← Chapters

ကျုပ် ခင်ဗျားကို စိန်ခေါ်တယ်

Vol. 1-4 Ch. 47

ကျုပ် ခင်ဗျားကို စိန်ခေါ်တယ်

Vol. 1-4 Ch. 47

ထိုလက်သီးချက်က အလွန် လျင်မြန်လွန်းပြီး ချက်ချင်း သုံးပေ အကွာအဝေးသို့ ရောက်လာသည်။

စစ်သည်တော် လက်သီး၊ ဤသည်မှာ သိုင်းပညာရှင်များအားလုံး သင်ယူရသည့် အခြေခံ လက်သီးပညာ ဖြစ်သည်။

ယင်းသည် ပြိုင်ဘက်အား ချက်ချင်း အမှောက်သိပ်ရန် အာရုံထားသည့် တိုက်ကွက်ဖြစ်ပြီး အနီးကပ် တိုက်ခိုက်ခြင်း အတွက် အရေးပါသည်။ ကျောင်းသား တော်တော်များများသည် ဝိုးတဝါးသာ မြင်လိုက်ပြီး သူတို့မျက်လုံးက လှုပ်ရှားမှုကို အမီမလိုက်နိုင်ပါ။

ရဲ့လင်းချန်၏ ခန္ဓာကိုယ်က ဘေးသို့ယိမ်းသွားသည်။ သူသည် ဘယ်လက်ဖြင့် လက်သီးကို တား၍ ညာလက်ဖြင့် ပခုံးကို ဖမ်းကိုင်လိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်း၍ ပစ်ပေါက်လေသည်။

စွန်းချောင် လေထဲ မြောက်တက်သွားပြီး တစ်ပတ်ကျွမ်းပစ်ကာ ပြန်ကျလာ၏။

“ဒီအရူးက ပြန်တိုက်ရဲတာပဲ”

လူအုပ်ကြီးသည် ထိတ်လန့်နေရာမှ သတိတင်လာပြီး စွန်းချောင်ကို တအံ့တဩ ကြည့်ကြသည်။

“ရှောင်ရဲ့ မိုက်တယ်ဟေ့”

ရှန်းက အော်ပြောလိုက်သည်။ မိန်းကလေး တော်တော်များများကလည်း ရဲ့လင်းချန်ကို မျက်စိမလွှဲတမ်း ကြည့်နေ ကြသည်။ သူတို့၏ မျက်ဝန်းတွင် အံ့ဩဟန်များ ပေါ်လွင်နေသည်။

“မင်းက သိုင်းပညာအကြောင်း နည်းနည်းပါးပါး သိသားပဲ၊ မင်း လူတွင်ကျယ် လုပ်တာ မဆန်းပါဘူး”

စွန်းချောင် နောက်ပြန်လှည့်၍ ရဲ့လင်းချန်အား အေးစက်စွာ စိုက်ကြည့် လေသည်။ ရဲ့လင်းချန်က နှုတ်ခမ်းကို တင်းနေအောင် စေ့ထားပြီးမှ တစ်လုံးချင်း ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို စိန်ခေါ်တယ်”

ရိုးစင်းသော စကားကို ခပ်အေးအေး ပြောလိုက်သော်လည်း ထိုစကားက ကျောင်းသားများ၏ နားထဲတွင် မိုးခြိမ်းသံ လိုပင်။ သူတို့၏ သူငယ်အိမ်များ ကျဉ်းမြောင်းလာ၏။ တစ်ခဏကြာပြီးနောက် သူတို့ သတိဝင်လာပြီး ကြားလိုက်ရသော စကားကို မယုံနိုင် ဖြစ်နေကြသည်။

*ရဲ့လင်းချန်က နည်းပြကို စိန်ခေါ်တာလား*

*ဒါက မွေးကင်းစကလေးက လူကြီးကို စိန်ခေါ်နေသလိုပဲ*

“ရှောင်ရဲ့ ဒါ အရူးထတာပဲ၊ သူက နည်းပြနော်၊ နည်းပြဖြစ်ဖို့ဆို သူ စစ်သည်တော်ဌာနမှာ ခေါင်းဆောင် တစ်နေရာလောက်မှာ ရှိနေမှာကွ၊ သူက တကယ့် သိုင်းပညာရှင်နော်”

ရှန်းက ပင့်သက်ရှိုက်ကာ သူ့သူငယ်ချင်းကို ဖျောင်းဖျရန် ကြိုးစားလေသည်။

“ဟုတ်တယ် ရှောင်ရဲ့ မင်းစကားကို မြန်မြန် ပြန်ရုတ်သိမ်းလိုက်၊ ဒါ နောက်နေတာ မဟုတ်ဘူး”

အာလူးလေးကလည်း အလျင်အမြန် ဝင်ပြောလေသည်။

“ရှောင်ရဲ့ စိတ်ထိန်းပါဦး၊ ယုတ်စွအဆုံး ငါတို့ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့ ရတယ်၊ မင်းအသက်ကို ရင်းစရာ မလိုပါဘူး”

ရှောင်ကမ်းကလည်း ဝင်ပြောလေသည်။ အတန်းထဲမှ အခြားသူများကလည်း နေရခက်သော အမူအရာများ ပြလာကြသည်။

ထိတ်လန့်စရာကောင်းသော ကိစ္စပင်။ ပီကင်း တက္ကသိုလ်၌ စည်းကမ်းတစ်ခု ရှိသည်။ သိုင်းလေ့ကျင့်ချိန်အတွင်း၌ ကျောင်းသားများက နည်းပြများကို စိန်ခေါ်ခွင့်ရှိသည်။ ကျောင်းသားများ နိုင်ပါက တက္ကသိုလ်အား မည်သို့သော တောင်းဆိုမှုကိုမဆို တောင်းဆို၍ ရသည်။

သို့သော် ထိုစည်းကမ်း တည်ရှိသော်လည်း မည်သူမှ အလေးအနက် မထားခဲ့ချေ။ ယင်းအား ဟာသတစ်ခုဟုသာ မှတ်ယူကြသည်။

ပီကင်းတက္ကသိုလ်ကို ဝင်ရောက်သော ကျောင်းသားများသည် နိုင်ငံ့ စစ်သားလည်း မဟုတ်သလို အားကစား သမားလည်း မဟုတ်ချေ။ ဘယ်လိုလုပ် နည်းပြကို စိန်ခေါ်နိုင်မည်နည်း။ နည်းပြသည် သိုင်းပညာရှင် ဖြစ်သည်။ သူ့အား စိန်ခေါ်၍ အနိုင်ယူခြင်းက မဖြစ်နိုင်သော ကိစ္စပင်။

မထင်မှတ်ဘဲ ယနေ့၌ တစ်စုံတစ်ယောက်က စိန်ခေါ်လာလေပြီ။

“မင်းက ငါ့ကို စိန်ခေါ်ချင်တာလား”

စွန်းချောင်သည်လည်း ထပ်တူ အံ့ဩနေသည်။ ထိတ်လန့်နေခြင်းထက် စိတ်လှုပ်ရှားနေခြင်းက ပိုသာနေ၏။ သူသည် နှုတ်ခမ်းထောင့်ကို လျှာသပ်နေသည်။ သူ့မျက်လုံး၌ စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။

စိန်ခေါ်ပွဲအား အတည်ပြုလိုက်လျင် တစ်ယောက်ချင်း ပြိုင်ပွဲအဖြစ် သတ်မှတ် နိုင်ပေမည်။ ပြိုင်ပွဲ၌ စွန့်စားမှုများ ရှိသည်။ တိုက်ပွဲရလဒ်ဖြစ်သော ဒဏ်ရာများနှင့် တစ်သက်လုံး ကျိုးကန်းခြင်းအား မည်သူမှ တာဝန်ယူစရာ မလိုချေ။

သာမန်အခြေအနေ၌ သူ ရဲ့လင်းချန်ကို တစ်ခုခုလုပ်ပါက အကျိုးဆက် တစ်ချို့ကို ခံယူရပေမည်။ သို့သော် ဤစိန်ခေါ်ပွဲအတွင်း၌ သူ ဘယ်အကျိုးဆက်ကိုမှ ခံယူစရာ မလိုဘဲ ရဲ့လင်းချန်ကို စိတ်ကြိုက် နှိပ်စက်နိုင်၏။

“ရှောင်ရဲ့ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ သဘောမတူနဲ့”

သို့သော်ငြားလည်း ရဲ့လင်းချန်က ရှေ့သို့ လျှောက်သွားပြီး စွန်းချောင်နှင့် မျက်နှာချင်း ဆိုင်လေသည်။ သူ၏ တစ်မထူးခြားမှုကို အားကိုး၍ သူ စွန်းချောင်အား အထင်သေးသလို ကြည့်လိုက်သည်။

“ကျုပ် ခင်ဗျားကို စိန်ခေါ်တယ်၊ ခင်ဗျား လက်ခံလား”

“ဟားဟားဟား ငါ ဘာလို့ လက်မခံဘဲ နေရမှာလား၊ မင်း လမ်းလျှောက် နိုင်တုန်း လမ်းလျှောက်ထား၊ မကြာခင် မင်း ဒုက္ခိတ ဖြစ်တော့မှာ”

စွန်းချောင်က ကျယ်လောင်စွာ ရယ်မော၍ ထွက်သွားလေသည်။ စိန်ခေါ်ပွဲ ကြေငြာပြီးနောက် တစ်နာရီမျှ အချိန်ယူ ပြင်ဆင်ရသည်။

ထိုသတင်းက တက္ကသိုလ်တစ်ခုလုံးသို့ တောမီးသဖွယ် လျင်မြန်စွာ ပျံ့နှံ့ သွားသည်။

“ဘာ အဲ့ကောင်က နည်းပြကို စိန်ခေါ်ချင်တာလား”

ရုံးခန်းတွင်း၌ ဟဲယွမ် ထခုန်လာပြီး မျက်နှာက စိတ်လှုပ်ရှားမှုနှင့်အတူ ဝင်းပလာသည်။

“သူ သေကြောင်းကြံနေတာပဲ၊ သေကြောင်းကြံနေတာ၊ အစကတော့ ငါ ဒီကောင့်ကို ဘယ်လို လက်စားပြန် ချေရမလဲ တွေးနေတာ၊ ဒါပေမဲ့ အခု သူက သူ့သေတွင်း သူတူးနေတာပဲ၊ ငါ့အတွက် ပိုလွယ်သွားတာပေါ့”

သူ တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။

“လာကြ၊ သွားကြည့်ကြမယ်၊ အဲ့ကောင် တစ်သက်လုံး ဒုက္ခခံရအောင် ရိုက်နှက်ခံရမယ့် အဖြစ်ကို ငါ ကိုယ်တိုင် မြင်ရမှ ဖြစ်မှာ”

ကွင်းပြင်၌ သိုင်းလေ့ကျင့်ရေး အစီအစဉ် ရပ်နားသွားသည်။ ထိုသတင်းကြောင့် ကျောင်းသားများနှင့် နည်းပြများ အားလုံး အံ့အားသင့်သွားကြသည်။

သူတို့အားလုံး၏ အာရုံက ထိုလူငယ်ပေါ် ကျရောက်လာသည်။ သူသည် သာမန် အသွင်အပြင်နှင့် သာမန် အဝတ်အစားသာ ဝတ်ဆင်ထားသည်။ သူနှင့် ပတ်သက်၍ တစ်မူထူးခြားနေသည်မျိုး မရှိပါ။

“ရှောင်ရဲ့ ငါ ခုနက သိုးမွေးဂျာကင် ယူလာသေးတယ်၊ မင်း ဝတ်ထားလိုက်၊ ဒါက မွေးပွဆိုတော့ မင်းကို နည်းနည်းတော့ ကာကွယ်ပေးနိုင်မှာပါ”

ရှောင်ကမ်းက အကြံပေးလာ၏။

“ငါတို့ရဲ့ အားကစားဘောင်းဘီတွေ မင်းအတွက် ထုတ်ပေးမယ်၊ ရှောင်ရဲ့ မင်း အဲ့ဒါတွေလည်း ဝတ်ထားဦး”

အာလူးလေးက ထပ်ပြောလာသည်။ ရဲ့လင်းချန်က ခေါင်းခါ၍ အပြုံးနှင့် ငြင်းလိုက်သည်။

“စိတ်အေးအေးထားပါ၊ ငါက ကောင်းကောင်း လေ့ကျင့်ထားတဲ့လူပါ၊ အနိုင်ရမယ့်လူက ဘယ်သူဆိုတာ ဆုံးမှ မဆုံးဖြတ်ရသေးတာ”

“ရှောင်ရဲ့ မင်းက တကယ့် ယောက်ျားသားပဲ၊ အခုကစပြီး မင်းက ငါတို့အဆောင်ရဲ့ ခေါင်းဆောင်ပဲ၊ မင်းရဲ့ နောက်လိုက်ဖြစ်တဲ့ ငါတို့လည်း နည်းနည်း ဂုဏ်တက်တာပေါ့”

ရှန်းက တင်းမာနေသော အခြေအနေကို ပြေလျော့စေရန် ကြိုးစား၍ စနောက် လေသည်။ ထိုအခိုက်တွင် နေ့လယ်ပိုင်းက သူတို့ တွေ့ခဲ့သော နည်းပြ ရောက်လာပြန်သည်။ သူက ရဲ့လင်းချန်ကို စိုက်ကြည့်၍ ဆူပူ မာန်မဲသည်။

“ခုနက နေ့လယ်ပိုင်းကတင် မင်းကို သည်းခံဖို့ ငါ ပြောခဲ့တယ်၊ ဒါတောင် မင်းတို့က ငါ့အကြံကို လျစ်လျူရှု တာပါလား”

သူက မတတ်သာဟန်ဖြင့် ခေါင်းခါလေသည်။

“စွန်းချောင်က အရင်ကတည်းက လူရမ်းကား၊ သူက အမြဲ ရက်စက် ကြမ်းကုတ်တယ်၊ စစ်သည်တော်ဌာနကို ဝင်ပြီးကတည်းက သူ့ကြမ်းကြုတ် မှုက ပိုတိုးလာတာ၊ အဲ့ဒါကြောင့် သူ့ တိုက်ရည်ခိုက်ရည် ကလည်း စစ်သည်တော် ဌာနမှာ နာမည်ကြီးတာလေ”

“နည်းပြ ယောက်ျားတစ်ယောက် ဥပေက္ခာ မပြုသင့်တဲ့ အချို့ကိစ္စလေးတွေ ရှိတယ်လေ”

ရဲ့လင်းချန်က အပြုံးနှင့် ပြန်ပြောလိုက်သည်။

“မင်း ဒီလိုအချိန်မှာတောင် ပြုံးနိုင်သေးတယ်လား”

ထိုနည်းပြ ပို၍ ကူရာမဲ့သလို ခံစားလိုက်ရပြီး ရဲ့လင်းချန်၏ စိတ်သဘော ထားကို သဘောကျစပြုလာသည်။ သူ မနေနိုင်ဘဲ ထပ်၍ အကြံပေးမိသည်။

“ခဏနေ ပြိုင်ပွဲစရင် မင်း ချက်ချင်း အရှုံးပေးလိုက်၊ မင်း အရှုံးပေးလိုက်တာနဲ့ စိန်ခေါ်ပွဲ ပြီးသွားပြီ၊ ကောင်လေး မင်းရဲ့ မာနက အဲ့လောက် အရေးကြီးတာ မဟုတ်ဘူး၊ မင်း အဲ့ဒါကို နားလည်သင့်တယ်”

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စိတ်ချပါ ကျွန်တော် ဘာလုပ်နိုင်လဲ ကျွန်တော် သိပါတယ်”

ရဲ့လင်းချန် ကျေးဇူးတင်စကား ပြောလိုက်သည်။ အချိန် တဖြည်းဖြည်း ကုန်ဆုံးလာ၏။ ကွင်းပြင်တွင် သိုင်းလေ့ကျင့်ရေးအတွက် ပထမနှစ် ကျောင်းသားများနှင့်သာ ပြည့်မနေတော့ချေ။ သာမန် အဝတ်အစားများ ဝတ်ထားသည့် စီနီယာ ကျောင်းသားများလည်း ရောက်နေ၏။ သူတို့သည် ကောလာဟလ သတင်းများကို ကြားပြီး မိုးကောင်းကင်ကို ဆန့်ကျင်ရဲသည့် ဂျူနီယာအား မြင်ဖူးရန် အလို့ငှာ လာရောက်ကြခြင်း ဖြစ်လေသည်။

ပီကင်း တက္ကသိုလ် စတည်ထောင်ကတည်းက ကျောင်းသားက နည်းပြကို စိန်ခေါ်သည့် အဖြစ်မျိုး မရှိဖူးပါ။ ဤနှစ်က ထိုသို့သော ကိစ္စရပ် ဖြစ်ပေါ်လာသည့် ပထမဆုံးသောနှစ်ပင်။

“ဒီခေတ် ကျောင်းသားသစ်တွေက ကြောက်စရာကောင်းလိုက်တာ၊ နည်းပြ ကိုတောင် စိန်ခေါ်တယ်ဆိုတော့”

“သူ့သတ္တိက လေးစားစရာပဲ၊ ဒါပေမဲ့ မစဉ်းစားဘဲ လုပ်လွန်းတယ်၊ အရူးပဲ”

“ဘာရလဒ် ဖြစ်လာလာ ကိစ္စမရှိဘူး၊ ငါက ဒီအတိုင်း ပွဲကြည့်ဖို့လာတာ”

ကျောင်းသားများ စုဝေးလာသည်နှင့် သူတို့ကြား၌ ဆွေးနွေးပြောဆိုသံများ ညံလာ၏။ ဤနေ့လယ်ခင်းသည် ပီကင်းတက္ကသိုလ်၏ ကျောင်းပြေးသူ အများဆုံးနေ့ ဖြစ်သည်။ အချို့ဆရာများပင် အတန်းပြေးကြသည်ဟု ဆိုကြသည်။

တစ်နာရီကြပြီးနောက် ကွင်းပြင်၏ အတွင်းစည်းသုံးစည်းနှင့် အပြင်စည်း များအထိ လူပြည့်လာ၏။ လူအုပ်တွင်း၌ မိန်းမပျိုလေး နှစ်ယောက်ကလည်း စောင့်ကြည့်နေသည်။

နှစ်ယောက်ထဲမှ တစ်ယောက်မှာ မိတ်ကပ် ပါးပါးလိမ်းထားပြီး အေးချမ်းစွာ ရပ်နေသော်လည်း ကျန်တစ်ယောက်က ဆံပင်ကို အနီရင့်ရင့်ဆိုးထားသည်။ သူမမျက်နှာမှ မိတ်ကပ်က မူလထက်ပင် ထူနေသေးသည်။ သူမ၏ မျက်လုံးရွဲကြီးများနှင့် ဗရုတ်သုတ်ခနိုင်သော အပြုအမူကို လူတိုင်း သတိထားမိသည်။ သူမကို မြင်သည်နှင့် လူတိုင်း မိန်းကလေး လူမိုက်နှင့် တူသည်ဟု ကောက်ချက်ချ တွေးမိနိုင်သည်။

သို့သော် ကျန်နေရာများနှင့်မတူဘဲ ထိုမိန်းကလေးနှစ်ယောက်၏ ဘေးတွင် ရှင်းလင်းနေ၏။ မည်သည့် ယောက်ျားလေးနှင့် မိန်းကလေးတို့က သူမတို့အနား မကပ်ရဲပေ။ ယောက်ျားလေးများစွာက သူမတို့ကို ဆက်တိုက် ခိုးကြည့် နေကြောင်း အမြစ်စူးရှသူတိုင်း သတိထားမိနိုင်၏။

သူတို့သည် အေးချမ်းသော မိန်းကလေးကို ကြည့်ချိန်တွင် ကြည်နူး နှစ်သက်ဟန် ပြသည်။ သို့သော် မိန်းကလေး လူမိုက်နှင့် တူနေသော မိန်းကလေးကိုမူ ကြောက်လန့်သော အကြည့်များဖြင့် ကြည့်ကြသည်။

“ရှောင်မန် နင် ငါ့ကို ဒါကြည့်ဖို့ ခေါ်လာတာလား”

လီမူရွှယ်က စိတ်ပျက်ကာ အကြည့်လွှဲ၍ ပြောလိုက်သည်။

“ရန်ဖြစ်တာကို ကြည့်တာ ဘာများကောင်းလို့လဲ”

“ဒါ ပီကင်း တက္ကသိုလ်သမိုင်းမှာ ကျောင်းသားက နည်းပြကို စိန်ခေါ်တဲ့ ပထမဆုံးအဖြစ်လေ၊ ငါတို့ ဒါကို လွတ်သွားရင် တစ်သက်လုံး နောင်တရ နေလိမ့်မယ်”

ဟွမ်ရှောင်မန်က စိတ်လှုပ်ရှားစွာ ပြန်ပြောလေသည်။ ထိုစကားနှင့်အတူ သူမ ခြေဖျားထောက်၍ ကွင်းပြင်အား လှမ်းကြည့်လိုက်သည်။ သူမ ခြေထောက်က တိုနေသဖြင့် ဦးခေါင်းများ လှုပ်နေသည်ကိုသာ သူမ မြင်နေရသည်။

“အရှေ့ကကောင်တွေ နင်တို့ ငါ့မြင်ကွင်းကို ပိတ်ရဲရင် နင်တို့ဘောတွေကို ပိတ်ကန်ပစ်မယ်”

ဟွမ်ရှောင်မန်၏ အော်သံက ဆူညံသံများကို တိတ်ကျသွားစေသည်။ တစ်ခဏကြာသော် ဗလုံးဗထွေး အသံများနှင့်အတူ သူမရှေ့မှ လူများ ပြိုင်တူ ကိုယ်ကိုင်းသွားသည်ကို တွေ့လိုက်ရသည်။

လီမူရွှယ်က နဖူးပေါ်လက်တင်ကာ ရှက်နေလေသည်။

“ရှောင်မန် နင် လူဆိုးလိုနေတာ ရပ်လို့မရဘူးလား”

“လီမူရွှယ် နင် အားနည်းရင် လူတွေက အနိုင်ကျင့်ကြလိမ့်မယ်၊ နင်သာ ငါ့လို ဆိုရင် ဟိုလူယုတ်မာက နင့်ကို အသားယူမလား”

ဟွမ်ရှောင်မန်က ပြန်ဖြေလိုက်ပြီး လက်သီးကို ဝင့်ပြသည်။

“သူက နင့်ပထမဆုံးအနမ်းကို ခိုးယူသွားပြီးတော့ နင့်ကို အချိန်တော်တော်ကြာ ခံစားရအောင် လုပ်တာလေ၊ ငါ သူနဲ့ ဆုံမယ့်အချိန်ကို စောင့်နေ၊ ငါ နင့်အတွက် လက်စားချေပေးမယ်”

ထိုအခိုက်တွင် လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ရဲ့လင်းချန် စင်မြင့်ပေါ်သို့ တက်သွားလေပြီ။

“သူပဲ”

လီမူရွှယ်က ရင်းနှီးနေသော ပုံကို မြင်ပြီး အံ့ဩကာ မသိမသာ တုန်ယင် သွားသည်။

“ဘယ်သူလဲ”

ဟွမ်ရှောင်မန် ခေါင်းမော့လာသည်။

“နည်းပြကို စိန်ခေါ်ရဲတဲ့ ကျောင်းသားနဲ့ နင် ရင်းနှီးတာလား”

“သူက ငါ နင့်ကို ပြောပြတဲ့လူပဲ”

လီမူရွှယ် အံကြိတ်လိုက်သည်။

“သောက်ချီး သူ နင့်ကို နမ်းရဲတဲ့ သတ္တိရှိတာ မဆန်းဘူး၊ ငါ သူနဲ့ တွေ့ရမှ ဖြစ်မယ်”

ဟွမ်ရှောင်မန် စိတ်လှုပ်ရှားကာ သွေးဆူလာ၏။ လီမူရွှယ်က ရဲ့လင်းချန်ကို ငေးကြည့်ပြီး နှုတ်ခမ်းကိုက်လိုက်သည်။

“သူက ဘာလို့ နည်းပြကို စိန်ခေါ်တာလဲ၊ ဒါ ပျားအုံကို တုတ်နဲ့ထိုးသလို ဖြစ်မနေဘူးလား”

“ကျောင်းသား သမဂ္ဂလည်း ရောက်လာပြီ”

လူအုပ်ကြီးက ချက်ချင်း ဘေးကပ်၍ လမ်းရှင်းပေးလေသည်။ ဟဲယွမ်က လူတစ်ချို့ကိုခေါ်၍ စင်မြင့်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။

“ခင်ဗျားက အလကားလူ”

အောက်ဘက်မှ ရှောင်ကမ်းက ချက်ချင်း ထအော်လေသည်။ ဟဲယွမ်က သူတို့ တောင်းသည့် အကူအညီကို လျစ်လျူရှုရုံသာမက စွန်းချောင်ကိုပါ ပြောပြခဲ့သည်။ ထိုသို့မလုပ်ခဲ့လျင် အခြေအနေက ဤသို့ ဖြစ်လာမည် မဟုတ်ပါ။

ဟဲယွမ်က အေးတိအေးစက် အကြည့်ဖြင့် ရှောင်ကမ်းနှင့် ကျောင်းသားများကို ဝေ့ကြည့်၍ မကျေနပ်ကြောင်း ပြနေသည်။ သူသည် ရဲ့လင်းချန် အဆော်ခံရသည်ကို မြင်ရရန် ဤသို့ လာခြင်း ဖြစ်သည်။ ထို့နောက် သူသည် ရဲ့လင်းချန်အား ဒုက္ခပေး၍ လှောင်ပြောင်ပေမည်။ ထိုသို့တွေးရုံနှင့်တင် သူ မျှော်လင့်တကြီးဖြစ်ကာ တုန်ယင် လာရသည်။

“ဒေါက် ဒေါက် ဒေါက်”

ထိုအခိုက်တွင် ညီညာသော ခြေသံများ ထွက်လာသည်။ နည်းပြများက စင်ပေါ်သို့ တန်းစီ၍ တက်လာလေ၏။ သိုင်းပညာရှင် တစ်ယောက်၏ စိန်ခေါ်ပွဲက တင်းကြပ်၍ လေးနက်သော ဖွင့်ပွဲ အခမ်းအနား ရှိရပေမည်။

“ဝိုး … နည်းပြတွေ ရောက်နေပြီ၊ ဒီပြိုင်ပွဲက ကြီးတာပဲ”

“အဲ့သိုင်းပညာရှင်တွေက ကြည့်ကောင်းလိုက်တာ”

“ကျောင်းသား တစ်ယောက်နဲ့ သိုင်းပညာရှင် တစ်ယောက်ရဲ့ ပြိုင်ပွဲ၊ ဒါက ဝတ္ထုထဲမှာပဲ ရှိနိုင်တဲ့ အရာ မဟုတ်လား၊ ငါ စိတ်လှုပ်ရှားနေပြီ”

နည်းပြများက စင်အောက်သို့ ပြန်ဆင်းသွားပြီး မတ်မတ် ရပ်နေကြသည်။ ထို့နောက် စွန်းချောင်က တနး်စီးနေသော နည်းပြများထဲမှ ရှေ့ထွက်လာပြီး စင်ပေါ်သို့ တက်လာသည်။

သူသည် ဘယ်ခြေကို လှေကားထစ်ပေါ် တင်ကာ ကိုယ်ကိုမတ်လိုက်သည်။ ထို့နောက် ဟိတ်ဟန်အပြည့်ဖြင့် စင်ပေါ်သို့ တက်လေသည်။

စင်မြင့်ထက်သို့ တက်ရန် လှေကားထစ် ခြောက်ထစ်သာ ရှိသော်လည်း ဤအပြုအမူက လူအုပ်ထဲမှ ဩဘာပေးသံများ ထွက်လာစေသည်။

“ဟေ့ မင်းအတန်းက ကောင်က ရူးနေတာလား၊ သူက ဝါးနိုင်တာထက် ပိုစားနေတာပဲ”

ဟဲယွမ် သရော်လိုက်သည်။

“ခင်ဗျား ဘေးဖယ်နေ၊ ရှောင်ရဲ့ လုပ်နိုင်တယ်”

“ဟဲဟဲ မင်း နောက်နေတာလား”

ဟဲယွမ်က မထီမဲ့မြင် အပြုံးမျိုး ပြုံးလေသည်။

“သူ စင်ပေါ်မှာ ဘယ်လောက် ကြာကြာ နေနိုင်မယ်ထင်လဲ၊ ငါ သုံးမိနစ်လို့ လောင်းမယ်၊ ဪ နေဦး သုံးစက္က့န်ပဲ ထားလိုက်၊ သုံးစက္ကန့်ကုန်တာနဲ့ သူ စင်မြင့်ပေါ်မှ ခွေးသေလို လဲနေပြီလို့ ငါ မှန်းရဲတယ်”

“ခင်ဗျား သောက်ပါးစပ်ကို ပိတ်ထား၊ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို မှတ်လောက်အောင် ထိုးပစ်လိုက်မယ်”

ညိုမှောင်၍ မြင့်မားသော ကိုယ်လုံးကိုယ်ပေါက်ရှိသော ရှောင်ကမ်းက ရှေ့ထွက်လာသည်။ သူ့အမူအရာက အလွန် မည်းမှောင်နေ၏။ ကျန်လူများလည်း အသက်ကို ပြင်းပြင်းရှူနေကြသည်။ သူတို့၏ မျက်လုံးများက စင်မြင့်ပေါ် သို့သာ ကော်ကပ်သလို ကြည့်နေကြီး စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားကြသည်။

All Chapters