက် ပိုပြီးအာဏာရှိ၏။
"ကျွန်တော်တို့က လေးရက်အတွင်းထုတ်ဝေပြီး ခုနစ်ရက်အတွင်း လျှောက်လွှာတင်ပေးနိုင်ပါတယ်"
ရူပဗေဒရှေ့ဆောင်ဂျာနယ်မှ အယ်ဒီတာက အံ့ဖွယ်ကောင်းသောကိန်းဂဏန်းကို ထုတ်ပြောလာလေသည်။
"မင်းတို့တွေ ရူးသွားကြပြီလား"
မိုဟက်ခမျာ မျက်နှာတစ်ခုလုံးနီးမြန်းနေသော အယ်ဒီတာကို ကြည့်လိုက်သည်။
"လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ မင်းတို့ စာတမ်းတစ်စောင် ထုတ်ဝေထားတာလေ။ အခုကျတော့ ထပ်ထုတ်ဦးမယ်ပေါ့။ မင်းတို့ရဲ့အယ်ဒီတာချုပ်က သဘောတူပါ့မလား"
"အယ်ဒီတာချုပ်ကသာ သဘောမတူဘူးဆိုရင်လည်း သူ့ကိုတောင်းပန်လိုက်မယ်။ တကယ်လို့ အဆင်မပြေဘူးဆိုရင် ဘော့စ်ကို သွားတောင်းပန်မယ်"
ရူပဗေဒရှေ့ဆောင်ဂျာနယ်မှ အယ်ဒီတာက အဆုံးစွန်ဆုံးအထိ စွန့်လွှတ်အနစ်နာခံရန် ပြင်ဆင်ထားပုံရသည်။
"သုံးရက်..ကျွန်တော်တို့ကတော့ သုံးရက်ပဲလိုတယ်"
မိုဟက်က မယုံနိုင်စရာကောင်းသော အချိန်ကို အော်ပြောလိုက်သည်။
"ကျွန်တော်တို့ နိုဘယ်ဆုလျှောက်ထားရေးကို ငါးရက်အတွင်း လုပ်ပေးနိုင်တယ်"
"မိုဟက်..မင်းက သာမန်အယ်ဒီတာလေးတစ်ယောက်နော်။ အလုပ်ပြုတ်မှာမကြောက်ဘူးလား"
မိုဟက်ကတော့ လှောင်ရယ်လိုက်ချေသည်။ သူ အလုပ်ပြုတ်တော့ရော ဘာဖြစ်သေးလဲ။ သူသာ နိုဘယ်ဆုရှင်ရဲ့တာဝန်ခံအယ်ဒီတာဖြစ်သွားရင် ဘယ်သူက သူ့ကို အလုပ်ဖြုတ်ရဲမှာလဲ။ အလုပ်ဖြုတ်ခံလိုက်ရရင်တောင် သူ့ကိုအလုပ်ခန့်ဖို့ စိတ်အားထက်သန်နေတဲ့ ဂျာနယ်တွေက မနည်းမနောရှိနေမှာပဲ။ ထို့ကြောင့် သူ လုံးဝမကြောက်ပေ။
ကျန်းမုန့်လောင်၏စာတမ်းက အရည်အသွေးမြင့်သော်ငြား နိုဘယ်ဆုမပေးအပ်ရသေးသရွေ့တော့ နိုဘယ်ဆုရှင် ဖြစ်လာမည်မဟုတ်ပေ။ မည်သူကများ ပြောင်းလဲမှုများကို ကြိုတင်ခန့်မှန်းနိုင်မည်နည်း။
မိုဟက်က လောင်းကြေးထပ်နေခြင်းပင်။ ဤစာတမ်းက နိုဘယ်ဆု သေချာပေါက်ရမည်ဟု လောင်းကြေးထပ်နေခြင်းပင်။
အခြားအယ်ဒီတာများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ အဆုံးမှာတော့ တိတ်ဆိတ်သွားကြလေသည်။ သူတို့တွင် မိုဟက်ကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားမှုမရှိပေ။
"ကောင်းပြီလေ။ ဒီလိုဆိုရင် ကျွန်တော် သဘာဝဂျာနယ်နဲ့ပဲ လက်မှတ်ထိုးလိုက်မယ်"
ကျန်းမုန့်လောင်က ဆိုလိုက်၏။
"မစ္စတာကျန်း..ကျွန်တော် စာချုပ်ပြင်လာခဲ့ပါတယ်။ လက်မှတ်ထိုးရုံပဲလိုတာပါ"
မိုဟက်က ကျန်းမုန့်လောင်ကို စာချုပ်ပေးနေစဉ်မှာ လက်များ တုန်ယင်နေခဲ့သည်။
ကျန်းမုန့်လောင်ကတော့ တွေဝေတုံ့ဆိုင်းမနေဘဲ သူ့နာမည်ကို လက်မှတ်ထိုးလိုက်လေသည်။
"မစ္စတာမိုဟက်..ခင်ဗျား ကျွန်တော့်ကိုပေးထားတဲ့ကတိကို မဖြည့်ဆည်းနိုင်လို့ကတော့ သဘာဝဂျာနယ်လည်း သိပ္ပံသုတေသနနယ်ပယ်မှာ အာဏာကြီးစိုးဖို့ မစဉ်းစားနဲ့တော့နော်"
ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ထုတ်ဝေရေးကတော့ ထုတ်ဝေရေးပါပဲ။ သိပ္ပံဂျာနယ်ထုတ်ဝေတာပဲဖြစ်ဖြစ် လူကြီးမဂ္ဂဇင်းထုတ်ဝေတာပဲဖြစ်ဖြစ် အတူတူပဲလေနော်"
ဤမှတ်ချက်ကြောင့် မိုဟက်ခမျာ ကြောက်ဒူးတုန်သွားရသည်။ ဤလူငယ်လေးက စင်စစ် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဟွာရှားနိုင်ငံရှိ NetEaseဂီတဟုခေါ်သော ကုမ္ပဏီတစ်ခုက ကျန်းမုန့်လောင်ကို အပြစ်ပြုခဲ့သောကြောင့် ထိုကုမ္ပဏီကို ဝယ်ယူခဲ့ပြီး အနှိပ်ခန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြောင်း သူ ကြားဖူးသည်။ ယခုမူ NetEaseအနှိပ်ခန်းမှာ အာရှတွင်သာမက ဥရောပမှာပါ ချဲ့ထွင်ထားပြီး အကြီးမားဆုံးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတစ်ခု ဖြစ်နေလေပြီ။ ယုံနိုင်ရဲ့လား။
သူသာ ကျန်းမုန့်လောင်ခိုင်းထားသည့်ကိစ္စကို အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါက သဘာဝမဂ္ဂဇင်းလည်း ကမ္ဘာ့အကြီးဆုံးအပြာမဂ္ဂဇင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်သည်။
ထိုပုံရိပ်များပင် သူ့ခေါင်းထဲ မြင်ယောင်မိနေချေပြီ။
"စိတ်ချပါ မစ္စတာကျန်း.. ဘာတွေပဲဖြစ်နေနေ ကျွန်တော် ရအောင်လုပ်ပေးမှာပါ"
သူက ကတိပေးလိုက်၏။
"ဒီလိုဆိုရင် စိတ်အေးပါပြီ"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"ခင်ဗျားတို့က ခရီးဝေးက လာခဲ့ရတာဆိုတော့ ပင်ပန်းနေရောပေါ့။ ဟွာရှားမှာ တစ်ညလောက်အနားယူပါဦးလား။ မနက်ဖြန်မနက်ကျရင် ခင်ဗျားတို့နိုင်ငံကို ပြန်ပို့ပေးဖို့ လေယာဉ်စီစဉ်ပေးပါ့မယ်"
"ဒါဆို ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"
သူတို့အနေနှင့် ကျန်းမုန့်လောင်၏စာတမ်းကို မရခဲ့သော်ငြား ကျန်းမုန့်လောင်ထံမှ အမြင်ကောင်းများကို ရရှိခဲ့သည်။
အယ်ဒီတာများလည်း တဖြည်းဖြည်းပြန်သွားကြသည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ပါမောက္ခများမှာ သိချင်စိတ်ကို မမျိုသိပ်ထားနိုင်တော့ပေ။
"မုန့်လောင်..ပါမောက္ခဟန်.. ဒါက ဘာတွေဖြစ်နေတာလဲ။ ခင်ဗျားတို့ ဘယ်လိုစာတမ်းတွေတင်သွင်းထားလို့ သူတို့တွေက တစ်ယောက်ပြီးတစ်ယောက် အပြေးရောက်လာကြတာလဲ"
"ဟုတ်တယ်။ သူတို့က ရူပဗေဒနိုဘယ်ဆုအကြောင်းကိုတောင် ပြောသွားသေးတယ်။ အမှောင်ဒြပ်ထုဆိုတာကိုလည်း ကြားလိုက်တယ်။ အဲဒါက ရူပဗေဒရဲ့အခြေခံနယ်ပယ်မဟုတ်ဘူးလား"
"ခင်ဗျားတို့ အဲဒါကို မုန့်လောင်ကို မေးသင့်တယ်"
ဟန်ကျင်းယွီက ကျန်းမုန့်လောင်ကို အရှေ့သို့ တွန်းလိုက်သည်။
"ဟားဟားဟား ဘာရယ်မဟုတ်ပါဘူး"
"ကျွန်တော်တို့ကျောင်းက နိုင်ငံတော်အဆင့်ပရောဂျက်တွေအများကြီးရထားတာဆိုတော့ တခြားတက္ကသိုလ်တွေက မကျေနပ်ကြဘူးမလား။ ဒီတော့ ကျွန်တော်တို့သာ နိုဘယ်ဆုရလိုက်ရင် သူတို့တွေ ပါးစပ်ပိတ်သွားကြမှာပဲလို့ တွေးမိလိုက်တယ်လေ။ သူတို့ကိုယ်သူတို့ သိပ်တော်တယ်လို့ထင်နေရင်တော့ သူတို့လည်း စာတမ်းထုတ်ဝေလို့ရတာပဲ"
"အဲဒါကြောင့် ပါမောက္ခဟန်နဲ့ ကျွန်တော်က စီနီယာအစ်ကိုအစ်မတွေနဲ့အတူ သုတေသနအဖွဲ့ထဲမှာ အလုပ်လုပ်နေတာ။ အမှောင်ဒြပ်ထုအကြောင်း လေ့လာဖို့ ရက်ပိုင်းလောက်အချိန်ယူပြီး စာတမ်းတစ်စောင်ပို့လိုက်တာလေ"
"မုန့်လောင် မင်း ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ"
ပါမောက္ခတစ်ယောက်က မေးလာသည်။
"သိပ်သေချာတယ်။ နိုဘယ်ဆုလေးတစ်ခုပဲမဟုတ်လား။ သိပ်မခက်ပါဘူး"
"မင်းပြောတဲ့စကားကို မင်းပြန်နားထောင်ကြည့်ဦး။ ပါမောက္ခဟန်.. ခင်ဗျားရဲ့တပည့်ကို ကြည့်စမ်းပါဦး"
"လူဆယ်ယောက်ကျော်လောက်နဲ့ အမှောင်ဒြပ်ထုရဲ့တည်ရှိမှုကို သက်သေပြဖို့အတွက် ရက်ပိုင်းလောက်ပဲ အချိန်ယူရတယ်ပေါ့။ အမလေး.. အဲဒါက ရာစုနှစ်တစ်ခုစာလောက် တစ်ကမ္ဘာလုံး သက်သေမပြနိုင်ခဲ့တဲ့အရာနော်"
"ဘာမှမခက်ဘူး"
"အဲဒီလိုဆိုရင်.."
ပါမောက္ခကြီးတစ်ယောက်မှာ ရုတ်တရက်စိတ်လှုပ်ရှားလာလေသည်။
"ငါ စော်ကားခံနေရတာက ရက်ပေါင်းများစွာရှိသွားပြီ။ မထိန်းနိုင်တော့ဘူး။ မုန့်လောင်သာ နိုဘယ်ဆုရသွားရင် အင်တာနက်ပေါ်မှာပြောနေကျစကားရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူတို့ကိုသိအောင်ပြလိုက်ဦးမယ်။ ဘာတဲ့.. ငါဆိုတဲ့ကီးဘုတ်ဖိုက်တာသာမရှိရင် အင်တာနက်ကြီးကလည်း တစ်သက်လုံး အမှောင်ကမ္ဘာထဲမှာ နေရတော့မှာတဲ့"
***************