ချွေးမနဲ့ ယောက္မကြားက အာဃာတတွေ
Vol. 22 Ch. 213
ကိုယ်ဝန်ဆောင် အစောပိုင်း ကာလတွင် ကလေးဖျက်ချမည်ဆိုပါက ခန္ဓာကိုယ်အပေါ် ထိခိုက်မှု အနည်းဆုံးဆိုသည်မှာ လူတိုင်း သိနားလည်ကြသည့် အရာဖြစ်သည်။
[အိမ်က ချစ်စရာ ကလေးလေး]မှာ ကိုယ်ဝန် ခြောက်လ ရှိနေပြီ ဖြစ်၏။ အကယ်၍ ယခုလို အချိန်တွင် ကိုယ်ဝန်ဖျက်ချမည်ဆိုပါက သူမ၏ ကျန်းမာရေးအပေါ် အတိုင်းအတာ တစ်ခုထိအောင် ထိခိုက်မှု ရှိနိုင်သည်။
“ အဲ့စုန်းမ …”
[အိမ်က ချစ်စရာ ကလေးလေး] ဒေါသထွက်နေမိသည်။
ခြောက်လဆိုသည့် အချိန်ကာလအတွင်း၌ ကလေးမှာ ယေဘုယျအားဖြင့် ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးနေပြီဟု ဆိုနိုင်သည်။
ယခုလို အချိန်တွင် ကလေးဖျက်ချဖို့က အရက်စက်ဆုံး ဖြစ်၏။ တစ်ချိန်တည်းတွင် သူမ၏ စိတ်ကျန်းမာရေးနှင့် ခန္ဓာကိုယ် ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေနိုင်သည်။
“ မင်းရဲ့ ယောက္ခမက နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးတဲ့အချိန်ကျရင် ဒီအမှန်တရားကို ပြောပြလိမ့်မယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ စက်ပစ္စည်း ချို့ယွင်းမှုကြောင့်လို့ အကြောင်းပြချက်ပေးပြီး မင်းရဲ့ သံသယနဲ့ စွပ်စွဲမှုတွေ အကုန်လုံးကို ငြင်းဆန်မယ် …”
“ မင်းမှာ ဆေးပညာနဲ့ ပတ်သက်ပြီး ဗဟုသုတလည်း မရှိတော့ သူ အမှန်အတိုင်းပြောနေတာလား ၊ ဘာလားဆိုတာကိုလည်း သိနိုင်မှာ မဟုတ်ဘူး …”
“ အဲ့တာပြီးရင် မင်းရဲ့ ယောက္ခက ကလေးကို ချက်ချင်း ဖျက်ချပစ်ဖို့ ဖျောင်းဖျမယ် …”
“ မင်း ဘယ်လောက်ပဲ ငြင်းဆယ်ဖို့ ကြိုးစားပါစေ ၊ ဒီလောကကြီးထဲ မွေးဖွားပြီးတာနဲ့ နေ့တိုင်းနေ့ ခံစားရမယ့် နာကျင်မှုတွေ အကြောင်း တွေးကြည့်မိတာနဲ့ မင်းလည်း ယောက္ခမအကြံပေးတာကို နာခံလိုက်မယ်….”
ချန်ယွီ့က ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြနေစဉ်တွင် [အိမ်က ချစ်စရာ ကလေးလေး]သည် သူမ၏ ဖုန်းကို ထုတ်၍ မွေးကင်းစ ကလေးများ၏ မွေးရာပါ နှလုံးရောဂါအကြောင်းကို ရှာဖွေနေခဲ့သည်။
သူမ ဖတ်ရှုကြည့်လေလေ၊ ပို၍ ရှော့ခ်ရမိလာလေလေ ဖြစ်၏။
အကယ်၍ [အိမ်က ချစ်စရာ ကလေးလေး]သည် ယောက္ခမဖြစ်သူ၏ အကြံကို မသိရှိပါဘဲ ကလေးတွင် မွေးရာပါ နှလုံးရောဂါ ရှိနေကြောင်းကို သိခဲ့မည်ဆိုပါက သူမ ဆန္ဒမရှိခဲ့လျှင်ပင် ကလေးကို ဖျက်ချပစ်မိမှာ ဖြစ်သည်။
ပြင်းထန်သည့် ရောဂါဝေဒနာနှင့် မွေးဖွားလာသည့် ကလေးက သူကိုယ်တိုင်နှင့် မိသားစုအတွက်လည်း တကယ့်ကို ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လေသည်။
“ ဒီရဲ့လူနာ ….” ချန်ယွီ့ ပြောလိုက်ပြီး “ တကယ်လို့ မင်း ကိုယ်ဝန်ဖျက်ချမယ်ဆိုရင် ဘယ်သူ့ကို လုပ်ခိုင်းစေချင်လဲ ….”
“ ဒါပေါ့ … ကျွန်မရဲ့ ယောက္ခမပဲလေ … အောင်မယ်လေး ဘုရားရေ ..”
[အိမ်က ချစ်စရာ ကလေးလေး]သည် သူမ၏ လက်ဖြင့် နှုတ်ခမ်းကို အုပ်ထားမိသည်။
စိတ်ထဲ၌ ကြောက်မက်ဖွယ်ရာ မြင်ကွင်းက ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာသည်။
သူမက အေးစက်သည့် ခွဲစိတ်ကုတင်ပေါ်၌ သတိလစ် လဲလျောင်းနေပြီး မျက်နှာ မာ့စ်တပ်ထားသည့် သူမ၏ ယောက္ခမက စကေဘာတစ်လက်ကို ကိုင်ထားသည်။
မာ့စ်နောက်ကွယ်တွင် ကျောချမ်းဖွယ်ရာ မျက်နှာမည်းကြီး တစ်ခု ရှိနေသည်။
ယောက္ခမဖြစ်သူက သူမကို ဘာတွေပဲ လုပ်ပါစေ၊ သူမ သတိပြုမိနိုင်သည့် နည်းလမ်းမရှိပေ။
ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးဖို့သွားသည့် ကာလအတွင်း … သူမ၏ မိခင်က အခြားသော ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ကိုယ်ဝန်ဖျက်ချခြင်းနှင့် ဆက်စပ်သည့် အန္တရာယ်များနှင့် ရှုပ်ထွေးမှုများအား ရှင်းပြသည်ကို နားစွန်နားဖျား ကြားခဲ့ဖူးသည်။
ကိုယ်ဝန်ဖျက်ချနေစဉ်အတွင်း မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်သည်။
အကယ်၍ သူမသာ ယောက္ခမဖြစ်သူကို သူမ၏ ဆရာဝန် အဖြစ် ရွေးချယ်လိုက်မည်ဆိုပါက သူမမှာ အသတ်ခံရဖို့ကို စောင့်ဆိုင်းနေသည့် သိုးလေးတစ်ကောင်နှင့် ခြားမှာ မဟုတ်တော့ချေ။
ယောက္ခမက အခြားမည်သူမျှ သတိမထားမိပါဘဲ သူမကို ထိခိုက်အောင် ပြုလုပ်လိုက်နိုင်သည်။
အကယ်၍ နောက်ပိုင်း၌ သူမ တစ်စုံတစ်ရာကို သတိပြုမိခဲ့လျှင်ပင် ကိုယ်ဝန်ဖျက်ချခြင်း၏ ဘေးထွက်ဆိုးကျိုးများကြောင့်ဆိုပြီး အကြောင်းပြချက် ပေးလိုက်၍ ရသည်။
“ သူ့ရဲ့ ယောက္ခမနဲ့ ယှဉ်လိုက်ရင် စနှိုးဝှက်ရဲ့ မိထွေးက တကယ့်ကို နတ်သမီးလေးပဲ ….”
“ သူနဲ့ သူ့ယောက္ခမက အရင်ဘဝက ကမ္ဘာမကျေ ရန်သူတွေများ ဖြစ်ခဲ့ကြလား မသိဘူး … သူတို့ ပြန်မွေးဖွားလာတဲ့အချိန် အဘွားမုန့်ရဲ့ စွပ်ပြုတ်ကို မသောက်လိုက်ရဘဲ အရင်အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်ယူလာခဲ့ကြတယ်နဲ့တူတယ် …”
“ ဟေ့ … မင်း အဲ့လိုတွေ ဆက်ပြောနေရင် သတိထားဦး … ဒေါက်တာချန် မင်းကို ဘန်းလိုက်မှ ငိုနေရလိမ့်မယ် …”
“ သူ့ယောက္ခမက အဲ့လိုမျိုးတွေတော့ မလုပ်လောက်ပါဘူး ဟုတ်တယ်မလား …”
“ သူသာ လုပ်ခဲ့မယ်ဆိုရင်တော့ လူမဟုတ်ဘူး … တိရစ္ဆာန်ပဲ ….”
ကွန်းမန့်များကို ဖတ်ရှုရင်း [အိမ်က ချစ်စရာ ကလေးလေး]၏ နှလုံးသည် လည်ချောင်းဝသို့ တစ်ဆို့လာခဲ့၏။ သူမ စကားကို ပြတ်တောင်း ပြတ်တောင်းဖြစ်စွာဖြင့် “ သူ … သူ တကယ်ပဲ အဲ့လိုတော့ မလုပ်လောက်ဘူးမလား ….”
“ အင်း ….”
ချန်ယွီ့ တည့်တိုးပဲ ပြောလိုက်ပြီး “ ကွန်းမန့်ထဲက တစ်ချို့လူတွေ ခန့်မှန်းတဲ့ အတိုင်းပဲ … မင်းရဲ့ ယောက္ခမက ခွဲစိတ်မှုကို အသုံးချပြီး မင်းရဲ့ အတွင်းအင်္ဂါတစ်ချို့ကို ဖျက်စီးပစ်လိုက်လိမ့်မယ် … မင်း ဘယ်တော့မှ ကိုယ်ဝန် မဆောင်နိုင်တော့အောင်လို့ပေါ့ …”
“ ကိုယ်ဝန်ဖျက်တယ်ဆိုတာက အတော်လေး အန္တရာယ်များတဲ့ လုပ်ရပ်ပဲ … ဘာလို့ဆိုတော့ အမျိုးသမီးတော်တော်များက ကိုယ်ဝန်ဖျက်ချပြီး နောက်ပိုင်း ဘယ်တော့မှ ကိုယ်ဝန်မဆောင်နိုင်ကြတော့လို့ပဲ …”
“ သူ .. သူ ကျွန်မကို … ဘာလုပ်မှာလဲတဲ့ဟင် …”
[အိမ်က ချစ်စရာ ကလေးလေး]သည် ယခုအချိန်၌ သူမ၏ ယောက္ခမကို သတ်ပစ်ချင်သည်အထိ ဒေါသမီးတို့ တောက်လောင်နေမိသည်။
သူမက ကိုယ့်မြေးကို ထိခိုက်အောင် ပြုလုပ်ရုံတင်မက ၊ ကိုယ့်ချွေးမဖြစ်သူကိုပင် တစ်သက်လုံး မြုံသွားအောင် လုပ်ချင်နေသည်။
ဒါ ဘယ်လို ယောက္ခမျိုးလဲ …
“ မင်းရဲ့ ခင်ပွန်းက သူ့ရဲ့ ဂုဏ်ယူစရာပဲ …” ချန်ယွီ့ ပြောလိုက်ပြီး “ သူက မင်းယောက္ခမရဲ့ ပြီးပြည့်စုံမှု အရှိဆုံး ဖန်တီးမှု လက်ရာတစ်ခုလည်း ဖြစ်တယ် …”
“ မင်းနဲ့ လက်ထပ်လိုက်တာက သူ ကြိုးပမ်းထားသမျှကို သဲထဲရေသွန်ဖြစ်အောင် လုပ်လိုက်တာနဲ့ ညီတယ် …”
“ မင်းကို ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးလိုက်နိုင်မှာ ….”
ချန်ယွီ့၏ နောက်ဆက်တွဲ စကားလုံးများက [အိမ်က ချစ်စရာ ကလေးလေး]၏ နှလုံးကို တစ်ဖန် ရပ်တန့်လုနီးပါး ဖြစ်သွားစေခဲ့ပြန်သည်။
သူမ၏ ကိုယ်ဝန်မဆောင်နိုင်တော့မှုက ယောက္ခမ လက်စားချေမှု အစီအစဉ်၏ အစပိုင်းမျှသာ ရှိသေးသည်။
[အိမ်က ချစ်စရာ ကလေးလေး] မြုံသွားပြီးနောက်တွင် ယောက္ခမက အနာကို ရည်ရွယ်ချက်ရှိရှိ ဆားသိပ်၏။ အလုပ်တွင် မည်မျှ ချစ်စရာကောင်းသည့် ကလေးများအား ဖွားပေးခဲ့ကြောင်းကို သူမရှေ့တွင် တမင်တကာ ပြောလေ့ရှိသည်။
ဤသည်က [အိမ်က ချစ်စရာ ကလေးလေး]ကို အနုနည်းဖြင့် ညှင်းပန်းနှိပ်စက်နေခြင်းပင်။
“ ကိုယ်ဝန်ဆောင်တုန်းက မင်းရဲ့ အမူအရာတွေကို ကြည့်ရင် ယောက္ခမက မင်း ကလေး အတော်ချစ်တယ်ဆိုတာကို ရိပ်မိတယ် …”
“ နေ့တိုင်းနေ့ ကလေးတွေအကြောင်း တမင်တကာ ပြောရင်း မင်းကို တိုက်ခိုက်ဖို့လုပ်မယ် …”
[အိမ်က ချစ်စရာ ကလေးလေး]သည် မည်သို့မျှ သည်းမခံနိုင်တော့သည့် အဆုံး ဒေါသတကြီးနှင့် ကျယ်လောင်စွာ ကျိန်ဆဲမိသွားခဲ့တော့သည်။ “ စုန်းမကြီး … ဘာလို့ ငါ့အပေါ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ … အရင်ဘဝတုန်းက သူတို့ ဘိုးဘေးတွေ အုတ်ဂူကိုတူးပြီး သူ့ရဲ့အိမ်ကို မီးနဲ့ ရှို့ခဲ့ဖူးလို့လား ….”
“ သူ့သားကို လက်ထပ်လိုက်တာကြောင့်နဲ့ပဲ ပေါ်တင်မှာရော ၊ နောက်ကွယ်မှာပါ လက်စားချေတယ်ပေါ့လေ …”
“ နတ်ဆိုးဆန်လိုက်တာ …”
[အိမ်က ချစ်စရာ ကလေးလေး]သည် ကျိန်ဆဲရင်း ဝမ်းနည်းမှုကြောင့် ငိုကြွေးနေမိသည်။
သူမ၏ ယောက္ခမသည် သားဖွားမီးယပ် ဒါရိုက်တာအပြင် အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။
အခြား အမျိုးသမီး တစ်ဦး၏ မိခင်ဖြစ်ပိုင်ခွင့်ကို ရည်ရွယ်ချက် ရှိရှိ ဖျက်စီးခြင်းကပင် ငရဲ ၁၈ ထပ်၌ အပြစ်ပေးခံရဖို့ ထိုက်တန်သည်။
“ ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင်တော့ မင်းရဲ့ ယောက္ခမကလည်း အင်မတန် သနားဖို့ကောင်းတဲ့ လူတစ်ယောက်လို့ ပြောလို့ရတယ် …” ချန်ယွီ့ သက်ပြင်းချလိုက်သည်။
“ သူ့ရဲ့အစွမ်းအစနဲ့ဆိုရင် သားဖွားမီးယပ်ဌာနရဲ့ ဒါရိုက်တာဖြစ်နေရုံလောက်နဲ့ ရပ်တန့်နေမှာ မဟုတ်ဘူး …”
“ ဒါပေမယ့် တစ်ချို့အရာတွေက ကိုယ့်မှာ အစွမ်းအစ ရှိတယ်ဆိုတာနဲ့ပဲ မရနိုင်ဘူး ….”
“ နားလည်အောင် ရှင်းပြရရင် ကိုယ့်မှာ အစွမ်းအစအပြင် ၊ အထက်ကနေ ကိုယ့်ကို ထောက်ခံပေးဖို့ ဆိုရှယ်နက်ဝေါ့ တစ်ခုလည်း လိုသေးတယ် ….”
“ မင်းရဲ့ ယောက္ခမက ဆေးရုံရဲ့ မန်နေဂျင်း ဒါရိုက်တာရာထူးကို သုံးလေးကြိမ်လောက် ကြိုးစားဖူးတယ် … ဒါပေမယ့် အဆက်အသွယ်ပိုကောင်းတဲ့ ပြိုင်ဘက်တွေက သူမကို တွန်းချခဲ့ကြတာချည်းပဲ ….”
“ မင်းရဲ့ ယောက္ခမက သူ ဒီရာထူးကို ရနိုင်မယ့် မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ သိတယ် … ဒီလိုနဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကို မင်းရဲ့ ခင်ပွန်းအပေါ် သွန်းလောင်းပုံအောခဲ့တာပဲ ….”
“ မင်းရဲ့ အမျိုးသားကလည်း သူ့ကို စိတ်မပျက်စေခဲ့ဘူး … သုတေသန ဌာနထဲကို ဝင်ရောက်နိုင်ခဲ့ပြီး ထူးချွန်တဲ့ သုတေသန ပညာရှင် တစ်ဦး ဖြစ်လာခဲ့တယ် ….”
“ မင်းယောက္ခမရဲ့ နှလုံးသားထဲမှာ သူ့ချွေးမ ဖြစ်လာမယ့်သူက သူတို့မိသားစုနဲ့ အဆင့်အတန်းချင်း ညီရမယ် … ပြီးတော့ သားဖြစ်သူကို ပိုမြင့်တဲ့ အဆင့်တစ်ခုစီ တက်ရောက်နိုင်အောင် ထောက်ပံ့ပေးနိုင်မယ့်သူလည်း ဖြစ်ရမယ် ….”
“ အဲ့ဒီအချိန်မှာ မင်းက ထွက်ပေါ်လာတော့ သူ့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ အကုန် ရေစုန်မျှောကုန်ရတော့တာပဲ …”
“ မင်းယောက္ခမရဲ့ မျက်လုံးထဲမှာ သားဖြစ်သူ မင်းနဲ့ လက်ထပ်လိုက်တယ်ဆိုတာက သူ ဖန်တီးပေးမယ့် ခမ်းနားတဲ့ အနာဂတ်ကို သူကိုယ်တိုင် ဖျက်စီးလိုက်တာနဲ့ မခြားဘူး ….”
“ မင်းက သူ့ရဲ့ အပြောင်မြောက်လုံး ဖန်တီးမှုလက်ရာကို ဖျက်စီးခဲ့တယ် … အဲ့ဒီအတွက်ကြောင့် မင်းကို ရိုးတွင်းချဉ်ဆီထဲကနေကို မုန်းတီးနေခဲ့တာပဲ …”
“ မင်းတို့လင်မယားနှစ်ယောက် အချင်းချင်း ချစ်ပြလေလေ၊ မင်းရဲ့ ယောက္ခမက ဒေါသမီးတွေနဲ့ ပိုပြီး လောက်မြိုက်လာရလေလေပဲ …”
“ မင်း သည်းမခံနိုင်တော့ဘဲ သူ့ကို ပြန်တိုက်ခိုက်တဲ့အချိန်မှာ မင်းက သူတို့မိသားစုရဲ့ ဂြိုဟ်ဆိုး ၊ သူ့သားရဲ့ အနာဂတ်လမ်းမှာ ပိတ်ဆို့နေတဲ့ ကျောက်တုံကြီး တစ်တုံးဆိုတာ သေချာသွားခဲ့တယ် …”
“ မင်းကို မဖယ်ရှားဘူးဆိုရင် သူ့သားက ကျန်တဲ့ ဘဝတစ်သက်လုံး သာမန် သုတေသန ပညာရှင် အဖြစ်နဲ့ပဲ ဘဝနိဂုံးချုပ်သွားရတော့မှာ ….”
“ မင်းတို့ လင်မယားနှစ်ယောက်က အိမ်အသစ် ဝယ်ပြီး အိမ်ခွဲနေတော့မယ်ဆိုတာကို သိလိုက်ရကတည်းက ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ မကျေမချမ်း ခံစားချက်တွေဟာ မုန်းတီးမှု အာဃာတအသွင်ကို ပြောင်းလဲလာတယ် ….”
[အိမ်က ချစ်စရာ ကလေးလေး]၏ ခင်ပွန်းဖြစ်သူက မာမားဘွိုင်း ဖြစ်ပေမယ့် ကိုယ်ပိုင် အမြင်ရှိသည့် လူတစ်ယောက်လည်း ဖြစ်သည်။
မိခင်ပြောသမျှ စကားတိုင်းကို မျက်ကန်း ယုံကြည် နားထောင်ခြင်းမျိုး မပြုခဲ့ဘဲ မိန်းမဖြစ်သူကို သူ့ဘဝထက်ပိုပြီး ချစ်မြတ်နိုးခဲ့သည်။
[အိမ်က ချစ်စရာ ကလေးလေး]နှင့် သူ့မိခင်တို့ ရန်ဖြစ်ငြင်းခုန်ကြသည့် အခါတိုင်း ခင်ပွန်းဖြစ်သူက မသိစိတ်အလျောက် သူမ ဘက်မှနေ၍ ရပ်တည်ပေးခဲ့သည်။
ယင်းကလည်း ယောက္ခမဖြစ်သူ၏ လက်စားချေမှုအစီအစဉ်ကို ပို၍ ခိုင်မာသွားစေခဲ့သည့် အချက်တစ်ချက်ပင်။
“ ကလေး မမွေးနိုင်ဘူးဆိုရင်တောင် မင်းရဲ့ ယောက်ျားက မပြောင်းလဲဘဲ မင်းကို ချစ်နေဦးမှာ … ဒါပေမယ့် မင်းကတော့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဘူး …..”
“ကလေးကို ချစ်တတ်တဲ့ မိခင်တစ်ယောက်အတွက် ကလေးမွေးမပေးနိုင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်တယ်ဆိုတာဟာ သေတာထက်တောင် ဆိုးတဲ့ နာကျင်မှုပဲ …”
ဇာတ်လမ်းတစ်ရပ်လုံးကို နားထောင်ပြီးနောက် စခရင်ထက်၌ အီမိုဂျီ အများအပြား ထွက်ပေါ်လာသည်။
ကြည့်ရှုသူများက [အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမကို လက်ခလယ်ထောင်ပြနေကြခြင်းပင်။