ဆက်နွယ်နေတဲ့ အစီအစဉ်
Vol. 11 Ch. 110
“ ရှိလို့လား ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]သည် ဗွီဒီယိုကို နောက်သို့ ရစ်ပြီး ပြန်ကြည့်သည်။
“ အာ … တကယ်ပဲ အဲ့လို အသံမျိုးတွေ ရှိနေတာပဲ ….”
သူ ကြက်သေသေသွားသည်။
ဤဗွီဒီယိုကို သူ့သူငယ်ချင်းများအား မကြာခဏ ဖွင့်ပြ၍ သူလို ဖက်တီးတစ်ယောက်ပင် သူ့အပေါ် ချစ်ခင် တွယ်တာသည့် အမျိုးသမီး တစ်ယောက် ရှာဖွေနိုင်သည်ဟု ကြွားဝါလေ့ ရှိသည်။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က ၎င်းကို သူငယ်ချင်းများထံ ထပ်ခါတလဲလဲ ဖွင့်ပြခဲ့သော်လည်းပဲ ထူးဆန်းသည့် အသံဗလံများကို ဘယ်တုန်းကမှ သတိမမူမိခဲ့ချေ။
“ ကြည့်လိုက် … ကျားကျားရဲ့ အကြည့်တွေက ဘာလို့ ထူးဆန်းနေတာလဲ …”
ကြည့်ရှုသူ တစ်ယောက်က ပိုက်ဆံ သုံးထားသည့် အထူးကွန်းမန့်တစ်ခုကို ပို့လာသည်။ လူတိုင်းရဲ့ အာရုံစူးစိုက်မှုက ကျားကျားရဲ့ မျက်လုံးနှင့် မျက်နှာအမူအရာထံသို့ ကျရောက်သွားသည်။
“ သူ့မျက်လုံးတွေက တစ်ချက် တစ်ချက် ဘယ်ဘက်က နံရံကို အကြည့်ရောက်နေသလားလို့….”
“ သူ့ အမူအရာထဲမှာ ရက်စက်မှုနဲ့ အထင်သေးတဲ့ အရိပ်အမြွက်တွေ ပါနေသလားလို့ ….”
“ မင်း ပြောတော့မှ တကယ်လည်း အဲ့လို ဖြစ်နေတဲ့ပုံပဲ ….”
“ ကြောက်ဖို့ ကောင်းလိုက်တာ အမေရေ …. အလှလေးက သိပ်ရက်စက်တာပဲ ... ”
“ တံခါးနားမှာ တစ်ယောက်ယောက် အရိုက်ခံနေရတယ်နဲ့တူတယ် ….”
“ သူက လူတစ်ယောက်ကို မျက်တောင်မခတ်ဘဲ သတ်တဲ့လူဆိုတာ သေချာတယ်…. မဟုတ်ရင် ကိုယ့်အနားမှာ လူတစ်ယောက် ရိုက်ခံရလို့ အော်ဟစ်နေတဲ့ အသံကြားတာတောင် ဒီလိုမျိုး တည်တည်ငြိမ်ငြိမ် နေနိုင်မှာ မဟုတ်ဘူး … ကြည့်စမ်း … ဗွီဒီယိုကောတောင် ပြောရင်း ကြူနေလိုက်သေး ….”
“ ကျောက်ကပ်ထုတ်ရင် မေ့ဆေးတွေ ဘာတွေ ပေးပြီးမှ ထုတ်တာလားဟင် … ငါ နာမှာကြောက်လို့ ….”
“ အနာကို သံပူနဲ့ကပ်တာက နာမှာတော့ ငါ ကျိန်းသေတယ် ….”
စကားပြောခန်းထဲမှ သတိပေးစကားတို့ ဆက်တိုက် ထုတ်ပေါ်လာရင်း [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]သည်လည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။
သူ သေချာဂရုတစိုက်နှင့် အကဲခတ် လေ့လာကြည့်လိုက်တော့ ကျားကျားရဲ့ မျက်လုံး အမူအရာတို့ထဲ အမှန်တကယ်ပင် အထင်သေးမှုနှင့် ထူးမခြားနားမှုတို့အား မြင်တွေ့နေရသည်။
လူရိုက်ခံနေရသည့် အသံများနှင့် ကြာပွတ်အသံများက သူ့ကို လှုပ်နှိုးလာစေသည်။
“ ဒေါက်တာချန် … သူက လူလိမ်ဆိုရင် ဘာကြောင့် သူနဲ့ငါ့ကို တစ်သက်လုံး ပေါင်းဖက်သွားရမယ်လို့ ပြောရတာလဲ ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]သည် ကျောတစ်လျှောက်လုံး ချွေးအေးတို့ ရွှဲနစ်နေတော့သည်။ သူ့မျက်နှာထက်ရှိ ယုံကြည်ချက် ပြည့်လျှံနေမှုနှင့် ဘဝင်လေဟပ်နေသည့် အမူအရာသည်လည်း ပျောက်ကွယ်သွား၏။
သူ့မျက်နှာမှာလည်း လူသေကောင် တစ်ယောက်နှယ် ဖြူလျော်နေသည်။
“ ဒီရဲ့လူနာ… မင်းက နည်းနည်းလေး နားလည်မှု လွဲနေတယ် …”
“ မင်းတို့နှစ်ယောက် တစ်သက်လုံး အတူတူ ပေါင်းဖက်သွားရမယ်လို့ ပြောတဲ့ အချိန်တုန်းက မင်းတို့နှစ်ယောက် အတူ နေနိုင်မယ်လို့ မဆိုလိုဘူးလေ….”
“ အဲ့ဒီအစား သေပြီးတဲ့ နောက်မှာ မင်းတို့နှစ်ယောက် အတူတူ မြုပ်နှံခံရမယ်လို့ ပြောတာ …”
ချန်ယွီ့ တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ ငါ သေတဲ့အချိန် ဟုတ်လား …”
ပဲစေ့လောက်ရှိသည့် ချွေးအေးတို့က နဖူးထက်ကနေ စီးကျလာခဲ့ပြီး သူ့ နှလုံးခုန်သံသည်လည်း ကသောင်းကနင်း ဖြစ်လို့နေသည်။
လိမ်လည်ခံရပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ရောင်းစားခံရသည်ကပင် အတော်လေး ဆိုးရွားလှသည့် အခြေအနေ ဖြစ်နေပြီး ဖြစ်၏။ ယခုတော့ သူက သေပင် သေရမည်တဲ့လော။
ယခုမှပဲ ချန်ယွီ့ သွယ်ဝိုက်ပြီး ပြောဆိုချင်သည့် စကားအဓိပ္ပာယ်ကို လုံးလုံးလျားလျား သဘောပေါက် နားလည်သွားတော့သည်။
“ မင်းတို့နှစ်ယောက်က အတူ ပေါင်းဖက်နိုင်မယ် …. ဒါပေမယ့် မင်းထင်ထားတာနဲ့တော့ နည်းနည်းလေး ကွဲမယ် ….”
နည်းနည်းလေးကို မဟုတ်ဘူး … အကြီးကြီးကို ကွဲတာ …
သူ ထင်ထားတာက သူတို့နှစ်ယောက် အတူလက်ထပ်သွားနိုင်မယ်လို့ ထင်ထားခဲ့တာလေ …
အဲ့ဒီအစား သူတို့နှစ်ယောက်က သေပြီးတဲ့နောက်မှာ အတူ မြုပ်နှံခံရမှာတဲ့လား ….
“ ဒေါက် … ဒေါက်တာချန် …. ငါ … ငါ ဘယ်လိုမျိုး သေမှာလဲဟင်….”
“ ကျားကျား … သူ … သူကရော ဘယ်လိုဖြစ်ပြီး သေသွားမှာလဲ …..”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]၏ မျက်နှာအမူအရာမှာ သူ သေရမည့် ကိစ္စကို မေးမြန်းနေသည့် အချိန်၌ ထူးဆန်းနေခဲ့၏။
“ သူက မင်းသတ်လို့ သေသွားမှာ ….” ချန်ယွီ့ ခွန်းတုံ့ ပြလိုက်ပြီး “ မင်းကကျတော့ … လူတွေ ဝိုင်းရိုက်တာ ခံရလို့ သေသွားမှာ ….”
ချန်ယွီ့ရဲ့ ခွန်းတုံ့ပြန်စကားက သူ့ရဲ့ အတွေး သံသယတွေကို ပိုပြီး ပြင်းထန်သွားစေခဲ့လေသည်။
“ ငါ့ကျောက်ကပ်ကို သူတို့ ထုတ်ပြီးသွားပြီမလား … ငါက ဘာလို့ သေတဲ့အထိ ဝိုင်းရိုက်ခံရမှာလဲ ….”
ထိုသို့ ပြောပြီးနောက် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က ချန်ယွီ့ သူ့ကို စတင်ပြီး မရှင်းပြခင် အချိန်အစောပိုင်းကို ပြန်လည် အောက်မေ့မိသွားသည်။
အကယ်၍ သူသာ ချန်ယွီ့ကို ငွေရှင်းဖို့ မလုပ်ဘဲ အဖြေရပြီး လူလည်ကျစွာ လိုက်စထွင်းအခန်းထဲက ထွက်သွားခဲ့မည်ဆိုပါက မည်သို့ ဖြစ်လိမ့်မည်နည်း။
“ မင်းရဲ့ ရောဂါ ဇစ်မြစ်ကလည်း ဒါပဲ ဆိုတော့ အစကနေ စပြီး ပြောကြတာပေါ့ ….”
ထို့နောက် ချန်ယွီ့က အကယ်၍ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်] ချက်ချင်း လိုင်းဆင်းသွားခဲ့မည်ဆိုပါက ဖြစ်ပျက်လာမည့် ကိစ္စများကို စတင်ပြောပြသည်။
“ မင်း ကျားကျားနဲ့ တွေ့ပြီးတဲ့ နောက်မှာ သူက မင်းကို သူတို့မြို့က အထင်ကရ လည်ပတ်လို့ကောင်းတဲ့ နေရာတွေ ခေါ်သွားပေးတယ် ….”
“ မင်းကို ဒေသရဲ့ ဓလေ့ထုံးတမ်း အမျိုးမျိုးနဲ့လည်း မိတ်ဆက်ပေးတယ် … မင်း အဲ့ဒီကို ရောက်တဲ့အချိန် ဒီမြို့က အင်တာနက်ပေါ်က လူတွေ ပြောသလောက်လည်း ကြောက်စရာမကောင်းပါလား ဆိုပြီး တွေးမိလိမ့်မယ် … လူတွေက တစ်စိတ်ကို တစ်အိတ်လုပ်လွန်းတယ်ဆိုပြီးတောင် စိတ်ထဲကနေ ဝေဖန် အပြစ်တင်နေလိမ့်ဦးမယ် …”
“ အဲ့နောက်မှာ မင်း သူ့မြို့မှာ ခုနစ်ရက် ၊ ရှစ်ရက် နေတယ်…. လူလိမ်ဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မင်းမမြင်ရဘူး … အဲ့မှာ အင်တာနက်ပေါ်က ရေးထားတာတွေက ချဲ့ကားထားတာတွေပါဆိုတာကို မင်းပိုပြီး သေချာသွားတယ် …”
“ သိပ်မကြာခင်မှာပဲ မင်း ကျားကျားရဲ့ မိဘတွေနဲ့ တွေ့တယ် … “
“ မင်း ထင်သလို မဟုတ်ဘဲ ကျားကျားရဲ့ မိဘတွေက မင်းကို အသာတကြည်နဲ့ပဲ လက်ခံကြတယ် ….”
“ မင်းက အခုချိန်ထိ အလုပ်ရှာမတွေ့သေးဘူးဆိုတာ သူတို့ သိတော့ မင်းကို ကျားကျားရဲ့ ဦးလေးပိုင်တဲ့ ခရီးသွား အေဂျင်စီမှာ အလုပ်ဝင်ဖို့ အကြံပေးတယ် …”
“ အဲ့နေ့ပြီး နောက်တစ်နေ့မှာ မင်းက လူသုံးယောက်ကို အလည်အပတ်ခရီး လိုက်ပို့ပေးရမယ့် အလုပ်တစ်ခု ရလာတယ် ….”
“ ကျားကျားရဲ့ စိတ်ခွန်အားပေးတဲ့ စကားတွေကို ကြားတော့ မင်း စိတ်ထဲ အားရှိသွားတယ် ….”
“ နယ်ခြားစည်းမျဉ်းကို ဖြတ်ပြီး တစ်ဖက် နိုင်ငံထဲ ဝင်တာက ထွေထူးကိစ္စလည်း မဟုတ်ပါဘူးလို့ မင်းထင်တယ် ….”
“ အဲ့လိုနဲ့ပဲ မင်း လူသုံးယောက်ကို တစ်ဖက်နိုင်ငံဆီ ကားတစ်စင်းနဲ့ လိုက်ပို့တယ် ….”
“ ခဏလေး ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က ချန်ယွီ့ရဲ့ စကားကို ဖြတ်ပြောလိုက်သည်။ “ ဒေါက်တာချန် … တစ်ခုခုတော့ မဟုတ်သေးဘူး ထင်တယ်နော်….”
“ နိုင်ငံခြားကို သွားတာက ဘာမဟုတ်တဲ့ ကိစ္စဆိုပေမယ့် အဲ့ဒီမြို့နဲ့ အိမ်နီးချင်းနိုင်ငံက 'နယ်စပ်မြို့' ကို သွားမယ်ဆိုရင် အစိုးရအရာရှိတွေကလည်း ကျိန်းသေပေါက် သိရမှာပေါ့ … ဟုတ်တယ်မလား …”
“ သူတို့တွေ ငါ့ကို ကျိန်းသေပေါက် လာရှာကြမှာပဲလေ ….”
“ အင်း … ဟုတ်တာပေါ့ … တရားဝင်လမ်းကြောင်းကနေ သွားတဲ့လူတိုင်း သူတို့ရဲ့ အထောက်အထားကို မှတ်ပုံတင်ကြရတယ် ….” ချန်ယွီ့က တည်တည်ငြိမ်ငြိမ်ပဲ ပြောသည်။
“ တကယ်လို့ သူတို့ထဲ တစ်ယောက်ယောက်ကများ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြန်ရောက်မလာဘူးဆိုရင် သက်ဆိုင်ရာ ဌာနဘက်ကနေ ကျိန်းသေပေါက် ရှာဖွေလာမှာပဲ ….”
“ ဒါပေမယ့် မင်း ရွေးချယ်တဲ့ လမ်းကြောင်းက တရားဝင်လမ်းကြောင်း မဟုတ်ဘူး ဖြစ်နေတယ် ….”
“ မင်းက နယ်ခြားစည်းကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့တာပဲ ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်] ရှော့ခ်ရသွား၏။
“ ငါက ဘာကိစ္စ အဲ့လိုလုပ်မှာ ….”
ချက်ချင်းဆိုသလို ချန်ယွီ့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ရဲ့ သံသယကို အဖြေပေးလိုက်၏။
ဒရိုင်ဘာက ညစ်ပတ်ပြီး ကြမ်းတမ်းတဲ့ လမ်းတစ်လျှောက် မောင်းနှင်ပြီး နယ်စပ်စည်းနားကို ရောက်တော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က သံသယ ဝင်လာသည်။
ဒရိုင်ဘာက သူတို့တွင် ခရီးသွားတိုးဂိုက် လိုင်စင် မရှိသောကြောင့် နိုင်ငံထဲက ထွက်ဖို့ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ဖို့ပဲ တတ်နိုင်ကြောင်းကို အလျင်အမြန် ရှင်းပြလာခဲ့သည်။
အကယ်၍ သူတို့ အုပ်စုသာ လိုင်စင် မရှိဘဲ ခရီးသွားဧည့်သည်များကို တစ်ဖက် နိုင်ငံသို့ ပို့ဆောင်နေမှန်း သိမည်ဆိုပါက [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်] အလုပ်လုပ်နေတဲ့ အေဂျင်စီလည်း ဖိုင်းကြေးကြီးကြီး ကောက်ခံရမှာ ဖြစ်သည်။
ကျားကျားက သူ့ကို အလုပ်တစ်ခု အမြန်ဆုံး ရစေချင်သည်။ ထို့ကြောင့်လည်း ကျားကျားက သူမရဲ့ ဦးလေးကို ခြွင်းချက်ထားပေးဖို့ တောင်းဆိုပြီး [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ကို ခရီးသွား အေဂျင်စီတွင် လိုင်စင်မရှိဘဲ အလုပ်ဝင်စေခဲ့သည်။
“ အဲ့စကားကို ကြားတော့ မင်းစိတ်ထဲ ခံစားသွားရပြီး ဒရိုင်ဘာ မောင်းတဲ့ လမ်းအတိုင်း လိုက်ပါရင်းနဲ့ တစ်ဖက်နိုင်ငံထဲကို တရားမဝင် ရောက်သွားခဲ့တယ် …”
“ နယ်ခြားစည်းကို ကျော်တာနဲ့ ဒရိုင်ဘာနဲ့ ဧည့်သည် သုံးယောက်က ချက်ချင်းပဲ အမူအရာ ပြောင်းသွားပြီး မင်းကို ရိုက်နှက် ၊ ကြိုးတုပ် ၊ တစ်ဖက်ခြမ်းက သူတို့ရဲ့ အဆက်အသွယ် လက်ထဲကို အပ်လိုက်တယ် ….”
ဤသည်ကို ကြားတော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]သည် ချက်ချင်းပဲ သေနတ်ပြေးယူ၍ ပြောင်းဝကို သူ့ခေါင်းသူ ချိန်ပြီး မေးလိုက်ချင်သည်။ “ ငါ တကယ်ပဲ အဲ့လောက် ပိန်းတိန်းရသလားဟ ….”
“ ဒီလို ကိစ္စမျိုးက ရုပ်ရှင်ဇာတ်ကားတွေ ၊ TV ဇာတ်လမ်းတွဲတွေမှာပဲ ရှိတာ မဟုတ်ဘူးလား ….”
ကြည့်ရှုသူများလည်း ကြက်သေသေနေကြသည်။
“ တကယ့်လက်တွေ့က ရုပ်ရှင်တွေထက်တောင် ပိုပြီး ဒရာမာဆန်သေးတယ် … ဒါရိုက်တာတွေတောင် ရိုက်လို့ မမီနိုင်ဘူး ….”
“ သူတို့ အခု လုပ်နေတာတွေက လူသားတစ်ယောက်ကို ကုန်ပစ္စည်းတစ်ခုလို အရောင်းအဝယ် လုပ်နေတာပဲ မဟုတ်လား ….”
“ သေစမ်း … ဒီ လူကုန်ကူးတဲ့ကောင်တွေ တကယ်ပဲ သေသင့်တယ် … ဒီကောင်တွေက အမြဲတမ်း နစ်နာသူ အသစ်တွေကို နိုင်ငံခြားမှာ သက်သာတဲ့ အလုပ်ကောင်းကောင်း လုပ်ရမယ်ဆိုပြီး မျှားခေါ်နေကြ ….”
“ တောက် … ကိုယ့်လူမျိုးအချင်းချင်း ရောင်းစားရတယ်လို့ကွာ ….”
“ ဒီကောင်လည်း ခံရတာ နည်းတောင်နည်းသေး … အစာပဲ မြင်ပြီး ငါးမျှားချိတ်ကျ မမြင်ဘဲကိုး ….”
“ သူ့ရဲ့ အလှတရားက အန္တရာယ်ရှိတဲ့ အလှတရားပဲ ….”
“ ထက်မြက်တဲ့ ယောက်ျားတွေက ဘယ်တော့မှ ရည်းစားမထားဘူး … သူတို့က လက်သမားဘဝနဲ့ ကျေနပ်တင်းတိမ်ကြတဲ့ကောင်တွေ …”
“ သူများကို သွားကဲ့ရဲ့မနေနဲ့ …. မင်းဆိုရင်လည်း ဒီထောင်ချောက်ထဲ ကျကို ကျတယ် ….”
အကယ်၍ သူတို့သာ ဖြစ်မည်ဆိုပါကလည်း ဒီလို ဘေးကပ်ဆိုးကြီးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ချေ။
သူတို့ရဲ့ ကွန်ပျူတာသို့ မဟုတ် ဖုန်းစခရင်ရှေ့တွင် ရှိနေသည့် မရေမတွက်နိုင်သည့် ကြည့်ရှုသူများက သူတို့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကြသည်။
အစီအစဉ် တစ်ရပ်လုံးက အတူ ဆက်နွယ်နေသည်။
လူတစ်ယောက်အနေနဲ့ လှပပြီး ပညာတတ်လည်း ဖြစ်၊ ငွေလည်း မမက် ၊ အထူးသဖြင့် သူတို့ကို အထူးတလှယ် ဂရုစိုက်ပေးသည့် ဆန့်ကျင်ဘက်လိင်အပေါ် မကျရှုံးဖို့ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။
တစ်ဖက် မိဘတွေနဲ့ ဆွေပြမျိုးပြ လိုက်သွားပြီးချိန်တွင် စိတ်ထဲ သတိချပ်ထားမှုကလည်း ကျိန်းသေပေါက် လေလွင့် ပျက်ပြယ်သွားမှာ ဖြစ်သည်။
နိုင်ငံပြင်ပကို အလုပ်ခရီးလေး တစ်ခု ထွက်ရုံမျှနှင့် အန္တရာယ် မရှိနိုင်ပါဘူးဟု ကျိန်းသေပေါက်ယူဆမိလောက်၏။
သို့သော် ဤသည်က သာမန် ကျားဖြန့်မဟုတ်။ ကိုယ်က အထဲရောက်သွားသည်နှင့် ဘယ်လိုမှ ထွက်လာနိုင်မှာ မဟုတ်ချေ။
“ ဒေါက်တာချန် …. ဒီ လူကုန်ကူးသမားတွေရဲ့ လှည့်ကွက်ကို ဖောက်ထွင်းမြင်ကြတဲ့ လူတွေရော မရှိဘူးလား ….”
တစ်စုံတစ်ယောက်က ပိုက်ဆံသုံးထားသည့် ကွန်းမန့်ဖြင့် မေးလာသည်။
“ ဒါပေါ့ … ရှိတာပေါ့ ….”
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ မင်းတို့ ဗွီဒီယိုထဲ ကြားတဲ့ အသံတွေက သူတို့ရဲ့ အလိမ်တွေကို ဖောက်ထွင်းမြင်သွားကြတဲ့ နစ်နာသူတွေပဲလေ … “
“ ကိုယ့်ဘာကိုယ် အလိုက်တသိ ၊ နာနာခံခံနဲ့ သွားရင်သွား … မသွားရင်တော့ ဒုက္ခိဖြစ်အောင် ရိုက်နှက်ခံရပြီးမှ ပို့ခံရမှာပဲ ….”
ကြည့်နေကြသည့် လူတိုင်း ခေါင်းစ ခြေဆုံး ကြက်သီးမွေးညင်းများ ထောင်ထကုန်ကြသည်။
စာစဉ် (၁၁) ပြီး၏။
ဖတ်ရတာ တိုးလို့တန်းလန်း ဖြစ်နေမှာစိုးလို့ အနောက်မှာ ၂ ပိုင်း ထပ်ထည့်ပေးထားပါတယ်နော်။ နောက်စာစဉ်ကျ (၈)ပိုင်း ဖြစ်ပါလိမ့်မယ်ဗျ။ 🫶😉