ဟွာရှားဖိုင်နယ်ပွဲမှာ တွေ့ကြမယ်
Vol. 35 Ch. 514
"ပါမောက္ခ ခင်ဗျားပြောချင်တာက.."
မိုဟက်၏နှလုံးခုန်သံမှာ အပြင်းအထန်ခုန်လှုပ်နေလေတော့သည်။
သာမန်ကာလျှံကာရွေးလိုက်သည့် ဆောင်းပါးတစ်ပုဒ်က ဂန္တဝင်အဆင့်သို့ တက်လှမ်းနိုင်သော ဆောင်းပါးတစ်ပုဒ်ဖြစ်နေသည်တဲ့လား။ ဤကံကောင်းမှုကြီးက သူ့ဆီသို့ ကျရောက်လာလေသလား။
"ဒီဆောင်းပါးရဲ့စာရေးသူက အရမ်းတော်တာပဲ"
ပါမောက္ခပရစ်ဒ်က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလာလေသည်။
"ဒီလောက်ရှုပ်ထွေးတဲ့ နိယာမတွေကို အခြေခံသိပ္ပံနဲ့တင် ရှင်းပြနိုင်တဲ့လူတစ်ယောက်ရှိတယ်ဆိုတာ ငါ ယုံတောင်မယုံနိုင်ဘူး။ ဒါက သိပ္ပံစာတမ်းတစ်ခုမဟုတ်ဘူး။ ဒါက စာပေလက်ရာတစ်ခုပဲ"
"အထဲက အချက်အလက်တွေက.."
"အချက်အလက်တွေအကုန်လုံးကို အတည်မပြုရသေးပေမဲ့ ငါ့အဆက်အသွယ်တွေကို အသုံးချပြီး အာကာသနောက်ခံဓာတ်ရောင်ခြည်အချက်အလက်တွေကို တိုင်းတာဖို့အတွက် နိုင်ငံတော်လေ့လာစူးစမ်းရေးစခန်းကို အကူအညီတောင်းခဲ့တယ်။ ဒီစာတမ်းထဲက လေ့လာတွေ့ရှိချက်နဲ့ တစ်သန်းပုံပုံရင် တစ်ပုံလေးတောင် မကွာဘူး။ အမှောင်ဒြပ်ထုကို ဖမ်းယူဖို့အတွက် အလင်းထောင်ချောက်ကိုတောင် ပြန်လည်ထုတ်လုပ်ခဲ့သေးတယ်။ အမှောင်ဒြပ်ထုက ငါတို့ အရင်က တစ်ခါမှမတွေ့ဖူးတဲ့ ပမာဏနည်းပါးတဲ့အမှုန်တစ်မျိုးဆိုတာ အမှန်ပဲ"
"ဒီဆောင်းပါးက အမှောင်ဒြပ်ထုရဲ့တည်ရှိမှုကို တကယ်သက်သေပြထားတယ်လို့ ပြောချင်တာလား"
"ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာတယ်။ ကျန်တဲ့အချက်အလက်တွေကိုတော့ ငါ အတည်ပြုဖို့လိုသေးတယ်"
ပရစ်ဒ်က ပြောလိုက်၏။
"ဒါက ဘယ်သူ့စာတမ်းလဲ။ ဥရောပရူပဗေဒအသိုင်းအဝိုင်းထဲက ပါမောက္ခဂျင်းစ်လား။ ငါသိသလောက်ဆိုရင် သူ့ရဲ့ဓာတ်ခွဲခန်းတစ်ခုတည်းကပဲ ဒီနယ်ပယ်မှာ နက်နဲတဲ့ကျွမ်းကျင်မှုမျိုးရှိတာ။ ဒီလိုအောင်မြင်မှုရလဒ်မျိုး ထုတ်နိုင်တဲ့သူသာရှိမယ်ဆိုရင် သူပဲဖြစ်လိမ့်မယ်ထင်တယ်"
"မဟုတ်ပါဘူး"
မိုဟက်က ပြောလိုက်၏။
"ဒီစာတမ်းကို ဟွာရှားနိုင်ငံက တတိယအဆင့်တက္ကသိုလ်တစ်ခုက တင်သွင်းခဲ့တာပါ"
"ဘာ?"
"ယုံရခက်တယ်မလား"
မိုဟက်က ဆက်ပြောပြန်သည်။
"ဟိုနေ့တုန်းက ကျွန်တော် အဲဒီတက္ကသိုလ်ကို ရှာကြည့်လိုက်သေးတယ်။ တော်တော်သာမန်ဆန်တယ်။ ဒါပေမဲ့ မနှစ်တုန်းက သိသိသာသာပြောင်းလဲသွားခဲ့တယ်တဲ့။ သူတို့က ကမ္ဘာ့အဆင့်မီအလိုအလျောက်ဓာတ်ခွဲခန်းတစ်ခုကိုတောင် ဆောက်ခဲ့သေးတယ်။ သူတို့ရဲ့ကိရိယာတွေက ဥရောပရဲ့တော်ဝင်ရူပဗေဒအသိုင်းအဝိုင်းကိုတောင် ယှဉ်နိုင်တယ်"
"ဟွာရှားနိုင်ငံက ဒီလိုဓာတ်ခွဲခန်းတစ်ခုကို ဆောက်ဖို့အတွက် တတိယအဆင့်တက္ကသိုလ်တစ်ခုကို ရန်ပုံငွေထောက်ပံ့ပေးခဲ့တယ်ပေါ့"
"မဟုတ်ပါဘူး။ ကျွန်တော် သိသလောက်ဆိုရင် ဟွာရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အချမ်းသာဆုံးလူ ကျန်းမုန့်လောင်က ဒီကျောင်းကို ထောက်ပံ့ပေးထားတာပါ။ ကြည့်ရတာတော့ သူက ဓာတ်ခွဲခန်းတစ်ခန်းဆောက်နိုင်လောက်တဲ့အထိ အလှူငွေအများကြီး ထောက်ပံ့ပေးထားပုံပဲ"
"ပြီးတော့ ယုံချင်ယုံမယုံချင်နေ"
မိုဟက်က ထပ်ဖြည့်ပြောလိုက်၏။
"အဲဒီကျန်းမုန့်လောင်က ဒီစာတမ်းရဲ့စာရေးသူတွေထဲက တစ်ယောက်နော်။ အဲဒါတောင် အဓိကစာရေးသူတဲ့"
"ဘုရားရေ.. သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲဟ"
...
မိုဟက်က ထိုစာတမ်းကို သုံးသပ်သူငါးယောက်ထံသို့ ပေးပို့လိုက်သည်။ နောက်နှစ်ရက်အတွင်းမှာပင် ထိုသုံးသပ်သူများက တစ်ယောက်ပြီးတစ်ယောက် သူ့ထံသို့ ဖုန်းဆက်လာသည်။
ပုံမှန်ဆိုလျှင် ဤအယ်ဒီတာများနှင့် သုံးသပ်သူများမှာ အီးမေးမှတစ်ဆင့် ဆက်သွယ်လေ့ရှိကြရာ သူတို့ကိုယ်တိုင် ဖုန်းဆက်လာခြင်းမှာ သူတို့အနေနှင့် ဤကိစ္စကို မည်မျှအလေးထားကြောင်း ညွှန်ပြနေပေသည်။
အစတုန်းကတော့ ထိုပါမောက္ခများလည်း သိချင်စိတ်ဖြင့်သာ ဖတ်ကြည့်ခဲ့ကြသည်။ သို့သော် ဆက်ဖတ်နေရင်း ကမ္ဘာသစ်တစ်ခု၏တံခါးကို ဖွင့်လိုက်မိကြောင်း သိလိုက်ရသည်။ ဤဟွာရှားလူမျိုးက စင်စစ် အံ့ဩဖွယ်ကောင်းလှသည်။ သူသည် နှစ်ပေါင်းတစ်ရာတိုင်အောင် ရူပဗေဒလောကတစ်ခုလုံးကို ဒုက္ခပေးနေသော ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့သည်။
အမှုန်ခွဲခြားစိတ်ဖြာစက်မှ အချက်အလက်များကလွဲ၍ ကျန်အချက်အလက်များအားလုံးကို ဓာတ်ခွဲခန်းထဲတွင် ပြန်ဆန်းစစ်နိုင်ခဲ့သည်။ ဤသဘောမှာ ဤအချက်အလက်များမှာ စစ်မှန်ပြီး တရားဝင်သည်ဖြစ်ရာ အတုလုပ်ထားခြင်းမဟုတ်ကြောင်း ပေါ်လွင်နေသည်။
ဤအချက်ကပင် ဤစာတမ်းက စကြဝဠာထဲရှိ အမှောင်ဒြပ်ထု၏ တည်ရှိမှုကို သက်သေပြထားကြောင်း အတည်ပြုလိုက်နိုင်ခြင်းပင်။
"မိုဟက်..ဒီစာရေဂသူက ဂျာနယ်တစ်ခုထက်မက ပို့ထားမယ်လို့ ငါထင်တယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မင်း အဲဒီဟွာရှားလူမျိုး ဒီစာတမ်းကို သဘာဝဂျာနယ်မှာပဲ ထုတ်ဝေအောင် သိမ်းသွင်းရမယ်။ ငါတို့ ဒီသိပ္ပံသုတေသနကို လက်လွှတ်ခံလို့မဖြစ်ဘူး"
ဤသတင်းကိုကြားလိုက်ရသည်နှင့် အယ်ဒီတာချုပ်က မိုဟက်ကို ရာဇသံပေးလိုက်သည်။
"ငါက နောက်နှစ်ကျရင် အငြိမ်းစားယူတော့မှာ"
အယ်ဒီတာချုပ်က ဆိုလာလေသည်။
"မင်းသာ ဒီဆောင်းပါးကို အရယူနိုင်ခဲ့မယ်ဆိုရင် ငါ မင်းကို နောက်လာမဲ့ အယ်ဒီတာချုပ်အနေနဲ့ ထောက်ခံပေးမယ်။ မဟုတ်သေးဘူး။ ငါ မထောက်ခံပေးဘူးဆိုရင်တောင် ဒီလိုအောင်မြင်မှုမျိုးရထားမှတော့ မင်းက အယ်ဒီတာချုပ်ရာထူးကို ရမှာသေချာတယ်။ မင်းသိတယ်မလား။ ဒီဆောင်းပါးက နိုဘယ်ဆုရနိုင်ခြေများတယ်"
ဤသတင်းကို ကြားလိုက်ရချိန်ဝယ် အချိန်ကွာခြားချက်သာ မရှိပါက သူလည်း ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ချက်ချင်းဖုန်းဆက်မိမည်သာ။
"မိုဟက်.. မင်းတော့ ကံကောင်းတာပဲ။ မင်း ဒီလောက်ကံကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ဂါမက်စ်က မိုဟက်ကို အားကျမှုအပြည့်ဖြင့် ကြည့်လိုက်မိသည်။ အယ်ဒီတာများက စာတမ်းစစ်ဆေးရန် အချိန်ဇယားဆွဲဖို့ မေးလ်ပို့ရသည့်အခါ သူတို့က ထိုဆောင်းပါးကို တာဝန်ယူသည့် အယ်ဒီတာအဖြစ် သတ်မှတ်ခံရလေ့ရှိ၏။ ဤသည်မှာ တရားဝင်လုပ်ထုံးလုပ်နည်းတစ်ခု မဟုတ်သော်လည်း ထုတ်ဝေရေးလုပ်ငန်းတွင် တိတ်တဆိတ်အသိအမှတ်ပြုထားသော စည်းမျဉ်းတစ်ခုပင်။
ထိုဆောင်းပါးကို မည်သူကမှ မိုဟက်ထံမှ လုယူ၍မရနိုင်တော့သဖြင့် အခြားလူများမှာ သူ့ကို မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်နေရုံသာ တတ်နိုင်လေသည်။
"ဟားဟားဟား ဂါမက်စ်.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက စာတမ်းကို မြန်မြန်စစ်ဆေးပေးဖို့ လူတစ်ယောက်က ဖုန်းဆက်ခဲ့တယ်မလား။ တစ်နေ့နေ့ကျရင် သူက နိုဘယ်ဆုရှင်တစ်ယောက် ဖြစ်ချင်ဖြစ်လာတော့မှာ"
မိုဟက်က စနောက်လိုက်သည်။
"ငါ့က ဒီလောက်ကံကောင်းနိုင်ပါ့မလား"
ဂါမက်စ်က ထိုသို့ပြောရင်း ထိုဖုန်းခေါ်ဆိုမှုကို ရှာဖွေရန်အတွက် သူ့ဖုန်းကို လှန်လှောကြည့်ရှုလေတော့သည်။
အယ်ဒီတာရုံးခန်း၏ အရင်းအမြစ်များကို အသုံးပြုပြီး ထိုဖုန်းခေါ်မှု၏ အရင်းအမြစ်ကို ခြေရာခံကြည့်လိုက်လေရာ ဟွာရှားနိုင်ငံထဲရှိ ကျန်းနန်မြို့မှ ဖုန်းခေါ်ဆိုထားကြောင်း သိလိုက်ရဿည်။
ဖုန်းခေါ်ဆိုသူ၏အမည်ကို ဂါမက်စ် မသိသလို သူ့စာတမ်း၏ခေါင်းစဉ်ကိုလည်း မသိပေ။ ထို့ကြောင့် ထိုလိပ်စာကို သူတို့၏ဒေတာဘေ့စ်ထဲတွင် ရိုက်ထည့်၍ မရေမရာရှာဖွေကြည့်ခဲ့သည်။ ထွက်လာသော ရလဒ်များမှာ ထိုနေ့မနက် ဖုန်းခေါ်ဆိုမှုမဝင်လာခင်တုန်းက ဤမြို့မှ ပေးပို့ထားသော စာတမ်းနှစ်စောင်သာရှိကြောင်း တွေ့လိုက်ရသည်။
တစ်ခုက ကျန်းနန်စက်မှုတက္ကသိုလ်မှဖြစ်ပြီး ကျန်တစ်ခုကတော့ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကပင်။
ဂါမက်စ်ခမျာ ထိုနေရာမှာပင် ကြက်သေသေသွားလေသည်။
ထိုနေ့မနက်တုန်းက ဖုန်းခေါ်ခဲ့သူမှာ အမှောင်ဒြပ်ထုတည်ရှိကြောင်း သက်သေပြခဲ့သည့် စာတမ်းရှင်များလား။
"ဂါမက်စ် မင်းဘာဖြစ်တာလဲ"
မိုဟက်က ဂါမက်စ်၏ တုံးအအအမူအရာကို ကြည့်ရင်း မေးလိုက်၏။
"ငါမှန်းတာ မှန်သွားတယ်လို့တော့ မပြောနဲ့နော်"
ဂါမက်စ်လည်း ထိုအချက်အလက်များကိုသုံးပြီး ဖုန်းပြန်ခေါ်လိုက်သည်။ ဖုန်းကိုင်လာသူကား ထိုအချိန်တုန်းက ဖုန်းဆက်ခဲ့သည့် လူငယ်လေးပင်။
"ဆရာ..ခင်ဗျားက 'အမှောင်ဒြပ်ထု၏တည်ရှိမှုကို သက်သေပြမည့် အလင်းထောင်ချောက်နည်းလမ်း'ဆိုတဲ့စာတမ်းရဲ့ စာရေးသူများလား"
"ဟုတ်ပါတယ်။ ကျွန်တော်ပါ"
ကျန်းမုန့်လောင်က ဖုန်းတစ်ဖက်ရှိ အယ်ဒီတာကို စူးစူးရှရှဖောက်မြင်နေရသည့်အလားပင်။
"ဘာကိစ္စရှိလို့လဲ"
"ဘာ..ဘာရယ်မဟုတ်ပါဘူး။ ခင်ဗျားရဲ့စာတမ်းက ကနဦးသုံးသပ်မှုအဆင့်ကို အောင်မြင်သွားပြီလို့ ပြောချင်လို့ပါ"
ထိုအခိုက်ဝယ် ဂါမက်စ်ခမျာ မျက်ရည်ကျလုနီးပါးပင်။
မဆီမဆိုင်နိုင်လှသော သူ၏ယုံကြည်မှုလွန်ကဲခြင်းက နိုဘယ်ဆုရနိုင်သည့် စာတမ်းတစ်စောင်နှင့် လွဲချော်သွားစေခဲ့သည်။
"အိုး..အောင်သွားတယ်ဆိုတော့လည်း အောင်သွားတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကလည်း ခင်ဗျားတို့နဲ့ စာချုပ်ချုပ်ဖို့ အစီအစဉ်မရှိတော့ပါဘူး"
လျှပ်တစ်ပြက်အတွင်းမှာပင် ဂါမက်စ်ခမျာ နှလုံးသားတစ်ခုလုံး ပြာကျသွားသလို ခံစားလိုက်ရသည်။
"ဂါမက်စ်?"
မိုဟက်က ဂါမက်စ်၏မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းလိုက်၏။
"မိုဟက်.. ငါ အမှားလုပ်မိသွားပြီ"
ဂါမက်စ်၏လက်များမှာ တုန်ယင်နေချေသည်။
"ဟိုနေ့တုန်းက ငါ့ကိုဖုန်းဆက်တဲ့လူက ဒီစာတမ်းပိုင်ရှင်ပဲ"
"မင်း ဘာတွေပြောနေတာလဲ"
မိုဟက်ခမျာ မိုက်ခနဲဖြစ်သွားရလေသည်။
ထိုနေ့တုန်းက ဂါမက်စ်တစ်ယောက် ထိုဆောင်းပါးရှင်ကို မည်သို့ပြောဆိုခဲ့ကြောင်း သူသိသည်။ သူက ထိုလူ့ကို လှောင်ပြောင်ခဲ့သည့်အပြင် နေ့စဉ်နေ့တိုင်း နိုဘယ်ဆုရှင်အယောက်တစ်ရာထံမှ ဖုန်းလက်ခံဖြေကြားနေရကြောင်းပါ ပြောခဲ့သည်။
သို့သော် ဖုန်းခေါ်ဆိုသူမှာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။ သူတို့ကတော့ ထိုပုဂ္ဂိုလ်ကို စော်ကားမိခဲ့ကြသည်။
အကယ်၍ ဤအကြောင်းပြချက်ကြောင့် စာရေးသူက သူတို့မဂ္ဂဇင်းနှင့် စာချုပ်မချုပ်ရန် ဆုံးဖြတ်ချက်ချလိုက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ သည်းမခံနိုင်စရာပင်။
သူတို့ အလုပ်ပြုတ်မပြုတ်ဆိုတာကို အသာထား။ ထုတ်ဝေရေးလောကနှင့် သိပ္ပံအသိုင်းအဝိုင်းတစ်ခုလုံးတွင် လူဟားစရာဖြစ်လာမည်မှာ ကျိန်းသေပင်။
နိုဘယ်ဆုရှင်တစ်ယောက်ကို ငြင်းပယ်ခဲ့ခြင်းမှာ သမိုင်းစာအုပ်များထဲမှာပင် မှတ်တမ်းတင်ခံရနိုင်သည်။ သူတို့အနေနှင့် ထိုကဲ့သို့သော အရှက်ကွဲမှုမျိုးကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
"ဂါမက်စ်.. မင်း စာချုပ်မချုပ်နိုင်လို့ကတော့ နှုတ်ထွက်ဖို့သာပြင်ထား"
မိုဟက်က အယ်ဒီတာချုပ်ကို ဖုန်းဆက်လိုက်သည်။
"အယ်ဒီတာချုပ်.. ကျွန်တော် ခွင့်ယူမှဖြစ်မယ်။ ဟွာရှားကို သွားလိုက်ပါဦးမယ်။ တောင်းပန်ရမယ်ဆိုရင်တောင် ဒီဆောင်းပါးကို ကျွန်တော်တို့နဲ့ ထုတ်ဝေဖို့အတွက် သူ့ကို ဖျောင်းဖျမှဖြစ်မယ်"
...
တစ်ရက်တည်းမှာပင် ကျန်းမုန့်လောင် စာတမ်းတင်သွင်းခဲ့သော အခြားမဂ္ဂဇင်းများကလည်း သူတို့၏သုံးသပ်သူများထံမှ အကြောင်းပြန်စာများ ရရှိခဲ့ကြပြီး သူတို့၏ရှာဖွေတွေ့ရှိချက်မှာ အံ့ဩဖို့ကောင်းလောက်အောင်ပင် ထပ်တူညီနေပေသည်။
"ဘာ? ပညာရှင်၁၂ယောက်စလုံးက ဒီစာတမ်းကို အတည်ပြုပေးလိုက်တယ်တဲ့လား"
"မင်း ဘာပြောလိုက်တာလဲ။ ဒီအချက်အလက်အများစုကို စမ်းသပ်စစ်ဆေးပြီး ပြန်ထုတ်လုပ်နိုင်တယ် ဟုတ်လား"
"ဂျင်းစ်ကိုယ်တိုင် ဒီဆောင်းပါးကို ထောက်ခံပေးထားတာလား"
...
"သွား! ဟွာရှားကို သွားပေတော့။ ဒီည လေယာဉ်နဲ့ထွက်ကြမယ်"
"မင်း ဘယ်လိုလုပ်မယ်ဆိုတာ ငါဂရုမစိုက်ဘူး။ မနက်ဖြန်မနက်ကျရင် ရေကူးပြီးသွားရမယ်ဆိုရင်တောင် ဟွာရှားကို အရောက်သွားမှဖြစ်မယ်"
"အိုး? သဘာဝနဲ့ ရူပဗေဒမဂ္ဂဇင်းက အယ်ဒီတာတွေကလည်း သွားမှာတဲ့လား။ ဒါဆိုလည်း ကောင်းပြီလေ။ ဟွာရှားနိုင်ငံရဲ့ နောက်ဆုံးပွဲစဉ်မှာ တွေ့ကြတာပေါ့"
*****************