← Chapters

ဒေသခံ ပရောဂဆရာများပင် မမြင်ဖူးသည့် လှည့်ကွက်

Vol. 35 Ch. 346

ဒေသခံ ပရောဂဆရာများပင် မမြင်ဖူးသည့် လှည့်ကွက်

Vol. 35 Ch. 346

“ မဟုတ်မှလွဲရော ရှင့်ရဲ့ အဘေးဆိုတာက ….”

“ အဲ့ဒီ ချမ်းသာတဲ့ သခင်ငယ်လေးများလား ….” ကျိုးခဲ့ရှင်း မရေမရာ လေသံဖြင့်‌ မေးမြန်းလိုက်၏။

“ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ငါလည်း အားလုံးကို ကွယ်ဝှက်ထားမနေတော့ပါဘူး ….” အဘိုးကျန်းက သက်ပြင်းချလျက် “ မာစတာချန် ပြောတာမှန်တယ် … ဒါတွေ အကုန်လုံး ငါ့လက်ချက်ပဲ ….”

“ ငါ့သားကို ဈေးမြင့်ဖို့ပြောခဲ့တာလည်း ငါပဲ …”

“ ထူးဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်တွေကို ဖန်တီးနေတာလည်း ငါပဲ …..”

စစချင်းတုန်းကတော့ အဘိုးကျန်းသည် မုန်းတီးမှုကြောင့် ဟူလျန်နှင့် သူ့ကောင်မလေးအား ဤအိမ်ကြီးကို မဝယ်ယူစေလိုခဲ့ခြင်းပင်။

ဤနှစ်ယောက်က စုံတွဲဟန်ဆောင်ထားသည့် ရှေးဟောင်းပစ္စည်း ကုန်သည်များဟု သူသံသယ ရှိမိ၏။

ဤအိမ်ကြီးကို ဝယ်ယူပြီးသည့်နောက် ပစ္စည်းများအားလုံး ရောင်းချပစ်လိုက်မှာကို စိုးရိမ်သည်။

ယွမ်ခုနစ်သန်းထိ ဈေးမြင့်ပြီးသည့်တိုင် နှစ်ဦးက ဝယ်လိုဟန်ပြနေတော့ သူ့ဘက်က ဈေးကို ဆက်ပြီး တိုးမြင့်ချင်နေခဲ့သည်။ သို့သော် သူ့သားက ငြင်းဆန်ခဲ့၏။

ယွမ်ခုနစ်သန်းဆိုသည့် ပမာဏက ရွာ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်သည်။

သို့နှင့် ရွာလူကြီးက သူတို့နှစ်ယောက်ကို ထိုဈေးနှုန်းဖြင့် ရောင်းပေးဖို့ ဆုံးဖြတ်လိုက်သည်။

အဘိုးကျန်းမှာလည်း အခြားရွေးချယ်စရာမရှိ။ နောက်တစ်နည်း စဉ်းစားရလေတော့သည်။

နှစ်ယောက်က အိမ်ကို ဝယ်ပြီး ပြန်လည် မွမ်းမံပြုပြင်နေတာကို မြင်တော့ အဘိုးကျန်းရင်ထဲရှိ သံသယများလည်း ကွယ်ပျောက်သွားခဲ့တော့သည်။ သို့တိုင် မောင်းထုတ်ချင်စိတ်ကတော့ ကျန်ရှိနေဆဲပင်။

ဤသည်က သူ့မိသားစု၏ အိမ်အဟောင်းပင်။ သူ့ဘိုးဘေးများက မြက်ပင်တစ်ပင်ချင်းစီတိုင်း၊ သစ်ပင်တစ်ပင်ချင်းစီတိုင်းကို သွေးနှင့်ချွေးနှင့် ရင်းပြီး တည်ဆောက်ခဲ့ရသည်။

အပြင်လူများကို ထိတွေ့ခွင့် လုံးဝ မပြုနိုင်ပေ။

နံရံပေါ်ရှိ ပန်းချီကားနှင့် ပတ်သက်၍ကတော့ … ယင်းက မတော်တဆမှုသပ်သပ်ပင်။

“ သူငယ်မ …”ကျိုးခဲ့ရှင်းက သူမ၏ နှုတ်ခမ်းကို တစ်ခုခု ပြောလိုဟန်ဖြင့် ဆက်တိုက် လှုပ်ရှားနေတာကို မြင်တော့ အဘိုးကျန်းက ခါးသီးစွာ ပြုံးလိုက်ပြီး “ မင်းမေးချင်နေတာ အဲ့ဒီ ဝမ်းနည်းဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းကိုလည်း ငါ လုပ်ကြံဖန်တီးထားတာပဲလားလို့မလား ….”

“ ချမ်းသာတဲ့ သခင်ငယ်လေးက ရှင့်ရဲ့ အဘေးဆိုမှတော့ အဲ့ဒီ နွမ်းပါးတဲ့ မိန်းကလေးကလည်း ရှင့်ရဲ့ ဘွားဘွားကြီးပဲ မဟုတ်ဘူးလား …..” ကျိုးခဲ့ရှင်း မေးလိုက်သည်။

“ မဟုတ်ဘူး …”

အဘိုးကျန်း၏ အဖြေက လူတိုင်း ထင်မှတ်ထားသည်နှင့် တစ်ခြားစီ ဖြစ်နေသည်။

သူ့ ဘွားဘွားကြီးက စီရင်စုမြို့တော်ရှိ ချမ်းသာသည့် မိသားစု၏ သမီးမိန်းကလေးပင်။

အဘိုးကျန်း လူတိုင်းကို ပြောပြခဲ့သည့် ဇာတ်လမ်းကလည်း အမှန်တရားပဲ ဖြစ်၏။

သို့သော် ပုံပြင်က ထိုနေရာတွင် အဆုံးသတ်သွားသည်တော့ မဟုတ်ချေ။

သရဲခြောက်သည့် စံအိမ်အိုကြီးမှာ ချမ်းသာသည့် လူငယ်သခင်လေး၏ လှည့်ကွက် ဖြစ်၏။

“ ငါ့ အဘေးက ဟိုရဲ့ ဘယ်နေရာမှာ …..”

အဘိုးကျန်းမှာ မျက်မှောင်ကြုတ်၍ စတင် စဉ်းစားလိုက်၏။

“ စီရင်စုတက္ကသီလာ …..”

ချန်ယွီ့ စကားထောက်ပေးလိုက်သည်။

“ ဟုတ်တယ် ဟုတ်တယ် … စီရင်စုမြို့တော်က တက္ကသီလာမှာ ပညာသင်ခဲ့တာ …..”

“ ငါ့အဘေးက အဲ့မှာ ပညာတွေ အများကြီးကို ဆည်းပူခဲ့ပြီး ဒီမှာ သရဲခြောက်တဲ့ ပုံစံမြင်ကွင်းမျိုးကို ဖန်တီးခဲ့တာပဲ …”

နွမ်းပါးသည့် မိန်းကလေးမှာ မမွေးဖွားရသေးသည့် သန္ဓေသားလောင်းနှင့်အတူ သေဆုံးသွားခဲ့ပြီး မိသားစုက သူမကို ဧရာမ အုတ်ဂူကြီးထဲ မြုပ်နှံပေးခဲ့သည်။

ချမ်းသာသည့် သခင်ငယ်လေးမှာ ထိုသတင်းကြားထဲ နှလုံးသားကို ဓားဖြင့် အမွှန်းခံရသည့်နှယ် နာကျင်စွာ ခံစားသွားခဲ့ရ၏။

မိန်းကလေးကို ခမ်းနားစွာ သင်္ဂြုဟ်ပေးချင်ပါသော်လည်း မိသားစု၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်။

နှစ်အနည်းငယ်ကြာပြီးသည့်နောက် သခင်ငယ်လေး၏ မိန်းကလေးအပေါ် တမ်းတစိတ်တို့က နေ့စဉ်နှင့်အမျှ တိုးပွားလာသည်။

သူ့နှလုံးသားသည်လည်း ထိုမိန်းကလေးတို့ သားအမိ သေဆုံးသွားသည့် နေ့ကတည်းက အတူ သေဆုံးသွားခဲ့ပြီး ဖြစ်သည်။

ချမ်းသာသည့် မိန်းကလေးနှင့် ဆက်ပြီး ပေါင်းသင်းနေထိုင်မည်ဆိုပါက သူ့ကိုယ်သူနှင့် အခြားသူများကို ထိခိုက်အောင် လုပ်သလို ဖြစ်နေစေလိမ့်မည်။

“ သူ့ရင်ထဲက အပြစ်တွေကို ဖြေလျော့စေဖို့အတွက် ငါ့အဘေးက ဒီနေရာမှာရှိတဲ့ သူ့မိဘတွေကို ကြောက်လန့်စေဖို့အတွက် လှည့်ကွက်တွေ စပြီး ဖန်တီးတယ် ….”

“ မိန်းကလေးက သေသွားပြီးတဲ့နောက်မှာတောင် ထွက်မသွားသေးတဲ့ပုံစံ သရုပ်ဆောင်ခဲ့တယ် … အဲ့လိုသာဆိုရင် သူတို့တွေ မိန်းကလေးကို ခမ်းခမ်းနားနား သင်္ဂြိုဟ်ပေးပြီး ခွင့်လွှတ်မှုကို တောင်းခံကြမှာ ကျိန်းသေတယ် ….”

“ အကြီးအကဲနှစ်ယောက်က ယုံကြည်ဖို့ ငြင်းဆန်နေမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး … သူတို့တွေ ခမ်းခမ်းနားနား သင်္ဂြုဟ်ပေးဖို့ထက် ပရောဂဆရာတွေ ငှားပြီး နှိမ်နင်းဖို့ပဲ ပိုက်ဆံ အကုန်ကျ ခံခဲ့ကြတယ် …..”

အဘိုးကျန်း၏ အဘေးက ကျောင်းတော်တွင် သင်ယူတတ်မြောက်ခဲ့သည့် ရူပဗေဒနှင့် ဓာတုဗေဒ အသိပညာများကို အသုံးချပြီး သရဲခြောက်သည့် မြင်ကွင်း အတုအယောင်များကို အတုအယောင်လုပ်၊ ဖန်တီးခဲ့သည်။

ဒေသခံ ပရောဂဆရာများကလည်း ထိုသို့သော လှည့်ကွက်မျိုးကို ဘယ်တုန်းကမျှ မမြင်ဖူးခဲ့ကြချေ။

ကံဆိုးရှာသည့် မိန်းကလေးက ဗိုက်ကြီးသည်တစ္ဆေ ဖြစ်လာသည်ဟု ယူဆလိုက်ကြ၏။

နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခံလာရတော့ အဘေး၏ မိဘများနှင့် မိသားစုကလည်း ကြောက်ရွံ့စိတ်ကြောင့် စတင်ပြိုလဲလာသည်။

သိပ်မကြာခင်မှာပဲ စီရင်စု မြို့တော်သို့ ထွက်သွားခဲ့ပြီး နာမကျန်းဖြစ်မှုကြောင့် တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားခဲ့ကြ၏။

မိဘများ၏ ချုပ်ချယ်ကန့်ကွက်ခြင်း မရှိတော့ အဘေးကျန်းက ချမ်းသာသည့် မိန်းကလေးထံ သူ့ကတ်များကို ချပြလိုက်တော့သည်။

ချမ်းသာသည့် သခင်ငယ်လေးက မိဘများ၏ ပေးစားမှုဖြင့် ယူထားရသည့် မိန်းကလေးကို မချစ်မနှစ်သက်ပေ။ နှစ်ယောက်မှာ နှစ်ပေါင်းများစွာ အိမ်ထောင်ကျပြီးသော်လည်း တစ်ကြိမ်တစ်ခါမျှ မင်္လာလာ မမြောက်ခဲ့ကြချေ။

မိန်းမငယ်လေးကလည်း ထွက်သွားပေးဖို့ သဘောတူသည်။ သို့သော် တောင်းဆိုမှု တစ်ရပ်တော့ ရှိ၏။

သူမ အနားယူနိုင်ဖို့အတွက် သမီးဖြစ်စေ၊ သားဖြစ်စေ၊ တစ်ယောက်ယောက်တော့ မွေးပေးရမည်။

“ အဲ့ခေတ်က အခုခေတ်နဲ့ မတူဘူး … ကလေးမမွေးပေးနိုင်တဲ့ အမျိုးသမီးတွေက ပတ်ဝန်းကျင်ရဲ့ အထင်သေးတာကို ခံရတယ် …..”

“ ကိုယ် အသက်ကြီးလာတဲ့အချိန် ကိုယ့်မှာ သားသမီးမရှိဘူးဆို ကိုယ့်ဘေးနားက တစ်ခြားသူတွေကိုလည်း အားကိုးလို့ ရမှာ မဟုတ်ဘူး …”

မိန်းမငယ်လေး ကိုယ်ဝန်ရလာတာနဲ့ အဘေးကျန်းက အကြောင်းပြချက် တစ်ခုရှာပြီး သူမနှင့် ကွာရှင်းလိုက်သည်။

အပြစ်များအားလုံးကို သူကပဲ ခံယူခဲ့သည်။

ထို့နောက် စီရင်စုမြို့တော်ရှိ မိသားစု စီးပွားရေး လုပ်ငန်းများအားလုံးကို ပစ်ထားပြီး ဇနီးနှင့် ကလေးရှိရာ မွေးရပ်မြေသို့ တစ်ယောက်တည်း ပြန်လာပြီး ဆုံးပါးသွားသည့် သူချစ်ရသည့် ဇနီးသည်ကို အဖော်ပြုပေးခဲ့သည်။

နံရံပေါ်က ပန်းချီကားကိုလည်း သခင်ငယ်လေးပဲ ရေးဆွဲထားခဲ့တာပဲ ဖြစ်၏။

ကွယ်လွန်သွားသည့် ဇနီးဖြစ်သူအပေါ် လွမ်းဆွတ်သတိရစိတ်အား ဖြေဖျောက်ဖို့ အတွက်ပင်။

ကံဆိုးရှာသည့် သူ့မိန်းကလေးကို ခမ်းခမ်းနားနားနှင့် သင်္ဂြိုဟ်ပေးချင်သော်လည်း ကံဆိုးစွာဖြင့် ကောင်းကင်ဘုံက သူ့ဆန္ဒများကို ဖြည့်ဆည်းပေးချင်သည့်ပုံ မပေါ်ချေ။

အဘေးကျန်း ရွာသို့ ပြန်ရောက်လာပြီး မကြာခင်မှာပဲ မိုးခေါင်ရေရှားမှု ဖြစ်ပေါ်လာခဲ့သည်။

ရွာသားများ ငတ်မွတ်ခေါင်းပါးနေသည်ကို မြင်တော့ အဘေးကျန်းလည်း ဒီတိုင်း မကြည့်နေနိုင်တော့ဘဲ သူ့ပိုင်ဆိုင်သည်များကို အစားအသောက်နှင့် လဲလှယ်၍ လူတိုင်းကို ကူညီပေးခဲ့၏။

သူ ချစ်ရသည့် မိန်းကလေးအတွက် ခမ်းခမ်းနားနား မသင်္ဂြိုဟ်ပေးနိုင်ခဲ့သော်လည်း ယင်းက သူမအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးသည်နှင့် ညီသည်။

အဘိုးကျန်းက လက်ပင့်ပြီး မျက်လုံးထောင့်က မျက်ရည်များကို ဖယ်သပ်လိုက်၏။

“ အဲ့လိုနဲ့ နှစ်သုံးဆယ်က တစ်ခဏလေးအတွင်းမှာပဲ ကုန်ဆုံးသွားခဲ့တယ် …”

“ ငါ့ရဲ့ ဘွားဘွားကြီး သေတော့ ငါ့အဘိုးက သူ့အဖေကို တွေ့ဖို့အတွက် ရွာကို ရောက်လာခဲ့တယ် ….”

“ အဲ့ဒီအချိန် ငါ့အဘေးက စိတ်တောင် မမှန်ချင်တော့ဘူး … သူ့သားသူလည်း မမှတ်မိတော့ဘူး ….”

“ မြို့ကိုလည်း မပြန်ချင်ဘူး ….”

“ သူပြောတာ ဒီနေရာက သူနဲ့ သူ့ဇနီး ဝမ်အာတို့ရဲ့အိမ် … ဘယ်သူမှ သူတို့ကို လာနှောင့်ယှက်လို့ မရဘူး ….”

ဝမ်အာဆိုသည်မှာ ကံဆိုးရှာသည့် မိန်းကလေး၏ နာမည်ပင်။

သူ့အဖေကို ပြုစုပေးဖို့အတွက် အဘိုးကျန်း၏ အဘိုးကလည်း စီရင်စုမြို့တော်မှ ရက်အနည်းငယ်အကြာ တစ်ခါ ရွာသို့ ရောက်လာတတ်သည်။

“ ငါ့ရဲ့ အဘေး မသေခင် အချိန်လေးမှာ သူ့ရဲ့ အသိစိတ်ပြန်လည်လာပြီး သူ့ရဲ့ အတွေးတွေကလည်း ရုတ်ချည်း ရှင်းလင်းလာတယ် ….”

“ အဲ့တုန်းက ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ငါ့အဘိုးဆီ ပြောပြခဲ့တာပဲ ….”

“ ဒီစံအိမ်ကြီးကို ကာကွယ်ပေးပါ့မယ်ဆိုပြီးလည်း ကတိတောင်းခဲ့တယ် …..”

“ ပန်းချီကားထဲကလူက ဝမ်အာပဲ …” အဘိုးကျန်းက နံရံပေါ်ရှိ အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်ပြီး “ ငါ့အဘေးက တစ်ယောက်ယောက် ဒီပန်းချီကို ဖျက်စီးပစ်မှာ စိုးလို့ ထုံးကျောက်မှုန့်နဲ့ ဖုံးထားခဲ့တယ် ….”

“ ထုံးမှုန့်က နံရံပေါ်က ပန်းချီကို ဖုံးကွယ်ပေးတဲ့အပြင် ကာလည်း ကာကွယ်ပေးနိုင်တယ် .. ပန်းချီကားက ရေနဲ့ထိတွေ့မှပဲ ပြန်ပေါ်လာတတ်တာ …”

“ မိုးရွာတဲ့ညမှာ သရဲခြောက်တဲ့ ပုံစံနဲ့ တူနေတာကတော့ လုံးဝကို တိုက်ဆိုင်မှုသပ်သပ်ပါ …”

“ လူတွေက မုန်တိုင်းထန်တဲ့ညဆို ကြောက်ရွံ့တတ်ကြတာ သဘာဝပဲလေ …”

“ ငါ့အဘေးက ရာသီဥတုကို အခြေအနေကိုပါ တွက်ချက်ပြီး သူ့လှည့်ကွက်တွေကို ဖန်တီးခဲ့တာ ဖြစ်မယ် ….”

ကျန်ဇာတ်လမ်းတစ်ဝက်ကို နားထောင်ပြီးနောက် ဟူလျန်နှင့် မိန်းကလေးနှစ်ယောက်မှာ သက်ပြင်းချလိုက်ကြ၏။

ချန်ယွီ့က မည်သည့် ထင်မြင်ချက်မျှ ပြောမလာသဖြင့် အဘိုးကျန်း ပြောသွားသည်များ အားလုံးက အမှန်တွေချည်း ဖြစ်ကြောင်း သေချာနေသည်။

“ အဘိုးကျန်း … ဒါဆို ရှင်က ဒီနေရာကို သရဲခြောက်နေသလို ဖန်တီးပြီး လူတွေကို ခြောက်လွှတ်နေတာက ဒီအိမ်ကြီးကို ကာကွယ်ပေးချင်လို့ပေါ့နော် …”

ပန်ယွဲ့လင်း မေးမြန်းလိုက်သည်။

“ မင်းတို့ကို ကြောက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ် …”

“ ငါ့အဘိုးခေတ်တုန်းကတည်းက သူ ဒီအိမ်ကြီးကို တိတ်တိတ်လေး ကာကွယ်လာခဲ့တာ ငါ့လက်ထဲ လွှဲပြောင်းပေးခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ပြီ…”

“ ငါ့လက်ထဲ ရောက်မှ တစ်ခုခု ဖြစ်သွားလို့ မရဘူး .. “

“ ဒါကြောင့် ဒီလို နည်းလမ်းကို အသုံးပြုခဲ့ရတာပဲ ….”

အဘိုးကျန်းက ဤအရာများအားလုံးကို သူ့အဘိုးထံမှ သင်ယူတတ်မြောက်ခဲ့ခြင်းပင်။

ဤအိမ်အဟောင်းကြီးထဲ ဖြစ်ပျက်ခဲ့သည့် ချစ်ခြင်း-မုန်းခြင်း အငြင်းပွားမှု ကိစ္စရပ်များအကြောင်း သိရှိလိုက်ရပြီးနောက် ဤနေရာကြီးကို ကာကွယ်ရမည့် တာဝန်က အဘိုးကျန်းပခုံးပေါ်သို့ ကျရောက်လာလေသည်။

ပန်ယွဲ့လင်းမှာ တစ်ခုခု ပြောဖို့ စကားဟလိုက်သော်လည်း သူမ ဘာပြောလို့ ပြောရမှန်း မသိပေ။

အဘိုးကျန်း၏ အိမ်ကြီးကိုကာကွယ်လိုစိတ်အား သူမ နားလည်ပေးနိုင်သည်။

သို့ပေမယ့်လည်း …

သူမနှင့် ဟူလျန်တို့က ယွမ်ခုနစ်သန်းသုံးပြီး ဤအိမ်အဟောင်းကြီးကို ဝယ်ယူခဲ့ရ၏။

ထွက်သွားပေးဖို့ကတော့ လုံးဝ မဖြစ်နိုင်ပေ။

“ အဘိုးကျန်း … ရှင့်အဘိုးက ဒီနေရာ ကာကွယ်ပေးပါ့မယ်လို့ ကတိပေးထားပြီးမှတော့ ဘာလို့ ဒီအိမ်ကြီးမှာ မနေတာလဲ …” ကျိုးခဲ့ရှင်းက အေးစက်စက် လေသံဖြင့် မေးခွန်းထုတ်လိုုက်၏။

“ အဲ့ဒီ အစား ဘာလို့ ရွာထဲမှာပဲ နေတာ …”

“ ဒီလို အဆောက်အဦးမျိုးကို နေရာမှာ ကိုယ်တိုင်နေပြီး ကာကွယ်ပေးတာက ပိုကောင်းမယ် မထင်ဘူးလား …..”

“ သူ့အားစိုက်ထုတ်ရတာတွေလည်း အလဟဿ မဖြစ်တော့ဘူးပေါ့ ….”

အဘိုးကျန်းက မျက်လုံးစုံမှိတ်လိုက်ပြီး သူ့အသံက ခံစားချက်မျိုးစုံ ရောပြွမ်းနေသည်။

“ တကယ်လို့ ငါ့အဘိုးသာ သူ ဒီနေရာကို ပြောင်းလာခဲ့မယ်ဆိုရင် သူနဲ့ ငါ့အဘေးကြားက ဆက်ဆံရေးကို ဖော်ထုတ်သလို ဖြစ်သွားလိမ့်မယ် … အဲ့တာက ငါ့အဘိုးအတွက် ကပ်ဘေးဒုက္ခတွေကို သယ်ဆောင်လာနိုင်ချေ အတော်လေး များတယ် …”

( မှတ်ချက် - အဘေးရဲ့ ဇနီးကို ဘယ်လိုခေါ်လဲ မသိလို့ ဘွားဘွားကြီးဆိုပြီးပဲ သုံးထားပါတယ်ဗျ။ အဘိုးကျန်းက အဘေးကျန်းရဲ့မြစ်ပါ။ ရှေ့မှာတုန်းက အဘိုးကျန်းရဲ့ အဘိုးက အိမ်အတွက် လယ်သမား ဖြစ်ခဲ့ဖူးတယ်ဆိုပြီး သုံးနှုန်းထားခဲ့ပေမယ့် တကယ်တော့ လိမ်တာပါ။ )

All Chapters