ခင်ဗျား ကျွန်တော့်ကို လာတောင်းပန်ရလိမ့်မယ်
Vol. 35 Ch. 512
"နိုဘယ်ဆုရဖို့အတွက် ဘယ်တီထွင်မှုကို သုံးသင့်လဲ..."
ကျန်းမုန့်လောင်၏ စကားများမှာ ဟန်ကျင်းယွီကို ဆွံ့အသွားစေသည်။ အခြားသုတေသီများက လက်ရှိလူသားသိပ္ပံပညာနယ်ပယ်များတွင် အနည်းငယ်မျှသော တိုးတက်မှုလေးကိုမျှော်လင့်ရင်း တစ်ဘဝလုံး ပင်ပင်ပန်းပန်း ကုန်ဆုံးခဲ့ကြရပြီး နိုဘယ်ဆုရခြင်းမှာ လူအများစု အိပ်မက်ပင်မမက်ရဲသော အရာပင်။
ကျန်းမုန့်လောင်ကတော့ နိုဘယ်ဆုကိုရယူရန် မည်သည့် တီထွင်မှုကို အသုံးပြုရမလဲဟုပင် စဉ်းစားနေသည်။ ဤသည်မှာ ဒေါသထွက်ချင်စရာကောင်းလှသည်မဟုတ်လား။
အကယ်၍ အခြားလူတစ်ယောက်သာဆိုပါက ဒေါသပေါက်ကွဲနေပေလိမ့်မည်။ ထိုသို့အဓိပ္ပာယ်မရှိလှသော အိပ်မက်မျိုးကို မက်နိုင်ရန်အတွက် ဘယ်လိုအနေအထားမျိုးနှင့် အိပ်စက်ရမလဲ။
သို့သော် ကျန်းမုန့်လောင်က ထိုသို့ပြောဆိုနိုင်သည့် အရည်အချင်းမျိုး အမှန်တကယ်ရှိနေပေသည်။ ဟွာရှားနိုင်ငံထံသို့ သူလွှဲပြောင်းပေးခဲ့သည့် နည်းပညာများ၊ ထိန်းချုပ်နျူကလီးယားပေါင်းစည်းမှု၊ ဆွဲငင်အားဆန့်ကျင်ကိရိယာများ၊ ကွေးညွတ်မောင်းနှင်စက်များစသည့် နည်းပညာများမှာ နိုဘယ်ဆုအတွက် အရည်အချင်းပြည့်မီသောအရာများပင်။
"သေစမ်း။ သူ့ဆီက အကြွားခံလိုက်ရပြန်ပြီ"
...
"ဒါက တော်တော်ဒုက္ခများတာပဲ။ ငါ ဘာရေးရမလဲ"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်၏ စာကြည့်တိုက်ထဲတွင် မတ်တတ်ရပ်ရင်း အပြိုင်ကမ္ဘာပေါင်းများစွာမှ ဉာဏ်ပညာနှင့် ယဉ်ကျေးမှု၏ပြယုဂ်များကို ကိုယ်စားပြုသည့် အဆုံးမဲ့စာအုပ်ပင်လယ်ကြီးကို စိုက်ကြည့်နေမိသည်။
ထိုစာအုပ်များထဲတွင် လက်ရှိလူသားအသိဉာဏ်ကို ပျက်စီးစေနိုင်သော စာကြောင်းများ ပါဝင်လေသည်။
"ဒါက တအားရိုးရှင်းနေလို့မဖြစ်ဘူး။ မဟုတ်ရင် သူတို့ကို တုန်လှုပ်သွားအောင် လုပ်နိုင်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်မှာ စိုးရိမ်ပူပန်နေလေသည်။
"ပြီးတော့ အရမ်းအဆင့်မြင့်လို့လည်း မဖြစ်သေးဘူး။ တကယ်လို့သာ ငါ အချိန်ခရီးသွားစက်တစ်ခုကို ဖန်တီးလိုက်မယ်ဆိုရင် လူတွေအများကြီး သေလောက်အောင်ထိတ်လန့်သွားနိုင်တယ်။ လက်ရှိနည်းပညာနဲ့ဆိုရင် ကမ္ဘာမြေပေါ်မှာ တစ်လအတွင်း ဖန်တီးနိုင်မှာလည်းမဟုတ်ဘူး"
"စိတ်အေးအေးထား..အခြေခံရူပဗေဒကိုပဲ ဆက်လုပ်ရအောင်!"
ခဏတာစဉ်းစားပြီးနောက် ကျန်းမုန့်လောင်လည်း အခြေခံ ရူပဗေဒပုစ္ဆာတစ်ခုကိုသာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ပထမအချက်အနေနှင့် ဤပုစ္ဆာများမှာ အများအားဖြင့် အလွန်အတွေ့အကြုံရင့်သော သုတေသနမျိုးကို လိုအပ်ပြီး လူသားများ၏ နားလည်နိုင်စွမ်းနှင့်လည်း သိပ်မဝေးလှချေ။
ဒုတိယအချက်အနေနှင့် ထိုအရာများမှာ ကောင်းမွန်စွာ သုတေသနပြုထားသော်လည်း အတည်ပြုထားခြင်း မရှိသေးသောကြောင့် အကယ်၍သာ အတည်ပြုနိုင်ခဲ့ပါက ကျန်းမုန့်လောင်တစ်ယောက် သူ့ဘွဲ့လွန်စာမေးပွဲတုန်းက နှစ်ပေါင်းနှစ်ရာကြာအောင် သင်္ချာပညာရှင်များကို ဒုက္ခပေးခဲ့သော သင်္ချာပုစ္ဆာတစ်ခုကို ဖြေရှင်းခဲ့စဉ်ကလိုမျိုး ပေါက်ကွဲသွားပေလိမ့်မည်။
"စကြဝဠာအမှောင်ဒြပ်ထု၏ အသေးစိတ်ရှင်းလင်းချက်"
ကျန်းမုန့်လောင်က စာအုပ်စင်ကို အသာအယာပုတ်လိုက်သည်။ ထို့နောက် ထိုစာအုပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များက သူ့ဟိုလိုဂရက်ဖစ်ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး အရည်အသွေးမြင့်အွန်လိုင်းဝတ္ထုတစ်ပုဒ်၏ စာလုံးအရေအတွက်နှင့်ပင် ယှဉ်ပြိုင်နိုင်လောက်အောင် စာလုံးရေပေါင်းနှစ်သန်းကျော် ရှိနေသည်ကို တွေ့လိုက်ရ၏။
အမှောင်ဒြပ်ထုကို ပထမဆုံးအကြိမ်အဖြစ် အယူအဆတစ်ခုဟု သတ်မှတ်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကြာခဲ့လေပြီ။ လူသားအမြောက်အများက ထိုတည်ရှိမှုကို အမျိုးမျိုးသော စမ်းသပ်မှုများဖြင့် သက်သေပြရန် ကြိုးစားခဲ့ကြသော်လည်း ယခုအချိန်အထိ တစ်ဦးတစ်ယောက်မှ မအောင်မြင်သေးပေ။
လက်ရှိသီအိုရီများအပေါ် အခြေခံ၍ လူသားတို့က အားနည်းစွာ အပြန်အလှန်သက်ရောက်သည့် ဒြပ်ထုအများအပြားပါဝင်သော အမှုန်များ၊ အက်စ်ဇီယွန်များနှင့် အမျိုးမျိုးသော ထူးဆန်းဝေါဟာရများနှင့်ပတ်သက်ပြီး အယူအဆအများကြီးကို တင်ပြခဲ့ကြသည်။
စမ်းသပ်မှုပေါင်းများစွာအရ အားနည်းစွာသက်ရောက်သော ဒြပ်တုများက လူသားတို့မှန်းဆထားသော "အအေးဒြပ်ထု"နှင့် ဆန့်ကျင်ဘက်ဖြစ်သော "အပူဒြပ်ထု"ပုံစံတစ်မျိုးဖြစ်ကြောင်း သက်သေပြနေပြီး အက်စ်ဇီယွန်များ၏ တည်ရှိမှုမှာ ယနေ့အထိတိုင် အတည်မပြုရသေးဘဲ လူသားများက ထိုအရာများ၏ ဝိသေသလက္ခဏာအချို့ကိုသာ အဆိုပြုနိုင်ခဲ့ကြသည်။
သို့သော် ကမ္ဘာမြေနှင့် ၉၉ရာခိုင်နှုန်းနီးပါး တူညီသော အခြားအပြိုင်ကမ္ဘာတွင်မူ လူသားများက လွန်ခဲ့သည့်၁၂ နှစ်ခန့်ကပင် အမှောင်ဒြပ်ထု၏ဖြစ်တည်မှုကို သက်သေပြနိုင်ခဲ့ကြသည်။
အမှန်စင်စစ်တွင် အမှောင်ဒြပ်ထုက အခြားဒြပ်ထုများ ပါဝင်သော အခြေခံအမှုန်အမျိုးအစားတစ်ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စမ်းသပ်ရေးနည်းလမ်းများကသာ မှန်ကန်သင့်လျော်ပါက ခေတ်မီနည်းပညာဖြင့် ထိုအရာ၏တည်ရှိမှုကို သက်သေပြနိုင်သည်။
နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် တီထွင်မှုများနှင့် နှိုင်းယှဉ်ပါက ဤသက်သေပြနည်းက လူသားများ ဤဖြစ်တည်မှုကို အတည်ပြုရာတွင် ကူညီပေးနိုင်သည်။
ထိုကိစ္စတွင် သိသာထင်ရှားသော စမ်းသပ်မှုပမာဏများစွာ ပါဝင်နေသည်။ ကျန်းမုန့်လောင်ခမျာ ထိုစာပေများကို နားလည်နိုင်ရန်အတွက် နာရီပေါင်းများစွာ အချိန်ယူပြီးနောက် အကူအညီတောင်းခံရန်အတွက် ဟန်ကျင်းယွီထံသို့ သွားရောက်ခဲ့သည်။
"မင်းက အမှောင်ဒြပ်ထုရဲ့တည်ရှိမှုကို သက်သေပြချင်တာလား"
ဤသတင်းကို ကြားသောအခါ ယန်ကျင်းယွီခမျာ ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။ သူ့အဓိကအသားပေးမှုမှာ ပေါ်လီမာကုန်ကြမ်းပစ္စည်းများဖြစ်သော်လည်း သူ့ယခင်အတန်းဖော်အချို့က နိုင်ငံတော်အဆင့် စွမ်းအင်မြင့်ရူပဗေဒဓာတ်ခွဲခန်းတွင် ထိုဘာသာရပ်ကို သီးခြားသုတေသန ပြုလုပ်နေကြသောကြောင့် အခြေခံရူပဗေဒသုတေသနနှင့် ပတ်သက်၍ သူ ကောင်းကောင်းသိသည်။
"ပါမောက္ခဟန်.. ဒီကိစ္စကို ကျွန်တော်တစ်ယောက်တည်းလုပ်ဖို့ နည်းနည်းခက်တယ်ဗျ။ အဲဒါကြောင့် လက်ရှိသုတေသနတွေကို ဆိုင်းငံ့ပြီး အချက်အလက်စောင့်ကြည့်ဖို့နဲ့ ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ ကူညီပေးဖို့အတွက် ခင်ဗျားရဲ့ကျောင်းသားတချို့ကို ငှားပေးလို့ရမလားလို့ မေးချင်တယ်"
"မင်း ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ"
ဟန်ကျင်းယွီက မေးလိုက်သည်။
"၁၀၀ရာခိုင်နှုန်းပဲ"
ကျန်းမုန့်လောင်ကလည်း အခိုင်အမာပြောလိုက်သည်။
"ဒါပေမဲ့ ကိရိယာအမျိုးမျိုးကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့ လူအယောက်နှစ်ဆယ်နဲ့ သင်္ချာစွမ်းရည်မြင့်တဲ့လူတချို့လည်း လိုအပ်ဦးမှာ"
"ငါ မင်းကို ကူရှာပေးမယ်"
ဟန်ကျင်းယွီက ချက်ချင်းသဘောတူလိုက်သည်။ အကယ်၍ ကျန်းမုန့်လောင်၏စကားသာ မှန်ကန်ပါက ကမ္ဘာ့ရူပဗေဒအသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်သွားစေမည်ဖြစ်၏။ ရူပဗေဒနိုဘယ်ဆုကိုလည်း သေချာပေါက်ရရှိနိုင်ပေလိမ့်မည်။
အကယ်၍ ထိုရူပဗေဒနိုဘယ်ဆုက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် ဆက်နွှယ်နေပါက နောက်ပိုင်းတွင် မည်သူကမှ သူတို့၏ ဆရာဆရာမများက လုပ်နိုင်စွမ်းမရှိကြောင်း သို့မဟုတ် သူတို့၏သိပ္ပံသုတေသနစွမ်းဆောင်ရည်က အားနည်းလှကြောင်း ထပ်ပြောရဲတော့မည် မဟုတ်ပေ။
"မုန့်လောင်.. ငါ မင်းကို တစ်ခုလောက်မေးလို့ရမလား"
"ဘာများလဲ"
"မင်း ဒီပရောဂျက်မှာ ငါ့ကို ထည့်ပေးလို့ရမလား။ ငါဆိုတဲ့ ဟန်ကျင်းယွီက သိပ္ပံသုတေသနကို နှစ်ပေါင်းလေးဆယ်ကျော်ကြာအောင် လုပ်ခဲ့တဲ့အပြင် ကိရိယာအမျိုးမျိုးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တယ်။ ငါ ဘွဲ့လွန်တက်တုန်းက သင်္ချာနှစ်ထပ်ကွမ်းဘွဲ့တောင် ရခဲ့ဖူးတယ်။ ငါက မင်းရှာနေတဲ့လူဆိုတာ ကျိန်းသေတယ်"
ဟန်ကျင်းယွီ၏မျက်လုံးများမှာ အလင်းတန်းများ ထုတ်လွှတ်တော့မတတ်ပင်။
"ကောင်းပြီလေ။ ကောင်းပါပြီ။ ကောင်းပါပြီ"
ကျန်းမုန့်လောင်လည်း ထိုအကြည့်၏ ရိုက်ခတ်မှုဒဏ်ကို တွန်းလှန်နိုင်ခြင်းမရှိခဲ့ပေ။
"ဒါဆိုရင် အချိန်ကျတဲ့အခါ ပါမောက္ခရဲ့နာမည်ကို သက်ဆိုင်ရာစာရေးသူအဖြစ် ထည့်လိုက်မယ်"
"တကယ်လား"
ဟန်ကျင်းယွီခမျာ ကျန်းမုန့်လောင်ကို ကောက်မပြီး နမ်းပစ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။
"ဒါဆို ငါ အခုချက်ချင်းသွားလိုက်မယ်"
...
နိုဘယ်ဆုအတွက် စိန်ခေါ်နိုင်သည့် သုတေသနပရောဂျက် တစ်ခုရှိကြောင်း ကြားသောအခါ သုတေသနအဖွဲ့တစ်ခုလုံး ရူးခါသွားသည်။
အကြီးဆုံးအလုပ်သင်ညီအစ်ကိုများက ချက်ချင်းဆိုသလို အိမ်မှ ခရီးဆောင်အိတ်များထုပ်ပိုးကာ ရွက်ဖျင်တဲတစ်ခုကိုပါ ယူလာပြီး ဤကာလအတွင်း ဓာတ်ခွဲခန်းထဲတွင် အိပ်စက်ရန် စီစဉ်လိုက်ကြသည်။
ငယ်ရွယ်သော အလုပ်သင်ညီမလေးများကတော့ နိုဘယ်ဆုရယူမည့် သူ(မ)၏ခြေလှမ်းများကို နှေးကွေးစေသည်ဟု ဆိုကာ သူတို့ရည်းစားများနှင့် ချက်ချင်းလမ်းခွဲခဲ့ကြသည်။
ရက်အနည်းငယ်အကြာကမှ ခွဲစိတ်မှုခံယူထားသော ဒုတိယအလုပ်သင်ကောင်လေးကလည်း သူ့အကြောသွင်းပိုက်ကို ဖယ်ရှားပြီး ဆေးရုံခုတင်ပေါ်မှ ဆင်းလာခဲ့သည်။ သိပ္ပံသုတေသနနှင့်ပတ်သက်လာလျှင် တစ်ကိုယ်ရည်ကျန်းမာရေးက ဘာမှအရေးမကြီးတော့ပေ။
ကျန်းမုန့်လောင်၏ စီစဉ်မှုအောက်တွင် ကျန်းနန်တက္ကသိုလ်၏ ဓာတ်ခွဲခန်းများထဲတွင် ကမ္ဘာမြေတုန်လှုပ်ဖွယ် သုတေသနများကို စတင်ခဲ့ကြသည်။
ကိုးရက်အကြာတွင် သုတေသနအဖွဲ့ထဲရှိ လူတိုင်းက တောတွင်းလူသားများအဖြစ် ပြောင်းလဲသွားကြသည်။ အမျိုးသမီးတပည့်များ၏ ဆံပင်များမှာ ဖိုသီဖတ်သီဖြစ်နေကြပြီး စားသုံးဆီအဖြစ် အသုံးပြုနိုင်လောက်အောင် ဆီရွှဲနေကြချေသည်။ အမျိုးသားတပည့်များအားလုံး၏ မျက်လုံးအောက်တွင်မူ မျက်ကွင်းညိုညိုများ ပေါ်လာပြီး အနံ့အသက်များကလည်း ဆိုးဝါးနေပေသည်။ သို့သော် ဓာတ်ခွဲခန်းထဲရှိ ကွန်ပျူတာများပေါ်က ရာပေါင်းများစွာသော အချက်အလက်ဖိုင်များက သူတို့အိပ်ရေးပျက်ရကျိုးနပ်သော ရလဒ်များပင်။
ထိုအချိန်အတောအတွင်း ကျန်းမုန့်လောင်ကတော့ စာတမ်းအတွက် ပုံစံကို ပြင်ဆင်ထားပြီးဖြစ်လေရာ ဤ အချက်အလက်များကို ဖြည့်သွင်းရန် စောင့်ဆိုင်းနေခြင်းပင်။
"ကွက်တိပဲ"
ကျန်းမုန့်လောင်က နောက်ဆုံးခလုတ်ကို နှိပ်ချလိုက်သည်။
"အားလုံး ပင်ပန်းနေကြရောပေါ့။ ပြန်ပြီး အိပ်လိုက်ကြဦးလေ။ နောက်လကျရင် ဆုလက်ခံဖို့သာ ပြင်ထားလိုက်ကြ"
နိုဘယ်ဆုကို တစ်ချိန်တည်းတွင် အများဆုံး လူသုံးယောက်ကို ပေးအပ်နိုင်ပြီး သူတို့အနေနှင့် သူတို့၏နာမည်များကိုသာ စာရင်းသွင်းနိုင်ကြောင်း ကောင်းကောင်းသိထားကြသည်။ နိုဘယ်ဆုရှင်ဟူသောဘွဲ့ကို မရနိုင်သော်လည်း ထိုနာမည်များအကြား ရောနှောပါဝင်နိုင်ခြင်းကတင် မည်သည့်တက္ကသိုလ်တွင်မဆို ထူးချွန်ပါမောက္ခရာထူးအတွက် လျှောက်ထားရန် လုံလောက်သော ဂုဏ်အသရေတစ်ခုပင်။
အကြီးဆုံးတပည့်မှလွဲ၍ သူတို့ထဲက တစ်ယောက်မှ အသက်သုံးဆယ် မပြည့်သေးပေ။ ထိုသို့သောအောင်မြင်မှုမျိုးကြောင့် သူတို့နှင့်သက်တူရွယ်တူများထံမှ အားကျခံရပေလိမ့်မည်။
ကျန်းမုန့်လောင်က သူ့ကွန်ပျူတာကိုဖွင့်ပြီး စာတမ်းကို တင်သွင်းရန် စတင်လိုက်သည်။ ကျန်းမုန့်လောင်က အနိမ့်စားဂျာနယ်များကို ကြည့်ပင်မကြည့်ဘဲ သဘာဝနှင့် သိပ္ပံကဲ့သို့သော ထိပ်တန်းနိုင်ငံတကာဂျာနယ်များကိုသာ တိုက်ရိုက်တင်သွင်းခဲ့သည်။
တင်သွင်းခြင်းမှစ၍ ကနဦးပြန်လည်သုံးသပ်ခြင်းအထိ အနည်းဆုံး တစ်ပတ်ခန့်ကြာမြင့်မည်ဖြစ်လေရာ သူ့အတွက် ထိုမျှအထိ အချိန်မရှိကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိသည်။ ထို့ကြောင့် ထိုမဂ္ဂဇင်း၏ဖုန်းနံပါတ်ကိုရှာဖွေပြီး ဖုန်းခေါ်လိုက်သည်။
"မင်္ဂလာပါ။ သဘာဝမဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့ကပါ"
"မင်္ဂလာပါ။ ကျွန်တော် အခုလေးတင် တင်သွင်းစာတစ်စောင် ပို့ထားပါတယ်။ လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးလို့ရမလား"
ကျန်းမုန့်လောင်က ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။
"တောင်းပန်ပါတယ် ဆရာ..ကျွန်တော်တို့က တင်သွင်းမှုတွေကို ပြန်လည်သုံးသပ်တဲ့နေရာမှာ ဦးရာလူစနစ်ကိုပဲ ကျင့်သုံးပါတယ်။ ခင်ဗျားရဲ့စာမူကို တခြားတင်သွင်းမှုတွေကို ကြည့်ပြီးမှပဲ သုံးသပ်ပေးနိုင်မှာပါ"
ကမ္ဘာ့အဆင့်မီဂျာနယ်တစ်ခုဖြစ်သည့်အတွက် သူတို့၏ အယ်ဒီတာအဖွဲ့မှာ နေ့စဉ်နေ့တိုင်း တင်သွင်းမှုအမြောက်အမြားကို လက်ခံရရှိနေသည်ဖြစ်ရာ ထိုသို့သော ဖုန်းခေါ်ဆိုမှုများကလည်း သူတို့အတွက် အဆန်းမဟုတ်တော့ချေ။
"ဒါပေမဲ့ ကျွန်တော့်စာတမ်းက ရူပဗေဒနိုဘယ်ဆုကို ရနိုင်ပါတယ်"
"ဟားဟားဟား..ခုနတုန်းကပဲ လူတစ်ယောက်ကလည်း သူ့စာတမ်းက ဓာတုဗေဒနိုဘယ်ဆုကို ရနိုင်တယ်လို့ ပြောသွားတယ်"
အယ်ဒီတာကလည်း စက်ဆုပ်ရွံရှာသော အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။ ယခုခေတ်တွင် မည်သူမဆို သူတို့၏အမှိုက်စာမူများကို သူတို့ထံသို့ ပစ်ပေးနိုင်သည်ဟု ထင်နေကြသည်။
ကျန်းမုန့်လောင်ကတော့ စိတ်မဆိုးပေ။
"ခဏနေရင် ခင်ဗျားတို့ ကျွန်တော့်ဆီ လာတောင်းပန်ရလိမ့်မယ်"
****************