မင်း ဘာလို့ ရှင်းအောင် မပြောလဲ
Vol. 2 Ch. 20
လိုက်စထွင်း စခရင်ပေါ်သို့ ထွက်ပေါ်လာသည့်လူက ဝတ်စုံပြည့် ဝတ်ဆင်ထားသည်။
သူက အသက်ငါးဆယ် အရွယ် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်၏။
[ဟေးဒေး စီအီးအိုရွှီ]က သူ့ အွန်လိုင်း နာမည်ပင်။
ဝက်ဘ်ကင်မရာမှတဆင့် [ဟေးဒေး စီအီးအိုရွှီ]က သူ့ရုံးခန်းထဲ ရှိနေသည်မှာ ပြောဖို့ မခဲယဉ်းချေ။ ယင်းက ကောင်းမွန်စွာ မွမ်းမံပြင်ဆင်ထားပြီး အဆင့်အတန်းမြင့်သည့် ရုံးခန်းတစ်ခုပင်။
ချယ်ရီသစ်ပင်၏ အိပ်ခန်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ဤရုံးခန်းက ပိုပြီး ခမ်းနားထည်ဝါနေသည့် နေရာနှင့် တူသည်။
“ ဟေ့ကောင်တွေ … လာပြီး ကြည့်ကြဦးဟ … ဒီမှာ ငါတို့ ဒေသရဲ့ အိမ်ခြံမြေတိုင်ကွန်းကြီး စီးအီးအိုရွှီက ငါနဲ့ လိုက်စထွင်းတစ်ခုတည်းအတူ ကြည့်နေတာကွ …”
“ စီအီးအိုရွှီ … ကျွန်တော် ခင်များရဲ့ ပရိသတ်ပါ … ခင်များဆီမှာ အိမ်လာဝယ်ရင် လျှော့ဈေးလေးများ ပေးနိုင်မလား ….”
“ ဒီလို ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးကို ဒီလို အနီးကပ်မြင်ဖူးတာ ငါ့ တစ်သက်မှာ ဒါ ပထမဆုံးပဲ …”
“ ငါ အိပ်မက်မက်နေတာများလား …”
သူ့ကြည့်ရှုသူများ၏ ကွန်းမန့်မှတစ်ဆင့် ချန်ယွီ့သည် သူ့ လိုက်စထွင်းခန်းထဲသို့ ဝင်ရောက်လာသည့်လူက အာဏာပါဝါကြီးသည့် ကျောထောက်နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားသည့်လူဖြစ်ကြောင်း သိလိုက်ရသည်။
သူ့ရဲ့ အထောက်အထား အစစ်အမှန်ကတော့ တင်းရှန်း အိမ်ခြံမြေဆောက်လုပ်ရေး အုပ်စုကြီး၏ စီအီးအိုပင်။
တင်းရှန်း အိမ်ခြံမြေဆောက်လုပ်ရေး အုပ်စုကို လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က တည်ထောင်ခဲ့တာဖြစ်ပြီး နိုင်ငံထဲ အိမ်ခြံမြေဈေးကွက်တို့ အရှိန်အဟုန်နှင့် ထိုးတက်နေစဉ်အခါက ဖြစ်ခဲ့သည်။
ယနေ့ … ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးက ယွမ်ဘီလီယမ် ဆယ်နှင့်ချီသည်။
[ဟေးဒေး စီအီးအိုရွှီ]က နိုင်ငံထဲ အချမ်းသာဆုံးသော သူဌေးကြီးများထဲက တစ်ဦးပင်။
“ ငါ့ရဲ့ လက်ဆောင်အသေးစားလေးကို ကျေးဇူးပြုပြီး လက်ခံပေးပါ ဒေါက်တာချန် …”
“ မာစတာချန်ရဲ့ ကျော်ကြားလှတဲ့ နာမည်ဂုဏ်သတင်းကို ကြားဖူးတာကြာပြီ … “ စီအီးအိုရွှီက အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မင်း ငါ့ရဲ့ ကံကြမ္မာကို စစ်ဆေးပေးနိုင်မလားလည်း သိချင်တယ် …”
“ တကယ်လို့ အဖြေတစ်ခု ရှိခဲ့မယ်ဆိုရင် ငါ့ဘက်က ရက်ရက်ရောရော ---- “
“ ခဏလေး …”
ချန်ယွီ့ စီအီးအိုရွှီ၏ စကားကို ဖြတ်ပြောလိုက်ပြီး သူ့အား လေးနက်သည့် အမူအရာဖြင့် စကားအမှန်ပြင်ပေးလိုက်သည်။
သူက စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးဖြစ်သည်။ ကံကြမ္မာဖတ်ပေးသည့် မာစတာတစ်ပါးမဟုတ်။
ကံကြမ္မာဟောပြောခြင်းက အယူသည်းသည့် ယုံကြည်မှု တစ်ခုဖြစ်ပြီး သူ၏ လိုက်စထွင်းခန်းထဲတွင်တော့ စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် တိုင်ပင်ဆွေးနွေးမှုများကိုသာလျှင် ခွင့်ပြုထားသည်။
ဤနေရာတွင် မည်သည့် အယူသည်းသည့် ယုံကြည်မှုတို့မျှ မရှိချေ။
စီအီးအိုရွှီလည်း ချန်ယွီ့က သူ့စကား မဆုံးခင်မှာပင် စကားကို ကြားဖြတ်ပြော၍ သူ၏ စကားအသုံးအနှုန်း ရွေးချယ်ပုံနှင့် စပ်လျဉ်းပြီး သေချာလေး ရွေးချယ်သုံးနှုန်းဖို့ကို သတိပေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ထို့ပြင် စီအီးအိုရွှီမှာ သူ နောက်ဆက်တွဲ ပြောလာခဲ့သည့် စကားလုံးများကြောင့် ပို၍ပင် အံ့ဩသွားခဲ့ရ၏။
“ ငါ ကြုံတုန်း လူတိုင်း နားရှင်းသွားအောင် သေချာထပ်ပြောမယ် …”
“ ငါ့ရဲ့ လိုက်စထွင်းထဲမှာ ဘယ်လို အယူသည်းတဲ့ ယုံကြည်မှုမျိုးကိုမှ ခွင့်မပြုဘူး …”
“ ငါ လိုက်စထွင်းလွှင့်ရတဲ့ ရည်ရွယ်ချက်က သိပ္ပံအပေါ် အခြေခံတဲ့ စိတ်ပညာရပ်ရဲ့ အရေးပါပုံနဲ့ အကျိုးကျေးဇူးတွေကို လူတွေ သေချာသတိပြုမိလာပြီး သူတို့ကိုယ်သူတို့ သတိမထားမိခင် အချိန် အမှောင်ထဲမှာ ရှိနေတဲ့ သူတို့ရဲ့ စိတ်မကျန်းမာမှုတွေကို ကူညီပေးနိုင်အောင်လို့ပဲ …”
ချန်ယွီ့ လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် စကားကို ရှင်းလင်းစွာ ပြောဆိုလိုက်သည်။
သူ့အား အနာဂတ်ကို မှန်းဆနိုင်သည့် မာစတာဟု ပြောလာသူတိုင်းကို အမည်ပျက်စာရင်းသွင်းမှာ ဖြစ်၏။
ချန်ယွီ့၏ အတည်ပေါက် ဖြစ်နေသည့် မျက်နှာအမူအရာကို ကြည့်ရင်း စီအီးအိုရွှီမှာ ကြက်သေသေနေမိခဲ့သည်။
စီးပွားရေး လောကတွင် ဆယ်စုနှစ်များစွာ ကျင်လည်ခဲ့ဖူးသည့် အတွေ့အကြုံကြောင့် သူ၏ လောကကြီးအပေါ် ရှုမြင်သည့် အမြင်က လိုက်စထွင်းထဲရှိနေသည့် အခြားသော ကြည့်ရှုသူများထက်ကို ကျော်လွန်နေသည်။
ချန်ယွီ့က အမှန်တကယ် အစွမ်းအစ ရှိသူတစ်ဦးဖြစ်ကြောင်းကို သူ မပြောနိုင်ဘဲ ဘယ်နေလိမ့်မည်နည်း။
မည်သို့ပင်ဆိုစေ ဤလောကကြီး၌ မဖြစ်နိုင်သည့် အရာဟူသည် မရှိ။ အခြားသူများ မသိရှိသောကြောင့်သာ မတည်ရှိခြင်းပင်။
ချန်ယွီ့ကို ‘မာစတာ’ဟု သုံးနှုန်းမိလိုက်သည့် သူ၏ စကားက စော်ကားသလို ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
သူ့ လိုက်စထွင်းထဲတွင် စည်းမျဉ်းကို ကြေညာပြီးသည့်နောက် ချန်ယွီ့ သူ၏ အကြည့်ကို စီအီးအိုရွှီထံသို့ ပြန်ပို့လိုက်သည်။
“ ငါတော့ ဒေါက်တာချန် မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ လေးနက်တဲ့ မျက်နှာကြီးနဲ့ ညာတဲ့နည်းလမ်းလမ်းကို တကယ်သဘောကျတယ် …”
“ သူ့အစွမ်းအစကို နားလည်တဲ့လူတွေကတော့ သိလိမ့်မယ် … မသိတဲ့ လူတွေကတော့ … အင်း … အဲ့တာ သူတို့ရဲ့ ဆုံးရှုံးမှုပဲ …”
“ ဒေါက်တာချန်က သူ့ကိုယ်သူ သိပ္ပံပညာကို ထောက်ခံတယ်တာ ပြောနေဝာာ … ဒါပေမယ့် တစ်ချိန်တည်းမှာ မင်းတောင် မသိတဲ့ မင်းမိသားစုရဲ့ မျိုးဆက် ရှစ်ဆက်လောက်ကို ဘာမဟုတ်တဲ့အတိုင်း ထုတ်ပြောတော့တာပဲ …”
“ ဟားဟားဟား … ပြောင်မြောက်လိုက်တဲ့ သုံးသပ်ချက် …”
“ ပြောင်မြောက်လွန်းတယ် … “
“ မင်းတို့လူသားတွေက ငါတို့လို အင်မော်တယ်တွေရဲ့ ရှုပ်ထွေးမှုကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ …”
“ တိုင်ပြီ …”
“ တိုင်ပြီ +1 “
သူ့အကောင့်အသစ်ကို လွန်ခဲ့သော နာရီဝက်လောက်တုန်းကမှ အသစ်ဖွင့်ခဲ့သည့် စီအီးအိုရွှီသည် လိုက်စထွင်းစကားပြောခန်းက အဘယ်ကြောင့် အမြဲတစေ ပရမ်းပတာ ဆန်နေရတာလဲဆိုတာကို ပထမဆုံးအကြိမ် နားလည်သွားခဲ့တော့သည်။
ဟာသဉာဏ်ရွှင်သည့် အဆိုပါ ကွန်းမန့်များကို ဖတ်ပြီးနောက် စီအီးအိုရွှီ ခါးသက်စွာ ပြုံးလိုက်ရင်း သူ၏ ခေါင်းကို ခါယမ်းလိုက်သည်။
ကြည့်ရသည်မှာ အနှီ ကြည့်ရှုသူများကလည်း မတုံးအကြဘဲ ချန်ယွီ့ ပေါက်တတ်ကရများ ပြောဆိုနေသည်ကို သိနေကြဟန်ပင်။
“ လူနာ … မင်း အခု စလို့ရပြီ …”
ကျွမ်းကျင်ပိုင်နိုင်သည့် အပြုံးတစ်ခုက ချန်ယွီ့၏ မျက်နှာထက် ထွက်ပေါ်လာခဲ့၏။
“ မင်း မြန်မြန် ထွက်သွားတာ ကောင်းမယ်နော် စီအီးအိုရွှီ … မင်း စိတ်ကျရောဂါ ရလို့ မဖြစ်သေးဘူး … ငါ မင်းရဲ့ ဆောက်တုန်းရှိတဲ့ အိမ်တစ်လုံးကို ဝယ်ထားတာ မကြာသေးဘူး …”
“ ငါတို့ အကြံပေးတာကို နားထောင် … ဒီလိုက်စထွင်းက တကယ့်ကို အန္တရာယ်များတာ …”
“ မင်း ဒီမလာခင်တုန်းကတည်းက ဒေါက်တာချန် လိုတာထက်ပိုတဲ့ စိတ်ရောဂါတစ်ခုကို ဆန်းစစ် အဖြေရှာပေးခဲ့ပြီးပြီ … မင်း အခုချိန် ထွက်သွားရင် နောက်မကျသေးဘူး …”
ကြည့်ရှုသူများက ဤသို့သော ကွန်းမန့်များကို စာရိုက်ပြောဆိုနေကြသော်လည်း သူတို့ထဲ မည်သူကမျှ စီအီးအိုရွှီကို အမှန်တကယ် ထွက်သွားခိုင်းလိုစိတ် မရှိကြပေ။
မည်သို့ပင်ဆိုစေ ထင်ရှားသည့် ပုံရိပ်တစ်ခုနှင့် စီအီးအိုရွှီထံတွင် စိတ်ရောဂါ တစ်ခု ရှိနေခဲ့မည်ဆိုပါက …
အတော်လေး အုတ်အောသောင်းတင်း ဖြစ်သွားလိမ့်မည်။
“ မာ … ဒေါက်တာချန် … ငါ အခုတလော ကျန်းမာရေး ချူချာနေတယ် … ငါ ဆေးရုံသွားစစ်ကြည့်လိုက်တာ အသည်းကင်ဆာလို့ ပြနေတယ် …”
“ မင်းရဲ့ စိတ်ပညာရှုထောင့်ကနေ တစ်ချက် ကြည့်ပေးနိုင်မလား ဒေါက်တာချန် … ဘယ်ဆေးရုံကို သွားရင် ငါ့ရဲ့ ကင်ဆာရောဂါကို ကုနိုင်လောက်လဲ …”
စီအီးအိုရွှီက သူ့တွင် အသည်းကင်ဆာ ရှိသည်ဟု ပြောဆိုလာသည့်အခါ၌ လိုက်စထွင်း စကားပြောခန်းတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့တော့သည်။
“ ဘုရားရေ … စီအီးအိုရွှီက အသည်းကင်ဆာ ဖြစ်နေတယ်တဲ့ … ကောင်းရော … ဒါတော့ မကြာခင် ရေပန်းစားစာရင်းထဲ ဝင်သွားတော့မှာပဲ …”
“ ငါကြားမိတာ စီအီးအိုရွှီက အသက် ငါးဆယ်ထဲမှာပဲ ရှိသေးတာ မဟုတ်ဘူးလား … ဒီလောက် ငယ်ငယ်လေးနဲ့ အသည်းကင်ဆာ ရှိနေမယ်လို့ ထင်တောင် ထင်မထားဘူး …”
“ အလုပ်တွေ များလွန်းလို့ ဖြစ်မယ် …”
“ ရုတ်တရက်ကြီး အပျင်းတစ်နေတာကလည်း ကောင်းတယ်လို့ ခံစားမိလာသလိုပဲ … အနည်းဆုံးတော့ ပင်ပန်းလွန်းပြီး ရောဂါရမှာ မကြောက်ရတော့ဘူးလေ …”
ကြည့်ရှုသူများမှာ သူ့အား စာနာစိတ် ဖြစ်ပေါ်နေကြပြီး လိုက်စထွင်းကို ပျော်ရွှင်လိုသည့် ခံစားချက်ဖြင့် မကြည့်ကြတော့ချေ။
အောင်မြင်နေသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အဖို့ အသက် ငါးဆယ်အရွယ်ဆိုသည်မှာ သူတို့ ဘဝ၏ အကောင်းဆုံး အချိန်အခါ ဖြစ်သည်။
အသည်းကင်ဆာ ရောဂါဖြစ်သည်ဟု သိရှိလိုက်ရသည်က သူတို့အတွက် ကမ္ဘာကြီး မှောက်ခုံလှန် ပျက်စီးသွားသည်နှင့် မခြားပေ။
အင်တာနက်ပေါ်တွင် လူအမျ ပြောလေ့ရှိကြသည့် စကားတစ်ခွန်းက ‘ ဘဝမှာ ဝမ်းနည်းဖို့ အကောင်းဆုံး အရာက လူတစ်ယောက် သေသွားတဲ့အချိန် သူ့ ပိုက်ဆံ တစ်ခုတည်း ကျန်ခဲ့တာကိုပဲ...'။
ချန်ယွီ့ လက်ပိုက်လျက် မနှေးမမြန် လေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “ ဘယ်ဆေးရုံ တက်သင့်လဲဆိုတာ ငါ တကယ်ကြီး ရွေးပေးရမှာလား …”
“ မဟုတ်ရင် ငါကရော ဘာလုပ်ဖို့ မင်းဆီ လာနေတော့မှာလဲ ဒေါက်တာချန် ….”
စီအီးအိုရွှီ အသာပြုံးပြီး ပြန်မေးလိုက်သည်။
“ ငါ ဒေါက်တာချန်ရဲ့ လိုက်စထွင်း အောင်မြင်မှုတွေကို မြင်ခဲ့ပြီးပြီ … ပြီးတော့ မင်းရဲ့ အရည်အချင်းကိုလည်း သံသယ မဝင်ဘူး …”
“ ကျေးဇူးပြုပြီး သင့်တော်မယ့် ဆေးရုံတစ်ခုကို ရွေးချယ်ပေးပါဦး ဒေါက်တာချန် …”
ထိုသို့ ပြောပြီးနောက် စီအီးအိုရွှီက ချန်ယွီ့ သူ့ကို ဆေးရုံ ရွေးချယ်ပေးသရွေ့ နောက်ထပ် ယွမ် နှစ်သိန်း ပေးဦးမည်ဟု ကမ်းလှမ်းလာခဲ့သည်။
“ ဟက်ဟက် … မင်းချမ်းသာတယ်ဆိုတာကို ငါ ယုံပါတယ် …”
ချန်ယွီ့ အေးစက်စွာ ရယ်မောလိုက်သည်။ ယင်းအပြုအမူက စီအီးအိုရွှီကို မျက်မှောင်ကြုတ်သွားစေခဲ့၏။
ချန်ယွီ့၏ စကားလုံးထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ချို့ ပါဝင်နေသည်ဟု သံသယ ရှိနေသည်။
“ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးတာက ဘာလဲဆိုတာကို မင်းမသိသေးဘူးထင်တယ် …”
“ ဒီတော့ ငါ စည်းကမ်းတွေကို ရှင်းပြပေးမယ် …”
စီအီးအိုရွှီ စကားပြန်ပြောလာမှာကို စောင့်ဆိုင်းမနေဘဲ ချန်ယွီ့ ဆက်ပြောသည်။
“ မင်းစိတ်ကျန်းမာရေး ဆရာဝန်ဆီကနေ အကူအညီ လိုချင်တယ်ဆိုရင် ပထမဆုံး လုပ်ရမယ့်အလုပ်က အမှန်အတိုင်း ပြောပြဖို့ပဲ …”
“ တစ်ခုခု ဖုံးကွယ်ထားတာ … ဒါမှမဟုတ် တခြား ရည်ရွယ်ချက်တွေနဲ့ တိုင်ပင်ဆွေးနွေးခန်းထဲ ရောက်လာခဲ့တာဆိုရင် ကိုယ့်ရဲ့ ကုသမှုအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်နော်…”
“ လူနာ … ငါ ပြောချင်တာကို မင်းနားလည်တယ်မလား …”
ချန်ယွီ့ ပြောဆိုသည်ကို နားထောင်ပြီးသည့်နောက် စီအီးအိုရွှီ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
အဆုံး၌ သူ့ နဂို အမှုမထားသည့် သွင်ပြင်သို့ ပြန်ရောက်လာသည်။
“ ဒေါက်တာချန် … မင်း စကားကို ဘာလို့ တစ်ခါတည်း ရှင်းအောင် မပြောလဲ …”
“ မင်းက ဒီကိုလာပြီး ဘယ်ဆေးရုံ ရွေးချယ်ရမလဲ မေးတာထက် ၊ ငါ့ရဲ့ အရည်အချင်းတွေကို လာပြီးစမ်းသပ်တာလို့ ပြောလိုက်ရင် ပိုမကောင်းဘူးလား …” ချန်ယွီ့ ထုတ်ဖော်လိုက်သည်။ “ မင်း တက်မယ့် ဆေးရုံကို ရွေးထားပြီးပြီ …”
“ ဆေးရုံက နိုင်ငံခြားမှာ … ပြီးတော့ ကမ္ဘာတစ်လွှားက ထူးချွန်တဲ့ ဆရာဝန်အသင်းကိုလည်း မင်း စုဆောင်းထားပြီးပြီ …”
သူ ထိုစကားလုံးများ ပြောဆိုလိုက်သည်နှင့် စီအီးအိုရွှီမှာ ကြက်သေသေသွားခဲ့သည်။
ချက်ချင်းပဲ သုံးလေးကြိမ်ခန့် လက်ခုပ်လက်ဝါး တီးလိုက်၏။
“ ငါက စီးပွားရေးသမား … စကားကို ဘယ်လိုမျိုး ပြောရမလဲ အမြဲလေ့ကျင့်နေခဲ့တာ … ငါ ကြားမိတာ ကောလဟာလတွေလားလို့ ဒါပေမယ့် အခုကြည့်လိုက်တော့ တကယ် စစ်မှန်နေတာပဲ …”
“ စော်ကားသလို ဖြစ်သွားတဲ့အတွက် ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ ဒေါက်တာချန် …”
ထိုစကားလုံးများ ပြောဆိုပြီးသည်နှင့် စီအီးအိုရွှီက ချက်ချင်းပဲ နောက်ထပ် ကာနီဗယ် လက်ဆောင် ဆယ်ခုကို ပေးပို့လာခဲ့သည်။
“ သူများက ယွမ် ဘီလီယမ်နဲ့ချီ ချမ်းသာပြီး ငါက ယွမ် လေးငါးထောင်လောက်ပဲ ရတဲ့ သာမန် ဝန်ထမ်လေး ဖြစ်နေတာ မဆန်းဘူးပဲ …”
“ စလာကတည်းက လှည့်ကွက်တွေ သုံးနေတယ် … စီအီးအိုရွှီက တကယ့်ကို ခိုးကြောင်ခိုးဝှက်နိုင်တာပဲ …”
“ ပြောကြတာ စီးပွားရေး သမားတွေ ပိုပြီး အောင်မြင်လေ ၊ သူတို့က ပိုပြီး ဉာဏ်များလေတဲ့ …”
စီအီးအိုရွှီက ချန်ယွီ့ကို စလာကတည်းက ထောင်ချောက်ဆင်နေလိမ့်မည်ဟု မည်သည့် ကြည့်ရှုသူကမျှ ထင်မှတ်မထားခဲ့ကြချေ။
စီအီးအိုရွှီကလည်း ချန်ယွီ့သည် သူ၏ မာယာကျော့ကွင်းထဲ ကျရောက်မသွားရုံမျှမက သူ၏ ရည်ရွယ်ချက်ကိုပါ စကားလုံး အနည်းငယ်ဖြင့် ထုတ်ဖော်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
“ ဒေါက်တာချန်ရဲ့ အစွမ်းအစကို ကိုယ်တိုင် မြင်တွေ့ပြီးပြီဆိုတော့ စိတ်ချပါပြီ …”
စီအီးအိုရွှီ အပြုံးဖြင့် စကားဆက်သည်။ “ ငါ ဒေါက်တာချန်ရဲ့ တိုင်ပင်ဆွေးနွေးခန်း ရောက်လာတာက ကိစ္စတစ်ခုကို မေးချင်လို့ပဲ …”
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့ကို ယွမ် သုံးဘီလီယမ်တန်တဲ့ စီးပွားရေး အပေးအယူ တစ်ခုနဲ့ ပတ်သက်ပြီး ကူညီပေးပါဦး …”
စာစဉ် (၂) ပြီး၏။