ချန်ယွီ့ … ငါမင်းကို ဖော်ပြီ
Vol. 3 Ch. 24
“ လခွမ်း … ဒီရဲ့ ဇာတ်လမ်းအလှည့်အပြောင်းကလည်း ရိုလာကိုလာစီးနေရသလို တက်လိုက်ကျလိုက်နဲ့ …”
“ အချိုးအကွေ့တွေ များလွန်းလို့ ငါ ခေါင်းတောင် မူးနောက်လာပြီ …”
“ ဒါသာ တီဗွီဇာတ်လမ်းဆိုလို့ကတော့ ဇာတ်လမ်းအလှည့်အပြောင်း မပြောနဲ့ … ပထမတစ်ခုမှာတင် ငါ့ကို လှည့်စားနိုင်နေလောက်ပြီ …”
“ အကုန်လုံးက လှည့်ကွက်တွေ … ဒါတွေ အကုန်လုံးက လှည့်ကွက်တွေတဲ့ …”
“ စီအီးအိုရွှီက သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတာ … ဒါပေမယ့် သူ့ကိုယ်သူ အရူးလုပ်ခံနေရမှန်း မသိဘူးပဲ ….”
“ ငါ ဘာလို့ ခေါင်းရှုပ်ဖို့ကောင်းတဲ့ စုံထောက်ဒရာမာဇာတ်လမ်းကို ကြည့်နေရတယ်ဆိုပြီး ခံစားနေရပါလိမ့် ….”
“ တီဗွီဖန်သားပြင်ပေါ်က ဇာတ်လမ်းတွေ တကယ့်လက်တွေ့ဘဝမှာ ထွက်ပေါ်လာတာပဲ …”
ကြည့်ရှုသူများက အဖြစ်အပျက် အလှည့်အပြောင်းများကို နှစ်ခြိုက်စွာ ခံစားကြည့်ရှုနေခဲ့ကြသည်။
စီအီးအိုရွှီက သူ့ကိုယ်သူ စိတ်ရောဂါ ရှိကြောင်း သိရှိလိုက်ရသည့် အချိန်၌ ဖြစ်ပျက်သွားသည့် မျက်နှာထားကို ကြည့်ရင်း ရွှင်မြူးနေကြလေသည်။
ကံဆိုးစွာဖြင့် သူတို့ ဤတစ်ကြိမ် ရရှိလိုက်သည့် ထိုအရာမဟုတ်ပါဘဲ ရှုပ်ထွေးသည့် စီးပွားရေး ဒရာမာ အလှည့်အပြောင်းပင်။
“ ဒေါက်တာချန် … ငါ တောင်းပန်ပါတယ် … ငါ စောနက သတိလက်လွတ်ဖြစ်သွားခဲ့တယ်….”
“ တောင်းပန်တဲ့အနေနဲ့ ကျေးဇူးပြုပြီး ကာနီဗယ် လက်ဆောင် ၅၀ ကို လက်ခံပေးပါ …”
စီအီးအိုရွှီသည် နှစ်မိနစ်၊ သုံးမိနစ်အတွင်း သူ့ဘဝ၏ အကြီးမားဆုံးသော ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို တွေ့ကြုံခံစားလိုက်ရသည်။
ရောင်စုံတောက်ပနေသည့် ကာနီဗယ် လက်ဆောင်များကို မျက်လုံးထဲ မမြင်သည့်နှယ် ချန်ယွီ့ လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်၏။ “ လူနာ … ကျွန်တော် ခင်များကို သတိပေးရဦးမယ် …”
“ ခင်များရဲ့ အခြေအနေက နည်းနည်းထူးခြားတယ် … ဒီတော့ ကုသနည်းက ဒီတစ်နည်းတည်း ရှိတယ် …”
“ ကျွန်တော် ပြောတဲ့အတိုင်း ခင်များရဲ့ နိုင်ငံခြားမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို လက်လွှတ်ပြီး ပြည်တွင်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရောင်းချရမယ် … ပြီးရင် ဘဏ်အကြွေးတွေကို အမြန်ဆပ်လိုက် …”
“ ခင်များရဲ့ အကြွေးတွေ အကုန်လုံး ရှင်းလင်းပြီးတဲ့ အခါကျမှပဲ အဲ့ဒီ မြေကွက်ကို ဘယ်လိုဆက်လုပ်မလဲ စဉ်းစားလို့ရမှာ …”
ပီတိဖြစ်နေသည့် စီအီးအိုရွှီ၏ မျက်နှာတွင် ထူးဆန်းသည့် အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့၏။
နောက်တစ်စက္ကန့်၌ ချိတ်ဆက်မှု ပြတ်တောက်သွားခဲ့ပြီး စတိတ်စင်ပေါ်၌ ချန်ယွီ့ တစ်ဦးတည်းသာလျှင် ကျန်ရစ်ခဲ့တော့သည်။
“ ဒါ ဘယ်လိုလူစားမျိုးလဲ အဲ့တာ … ဒေါက်တာချန်က ကြင်နာမှုအပြည့်နဲ့ သူ့ဘဝကို ကယ်တင်ပေးတာတောင် ကျေးဇူးတင်စကား မပြောဘဲ ထွက်သွားခဲ့တယ်ဆိုပဲ …”
“ ငါတော့ ဒေါက်တာချန် ဒီလိုမျိုး အကုသိုလ်ကောင်ကို မကယ်တင်ပေးသင့်ဘူးလို့ ထင်တယ် …”
“ စီအီးအိုရွှီ သူ ဒေါက်တာချန်ပြောတဲ့အတိုင်း လုပ်မှာ မဟုတ်ဘူးလို့ လောင်းရဲတယ် …”
“ ဒေါက်တာချန် … တကယ်လို့ သူသာ မင်းပြောတဲ့တိုင်း လိုက်မလုပ်ရင် ဘာဖြစ်သွားမှာလဲ …”
ကျေနပ်အားရမှု မရှိကြသည့် ကြည့်ရှုသူများက ချန်ယွီ့ထံသို့ အဖြေတောင်းလာကြသည်။
ချန်ယွီ့ လိုရင်းတိုရှင်းနှင့် နားလည်သဘောပေါက်လွယ်သည့် အဖြေတစ်ခု ပေးလိုက်၏။
“ သူ ဒေဝါလီခံလိုက်ရပြီး သူ့ဘဝလည်း ပျက်သွားမယ် …”
“ စီအီးအိုရွှီရဲ့ လက်ထဲမှာ မြေကွက်ကျန်နေသေးတယ်လေ … သူ ဒေဝါလီ မခံသွားလောက်ပါဘူး ဟုတ်တယ်မလား …”
ကြည့်ရှုသူတစ်ယောက်က မေးမြန်းလိုက်သည်။
“ တကယ်လို့ သူ့မှာ ဘဏ္ဍာ ရန်ပုံငွေ မရှိရင် အဲ့ဒီ ဆောက်လုပ်ရေးတွေကို ဘယ်လိုလုပ် စနိုင်မှာ …”
ချန်ယွီ့ မတ်တပ်ရပ်၍ ရေတစ်ခွက် ထခပ်လိုက်သည်။
ရေသောက်နေရင်းဖြင့် တစ်ချို့ မေးခွန်းများကို ဖြေပေးလိုက်၏
“ စီအီးအိုရွှီရဲ့ လက်ထဲမှာ ဆောက်လုပ်ရေးပိုင်းအတွက် အသုံးပြုလို့ကောင်းတဲ့ ယွမ်သုံးဘီလီယမ်တန် မြေကွက်ရှိနေတာ မှန်တယ် …”
“ ဒါပေမယ့် …. ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူးဆိုရင်တော့ … အဲ့မြေကွက်က သူ့အသက်ကိုတောင် ယူသွားလိမ့်ဦးမယ် …”
စခရင်ထက်တွင် ပြည့်နှက်နေသည့် မေးခွန်းများကို ချန်ယွီ့ တစ်ချက်ကြည့်ရင်း ၎င်းတို့အား သူ ဖတ်မိသလောက် တစ်ခုချင်းစီ ဖြေကြားပေးလိုက်သည်။
“ စီအီးအိုရွှီရဲ့ နိုင်ငံခြားက ပိုင်ဆိုင်မှုက အခွန်ရှောင်ထားတာ နှစ်တွေ တော်တော်ကြာပြီ …”
“ အဲ့နိုင်ငံက သူ့ကို စံပြဥပမာအနေနဲ့ နောက်လူတွေကို ပြဖို့ ဆုံးဖြတ်ထားပြီးပြီ …”
“ သူ့ဘက်က ငွေတွေ အများကြီးသုံးပြီး ရှေ့နေလိုက်ရင်တောင် နောက်ဆုံး ဘာတစ်ခုမှ လက်ထဲ ထိန်းထားလိုက်နိုင်မှာ မဟုတ်ဘူး ..”
“ တကယ်လို့ သူသာ ငါ့စကားနားထောင်ပြီး တရားရင်ဆိုင်မနေဘဲ နိုင်ငံခြားက ပိုင်ဆိုင်မှုတွေကို အသာတကြည် လက်လွှတ်လိုက်မယ်ဆိုရင် အနည်းဆုံးတော့ ရှေ့နေခ သန်းနဲ့ချီပြီး သက်သာလိမ့်ဦးမယ် …”
“ ပြီးတော့ အဲ့တာက သူ့ကို ပြည်တွင်းက ပြဿနာတွေ ကိုင်တွယ်တဲ့ နေရာမှာလည်း ပိုပြီး အာရုံစိုက်နိုင်အောင် လုပ်ပေးလိမ့်မယ် …”
နိုင်ငံခြား၌ စီအီးအိုရွှီ ပြဿနာတက်နေသည့် ကိစ္စများအား ပြောကြားပြီးနောက် ချန်ယွီ့က ပြည်တွင်းဘက်သို့ လှည့်လာခဲ့သည်။
“ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးကို ရောင်းချပြီး ဘဏ်နဲ့ သူ့စီးပွားဘက် ပါတနာတွေကို အကြွေးပေးရမယ် …”
“ အဲ့လိုမှပဲ လက်ထဲရှိတဲ့ အဲ့မြေကွက်ကို ထိန်းထားနိုင်ပြီး ဒေဝါလီမခံလိုက်ရမှာ …”
“ နောင်ကျ အဲ့မြေကွက်မှာ ဆောက်လုပ်ရေးတွေ လုပ်ဖို့ လိုအပ်တဲ့ ငွေတွေကို ဖြည်းဖြည်းချင်း တိုးမြင့်လို့ရတယ် …”
“ တကယ်လို့ သူ့ရဲ့ အဲ့ဒီမြေကွက်ကို ဈေးမြင့်မြင့်ပေးပြီး လာဝယ်မယ့် ဝယ်သူတစ်ယောက်ကို စောင့်နေမယ်ဆိုရင်တော့ … အဲ့တာက သူ့ကို ပိုလို့တောင် မြန်မြန် ပျက်စီးစေဦးမယ် …”
ချန်ယွီ့က ကောင်းကင်လျှို့ဝှက် နည်းဗျူဟာဖြင့် တွက်ချက်ပြီး စီအီးအိုရွှီ၏ အနာဂတ်ကို ဖတ်ရှုခဲ့သည်။
“ မြေကွက်အောက်မှာ ရှေးဟောင်းအုတ်ဂူတွေ မရှိဘူးဆိုတာ သိတော့ စီအီးအိုရွှီ သူ့ကိုယ်သူ အခွင့်အရေး ရှိသေးတယ်လို့ ထင်တယ် …”
“ စိုးရိမ်ဖို့ကောင်းတဲ့ အခုလို အခြေအနေမျိုးမှာ ရှင်သန်နိုင်ဖို့ အရာအားလုံးကို အရင်လက်လျှော့ရတယ်ဆိုတာကို သူ မသိဘူး …”
“ ဒါက shock therapy ပဲ …”
“ စီအီးအိုရွှီမှာ မြေကွက်ထဲ ဆောက်လုပ်ရေးလုပ်ဖို့ ဘဏ္ဍာငွေ မရှိတော့ ဈေးမြင့်မြင့်ကမ်းပေးမယ့် ဝယ်သူကို စောင့်တယ် …”
“ ဘယ်သူကမှ အဲ့တာကြီးကို မလိုချင်ကြဘူး … အဲ့ဒီအစား သူတို့အားလုံး အတူစုစည်းပြီး စီအီးအိုရွှီရဲ့ ကုမ္ပဏီ မြန်မြန် ဒေဝါလီ ခံလိုက်ရအောင်ပဲ ဝိုင်းလုပ်ကြမှာ ….”
“ ဘာပဲဆိုဆို သူ ဒေဝါလီခံလိုက်ရတာနဲ့ မြေကွက်ကလည်း လေလံတင်ပြီး ရောင်းခံလိုက်ရမှာပဲလေ …”
လိုက်စထွင်း ကွန်းမန့်ခန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။
ကြည့်ရှုသူများအားလုံး စီးပွားရေးလောကက စစ်တလင်းသဖွယ် ဖြစ်သည်ဟု လူအများ ပြောဆိုကြသည်ကို ကြားဖူးသော်လည်းပဲ ထိုအရာက တင်စားပြီး ခေါ်ဝေါ်သည့် နာမဝိသေသခုမျှပင်။
သို့သော် ယခု … လူတိုင်းက အဘယ်ကြောင့် ထိုသို့ ဆိုကြသည်ကို နားလည်သဘောပေါက်သွားကြပြီ ဖြစ်၏။
“ ဆရာဝန်က လူနာရဲ့ ရောဂါကို ခွဲခြမ်းစိတ်ဖြာပြီး သင့်တော်မယ့် ကုသနည်းတွေ ပေးလို့ရတယ် … ဒါပေမယ့် လူနာကို သူတို့ပြောတဲ့အတိုင်း လိုက်လုပ်ပါလို့ အတင်းအကြပ် တိုက်တွန်းလို့တော့ မရဘူး …”
ချန်ယွီ့၏ လေသံထဲတွင် စိတ်မကောင်းသည့် အငွေ့အသက်တို့ ပြည့်နှက်နေခဲ့၏။
သူ့ဘက်က စီအီးအိုရွှီကို အခွင့်အရေး တစ်ခု ပေးခဲ့ပြီး ဖြစ်သည်။
သို့တိုင် ထိုလူက သေမည့်လမ်းကိုသာ လျှောက်လှမ်းချင်နေသေး၏။
“ သားရီးတို့ … ငါတို့ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ် …”
“ ဘာပွဲတုန်း …”
“ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်] ဒီကို ရောက်နေပြီ …”
“ အိုဟိုး … စိတ်ဝင်စားဖို့ကောင်းတာတွေတော့ ဖြစ်တော့မယ် …”
“ သူက နာမည်ကြီး အနုပညာရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကို ပစ်မှတ်ထားပြီး သားကောင်လိုက်ဖမ်းတာတဲ့နော်…”
“ အမှန်ပဲ … အဲ့အတိုင်း အတိအကျပဲ …”
“ သူ ဒီကိုရောက်လာခဲ့တယ်ဆိုတော့ ဒေါက်တာချန်ရဲ့ အတင်းအဖျင်းတွေကို ဖွင့်ချပြတော့မလို့များလား …”
တရစပ်မြင့်တက်နေသည့် ကွန်းမန့်များ ထွက်ပေါ်လာနေစဉ်တွင် အနက်ရောင် ကိုင်းမျက်မှန်ကို တပ်ဆင်ထားသည့် လူတစ်ဦးက ချန်ယွီ့စခရင်၏ ဘယ်ဘက်ထောင့်တစ်နေရာတွင် ထွက်ပေါ်လာခဲ့သည်။
သူ၏ သွင်ပြင်က အသက်သုံးဆယ် သို့မဟုတ် လေးဆယ် အရွယ် လူလတ်ပိုင်း တစ်ဦးနှင့် တူသည်။
အမျိုးသားက သူ၏ ကိုင်းမျက်မှန်ကို ချန်ညှိလျက် ထူးဆန်းသည့် အကြည့်တစ်ချက်က သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့သည်။
ယင်းက နာမည်ကြီး ကလေးစုံထောက် ကိုနန်၏ နာမည်ကြီး လှုပ်ရှားကွက်ပင်။
“ သေချာပြီ … [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က သူတစ်ခုခု မလုပ်ခင် အဲ့လို အမြဲတမ်း လုပ်တယ် …”
“ ဒီလူက တကယ်ကို မခေတာနော် ဒေါက်တာချန် … မင်း သတိထား … ဟန်ကျိုးမြို့က နာမည်ကြီး အနုပညာရှင်တွေ သူ့ကြောင့်နဲ့ ဘယ်နှစ်ယောက်လောက် ထိခိုက်နစ်နာခဲ့ရပြီးပြီလဲဆိုတာ ဘယ်သူမှ အတိမကျ မသိဘူး …”
“ ဒေါက်တာချန် တစ်ခုခု မဟုတ်တာ မလုပ်ထားသရွေ့ ဘာကြောက်စရာမှ မရှိပါဘူး …”
“ ဟန်ကျိုးရဲ့ နာမည်ကြီး ထိပ်တန်း စွန့်ဦးစီးပွားရေး လူငယ် လုပ်ငန်းရှင် ဆယ်ယောက် အရင်တစ်ခေါက်က သူ့ကို အပြစ်ပြုမိပြီး သူတို့ရဲ့ ဂုဏ်သတင်းတွေ ဘယ်လိုတောင် ဆိုးရွားစုတ်ပြတ်သွားခဲ့လဲဆိုတာ မင်းတို့ကောင်တွေ မမေ့နဲ့ဦးလေ …”
“ ပြီးတော့ ဝူလျန်ကွမ် တာအိုဘုရားကျောင်းက တာအိုဘုန်းတော်ကြီး တစ်ပါးလည်း ကျန်သေးတယ် … သူ့ ဂုဏ်သတင်းကိုလည်း ဒီငနဲပဲ ဖျက်စီးခဲ့တာ …”
“ ငါက တခြားမြို့က ပရိသတ်တစ်ဦးပါ … ဒီ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က မင်းတို့ ပြောသလို တကယ်ပဲ အံ့ဩဖို့ ကောင်းတာလား …”
ဟန်ကျိုး ကြည့်ရှုသူများ၏ ဖော်ပြချက်အရ ၊ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]သည် ဒေသတွင်း နာမည်ကြီး အနုပညာရှင်တို့၏ ဝိပါက်ဖြစ်၏။
သူက ဖျော်ဖြေရေးနယ်ပယ်ထဲ ခြေချတာ မကြာသေးသော်လည်း နာမည်ကြီး အနုပညာရှင် တစ်ရာကျော်၏ အတင်းအဖျင်းများကို ဖွင့်ချပြခဲ့ပြီး ဖြစ်လေသည်။
တစ်ချိန်တည်းတွင် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က တခြားသူများ၏ ကိုယ်ရေးကိုယ်တာ အတင်းအဖျင်းများကို ဖွင့်ချပြနေစဉ် သူ၏ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားခဲ့သည်။
ယခုအချိန်ထိတိုင် အင်တာနက် အသုံးပြုသူတို့မှာ ဤငနဲ ဟန်ကျိုးမြို့ပြင်ဘက်က ရောက်လာသည် ဆိုသည့် အရာတစ်ခုတည်းကိုပဲ သိထားကြသည်။ သူ့အသက်က လေးဆယ်အရွယ်ခန့်ရှိပြီ ဖြစ်ပြီး ဟူယွီစထွင်းမင်း ပလတ်ဖောင်းကတစ်ဆင့် အောင်မြင်ကျော်ကြားမှုတို့ ရရှိလာခဲ့သည်။
“ ဟယ်လို ဒေါက်တာချန် … ငါရဲ့ တောင်းဆိုမှုကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ….”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ချန်ယွီ့ကို ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်လိုက်သည်။
သူ့ပုံစံက ဤနေရာသို့ ပြဿနာရှာရန် ရောက်မလာသည့်လူလိုပင်။
စစချင်းတုန်းကတော့ ချန်ယွီ့၏ အမူအရာမှာ ရေခဲသဖွယ် အေးစက်နေခဲ့သည်။ ထို့နောက် နဂိုမျက်နှာထားအတိုင်း ပြန်ဖြစ်သွားခဲ့၏။
“ လူနာ … ခင်များရဲ့ စိတ်ရောဂါ အခြေအနေက တော်တော်ဆိုးဆိုးရွားရွားကြီးကို ပြင်းထန်နေပြီ … အဲ့တာက ----- “
“ ဒီအကွက်ပဲ လာပြန်ပြီ …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ချန်ယွီ့၏ စကားကို ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်သည်။
သူ့လေသံက စစချင်း ပျူငှာယဉ်ကျေးမှုနှင့် လားလားမျှ မသက်ဆိုင်တော့ချေ။
“ မင်းရဲ့ လှည့်ကွက်လေးတွေက တခြားလူတွေကိုသာ လှည့်စားရင် လှည့်စားလို့ ရမယ် … ငါ့အတွက်တော့ ကစားစရားစရာ သာသာပဲ …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး သူ၏ လေသံက ဝေဖန်ထေ့ငေါ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
“ ချန်ယွီ့ ၊ အသက် ၂၂ နှစ် ၊ ဟန်ကျိုးမြို့သား …”
“ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဟန်ကျိုးတက္ကသိုလ်ကနေပြီး စိတ်ပညာမေဂျာနဲ့ ဘွဲ့ရတယ် …”
“ သိပ်မကြာခင်တုန်းက မင်းရဲ့ ဆွေမျိုးသားချင်း တစ်ယောက် နိုင်ငံခြား ထွက်သွားခဲ့ပြီး မြစ်လမ်းထဲမှာ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကို မင်းဆီ ပေးထားခဲ့တယ် ….”
“ မင်းက အဲ့ဒီဆိုင်ကို စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးပေးတဲ့ ဆေးကုခန်းလုပ်ပစ်လိုက်ပြီး ဖွင့်ထားတာလည်း အခုမှ နှစ်ရက်တည်း ရှိသေးတယ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က လိုက်စထွင်းထဲသို့ ဝင်လာပြီးသည်နှင့် ပြင်းထန်သည့် ထိုးနှက်ချက်များအား အသင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
သူက ချန်ယွီ့၏ လက်ရှိ အခြေအနေအကြောင်းကို ဖော်ထုတ်ရုံမျှမက ….
ချန်ယွီ့ တက်ခဲ့သည့် မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းကျောင်းများကိုပါ ဖော်ထုတ်ခဲ့သည်။
“ ငါ မင်းနဲ့ မင်းတို့ အသင်းရဲ့ လှည့်ကွက်လေးတွေ အကုန်လုံးကို လေ့လာထားပြီးပြီ …”
“ ငါ ဒီနေ့ ဒါတွေ အားလုံးကို အများပြည်သူ သိရအောင် ကြေညာသွားမယ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က စားပွဲပေါ်တွင် ပရင့်ထုတ်ထားသည့် စက္ကူစာရွက် အနည်းငယ်ကို ကောက်ကိုင်ပြီး မျက်မှန်တစ်ချက် ပင့်၍ ချန်ယွီ့ကို ကြည့်လိုက်သည်။
“ လောကကြီးမှာ အမှန်တရားက တစ်ခုတည်းရှိတယ် … ချန်ယွီ့ … ငါ ဒီနေ့ မင်း အလိမ်တွေကို ဖော်ပြီ …”