ရာစုနှစ်သက်တမ်းရှိတဲ့ စံအိမ်ကို မျက်စိကျနေကြတဲ့ ရှေးဟောင်းပစ္စည်းကုန်သည်များ
Vol. 35 Ch. 344
" မင်းတို့တွေ ဒီပစ္စည်းတွေကို ငါထားထားတာဆိုပြီး သံသယ၀င်နေတာတော့ မဟုတ်ဘူးမလား ..."
" ငါ့တစ်သက်လုံး ရွာထဲမှာပဲ နေလာခဲ့တာ ... ဒီလိုပစ္စည်းမျိုး ဒီအိမ်ကြီးထဲ ရှိနေမှန်းတောင် ငါမသိဘူး ..."
" မင်းတို့နှစ်ယောက်ဆို ဒီမှာ ခဏ နေခဲ့ဖူးတာပဲ ... မင်းတို့ နှစ်ယောက်တောင် သတိမထားမိမှတော့ ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ..."
" နောက်ပြီး မင်းတို့ကို ကြောက်အောင် ခြောက်လှန့်လိုက်လို့လည်း ငါ့အတွက် ဘာများ ကောင်းစားသွားမှာမို့လို့ ..."
အဘိုးကျန်းက သူ့မျက်နှာထက်ရှိ သဘာ၀မကျသည့် အမူအရာကို ဖယ်ရှားလိုက်ပြီး ဒေါသတကြီး ဖြစ်သည့် အမူအရာဖြင့် အစားထိုးလာသည်။
ဒီအိမ်အစုတ်ကြီး လူမနေတာ နှစ်ဆယ်ချီနေပြီလေ ...
အဲ့လိုတွေ လုပ်လို့ သူ့အတွက် ဘာတွေများ အကျိုးရှိသွားမှာမလို့လဲ ...
" ရှင်က ရိုးတော့မရိုးဘူး ... "
" အခုလေးတင်ပဲ ဒေါက်တာချန်က ဒီနံရံနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတာကို ထောက်ပြသွားခဲ့တယ် ... " ကျိုးခဲ့ရှင်းက တင်းမာနေသည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်ပြီး " အထဲက စပီကာ သေးသေးလေးကို ထုတ်ယူလိုက်တော့ ရှင် မျက်နှာ ကွက်ခနဲ ပျက်သွားခဲ့တာကို ကျွန်မ မြင်လိုက်တယ် ..."
" ခဏလေးပဲ ဆိုပေမယ့် ရှင် အဲ့တုန်းက တစ်ခုခုကို စိုးရိမ်ထိတ်လန့်သွားတာတော့ အမှန်ပဲ ... "
" ရှင်သာ အမှား တစ်ခုခု မလုပ်ထားဘူးဆိုရင် ဘာကြောက်စရာရှိလို့ ... "
ကျိုးခဲ့ရှင်းက သူမ အမှတ်မထင် တွေ့ရှိခဲ့သည့် အကြောင်းကို လူတိုင်းအား ပြောပြလိုက်၏။
နံရံပေါ်တွင် ချုံဆမ် ၀တ်စုံနှင့် အမျိုးသမီး၏ ပန်းချီကားကို ထုံးမှုန့်လွှာဖြင့် တစ်လွှာ အုပ်ထားပြီး ရေနှင့်မိုးတို့ဖြင့် ထိတွေ့သည့် အချိန်မှသာ ထွက်ပေါ်လာသည်။
အနှီ ပန်းချီကားကို မည်သူက ရေးဆွဲဆေးခြယ်ခဲ့သနည်း။
ကျေးလက်မှာ နေထိုင်တဲ့ သခင်ငယ်လေးက တကယ်ပဲ အလင်းနဲ့ ရူပဗေဒဆိုင်ရာ သဘောတရားတွေကို တကယ်ပဲ နားလည်နေမှာလား ...
အဘိုးကျန်း ပြောနေတဲ့ ကြေကွဲဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းက အမှန်တရားတွေပါဆိုတာကိုရော ဘယ်သူက သက်သေပြပေးနိုင်လဲ ...
" ဟုတ်တယ် ... ခင်များပြောသွားတာ အမျိုးသမီးက ဒီအိမ်ပိုင်ရှင်ကို ထိခိုက်အောင် လုပ်ဖို့အတွက် အငြှိုးကြီး တစ္ဆေဖြစ်သွားတယ်ဆိုပြီး ခင်များ ပြောသွားခဲ့တယ် ... အဲ့တာကို ဘယ်သူ သက်သေလုပ်ပေးနိုင်လဲ ... "
ဟူလျန်လည်း ကျိုးခဲ့ရှင်း၏ စကားနောက်လိုက်ပါရင်း အဘိုးကျန်းကို မေးခွန်းထုတ်လိုက်သည်။ အကယ်၍ သူသာ မျက်မြင်သက်သေတစ်ယောက်ကို ရှာဖွေနိုင်မည်ဆိုပါက ဤဖြစ်ရပ်များ၏ နောက်ကွယ်တွင် ရှိနေသည့် လူက အဘိုးကျန်း မဟုတ်ကြောင်းကို သူ ယုံကြည်ပေးလိုက်မည်။
ပန်ယွဲ့လင်းက ဟူလျန်လက်ထဲရှိ ဘလူးတု စပီကာကို လှမ်းယူ၍ မျက်မှောင်ကြုတ်လိုက်ပြီး " အဘိုးကျန်း ... ရှင် အမှန်အတိုင်းပြောတာ ကောင်းလိမ့်မယ်နော် ... "
" ဟူလျန်နဲ့ ကျွန်မက ပရိုဂရမ်မာတွေ ... ဒီစပီကာကို ဘယ်သူ့ဖုန်းနဲ့ ချိတ်ထားလဲဆိုတာ ကျွန်မတို့ စစ်ဆေးကြည့်လို့ရတယ် ... "
" ရှင် ဆက်ငြင်းနေဦးမယ်ဆိုရင်တော့ ကျွန်မတို့ ကိုယ့်ဘာကိုယ် စုံစမ်းကြည့်ရတော့မှာပဲ ... "
" သက်သေရလာတဲ့ အခါကျရင်တော့ အာဏာပိုင်တွေ လက်ထဲကို တစ်ခါတည်း တန်းအပ်ပစ်လိုက်မှာ ... "
စစချင်းတော့ ဟူလျန် ကြက်သေသေသွားခဲ့၏။ ထို့နောက် သူ့ကောင်မလေး၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့လေသည်။
သူမက အဘိုးကျန်းကို ဖိန့်ဖို့ ကြိုးစားနေတာပဲ ...
ယခင်အလုပ်အကိုင် အကြောင်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောလာပြီး အဘိုးကြီးကျန်းကို ကြောက်လန့်သွားစေမည်။ သို့မှသာ အဘိုးကြီးကျန်း၏ နှုတ်မှ အမှန်တရားကို ဖွင့်ဟလာမှာ ဖြစ်သည်။
ချစ်သူကောင်မလေး၏ ဆိုလိုရင်းကို နားလည်တော့ ဟူလျန် မျက်တောင်မခတ်ဘဲ သူမအား လက်မ ထောင်ပြလိုက်သည်။
ဖုန်းထုတ်၍ နည်းပညာ ကုမ္ပဏီရှေ့တွင် ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို ဖွင့်ပြလိုက်လေသည်။
ဖုန်းကို ဘလူးတုနှင့် ချိတ်ပြီး လှည့်ကွက်များ ဖန်တီးနိုင်သည့် အဘိုးကျန်းသည်လည်း သာမညောင်ည လူအိုကြီးတစ်ဦးတော့ မဟုတ်ပေ။
သူ့အတွက်က အင်တာနက်နှင့် စိမ်းသက်နေခြင်း မရှိ။
" မင်းတို့ စုံစမ်းချင်တယ်ဆိုလည်း လုပ်လေ ... ကိုယ်က စေတနာနဲ့ အကြံပေးတာကို စေတနာကို စေတနာမှန်း နားမလည်တဲ့ဟာတွေ ... "
သို့နှင့် ... အဘိုးကြီးကျန်း ထွက်ခွာသွားခဲ့သည်။
ဟူလျန်နှင့် ပန်ယွဲ့လင်းတို့မှာ အဘိုးကြီးကျန်းက အပြစ်ရှိစိတ်ကြောင့် ခြေထောက်ဖုန်ခါပြီး ထွက်ပြေးသွားသည်ဟု တွေးတောနေမိကြ၏။
" အဘိုးကျန်း ... " ချန်ယွီ့ ညင်သာစွာပြုံးလျက် " ခင်များ ဒီလိုထွက်သွားတော့ အဘိုးရဲ့သားပါ ပတ်သက်ငြှိစွန်းသွားမှာကို မစိုးရိမ်ဘူးလား ... "
ထွက်သွားဖို့ လုပ်နေသည့် အဘိုးကြီးကျန်းမှာ ဤစကားကြားတော့ သူ့ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။
" မင်းက တကယ်ပဲ အတိအကျ ဘယ်သူများလဲ ... ဘာလို့ ဒီလောက် အများကြီး သိနေရတာလဲ ... "
နံရံပေါ်သို့ ရေဖြန်းလိုက်စဉ်ကတည်းက အဘိုးကြီးကျန်းသည် ချန်ယွီ့နှင့် ပတ်သက်၍ တစ်ခုခုတော့ မူမမှန်နေကြောင်းကို ရိပ်စားမိပြီး ဖြစ်၏။
ယခု အဘိုးကျန်း၏ သားဖြစ်သူအကြောင်း စကားဟလာသဖြင့် သူ့ကို ပိုပြီး စိုးရိမ်ထိတ်လန့်လာစေသည်။
" ကျုပ်က ဒီတိုင်း သာမန် စိတ်ပညာရှင် တစ်ဦးပါပဲ ... "
" တကယ်လို့ အဘိုးကျန်းက နောင်အနာဂတ်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ တစ်ခုခု အကူအညီလိုတယ်ဆိုရင် မြစ်လမ်းမှာ ကျုပ်ကို လာရှာလို့ ရပါတယ် ... "
ရွှင်ပြစွာ ပြုံးလျက် ၊ ချန်ယွီ့က သူ့စိတ်ကျန်းမာရေးဆေးခန်း လိပ်စာကိုပင် ကြေညာလိုက်သေးသည်။
" ငါ့ကို လာမလိမ်နဲ့ ... စိတ်ပညာရှင် တစ်ယောက်က ဒီလောက်အများကြီး သိနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ... "
အဘိုးကျန်း၏ နှုတ်ခမ်းတို့ တွန့်လိမ်သွားခဲ့၏။
" ကျုပ်ဘာကျုပ် ဘယ်လောက်ပဲ သိသိ အဘိုးလောက်တော့ အသေးစိတ်မသိပါဘူး ... "
" ပြောရရင် ရှေးဟောင်းပစ္စည်း ကုန်သည်တွေ အကြောင်းပေါ့ .... "
' ရှေးဟောင်းပစ္စည်း ကုန်သည် ' ဆိုသည့် စကားလုံးကို ကြားတော့ အဘိုးကျန်း၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်လာသည်။
ချန်ယွီ့က ဧည့်ခန်းတံခါး၀နားသို့ ဖြည်းညင်းစွာ လမ်းလျှောက်သွားပြီး ပြတင်းပေါက်ဘောင်နှင့် တံခါးကို ညင်သာစွာ ခေါက်လိုက်၏။
" စန္ဒကူးနီ ၊ နှင်းဆီနီသား ၊ နန်မူ သစ်သား ၊ ဂင်ဂိုသစ်သား ... "
“ဒါတွေ အကုန်လုံးက အဆင့်မြင့် သစ်သားတွေ ချည်းပဲ ... နှစ်တစ်ရာကျော် ကြာသွားရင်တောင် တန်ဖိုးကတော့ မလျော့သွားဘူး ... ”
“ဒီအိမ်ကြီးက ဟူကွမ်ယုံရဲ့ အိမ်ပုံစံကို အတုယူပြီး တည်ဆောက်ထားတာ ... ဂုဏ်သိက္ခာနဲ့ အနုပညာတန်ဖိုးတွေက အပြည့်ပဲ ..."
“အိမ်ထဲက သတ္တုပစ္စည်းတွေတောင် အဆင့်မြင့် ရှေးဟောင်းပစ္စည်းတွေချည်းပဲ ... ”
“အဘိုးကျန်း... နန်မူသားနဲ့ လုပ်ထားတဲ့ ထုပ်တန်းတွေကို တစ်ချောင်းပြီးတစ်ချောင်း လဲပစ်နေတာ မြင်ရတော့ ခင်ဗျား တော်တော်လေး အော့နှလုံးနာနေခဲ့မှာပဲနော် ... ”
ဟူလျန် ပင့်သက်ရှိုက်မိသွား၏။
သူတို့တွေ အမှိုက်လို သဘောထားခဲ့တဲ့ အဲ့ဒီ ထုပ်တန်းတွေက နန်မူသစ်သားနဲ့ လုပ်ထားတာတွေပေါ့ ...
အိမ်ကို ပြန်ပြင် မဆောက်မီတွင် သူနှင့် သူ့ကောင်မလေးတို့ နှစ်ဦးလုံး လေ့လာမှုများ ပြုလုပ်ထားခဲ့ကြ၏။ ထို့ကြောင့် သစ်သားများ၏ တန်ဖိုးနှင့် အရည်အသွေးအကြောင်း အကြမ်းဖျင်းတော့ နားလည်နေသည်။
စန္ဒကူးနီသား၊ နှင်းဆီနီသား၊ နန်မူသစ်သား၊ ဂင်ဂိုသစ်သား ... ၎င်းတို့အားလုံးက အဖိုးတန် သစ်များ ဖြစ်ကြ၏။
ဈေးကလည်း မိုးထိုးမတက်ကို မြင့်မားလှသည်။
အထူးသဖြင့် စန္ဒကူးနီ သစ်သားဆို တစ်ချောင်းတစ်ချောင်းကို ယွမ်သောင်းနှင့်ချီပြီး ပေးရ၏။
ဟင် ခဏလေး ...
ချန်ယွီ့ ပြောသွားတာ ဒီအိမ်ကြီးက ဟူကွမ်းယုံရဲ့ အိမ်ကို အတုယူပြီး ဆောက်ထားတာ ...
ဒါဆို အိမ်တစ်ခုလုံးက ဟူကွမ်ယုံရဲ့ အိမ်ကိုယ်ပွား ဖြစ်နေတာပေါ့ ...
ဒီနေရာက အနှေးနဲ့အမြန် ရှေးဟောင်း အမွေအနှစ်ဌာနရဲ့ ကာကွယ်ပေးခံရမယ့် နေရာ ဖြစ်လာမှာ မဆန်းတော့ပါဘူး ...
ဟန်ကျိုးမြို့မှာရှိတဲ့ ဟူရွှယ်ယန်ရဲ့ နေအိမ်ဆိုလည်း ရှေးဟောင်းယဉ်ကျေးမှုဌာနရဲ့ ကာကွယ်ပေးခံရတဲ့ နေရာ ဖြစ်လာတာပဲလေ ...
" ကျွန်မ အခု နားလည်သွားပြီ ... ရှင်က ကျွန်မတို့ကို မောင်းထုတ်ပြီး ဒီနေရာက ရှေးဟောင်းပစ္စည်းတွေကို အပိုင်သိမ်းချင်နေတာပဲ ... "
ပန်ယွဲ့လင်းမှာ ချက်ချင်းပဲ အသိစိတ် ပြန်လည်လာသည်။
ရှေးဟောင်းပစ္စည်း ကုန်သည်တွေ ...
တန်ဖိုးကြီးတဲ့ သစ်သားအမျိုးမျိုးတွေ ...
အဖြေက ရှင်းနေပြီးသားပဲ ...
ငွေတေး(ငွေတုံး) သောင်းချီ ကုန်ကျခံပြီး ဆောက်လုပ်ထားတဲ့ ဒီအိမ်ကြီးရဲ့ သစ်သားစားပွဲတွေ၊ ထိုင်ခုံတွေ၊ ကုလားထိုင်တွေ ၊ ပြတင်းပေါက် ဘောင်တွေပါမကျန် အကုန်လုံးက ရှေးဟောင်းတန်ဖိုးကြီး ပစ္စည်းတွေ ဖြစ်နေတာပဲ ...
" ဒီအိမ်ကြီးကို ကျွန်မတို့ ၀ယ်တုန်းက အိမ်တစ်ခုလုံး ပျက်စီးနေတာ မဆန်းတော့ပါဘူး ... တံခါးရွက်တွေတောင် ခိုးခံထားရတယ် ..."
" ဒါတွေ အားလုံး ရှင့်လက်ချက် မဟုတ်လား ... "
" ပျောက်သွားတဲ့ တံခါးခေါက်ကွင်းတွေ၊ ပျောက်နေတဲ့ ပြတင်းပေါက် တံခါးတွေ ၊ ပရိဘောဂတွေ ... အဲ့တာတွေလည်း ရှင်ပဲ ခိုးခဲ့တာ မဟုတ်လား ... "
ပန်ယွဲ့လင်း တွေးမိလေလေ၊ သူမ ပိုပြီး ဒေါသဖြစ်လာရလေလေပင်။
အဘိုးကျန်းက ဤနေရာသည် သရဲခြောက်သည့် နေရာဖြစ်ကြောင်း ပြောပြလာတော့ သူမမှာ ကြင်နာတတ်သည့် လူပုဂ္ဂိုလ်နှင့် ဆုံတွေ့ရပြီဟု တွေးထင်နေခဲ့၏။
ထင်မှတ်မထားစွာဖြင့် အင်မတန် နှလုံးသား မည်းညှစ်သည့် သေခါနီး အဘိုးကြီး ဖြစ်နေလေသည်။
" အဲ့လောက်ထိလည်း ဒေါသ မထွက်ကြပါနဲ့ ... ကျုပ်သူနဲ့ ပြောကြည့်ဦးမယ် ..."
ချန်ယွီ့က ပြုံးလျက် ဟူလျန်နှင့် ပန်ယွဲ့လင်းကို နှစ်သိမ့်လိုက်ပြီး " အဘိုးကျန်း ... ခင်များကျုပ်ကို မပြောပြချင်ဘူးဆိုလည်း အဆင်ပြေတယ် ..."
" ဒါပေမယ့် ရှေးဟောင်းပစ္စည်းတွေ ခိုးယူတာကတော့ တရားမ၀င်ဘူးနော် ... နောက်ပြီး .. အခု သူတို့က ဒီနေရာရဲ့ ပိုင်ရှင်တွေ ဖြစ်နေပြီ ... "
" ဒီမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူတို့မှာ သိပိုင်ခွင့် ရှိတယ် ... "
" ခင်များ သူတို့ကို မပြောချင်ဘူးဆိုလည်း ကျုပ် သူတို့ကို ပြောပြနိုင်တာ တစ်ချို့တော့ ရှိတယ် ..."
" လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက ခင်များ ဒီအိမ်၀င်ပေါက်၀မှာ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ် ... "
ချန်ယွီ့က စကားကို ခေတ္တ ရပ်နား၍ " အဲ့လူက အိမ်အဟောင်းကြီးရဲ့ ရေညှိတက်နေတဲ့ အစိမ်းရောင် အုတ်ခဲတွေကို ကြည့်ပြီး ဆက်တိုက် ချီးမွမ်းနေတာ ... "
" အဲ့နောက် ကိရိယာတစ်ချို့ ထုတ်ပြီး အဲ့ဒီ အုတ်ခဲတွေကို တူးတော့တာပဲ ... "
" ဒါကို မြင်တော့ ခင်များက ဒေါသတကြီးနဲ့ အဲ့လူကို ရှေးဟောင်းပစ္စည်း ကုန်သည်လားဆိုပြီး မေးတယ် ... "
" အဲ့လူကလည်း ပွင့်ပွင့်လင်းလင်းပဲ ... သူက ရှေးဟောင်းပစ္စည်း ကုန်သည်ဖြစ်ကြောင်း ၀န်ခံတယ် ... "
" နှစ်ရက်ကြာပြီးတော့ အဲ့လူက ခင်များဆီ ရောက်လာပြီး ဒီအိမ်ကြိးကို ၀ယ်ချင်တဲ့ အကြောင်းပြောတယ် ... "
" သူက ခင်များကို တစ်သန်းပေးမယ်ဆိုပြီး ကတိပေးတယ် ... "