မင်းက မင်းကိစ္စ မင်းလုပ် … ငါက ငါ့ကိစ္စ ငါလုပ်မယ်
Vol. 23 Ch. 228
“ ဘုန်းကြီး ဒီရောက်လာတာက တိရစ္ဆာန်တွေကို ဈေးနည်းနည်းနဲ့ ရောင်းချပေးဖို့ ဆွေးနွေးဖို့ အတွက်ပဲ ….”
“ အဲ့လိုဆိုရင် ဘုန်းကြီးတို့လည်း တိရစ္ဆာန်တွေ လွှတ်ရင်း ကုသိုလ်တွေ ယူနိုင်ပြီး လူတိုင်းလည်း ငွေကြေးဖိအား ခံစားစရာ မလိုတော့ဘူး … ဒါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်ဘူးလား ….”
အတိတ်တွင်တုန်းက ထရပ်ကားများကို ဟန့်တားပြီး တိရစ္ဆာန်များအား တောင်းဝယ်ရာတွင် ဒရိုင်ဘာများက မကြာခဏဆိုသလို ပိုက်ဆံများစွာ တောင်းကြလေ့ရှိသည်။
လူတိုင်း၏ ငွေကြေးဖိအားကို လျှော့ချဖို့အတွက် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]သည် သက်လတ်ပိုင်း ဒရိုင်ဘာ၏ ဖုန်းနံပါတ်ကို တောင်းထားခဲ့သည်။
သူ၏ မိတ်ဆက်ပေးမှုကတစ်ဆင့် ဤနေရာရှိ သူဌေးအကြောင်းကို သိလာခဲ့ရသည်။ ဓားစင်ထက်သို့ ရောက်လုဆဲဆဲ တိရစ္ဆာန်များကို လက်ကားဈေးဖြင့် ဝယ်ယူပြီး ဘေးမဲ့ လွှတ်ပေးဖို့ရာအတွက် ဆွေးနွေးနေကြခြင်းပင်။
လိုက်စထွင်းထဲရှိ ကြည့်ရှုသူများမှာ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ အရှက်ကင်းမဲ့မှုကို အတော်လေး ရှော့ခ်ရနေမိကြသည်။
သူ့မျက်နှာမှာ တစ်ချက် နီမြန်းသွားခြင်း မရှိသလို ချွေးတစ်ပေါက်ပင် စို့သွားခြင်း မရှိပေ။
သူ တကယ်ကြီး လူတိုင်းကို မူလတန်းကလေးတွေလို့များ ထင်နေတာလား … ဒါမှမဟုတ် သူတို့ကို ကန်းနေတဲ့လူလို့ ထင်နေတာလား …
အားဟွေ့လည်း [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ရှင်းပြချက်ကို မယုံကြည်ပေ။ သူမက မြေပေါ်ကျနေသည့် ဆေးလိပ်တိုကို ကြည့်ပြီး “ ရှင်က ဘုန်းကြီး … ဘာကြောင့် ဆေးလိပ်သောက်တာလဲ ….”
“ ပြီးတော့ အဲ့ဒီ ဒရိုင်ဘာပြောတာ ရှင်နဲ့ သူနဲ့ အတူပူးပေါင်းပြီး အလုပ်လုပ်တာက ပထမဆုံးအကြိမ် မဟုတ်တော့ဘူးဆို … အဲ့ကိစ္စကို ရှင် ဘယ်လိုရှင်းမလဲ …”
“ ဆေးလိပ်ကိစ္စကတော့ …. အော်မီထော်ဖော …..”
“ တကယ်လို့ ဘုန်းကြီးတို့က အသတ်ခံရတော့မယ့် ကြက်လေးတွေ၊ ဘဲလေးတွေ၊ ငန်းလေးတွေ ၊ ခွေးလေးတွေနဲ့ တခြား တိရစ္ဆာန်လေးတွေကို ဈေးနည်းနည်းနဲ့ ဆိုင်ရှင်ကို ရောင်းချပေးခိုင်းဖို့အတွက်ဆိုရင် ဘုန်းကြီးတို့က သူနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့လိုအပ်တယ်… “
“ အရှင်မြတ်ဗုဒ္ဓက တစ်ခါ မိန့်ဆိုခဲ့ဖူးတယ် … တကယ်လို့ ငါ ဘုရားက ငရဲကို မဆင်းဘူးဆိုရင် ဘယ်သူက ငရဲကို ဆင်းမှာလဲ ….”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အာမခံချက် အပြည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး “ ဆေးလိပ်သောက်ရင်းနဲ့ ဘုန်းကြီးတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာပြီး ဆွေးနွေးလို့ ကောင်းသွားမယ် ….”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ အရှက်ကင်းမဲ့မှုက ကြည့်ရှုသူများ၏ အမြင်ကို တစ်ဖန် ဆန်းသစ်သွားစေခဲ့ပြန်သည်။
ဒီဘုန်းကြီးက MLM မလုပ်တာ သူ့ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲ …
နှမြောဖို့ကောင်းလိုက်လေခြင်း …
သူ့ရဲ့ လျှာစောင်းကလည်း ထက်တယ် … မျက်နှာအရေကလည်း မြို့ရိုးနံရံလောက်ကို ထူတယ် …
ယခုအချိန်၌ စကားပြောခန်းထဲတွင် လူနှစ်ပိုင်း ကွဲနေသည်။
အချို့က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို နည်းလမ်းအမျိုးမျိုးဖြင့် လှောင်ပြောင်နေကြပြီး အခြားတစ်ဖက်ကတော့ အားဟွေ့ကို တစ်ဖက်သူ၏ ပေါက်တတ်ကရ လှည့်ကွက်များထဲ မျှောပါမသွားဖို့ ဖျောင်းဖျနေခဲ့ကြသည်။
“ အားဟွေ့ ….” [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အသံကို နိမ့်ပြီး “ ဘုန်းကြီးက လူတွေ အကုန်လုံးထဲမှာ မင်းကို ယုံကြည်ဆုံးပဲ … မင်းက ဉာဏ်အကောင်းဆုံးလည်း ဟုတ်တယ် ….”
“ အခု … ဘုန်းကြီး မင်းကို အမှန်အတိုင်း ပြောပြတော့မယ် … ကျေးဇူးပြုပြီး ဘုန်းကြီးကိုယ်စား လျှို့ဝှက်ထားပေးပါ ….”
“ ဘုန်းကြီး ကိုယ့်အသိစိတ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုး တစ်ခါမှ မလုပ်ဖူးဘူးဆိုပေမယ့် ဒီကိစ္စကတော့ နည်းနည်းရှုပ်ထွေးတယ် ….”
“ ဒီကိစ္စ အပြင်ကို ပေါက်ကြားသွားတာနဲ့ မီးလောင်ရာ လေပင့်မယ့်လူတွေ အများကြီးပဲ … သူတို့က ဘုန်းကြီးတို့ ကောင်းမှု ကုသိုလ်ယူနေတာကို တိုက်ခိုက်လာကြလိမ့်မယ် ….”
“ မင်းရဲ့ ဖုန်းနံပါတ် ဘုန်းကြီးကိုပေး .. ဘုန်းကြီး နောင်ကျ ဘုရားရှိခိုးတိုင်း တစ်မိသားစုလုံးကို မေတ္တာပို့ပေးမယ် … နောင်ကျ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီး ပျော်ရွှင်မှုကို ခံစားရနိုင်မယ် …”
ပြောရင်းဖြင့် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က မသိမသာနှင့် အားဟွေ့၏ ဖုန်းကို လှမ်းယူဖို့ လုပ်သည်။
အားဟွေ့ ကြက်သီးဖြန်းသွားပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ သူမနှင့် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကြားထဲ အကွာအဝေး တစ်ခု ပိုင်းခြားထားလိုက်လေသည်။
“ ရှင်က အခုချိန်ထိတောင် ကျွန်မကို လိမ်နေတယ် … ရှင် သိပ်တရားလွန်သွားပြီ ….”
အားဟွေ့၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာခဲ့ပြီး [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို မေးခွန်းထုတ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
အိပ်ခန်း ကြမ်းခင်းအောက်မှာ ဝှက်ထားတဲ့ ပိုက်ဆံတွေက ဘာတွေလဲ …
အထဲမှာ ငွေသားချည်းသပ်သပ် ယွမ် တစ်သန်းကျော်လောက် ရှိနေတယ် …
အားဟွေ့က ဘုန်းကြီးကျောင်း၏ စာရင်းကိုင် ဖြစ်ပြီး တစ်ပြားတစ်ချပ်ချင်းစီတိုင်းကို တိတိကျကျ မှတ်သားထားသည်။
ထိုမှ များပြားလှသည့် ငွေများကို ဘုန်းကြီးကျောင်းသို့ လှူဒါန်းသည်အား သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို ယုံကြည်သူများကလည်း ငွေများများစားစား မရှိသည့် သာမန်လူများသာ ဖြစ်၏။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ဦးနှောက်ဆေးခြင်းကို ခံထားရသည့် အားဟွေ့သည် သာမန်လူများတွင် ရှိသင့်ရှိထိုက်သည့် ဉာဏ်ရည်တို့ ပြ်လည်ရရှိလာလေသည်။
“ အဲ့တာက ……. “
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ အမူအရာမှာ တစ်ဖန် ပြောင်းလဲသွားခဲ့၏။
ချီးပဲ … ဘယ်လူမသားက ငါ အိပ်ခန်းကြမ်းခင်းအောက်မှာ ပိုက်ဆံဝှက်ထားတာကို ပြောပြလိုက်တာလဲ …
အဆိုပါ ယွမ်တစ်သန်းကျော်က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] ယခင် ၂ နှစ်တာ ကာလပတ်လုံး စုဆောင်းထားခဲ့သည့် ပိုက်ဆံများ ဖြစ်သည်။
သူကလွဲပြီး တစ်လောကလုံးတွင် ထိုအကြောင်းကို သိသူ ဒုတိယ တစ်ယောက် မရှိကြောင်း သေချာသည်။
“ စောက်ဘုန်းကြီးအိုကြီး .. မင်း လိုချင်တဲ့ငွေတွေ ငါ ယူလာပေးပြီ ….”
ထိုအချိန်မှာပဲ ဝဖိုင့်ဖိုင့်နှင့် အမျိုးသား တစ်ဦးက အနက်ရောင် အိတ်တစ်လုံးကို သယ်ဆောင်လျက် လျှောက်လှမ်းလာသည်။
သူက လျှောက်လှမ်းလာရင်း [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို စိတ်မရှည်ရကောင်းလားဟု စနောက်နေလိုက်သေးသည်။
သူ ခေတ္တ ခဏမျှ အပြင်ထွက်သွားခဲ့သော်လည်း [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကတော့ လူကို သုံးလေးကြိမ်လောက် ဖုန်းခေါ်နေသည်။
ထိုအချိန်၌ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]မှာ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါက်သွားခဲ့တော့သည်။
ဘာလို့ အရာအားလုံး တစ်ချိန်တည်း လာဖြစ်နေရတာလဲ …
“ ဘာတုန်း ကတုံး … မင်း ဘာဖြစ်နေတာ … သွားကိုက်နေတာလား ….”
အိတ်သယ်လာသည့် ဖက်တီးက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နှင့် မီတာ အနည်းငယ် အကွာတွင် ရပ်တန့်သွားရင်း လှမ်းမေးလိုက်သည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ကြွက်သွားတို့က တွန့်လိမ်နေပြီး သူ့မျက်နှာကလည်း အကျည်းတန်လို့နေသည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သက်လတ်ပိုင်း ဖက်တီးကို သတ်မည်၊ဝါးမည်ဟူသော အကြည့်မျိုး ပေးရင်း မျက်လုံးကြီး နှစ်လုံးကလည်း မနားတမ်း မျက်တောင်ခတ်ပြနေသည်။
“ တော်စမ်းပါ ကတုံးရာ … မင်း ငါ့ဆီလာတိုင်း ဒီလို အမူအရာတွေ လုပ်ပြပြီး ငါ့ကို စမ်းသပ်နေကြ …”
“ အဲ့လို လုပ်စရာ မလိုပါဘူး… ကလေးကို သင်ပြပေးနေတာလည်း မဟုတ် …..”
“ ငါတို့ကောင်တွေ စီးပွားရေး လုပ်လာတာ ဒီလောက် နှစ်တွေကြာနေပြီကို ငါ နားမလည်တာတွေ ရှိသေးလို့လား ….”
“ တစ်ခုခု လွဲချော်သွားခဲ့ရင် ဘာပြောရမယ်ဆိုတာ ငါ သိပြီးသား ….”
ဖက်တီးက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ဘက်ခြမ်းသို့ လျှောက်လာခဲ့ပြီး သူ့လက်ထဲက အိတ်ကို အောက်ချလိုက်သည်။
“ ငွေက အိတ်ထဲပါတယ် … ရေကြည့်လိုက် …. စုစုပေါင်း နှစ်သိန်းနှစ်သောင်းပဲ ….”
“ ဒီတစ်ခေါက်နဲ့ အရင်တစ်ခေါက်က ပမာဏကို ပေါင်းပြီး ပေးတာနော်…..”
အားဟွေ့က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ နောက်ကျောဘက်တွင် ရပ်နေတာကို မြင်သော်လည်း ဖက်တီးကြီးက မည်သည့် မူမမှန်မှုကိုမျှ မခံစားရပေ။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နှင့် သဘောတူထားသည့် အတိုင်း ကတုံးက သူ့အား မျက်စပစ်ပြသည်နှင့် ဖက်တီးကြီးက သူနှင့် ချက်ချင်းပဲ အကွာအဝေးတစ်ခု ခြားထားလိုက်သည်။
သူ ထိုသို့ပြောလိုက်သော်လည်း အားဟွေ့ကို အပြင်လူဟု မမှတ်ယူထားပေ။
သက်လတ်ပိုင်း ဖက်တီးက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နှင့် အကြိမ်ပေါင်းများစွာ အလုပ်တွဲလုပ်ဖူးပြီး အားဟွေ့ကိုလည်း ယခင်က မြင်တွေ့ဖူး၏။
အားဟွေ့က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] လက်အောက်ရှိ အချိန်ပိုင်း စာရင်းကိုင် တစ်ယောက် ဖြစ်ကြောင်း သိထားလေသည်။ အကုန်လုံးက တစ်လှေတည်း စီးနေကြသူများဖြစ်ရာ မည်သည့်အတွက်ကြောင့် သိုဝှက်ထားရမည်နည်း။
“ ပြီးတော့ ကြိုပြောထားလိုက်ဦးမယ် … နောက်တစ်ခါ ပိုက်ဆံလိုရင် လေးငါးရက် ကြိုပြောထားကွ ….”
“ ဒီဘက်ခေတ်မှာ ဘယ်ကောင်ကမှ ငွေသားအများကြီး မကိုင်ကြတော့ဘူး …. ဘဏ်ကနေ တစ်ချီတည်း အများကြီး ထုတ်ဖို့ဆို ကြိုပြီး ခွင့်ပြုချက် ယူရသေးတယ် …”
“ အခု မင်းတောင်းတဲ့ ငွေတွေ ပေးဖို့ ငါ့မှာ လူ တစ်ဒါဇင်ကျော်လောက်နဲ့ တွေ့လိုက်ရတယ် … ပြေးလိုက်လွှားလိုက်နဲ့ လူလည်း ဝိတ်တောင် ဖြည်းဖြည်းချင်း ကျလာပြီ ….”
“ ပြောခါမှ မင်းလည်း တကယ့် ထူးဆန်းတဲ့ကောင် … အခု ဘယ်ခေတ်ရောက်နေပြီထင်တုန်း …. ဘဏ်ကတ် မသုံးရင်တောင် အင်တာနက်က ငွေလွှဲလို့အဆင်ပြေမယ့် အက်ပ်တစ်ခုခုလောက်သုံးသင့်တာကို အခု မင်းဟာကြီးက ငွေသားတဲ့လားကွာ ….”
“ တကယ်လို့ မင်း ငွေတွေ အခိုးခံလိုက်ရရင် မင်း ဘယ်သူ့ကို သွားငိုပြမှာ ….”
“ အိုးဟုတ်သား… ငါမင်းကို ပြောဖို့ လိုတာ ရှိသေးတယ် ….”
ဖက်တီးကြီးက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ လူသတ်ချင်နေသည့် အမူအရာကို သတိထားမိပုံ မပေါ်ပေ။
စီးပွားရေး ကိစ္စများအကြောင်း ဆက်လက် ပြောဆိုနေခဲ့သည်။
သိပ်မကြာခင်တုန်းက ဝက်မွေးခြံတစ်ခုတွင် သတ်ခံရတော့မည့် ဝက်တစ်သုတ်က ရောဂါ ကူးစက်ခြင်း ခံခဲ့ရ၏။
ဝက်ခြံပိုင်ရှင်က ၎င်းတို့ကို အလကားသပ်သပ် သေခိုင်းလိုက်ဖို့ရာ နှမြောဿဿ ဖြစ်နေမိသည်။
ဖက်တီးဘော့စ်က ဖုန်းထဲမှ တစ်ဆင့် ဝက်ခြံပိုင်ရှင်၏ သတင်းနှင့် ဖုန်းနံပါတ်ကို ရရှိခဲ့သည်။
သူ တစ်ခေါင်းကို ယွမ် ၅၀၀ အထိ ဈေးလျှော့နိုင်ခဲ့လေသည်။
ဝက်တွေကလည်း တိရစ္ဆာန်ပဲ ဖြစ်၏။
အကယ်၍ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သူတို့ကို ဝယ်ယူပြီး ဘေးမဲ့ လွှတ်ပေးမည်ဆိုပါက သူ့ ကိုးကွယ်သူ တစ်သိုက်မှာ ကျိန်းသေပေါက် ငြင်းဆန်ကြမှာ မဟုတ်ပေ။
ကိုးကွယ်သူများလည်း စိတ်ကျေနပ်မှုရပြီး … ဖက်တီးနှင့် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]သည်လည်း ဤသည်ကတစ်ဆင့် အကျိုးအမြတ် ရနိုင်ပေမည်။
ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် သတ်ခြင်း ဖြစ်၏။
“ ကတုံးကြီး … ဒါ တံခါးဝကို အရောက်ပေးပို့လာတဲ့ အခွင့်အရေးကောင်းကြီးနော်… မင်း စိတ်မဝင်စားတာတော့ မဖြစ်နိုင်ဘူး … ဟုတ်တယ်မလား ….”
“ အဲ့ဒီ မင်းကို ကိုးကွယ်နေတဲ့ စောက်ရူးတွေကလည်း မင်း ပြောသမျှ အကုန် လိုက်ယုံကြတာပဲ … ရောဂါရှိနေတဲ့ ငါးယွမ်တန် ယုန်တစ်ကောင်ကို မျက်တောင်တစ်ခတ်အတွင်းမှာပဲ သိန်းချီတင်ပြီး ရောင်းလိုက်နိုင်တယ် ….”
“ ငါ့အထင်တော့ ဒီဘက်ခေတ်မှာ ငွေရှာကြမ်းဖို့ဆိုရင် လူက ရက်စက်တတ်ဖို့လည်း လိုတယ်လို့ ထင်တယ် ….”
စကားအများအပြား ပြောပြီးနောက်တွင် ဖက်တီးဘော့စ်က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]သည် စကားတစ်လုံးမျှ ဝင်မပြောဘဲ သူ့မျက်နှာ အမူအရာက အရင်ကထက်ပိုပြီး ထူးဆန်းလာတာကို သတိပြုမိလိုက်သည်။
“ ကတုံးကြီး … ငါ စကားတွေ ဒီလောက် အများကြီး ပြောနေတာကို မင်း ဘာလို့ တစ်ခွန်းမှ ပြန်မပြောတာ … မင်း သင်္ကန်းဝတ်လို့ စောက်ရူးပေါက်ပြီး ဝဝီပိတ်ကျင့်နေတာလားကွ ဟမ် … ငါ့ကို မြန်မြန် အဖြေပေးစမ်း … မင်း ဒီစီးပွားရေးကို လက်ခံလား ၊ လက်မခံဘူးလား …”
“ မင်း လိုချင်တယ်ဆို ငါအခုပဲ ဝက်ခြံပိုင်ရှင်နဲ့ ဆက်သွယ်ပြီး သူ့ဝက်တွေ ပို့ခိုင်းလိုက်တော့မယ် ….”
“ အဲ့ဝက်တွေရဲ့ ရောဂါ အခြေအနေက အတော်ကြီးကို ဆိုးတာ .. နောက်လေးငါးရက်တောင် ခံတော့မယ့် မပေါ်ဘူး … အဲ့ကောင်တွေ အသေများလေ ၊ ငါတို့ကောင်တွေရမယ့် အမြတ်နည်းလေးပဲ ….”