← Chapters

ခင်ဗျားတို့ကို ဆုကြေးငွေမပေးနိုင်အောင် တားနိုင်တယ်

Vol. 35 Ch. 516

ခင်ဗျားတို့ကို ဆုကြေးငွေမပေးနိုင်အောင် တားနိုင်တယ်

Vol. 35 Ch. 516

"နိုဘယ်ဆုလေးပဲတဲ့လား"

ဤစကားက လူစကားလား။ အရက်သောက်ရင်း မြေပဲတစ်တောင့်စားထားလျှင်ပင် ယခုလိုပေါက်ကရစကားမျိုးကို ပြောလိမ့်မည်မဟုတ်။

လူတိုင်းက ကျန်းမုန့်လောင်အား မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေသလို ကြည့်လိုက်ကြသည်။

ယခုလက်ရှိ ဟွာရှားနိုင်ငံတွင် နိုဘယ်ဆုဆွတ်ခူးနိုင်သူဟူ၍ ဘယ်နှယောက်များ ရှိလေသလဲ။

တင်းကျပ်လှသော နိုင်ငံတကာစံနှုန်းများကို ထည့်သွင်းစဉ်းစားပါက စာပေပိုင်းတွင် တစ်ယောက်ရှိပြီး ဆေးပညာတွင် တစ်ယောက်သာ ရှိလေသည်။

တစ်ယောက်ယောက်ကသာ နိုဘယ်ဆုရရှိခဲ့လျှင် တစ်နိုင်ငံလုံးက အနည်းဆုံး ဆယ်ရက်မှ လဝက်လောက်အထိ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြလိမ့်မည်။

ကျန်းမုန့်လောင်၏စာတမ်းက ရူပဗေဒနိုဘယ်ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အဆင့်ကိုပင် ရောက်ရှိခဲ့သည်။ ဤသည်မှာ သူတို့၏နားလည်နိုင်စွမ်းကို များစွာကျော်လွန်နေပြီဖြစ်၏။

ထိုကဲ့သို့သော ဂုဏ်သရေမျိုးကို ကျန်းမုန့်လောင်က ငြင်းဆန်နေသည်တဲ့လား။ သူ့ဦးနှောက်က တစ်စုံတစ်ရာချို့ယွင်းနေလေသလား။ ဤဂုဏ်သရေမှာ မည်မျှကြီးကျယ်လိုက်လေသလဲ။

"သူ့ကိုကြည့်ထားကြ။ ငါ အခုချက်ချင်း ဓားသွားယူတော့မယ်"

ပါမောက္ခတစ်ယောက်က ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

"ငါလည်းပါမယ်။ ငါကတော့ မီးမှုတ်စက်ယူခဲ့မယ်"

"ငါ ဆာလဖျူရစ်အက်ဆစ်တစ်ပုလင်း ယူခဲ့မယ်"

"ငါ့ရဲ့ကြိမ်နှုန်းမြင့်အမှုန်ဖြတ်စက်ကို ယူခဲ့။ ဒီနေ့ ငါ သူ့ကို အပိုင်းပိုင်းဖြတ်ပစ်တော့မယ်"

...

"မစ္စတာကျန်း..ခင်ဗျား ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်နော်။ ကျွန်တော်တို့ပြောနေတာက သိပ္ပံပညာရှင်ပေါင်းများစွာ၏ အိပ်မက်ဖြစ်တဲ့ ရူပဗေဒနိုဘယ်ဆုပါ"

မိုဟက်က ပြောလိုက်သည်။

"ကျွန်တော်တို့ဂျာနယ်ရဲ့ ဂုဏ်သတင်းက ခင်ဗျားအနေနဲ့ အခက်အခဲပေါင်းများစွာကို ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်ပါတယ်"

"ခင်ဗျားပေးနိုင်တဲ့အရာကို သိပ္ပံဂျာနယ်ကလည်း ပေးနိုင်တယ်"

ကျန်းမုန့်လောင်က ဆို၏။

"ပြီးတော့ ကျွန်တော် ခင်ဗျားတို့ကို အခွင့်အရေးပေးခဲ့ပေမဲ့ ခင်ဗျားတို့က မလိုချင်ခဲ့ဘူးလေ။ ကျွန်တော့်စာတမ်းက ရူပဗေဒနိုဘယ်ဆု ရနိုင်တယ်လို့ ခင်ဗျားတို့ကို ကျွန်တော် ပြောခဲ့တယ်မလား။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့အယ်ဒီတာက ကျွန်တော့်ကို ဆဲဆိုခဲ့တယ်လေ"

ယခုမူ သူတို့အားလုံး သဘောပေါက်သွားကြသည်။

ကျန်းမုန့်လောင်က ဂရုမစိုက်ခြင်းမျိုး မဟုတ်ဘဲ အငြိုးထားနေခြင်းသာ ဖြစ်၏။ အယ်ဒီတာတစ်ဦးက သူ့စာမူကိုပယ်ချခဲ့သဖြင့် သူကလည်း မကျေမနပ်ဖြစ်နေခြင်းပင်။

သို့သော် မျှမျှတတပြောရလျှင် သူတို့သာ ထိုအယ်ဒီတာများ ဖြစ်ခဲ့လျှင် တစ်စုံတစ်ယောက်က သူတို့၏စာတမ်းသည် ရူပဗေဒနိုဘယ်ဆုရလိမ့်မည်ဟု ဖုန်းခေါ်ပြီး ပြောလာပါက သူတို့လည်း ပြန်ဆဲမိကြမည်သာ။ ပို၍ပင် ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုမိနိုင်သည်။

ဤခေတ်တွင် မည်သူမဆို စာတမ်းတစ်စောင် ရေးလိုက်သည်နှင့် နိုဘယ်ဆုရှင်လောင်းတစ်ယောက်ဟု ဆိုနိုင်နေပြီလား။

သို့သော် ထိုကဲ့သို့သော အသေးအဖွဲနှုတ်စကားတစ်ခုအပေါ် ရန်ငြိုးထားနေခြင်းမှာ မိုက်မဲလှသည်မဟုတ်လား။

သူတို့သာ နိုဘယ်ဆုရခဲ့လျှင် နှုတ်ဖြင့် စော်ကားခံရခြင်းကို မဆိုထားနှင့်။ ပြင်းအားသုံးဆင့်ရှိသော လျှပ်စစ်ပန်ကာရှေ့တွင် ကိုယ်လုံးတီးမတ်တတ်ရပ်ရလျှင်ပင် နိုဘယ်ဆုအတွက် အကျိုးအမြတ်ရှိသော အပေးအယူတစ်ခုပင်။

ဒီအသက်အရွယ်ရောက်နေမှတော့ ကလေးဆန်တာ နည်းနည်းလောက်လျှော့ပြီး ရင့်ကျက်သင့်ပြီမဟုတ်လား။

"မစ္စတာကျန်း..အဲဒါက ကျွန်တော်တို့အယ်ဒီတာရဲ့အမှားပါ။ သူ့ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်"

မိုဟက်က အမြန်ပြောလိုက်သည်။

"ကျွန်တော်တို့အနေနဲ့ အဲဒီလူကို သင့်တော်တဲ့ပြစ်ဒဏ်မျိုးပေးပြီး ကျွန်တော်တို့မဂ္ဂဇင်းကနေ ထုတ်ပယ်လိုက်ပါပြီ။ သူ့လုပ်ရပ်ကြောင့် ကျွန်တော်တို့မဂ္ဂဇင်းကိုပါ အမြင်မစောင်းဖို့ မျှော်လင့်ပါတယ်။ တန်ဖိုးရှိတဲ့ ဒီအခွင့်အရေးကို ခင်ဗျားလက်လွှတ်မခံဖို့လည်း မျှော်လင့်ပါတယ်"

"တန်ဖိုးရှိတဲ့ အခွင့်အရေးတဲ့လား"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။

"ဒီအခွင့်အရေးက တကယ်ပဲ အဲဒီလောက်တောင် တန်ဖိုးရှိတာလား။ နိုဘယ်ဆုရွေးချယ်ရေးက နှစ်တိုင်း လုပ်နေတာပဲ။ ဒါပေမဲ့ စိတ်မကြည်မသာဖြစ်ရင်တော့ ကျွန်တော့်ရဲ့အာသီသကို ရက်ပိုင်းလောက်အထိ ထိခိုက်စေနိုင်တယ်"

"မင်းတို့ဟွာရှားလူမျိုးတွေ ရူးနေကြတာလား"

မိုဟက်ခမျာ ဆဲမိတော့မတတ်ပင်။ နိုဘယ်ဆုရွေးချယ်မှုက နှစ်တိုင်းလုပ်နေသည်ဟု ပြောဆိုခြင်းမှာ ဘာကိုဆိုလိုလေသလဲ။

ဤသိပ္ပံဆိုင်ရာအောင်မြင်မှုများက အလွန်အရေးပါလှသည်။ တစ်ခါတစ်ရံတွင် ရလဒ်တစ်ခုကို ရရှိထားပြီးဖြစ်သော်လည်း အခြားတစ်ယောက်က မိမိထက်အရင်ဦးအောင် စာတမ်းကို ထုတ်ဝေလိုက်တာမျိုးလည်း ရှိ၏။ ထိုကဲ့သို့သော အခြေအနေများမှာ ပညာရေးလောကထဲတွင် အဖြစ်များသည်။

ဤစာတမ်းကို သုံးသပ်သူအမြောက်အများက ကြည့်ရှုထားပြီးဖြစ်၏။ လူတော်တော်များများက နည်းလမ်းကို သိထားကြပြီးဖြစ်သော်လည်း ဤစာတမ်းကို မထုတ်ဝေရသေးသရွေ့ အောင်မြင်မှုက ကျန်းမုန့်လောင်၏အောင်မြင်မှုဟု မသတ်မှတ်နိုင်ပေ။

တစ်နှစ်မဆိုထားနှင့်။ လအနည်းငယ်အတွင်းမှာပင် တစ်စုံတစ်ယောက်က ဤနည်းလမ်းကို တိုးတက်အောင် ပြုပြင်လိုက်လျှင် အမှောင်ဒြပ်ထုရှိကြောင်း သက်သေပြနိုင်ခဲ့သည့် ပထမဆုံးလူမှာ ကျန်းမုန့်လောင်မဖြစ်နိုင်တော့ပေ။ သို့ဆိုလျှင် နိုဘယ်ဆုကလည်း အခြားလူထံသို့ ရောက်သွားပေလိမ့်မည်။

နောက်နှစ်ထဲတွင် တိုးတက်မှုတစ်ခုကို သူ လုပ်ဆောင်နိုင်လေမလား။ ဖြစ်နိုင်စရာတော့ မရှိပေ။

"ခင်ဗျားတို့ထဲက မစ္စတာကျန်းမုန့်လောင်နဲ့ မစ္စတာဟန်ကျင်းယွီတို့က ဘယ်သူတွေလဲဆိုတာ သိလို့ရမလား"

ထိုအချိန်တွင် နိုင်ငံခြားသားငါးယောက်ခြောက်ယောက်လောက် အပြေးဝင်လာကြပြီး ကျန်းမုန့်လောင်နှင့် စကားပြောဖို့ အခွင့်အရေးမရလိုက်မည်ကို စိုးနေသည့်အလား တွန်းထိုးနေကြသည်။

"ကျွန်တော်က သိပ္ပံဂျာနယ်ရဲ့ အယ်ဒီတာချုပ်ပါ"

"ကျွန်တော်က ရူပဗေဒရှေ့ဆောင်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ပါ"

...

"တွေ့လား။ ခင်ဗျားတို့က အယ်ဒီတာကိုပဲ လွှတ်လိုက်တာ။ သူများတွေက အယ်ဒီတာချုပ်ကိုတောင် လွှတ်လိုကု်တယ်။ ကျွန်တော်ကတော့ စိတ်ရင်းပိုစစ်တဲ့လူတွေကို လက်ခံသင့်တယ်"

ကျန်းမုန့်လောင်က မိုဟက်နှင့် စကားဆက်ပြောချင်စိတ်မရှိဟန်ဖြင့် ပြောလိုက်လေ၏။

"မစ္စတာကျန်း.. ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုရွေးချယ်ပေးပါ။ ကျွန်တော်တို့မဂ္ဂဇင်းက အမြန်ဆုံး ထုတ်ဝေပေးပါတယ်"

"ပေါက်ကရတွေ.. ခင်ဗျားတို့က စာတမ်းတစ်ခုကို ထုတ်ဝေဖို့ သုံးလကနေ ငါးလလောက်ကြာတယ်။ ကျွန်တော်ဘွဲ့ရတော့ ခင်ဗျားတို့ဆီကို စာတမ်းတင်သွင်းခဲ့သေးတယ်။ ပယ်ချခံရတာတောင် ငါးလလောက်ကြာတယ်။ ဘယ်အချိန်ကျမှများ ထုတ်ဝေမှာလဲ"

"မစ္စတာကျန်း.. ကျွန်တော်တို့မဂ္ဂဇင်းက ခင်ဗျားကို စာတမ်းတစ်ခုစာအတွက် ဒေါ်လာငါးသိန်းစာမူခပေးနိုင်ပါတယ်။ ဒီသဘောတူစာချုပ်ကို လက်မှတ်ထိုးရုံပါပဲ။ ပိုက်ဆံကို ချက်ချင်းလွှဲပေးနိုင်ပါတယ်"

"မစ္စတာကျန်း ကျွန်တော့်မှာ သမီးတစ်ယောက်ရှိပါတယ်…"

"တော်တော့။ တိတ်ကြတော့။ တော်တော်စိတ်ရှုပ်နေပြီ"

ကျန်းမုန့်လောင်က ခပ်ပြတ်ပြတ်ပြောလိုက်လေတော့သည်။

"ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုပဲရှိတယ်။ ကျွန်တော့်ရဲ့တောင်းဆိုချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့လူက ကျွန်တော့်စာတမ်းကို ရမှာပဲ"

ထိုနေရာရှိ ပါမောက္ခများမှာ ဤကဲ့သို့သောမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးကြပေ။

ကျော်ကြားမှုတန်ဖိုးတစ်ဆယ်ရှိသော ဂျာနယ်များမှာ ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံထားရပြီး ယနေ့ရောက်ရှိလာသော အယ်ဒီတာများ ကိုယ်စားပြုနေသည့် ဂျာနယ်များမှာ ကျော်ကြားမှုတန်ဖိုးနှစ်ဆယ်အောက် မရောက်ပေ။ သို့တိုင် သူတို့သည် ကျန်းမုန့်လောင်၏စာတမ်းကို လုယက်နေကြလေသည်။

အိပ်ရေးပျက်နေသော သူတို့၏အသွင်အပြင်နှင့် မျက်ကွင်းညိုညိုများကို ကြည့်ခြင်းအားဖြင့် တစ်ရက်နှင့်တစ်ညလုံး မအိပ်ရသေးဟန်ပင်။ သူတို့ ရူးသွားကြခြင်းပင်ဖြစ်ရမည်။

"မစ္စတာကျန်း.. ပြောသာပြောပါ။ ဘယ်လိုတောင်းဆိုမှုမျိုးပဲဖြစ်ဖြစ် ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်ပါတယ်"

"ကောင်းပြီလေ။ သုံးရက်အတွင်း ကျွန်တော့်ရဲ့စာတမ်းကို ဂျာနယ်တစ်ခုခုမှာ ထုတ်ဝေထားတာမျိုး မြင်ချင်တယ်။ လဝက်အတွင်းမှာတင် ကျွန်တော့်နာမည်ကို နိုဘယ်ဆုရှင်စာရင်းထဲမှာ ပါလာစေချင်တယ်"

"ဒါက.."

ဤတောင်းဆိုချက်ကား လွန်ကဲရုံသာမက အတိုင်းထက်အလွန် များလွန်းလှသည်။

ဤဂျာနယ်များမှာ တစ်လလျှင် တစ်ကြိမ်သာ ထုတ်ဝေကြပြီး လွန်ခဲ့သည့်ရက်ပိုင်းလောက်ပင် တစ်စောင်ထုတ်ဝေထားသေးသည်။ မည်မျှအလျင်စလိုဆောင်ရွက်စေကာမူ နောက်လထဲတွင်သာ ထုတ်ဝေနိုင်လိမ့်မည်ဖြစ်၏။

အမှန်ပင်။ ဤအချက်မှာ ညှိနှိုင်းနိုင်သည်။ အကြောင်းမှာ သူတို့တွင် ကိုယ်ပိုင်ပုံနှိပ်တိုက်ရှိနေသောကြောင့်ပင်။

သို့သော် နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို သူတို့က ပြောဆိုခွင့်ရှိမည်တဲ့လား။ အမှန်ပင်။ ယခုနှစ်အတွက် နိုဘယ်ဆုရရှိသူများစာရင်းကို ကြေညာမည့်နေ့ရက်ကား နီးကပ်လာပြီဖြစ်သော်လည်း နှစ်လလိုနေသေးသည်။ နိုဘယ်ဆုရွေးချယ်ရေးကော်မတီကို သူတို့၏အချိန်ဇယားကို လဝက်အတွင်း ပြောင်းလဲပေးဖို့ တောင်းဆိုမည်တဲ့လား။

လဝက်ဆိုသည့်အချိန်မှာ သူတို့၏သုတေသနရလဒ်ကို အတည်ပြုရန်ပင် အချိန်မလုံလောက်ပေ။ ဤသည်မှာ အဓိပ္ပာယ်မရှိလှလေ။

"အင်း..ခင်ဗျားတို့ကို တောင်းဆိုတာ နည်းနည်းများသွားတယ်ထင်တယ်"

ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

"ကျွန်တော် ဖုန်းခေါ်လိုက်ဦးမယ်"

"ဟုန်းရီ..ဘယ်အဖွဲ့အစည်းက ရူပဗေဒအတွက် နိုဘယ်ဆုကိုရွေးတာလဲဆိုတာ သိလား"

"မစ္စတာကျန်း.. တော်ဝင်ဆွီဒင်သိပ္ပံကျောင်းတော်ပါ"

"ငါ့ကို ဖုန်းနံပါတ်ပေး"

မကြာခင်မှာပင် ကျန်းမုန့်လောင်လည်း တော်ဝင်ဆွီဒင်သိပ္ပံကျောင်းတော်၏ တာဝန်ရှိသူတစ်ဦး၏ ဖုန်းနံပါတ်ကို ရရှိခဲ့သည်။

"ပါမောက္ခကလော့ဒ်လား"

"ဟုတ်ပါတယ်။ ဘယ်သူပါလဲ"

"ကျွန်တော် မေးချင်တာလေးရှိလို့ပါ။ ဒီနှစ်အတွက် ရူပဗေဒနိုဘယ်ဆုကို ဘယ်တော့လောက်ကြေညာမှာလဲ"

"နောက်၅၄ရက်နေရင်ပေါ့"

"လဝက်အတွင်း လုပ်ပေးလို့ရမလား"

ကျန်းမုန့်လောင်က မေးလိုက်၏။

ဖုန်းတစ်ဖက်တွင်မူ ပါမောက္ခကလော့ဒ်ခမျာ လုံးဝကြောင်အသွားရသည်။

မင်းက ဘယ်သူလဲ? ဒီလိုစကားမျိုးပြောရအောင် မင်းကိုယ်မင်း နိုဘယ်များထင်နေတာလား?

ပါမောက္ခကလော့ဒ်က ငတုံးဟုဆဲဆိုပြီး ဖုန်းချတော့မည့်ဆဲဆဲမှာပင် ကျန်းမုန့်လောင်က အမြန်ပြောလိုက်၏။

"ခင်ဗျားလက်ခံမယ်ဆိုရင် ကျွန်တော် နိုဘယ်ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံ လှူပါ့မယ်။ လက်မခံရင်တော့ နိုဘယ်ဖောင်ဒေးရှင်းတစ်ခုလုံးကို ဝယ်လိုက်မှာ။ လက်ရှိပေါက်ဈေးက ခရိုနာ၄၉ဘီလီယံမလား"

"မင်း.. မင်းက ဘယ်သူလဲ"

ရူပဗေဒနိုဘယ်ဆုရွေးချယ်သူတစ်ယောက်အနေနှင့် ပါမောက္ခကလော့ဒ်သည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာပြီးဖြစ်၏။ သို့သော် ဤကဲ့သို့သော တောင်းဆိုမှုမျိုးကိုတော့ လုံးဝမကြံဖူးပေ။ တစ်စုံတစ်ယောက်က နိုဘယ်ဖောင်ဒေးရှင်းတစ်ခုလုံးကို ဝယ်ပစ်မည်ဟု ခြိမ်းခြောက်လာသည်။

"ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ"

ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလာလေသည်။

"ကျွန်တော့်ရဲ့ဘဏ္ဍာရေးအစွမ်းအစကို သံသယမဖြစ်လေနဲ့။ ခင်ဗျားတို့ဖောင်ဒေးရှင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပျောက်ပျက်သွားအောင်လုပ်ပြီး ခင်ဗျားတို့ ဒီနှစ် ဘာဆုမှမပေးနိုင်အောင်လည်း တားနိုင်တယ်"

***************

All Chapters