မင်းရဲ့ ရောဂါဟောင်းကို ပြန်ဖောက်လာစေမယ့် အရင်ရည်းစားကောင်လေး
Vol. 12 Ch. 113
ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့်ကို ပေးပို့လာသူ၏ နာမည်ကို မြင်တော့ စကားပြောခန်းထဲရှိ ကြည့်ရှုူများမှာ ရွှင်မြူးသွားကြသည်။
လိမ်လည်မှု အနုပညာရှင် စန်ညာတာဝါက ဤနေရာသို့ ရောက်ရှိနေလေသည်။
ပြုံးရွှင်လျက်ပဲ ချန်ယွီ့ တောင်းဆိုမှုကို လက်ခံလိုက်သည်။
နောက်တစ်စက္ကန့်၌ စန်ညာတာဝါက စခရင်ထက်တွင် ပေါ်လာသည်။
“ ဟယ်လို … ကြည့်ရှုနေကြတဲ့ သူငယ်ချင်းတို့ … ငါ အချိန်လေးနည်းနည်းယူပြီး စကား နှစ်ခွန်း သုံးခွန်းလောက် ပြောချင်လို့ပါ ….”
“ ငါ စောနလေးတင် ဒေါက်တာချန်ရဲ့ စထွင်းထဲ ရောက်လာတဲ့သူကို ကြည့်ပြီးတဲ့ အချိန်မှာပဲ သူ့အနာဂတ်ကို နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာမိသွားတယ် …”
“ ဒေါက်တာချန်ရဲ့ ကုသပေးမှုကို ခံယူပြီးကတည်းက ငါ့ရဲ့ ရောဂါကလည်း လုံးဝဥဿုံ ပျောက်ကင်းသွားပြီ …”
“ ဒေါက်တာချန်ရဲ့ လမ်းစဉ်နောက်ကိုလိုက်ပြီး ငါလည်း ငါ့ရဲ့ လိမ်လည်မှုစွမ်းရည်ကို အသုံးချပြီး လူတွေကို ကူညီချင်တယ် …”
စန်ညာတာဝါက သူ့ရဲ့ လက်ရှိ အခြေအနေကို ရှင်းပြပြီး ချန်ယွီ့အပေါ် ကျေးဇူးတင်ရှိမှုအား ဖော်ပြသည်။
ထို့နောက် အကြောင်းအရာကို ပြောင်းလဲ၍ မနေ့တုန်းကပဲ စထွင်မာတစ်ယောက် လုပ်ဖို့ စာရင်းပေးသွင်းပြီးကြောင်း ပြောပြလာသည်။
သူ ကျွမ်းကျင်သည့် လိမ်လည်မှုအပိုင်းကို အသုံးချ၍ လိမ်လည်မှု တိုက်ဖျက်ရေး စထွင်မာတစ်ယောက် ဖြစ်လာဖို့ရာ ရည်ရွယ်ထားသည်။
တစ်ပါးသူအပေါ် လိမ်လည် အမြတ်ထုတ်ရသည်ကို သူ့ဘဝ တစ်ဝက်စာလောက် စွဲလမ်းရူးသွပ်ခဲ့ပြီး ၎င်းကြောင့်ပဲ သူ့အနီးနားရှိ တန်ဖိုးရှိသည့် အရာများစွာကို ဆုံးရှုံးခဲ့ရသည်။
ယခု အသိတရား ပြန်ကပ်လာပြီ ဖြစ်သောကြောင့် လူမှုအသိုင်းအဝိုင်းနှင့် အခြားသူများအပေါ် အကျိုးရှိမည့် တစ်စုံတစ်ရာကို ပြန်လုပ်ပေးချင်သည်။
“ ငါတို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ နယ်စပ်မြို့မှာ လိမ်လည်ပြီး လူကုန်ကူးမှုတွေ ဖြစ်နေတဲ့အပြင် တခြား နေရာတွေမှာလည်း အလားတူ လူလိမ်တွေ အများကြီး ရှိကြတယ် …”
“ ငယ်ရွယ်သူ တော်တော်များများကလည်း လူမှုရေး အတွေ့အကြုံ ကြွယ်ဝမှု မရှိကြတော့ မကြာခဏဆိုသလို အဲ့ဒီ လူလိမ်ကျားဖြန့်တွေရဲ့ ပစ်မှတ်သားကောင် ဘ၀ ရောက်ရတယ် ….”
“ တကယ်လို့ မင်းက လူလိမ်တစ်ယောက်နဲ့ ကြုံနေရပြီလို့ သံသယ ရှိတဲ့အခါ … ဒါမှမဟုတ် ပုံမှန် မဟုတ်ဘူးလို့ စိတ်ထင့်နေတဲ့ အချိန်မှာ ငါ့ရဲ့ လိုက်စထွင်းချာနယ်ထဲ လာပြီး ငါ့ကို လာရှာလို့ရပါတယ် ….”
“ စကားပြောဖို့ ဆက်သွယ်လာတာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် သီးသန့်တိုက်ရိုက် မက်ဆေ့ချ် ပေးပို့တာပဲ ဖြစ်ဖြစ် အဆင်ပြေတယ် … ငါက သူငယ်ချင်းတို့ ကြုံတွေ့နေရတဲ့ အခြေအနေကို ဝေဖန်ပိုင်းခြားပေးပြီး ကူညီပေးပါမယ် ….”
“ နောက်ထပ် လူတွေ အလိမ်မခံရအောင် ငါတို့တွေ ဝိုင်းဝန်းပြီး အတူကာကွယ်ကြတာပေါ့ ….”
ထိုသို့ ပြောပြီးနောက် စန်ညာတာဝါက ပြုံးပြီး ပြောလိုက်သည်။ “ ဒေါက်တာချန် … ငါ ပြောလို့ ပြီးပြီ …”
“ ခင်များ အခုလို ကိုယ့်လမ်းကြောင်းကိုယ် ရှာတွေ့သွားတာ ဝမ်းသာပါတယ် ….”
“ ကျွန်တော်ကလည်း လူတိုင်းကိုယ်စား ခင်များကို ကျေးဇူးတင်ပါတယ် ….”
ချန်ယွီ့လည်း တူညီသည့် အပြုံးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
စန်ညာတာဝါ နှုတ်ဟလိုက်သည့် အချိန်မှာပဲ ကမ္မကြိုးမျှင်တစ်ချောင်းက ချန်ယွီ့ကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
ယင်းက လူများကို ကောင်းသည့်လမ်းကြောင်းသို့ ညွှန်ပြပေးခဲ့သည့် ကောင်းချီးတစ်မျှင် ဖြစ်၏။
စန်ညာတာဝါက ဂန္တဝင် လူလိမ်မှု အနုပညာရှင် တစ်ယောက်ဖြစ် မှတ်ယူ၍ရပြီး သူက တခြားသူများ၏ မေးခွန်းကို ဖြေကြား၍ သူတို့ရဲ့ သံသယကို ရှင်းလင်းပေးမည်ဆိုပါက လူအများအပြားမှာ လူလိမ်များ၏ ထောင်ချောက်တွင်းသို့ ကျရောက်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပြီး အကျိုးစီးပွားကို ကာကွယ်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“ စန်ညာတာဝါ ညီကိုကတော့ ဉာဏ်အလင်းပွင့်သွားပြီ ….”
“ ဒီလို ဂန္တဝင် ပုဂ္ဂိုလ်ကြီးက ငါတို့ကို အကြံဉာဏ်ပေးမယ်ဆိုတော့ နောင်ကျရင် လူလိမ်ထောင်ချောက်ထဲ ကျဖို့ ရာခိုင်နှုန်း အတော်နည်းသွားပြီ ….”
“ ငါ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကြည့်ပြီးတာနဲ့ မင်းရဲ့ ချာနယ်ကို subscribe လာလုပ်မယ် …”
“ တရားမျှတမှုလမ်းကြောင်း အလင်းရောင်က တောက်ပနေပြီ ….”
ကြည့်ရှုသူ တော်တော်များများက ချန်ယွီ့ထံသို့ စန်ညာတာဝါ ရောဂါလာကုသည့် လိုက်စထွင်းကို ကြည့်ဖူးကြသည်။
သူတို့အားလုံး သူ့သမိုင်းကို သိကြပြီး မည်မျှ ဒဏ္ဍာရီဆန်လဲဆိုတာကို နားလည်ကြ၏။
စန်ညာတာဝါက သူ့ရဲ့ စွဲလမ်းစိတ်ကနေ ရုန်းထွက်နိုင်ခဲ့ပြီး လူလိမ်မှု တိုက်ဖျက်ရေး အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်က ချန်ယွီ့ရဲ့ ကျေးဇူးတို့ မကင်းပေ။
ချက်ချင်းဆိုသလို ကြည့်ရှုသူများထံမှ လက်ဆောင်တွေ တစ်သီတစ်တန်းကြီး ရောက်ရှိလာသည်။
“ လက်ဆောင်တွေ အတွက် ကျေးဇူးပါပဲ … ကဲ … အားလုံးပဲ … ငါတို့ရဲ့ ဒုတိယလူနာကို ဖိတ်ခေါ်လိုက်ကြရအောင် …”
ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ဆိုလိုက်သည်။
အဖြူရောင် သကြားလုံး မမလေး နာမည်နှင့် အမျိုးသမီး ကြည့်ရှုသူတစ်ဦးက စခရင်ထွက်တွင် ပေါ်လာသည်။
“ ဘာလား … မင်းက မျက်နှာပြရမှာကို ကြောက်နေတာလား … ဒါမှမဟုတ် လူမှတ်မိခံရမှာကို ကြောက်နေတာလား ….”
“ မဟုတ်မှလွဲရော ငါ့ကောင်တို့ … သူက အလိုရှိ ရာဇဝတ်သားများ ဖြစ်နေမလား …”
“ ဟားဟား …. ငါ အူနာနေပြီ … အလိုရှိ ရာဇဝတ်ကောင်က ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို လာပြီး စိတ်ကျန်းမာရေး အကြံပေးတာကို လာပြီး ခံယူတယ်ဆိုပဲ … ရယ်သေနေပြီ …”
“ သူ့မျက်နှာကို သေချာ မမြင်ရဘူးဆိုပေမယ့် အဲ့မျက်လုံးတွေ ကြည့်တာနဲ့တင် သေချာပေါက် အလှလေးတစ်ယောက် ဖြစ်မယ်ဆိုတာ ငါလောင်းရဲတယ် …”
“ အပေါ်ကကောင်က အလှလေးတွေကို ဘယ်လို ချီးကျူးရမလဲ သိတာပဲကွ …”
“ မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ငါ အမှတ် ၉၀ ပေးတယ် ….”
ဝင်ရောက်လာသည့် အဖြူရောင် သကြားလုံး မမလေး နာမည်ရသည့် အမျိုးသမီးက သူမဝင်ရောက်လာသည်နှင့် စကားပြောခန်းထဲရှိ ကွန်းမန့်များကို အရှိန်နှုန်း မြင့်သွားစေသည်။
အကြောင်းအရင်းကတော့ သူမ ဝတ်စားထားပုံက တမူထူးခြားနေသောကြောင့်ပင်။
သူမက အိမ်နေကိုယ်ကြပ် အဝတ်အစားကို ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ပေါက်က သွယ်လျ၍ ကိုယ်နေဟန်ပန်ကလည်း ဂုဏ်သိက္ခာရှိသည်။
မျက်နှာတစ်ခုတည်းကိုသာ တင်းကြပ်စွာ ဖုံးကွယ်ထား၏။
သူမက ကြီးမားသည့် နေကာမျက်မှန်တစ်လက်ကို ဝတ်ဆင်ထားပြီး အနက်ရောင်မာ့စ်ကိုလည်း တပ်ထားသေးသည်။
ယခင် … ချန်ယွီ့ လိုက်စထွင်းထဲသို့ ဝင်ရောက်လာကြသူများက လူသတ်သမားများ၊ စီအီးအိုများနှင့် ဂန္တဝင်မှတ်တမ်းတို့ ရှိထားဖူးသည့် ကျားဖြန့်ပုဂ္ဂိုလ်ကြီးများပင် ပါဝင်ခဲ့ဖူးသည်။
သို့သော် … သူတို့ထဲ မည်သူကမျှ သူတို့မျက်နှာကို ဖုံးအုပ်မထားကြ။ ကောက်ကျစ်ဉာဏ်များပြီး ရက်စက်သည့် ကျန်းချန် နတ်ဆိုးသည်ပင် ကင်မရာရှေ့တွင် သူ့မျက်နှာ အစစ်အမှန်ကို ဖော်ပြခဲ့သည်။
ယခုလက်ရှိတွင်တော့ … အဖြူရောင် သကြားလုံး မမလေးက သူ့မျက်နှာကို ဖုံးအုပ်ထားသည်မှာ ဆိုင်ကယ်ဦးထုပ် မဆောင်းရုံတမည်သာ ရှိတော့သည်။
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ … ကျွန်မလည်း အကြောင်းအရင်း ရှိလို့ ဒီလို လုပ်ရတာပါ …”
ဆည်းလည်းသံလေးများကဲ့သို့ သာယာသည့် အသံတစ်သံက အဖြူရောင် သကြားလုံးမမလေး ထံကနေ ထွက်ပေါ်လာသည်။
အဖြူရောင် သကြားလုံးမမလေးရဲ့ ဖုံးကွယ်ထားတဲ့ မျက်နှာကို တစ်ချက်ကြည့်ရင်း ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ကာကွယ်တယ်ဆိုတာ လူနာတစ်ယောက်ရဲ့ အခွင့်အရေးပဲ …. ငါ နားလည်တယ် … တောင်းပန်ဖို့ မလိုပါဘူး ….”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး မင်းရဲ့ အခြေအနေကို ပြောပါ ….”
ဤသည်ကို ကြားတော့ အဖြူရောင် သကြားလုံးမမလေးက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
“ ကျွန်မ … ကျွန်မက သရုပ်ဆောင် မင်းသမီးပါ … လတ်တလောမှာ ရုပ်ရှင်တစ်ကားက ကျွန်မကို တတိယ အမျိုးသမီး ဇာတ်လိုက်နေရာမှာ ရိုက်ပေးဖို့ ကမ်းလှမ်းလာတယ် …”
“ ကျွန်မ မေးချင်တာက … ကျွန်မ ဒီအလုပ်ကို လက်ခံလိုက်ရင် ကျွန်မ ကျော်ကြားပြီး နာမည်ကြီးလာမှာလားဟင် …”
အဖြူရောင် သကြားလုံးမမလေးရဲ့ စကားကိုကြားတော့ စကားပြောခန်းထဲရှိ ကြည့်ရှုသူပရိသတ်တို့ကလည်း သူမက ဖျော်ဖြေရေးနယ်ပယ်ထဲက မင်းသမီး တစ်လက်ဖြစ်ကြောင်းကို သတိပြုမိသွားကြသည်။
သူမရဲ့ မျက်နှာကို ဖုံးကွယ်ထားတာက မထူးဆန်းတော့ချေ။
“ ဘာလားဟ … တကယ်လို့ သူက A – list အနုပညာရှင် ဆယ်လီဖြစ်လို့ စော်ကားခံရမှာ ကြောက်ပြီး မျက်နှာအုပ်ထားတယ်ဆိုရင် နားလည်ပေးလို့ရသေးတယ် … အခုကျတော့ ဒုတိယ ၊ တတိယတန်းစား ဆယ်လီက ဒီလိုလာလုပ်နေတယ် ... သူ့ကိုယ်သူ ဘာများထင်နေလဲ မသိဘူး …”
“ သူက တတိယတန်းစား ဆယ်လီဆိုတာ မင်း ဘယ်လိုလုပ်သိလဲ …”
“ ပိန်းလိုက်တဲ့ ဦးနှောက်ရ … A list ဆယ်လီ မင်းသမီးသာဆို တတိယ အမျိုးသမီး ဇာတ်လိုက်နေရာကနေ ရိုက်ပေးဖို့ ကမ်းလှမ်းခံရမှာလား ….”
“ သူ့မှာ A list ဆယ်လီမင်းသမီးဖြစ်ဖို့ ကံတော့ ပါမလာဘူး … ဒါပေမယ့် A list ဆယ်လီမင်းသမီး ရောဂါတော့ ပါလာတယ်…..”
“ မင်းလို တတိယအဆင့်ကများ ရုပ်ရှင်ဇာတ်ကား နာမည်ကြီးမကြီး ဘာလို့ လာမေးနေတယ် … မေးမယ့်မေးချင်း ဒါရိုက်တာနဲ့ အဓိက ဇာတ်လိုက်တွေကမှ မေးသင့်တာ …”
“ မင်းက ကိုယ့်ကိုယ်ကို တရားလွန် အထင်ကြီးနေတာပဲ ….”
အဖြူရောင် သကြားလုံးမမလေးက ဖြတ်သန်းသွားသည့် ကွန်းမန့်များကို ဖတ်ရင်း သူမ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုတို့ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။
သူမက သိုသိုသိပ်သိပ်သာ နေထိုင်ချင်သည့် အကျင့်စရိုက်ရှိပြီး ထင်ပေါ်စေရန်အတွက် ကြွားဝါရသည်ကို မနှစ်သက်ပေ။ ထို့ကြောင့် သူမရဲ့ မျက်နှာသွင်ပြင်အစစ်အမှန်ကို ဖော်ထုတ်လိုက်တာက သူမအတွက်နှင့် ချန်ယွီ့အတွက် မလိုလားအပ်သည့် ဒုက္ခတို့ သယ်ဆောင်မိလာမှာကို စိုးရိမ်သည်။
သို့ပါသော်လည်း စကားပြောခန်းထဲရှိ လူများ လှောင်ပြောင်ကဲ့ရဲ့သည်ကို ခံစားရလိမ့်မည်လို့တော့ မမျှော်လင့်ခဲ့ချေ။
“ အဟမ်း …”
ခြောက်ကပ်သည့် ချောင်းဟန့်သံကိုကြားတော့ ကွန်းမန့်များက တစ်ဝက်ကျော်လောက် ချက်ချင်း လျော့ကျသွားသည်ကို အဖြူရောင် သကြားလုံးမမလေး သတိထားမိလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”
အဖြူရောင် သကြားလုံးမမလေးက စိတ်ခံစားချက်တို့ ရောထွေးနေမိသည်။
“ ဒီရဲ့လူနာ … စကားပြောခန်းထဲက ကွန်းမန့်တွေကြောင့် ကိုယ့်ကိုယ်ကို စိတ်ဖိစီးနေစရာ မလိုဘူး …”
အဖြူရောင် သကြားလုံးမမလေးရဲ့ မူရင်း ကံကြမ္မာကို မြင်တွေ့ပြီးနောက်တွင် ချန်ယွီ့လည်း အလားတူ ခံစားချက်တို့ ရောထွေးသွားရသည်။
“ မင်းရဲ့ မေးခွန်းကို မဖြေခင် ဆရာဝန်တစ်ယောက်ရဲ့ အမြင်ရှုထောင့်ကနေ စကားနည်းနည်း ပြောချင်တယ် …”
“ ဟုတ်ကဲ့ … ကျေးဇူးပြုပြီး ဒေါက်တာ …”
အဖြူရောင် သကြားလုံးမမလေးက ခွန်းတုံ့ပြန်လိုက်သည်။
“ မင်း တစ်ခါက စိတ်ဓာတ်ကျမှု ဝေဒနာကို ခံစားခဲ့ဖူးပြီး ကိုယ်ထူကိုယ်ထနဲ့ အဲ့ဒီ အရိပ်မည်းကြီးအောက်ကနေ လွတ်မြောက်အောင် လျှောက်လှမ်းနိုင်ခဲ့တယ် …”
“ ဒါပေမယ့် မကြာခင်မှာပဲ မင်းရဲ့ ရောဂါဟောင်းက ပြန်ထကြွလာတော့မယ် …..”
‘စိတ်ဓာတ်ကျမှု’ ဆိုသည့် စကားကို ကြားတော့ အဖြူရောင် သကြားလုံးမမလေး၏ မျက်လုံးသူငယ်အိမ်တို့ ရုတ်ချည်း တင်းကြပ်သွားသည်။
သူမရဲ့ မျက်ဝန်းတို့ထဲ ရှော့ခ်ရမှုတို့ ပြည့်နှက်နေပြီး အံ့အားသင့်စွာ မေးလိုက်မိ၏။ “ ကျွန်မရဲ့ ရောဂါက ပြန်ဖောက်လာမယ် ဟုတ်လား …”
“ အင်း … သိပ်မကြာခင်ပဲ ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ ဘဝက အဆင်ပြေ ချောချောမွေ့မွေ့နဲ့ ရွက်လွင့်နိုင်တဲ့ ခရီး တစ်ခု မဟုတ်သလို တစ်ချိန်လုံး အဆိုးချည်းပဲလည်း ခံစားနေရမှာမဟုတ်ဘူး …”
“ ကျွန်မ နားလည်တယ် ….” အဖြူရောင် သကြားလုံးမမလေးက ရေရွတ်လိုက်ပြီး “ ကျွန်မသာ ဒီရဲ့ ဇာတ်ကားကို ငြင်းပယ်လိုက်ရင် ကျွန်မရဲ့ ရောဂါက ပြန်မဖောက်လာတော့ဘူးလို့ ပြောချင်နေတာ မဟုတ်လား ….”
“ မင်းရဲ့ ရောဂါ ဖောက်ခြင်း ၊ မဖောက်ခြင်းက ဇာတ်ကားနဲ့ ဘာမှမဆိုင်ဘူး ….” ချန်ယွီ့ ရှင်းပြလိုက်သည်။
“ မဆိုင်ဘူးဆိုရင် ဘာကြောင့်လဲ …”
အဖြူရောင် သကြားလုံးမမလေးမှာ နားရှုပ်သွားရ၏။
တကယ်လို့ ဒါက ဇာတ်ကားနဲ့ မဆိုင်ဘူးဆိုရင် သူမရဲ့ ရောဂါဟောင်းက ဘယ်လိုဖြစ်ပြီး ပြန်ထဖောက်လာမှာလဲ …
“ ဘာကြောင့်ဆို လူတစ်ယောက်ကြောင့်ပဲ ….”
“ အမျိုးသား တစ်ယောက်ကြောင့် ….”
“ မင်း နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ အမျိုးသားတစ်ယောက် … ဒါပေမယ့် အဆုံးသတ်မှာ အတူ မပေါင်းနိုင်ခဲ့တဲ့ အမျိုးသားတစ်ယောက် ….”
“ ကျွန်မရဲ့ အရင်ရည်းစားဟောင်းလား ….”
အဖြူရောင် သကြားလုံးမမလေးက ချန်ယွီ့ သွယ်ဝိုက်ပြီး ညွှန်းဆိုနေသည့် အမျိုးသားက မည်သူဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။
“ အမှန်ပဲ …” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ သူ … နောက်လုပ်လာမယ့် အရာက မင်းကို မုန်တိုင်းကြီးထဲ ဆွဲချသွားမှာ ….”
“ အဲ့တာက မင်းရဲ့ စိတ်ကျန်းမာရေး အခြေအနေအပေါ် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပြီး မင်းရဲ့ အရင်ရောဂါဟောင်းကို ပြန်ထကြွလာစေလိမ့်မယ် …”