အခန်း (၁၃၇)
Vol. 10 Ch. 137
" အဲဒါက ခွင့်ပြုချက်မရှိဘဲနဲ့ ပြင်ပမှာ ဆေးကုသတာကြောင့်ဖြစ်တာ။ "
လင်ပေ့ဖန်သည် ရှောင်ချန်းလှဲနေသော ကုတင်ရှေ့တွင် ထိုင်ပြီး သက်ပြင်းချ၍ ပြောခဲ့သည်။
" ငါလည်း အဲ့ဒီသတင်းကို ကြားတုန်းက အတော်လေး အံ့အားသင့်ခဲ့တာ။ ဒါကြောင့်မိုလို့ ငါ အခြေအနေကို စုံစမ်းကြည့်တော့ ချောက်ယန် ရင်ပြင်မှာ အခမဲ့တိုင်ပင်ဆွေးနွေးကုသဖို့အတွက် ဦးလေးမိုမှာ ဝမ်ရှန်းအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်မရှိတာကို သိခဲ့ရတယ်။ ပြီးတော့ ဦးလေးမိုရဲ့ ရည်ရွယ်ချက် နဲ့ ဆေးပညာအရည်အချင်းက ကောင်းပေမဲ့လည်း ဒါက တရားမဝင်ဘူးလေ။ "
" ဆေးကုသနေချိန်အတွင်းမှာလည်း ဦးလေးမိုကမတော်တဆမှုဖြစ်ခဲ့တယ် လေ။ နောက်ပြီး သူက လူနာနဲ့ အငြင်းပွားပြီးတော့တောင် ခိုက်ရန်ဖြစ်ပွားခဲ့သေးတယ်။ အဲ့ဒါက ပြဿကိုပိုကြီးသွားစေခဲ့တာ။ ရလဒ်အနေနဲ့ ရဲတွေက သူ့ကို ရဲစခန်းကို ခေါ်သွားပြီးေတာ့ ထိန်းသိမ်းစစ်ဆေးခဲ့တယ်။ "
လင်ပေ့ဖန်သည် ဆက်လက်၍ လေးနက်သော လေသံဖြင့် ပြောခဲ့သည်။
" လက်ရှိ စစ်ဆေးမှုကတော့ အတော်လေးအခြေအနေဆိုးနေတယ်လို့ ငါကြားသိခဲ့ရတယ်။ "
ရှောင်ချန်းသည် ထိုစကားကိုကြားပြီး ထိတ်လန့်သွားခဲ့သည်။
" ဒါဆိုရင် ငါတို့ဘာလုပ်သင့်လဲ ။ "
သူ့စိတ်ထဲမှာ ပထမဆုံးတွေ့မိတာက သူ့ရဲ့ ဆရာဦးလေးကို ကယ်တင်ဖို့ပဲဖြစ်သည်။ သူ့ရဲ့ ဆရာဦးလေးက သူ့အပေါ် အရမ်းကြင်နာပြီး သူ့အပေါ်မှာလည်း ကျေးဇူးရှိတာကြောင့် ဆရာဦိးလေးကို ကယ်တင်ရမှာက သူ့တာဝန်ပဲဖြစ်သည်။
သို့သော်လည်းပဲ သူသည် ဒဏ်ရာရ၍ ကုတင်ပေါ်မှာ လှဲလျောင်းနေရပြီး လှုပ်ရှားဖို့တောင် ခက်ခဲနေတာ ကြောင့် သူ့ဆရာဦးလေးကို ဘယ်လိုလုပ် ကယ်တင်နိုင်မည်နည်း။ထို့ပြင် သူသည် ဒီမြို့နှင့်လည်း သိပ်မရင်းနှီးပေ။
' ငါ ဘယ်သူ့ကို အကူအညီတောင်းရမလဲ။ '
' နေပါဦး ၊ ငါ့အရှေ့က လူယုတ်မာရှိသေးတယ်မလား။ '
ထို့နောက် ရှောင်ချန်းသည် သူ့အရှေ့က ရန်သူတော်ကြီးကို ကြည့်ပြီး အကြိမ်ပေါင်းများစွာ တုံ့ဆိုင်း၍ နောက်ဆုံးမှာတော့ ပြောခဲ့သည်။
သူ့ရဲ့ ရန်သူတော်ကြီးကို အကူအညီတောင်းဖို့အတွက် စကားပြောရတာက သူ့ကို တကယ်ပဲ ခက်ခဲစေသည်။
သို့သော်လည်းပဲ သူ့ဆရာဦးလေး ထိန်းသိမ်းခံထားရပြီး ဘာဖြစ်မှန်း မသိသည်ဟူသော အတွေးက ရှောင်ချန်းကို စိတ်မကောင်းဖြစ်စေခဲ့သည်။
' ထားလိုက်တော့ ၊ ငါ တစ်ကြိမ်လောက်မေးကြည့်လိမ့်မယ်။ '
ထို့နောက် သူသည် သူ့ရဲ့ ဆရာဦးလေးအတွက် သူ့ရဲ့မာနကို ခဝါချပြီး တောင်းဆိုခဲ့သည်။
" မစ္စတာလင် ၊ ကျွန်တော့်ရဲ့ ဆရာဦးလေးက ကျွန်တော့်ကို သူ့သားတစ်ယောက်လိုမျိုး ဆက်ဆံပြီးတော့ အရမ်းပဲ ကြင်နာလွန်းတယ်။ သူ မရှိဘဲနဲ့ ဒီနေ့ ကျွန်တော်ဆိုတာ မဖြစ်လာနိုင်ဘူး။ကျေးဇူးပြုပြီး ကျွန်တော့်ကို မျက်နှာသာပေးပြီးတော့ ကျွန်တော့်ရဲ့ ဆရာဦးလေးကို ကယ်တင်ဖို့ ကူညီပေးနိုင်မလား။ "
လင်ပေ့ဖန်က သက်ပြင်းချပြီး ပြောခဲ့သည်။
" ငါ အကောင်းဆုံးလုပ်နိုင်သလောက်လုပ်ပေးမယ်။ဘာပဲဖြစ်ဖြစ် ဒီအခြေအနေက ရိုးရှင်းတဲ့ အခြေအနေတစ်ခုမဟုတ်ဘူးလေ။ "
" မစ္စတာလင် ၊ ကျွန်တော်မင်းကို အနူးအညွတ် တောင်းဆိုပါတယ်။" ရှောင်ချန်းက ပြောခဲ့သည်။
လင်ပေ့ဖန်၏ ကြိုးစားအားထုတ်မှုဖြင့် ရှောင်ချန်း၏ ဆရာဦးလေး မိုဝူကွေ့သည် နှစ်ရက်မပြည့်ခင်မှာဘဲ ပြန်လွှတ်လာခဲ့သည်။
သို့သော်လည်းပဲ သူပြန်လွှတ်လာပြီးနောက် သူ့ပုံစံကို ကြည့်ရတာက သိသိသာသာ ကွဲပြားသွားခဲ့သည်။
သူ့ဆံပင်တွေက အတော်လေးဖရိုဖရဲဖြစ်၍ သူ့ အဝတ်အစားတွေကလည်း စုတ်ပြတ်နေပြီး သူ့ မျက်ကွင်းတွေကလည်း ညိုမည်းနေခဲ့သည်။ထို့ပြင် သူ့ ပါးစပ်က အနည်းငယ်ရွဲ့ ၍ မျက်လုံးကလည်း စွေစောင်းနေပြီး သူ့ရဲ့ ညာဘက်လက်ကလည်း ပတ်တီးစည်းထားခဲ့ရသည်။ သူ့အသက်ကလည်း မူရင်း အသက်ထက် ပိုကြီးသွားတဲ့ပုံ ပေါ်နေခဲ့သည်။ တစ်ချိန်က ရုပ်ချောတဲ့ရှူးဂါးဒယ်ဒီကြီး တစ်ယောက်က အခုတော့ လူအိုကြီးတစ်ယောက်ဖြစ်သွားခဲ့သည်။
ရှောင်ချန်းသည် ထိတ်လန့်သွားခဲ့သည်။
" ဆရာဦးလေး မင်းဘယ်လိုလုပ် ဒီလိုမျိုးအဆုံးသတ်ခဲ့ရတာလဲ။ မင်းကို ဘယ်သူက ရိုက်ခဲ့တာလဲ။ "
မိုဝူကွေ့သည် သက်ပြင်းတစ်ချက်ချပြီး ဝမ်းနည်းသောလေသံဖြင့် ပြောခဲ့သည်။
" ဒါက လူနာတစ်ယောက်ကို ကုသနေချိန်မှာ နားလည်မှုလွဲပြီးတော့ ငါ လူနာ ရိုက်နှက်တာကို ခံခဲ့ရတာ။ နောက်ဆုံး အခြေအနေဆိုးရွားပြီးတော့ ရဲစခန်းမှာ ထိန်းသိမ်းခံခဲ့ရတယ်။ "
" အခြေအနေက အရမ်းဆိုးရွားလား။ " ရှောင်ချန်းက ထပ်မေးခဲ့သည်။
" သိပ်ပြီးတော့ မဆိုးရွားဘူး။ ငါ ပိုက်ဆံနည်းနည်း ဒဏ်ရိုက်ခံရပြီးတော့ တစ်နှစ်လောက် ဆေးကုသလို့ မရရုံပဲ။ " မိုဝူကွေ့ က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောခဲ့သည်။
ရှောင်ချန်းသာလျှင် သူ့ဆရာဦးလေးအပြုံးက ဘယ်လောက်ခါးသီးမှန်း သိနေခဲ့သည်။
ထို့ပြင် သူ့ဆရာဦးလေးသည် အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည့် ဂုဏ်သတင်းကောင်းသော ဝါရင့် ဆရာဝန်တစ်ယောက်ဖြစ်သည်။သို့သော်လည်း ယခုအချိန်တွင် သူ့ဂုဏ်သတင်းကျဆင်းခဲ့တာက သူ့အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ကြီး တစ်ခုဖြစ်သည် ။
ရှောင်ချန်းသည် တိတ်တိတ်ကလေး သူ့ကိုယ်ကိုယ်သူ အပြစ်တင်ခဲ့သည်။
အကယ်၍ သူကြောင့်သာ မဟုတ်လျှင် သူ့ဆရာဦးလေးက သူကို ကူညီဖို့အတွက် တောင်ပေါ်က ဆင်းလာလိမ့်မည်မဟုတ်ပေ။ ဒါဆို သူ့ဆရာဦးလေးလည်း ဒီလို အခက်အဲတွေမျိုးတွေ ကြုံတွေ့ရလိမ့်မည် မဟုတ်ေချ။
အတိတ်တုန်းက သူ့စီနီယာအစ်ကိုလည်း သူ့ကို ကူညီပြီး ဒီလိုမျိုးအဆုံးသတ်ခဲ့ရသည်။ အခုလည်း သူ့ဆရာဦးလေးက သူ့ကိုကူညီတာကြောင့် အရင်တုန်းက အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရပြန်သည်။ထို့ပြင် သူ့ရဲ့အတိတ်ဘဝတုန်းကလည်း သူ့ရဲ့ဂိုဏ်းတစ်ခုလုံးက သူ့ကို ကူညီခဲ့ပြီး ပျက်စီးခဲ့ရသည်။
ရှောင်ချန်းသည် သူ့ကိုယ်ကိုယ်သူ သံသယဝင်မိခဲ့သည်။
' ငါက တကယ်ဘဲ ကံမကောင်းတဲ့ ကြယ်တစ်ပွင့်များလား။ ငါက ငါ့ကို ကူညီတဲ့သူတွေကို ကံဆိုးစေတာလား။ '
' မဟုတ်ဘူး။ '
" ရှောင်ချန်း ငါ အခု မင်းရဲ့ဒဏ်ရာတွေကို မကုသနိုင်တော့ဘူး။ "
မိုဝူကွေ့က ခါးသီးစွာဖြင့် ပြောခဲ့သည်။
" ငါ့ရဲ့ ညာလက်က ဒဏ်ရာကိုကြည့်လိုက်။ ဒီဒဏ်ရာတွေနဲ့ဆိုရင် ငါ အပ်တစ်ချောင်းတောင် မကိုင်နိုင်တာ ဖြစ်နိုင်တယ်။ "
ရှောင်ချန်းက အလျင်အမြန် ပြန်ပြောခဲ့သည်။
" ဆရာဦးလေး မင်းရဲ့ ဒဏ်ရာတွေကို ကုသရာမှာပဲ အရင်ဆုံး အာရုံစိုက်သင့်တယ်။ ကျွန်တော့်အတွက် မစိုးရိမ်နဲ့။ ကျွန်တော့်ဒဏ်ရာတွေ သက်သာနှုန်းက ပိုနှေးသွားရုံပဲရှိတာ။ ဒါပေမဲ့ ဦးလေး လက်က ဒဏ်ရာကို ဂရုမစိုက်ရင် ဦလေးကျန်တဲ့ဘဝတစ်ခုလုံးမှ ဆေးကုသလို့မရတော့တာတောင် ဖြစ်နိုင်တယ်။ အဲ့ဒါက ကျွန်တော့်ကို အပြစ်ရှိ စေလိမ့်မယ်။ "
" ကောင်းပြီ။ "
မိုဝူကွေ့က သက်ပြင်းချပြီး ထပ်ပြောခဲ့သည်။
" တစ်ချိန်တုန်းက ထူးချွန်ထက်မြက်တဲ့ ငါမိုဝူေကွ့က ဒီလိုမျိုး အဆုံးသတ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ဘူး။ ငါက ဆေးဝိညာဉ်တောင်ကြားရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ချင်ခဲ့တာ။ဒါပေမဲ့ အဲ့ဒီအစား ငါက ဆေးဝိညာဉ်တောင်ကြားကို ဆေးပညာရပ်ဝန်းရဲ့ အလယ်မှာ လှောင်ရယ်စရာဖြစ်စေခဲ့မိပြီ။ ကံကောင်းချင်တော့ မစ္စတာလင် ကူညီခဲ့တာကြောင့် မဟုတ်ရင် ငါ ဘယ်အချိန် ပြန်ထွက်လာရမလဲ မသိဘူး။ " ပြောပြီးနောက် မိုဝူကွေ့သည် မတ်တပ်ရပ်ပြီး လင်ပေ့ဖန်ကို ကျေးဇူးတင်ခဲ့သည်။
" မစ္စတာလင် ကျေးဇူးတင်ပါတယ်။အကြိမ်ကြိမ် ကျေးဇူးတင်တာက စိတ်ရင်းမပါဘူးဆိုတာကို ကျွန်တော်သိပါတယ်။ ဒါကြောင့်မိုလို့ အနာဂတ်မှာ ဆေးဝိညာဉ်တောင်ကြားရဲ့ အကူအညီကို မစ္စတာလင် လိုအပ်ခဲ့မယ်ဆိုရင် ကျွန်တော့်ကို ပြောလိုက်ပါ။ ကျွန်တော်တို့ အကောင်းဆုံး ကူညီပေးပါ့မယ်။ "
လင်ပေ့ဖန်က ချက်ချင်းပဲ ပြန်ပြောခဲ့သည်။
" ဦးလေးမို ၊ဦးလေးက အရမ်းပဲ ယဉ်ကျေးလွန်းနေပြီ။ ကျွန်တော် အများကြီးမလုပ်ခဲ့ရဘူး။ "
" မစ္စတာလင် တကယ်ယဉ်ကျေးနေတဲ့ သူက မင်းပဲ "
မိုဝူကွေ့က ပြန်ပြောခဲ့သည်။
" မင်းက ကျွန်တော့်ရဲ့တူလေးကိုပဲ ကူညီခဲ့ရုံမကဘူး။ ကျွန်တော့်ကိုလည်း ကူညီခဲ့တာ။ ကျွန်တော်တို့တောင်ကြားတစ်ခုလုံး မင်းကို ကျေးဇူးကြွေးတင်နေခဲ့ပြီ။ "
ထို့နောက် မိုဝူကွေ့သည် ဘာသိဘာသာနေနေသော ရှောင်ချန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
" ရှောင်ချန်း မင်းဘာလို့ မစ္စတာလင်ကို ကျေးဇူးမတင်တာလဲ။ "
" မစ္စတာလင် ကျေးဇူးတင်ပါတယ်။ " ရှောင်ချန်းက ထိုစကားများကို စိတ်မပါစွာဖြင့် ပြောခဲ့သည်။
လင်ပေ့ဖန်သည် ထိုစကားကို နားထောင်ပြီး အတော်လေးကျေနပ်နေသည်။
သူသည် သူ့ကို မကျေနပ်တဲ့သူ တစ်စုံတစ်ယောက်က သူ့ကို ဘာမှ ပြန်မလုပ်နိုင်ပဲနဲ့ ကျေးဇူးတင်တယ် ပြောနေတာကို နားထောင်ရတာ သဘောကျသည်။
' ငါ အဲ့စကားကို နောက်တစ်ကြိမ်လောက် တကယ်ထပ်ကြားချင်သေးတယ်။ '
လင်ပေ့ဖန်ရဲ့ ဆန္ဒက အလျင်အမြန်ပဲ ပြည့်သွားခဲ့သည်။
မိုဝူကွေ့သည် မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်။
" ရှောင်ချန်း မင်းဘယ်လိုလုပ် ဒီလိုမျိုး ပြောရတာလဲ။ မင်းရဲ့ လေသံက စိတ်ရင်းမပါနေဘူး။ ငါ အရင်တုန်းက မင်းကို ဘာသင်ပေးခဲ့လဲဆိုတာကို မင်းမေ့နေတာလား။ မင်းက အသက်သာ ကြီးတာ။ မရင့်ကျက်လာသေးဘူးပဲ။ နောက်တစ်ကြိမ်ကျေးဇူးပြန်တင်လိုက်။ "
ရှောင်ချန်း : ): ....
" မင်း စိတ်ရင်းမှန်မှန် နဲ့ ပြုံးပြီးပြောရမယ်။နားလည်လား။ "
ရှောင်ချန်း : ): ....
" စိတ်မပါ့တပါနဲ့ နောက်တစ်ခါ ထပ်ပြောရင် ငါမင်းကို ရိုက်ပစ်မယ်။ မင်း ဒဏ်ရာရနေတာနဲ့ ငါမင်းကို မရိုက်ရဲဘူး ထင်နေတာလား။ "
ရှောင်ချန်း : ): ....
ရှောင်ချန်း၏ မျက်လုံးများထဲတွင် ဝမ်းနည်းမျက်ရည်များ ကျဆင်းလုဆဲ ဖြစ်နေသည်။
' အဲ့ဒီ စကားတွေ ပြောဖို့အတွက်တောင် ကျွန်တော်အရမ်းအားစိုက်ခဲ့ရတာကို ဆရာဦးလေးက ကျွန်တော့်ကို နောက်တစ်ကြိမ် ပြောခိုင်းစေချင်တာလား။ '
သို့သော်လည်း သူ့ဆရာဦးလေး၏ ခြိမ်းခြောက်တဲ့ လေသံကို နားထောင်ပြီး နောက်တစ်ကြိမ် ခေါင်းငုံ့ခံခဲ့သည်။
ထို့နောက် သူသည် ကျဆင်းလုဆဲ မျက်ရည်များဖြင့် ရှေ့သွားရှစ်ချောင်းပေါ်သည်အထိ အားစိုက်ပြုံးပြီး အတော်လေး စိတ်ရင်းပါသောအမူအရာဖြင့် ပြောခဲ့သည်။
" မစ္စတာလင် ကျေးဇူးတင်ပါတယ်။ "
" ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါတို့က ညီအစ်ကိုတွေပဲကို။ " လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြန်ပြောခဲ့သည်။
ရှောင်ချန်း။ ။ ဒီဖေ.....
' ဘာလို့ မင်း အခုမှ အဲ့ဒါကို လာပြောရတာလဲ။ '
ဒီတစ်ကြိမ်မှာတော့ မိုဝူကွေ့က နောက်ဆုံးမှာ စိတ်ကျေနပ်သွားခဲ့သည်။
" ငါတို့ ဆေးဝိညာဉ်တောင်ကြားက ကြင်နာမှုကို ပြန်ပေးဆပ်ရမယ့်လို့ ငါတို့ ခံယူထားတယ်။ ရှောင်ချန်း မင်း အတိတ်ဘဝက လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် မစ္စတာလင်နဲ့ ဆုံတွေ့ရတာ။ ဒါကြောင့်မိုလို့ မင်း ပြန်ကောင်းပြီးရင် ဒီကျေးဇူးကို မင်း မစ္စတာလင်ကို ပြန်ဆပ်ရမယ်။ နားလည်လား။ မင်း ဒီကျေးဇူးကို ပြန်မဆပ်ရင် ငါ သေပြီး သရဲဖြစ်သွားရင်တောင် ငါမင်းကို အလွှတ်ပေးမှာမဟုတ်ဘူး။ "
ရှောင်ချန်းသည် ထိုစကားကို ကြားပြီး မယုံနိုင်အောင်ဖြစ်နေခဲ့သည်။
' သူက ကျွန်တော်ဘဝတစ်လျှောက်လုံး မမေ့နိုင်တဲ့ ကမ္ဘာမကြေရန်သူလေ။ သူ့ကို ဆရာဦးလေးက ကျွန်တော်ကို ပြန်ပေးဆပ် စေချင်တာလား။ ဒါက သက်သက်အနိုင်ကျင့်တာပဲ။ '
လင်ပေ့ဖန်သည် ပြုံးပြီး ပြောလိုက်သည်။
" ဦးလေးမို အဲ့လိုမပြောပါနဲ့။ ကျွန်တော်နဲ့ အစ်ကိုရှောင်ရဲ့ ဆက်ဆံရေးက ညီအစ်ကိုတွေလိုပဲ ။ နောက်ပြီး တစ်ယောက် နဲ့ တစ်ယောက် ပြန်ပေးဆပ်ဖို့ ပြောစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်။ ကောင်းပြီ ၊ကျွန်တော်အရင်ဆုံးပြန်လိုက်ဦးမယ်။ ဦလေးတို့တူဝကြီးနှစ်ယောက် အေးအေးဆေး စကားဆက်ပြောနိုင်တယ်။ "
လင်ပေ့ဖန် ထွက်ခွာသွားတဲ့ ပုံကို ကြည့်ပြီး မိုဝူကွေ့ သက်ပြင်းချ၍ ပြောလိုက်သည်။
" အမှန်တကယ်ဘဲ ကမ္ဘာပေါ်မှာ လူကောင်းတွေအများကြီးရှိသေးတာပဲ။ "
ထိုစကားကို ကြားပြီး ရှောင်ချန်းသည် ပါးစပ်အပြည့်ဖြင့် သွေးတစ်လုတ်အန်ထုတ်မိမလို ဖြစ်သွားခဲ့သည်။
' သူက လူကောင်းတစ်ယောက်လား...။ '