၂၁ရာစုအစောပိုင်းရဲ့ အကြီးမားဆုံးရှာဖွေတွေ့ရှိမှု
Vol. 35 Ch. 513
"အဓိပ္ပာယ်မရှိတာ!"
သဘာဝဂျာနယ်၏ အယ်ဒီတာက ဖုန်းချပစ်လိုက်ပြီး သူတို့၏ ပညာရှင်အဆင့်ပြန်လည်သုံးသပ်မှုကို ဆက်လက် လုပ်ဆောင်လေတော့သည်။
"ဂါမတ်စ် ဘာဖြစ်တာလဲ"
လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကော်ဖီခွက်ကို သူ့စားပွဲပေါ်သို့ တင်ရင်း စနောက်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ စာမူကို မြန်မြန်သုံးသပ်ပေးဖို့ တောင်းဆိုနေတဲ့ လူတစ်ယောက်ပါ။ သူက ဒီနှစ်အတွက် ရူပဗေဒနိုဘယ်ဆုရှင် ဖြစ်နိုင်တယ်တဲ့"
ဂါမတ်စ်က ကော်ဖီကို တစ်ငုံသောက်ရင်း လှောင်ပြောင်ထေ့ငေါ့လေဟန်လေသံဖြင့် ပြောလိုက်သည်။
"ဟားဟားဟား ငါ့ကိုလည်း မနေ့တုန်းက ဓာတုဗေဒနိုဘယ်ဆုရှင်သုံးယောက်နဲ့ ရူပဗေဒနိုဘယ်ရှင်နှစ်ယောက်က ဖုန်းဆက်သေးတယ်"
ဂါမက်စ်၏လုပ်ဖော်ကိုင်ဖက်က ရယ်မောလိုက်သည်။
"တကယ်တမ်းကျတော့ သူတို့ရဲ့စာတမ်းက တတိယအဆင့်လောက်တောင် အရည်အချင်းမပြည့်မီဘူး"
သူတို့၏သဘာဝမဂ္ဂဇင်းတွင် တင်သွင်းမှုများကို အရည်အသွေးအဆင့်လေးခုအဖြစ် အမျိုးအစားခွဲခြားထားသည်။ အနိမ့်ဆုံးမှာ အဆင့်သုံးဖြစ်ပြီး ထိုအဆင့်တွင် ပြန်ပေးပို့ခံရသော သာမန်ရွက်ကြမ်းရေကျိုစာတမ်းများရှိ၏။ ထိုစာတမ်းများမှာ တင်သွင်းမှု၏ကိုးဆယ်ရာခိုင်နှုန်းကျော်ရှိသည်။
အဆင့်နှစ်ဆောင်းပါးများမှာ ပညာရပ်ဆိုင်ရာတိုးတက်မှုတချို့ရှိသည်ဖြစ်ရာ ပြင်ဆင်မှုတချို့လုပ်ပြီးလျှင် အဆင့်တစ်သို့ မြှင့်တင်နိုင်ခြေရှိ၏။
အဆင့်တစ်ဆောင်းပါးများမှာမူ အယ်ဒီတာများ၏ အာရုံစိုက်မှုကို လိုအပ်ပေသည်။ ထိုဆောင်းပါးများကသာ အဆင့်တစ်အရည်အသွေးကို ရောက်ရှိလာပြီး ပြုပြင်မွမ်းမံမှုများပြုလုပ်ကာ အပိုအချက်အလက်များကို ဖြည့်စွက်လိုက်ပါက မဂ္ဂဇင်းထဲတွင် ထည့်သွင်းထုတ်ဝေနိုင်ခြေ မြင့်မားလှသည်။
ထိပ်တန်းအဆင့်ဆောင်းပါးများကမူ ခေါင်းစဉ်ရွေးချယ်မှုတွင် ခြွင်းချက်မရှိသော တိုးတက်မှုများနှင့် အကြောင်းအရာစုံလင်မှု ရှိရမည်ဖြစ်၏။ ပုံမှန်အားဖြင့်ဆိုလျှင် သတ်မှတ်ထားသောကိစ္စရပ်များရှိ အခြေခံပြဿနာများကို ဖြေရှင်းခြင်း သို့မဟုတ် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကို အမေရိကန်ဒေါ်လာတစ်ဘီလီယံနှင့်အထက် တိုင်းတာနိုင်သော သိသာထင်ရှားလှသည့် တိုးတက်မှုများကို ရရှိခြင်းတို့ပင်။
သို့သော် ထိုကဲ့သို့သော ဆောင်းပါးများကား ရှားပါးလွန်းလှသည်။ ထိပ်တန်းအဆင့်ဆောင်းပါးများကို နှစ်အနည်းငယ်တွင် တစ်ကြိမ်မျှသာ တွေ့ရှိနိုင်ပြီး တွေ့ရှိသည်နှင့်တစ်ပြိုင်နက် အယ်ဒီတာများကလည်း အသည်းအသန်လုယက်ကြပေလိမ့်မည်။
သူတို့သာ ကံကောင်းပြီး ထိုကဲ့သို့သောဆောင်းပါးတစ်စောင်က ကမ္ဘာ့အဆင့်မီဆုတစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပါက အယ်ဒီတာများဖြစ်သည့် သူတို့၏နာမည်ကလည်း သက်ဆိုင်ရာဆောင်းပါးတွင် ပါဝင်လာမည်ဖြစ်လေရာ လက်ငင်းရသော အကျိုးအမြတ်ကတော့ ဆုကြေးငွေပင်။
"မှတ်တမ်းထဲကနေ ဆွဲထုတ်ပြီး ကြည့်ကြည့်ပါလား။ တကယ်လည်း နိုဘယ်ဆုရချင်ရသွားနိုင်တာပဲ"
"ဟားဟားဟား မင်းကြည့်ချင်တယ်ဆိုရင် ကြည့်လိုက်လေ။ ဒါပေမဲ့ ငါ့အလုပ်ကိုတော့ လာမနှောင့်ယှက်နဲ့"
ဂါမက်စ်က ခေါင်းကိုက်နေဟန်ဖြင့် ဆိုလာချေသည်။
"အရည်အသွေးမြင့်တဲ့ဆောင်းပါးတစ်ပုဒ်ကို မမြင်ရတာ တော်တော်ကြာသွားပြီ။ ဒီလအတွက် တင်သွင်းထားတဲ့ စာတမ်းတွေထဲမှာ ကောင်းကောင်းကန်းကန်းတစ်ခုမှမရှိဘူးဆိုရင် အယ်ဒီတာချုပ်က ငါ့ကို ပြဿနာရှာတော့မှာပဲ"
"ဒါဆို ဆက်လုပ်လေ။ ငါတော့ ဆောင်းပါးကောင်းတစ်ပုဒ်မျာ ရှာတွေ့နိုင်မလားဆိုတာ ကြည့်လိုက်ဦးမယ်"
ဂါမက်စ်၏လုပ်ဖော်ကိုင်ဖက်က သူ့စားပွဲဆီသို့ ပြန်သွားပြီးနောက် ယနေ့ တင်သွင်းထားသည့် စာတမ်းများကို လှန်လှောရှာဖွေလေတော့သည်။
ဤမြင်ကွင်းကား ထိပ်တန်းအဆင့်ဂျာနယ်တိုင်းတွင် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသော မြင်ကွင်းမျိုးပင်။
သမိုင်းကြောင်းထဲတွင် ဓာတုဗေဒနိုဘယ်ဆုရှင်တစ်ယောက်၏ စာတမ်းကို ပယ်ချခဲ့ခြင်း သို့မဟုတ် မှတ်တမ်းထဲတွင် တစ်နှစ်နှစ်နှစ်ကြာအောင် မေ့ကျန်ရစ်ခဲ့ခြင်းကဲ့သို့သောအဖြစ်မျိုး တော်တော်များများရှိခဲ့ဖူးသော်ငြား ထိုနှစ်ခုက ခြွင်းချက်ပင်။ တစ်နှစ်အတွင်း နိုဘယ်ဆုရှင်ဘယ်နှယောက်များ ရှိနိုင်မည်နည်း။ သူတို့အလှည့်ရောက်လာဖို့ ဖြစ်နိုင်ခြေမည်မျှရှိနိုင်မည်နည်း။
"ဒီနေ့အတွက် အရည်အသွေးမြင့်စာတမ်းတွေ တစ်ခုမှမရှိဘူးပဲ"
ဂါမက်စ်၏လုပ်ဖော်ကိုင်ဖက်က စာတမ်းတင်သွင်းမှုစနစ်ထဲတွင် စတင်ရှာဖွေလေတော့သည်။
"ကြောင်တွေက အေးခဲနိုင်ပြီး အရည်တွေက 'နှောင်ဖွဲ့မှုတန်ဖိုးနည်းပါးခြင်း'၏သက်သေ"
"ဒါက ဘာကြီးလဲ။ ဒီလိုဆောင်းပါးမျိုးကို ရေးလို့ရတယ်များ ထင်နေတာလား"
"သားအိမ်ထဲက သန္ဓေသားပညာရေးအတွက် Y-Earphones"
"ကလေး..ကဲ ကဲ ဒါကဘာကြီးလဲ..အသံသွင်းကိရိယာလား"
"ဦးနှောက်ဓာတ်မှန်ရိုက်ခြင်းမှတစ်ဆင့် လူသားများ၏ ဒူးရင်းသီးနှစ်သက်မှုကို ဆုံးဖြတ်ခြင်း"
"သူတို့က ဒီလိုဟာမျိုးတွေနဲ့ ဇီဝဗေဒနိုဘယ်ဆုကို ယူမယ်လို့တောင် ပြောရဲသေးတယ်ပေါ့"
"ကြွက်များမိတ်လိုက်နေစဉ် အတွင်းခံဝတ်ခြင်း၏အကျိုးသက်ရောက်မှု"
"..ဘုရားရေ လူသားမျိုးနွယ်အတွက် ဘာမျှော်လင့်ချက်မှ မရှိပါလား"
တကယ်တမ်းတွင် မိုဟက်သည် ယခုလိုပေါက်ကရဆောင်းပါးများကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းမဟုတ်ပေ။ သူတို့၏စာတမ်းတင်သွင်းရေးစနစ်တွင် ယခုလိုထူးဆန်းလှသော အကြောင်းအရာများကို မကြာခဏမြင်ရလေ့ရှိပြီး ဤသည်မှာ သူတို့အား လုပ်ငန်းခွင်အတွင်း ဖျော်ဖြေပေးနေသလိုပင်။
"စကြဝဠာတွင် အမှောင်ဒြပ်ထုတည်ရှိကြောင်း အထောက်အထားပြုခြင်း"
ရုတ်ခြည်းဆိုသလိုပင် မျက်စိဖမ်းစားဖွယ်ကောင်းသော ဆောင်းပါးခေါင်းစဉ်တစ်ခုက မိုဟက်၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။
လူသားများမှာ အမှောင်ဒြပ်ထုကို နှစ်တစ်ရာလောက် လေ့လာစူးစမ်းခဲ့ကြသော်ငြား ယခုအချိန်အထိ တိုးတက်မှုမရှိသေးပေ။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ အမှောင်ဒြပ်ထုအကြောင်း လေ့လာနေသည့် သုတေသနအဖွဲ့အရေအတွက်မှာ ဆယ်စုနှစ်တစ်ခုအကြာတုန်းက ရှိခဲ့ဖူးသည့် အရေအတွက်၏ သုံးပုံတစ်ပုံပင် မပြည့်ပေ။
သူတို့လည်း မတတ်နိုင်ပေ။ ဤအကြောင်းအရာကို လေ့လာခြင်းမှာ အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကဲ့သို့ ကြီးမားလှသောကိရိယာများကို လိုအပ်ပြီး အကယ်၍ ရလဒ်များထွက်လာလျှင်ပင် ဂုဏ်သတင်းကျော်စော်မှုကလွဲပြီး ဘဏ္ဍာရေးအကျိုးအမြတ်များမှာ မရှိသလောက်နည်းပါးလှ၏။ ထို့ကြောင့် လူတော်တော်များများက တဖြည်းဖြည်းနှင့် လက်လျှော့သွားကြသည်။
အမှောင်ဒြပ်ထု၏ တည်ရှိမှုကို သက်သေပြမည့် ဆောင်းပါးများမှာ နှစ်ပေါင်းများစွာအတွင်း ပေါ်မလာတော့လေဟန်ပင်။ မိုဟက်မှတ်မိသလောက်ဆိုလျှင် နောက်ဆုံးဆောင်းပါးမှာ လွန်ခဲ့သည့်လေးနှစ်ကပင်။ သို့သော် ထိုစဉ်တုန်းက သိသာလှသော ပညာရပ်ဆိုင်ရာအမှားတစ်ခုကြောင့် ပညာရှင်အဆင့်သုံးသပ်သူတစ်ယောက်က ပယ်ချခဲ့သည်။
ဤဆောင်းပါးများထဲမှ တစ်ခုခုကသာ နိုဘယ်ဆုရရှိရန် အခွင့်အရေးရှိခဲ့ပါက ဤခေါင်းစဉ်ကိုကိုယ်စားပြုသောလူက ပြိုင်ဘက်တစ်ယောက် သေချာပေါက်ဖြစ်လာပေလိမ့်မည်။ တစ်စုံတစ်ယောက်က အမှောင်ဒြပ်ထု၏တည်ရှိမှုကို သက်သေမပြနိုင်သရွေ့ သူတို့ကပင် ရူပဗေဒနိုဘယ်ဆုရှင်တစ်ယောက် ဖြစ်လာမည်မှာ ကျိန်းသေပေါက်ပင်။
"နက္ခတ်တာရာကြည့်မှန်ပြောင်း၊ အမှုန်ခွဲခြားစိတ်ဖြတ်စက်၊ အာကာသနောက်ခံဓာတ်ရောင်ခြည်လေ့လာစူးစမ်းမှု.. အမလေး ဒီသုတေသနအဖွဲ့က တော်တော်ချမ်းသာတာပဲ"
မိုဟက်ခမျာ ဤစာတမ်းထဲတွင် အသုံးပြုထားသော ကိရိယာများကြောင့် အံ့အားသင့်သွားချေသည်။ ဤသည်မှာ သာမန်သုတေသနအဖွဲ့များ မစွမ်းဆောင်နိုင်သောအရာပင်။
"ဒါက နိုင်ငံတော်အဆင့်တော်ဝင်လေ့လာရေးစခန်း ဒါမှမဟုတ် အဲဒီလိုသုတေသနအဖွဲ့အစည်းတစ်ခုခုများလား"
မိုဟက်က ဤစာတမ်း၏မေးလ်လိပ်စာကို တစ်ချက်ကြည့်လိုက်၏။
"ဟွာရှားနိုင်ငံ၊ ကျန်းကျယ်ခရိုင်၊ ကျန်းနန်မြို့၊ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်တဲ့လား။ တက္ကသိုလ်တစ်ခုကလား"
မိုဟက်ခမျာ အချက်အလက်များကို ချက်ချင်းရှာဖွေကြည့်လိုက်သည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဆိုသည်မှာ ဟွာရှားနိုင်ငံတွင် ဂုဏ်သတင်းကြီးမားသော တက္ကသိုလ်တစ်ခုလေလား။
"ဟွာရှားနိုင်ငံတွင်း အဆင့်၁၂၈၊ ကမ္ဘာ့အဆင့်..ဒီလိုကျောင်းမျိုးမှာ ဒီလိုအရင်းအမြစ်တွေရှိတယ်တဲ့လား"
"သက်ဆိုင်ရာစာရေးသူက ဟွာရှားနိုင်ငံရဲ့ပါရမီရှင်အယောက်တစ်ထောင်ပရိုဂရမ်ထဲမှာ ပါဝင်ခဲ့တဲ့လူတစ်ယောက်ပဲ။ တော်ဝင်ပညာရှင်အဆင့်တောင် မဟုတ်ဘူး။ ဒါက တကယ်ရယ်ရတာပဲ"
မိုဟက်မှာ ထိုစာတမ်းကို ချက်ချင်းပယ်ချရန် ပြင်လိုက်သည်။ တတိယအဆင့်တက္ကသိုလ်တစ်ခုနှင့် တတိယအဆင့်ပညာရှင်တစ်ယောက်က တစ်ကမ္ဘာလုံးကို နှစ်တစ်ရာတိုင်အောင် ဦးနှောက်ခြောက်စေခဲ့သည့် ပြဿနာတစ်ခုကို ဖြေရှင်းနိုင်မှာတဲ့လား။ ဒါကြီးက မရယ်ရဘူးလား?
သို့သော် နောက်ဆက်တွဲပါရှိသည့် ယုတ္တိဗေဒအတည်ပြုချက်နှင့် မြောက်များလှစွာသော အချက်အလက်များကို မြင်သောအခါ ဤစာရေးသူ၏အတွေးရထားက သူကိုယ်တိုင်ပင် နားလည်နိုင်လောက်အောင် ရှင်းလင်းလှကြောင်း သဘောပေါက်လိုက်လေသည်။
ကမ္ဘာ့အဆင့်မီဂျာနယ်တစ်ခု၏ အယ်ဒီတာတစ်ယောက်အနေနှင့် မိုဟက်ကိုယ်တိုင်လည်း ပညာရေးနယ်ပယ်တွင် အလုပ်လုပ်ခဲ့ဖူးသည်။ သို့သော် ဘာသာရပ်များနှင့် ခေါင်းစဉ်များကြားရှိ ကွဲပြားခြားနားချက်မှာ အလွန်ကျယ်ပြန့်လွန်းလှသည်။ သူ့တွင် သိပ္ပံဗဟုသုတတချို့ရှိသော်ငြား သာမန်အခြေအနေမျိုးတွင် ဤစာတမ်းများကို နားလည်ဖို့ မဖြစ်နိုင်ပေ။ သို့သော် ဤစာတမ်းကတော့ အလွန်ရှင်းလင်းလှချေသည်။
စိတ်လှုပ်ရှားမှုကြောင့် သူ့လက်ထဲရှိ အလုပ်များကို ချက်ချင်းချထားလိုက်ပြီး ဤစာတမ်းကို စေ့စေ့စပ်စပ်ပြန်လည်သုံးသပ်ပါတော့သည်။ တစ်ချိန်တည်းမှာပင် ဖြည့်စွက်ကုန်ကြမ်းပစ္စည်းအမြောက်အများနှင့်လည်း တိုက်စစ်ခဲ့သေးသည်။ အနည်းဆုံးတော့ ဤဆောင်းပါးထဲတွင် သူ နားလည်နိုင်သည့် သာမန်အမှားမျိုး တစ်ခုမှမရှိပေ။ ဤစာတမ်းကား အလွန်ပြီးပြည့်စုံလှသည်။ အချက်အလက်များကိုသာ လိမ်လည်ထားခြင်းမရှိပါက ဤကောက်ချက်မှာ အလွန်ယုံကြည်ချင်စရာကောင်းလှသည်။
"မဖြစ်ဘူး။ ဒါကို သုံးသပ်သူတွေဆီကို ချက်ချင်းပို့ရမယ်"
ဤသည်မှာ ထူးခြားလှသော စာတမ်းတစ်ခုဖြစ်ကြောင်း မိုဟက်၏မသိိစိတ်က ပြောနေလေသည်။ ကောက်ချက်ချမှုက မှားနေခဲ့လျှင်ပင် အတည်ပြုခြင်းလုပ်ငန်းစဉ်ကသာ ထိုက်တန်မှုရှိပါက ဤစာတမ်းကို ဂျာနယ်ထဲတွင် ထုတ်ဝေရန် မဖြစ်နိုင်စရာမရှိချေ။
ဤသက်သေပြချက်ကသာ မှန်ကန်ခဲ့ပါက..
မိုဟက်၏အသက်ရှူသံများမှာ မြန်ဆန်လာခေသည်။ ထိုသို့ဆိုလျှင် ဤစာတမ်းမှာ ရူပဗေဒနိုဘယ်ဆုကို ရနိုင်ခြေရှိပြီး အကယ်၍ ဤစာတမ်းကို ကိုင်တွယ်ပေးသော အယ်ဒီတာကသာ သူဖြစ်နေပါက ဤအောင်မြင်မှုကိုအခြေပြု၍ နောက်နှစ်ထဲတွင် အယ်ဒီတာချုပ်အဖြစ် ရာထူးတိုးနိုင်ပေလိမ့်မည်။
သဘာဝဂျာနယ်၏ အယ်ဒီတာချုပ်ရာထူးမှာ သာမန်ပညာရှင်များ အိပ်မက်ပင်မမက်ရဲသော ရာထူးတစ်ခုဖြစ်ပြီး ၎င်း၏အဆင့်အတန်းမှာ သာမန်ပါမောက္ခတစ်ယောက်ထက် ပိုမြင့်မားလေသည်။
ဤစာတမ်းကို အသေးစိတ်ဖတ်ရှုနိုင်ရန်အတွက် သူနှင့်ရင်းနှီးသော ပညာရှင်အချို့ကို အီးမေးလ်တစ်စောင် ချက်ချင်းပို့လိုက်သည်။
ပုံမှန်ဆိုလျှင် ဤပညာရှင်များမှာ ပြန်လည်သုံးသပ်ရာတွင် နှေးဖင့်တတ်ကြပြီး ရလဒ်ကို တစ်လနှစ်လအတွင်း ပြန်ပေးပါက အလွန်ထိရောက်သည်ဟု ယူဆနိုင်သည်။
သို့သော် တတိယမြောက်နေ့မှာပင် အင်္ဂလန်တော်ဝင်တက္ကသိုလ်မှ ပါမောက္ခတစ်ယောက်က မိုဟက်ထံသို့ ဖုန်းဆက်လာသည်။
"ပါမောက္ခပရစ်ဒ်.. ခင်ဗျား အဲဒီစာတမ်းကို ဖတ်ပြီးပြီလား"
မိုဟက်က သတိကြီးကြီးထား၍ မေးလိုက်လေသည်။
"အင်း"
ပါမောက္ခ၏စိတ်အခြေအနေက တစ်စုံတစ်ရာထူးဆန်းနေကြောင်း မိုဟက် အတပ်သိလိုက်သည်။
"ပါမောက္ခ ဘာဖြစ်လို့လဲ။ အဲဒီစာတမ်းမှာ ပြဿနာတစ်ခုခုရှိလို့လား"
မိုဟက်က ဆက်မေးလိုက်လေသည်။ အကယ်၍ အရည်အသွေးက အလွန်ညံ့ဖျင်းနေခဲ့ပါက ပါမောက္ခများအတွက် အချိန်ကုန်ရုံသာရှိသဖြင့် သူတို့အနေနှင့် အလွန်ဒေါသထွက်ကြမည်မှာ ကျိန်းသေသည်။
ငါ အထင်မှားသွားတာများလား?
မိုဟက်ခမျာ သူ့ကိုယ်သူ သံသယဝင်နေမိတော့သည်။
"မစ္စတာမိုဟက်"
ပရစ်ဒ်ဟုခေါ်သော ပါမောက္ခက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ဒါက ၂၁ရာစုအစောပိုင်းအတွင်း လူသားတွေစွမ်းဆောင်နိုင်ခဲ့တဲ့ အကြီးကျယ်ဆုံးရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်"
****************