← Chapters

မကောင်းဆိုးဝါးဆန်တဲ့ ဖခင်နဲ့ ရက်စက်တဲ့သမီး

Vol. 25 Ch. 250

မကောင်းဆိုးဝါးဆန်တဲ့ ဖခင်နဲ့ ရက်စက်တဲ့သမီး

Vol. 25 Ch. 250

“ ရဲအာဏာပိုင်တွေ မှတ်တမ်းတင်မှာက ဒီလို …” ချန်ယွီ့ ပြုံးလျက် “ သဘာဝလွန် ဖြစ်ရပ်တစ်ခုက ဟန်ကျိုးမြို့ ချောင်မိသားစုမှာ ဖြစ်ပျက်သွားခဲ့တယ် …”

“ မျိုးရိုးနာမည်ချန်နဲ့ မျိုးရိုးနာမည် ကျိုး အမည်ရတဲ့ လူနှစ်ယောက်က စိတ်ရူးပေါက်ပြီး သဘာဝလွန်စွမ်းအားနဲ့ အိမ်ပိုင်ရှင်ဖြစ်တဲ့ ချောင်ပိုင်ရွှမ်နဲ့ သူ့ဇနီး ယောင်လင်၊ ပြီးတော့ ချောင်ပိုင်ရွှမ်ရဲ့ အငယ်ဆုံး သားလေးကိုပါ သတ်ဖြတ်သွားခဲ့တယ် ….”

“ သူတို့နှစ်ယောက်က ချောင်ပိုင်ရွှမ်ရဲ့ သမီး ဂျိုအန်းနာနဲ့ ချောင်မိသားစုရဲ့ အိမ်အကူကိုပါ ထိခိုက်အောင်လုပ်ပြီး အမှုကျူးလွန်ပြီးတာနဲ့ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေးသွားခဲ့တယ် …”

“ ထိုအဖြစ်အပျက်မှာ တစ်ဦးတည်းသော ရှင်သန်ကျန်ရစ်သူ ဂျိုအန်းနာက ငွေအမြောက်အများပေးပြီး ရဲတပ်ဖွဲ့ကို လူသတ်မှု ကျူးလွန်သွားတဲ့သူအား ဖမ်းပေးဖို့ အကူအညီတောင်းခံလာတယ် … လူကြီးမင်းတို့နေရာတစ်ဝိုက်မှာ ဒီလိုလူတွေ တွေ့ခဲ့မယ်ဆိုရင် ကျေးဇူးပြုပြီး ရဲဌာနကို သတင်းပို့ပေးကြပါ ….”

သူ ထိုစကား ပြောလိုက်သည်နှင့် နေရာတစ်ခုလုံးက အပ်ကျသံကြားရလောက်သည်အထိ ငြိမ်ကျသွားခဲ့၏။

လူတိုင်း ဂျိုအန်းနာကို ကြည့်လိုက်ကြသည်။

“ ငါ‌ ပြောတာ မှန်တယ်မဟုတ်လား မိန်းကလေးချောင် ….” ချန်ယွီ့ မေးမြန်းလိုက်သည်။

ဂျိုအန်းနာကတော့ နှုတ်ဆိတ်လျက်သာ ရှိနေသည်။

“ ငါ့ကို အသုံးချဖို့ ကြံရဲတယ်ဆိုမှတော့ ငါ့အထောက်အထားကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူး …”

“ ကျွမ်းကျင်တဲ့ စိတ်ပညာရှင်တစ်ဦးရဲ့ ရှေ့မှောက်မှာ လိမ်တယ်ဆိုတာ အသုံးမဝင်ဘူး ….”

“ မင်းအမေရဲ့ ကိုယ်စား လက်စားချေဖို့အတွက် မင်း အတော်လေးလည်း ကြိုးပမ်းအားထုတ်ခဲ့ရတယ် ….”

“ မင်း အရင် လေးနှစ်တာ ဘဝအတွေ့အကြုံက သူများတွေ တစ်ဘဝလုံး ကြုံတွေ့ရမယ့် အတွေ့အကြုံတွေထက်ကို အများကြီးပိုတယ် ….”

“ အားနည်းတဲ့ အမျိုးသမီးငယ်လေး တစ်ဦးကနေ နှလုံးသားက သံမဏိလို မာကြောရက်စက်လာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲဖို့ဆိုတာ တကယ်ကို မလွယ်တာ … လုံးဝ မလွယ်တာ ….”

“ ဒါပေမယ့် မင်းကို တစိုက်မတ်မတ် ပြုလုပ်နိုင်အောင် လုပ်ပေးနေတဲ့ တွန်းအားကတော့ အမုန်းတရားပဲ … ဟုတ်တယ်နော်….”

ချန်ယွီ့ စကားတစ်ခွန်း ပြောလိုက်သည့်အချိန်တိုင်း ဂျိုအန်းနာ၏ အမူအရာမှာ နက်မှောင်လာခဲ့သည်။

“ မင်းပြောတဲ့ လေးနှစ်ဆိုတာက … သူ တက္ကသိုလ်တက်တဲ့ လေးနှစ် ကာလကို ပြောချင်တာလား …” ချောင်ပိုင်ရွှမ်က အလျင်စလို မေးမြန်းလာခဲ့၏။

ချောင်ပိုင်ရွှမ်၏ အမေးကို လျစ်လျူရှုလျက် ချန်ယွီ့ ဆက်ပြီးပြောသည်။ “ မင်းရဲ့ ဦးနှောက်က ကားဂီယာ ပြောင်းတာထက်တောင် မြန်သေးတယ် ….”

“ ဘဏ္ဍာထိန်းကို ဖိတ်စာပို့ခိုင်းတဲ့ အချိန်တုန်းက ဒီ ဖြစ်ရပ်ကို နာမည်ကြီးတဲ့ ဆယ်လီတွေ မျက်မြင်တွေ့သွားဖို့ပဲ စီစဉ်ထားခဲ့တာ ….”

“ ဒါပေမယ့် အဲ့ဒီ အမျိုးသမီးကို ငါ ပြန်ပို့ပြီးနောက်မှာ မင်းရဲ့ အစီအစဉ်လည်း ပြောင်းလဲသွားခဲ့ပြီး ငါနဲ့ ကျိုးခဲ့ရှင်းကို စွပ်စွဲဖို့ ကြိုးစားတယ် ….”

“ငါ့ရဲ့ လိုက်စထွင်းချာနယ် ဒီလောက် အချိန်အကြာကြီး ဆက်ရှိနေသေးတာက ငါ့ရဲ့ အဆက်အသွယ်ကြောင့်ဆိုတာ မင်းသိတယ် … မင်းကောင်းကောင်းကြီး သိတယ် …”

“ ငါ ထွက်သွားတာနဲ့ မင်းရဲ့ အဖေနဲ့ မင်းရဲ့ မိထွေးက ဆိုးရွားတဲ့ သေခြင်းနဲ့ သေလိမ့်မယ် …”

“ အာဏာပိုင်တွေ ရောက်လာတဲ့ အချိန်မှာတော့ သူတို့က ဒီသာမန်လူတွေကို သဘာဝလွန် အင်အားတစ်ခုက သတ်သွားတယ်ဆိုပြီး ကောက်ချက်ချကြလိမ့်မယ် …”

ကျိုးခဲ့ရှင်း ကြက်သေသေသွားခဲ့သည်။

ဂျိုအန်းနာက ရက်စက်လွန်းလှ၏။

ချန်ယွီ့က သဘာဝလွန် ပညာရပ်များ တတ်မြောက်နေသည်ကို အာဏာပိုင်များနှင့် သူတို့ အင်တာနက် သုံးစွဲသူများက မပြောဘဲ လက်ခံထားကြ၏။

ဂျိုအန်းနာက ဤသည်ကို ရည်ရွယ်ချက် ရှိရှိ အသုံးချပြီး ချောင်မိသားစုဝင် သုံးဦးအား သတ်ဖြတ်၍ ချန်ယွီ့အပေါ်သို့ အပြစ်ပုံလိုက်ပေမည်။

ချန်ယွီ့၏ အစွမ်းအစများဖြင့်ဆိုပါက အာဏာပိုင်တို့ သူ့အား သံသယဝင်မိဖို့ ဘယ်လောက်မျှ လိုအပ်မှာ မဟုတ်ချေ။

“ စိတ်ဝင်စားဖို့ ကောင်းသွားပြီ ….”

နတ်ဆိုးဆန်သည့် အပြုံးတစ်ခုက ဂျိုအန်းနာ၏ မျက်နှာလှလှလေးထက်တွင် ဝမ်းနည်းမှု ၊ ကူကယ်ရာမဲ့မှုတို့ နေရာတွင် အစားထိုးဝင်ရောက်လာသည်။

“ ဒေါက်တာချန်က ဒီလောက်တောင် တော်နေမှတော့ ရှင်သိသမျှ အကုန် ထုတ်ပြောလိုက်ပါလား … “

ဂျိုအန်းနာက ချန်ယွီ့ထံသို့ လျှောက်လှမ်းလာရင်း ပြောလိုက်သည်။

“ အပျက်မ … နင် တကယ်ပဲ ငါတို့ကို သတ်ချင်နေတယ်ပေါ့ ….”

ယောင်လင်က အော်ဟစ်လိုက်၏။

“ ရှင့်ကိုတင်မကဘူး … ရှင်တို့ခန္ဓာကိုယ်တွေ ခြောက်ကပ်ပြီး ဖြည်းဖြည်းချင်း သေသွားအောင်ကို လုပ်ဦးမှာ ….”

“ ကန္တာရထဲ ခြောက်သွေ့နေမယ့် အလောင်းကောင်ကြီးတွေလိုပေါ့ ….”

“ ရှင်တို့လို နှလုံးသားကင်းမဲ့ပြီး သွေးအေးရက်စက်တဲ့ လူတွေက ရှင်တို့ ခန္ဓာကိုယ်ထဲမှာ သွေးတွေ စီးဆင်းနေတာနဲ့ မတန်ဘူး ….”

ဂျိုအန်းနာက မြင်သူတကာ ကြောချမ်းသွားစေလိုက်မည့် အပြုံးမျိုး ပြုံးလိုက်သည်။

“ ဦးလေးလီ .. ကျွန်မကို အဲ့နှစ်ခု ပေးစမ်းပါ ….”

“ ဟုတ် သခင်မလေး …”

နှုတ်ဆိတ်နေသည့် ဘဏ္ဍာထိန်းက လက်ဝါးခန့်မျှ အရွယ်အစားရှိသည့် လူပုံသဏ္ဌာန် အရုပ်လေးနှစ်ခုကို ထုတ်ယူလိုက်ပြီး ဂျိုအန်းနာလက်ထဲသို့ တရိုတသေ ကမ်းပေးလိုက်သည်။

ဂျိုအန်းနာ အေးတိအေးစက်ပြုံးလိုက်ပြီး အရုပ်ကို ကိုင်၍ တစ်စုံတစ်ရာ ရေရွတ်လိုက်၏။

၎င်းနောက် ချက်ချင်းပဲ ချောင်ပိုင်ရွှမ်နှင့် ယောင်လင်တို့ ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

သူ့ကိုယ်သူ လုံးဝ မလှုပ်ရှားနိုင်ကြောင်း သတိထားမိတော့ လုံးဝ ရှော့ခ်ရသွားခဲ့၏။ သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားများအားလုံးကို တစ်စုံတစ်ရာက စုပ်ယူသွားသည့်နှယ်ပင်။

“ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ … ငါ ဘာလို့ လှုပ်မရတာလဲ ….”

ချောင်ပိုင်ရွှမ်သည် သူ့သမီးတွင် သူ ဘယ်တုန်းကမှ မသိထားခဲ့သည့် မျက်နှာတစ်ဖက် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဘဏ္ဍာထိန်းလီကလည်း သမီးဖြစ်သူ၏ လက်အောက်ငယ်သား ဖြစ်နေသည်။

“ ရှင်တို့ကို လုံလောက်အောင် မနှိပ်စက်ပြီး မချင်း အလွယ်လေးနဲ့ သေခွင့်ပြုလိမ့်မယ် မထင်နဲ့ ….”

“ ရှင်တို့ လှုပ်မရဘူးဆိုတာက ရှင်တို့ရဲ့ ဆံပင် ၊ မွေးနေ့၊ ပြီးတော့ သွေးတွေက ဒီအရုပ်ထဲမှာ ရှိနေလို့ … “

“ ဒီအရာတွေကနေ တစ်ဆင့် ရှင်တို့ရဲ့ ဝိဉာဏ်ကို ချုပ်နှောင်ထားလိုက်တာလေ …” သူတို့နှစ်ဦး ဘာကြောင့် လှုပ်ရှားမရ ဖြစ်နေရလဲဆိုတာကို ရှင်းပြပြီးနောက် ဂျိုအန်းနာက ချိုမြိန်စွာ ပြုံးလိုက်ပြီး “ ဒေါက်တာချန် … ရှင့်စကားလေး ဆက်ပါဦး ….”

“ ရှင် သိသမျှ အကုန်လုံး ပြောလိုက် ….”

“ ဥပမာ …. မင်းရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ သရဲက မင်းအမေ မဟုတ်ဘူးဆိုတာမျိုးလား ….” ချန်ယွီ့က ပြုံးလျက် မေးလိုက်သည်။

ဂျိုအန်းနာက ထိန်ပျာသွားခြင်း မရှိဘဲ ခေါင်းညိတ်လိုက်သည်။

“ ကျွန်မ အခု တကယ်ပဲ နောင်တရနေပြီ … ဟင်း … ဘာလို့များ မလိုအပ်တာတွေ လျှောက်လုပ်ခဲ့မိပါလိမ့်နော်…..”

“ ဆရာယောင်တွေ ဒီလောက် အများကြီး ငှားထားခဲ့တယ်ဆိုတော့ သက်သေပြဖို့အတွက်က စိတ်ချရသွားပြီ …”

“ ကျွန်မက ဉာဏ်ကောင်းပြီး ရှင့်ဆီ ဖိတ်စာပို့လိုက်တယ်ဆိုပေမယ့် အစီအစဉ် တစ်ရပ်လုံးကို အောင်အောင်မြင်မြင်နဲ့ အကောင်အထည် ဖော်ချင်ခဲ့တာ … ဒါပေမယ့် ကိုယ့်ခြေထောက်ကိုယ် ပြန်ပစ်မိလိမ့်မယ်လို့တော့ မျှော်လင့်မထားဘူး ….”

“ မင်းအတွက်လည်း ခက်ခဲခဲ့ပါတယ် ….” ချန်ယွီ့ ပြောလိုက်သည်။ “ မင်းက ဒီတိုင်း အားနည်းတဲ့ အမျိုးသမီး တစ်ဦးပဲ …. ဒါတောင် ဒီလောက် ခက်ခဲတဲ့ အရာတွေကို တောင့်ခံနိုင်ခဲ့တယ် …..”

“ တကယ်လို့ သာမန်လူတစ်ယောက်သာဆိုရင် သူတို့တွေ ပြိုလဲသွားခဲ့တာ ကြာပြီဆိုတာ ငါ ပြောရဲတယ် ….”

“ မင်းကတော့ ဆက်ပြီး ရှင်သန်နိုင်ရုံတင် မကဘူး …. အပြစ်အနာအဆာမရှိတဲ့ လက်စားချေတဲ့ အစီအစဉ်တစ်ခုကိုတောင် ဖန်တီးလိုက်သေးတယ် …..”

“ မင်းက အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အထူး စွမ်းအင် ခန္ဓာ တစ်ခုကို ခန္ဓာကိုယ်ထဲ ဆင့်ခေါ်ပြီး သူ့ရဲ့ သွင်ပြင်ကို ပြောင်းလဲခဲ့တယ် ….”

“ မင်းအမေနဲ့ တစ်ပုံစံတည်းတူအောင် မင်း လုပ်ခဲ့တယ် …..”

“ အဲ့ သရဲက မင်းအဖေရဲ့ အိပ်မက်ထဲကို အချိန်တစ်ခုကြာတိုင်း ဝင်လာပြီး သူ့ကို ခြိမ်းခြောက်တယ် ….”

“ ငါ့အထင်တော့ …. သူ အရင်တုန်းက လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းနေတာပဲ ဖြစ်ရမယ် ….”

“ ခစ်ခစ်ခစ် …..”

ဂျိုအန်းနာက ခေါင်းမော့ပြီး ရယ်မောလိုက်၏။ သူမ၏ ရယ်သံက ချိုမြိန်လှသလို အကန့်အသတ်မဲ့သည့် ရူးသွပ်မှုတို့လည်း ပါဝင်နေသည်။

‌

ချောင်ပိုင်ရွှမ်နှင့် သူ့ဇနီးသည်တို့ တုန်ယင်သွားခဲ့၏။

သူမ၏ ရယ်မောသံထဲတွင် ရူးသွပ်မှုတစ်ခုတည်းသာ ရှိနေရုံမျှမကဘဲ ဖုံးကွယ်ထားခြင်း မရှိသည့် အမုန်းတရားတို့လည်း ပါဝင်နေလျက်ရှိသည်။

“ မင်းဆက်ပြီး ကြားချင်သေးလား …”

ချန်ယွီ့ မေးလိုက်သည်။

“ ဘာလို့ မကြားချင်ရမှာ …. ကျွန်မ လက်စားချေနိုင်ဖို့အတွက် ခက်ခဲပင်ပန်းမှုတွေကို ဘယ်လောက်တောင် ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ဒီ လူယုတ်မာတွေကို သိစေချင်တယ် ….”

“ ကျွန်မ အမေအတွက် လက်စားချေမှာကို ဘယ်သူကမှ ရပ်တန့်လို့ မရဘူးဆိုတာလည်း ဒင်းတို့ သိစေရမယ် ….”

“ ကျွန်မ အမေကို သတ်ဖြတ်တဲ့ ကိစ္စအတွက် အမုန်းတရားကို ဘယ်နည်းနဲ့မှ မကျေအေးပေးနိုင်ဘူး ….”

“ သူက ကျွန်မရဲ့ အဖေအရင်းဖြစ်ပါစေဦးတော့ ၊ ကျွန်မအမေကို တောင်းပန်ဖို့အတွက် သူ သေရမယ် ….”

ချောင်ပိုင်ရွှမ်နှင့် ယောင်လင်တို့ နှစ်ဦးလုံး သေဖို့ တန်သည်။

သို့သော် ထိုနှစ်ဦး မသေမီ သူမ လက်စားချေဖို့ အတွက် မည်မျှ ခက်ခက်ခဲခဲ ၊ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသလဲဆိုတာကို နှစ်ယောက်လုံးကို သိစေချင်သည်။

ဂျိုအန်းနာက နှိပ်စက်နည်းလမ်းပေါင်းစုံကို အသုံးချပြီး ၎င်းတို့နှစ်ဦး ကြောက်ရွံ့အော်ဟစ်နေသည့် မြင်ကွင်းကို တစိမ့်စိမ့်အရသာခံပြီး ကြည့်ရှုဦးမှာ ဖြစ်၏။

“ စစချင်းမှာ …..” ချန်ယွီ့က ရှုပ်ထွေးသည့် လေသံဖြင့် စကားချီလိုက်ပြီး “ မင်းလည်း ကျန်တဲ့ တစ်ခြားလူတွေလိုပဲ မင်းအမေက မတော်တဆမှုဖြစ်ပြီး ဆုံးသွားခဲ့တယ်လို့ ထင်ခဲ့တယ် …..”

“ မင်း နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့ အချိန် မရောက်ခင်အထိပေါ့ …..”

“ မင်း သွားတက်တဲ့ ကျောင်းက ကမ်းရိုးတန်းဧရိယာဘက်ခြမ်းမှာ တည်ရှိတယ် ….”

“ အဲ့ဘက်ခြမ်းမှာ ကံကြမ္မာဟောပြောသူတွေက နာမည်ကြီးတယ် ….”

“ အထူးအခမ်းအနားကနေတစ်ဆင့် ၊ ဆန်ကို အသုံးပြုပြီး ကွယ်လွန်သွားခဲ့တဲ့ ဆွေမျိုးတွေကို ဆန်စုန်းတွေရဲ့ ခန္ဓာကိုယ်ထဲ ဖိတ်ခေါ်လို့ရတယ် ….”

“ ဒီလိုနဲ့ ကိုယ့်ရဲ့ သေလွန်သွားပြီ ဖြစ်တဲ့ ဆွေမျိုးတွေကို တစ်ဖန် ပြန်တွေ့နိုင်မယ် ….”

“ အဲ့က ဒေသခံ အများစုကလည်း ဒီကိစ္စကို ယုံကြည်ကြတယ် …. လူငယ်မျိုးဆက်ဖြစ်လည်း ခြွင်းချက် မရှိဘူး ….”

“ မင်းရဲ့ အခန်းဖော် သူငယ်ချင်းတစ်ဦးရဲ့ အဘွားက ဆန်စုန်းမပဲ ….”

“ ကျောင်း စစတက်တဲ့ ပထမနေ့ရက်မှာ သူက မင်းကို ဆန်းစုန်းတွေရဲ့ စွမ်းအားကြီးတဲ့ အစွမ်းအစ အမျိုးမျိုးနဲ့ သူတို့တွေ ဘယ်လောက်တောင် မှော်ဆန် အစွမ်းထက်သလဲဆိုတဲ့အကြောင်း မင်းကို ပြောပြတယ် …..”

“ ဒါပေမယ့် မင်း သူ့ကို မယုံဘူးဆိုတာ မြင်တော့ သူလည်း မင်းရဲ့ အမြင်ကို ကျယ်အောင် လုပ်ပေးမယ်ဆိုပြီး အဲ့ဒီနေရာဆီ ခေါ်သွားတယ် ….”

“ ကျောင်းပိတ်ရက် တစ်ရက်မှာ မင်းကို သူ့အဘွားအိမ်ဆီ ခေါ်လာခဲ့ပေးတယ် ….”

“ သူငယ်ချင်းဖြစ်သူက ထပ်ခါတလဲလဲ နားပူနေတော့ မင်းလည်း တစ်ခါလောက် စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာပဲ ….”

“ အခမ်းအနား လုပ်ပြီးတော့ ဆန်စုန်းမရဲ့ စကားလုံးတွေက မင်းရဲ့ ဘဝကြီးကို ပြောင်းလဲသွားစေခဲ့တယ် ….”

“ မင်းရဲ့ နှလုံးသားက သံသားကျောက်ဆစ်လို မာကျောလာရုံတင် မကဘူး … လက်စားချေဖို့ အတွက် ဘာမဆို လုပ်နိုင်တဲ့အထိ ဖြစ်လာတယ် ….”

“ ပြီးတော့ … မင်းကို ဒီလိုမျိုး သဘာဝလွန် စွမ်းအားတွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာကိုယ် တစ်ခု ပိုင်ဆိုင်လာဖို့ ဖြစ်လာစေခဲ့တယ် ….”

စာစဉ် (၂၅) ပြီး၏။

စကားမစပ် ရောင်းရင်းတို့လည်း ကိုယ့်မွေးနေ့ရက်တွေကို လူတကာဆီ လျှောက်ပေးမနေကြနဲ့ဦး။ နောက်လ ဒီလိုအချိန်ကျ ပြန်တွေ့ကြတာပေါ့။

All Chapters