ချန်ယွီ့သည် ကောင်းကင် စာအုပ်ကို အမှတ်မထင် ရရှိ၍ စကြာဝဠာကြီး၏ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်တို့အား ကြည့်ရှုခွင့် ရရှိသွားခဲ့သည်။ တစ်ပါးသူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးရင်း သူ၏ ကျင့်ကြံမှုတို့ မြင့်တက်လာကာ အင်မော်တယ် တစ်ဦး ဖြစ်လာနိုင်သည်။ အဆိုပါ အကြောင်းအရင်းတို့ကြောင့်ပဲ ချန်ယွီ့သည် စိတ်ကျန်းမာရေး ဆွေးနွေးတိုင်ပင်သူ တစ်ဦးအဖြစ် လိုက်စထွင်းကို စတင်ခဲ့သည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်တော့ ကြည့်ရှုသူများအားလုံးမှာ အသီးသီး ရှော့ခ်ရနေခဲ့ကြလေသည်။ “ဒီနေ့ခေတ် စိတ်ကျန်းမာရေးကို ဆွေးနွေးတိုင်ပင်ပေးတဲ့လူတွေက ဒီလိုတွေတောင် ဖြစ်နေပြီလားဟ .. သူတို့က အတိတ်ကို သိနေပြီး အနာဂတ်ကို ခန့်မှန်းနိုင်နေတယ်…” “ဒါ စိတ်ကျန်းမာရေးဆရာ၀န် မဟုတ်တော့ဘူး … ဒါ မာစတာတစ်ဆူပဲ…” “ဒေါက်တာချန် … ကျေးဇူးပြုပြီး ကျုပ်ကို တပည့်အဖြစ် လက်ခံပေးပါ ….” လိုက်စထွင်း ပေါ်ပြူလာဖြစ်သည်နှင့်အမျှ သူ၏ ဂုဏ်သတင်းကို မယုံကြည်သော်ငြား အဆိုပါ ကျော်ကြားမှု လှိုင်းတံပိုးကို စီးနင်းလိုသူတို့သည် ချန်ယွီ့ကို ဆက်သွယ်လာခဲ့ကြ၏။ ရလဒ်အနေဖြင့် တချို့က ဂျေးအောင်းသွားကြရသလို အချို့ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေခဲ့သည့် ရာဇဝတ်မှုများသည်ပင် ဖော်ထုတ်ခံလိုက်ရသည်။ ထိုကဲ့သို့ ပါရမီရှိသည့် လူတစ်ဦး ဖြစ်လာသည်နှင့် ချန်ယွီ့သည် အစိုးရထိပ်သီးပိုင်း တစ်ချို့၏ အာရုံကို ဖမ်းစားမိသွားခဲ့၏။ “လူသတ်သမားက ဘယ်နေရာမှာရှိလဲ ငါမသိဘူး … ဒါပေမယ့် ရာဇဝတ်မှုခင်း စိတ်ဗေဒကို သုံးပြီး ခွဲခြမ်းစိတ်ဖြာပေးလို့တော့ ရတယ်…” “အမှတ်ငါး၊ ဖျင်အန်းလမ်း၊ ဘယ်ဘက်ကနေ ရေရင် ပထမဆုံးအခန်း…” “နောက် နာရီဝက်နေရင် သူ အိပ်ရာနိုးလာပြီး နောက် ရာဇဝတ်မှုတစ်ခု ကျူးလွန်တော့မယ်…”

