စိတ်ကျန်းမာရေး ဆရာဝန်က ဆေးပင်တွေ ဝယ်လို့ မရဘူးလား
Vol. 8 Ch. 80
“ အဲ့ဒီအတိုင်းပဲ … ငါ ဒီ ပုလဲကို ရပါပြီ ဆိုကတည်းက စောက်ကျိုးနည်း ကံခေနေချက်ပဲ …”
ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသည်။
သူ ဤပုလဲကို ရယူစဉ်ကစပြီး ထူးဆန်းသည့် ကိစ္စရပ်တွေ တစ်ခုပြီးတစ်ခု ဖြစ်နေခဲ့တာ ဖြစ်သည်။
ဤထူးဆန်းသည့် ပုလဲကြောင့်မှန်း သူလည်း ရိပ်စားမိ၏။ ထို့ကြောင့် ၎င်းကို လွှင့်ပစ်ချင်ခဲ့သည်။
ထင်မှတ်မထားစွာဖြင့် သူ လွင့်ပစ်သည့် အခါတိုင်း သူ့လက်ထဲသို့ ပြန်ပြန်ရောက်လာနေသည်။
“ အဲ့ဒီ အသားပိုအကြိတ်ကို ဖယ်ရှားရုံနဲ့တင် ငါ့ စုငွေ တစ်ဝက်လောက် ကုန်သွားခဲ့ပြီးပြီ …”
“ အဲ့နောက်ပိုင်းမှာလည်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်ပြီး ဖြစ်နေတုန်းပဲ …”
“ တစ်လောက ငါ ငူငူငိုင်ငိုင်နဲ့ လမ်းလျှောက်နေတုန်း ပန်းအိုးတစ်အိုးက ငါ့ခေါင်းပေါ် ရုတ်တရက် ပြုတ်ကျလာတယ် … ပြီးတော့ မကြာခင် ကြီးကြီးမားမား အန္တရာယ်တစ်ခုကလည်း ကျရောက်လာတော့မယ်လို့ အမြဲတမ်း အာရုံရနေတယ် …”
ဆိုင်ပိုင်ရှင်က သူ့ ဒုက္ခများအကြောင်း ညည်းညူပြသည်။
ချန်ယွီ့၏ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာအရ မိစ္ဆာဖိနှိပ်ပုလဲကို ပါးစပ်ထဲထည့်ထားသည့် မည်သည့် လူသေ အလောင်းမဆို သူတို့ အသက်ရှင်စဉ်က အင်မတန် ရက်စက်ကြမ်းကြုတ်သည့် လူစားမျို ဖြစ်ခဲ့သည်။
သေဆုံးပြီးသည့်နောက် ဆိုးယုတ်သည့် အရှိန်အဝါတို့က သူတို့၏ ခန္ဓာကိုယ်ထဲတွင် စုဝေးနေပြီး ပျောက်ကွယ်သွားမှာ မဟုတ်ချေ။ အချိန်မရွေးလည်း ဖုတ်ကောင် ဖြစ်သွားနိုင်သည်။
အလောင်းကောင်ကနေ ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းခြင်းမှ တားမြစ်ရန်အတွက် သေလူ၏ ဆွေမျိုးသားချင်းတို့က မိစ္ဆာဖိနှိပ်ပုလဲကို ပါးစပ်အတွင်းသို့ ထည့်ပေးကြသည်။
ယင်းက အလောင်းကောင်ထဲတွင် စုပြုံနေသည့် ဆိုးယုတ်သည့် အရှိန်အဝါတို့ကို ဖိနှိပ်ပေးသည့် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။
အချိန်ကာလကြာမြင့်သည်နှင့်အမျှ မိစ္ဆာဖိနှိပ်ပုလဲလည်း မကောင်းသည့် စွမ်းအင် အများအပြားကို စုပ်ယူထားခဲ့သည်။
အသက်ရှင်နေသည့် လူတစ်ယောက်က ယင်းပုလဲကို ထိခိုက်သည်နှင့်တစ်ပြိုင်နက် မသေဆုံးသွားခဲ့ဘူးဆိုပါက မကောင်းသည့် ကံဆိုးမိုးမှောင်ကျမှုတို့က သူ့အပေါ် ဆက်တိုက်ကျရောက်လာမည်။
“ လူကြီးမင်းချန် … ငါ ဘာတွေ ဖြစ်နေတာလဲ …”
“ ဒီပုလဲက ဘာကြီးလဲ … ဘာလို့ ငါ လွင့်ပစ်လိုက်တိုင်း ငါ့ဆီ အမြဲတမ်း ပြန်ရောက်လာနေရတာလဲ ….”
ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က အဓိကကျသည့် မေးခွန်းကို မေးမြန်းလိုက်သည်။
“ ကျုပ်ရဲ့ စိတ်ပညာလေ့လာဆန်းစစ်မှုတွေ အရဆိုရင် …” ချန်ယွီ့က တည်ကြည်လေးနက်သည့် အမူအရာဖြင့် “ ခင်များက ထင်ယောင်ထင်မှား စိတ်ကစဉ့်ကလျား ဝေဒနာကို ခံစားနေရတာပဲ ….”
“ ခင်များ တရားမဝင်တဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့ဖူးတာ ကျိန်းသေတယ် …”
“ ခင်များ ပုလဲကို လွင့်ပစ်ခဲ့တယ် … ဒါပေမယ့် ခင်များ စိတ်ရောဂါ ထလာတဲ့ အချိန်တိုင်း ခင်များကိုယ်တိုင်တောင် မသိလိုက်ဘဲ ပုလဲကို သွားပြီး ပြန်ပြန်ကောက်မိတယ် ….”
ချန်ယွီ့၏ ရှင်းပြချက်က ဆိုင်ပိုင်ရှင်ကို ဆွံ့အသွားစေခဲ့သည်။
သူက ပုလဲကို သူ့ဘာသူ ပြန်သွားကောက်တယ်တဲ့လား …
ဟာသပဲ …
“ ကျုပ် ခင်များကို ကူညီပြီး ဒီပုလဲနက်ကို ဖယ်ရှားပေးမယ် … ပြီးတော့ စိတ်ရောဂါ ကုသဆေး တစ်ခုလည်း ညွှန်းပေးမယ် … ကုသကြေးက ယွမ် တစ်သန်းပဲ …”
“ ဒါပေမယ့် …..”
ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က အခက်တွေ့သည့် အမူအရာကို လှစ်ဟာပြလာသည်။
“ တစ်သန်းက များလွန်းတယ် … တစ်သောင်းဆိုရင်ကော ….”
ချန်ယွီ့ ဒေါသထွက်လွန်း၍ အော်ရယ်ချင်သွားသည်။ ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က တစ်သန်းကနေ တစ်သောင်းအထိ အမှန်ပဲ လျှော့ချပစ်ခဲ့၏။
“ ခင်များရဲ့ အသားပိုအကြိတ်ကို ဖယ်ရှားဖို့ ဆေးရုံမှာ စုငွေ တစ်ဝက်လောက်ကို သုံးခဲ့ရတယ် … ဆေးရုံနဲ့ ခင်များ ဈေးစစ်လို့ရလား ….”
ချန်ယွီ့ အဖြေကြောင့် ဆိုင်ပိုင်ရှင်မှာ ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။
“ ခင်များ ဂူအောက်ထဲကို ဆင်းသွားတုန်းက နံရံမှာရှိတဲ့ ပန်းချီတွေကို သေချာကြည့်ခဲ့လား ….”
“ ဒါပေါ့ … ငါကြည့်ခဲ့တာပေါ့ ….”
ဆိုင်ပိုင်ရှင်က အလျင်အမြန် ဖြေကြားလာခဲ့သည်။
“ ပန်းချီတွေက ငရဲက မြင်ကွင်းတစ်ခုကို ရေးဆွဲထားသလိုပဲ….”
“ အသေးစိတ်ပြော ….”
ချန်ယွီ့က ဘာကြောင့် နံရံဆေးရေး ပန်းချီတွေကို စိတ်ဝင်စားနေလဲဆိုတာ ဆိုင်ပိုင်ရှင် မသိသော်လည်း ညွှန်ကြားသည့်အတိုင်း သူ ဂရုတစိုက်နှင့် ပြန်မြင်ယောင်ကြည့်လိုက်သည်။
သူ စတင်ပြီး နံရံဆေးရေး ပန်းချီ ခြောက်ခုကို စပြီး သရုပ်ဖော်ပြောပြသည်။
၎င်းတို့အနက် ငါးခုက အစိမ်းရောင်မျက်နှာ ၊ လက်သည်းများနှင့် နတ်ဆိုးများက လူသားများကို နှိပ်စက်ညှင်းပန်းနေသည့် ပန်းချီပင်။
နံရံဆေးရေး ပန်းချီတစ်ခုတွင် နတ်ဆိုးသေးသေးလေး တစ်ကောင်က သူ့လက်ထဲတွင် ဧရာမ ကတ်ကြေးကြီး တစ်လက်ကို ကိုင်ထားပြီး အခြား နတ်ဆိုးနှစ်ဦးက လူတစ်ယောက်ကို ချုပ်ကိုင်ထားပြီး ၎င်း၏ လျှာကို ဆွဲဆန့်ထားကြသည်။
တခြား နံရံဆေးရေး ပန်းချီ တစ်ခုတွင် လူသားတစ်ဦးက သူ့လက်နှင့်ခြေများ ချိန်းခတ်ခံထားရပြီး ကျောက်တုံး ပလတ်ဖောင်းတစ်ခုတွင် လဲလျောင်းနေသည်။
နတ်ဆိုးတစ်ကောင်က သူ၏ ရင်ဘက်ပိုင်းကို ခွဲပြီး သူ့နှလုံးကို ထုတ်ယူနေခဲ့သည်။
“ တခြား နံရံဆေးရေးပန်းချီတွေကလည်း အဲ့လို မြင်ကွင်းမျိုးတွေချည်းပဲ ….”
ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က ခေတ္တမျှ တွေးတောပြီး ဆက်ပြောသည်။ “ တတိယနဲ့ စတုတ္တ နံရံဆေးရေးပန်းချီတွေမှာကျ ငရဲနတ်ဆိုးတွေက လူတစ်ယောက်ရဲ့ အတွင်း အူကလီစာတွေကို ဆွဲထုတ်ပြီး မီးရှို့နေကြတဲ့ပုံပဲ ….”
“ ငါးခုမြောက်ကရော ….”
ချန်ယွီ့က ရုတ်တရက် ကောက်ကာငင်ကာ မေးမြန်းလိုက်သည်။
“ ငါးခုမြောက်မှာကျတော့ အသက်ရှင်နေတဲ့ လူတစ်ယောက်က လုံးဝ အေးခဲနေတဲ့ပုံကို ပြထားတယ် … နတ်ဆိုးတစ်ကောင်က တူအကြီးစား ကိုင်ထားပြီး ရုပ်ထုကို အပိုင်းပိုင်း ဖျက်စီးပစ်ချင်နေတဲ့ပုံပဲ …”
ငါးခုမြောက် နံရံဆေးရေးပန်းချီ အကြောင်းကို ပြောပြပြီးနောက် ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က ခြောက်ခုမြောက် နံရံဆေးရေးပန်းချီအကြောင်းကို စတင်ရှင်းပြသည်။
ခြောက်ခုမြောက် နံရံဆေးရေးပန်းချီက ထူးဆန်းသည်။
ပန်းချီတွင် ပိန်းပိတ်မှောင်မည်းသည့် ဧရာမတွင်းကြီး တစ်ခုရှီပြီး လူလေးယောက်က အရပ်မျက်နှာ တစ်ခုစီတွင် ကိုယ်စီ မတ်တပ်ရပ်နေကြသည်။
အလယ်တွင် လူတစ်ယောက်က လဲလျောင်းနေပြီး သူတို့ ခေါင်းများအထက် ကောင်းကင်တွင်လည်း နိမိတ်မကောင်းသည့် တိမ်မည်းတိမ်စိုင်တို့ လွှမ်းမိုးနေခဲ့သည်။
“ နားလည်သွားပြီ ... အခု အားလုံး နားလည်သွားပြီ …”
ချန်ယွီ့ သဘောပေါက်သွားခဲ့၏။ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာက ဘာကြောင့် ချန်ယွီ့ကို ဤနေရာသို့ ညွှန်ပြခဲ့လဲဆိုတာကို သိသွားခဲ့ပြီ ဖြစ်၏။
ဝဖိုင့်ဖိုင့်နှင့် လူ၏ စကားအပြောမှတစ်ဆင့် ထိုလူများ အဘယ်ကြောငိ့ အသတ်ခံလိုက်ရပြီး သေဆုံးသွားရလဲဆိုတာကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဝဖိုင့်ဖိုင့်နှင့် ဈေးဆိုင်ပိုင်ရှင်က ဈေးညှိသည့် လေသံဖြင့် ပြောလာခဲ့သည်။ “ လူကြီးမင်းချန် … ဒီလိုဆိုရင်ကော ….”
“ မင်း ဒီပုလဲကို လောလောဆယ် ယူသွားပြီး နောက်ရက်နည်းနည်းကြာတော့မှ ငါ့ဆီပြန်ပေးပေါ့ … မင်းဆီကနေ ဆေးဝယ်ဖို့ ငါ ပိုက်ဆံ စုဖို့လိုသေးတယ် …”
“ရတယ်လေ …”
ချန်ယွီ့က သူ့ ဆေးခန်းလိပ်စာကို ချန်ထားပေးခဲ့ပြီး ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်ကို ပိုက်ဆံအလုံအလောက်စုဖို့ တစ်ပတ် အချိန် ပေးထားခဲ့လိုက်သည်။
ဝဖိုင့်ဖိုင့်နှင့် ပိုင်ရှင်က ချန်ယွီ့လက်ထဲသို့ ပုလဲရောက်ပြီးနောက်တွင် ထိုပုလဲက သူ့လက်ထဲသို့ ပြန်ရောက်လာဦးမလားဆိုတာကို စမ်းသပ်ချင်နေသည်။ ထိုအချက်ကို ချန်ယွီ့ မြင်ဖို့ မခဲယဉ်းပေ။
သူ့ထံသို့ ပြန်ရောက်မလာမှသာ ပိုက်ဆံပေးမည့် အကြောင်း စကားပြောမှာ ဖြစ်၏။
တကယ့်ကို ဉာဏ်များသည့် ကုန်သည်ပင်။
ကွင်းဆက်လူသတ်မှု၏ နစ်နာသူများ ဓာတ်ပုံကို မြင်တွေ့ပြီးကတည်းက ချန်ယွီ့သည် ဤဖြစ်ရပ်နှင့် ဆက်စပ်သည့် ကံကြိုးမျှင်တန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး ဖြစ်သည်။
ယနေ့ ကံကောင်းမှုနှင့် ကုသိုလ်မျှင်တန်းများကို စုပ်ယူပြီးနောက် သူတို့ချင်း ကံတရား ဆက်စပ်နေမှုက ပို၍ ထက်ရှလာသည်။
ကောင်းကင်လျှို့ဝှက်နည်းဗျူဟာ၏ ညွှန်ပြမှုအတိုင်း ချန်ယွီ့ လိုက်ပါရင်း ယွီလင်လမ်းသို့ ရောက်လာခဲ့သည်။
ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က ကွင်းဆက်လူသတ်မှု၏ သတင်းအချက်အလက်ကို ဖွင့်ချဖို့ အဓိကသော့ဖြစ်၏။
မျက်မှောက်ခေတ် ၊ ဝိဉာဏ်ချီစွမ်းအင်တို့ နည်းပါးလာချိန်တွင် နတ်ဆိုးဂိုဏ်းများက သူတို့၏ ကျင့်ကြံမှု အဆင့်ကို တိုးမြင့်နိုင်ဖို့အတွက် မည်သို့သော နည်းလမ်းမျိုးကို မဆို အသုံးပြုကြသည်။
သူတို့က ကောင်းကင်ကို ပုန်ကန်ရန် သို့မဟုတ် သူတို့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ပင် ဝန်လေးနေမှာ မဟုတ်ချေ။
ပုလဲနက်ကို လက်ခံပြီးနောက် ချန်ယွီ့ အိမ်သို့ ပြန်ရန် ဟန်ပြင်လိုက်၏။
ယွီလင်လမ်းအဆုံးက အိမ်နေရပ်ကွက်များနှင့် ဘေးချင်းကပ် ဖြစ်သဖြင့် ဤနေရာတွင် တက္ကစီမရှိ။ တက္ကစီငှားပြီး အိမ်ပြန်ဖို့က လမ်းတစ်လမ်းလုံးကို ဖြတ်လျှောက်ပြီးမှသာ ဖြစ်နိုင်လိမ့်မည်။
သူ ထွက်ခွာတော့မည့် အချိန်မှာပဲ ချန်ယွီ့ သူ့ခြေလှမ်းများကို ရည်ရွယ်ချက် ရှိရှိ ရပ်တန့်လိုက်၏။
သူ လှည့်ပြီး ဘေးနားက ဆိုင်ကို တစ်ချက်ကြည့်လိုက်သည်။
ဆိုင်ပိုင်ရှင်က အသက် ခုနစ်ဆယ်အရွယ်လောက်ရှိသည့် လူအိုကြီး ဖြစ်၏။
သူ့ဆိုင်တွင် တိုင်းရင်းဆေးပင် အနည်းငယ်လည်းကိုလည်း ခင်းကျင်းပြသထားသည်။
“ အဘိုး … ဒီဂျင်ဆင်းက ဘယ်လောက်လဲ …”
ချန်ယွီ့ လက်ဆန့်တန်း၍ ဆိုင်က ဂျင်ဆင်းတစ်ခုကို ကောက်ကိုင်ကြည့်လိုက်သည်။
ဂျင်ဆင်းက ကလေးလက်မောင်း အရွယ်အစားလောက် ရှည်ပြီး တုတ်၏။
လူအိုကြီးက လက်ငါးချောင်း ထောင်ပြလာသည်။
“ ၅ သိန်း ၊ တစ်ခွန်းဈေးပဲ …”
“ မင်းက ဒီဂျင်ဆင်းအတွက် ရောက်လာတယ်ဆိုတော့ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့လူဆိုတာ သေချာတယ် ….”
“ ဒီ ၅ သိန်းက လုံးဝ တန်တယ်ဆိုတာ မင်းလည်း သိပါတယ် ….”
“ ဒါပေါ့ … တန်ပါတယ် …”
“ ခင်များမှာ နှစ်တစ်ရာဂျင်ဆင်းတောင် ရှိနေတယ်ဆိုတော့ …” ချန်ယွီ့က ပြုံးလျက် မေးလိုက်၏။ “ တခြား ဆေးပင်တွေကိုလည်း စုဆောင်းပေးနိုင်မှာပေါ့ ဟုတ်တယ်မလား ….”
“ မင်း တခြား ဘာလိုချင်လဲ …”
လူအိုကြီးက သာမန်လျှံကာ မေးလာခဲ့သည်။
“ နှစ်တစ်ရာ မီးလင်ဇီး ၊ နှစ်တစ်ရာ အဖိုအမ ဝတ်ဆံမြစ်၊ ပြီးတော့ တောင်ကမ်းပါးအစွန်းမှာ နှစ်ငါးဆယ်ကြာမှ ပွင့်တဲ့ သွေးလေနွယ်ပင် ….”
“ နှင်းထူထပ်တဲ့ တောင်တန်းတွေမှာ ပေါ်တဲ့ နှင်းပန်းကိုလည်း အဓိက ဆေးပင်အနေနဲ့ သုံးချင်တယ် ….”
“ ကောင်လေး … မင်း ဘယ်ဂိုဏ်း ၊ ဘယ်မြင့်မြတ်မြေကလာလဲ မေးလို့ရလား ….”
“ ဒီပစ္စည်းတွေကို မင်းကိုယ်တိုင်က လိုချင်တာလား … ဒါမှမဟုတ် မင်းရဲ့ အကြီးအကဲတွေက လိုချင်တာလား …”
လူအိုကြီး၏ လေသံက ယဉ်ကျေးသွားသည်။
ချန်ယွီ့ကို ကြည့်သည့် သူ၏ အကြည့်များထဲ ရိုသေလေးစားရိပ်တို့ တစွန်းတစ ဖြစ်ပေါ်လာသည်။
“ ဒါပေါ့ … အဲ့တာတွေကို ကျွန်တော်ကိုယ်တိုင်က လိုချင်တာလေ …”
ချန်ယွီ့က အပြုံးတစ်ခုကို ဆင်မြန်းလျက် ပြောလိုက်ပြီး “ အဘိုးက ယဉ်ကျေးလွန်းနေပါပြီ … ကျွန်တော့်ရဲ့ စိတ်ကျန်းမာရေး ဆေးခန်းလေးက ဂိုဏ်းတွေ ဘာတွေ မဟုတ်ပါဘူး ….”
“ စိတ်ကျန်းမာရေး ဆေးခန်းလား …”
လူအိုကြီး၏ နှုတ်ခမ်းတို့ လိမ်တွန့်သွားခဲ့၏။
“ ဒါဆို မင်းက စိတ်ကျန်းမာရေး ဆရာဝန်ပေါ့ ….”
ထိုသို့မေးပြီးသည့်နောက် လူအိုကြီး၏ မျက်နှာအမူအရာမှာ ဖော်ပြမရအောင် ထူးဆန်းသွားခဲ့သည်။
“ ဟုတ်တယ် … ကျွန်တော်က စိတ်ကျန်းမာရေး ဆရာဝန်ပဲ ….”
ချန်ယွီ့က လက်ထဲကိုင်ထားသည့် နှစ်တစ်ရာ ဂျင်ဆင်းကို မြှောက်ပင့်ကစားလိုက်ရင်း “ စိတ်ကျန်းမာရေး ဆရာဝန်တွေက ဆေးပင် ဝယ်လို့ မရဘူးလား ….”
လူအိုကြီးမှာ တိတ်ဆိတ်သွားခဲ့သည်။
စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက် ဆေးပင်ဝယ်သည်က ပြဿနာ မဟုတ်။ သို့သော် ချန်ယွီ့ ပြောသည့် ဆေးပင်များထဲ ပြဿနာ တစ်ခု ရှီနေသည်။
သူ ပြောသွားသည့် ဆေးပင်များက ဈေးကြီးရုံမျှမက ရှာဖွေရလည်း နည်းနည်းခက်၏။
မီးလင်ဇီး၊ အဖိုအမ ဝတ်ဆံမြစ် နဲ့ သွေးလေ နွယ်ပင်။
အဓိက ဆေးပင်အဖြစ် ချန်ယွီ့က နှင်းပန်းကိုလည်း တောင်းဆိုလာခဲ့သည်။
ဤအရာများအားလုံးကို အသုံးပြု၍ တစ်ခုတည်းသာ လုပ်စရာရှိသည်။
ယင်းက ကျင့်ကြံရန်အတွက် ဆေးလုံးသန့်စင်ဖို့ပင်။
စာစဉ် (၈) ပြီး၏။