ကောင်းကင်လျှို့ဝှက် နည်းဗျူဟာ
Vol. 1 Ch. 1
… မြစ်လမ်း ။
ယင်းက ဟန်ကျိုးရှိ အစည်ကားဆုံး စီးပွားရေး လမ်းတစ်ခု ဖြစ်သည်။
ဤလမ်းတွင် ထူးခြားပြီး အတိတ်သမိုင်း ရှိခဲ့ဖူးသည့် အမျိုးမျိူးသော အဆောက်အဦးများနှင့် ရှော့ပင်းမောလ်တို့ ပြည့်နှက်နေသည်။
မနက်မှ ညအထိ ၊ အမြဲတစေ လာရောက်လည်ပတ်နေသူတို့ဖြင့် စည်ကားရာ လမ်းတစ်ခုပင်။
၎င်းနေရာက အနည်းငယ် အလှမ်းဝေးပြီး လမ်းအဆုံးတွင် ဖြစ်နေသော်ငြားလည်း ခရီးသွားဧည့်သည်တို့က တစ်ခါတစ်ရံ လာရောက်လည်ပတ်မြဲပင်။
သို့သော်လည်းပဲ ငယ်ရွယ်ချောမောသည့် လူငယ်လေးတစ်ယောက်က လူတို့ ယောက်ယပ်ခတ်နေသည့် အလယ်တွင် သူ၏ ဆိုင်ကို စောစီးစွာ ပိတ်သိမ်းနေသည်။
ချန်ယွီ့သည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က နိုင်ငံခြား ရောက်နေသည့် သူ့အဘိုး ဦးလေးထံကနေ ဖုန်းလက်ခံရရှိခဲ့ပြီး သူ့အတွက် ရှေးဟောင်းပစ္စည်း ဆိုင်တစ်ဆိုင်ကို ချန်ထားပေးခဲ့သည်ဆိုပင်။
သူ ထိုဆိုင်ကို ဝမ်းပန်းတသာနှင့် လက်လွှဲယူခဲ့သည်။ ပစ္စည်းမျိုးစုံနှင့် ရှုပ်ယှက်ခတ်နေသည့် နေရာကို နေသားတကျ ဖြစ်အောင် သိမ်းဆည်းရင်း စာအုပ်စဉ်၏ လျှို့ဝှက် အကန့်အတွင်း၌ ‘ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာ ‘ အမည်ရသည့် စာအုပ်တစ်အုပ်ကို တွေ့ရှိသွားခဲ့သည်။
စာအုပ် ညွှန်းဆိုထားသည့်အတိုင်းဆိုပါက ကောင်းကင်လျှို့ဝှက် နည်းဗျူဟာမှတစ်ဆင့် ကောင်ကင်ဘုံ၏ လျှို့ဝှက်ချက်များကို တွက်ချက်ကြည့်၍ရသည်။ အခြားသူများ၏ ကံကြမ္မာကို ကူညီပေးရင်း အင်မော်တယ် ဖြစ်သည်အထိ ကျင့်ကြံနိုင်သည်။
ချန်ယွီ့လည်း ကနေဦးတွင် ထိုအရာများအားလုံးက အရည်မရ ၊ အဖတ်မရများဟုသာ မှတ်ယူရင်း နှာခေါင်းရှုံ့လိုက်မိ၏။ သို့သော် သိချင်စိတ်ပြင်းပြပြီး ခြေဆော့လက်ဆော့ စမ်းကြည့်လိုက်ရာ အံ့အားသင့်ဖို့ကောင်းစွာဖြင့် ကောင်းကင်၏ လျှို့ဝှက်ချက်များကို အမှန်တကယ် သိမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။
သူ အခြားလူများအပေါ် မစမ်းကြည့်ဘဲ မနေနိုင်တော့ချေ။ သို့သော် ကသိကအောက် အခြေအနေသို့ ကျရောက်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ဤစာအုပ်တွင် ကန့်သတ်ချက် တစ်ခုလည်း ရှိနေသည်။ သူ ကူညီပေးသည့်လူက ၎င်းကိုယ်တိုင် လိုလိုလားလားနှင့် အကူအညီ တောင်းခံလာမှသာ သူ့တွင် ကူညီနိုင်စွမ်းရှိသည်။
ယင်းက ချန်ယွီ့ကို အကျပ်ရိုက်သွားစေခဲ့၏။ ယခုကဲ့သို့ သတင်းအချက် နည်းပညာခေတ်ကြီး၌ ဤကဲ့သို့ လက်လှည့် ၊ မျက်လှည့် ၊ ဂမ္ဘီရများအား မည်သူက ယုံကြည်လိမ့်မည်နည်း။
ထို့ပြင် သူက အသက်နှစ်ဆယ်အရွယ်မျှသာ ရှိသေးသည့် လူငယ်တစ်ဦးပင်။ သူကဲ့သို့သော လူငယ်တစ်ယောက်ထံ မည်သူကရော ဗေဒင်လာကြည့်ချင်မည်နည်း။
ခဏကြာမျှ စဉ်းစားပြီးသည့်နောက် ချန်ယွီ့ အကြံတစ်ခု ရလာသည်။ သူ စိတ်ကျန်းမာရေး ဆွေးနွေးတိုင်ပင်သူ တစ်ယောက် လုပ်၍ရသည်။
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် သူ ရထားသည့် ဘွဲ့ကလည်း စိတ်ပညာဖြင့်ပင်။
တစ်စုံတစ်ယောက် သူ့ထံသို့ အကူအညီတောင်းရန် ရောက်လာသည်နှင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများနှင့် ကံတရားကို တစ်ဆက်တည်း စစ်ဆေးသွား၍ရသည်။
ထို့ကြောင့် သူ၏ ရှေးဟောင်းပစ္စည်းဆိုင်ကို ပိတ်သိမ်းပြီး ဆွေးနွေးခန်း တစ်ခု အဖြစ် ပြောင်းလဲလိုက်တော့၏။
ကံမကောင်းချင်တော့ သူ သိပ်ကို ရိုးရိုးလေး တွေးနေခဲ့မိသည်။ ထိုကဲ့သို့သော အကူအညီကို လိုအပ်သူတို့က ပုံမှန်များဖြင့် ဆေးရုံများ … သို့မဟုတ် နာမည်ကြီး နေရာများ ၊ လူများစုဝေးပြီး ရင်ဖွင့်သည့် နေရာများသို့သာ သွားရောက်လေ့ ရှိကြသည်။
လူနာတစ်ဦးက သူ ယခုပြုလုပ်နေသကဲ့သို့ တစ်ဦးချင်း ဆွေးနွေးတိုင်ပင်မှုကို အခြားတစ်ဦးအား မညွှန်းပေးသရွေ့ မည်သူကမျှ သူ၏ ဝန်ဆောင်မှုအား အာရုံထားကြမှာ မဟုတ်ချေ။
ဤသည်က အေးစက်ပြီး မာကျောသည့် အမှန်တရားဖြစ်၏။ ရက်အနည်းငယ်ကြာ ဆိုင်ဖွင့်ပြီးသည့်တိုင် မည်သည့် ဖြတ်သွားဖြတ်လာ ခွေးတစ်ကောင် ကြောင်တစ်မြီးကမျှ ချန်ယွီ့၏ ဆိုင်လေးထဲသို့ ယောင်မှား၍ပင် လှည့်ကြည့်မသွားခဲ့ကြချေ။
ထိုအတိုင်း ရှိနေသည်မှာ တမြန်မနေ့က အထိပင်။ ထိုနေ့၌ ချိန်ယွီ့သည် ‘ ဟူယွီ ‘ အမည်ရသည့် လိုက်စထွင်း ပလတ်ဖောင်း တစ်ခုက စိတ်ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဆွေးနွေးမှုများပြုလုပ်ရန် စိတ်ကျန်းမာရေး ဆရာ၀န်များအား ဖိတ်ခေါ်နေကြောင်း သတင်းဖတ်ရှုလိုက်ရသည်။ သူ၏ ဝန်ဆောင်မှုကို တိုးမြင့်ရန် အချိန်အခါ ကျရောက်လာပြီ ဖြစ်ကြောင်း ချန်ယွီ့ တပ်အပ်သိလိုက်၏။
သူ၏ လိုက်စထွင်း ကြည့်ရှုသူတို့က ဟန်ကျိုးသားများ မဟုတ်စေကာမူ အွန်လိုင်းဝန်ဆောင်မှုပေး၍ ရသည်။
ချန်ယွီ့ အလျင်အမြန်ပဲ စထွင်းမင်း ပလတ်ဖောင်းသို့ ဆက်သွယ်လိုက်၏။ သို့သော် လူတော်တော်များများက ၎င်းနေရာအတွက် လျှောက်ထားကြပြီး အသိပေး အကြောင်းကြားချက်ကို စောင့်ဆိုင်းရမည်ဆိုပင်။
ကံကောင်းထောက်မစွာဖြင့် ပွဲစီစဉ်သူ supervisor တစ်ဦးက ချန်ယွီ့၏ ဓာတ်ပုံကို မြင်တွေ့သွားခဲ့ပြီး သူ့အား အလုပ်ခန့်ရန် ချက်ချင်း ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ယနေ့ အစောပိုင်းတွင် ချန်ယွီ့ ဆိုင်ပိတ်သိမ်းပြီး အပေါ်ထပ်သို့ တက်၍ ယနေ့ည လိုက်စထွင်းအတွက် ပြင်ဆင်နေသည်။
ချစ်ဖို့ကောင်းပြီး စိတ်အားထက်သန့်သည့် ဝန်ထမ်းမလေး၏ ကူညီပေးမှုဖြင့် ချန်ယွီ့ လျင်မြန်စွာဖြင့် လိုက်စထွင်း ပြုလုပ်မည့် ပစ္စည်းများအား ပြင်ဆင်ပြီးသွားခဲ့သည်။
ညနေခင်း ခုနစ်နာရီ။
ချန်ယွီ့ တိုက်ရိုက်ထုတ်လွင့်မှုကို စတင်လေပြီ။
………..
ကျိုးခဲ့ရှင်းက ဟူယွီ၏ နာမည်ကြီး ဂိမ်းစထွင်မာ မမလေးပင်။
သူမ၏ ထူးကဲလှပသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ဟာသဉာဏ်ရွှင်မှုကို အမှီသဟဲပြုရင်း ကြည့်ရှုသူ ပရိသတ် အများအပြား၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ယခုတလောတွင်တော့ သူမ အနားယူနေသည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်၏။
ကျိုးခဲ့ရှင်းသည် ကနေဦးတုန်းက ယနေ့တွင်လည်း ဆက်လက် အနားယူပြီး သူမ၏ အချစ်ဆုံး သူငယ်ချင်းအား လိုက်စထွင်းကို လွှဲပြောင်းယူခိုင်းရန် စီစဉ်ထားခဲ့သော်လည်း အုပ်စု၏ အက်မင်က သူတို့ပလတ်ဖောင်းတွင် စိတ်ကျန်းမာရေး ဆိုင်ရာ အသိပညာများ မြင့်တင်ပေးရေးအတွက် စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးကို ဖိတ်ခေါ်ထားကြောင်း ကြေညာလာခဲ့သည်။ ဤသည်ကို မြင်သည်နှင့် ကျိုးခဲ့ရှင်းသည် ဟူယွီ၏ ဝန်ထမ်းများသို့ ချက်ချင်း အကြောင်းကြားပြီး အဆိုပါ စိတ်ကျန်းမာရေး ဆရာဝန်နှင့် စကားပြောနိုင်ခြင်းရှိမရှိ၊ မေးမြန်းခဲ့သည်။
ကျိုးခဲ့ရှင်းက စိတ်ကျန်းမာရေး ဆရာဝန်နှင့် စကားပြောချင်နေသည်ကို ဝန်ထမ်းဘက်က သတိပြုမိသည်၌ ဝန်ထမ်းမှာ ချက်ချင်းပဲ အပျော်လွန်သွားခဲ့ရသည်။ ထိုမျှ ကောင်းမွန်သည့် အခွင့်အရေးကြီးကို သူ မည်သို့ သဘောမတူဘဲ နေနိုင်မည်နည်း။
သူတို့ ပလတ်ဖောင်း၏ ထိပ်တန်း စထွင်မာ တစ်ယောက်နှင့် ကော်လဘရေးရှင်း ပြုလုပ်သည်က ပလတ်ဖောင်း၏ ရှေ့ဘက် စာမျက်နှာတွင် ထားပေးသည်ထက် ပိုပြီး ကောင်းမွန်သည့် အကျိုးသက်ရောက်မှုတို့ ရှိသည်။
မည်သို့ပင်ဆိုစေ စိတ်ကျန်းမာရေးကိစ္စကို ကြည့်ရှုသူ အနည်းငယ်ကသာလျှင် စိတ်ဝင်တစား ရှိကြ၏။
ဟူယွီ ဝန်ထမ်းဘက်က အတည်ပြုပေးမှုကို ရရှိသည်နှင့် ကျိုးခဲ့ရှင်းသည် သက်တောင့်သက်သာ မရှိသည့် အိပ်ရာထက်က ချက်ချင်း ထွက်လာခဲ့သည်။
ယခုရက်ပိုင်းထဲတွင် သူမ အနားယူသည့် ရက်တို့က အတော်လေး များပြားနေပြီး စိတ်အခြေအနေကလည်း ကောင်းမွန်မနေချေ။
ဝက်ဘ်ဆိုဒ်တစ်ခုတွင် စစ်ဆေးကြည့်သည့်အခါ၌ သူမ၏ လက္ခဏာများအား စိတ်ဓာတ်ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသည်ဟု မှတ်ချက်ပေးထားခဲ့သည်။
စထွင်မာများ ဒီပရက်ရှင် ဖြစ်သည်က ပုံမှန်ဖြစ်သည်ကို သူမသိသည်။ ထို့ပြင် သူမကိုယ်တိုင်လည်း ယခုတလောတွင် ဖိအား အများအပြားအောက်သို့ ရောက်ရှိနေခဲ့သဖြင့် မသိလိုက်ခင် အချိန်အတွင်းမှာပဲ စိတ်ကျရောဂါကို စတင်ခံစားလာရသည်ဟု သံသယ ရှိလာသည်။
ကျိုးခဲ့ရှင်း ဆေးရုံသို့ တစ်ချက် သွားပြကြည့်ချင်သော်လည်း တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် လစဉ် ထိုအချိန်အခါက ကျရောက်၍ လာခဲ့သည်။
ယနေ့တွင် ပလတ်ဖောင်း၌ စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးကလည်း ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သို့သော်လည်း ထိုသူနှင့် ဆွေးနွေးတိုင်ပင်၍ အကူအညီတစ်ချို့ ရယူ၍ ရနိုင်သည်။
ထို့ကြောင့် ကျိုးခဲ့ရှင်းသည် စိတ်ကျန်းမာရေး အသိမျှဝေမှု စထွင်းစသည်နှင့် မကြာမီမှာပဲ တိုက်ရိုက်ထုတ်လွင့်မှု ပြုလုပ်လာခဲ့သည်။
“ ရို … ဒါ ပျောက်ကြီးစထွင်မာ မမလေးကျိုး မလား ….”
“ ဘာလို့ အခုတလော စထွင်းမလွင့်ဖြစ်တာလဲ ….”
“ သူ စထွင်းလွင့်တာကို မြင်ရတာတောင် ခဲယဉ်းလာပြီ … သူသာ ဆက်ပြီး မလွင့်တော့ဘူးဆိုရင် ဒီ ချန်နယ်ရဲ့ ပိုင်ရှင် ပြောင်းလဲသွားရင်တောင် ငါ မအံ့ဩတော့ဘူး ….”
“ မင်း နေထိုင်မကောင်းရင် နားနော် … ငါတို့ စောင့်ရတာက ဘာမှ မဖြစ်ဘူး ….”
“ ဟုတ်တယ် … အန်းအန်းလည်း အခုအခြေအနေလောက်ဆို သူ့ကိုယ်ပိုင်ချာနယ်တောင် ထောင်လို့ရနေပြီ …”
“ တော်စမ်းပါ ငါ့ကောင်တို့ရာ … သူ့မျက်နှာ မကောင်းတာကို မင်းတို့သောက်လုံးက ကန်းနေကြလား ….”
“ …… “
ကျိုးခဲ့ရှင်း လိုက်စထွင်း စသည်နှင့် များပြားလှသည့် ကြည့်ရှုသူ ပရိသတ်တို့မှာ သူမ၏ ချာနယ်အတွင်းသို့ ဒလဟော ဝင်ရောက်လာခဲ့ကြသည်။
ပုံမှန် အစားထိုး တိုက်ရိုက်ထုတ်လွှင့်ပေးနေကျ အန်းအန်း မဟုတ်ပါဘဲ မမလေးကျိုး ဖြစ်နေသည်ကို သူတို့ သတိထားမိသည့် အချိန်၌ စတင် စနောက်ချင်လာသည်။
ထိုကွန်းမန့်များကို မြင်တွေ့သည့် အချိန်၌ ကျိုးခဲ့ရှင်း စိတ်မဆိုးသွားခဲ့ချေ။ သူမ သူငယ်ချင်းအပေါ် တင်နေသည့် ကျေးဇူးကြွေးတို့ကလည်း နည်းနည်းနောနော မဟုတ်ပေ။
သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အစားထိုး ကူညီပေးရုံမျှမက နေ့စဉ်ဒူဝ ကိစ္စများကိုလည်း ဂရုစိုက်ပေးလေသည်။
ထို့ကြောင့် သူမ၏ ဖန်များက သူ့အချစ်ဆုံး သူငယ်ချင်း၏ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှုရန် ရောက်လာသည့်အချိန်၌ ဝမ်းသာနေမိခဲ့သည်။
သူမ ပြန်လည် သက်သာလာသည့် အချိန်၌ အန်းအန်းကို သူမ၏ ချာနယ်ပါတနာ အဖြစ် လုပ်ကိုင်ရန် ဆန္ဒ ရှိမရှိ မေးမြန်းဖို့ရာ ဆုံးဖြတ်ထားသည်။ ဤသို့ဖြင့် သူမလည်း စိတ်ရှိသည့် အချိန်၌ တိုက်ရိုက်ထုတ်လွှင့်နိုင်ပြီး အနားယူရန် အချိန်လည်း ရပေမည်။
“ အားလုံးပဲ … မတွေ့တာ ကြာပြီနော်…. “
အနည်းငယ် ခေါင်းကိုက်နေသော်လည်းပဲ ကျိုးခဲ့ရှင်းသည် ကင်မရာသို့ ပြုံးပြ၍ သူမ၏ ဖန်များအား နှုတ်ဆက်လိုက်သည်။
“ ရှင်တို့က အန်းအန်းကို ဒီလောက်နှစ်သက်နေမှတော့ ကျွန်မ တိုက်ရိုက်ထုတ်လွှင့်နေတာကို ရပ်လိုက်တော့မယ် … ကျေနပ်လား …” ကျိုးခဲ့ရင်း ဒေါသထွက်ချင်ယောင်ဆောင်ပြီး နှာမှုတ်လိုက်၏။
ဖန်များက ဤသည်ကို ကြားတော့ ချက်ချင်းဆိုသလို အချိုးပြောင်းလာခဲ့ကြသည်။
“ နေဦး .. မဟုတ်ဘူး … ငါက မမလေးကျိုးကိုပဲ ပိုသဘောကျတာ ….”
“ အန်းအန်း .... အန်းအန်းက ဘယ်သူကြီးလဲ … ငါတော့ မသိပါဘူး …”
“ တော်ပါ … နင်တို့အကြောင်းကို ငါ မသိရင် ခက်မယ်… အန်းအန်းက အခု ငါ့ဘေးချင်းကပ် အခန်းမှာ … ခဏနေကျရင် ငါ့ကို ကူညီပေးဖို့ ရောက်လာတော့မှာ …” ကျိုးခဲ့ရှင်းသည် ဖန်များက သူတို့ စိတ်ကြိုက်စထွင်မာကို အချိန်မရွေး ပြောင်းလဲနေသည့် ကိစ္စအား နေသားကျနေပြီး ဖြစ်သည်။
“ ငါ အခုတလော နေလို့ သိပ်မကောင်းဘူး ဖြစ်နေတယ်ဟာ … တိုက်ဆိုင်ချင်တော့ ဒီနေ့ ငါတို့ ပလတ်ဖောင်းမှာ စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက် ရောက်လာဖို့ ရှိတယ် … ငါနဲ့ အတူ တစ်ချက်သွားကြည့်ကြည့်ကြတာပေါ့ … မကောင်းဘူးလား …”
ကျိုးခဲ့ရှင်းက အခြားချာနယ်တစ်ခုသို့ ပြောင်းလဲလိုက်သည်နှင့် ကြည့်ရှုသူ အများအပြားလည်း လိုက်ပါဝင်ရောက်လာခဲ့ကြသည်။
လိုက်စထွင်းက စခရင်ပေါ် ထွက်ပေါ်လာသည့် အချိန်၌ …
အကယ်၍ စိတ်ကျန်းမာရေး အသိပညာပေးခန်း ဟူသည့် ခေါင်းစဉ်ကိုသာ မမြင်တွေ့ရဘူးဆိုပါက ကျိုးခဲ့ရှင်းသည် သူမ ချာနယ်မှားဝင်လာမိပြီဟုတောင် တွေးတောမိသွားနိုင်သည်။
သူမတို့ ပလတ်ဖောင်းသို့ စိတ်ကျန်းမာရေး အသိပညာပေးရန် ရောက်လာခဲ့သူက ဤမျှ ငယ်ရွယ်ခန့်ညားသည့် ဆရာဝန်လေး တစ်ဦး ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
သူ့ကို ဆယ်လီတစ်ယောက်ဟု ညွှန်းဆိုလျှင်ပင် ချဲ့ကားလိမ့်မည်ဟု သူမ မထင်ပေ။
ကျိုးခဲ့ရှင်း ချက်ချင်းပဲ ခံစားချက် ကောင်းမွန်သွားခဲ့ပြီး ချန်ယွီ့နှင့် ဗွီဒီယိုကော ပြောဖို့ မစောင့်နိုင်တော့ချေ။
ချန်ယွီ့၏ ရုပ်ရည်သွင်ပြင်ကို မြင်တော့ ကျိုးခဲ့ရှင်း၏ ကြည့်ရှုသူများလည်း အံ့အားသင့်သွားခဲ့ကြသည်။
“ ဝါး … ဒါက စိတ်ကျန်းမာရေး ဆရာဝန်ဆိုတာ မင်းတို့ကောင်တွေ သေချာပါတယ်နော်…..”
“ အိုး သေစမ်း … သူ့ရုပ်ရည်က ငါ့နီးနီး ချောတယ်ဟ ….”
“ သူက ဆယ်လီမဟုတ်တာ နှမြောစရာပဲ ….”
စိတ်ကျန်းမာရေး အသိပညာများအား ဝေမျှနေသည့် ချန်ယွီ့သည် ရုတ်တရက်ဆိုသလို သူ့ ချာနယ်ထဲသို့ ကြည့်ရှုသူ အများအပြား ဝင်ရောက်လာခဲ့သည်ကို သတိပြုမိသွားခဲ့သည်။
သူနှင့် စကားပြောချင်နေသည့် နာမည်ကြီး စထွင်မာက ဤနေရာသို့ ရောက်ရှိနေပြီကို သူ ချက်ချင်း သိလိုက်၏။ ပလတ်ဖောင်းဝန်ထမ်းကလည်း အစောတုန်းကတည်းက ထိုအကြောင်းကို သူ့ထံသို့ အသိပေးထားခဲ့ပြီး ဖြစ်လေသည်။
သူ့ လိုက်စထွင်းကို ပလတ်ဖောင်း၏ ရှေ့ဘက်စာမျက်နှာတွင် အကြံပြုထားပေးပြီး လာရောက်လည်ပတ်သူတို့ ရောက်ရှိလာခဲ့သော်လည်းပဲ ၎င်းတို့မှာ အလျင်အမြန်နှင့် ပြန်လည် ထွက်သွားခဲ့ကြသည်။ လူအနည်းကသာလျှင် ကျန်နေရစ်ပြီး ချန်ယွီ့နှင့် ပြောဆိုဆက်ဆံဖို့ ဆန္ဒရှိကြ၏။
ကျန်နေရစ်ခဲ့သည့် ကြည့်ရှုသူ အများစုကတော့ အမျိုးသမီးများ ဖြစ်နေမည်ကိုတော့ အထွေထူး ပြောပြရန် လိုအပ်မည် မထင်ပေ။
မကြာမီ သူ၏ ကွန်ပျူတာ စခရင်၌ ဝင်းဒိုးအသစ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့အား ‘ ကျိုးခဲ့ရှင်းက စကားပြောရန် တောင်းဆိုလာပါသည်’ ဟု အသိပေးလာသည်။
တံခါးပေါက်ဝသို့ အရောက်လာပို့ပေးသည့် ဤမျှ ကောင်းမွန်သည့် အခွင့်အရေးကြီးကို ချန်ယွီ့ မည်သို့ လွှတ်ပေးနိုင်လိမ့်မည်နည်း။
သူ ‘ လက်ခံသည် ‘ ကို မဆိုင်းမတွ ကလစ် နှိပ်လိုက်သည်။