မိမိကိုယ်ကို အကြိမ်ကေ ဒါဇင်နှင့်ချီ ဓားဖြင့်ထိုးပြီး သတ်သေသည့်အမှု
Vol. 35 Ch. 348
လွန်ခဲ့သော တစ်နာရီခန့်က လီချန်ကျွင်းသည် ထိုလူများ သေဆုံးသွားသည့် စောင့်ကြည့်ကင်မရာ မြင်ကွင်းများကို ကြည့်ရှုနေခဲ့သည်။
သူ ကြည့်နေရင်း ... ရုတ်ချည်း တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့၏။
သူနှင့် ချန်ယွီ့တို့ ပထမဆုံးအကြိမ် အတူ ဖြေရှင်းခဲ့သည့် ကွင်းဆက်လူသတ်မှု။
စုစုပေါင်း နစ်နာသူလေးဦး။ တစ်ဦးချင်းစီတိုင်းက ကျန်တစ်ဦးထက် ပိုထူးဆန်းစွာ သေဆုံးခဲ့ကြရသည်။
နောက်ပိုင်းတွင် ချန်ယွီ့၏ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် အမှု၏ အမှန်တရားမှာ နောက်ဆုံး ဖော်ထုတ်လိုက်နိုင်လေသည်။
အဆိုပါ ဦးတည်ရာအတိုင်း စဉ်းစားကြည့်လိုက်တော့ ရှော့ခ်ရဖွယ်ကောင်းသည့် တူညီနေမှုတစ်ခုကို လီချန်ကျွင်း သတိပြုမိသွားခဲ့သည်။
ထူးဆန်းသည့် သေဆုံးမှု သုံးခုလုံးက ယင်ယန် ဓာတ်ကြီးငါးပါး နှင့် ဆက်စပ်နေဟန် ထင်ရသည်။
ပထမ နစ်နာသူက အဲကွန်းအပြင်ယူနစ်ကြောင့် သေဆုံးသွားခဲ့ပြီး သတ္တုဖြင့် ပြုလုပ်ထားသည်။
ဒုတိယ နစ်နာသူက လည်ချောင်းသို့ သစ်ကိုင်း ထိုးဖောက်မှုဖြင့် သေဆုံးသွားခဲ့သည်။
တတိယ နစ်နာသူကတော့ သူ့ E-bike မြစ်ထဲသို့ ထိုးကျသွားခဲ့ပြီး ရေနစ် သေဆုံးသွားခဲ့ခြင်းပင်။
ကားထဲတွင် မည်သည့်အပြင်လူမျှလည်း ရှိမနေသဖြင့် လီချန်ကျွင်းသည် သူ့စကားလုံးကို သတိထားနေစရာမလိုချေ။
ချက်ချင်းပဲ လီချန်ကျွင်းက ချန်ယွီ့ထံ သူ၏ အတွေးများနှင့် ဆန်းစစ်ချက်များကို ပြောပြလိုက်သည်။
သေဆုံးမှုသုံးခုက ယင်ယန်ဓာတ်ကြီးငါးပါး လူသတ်မှုဖြင့် ဆက်စပ်နေမည်ဟု သူ ယုံကြည်သည်။
နောက်ထပ်နောက်ထပ်လည်း လူတွေ ပိုသေဖို့ ရှိလောက်သေး၏။
“ ဒေါက်တာချန် … ငါ့ကို ကူပြီး စဉ်းစားပေးစမ်းပါဦး ….”
လီချန်ကျွင်းက လက်ရှိ ကွင်းဆက်လူသတ်မှုကို ယခင် အမှုများနှင့် နှိုင်းယှဉ်သုံးသပ်ပြ၏။
အနည်းငယ် မှားယွင်းနေသည်ဟု ခံစားရသော်လည်း ယခင် နစ်နာသူများအားလုံးက ဆိုးရွားလွန်းသည့် မကောင်းမှုများကို ကျူးလွန်ခဲ့သူများပင်။
လက်ရှိ တစ်ခေါက်တွင်လည်း နစ်နာသူ သုံးဦးလုံးက ၎င်းတို့အလုပ် ၎င်းတို့ လုပ်နေကြသူများပင်။
လီချန်ကျွင်း နည်းလမ်းမျိုးစုံနှင့် စုံစမ်းပြီးဖြစ်၏။ အဆိုပါ နစ်နာသူ သုံးဦးလုံးက မည်သည့် လွန်ကျူးသည့် လုပ်ရပ်ကိုမျှ မပြုလုပ်ခဲ့ဖူးကြောင်း သေချာသည်။
ဤသည်ကိုလည်း သူတို့၏ ဆွေမျိုးမိတ်ဆွေများ၊ သူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အတန်းဖော်သူငယ်ချင်းများက အတည်ပြုပေးခဲ့၏။
“ ခင်များ ခန့်မှန်းတာ မှန်တယ် … နောက်ထပ် လူတွေ ထပ်ပြီး သေဖို့ ရှိသေးတယ် ….”
“ ထင်တဲ့အတိုင်းပဲ ….”
လီချန်ကျွင်း၏ ခန့်မှန်းမှု မှန်ကန်နေခဲ့သည်။ နောက်ထပ် နစ်နာသူတွေ ထပ်ရှိလာဖို့ ရှိ၏။
“ ဒေါက်တာချန် … စတုတ္ထမြောက် နစ်နာသူက ဘယ်တော့သေမှာ … အမျိုးသားလား အမျိုးသမီးလား .. နစ်နာသူက အခု ဘယ်နေရာမှာလဲ …. ငါတို့ ချက်ချင်း လူလွှတ်ပြီး သူ့ကို ကာကွယ်ပေးထားမှ ဖြစ်မှာ ….”
“ နောက်ကျသွားပြီ ….”
“ စတုတ္ထမြောက် နစ်နာသူက သေပြီးနေပြီ ….” ချန်ယွီ့ ပြောလိုက်သည်။
သူ့ စကားဆုံးသည်နှင့် လီချန်ကျွင်း၏ ဖုန်းက အသံမြည်လာသည်။
“ ကပ္ပတိန် ..ကျွန်တော်တို့ အခုလေးတင်ပဲ ချင်းရှန်းမြို့က လူတစ်ယောက် သူ့နေအိမ်မှာ သေဆုံးနေတဲ့အကြောင်းကို သတင်းရရှိပါတယ် ….”
“ မသင်္ကာစရာ ဘယ်သူမှ မတွေ့မိပါဘူး …. သေသွားတဲ့လူက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ယူဆရပါတယ် ….”
“ ဒါပေမယ့် …..”
“ ဒါပေမယ့်ဘာလဲ ….”
လီချန်ကျွင်း လောလိုက်၏။
“ နစ်နာသူက သူ့ကိုယ်သူ ဓားနဲ့ အကြိမ်ရေဒါပင်များစွာ ရက်ရက်စက်စက် ထိုးထားပါတယ် …”
“ သူ့ကိုယ်သူ ဒါဇင်နဲ့ချီအောင် ဓားထိုးထားတယ် ဟုတ်လား ….”
လီချန်ကျွင်း ကြက်သေသေသွားခဲ့သည်။
ဓားသုံးပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတော့ သတ္တုဓာတ် မဟုတ်လား …
သူ့ ခန့်မှန်းထားသည်နှင့် အကြီးကြီးကို ကွဲလွဲနေသည်။
“ ဟယ်လို ကပ္ပတိန် … ကြားရလား ….”
“ ငါ့ဆီ လိပ်စာ ချက်ချင်း ပို့လာခဲ့ … ငါ အခု လာခဲ့မယ် ….”
သူ့ အသင်းသားထံမှ လိပ်စာ ရရှိပြီးနောက် လီချန်ကျွင်းသည် ဖန့်ကွမ်း၏ ပခုံးကို ပုတ်လိုက်ပြီး “ ချင်းရှန်းမြို့ကို မောင်း ….”
“ ဒေါက်တာချန် … ဘာတွေ ဖြစ်နေတာလဲ ….” လီချန်ကျွင်းက ချန်ယွီ့ကို ကြည့်ပြီး မေးလိုက်သည်။
“ စတုတ္ထမြောက် နစ်နာသူက ဘယ်လိုဖြစ်ပြီး သူ့ကိုယ်သူ ဓားနဲ့ထိုးပြီး သေသွားခဲ့ရတာလဲ ….”
ချန်ယွီ့က သူ၏ ခန့်မှန်းသုံးသပ်ချက်များကို မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး နောက်ထပ် အသက်ဆုံးရှုံးမည့် လူများလည်း ကျန်ရှိနေသေးသည်။
စောနလေးတင် ခေါ်ဆိုလာခဲ့သည့် ဖုန်းကောက ယင်းအချက်ကို သက်သေပြုပြီး ဖြစ်၏။
သို့ပေမယ့်လည်း စတုတ္ထမြောက် နစ်နာသူက ဓားဖြင့် သေဆုံးသွားခဲ့သည်။ မီးကြောင့်လည်းမဟုတ်သလို မြေမြုပ်ခံရပြီး သေဆုံးသွားခဲ့ခြင်းလည်း မဟုတ်ပေ။
ဘယ်လိုပဲကြည့်ကြည့် ဤသို့သော သေဆုံးမှုမျိုးက သတ္တု၊ သစ်သား၊ ရေ၊ မီး ၊ မြေ ဓာတ်ကြီးငါးပါးနှင့် သက်ဆိုင်နေခြင်း မရှိချေ။
“ ရဲအရာရှိ တစ်ယောက်အနေနဲ့ ခင်များက အမှုတစ်ခုကို သေချာ အသေးစိတ် လေ့လာဆန်းစစ်ပြီး သဲလွန်စ တစ်ချက် တစ်လေလေးကိုတောင် လွဲချော်ခြင်း မရှိဘူး … အင်မတန် ပြောင်မြောက်လှတဲ့ ကျွမ်းကျင်မှုပါပဲ ….” ချန်ယွီ့ ခါးသီးစွာ ပြုံးလျက် “ ဒါပေမယ့် တစ်ခါတစ်လေမှာ အတွေးလွန်တာကလည်း လူကို လွယ်လင့်တကူ လမ်းမှား ရောက်သွားစေတတ်တယ် …. “
ချန်ယွီ့ သူ့ နားထင်ကို ဖိနှိပ်လိုက်သည်။
သူက နောက်ထပ် နစ်နာသူ အသစ်တွေ ပေါ်ထပ်လာဖို့ ရှိသည်ဟုပဲ ပြောခဲ့တာ ဖြစ်၏။ လီချန်ကျွင်း၏ ယင်ယန် ဓာတ်ငါးပါး သုံးသပ်မှုက မှန်ကန်သည်လို့တော့ မပြောခဲ့ချေ။
“ အာ ….”
သူ့ကိုယ်သူ အမှားလုပ်မိပြီမှန်း သိတော့ လီချန်ကျွင်း ကိုးရို့ကားယားနိုင်စွာ နှာခေါင်းကို အသာ ပွတ်သပ်လိုက်လေတော့သည်။
ဖန့်ကွမ်းက ကားကို လျင်မြန်စွာ မောင်းနေလျက် ရှိ၏။ နောက်ထပ် နစ်နာသူတွေ မရှိလာဖို့က အရေးကြီးမှန်း သူ ကောင်းစွာ နားလည်နေသည်။
နှစ်ဆယ်ကီလိုမီတာကျော် ဝေးသည့် ခရီးက မျက်တောင်တစ်ခတ်အတွင်းမှာပဲ ခရီးပန်းတိုင်သို့ ရောက်ရှိလာခဲ့သည်။
အခင်းဖြစ်သည့် နေရာတွင် ရဲစည်းတံဆိတ် တားမြစ်ကြိုးများ ချထားပြီး များပြားလှသည့် ရဲအရာရှိများကလည်း ဝင်ချည်၊ထွက်ချည် ပြုနေကြသည်။
အချိန်က ညရှစ်နာရီ ထိုးပြီး ဖြစ်ပြီး နစ်နာသူ၏ အိမ်အပြင်ဘက်တွင် လူတွေ အများကြီး ဝိုင်းအုံနေသည်။
ကားပေါ်မှ ဆင်းလာခဲ့ပြီးနောက် လီချန်ကျွင်းက သူ၏ အလုပ်ပါမစ်ကို ထုတ်ပြ၍ ချန်ယွီ့နှင့် ဖန့်ကွမ်းကို တားမြစ်ကြိုးများအတွင်းပိုင်းထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
နစ်နာသူက သူ့အိမ်ထဲတွင် သေဆုံးနေသည်။ အိမ်က တစ်ထပ်တိုက် ဘန်ဂလိုလေးဖြစ်ပြီး အိမ်ရှေ့တွင် တစ်ဆယ် စတုရန်းမီတာခန့် ကျယ်ဝန်းသည့် မြေနေရာကွက်လပ်လေး တစ်ခု ရှိ၏။
ခြံအသေးလေးကို ကျော်ဖြတ်ပြီးနောက် သုံးဦးလုံး ဧည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သွေးများဖြင့် ဖုံးလွှမ်းနေသည့် အလောင်းတစ်လောင်းက မျက်စိထဲ ဝင်ရောက်လာသည်။ အလောင်းတွင် ဓားဒဏ်ရာပေါင်းများစွာ ရှိနေပြီး ကြမ်းပြင်တစ်ခုလုံးက သွေးနီရောင် လွှမ်းနေခဲ့၏။ အခန်းတစ်ခုလုံးကလည်း သွေးညှီနံ့တွင် ပြင်းထန်စွာ ထုံလွှမ်းနေသည်။
သေဆုံးသွားသည့်လူက အသက်လေးဆယ် အရွယ် ဖြစ်ပြီး သူ့မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာကို မြင်တွေ့နေရသည်။
မျက်လုံးများကလည်း သေဆုံးသွားသည့် ငါးသေကြီးတစ်ကောင်နှယ် ပြူးကျယ်စွာ ဖွင့်လို့ထား၏။
“ ကပ္ပတိန် … သေသွားတဲ့လူရဲ့ နာမည်က လျန်ယွီ့ထျန်းပါ … အသက် ၄၁ နှစ် ရှိပါပြီ … ကွာရှင်းထားပြီး လက်ရှိ တစ်ကိုယ်တည်း နေထိုင်ပါတယ် ….”
“ သူ့အရင် အလုပ်လုပ်ခဲ့တဲ့နေရာက မြို့ထဲ ချင်းရှန်း ဘိလပ်မြေစက်ရုံမှာပါ ….”
“ ထပ်ပြီး ချင်းရှန်း ဘိလပ်မြေစက်ရုံပဲလား ….”
လီချန်ကျွင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သေဆုံးသွားသည့် လူလေးဦးလုံးက ချင်းရှန်း ဘိလပ်မြေစက်ရုံနှင့် ဆက်နွယ်နေသည်။
သူ မှားယွင်းသည့် အတွေးလမ်းကြောင်းပေါ်သို့ မရောက်မီက လီချန်ကျွင်းသည် သူ့အသင်းဝင်များကို ချင်းရှန်း ဘိလပ်မြေစက်ရုံအား ၂၄ နာရီ စောင့်ကြည့်ရန် စေလွှတ်ဖို့ စဉ်းစားခဲ့ဖူးသည်။
သို့သော် လူသုံးဦးလုံးက ဓာတ်ငါးပါး လူသတ်မှုနှင့် ပတ်သက်နေမည်ဟု တွေးတောမိသည့်အခါ၌ သူ၏ အာရုံများကို အခြားနေရာသို့ အာရုံလွှဲလိုက်မိလေသည်။
အသက် လေးဆယ့်တစ်နှစ် ရှိပြီဖြစ်သည့် လျန်ယွီ့ထျန်းက ချင်းရှန်း ဘိလပ်မြေစက်ရုံ၏ စီနီယာ အလုပ်သမား တစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၂၀ နီးပါး အလုပ်လုပ်ခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ဇနီးဖြစ်သူနှင့် ကွာရှင်းခဲ့ပြီး တရားရုံးကလည်း ကလေးအုပ်ထိန်းခွင့်ကို မိန်းမဖြစ်သူထံ အပ်နှံခဲ့သည်။
ထို အစောပိုင်း နေ့ရက်များတွင် လျန်ယွီ့ထျန်းသည် ဘိလပ်မြေစက်ရုံမှ အလုပ်ဆင်းသည်နှင့် လယ်သမားဈေးသို့ သွားရောက်၍ အရက်နှင့် ဟင်းသီးဟင်းရွက်များ ဝယ်ယူလေ့ရှိသည်ကို အိမ်နီးချင်းများ၏ ပြောကြားချက်အရ သိရှိခဲ့ရသည်။
လျန်ယွီ့ထျန်း တစ်ယောက်တည်း အရက်သောက်နေမည်ကို စဉ်းစားမိတော့ မျက်နှာချင်းဆိုင်ရှိ အိမ်နီးချင်းတစ်ဦးက မဖိတ်ခေါ်ထားပါဘဲ သူနှင့်အတူ သောက်ဖို့ ဟန်ပြင်လေသည်။
သူ ဧည့်ခန်းထဲ ရောက်တော့ လျန်ယွီ့ထျန်း၏ ဆိုးဆိုးရွားရွား ပုံစံကို မြင်တွေ့သွားခဲ့ပြီး ချက်ချင်းပဲ ရဲစခန်းသို့ ဖုန်းခေါ်လိုက်တော့သည်။
အစောပိုင်း ရောက်ရှိလာသည့် ရဲအရာရှိများ၏ စုံစမ်းစစ်ဆေးမှုးအရ လျန်ယွီ့ထျန်း ဝယ်ယူလာသည့် အရက်နှင့် အမြည်းများက ထိတောင် မထိရသေးတာကို သိရှိလိုက်ရသည်။
အရန်ဟင်းများကို ပန်းကန်ပြား သုံးချပ်ဖြင့် စားပွဲပေါ်တွင် သေချာ စီတန်းထား၏။
အရက်ဖြူကိုလည်း အဖုံးဖွင့်ပြီး ခွက်သုံးခွက်ထဲသို့ လောင်းထည့်ထားသည်။
အခင်းနေရာရှိ သဲလွန်စများအရတော့ လျန်ယွီ့ထျန်းနှင့် သူ့အိမ်နီးချင်းအပြင် အခြားမည်သူမျှ ဤနေရာတွင် မရှိခဲ့ကြောင်းကို ဖော်ပြနေသည်။
စောင့်ကြည့်ကင်မရာမြင်ကွင်းများတွင်လည်း သူ မနက်ပိုင်း အလုပ်လုပ်ဖို့ ထွက်သွားပြီး ညနေပြန်လာချိန်အထိ လျန်ယွီ့ထျန်း၏ အိမ်ထဲသို့ မည်သူမျှ ဝင်ရောက်ခဲ့ခြင်း မရှိကြောင်းကို မြင်တွေ့နေရသည်။
သူ့ဖုန်းထဲတွင်လည်း မည်သည့် ပုံမှန်မဟုတ်မှုကိုမျှ မမြင်တွေ့ရပေ။
ဖန့်ကွမ်းက နှာခေါင်းကို ရှုံ့ပွရှုံ့ပွ ပြုလုပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ “ ခေါင်းဆောင် … ဒီအိမ်ထဲမှာ သရဲအငွေ့အသက်တွေ ရှိနေတယ် ….”
ဤစကားကြားတော့ အသင်းဝင်များမှာ ကြက်သေသေသွားခဲ့ကြသည်။
သူတို့အားလုံး လီချန်ကျွင်းကို သင်္ကာမကင်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
တစ်ဖက်လူက ရဲအရာရှိလည်း မဟုတ်တာကို ဘာလို့ လီချန်ကျွင်းကို ခေါင်းဆောင်ဆိုပြီး ခေါ်နေရတာလဲ …
လီချန်ကျွင်းက လူတိုင်း၏ ဇဝေဇဝါ ဖြစ်နေသည့် အကြည့်များကို လျစ်လျူရှုထားပြီး ချန်ယွီ့ထံသို့ ကြည့်လိုက်သည်။
ချန်ယွီ့ အသာ ခေါင်းညိတ်ပြသည်ကို မြင်တော့ လီချန်ကျွင်း၏ နှလုံးခုန်နှုန်းတို့ မြန်ဆန်လာသည်။
“ မင်းတို့အားလုံး ထွက်ကြ … ငါ့အမိန့်မပါဘဲ ဒီအနီးနားကို ဘယ်သူမှ လာရောက်ခွင့်မပြုဘူး ….”
“ ဟုတ်ကဲ့ ….”
အသင်းဝင်များအားလုံး အခန်းထဲမှ ချက်ချင်းထွက်ခွာသွားခဲ့ကြသည်။
“ ဖန့်ကွမ်း …. ဒီအခန်းထဲမှာ သရဲအငွေ့အသက်တွေ ရှိတယ်ဆိုတာ မင်းသေချာလား ….” လီချန်ကျွင်း လေးနက်တည်ကြည်စွာ မေးလိုက်သည်။
“ အင်း …” ဖန့်ကွမ်း ခေါင်းညိတ်ပြီး “ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထပ်ကတည်းက မိသားစုက ဝိဉာဏ်နှိမ်နင်းသူတွေ ဖြစ်လာခဲ့တာ သရဲတွေနဲ့ ဆက်ဆံလာတာ နှစ်ပေါင်းမနည်းတော့ဘူး …. ဒါကြောင့်မို့ သူတို့ရဲ့ အငွေ့အသက်တွေကို ရင်းနှီးနေတာ ….”
“ ဒီမှာ ကျန်ခဲ့တဲ့ သရဲရဲ့ အငွေ့အသက်တွေအရဆိုရင် လာသွားတဲ့ သရဲကလည်း သာမန် လေလွင့် သရဲမျိုး မဟုတ်လောက်ဘူး …”