နိုဘယ်ဆုလေးတစ်ခုပဲ မဟုတ်လား
Vol. 35 Ch. 515
"ပါမောက္ခတင်း.. ကျွန်တော် ဒီပရောဂျက်ကို ခင်ဗျားရဲ့အဖွဲ့ဆီမှာ တာဝန်ပေးလိုက်ပြီနော်။ ခင်ဗျားမှာ မေးစရာတစ်ခုခုရှိရင် ကျွန်တော့်ကို အချိန်မရွေးမေးလို့ရပါတယ်"
"ပါမောက္ခလျို.. ဒီပရောဂျက်က ခင်ဗျားရဲ့သုတေသနနယ်ပယ်နဲ့ ကွက်တိပဲ။ ကျုပ် လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို ဒီဖိုင်ထဲမှာ ထည့်ပေးထားပြီးပြီ။ အစပိုင်းမှာ နားလည်ရခက်ပေမဲ့ ဆက်ကြိုးစားသွားကြတာပေါ့"
...
ထိုနေ့တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ပါမောက္ခများအားလုံးမှာ ကျောင်း၏သုတေသနဌာနတွင် စုဝေးခဲ့ကြသည်။ ပါမောက္ခနှင့် တွဲဖက်ပါမောက္ခများမှာ ကျန်းမုန့်လောင်က လုပ်ငန်းတာဝန်များ ခွဲဝေပေးနေတာကို ကျောင်းသားများအလား နားထောင်နေကြသည်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် တော်ဝင်ပညာရှင်တစ်ယောက်မှ မရှိသေးသော်လည်း ယန်ဇီပညာရှင်၊ လူငယ်စီမံကိန်း၊ ပါရမီရှင်တစ်ထောင်စီမံကိန်း၊ ပါရမီရှင်တစ်ရာစီမံကိန်းထဲတွင် ပါဝင်ခဲ့ကြသော ပညာရှင်များစွာရှိ၏။
"မေးစရာရှိရင် အချိန်မရွေးမေးလို့ရပါတယ်"
ဤစကားမှာ သူတို့၏ကျောင်းသားများကို ပြောနေကျစကားတစ်ခွန်းပင်။ သို့သော် အခြားတစ်ယောက်က သူတို့အား သင်ကြားပြသပေးနိုင်ခဲ့သည်မှာ ဘယ်တုန်းက ရှိခဲ့ဖူးလေသလဲ။
သို့သော် သူတို့ခမျာ ကြက်ပေါက်လေးများအလား ကျိုးနွံစွာ နားထောင်ခဲ့ကြသည်။ ပါမောက္ခတချို့ဆိုလျှင် နှစ်ပေါင်းများစွာကြိုးစားခဲ့ပါသော်ငြား နိုင်ငံတော်ပရောဂျက်တစ်ခုကိုမှ မမြင်ဖူးခဲ့ကြပေ။ သို့သော် ကျန်းမုန့်လောင်ကတော့ တစ်နှစ်အတွင်း ပရောဂျက်၁၅၈ခုကို စီမံခန့်ခွဲနိုင်ခဲ့သည်။ မည်သူကများ သူ့ကို မနာခံဘဲ နေရဲမည်နည်း။
ပိုက်ဆံပုံအောဖို့လား။ ဤသည်မှာ ပိုက်ဆံပေးရုံဖြင့် ဖြေရှင်းနိုင်သော ကိစ္စတစ်ခုမဟုတ်ပေ။ နိုင်ငံတော်ကလည်း ရန်ပုံငွေပြတ်လပ်မနေပေ။ အကယ်၍ ငွေကြောင့်သာဆိုပါက နောက်တစ်နေ့မှာပင် ဆိုရှယ်မီဒီယာတစ်ခုလုံး ပေါက်ကွဲသွားပေလိမ့်မည်။
အစတုန်းကတော့ တချို့က စက်ဆုပ်ရွံရှာဟန် ပြသခဲ့သော်လည်း ကျန်းမုန့်လောင်က သူတို့၏အသိဉာဏ်ထက်သာလွန်သော ခေါင်းစဉ်တစ်ခုကို လွယ်လင့်တကူခွဲခြမ်းစိတ်ဖြာပြလိုက်သောအခါ လူတိုင်း ပါးစပ်ပိတ်သွားကြသည်။
မသိနားမလည်မှုမှာ အပြစ်မဟုတ်ချေ။ မောက်မာမှုကသာ အပြစ်ဖြစ်၏။
ထို့ပြင် ယခုဆိုလျှင် လူတိုင်းတွင် တူညီသောပန်းတိုင်တစ်ခု ရှိနေကြလေပြီ။ တစ်လအကြာတွင် ကျင်းပမည့် အမျိုးသားသိပ္ပံသုတေသနရှေ့ဆောင်တက္ကသိုလ်ရွေးပွဲတွင် မြင်းနက်တစ်ကောင်အလား ပေါ်ထွက်ရန်နှင့် အံ့အားသင့်ဖွယ်ကောင်းသော အောင်မြင်မှုကို အရယူရန်ပင်။ ဤသည်မှာ နွေးထွေးဖွယ်ကောင်းသော အောင်မြင်မှုတစ်ခုပင်မဟုတ်လား။
"ကျန်းမုန့်လောင်.. ငါ မေးစရာတစ်ခုရှိတယ်"
ပါမောက္ခတစ်ယောက်က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ပြောလာလေသည်။
"ပြောပါ ပါမောက္ခကု"
"အခုလက်ရှိမှာ အင်တာနက်နဲ့ သိပ္ပံအသိုင်းအဝိုင်းက ငါတို့ကျောင်းကို အမြင်စောင်းနေကြတယ်။ ဒါက ငါတို့ကို တော်တော်ထိခိုက်နစ်နာစေတယ်။ ငါတို့ ဒီလောက်ပရောဂျက်တွေအများကြီးကို ယူထားတာက သင့်တော်ရဲ့လား"
"ဘာမှမသင့်တော်စရာမရှိပါဘူး"
ကျန်းမုန့်လောင် တဟားဟားရယ်လိုက်မိသည်။
"သူတို့က မနာလိုဖြစ်နေကြတာပါ။ သူတို့တွေသာ ယုံကြည်သွားကြရင် ပါးစပ်ပိတ်သွားပါလိမ့်မယ်"
"မင်းပြောသလောက်လည်း မလွယ်ဘူးကွ"
ပါမောက္ခကုက ဆိုလာလေသည်။
"အခုဆိုရင် ငါတို့မှာ အဆင့်မြင့်ကိရိယာတွေရှိနေပြီမို့ ဒီခေါင်းစဉ်တွေကို ကိုင်တွယ်ဖို့ ယုံကြည်မှုရှိတယ်ဆိုပေမဲ့ ရလဒ်ကိုထုတ်လုပ်ဖို့က ညတွင်းချင်းမဖြစ်နိုင်ဘူးနော်။ ငါတို့လူအိုကြီးတွေ တစ်နှစ်လောက် ပြင်းပြင်းထန်ထန်ဝေဖန်ခံရနိုင်တယ်။ ဒါကို လူတိုင်း ခံနိုင်ရည်ရှိမယ်မထင်ဘူး"
"စိတ်မပူပါနဲ့ ပါမောက္ခတု"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဒီကောလာဟလက ကြာကြာခံမှာမဟုတ်ပါဘူး။ အများဆုံးမှ ဆယ်ရက်ကနေ လဝက်အတွင်းမှာတင် ပျောက်သွားမှာပါ"
"အဲဒီလောက်တောင်မြန်လား"
"ကျွန်တော်တို့ ဒီနေ့ပဲ အဖြေရနိုင်လိမ့်မယ်ထင်တယ်"
ပါမောက္ခများအားလုံးမှာ နားမလည်နိုင်ဖြစ်သွားကြသည်။ ကျန်းမုန့်လောင်က လူထုဆက်ဆံရေးအတွက် ငွေထုတ်သုံးထားတာများလား?
"မင်္ဂလာပါ… ဒါက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ သုတေသနဌာနလားမသိဘူး"
ထိုအချိန်မှာပင် လွယ်အိတ်တစ်လုံးကို လွယ်ထားသည့် နိုင်ငံခြားသားတစ်ယောက်က အထဲသို့ ဝင်လာလေသည်။ ထိုအမျိုးသားက အနောက်တိုင်းသားတစ်ယောက်၏ အသွင်အပြင်မျိုးရှိပြီး အလွန်မချောသော်ငြား ယောကျ်ားပီသပေသည်။
"ဘာတွေဖြစ်နေတာလဲ။ ငါတို့က ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘဲ အရေးကြီးအစည်းအဝေးလုပ်မလို့ မဟုတ်ဘူးလား"
ဟန်ကျင်းယွီက သုတေသနဌာန၏ စာရင်းအင်းနှင့် ထိန်းသိမ်းရေးတာဝန်ခံပါမောက္ခကို ဆူပူလိုက်သည်။
"တောင်းပန်ပါတယ် ပါမောက္ခဟန်..သူက အတင်းဝင်လာတာမို့ ကျွန်မလည်း မတားလိုက်နိုင်ဘူး"
အမျိုးသမီးပါမောက္ခတစ်ယောက်က ဆိုလာလေသည်။ သူတို့၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကွာခြားမှုကြောင့် ထိုနိုင်ငံခြားသားကသာ အတင်းဝင်ရောက်လာပါက သူ(မ)အနေနှင့် အမှန်တကယ်မတားနိုင်လောက်ပေ။
"ကိစ္စမရှိပါဘူး။ မင်း ပြန်လို့ရပြီ"
ပါမောက္ခဟန်က ဒေါသတကြီး ပြောလိုက်သည်။
"တစ်ဆိတ်လောက်ပါ ဆရာ… ဘာများလိုအပ်လို့လဲ။ ဒီနေရာက ကျုပ်တို့ကျောင်းရဲ့သီးသန့်နေရာပါ။ တကယ်လို့ ခင်ဗျား အလည်အပတ်လာတာဆိုရင် တခြားနေရာကို သွားလိုက်ပါ"
ဟန်ကျင်းယွီက ဒေါသကိုမျိုသိပ်ထားရင်း ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ ကျွန်တော်က သိပ္ပံသုတေသနဌာနကို လာရှာတာပါ"
ထိုနိုင်ငံခြားက ဆိုလာလေသည်။
"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည်က မိုဟက်ပါ။ သဘာဝဂျာနယ်ရဲ့ အယ်ဒီတာတစ်ယောက်ပေါ့။ ကျွန်တော်က အမ်..မစ္စတာကျန်းမုန့်လောင်နဲ့ မစ္စတာဟန်ကျင်းယွီတို့ကို လာရှာတာပါ။ အဲဒီလူကြီးမင်းတွေများ ဒီမှာရှိလားမသိဘူး"
ထိုနိုင်ငံခြားသားက ဟွာရှားစကားကို မပီမသပြောလိုက်လေရာ ဟွာရှားယဉ်ကျေးမှုကို နားလည်ပြီး စိတ်ရင်းအမှန်ဖြင့် လေးစားကြောင်း ပေါ်လွင်စေသည်။
ဒေါသထွက်နေခဲ့သော ဟန်ကျင်းယွီပင် ထိုနိုင်ငံခြားသား၏ ကိုးရိုးကားရားနိုင်သော အပြုအမူကြောင့် အနည်းငယ်စိတ်ပျော့သွားသည်။ သို့သော် သဘာဝဂျာနယ်မှ အယ်ဒီတာဟု သိလိုက်ရသောအခါ ဟန်ကျင်းယွီအပါအဝင် ပါမောက္ခများအားလုံး အံ့ဩမှင်တက်သွားကြလေသည်။
"သဘာဝ"ဂျာနယ်နှင့်အတူ "သိပ္ပံ"နှင့် "ဆဲလ်"ဂျာနယ်များမှာ တစ်ကမ္ဘာလုံးတွင် ဂုဏ်သတင်းအကြီးမားဆုံး သိပ္ပံဂျာနယ်သုံးခုအဖြစ် သတ်မှတ်ခံထားရသည်။ ထိုဂျာနယ်ထဲတွင် ထုတ်ဝေခွင့်ရခြင်းမှာ လူသားများ၏ တိုးတက်ရေးအတွက် သိသာထင်ရှားသော ထောက်ပံ့မှုများ ပြုလုပ်နိုင်ခြင်းကို ဆိုလိုသည်။ ကမ္ဘာတစ်ဝှမ်းရှိ လူတိုင်းက ဤဂျာနယ်များထဲတွင် ဆောင်းပါးထုတ်ဝေလိုသော ဆန္ဒများရှိကြသည်။
သို့သော် 'သဘာဝ'ဂျာနယ်၏ လက်ခံနှုန်းက အလွန်နိမ့်လှသည်။ ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်က လွန်ခဲ့သည့်သုံးနှစ်အတွင်း သူတို့၏လက်အောက်ခံဂျာနယ်တစ်ခုတွင် စာတမ်းတစ်စောင်ကိုသာ ထုတ်ဝေနိုင်ခဲ့သည်။
ဤအောင်မြင်မှုများ ရှိထားသော်လည်း ဘွဲ့ရပြီးနောက် ထိုကျောင်းသားကို ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ပါမောက္ခတစ်ယောက်အဖြစ် ချက်ချင်းခန့်အပ်ခဲ့သည်။
အံ့ဩဖို့အကောင်းဆုံးအပိုင်းမှာ ဤတက္ကသိုလ်က သူ့ကို ဆက်မဆွဲထားနိုင်တော့ဘဲ နောက်ပိုင်းတွင် အခြားနာမည်ကြီးတက္ကသိုလ်တစ်ခုက သူ့ကို ပါမောက္ခအဖြစ် အထူးတလည်ခန့်အပ်ခဲ့သည်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ စံနှုန်းများအရ ဤအဆင့်ရှိသော ဆောင်းပါးကို ထုတ်ဝေနိုင်သူတိုင်း တက္ကသိုလ်မှချီးမြှင့်သော ငွေသား၁.၅သန်းကို ရရှိမည်ဖြစ်၏။
ဤအချက်က ဤဂျာနယ်၏ ဂုဏ်သတင်းကြီးမားမှုကို ပြသနေလေသည်။
ယနေ့တွင်မူ သဘာဝဂျာနယ်၏ အယ်ဒီတာကိုယ်တိုင် လာရောက်လည်ပတ်ခဲ့သည်။
ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ သူက စာတမ်းကိုတောင်းခံရန် ရောက်လာခြင်းလေလား။ လည်ပတ်ရန်အတွက် ရောက်လာခြင်းတော့ မဟုတ်ပေ။ သို့သော် အယ်ဒီတာတစ်ယောက်ကိုယ်တိုင် လာရောက်လည်ပတ်ရလောက်သည်အထိ အထင်ကြီးဖို့ကောင်းသော ပါမောက္ခတစ်ယောက်ယောက်က သူတို့ကျောင်းမှာ ရှိလေရဲ့လား။
ကျန်းမုန့်လောင်နှင့် ဟန်ကျင်းယွီတဲ့လား။
သူတို့ကသာ စာတမ်းတစ်စောင်တင်သွင်းခဲ့ပြီး လက်ခံလိုက်သည်ဆိုပါက မေးလ်ပို့ခြင်း သို့မဟုတ် ဖုန်းခေါ်ရုံမျှသာ လုပ်ပေလိမ့်မည်။
ဤစာတမ်းက သဘာဝဂျာနယ်တစ်ခုတည်းမှာသာ ထုတ်ဝေနိုင်ခြင်းမျိုးမဟုတ်ဘဲ သိသာထင်ရှားလှသော အောင်မြင်မှုတစ်ခု ရှိနေမှသာ ဖြစ်နိုင်သည်။
"ကျုပ်က ဟန်ကျင်းယွီပါ"
"ကျွန်တော်က ကျန်းမုန့်လောင်ပါ"
မိုဟက်ကို မြင်လိုက်ရချိန်ဝယ် ဤဧည့်သည်၏နောက်ခံကို ကျန်းမုန့်လောင် သိလိုက်သည်။
"အမှောင်ဒြပ်ထုစာတမ်းရဲ့ တာဝန်ခံက ဘယ်သူလဲလို့ မေးလို့ရမလား"
"အမှောင်ဒြပ်ထုလား"
"ဟန်ကျင်းယွီက ပေါ်လီမာကုန်ကြမ်းပစ္စည်းကို သုတေသနလုပ်နေတာမဟုတ်ဘူးလား။ ဘယ်တုန်းကများ အခြေခံရူပဗေဒကို လေ့လာလိုက်တာတုန်း"
"သူတို့က ဒါကို သုတေသနလုပ်ရဲကြတယ်ပေါ့။ တစ်ကမ္ဘာလုံးက ဒီဟာအတွက်နဲ့ နှစ်တစ်ရာလောက် ငွေကုန်ကြေးကျခံခဲ့တာတောင် ဘာမှမတွေ့ခဲ့ဘူး။ ဒါပေမဲ့ သူတို့ကတော့ စာတမ်းတစ်စောင် ထုတ်ဝေနိုင်ခဲ့တယ်ပေါ့"
ပါမောက္ခများမှာ အချင်းချင်းတီးတိုးပြောနေကြလေတော့သည်။
...
ဟန်ကျင်းယွီက ကျန်းမုန့်လောင်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူ့အနောက်သို့ ဆုတ်လိုက်သည်။ သူက နည်းပြဖြစ်သော်ငြား ပရောဂျက်စတင်ချိန်ကတည်းက စမ်းသပ်မှုမှသည် နောက်ဆုံးဆန်းစစ်မှုနှင့် စာတမ်းရေးသားမှူအထိ ကျန်းမုန့်လောင်ကသာ တာဝန်ယူခဲ့သည်။ ဟန်ကျင်းယွီက လက်ထောက်ရာထူးကိုသာ တာဝန်ယူခဲ့ခြင်းဖြစ်သဖြင့် နာမည်ကောင်းဝင်မယူရဲပေ။
"မစ္စတာကျန်း..ကျွန်တော်တို့မဂ္ဂဇင်းမှာ ဒီစာတမ်းကို ထုတ်ဝေဖို့အတွက် ဖိတ်ကြားချင်ပါတယ်။ ပြီးတော့ ခင်ဗျားဘက်က တောင်းဆိုစရာတစ်ခုခုရှိတယ်ဆိုရင် လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်"
ဤစကားကြောင့် လူတိုင်း ထိတ်လန့်ကုန်ကြသည်။ သဘာဝဂျာနယ်၏ အယ်ဒီတာက စာတမ်းတစ်စောင်ကို တောင်းခံရန်အတွက် ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့ပြီး မည်သည့်တောင်းဆိုမှုကိုမဆို လွတ်လပ်စွာလုပ်နိုင်ကြောင်း ပြောနေချေသည်။ သူတို့၏စာတမ်းက အဆင့်ဘယ်လောက်အထိ မြင့်နေလေသလဲ။
"ကျွန်တော်က ကျွန်တော့်ရဲ့စာတမ်းကို ခင်ဗျားတို့မဂ္ဂဇင်းမှာ ဘာလို့ထုတ်ဝေရမှာလဲ"
ကျန်းမုန့်လောင်က အေးတိအေးစက်ပြောလိုက်လေသည်။
"ခင်ဗျားတို့က သိပ်ကြီးကျယ်ခမ်းနားနေလို့လား"
သဘာဝဂျာနယ်က သိပ်ကြီးကျယ်ခမ်းနားနေလို့လားတဲ့?
ထိုပါမောက္ခများမှာ ကျန်းမုန့်လောင်ကို ပါးရိုက်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။ ဤသည်မှာ သဘာဝဂျာနယ်ပင်။ သူတို့ခက်ခက်ခဲခဲရေးသားပြုစုထားသော စာတမ်းများမှာ သုံးသပ်ခံရဖို့ပင် အရည်အချင်းမပြည့်မီပေ။ ဤသည်ကိုပင် ကျန်းမုန့်လောင်က သူတို့ကို သိပ်ကြီးကျယ်ခမ်းနားနေသလားဟု မေးခွန်းထုတ်ရဲသေးသည်။
သဘာဝဂျာနယ်တွင် စာတမ်းထုတ်ဝေနိုင်သော သာမန်ပါမောက္ခတစ်ယောက်က ဤအောင်မြင်မှုကိုအသုံးချ၍ တော်ဝင်ပညာရှင်တစ်ယောက် သို့မဟုတ် အနည်းငယ်သာနိမ့်သော ဂုဏ်ပုဒ်တစ်ခုကိုပင် လျှောက်ထားနိုင်သည်။
"မစ္စတာကျန်းယ..ကျွန်တော်တို့ရဲ့သဘာဝဂျာနယ်က တစ်ကမ္ဘာလုံးမှာ သြဇာအရှိဆုံးသိပ္ပံမဂ္ဂဇင်းတစ်ခုပါ"
"သြဇာအရှိဆုံးတွေထဲက တစ်ခုမလား"
ကျန်းမုန့်လောင်က မှတ်ချက်ပြုလိုက်၏။
"သိပ္ပံဂျာနယ်ကလည်း မဆိုးပါဘူး"
"မစ္စတာကျန်း.. ခင်ဗျားရဲ့စာတမ်းကို ကျွန်တော်တို့မဂ္ဂဇင်းမှာ ထုတ်ဝေမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဒီနှစ်အတွက် ရူပဗေဒနိုဘယ်ဆုစာရင်းထဲကို လျှောက်ထားပေးပြီး သုံးသပ်မှုကုန်ကျစရိတ်တွေအားလုံးကို အကုန်အကျခံပေးမှာပါ"
"နိုဘယ်ဆုတဲ့လား"
ပါမောက္ခများမှာ အစောတုန်းက အံ့သြရုံသာ အံ့သြခဲ့ခြင်းပင်။ ယခုမူ လုံးဝအကြောင်သားဖြစ်ကုန်ကြသည်။
နိုဘယ်ဆုတဲ့လား။
ထိုအတွေးမျိုးမှာ သူတို့အိပ်မက်ကိုပင် ကျော်လွန်သွားချေပြီ။ ထိုကဲ့သို့သောအိပ်မက်မျိုးကို မက်နိုင်ရန်အတွက် ဘယ်လိုအနေအထားမျိုးဖြင့် အိပ်စက်ရလေမလဲ။
သို့သော် ကျန်းမုန့်လောင်ကတော့ မတူမတန်သလို အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်လေသည်။
"ဟွန့်..နိုဘယ်ဆုလေးတစ်ခုပဲ မဟုတ်လား။ ကျုပ်က ဂရုစိုက်လိမ့်မယ်များ ထင်နေတာလား"
*****************