← Chapters

ဗီလာတစ်ခုလုံးကို တစ်ယွမ်တည်းနဲ့ ဈေးဖြတ်

Vol. 28 Ch. 280

ဗီလာတစ်ခုလုံးကို တစ်ယွမ်တည်းနဲ့ ဈေးဖြတ်

Vol. 28 Ch. 280

“ ဘာလဲ … ခင်များရဲ့ ဗီလာကို ကျုပ် ဝယ်ဖို့ မတတ်နိုင်ဘူးလို့ ထင်နေတာလား ….”

ချန်ယွီ့ သက်တောင့်သက်သာဖြစ်သည့် ကိုယ်ဟန် အနေအထားသို့ ပြောင်းလဲလိုက်ပြီး လက်ဖက်ရည်ကို တစ်ကျိုက် မော့လိုက်၏။

“ နားလည်မှု လွဲနေပါပြီ ဒေါက်တာချန်ကလည်း …. မင်းက ဒီလောက်ထိ အစွမ်းအစ ရှိတာ ဗီလာလေး တစ်လုံးကို ဝယ်ဖို့ မတတ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …..”

“ ငါ ငါစဉ်းစားနေတာက ဘယ်လို ဈေးမျိုး ထားပေးရင် အဆင်ပြေမလဲ ဆိုပြီးတော့ပါ ….”

“ ဗီလာရဲ့ ကြမ်းခင်းဈေးက ယွမ် သန်း ၂၅၀ … တကယ်လို့ ဒေါက်တာချန် ဝယ်မယ်ဆိုရင်တော့ အစွန်းထွက်လေးတွေ မေ့ထားလိုက် ….”

“ ငါ့ကို သန်း ၂၀၀ တည်းပေး ….”

ဤစကားကြားတော့ ချန်ယွီ့ သူ့ လက်ဖက်ရည်ခွက်ကို အောက်သို့ ချပြီး ဝန်ရှင်းဟွေ့၏ ပခုံးကို ခပ်သာသာ ပုတ်ပေးလိုက်သည်။

ဝန်ရှင်းဟွေ့မှာ ဆိုဖာပေါ်က ချော်ပြီး ကြမ်းပြင်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့၏။

“ ဥက္ကဌဝန် … စီးပွားရေးက စီးပွားရေးပဲဆိုတော့ … ခင်များက ကျုပ်ကို ယွမ် သန်း ၂၀၀ ဈေးကမ်းလာရင် ကျုပ်ဘက်ကလည်း‌ ဈေးပြန်ဆစ်လို့ရတယ်မလား ….”

“ ဒါပေါ့ ဒါပေါ့ … လုံးဝပဲလေ …..”

ဝန်ရှင်းဟွေ့ တုန်လှုပ်ခြောက်ခြားစွာ ပြောဆိုလိုက်သည်။

လက်ကို ပြန်ရုတ်ရင်း ချန်ယွီ့ လက်တစ်ချောင်းထောင်လိုက်၏။ “ သိပ်မကြာခင်တုန်းက ကျုပ်ရဲ့ လိုက်စထွင်းထဲမှာ မုန်းတီးရေးသမားတွေ အများကြီး ထွက်လာသေးတယ် … ဥက္ကဌဝန် အဲ့ကိစ္စ သိလားမသိဘူး ….”

ဤစကားက ဝန်ရှင်းဟွေ့၏ နှလုံးသားသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည့်နှယ်ပင်။

သူ မသိဘဲ မည်သို့ နေလိမ့်မည်နည်း။

ထိုလူများကို ဝန်ရှင်းဟွေ့ကပဲ အလုပ်ပေးခဲ့တာ ဖြစ်သည်။

ချန်ယွီ့၏ လိမ်လည်ခြင်းကို ခံရပြီးနောက်တွင် ဝန်ရှင်းဟွေ့ ဒေါသကို မျိုသိပ်ပြီး အသံတိတ်နေဖို့ဆိုတာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

ခွန်အားချင်းယှဉ်ပြီး ချန်ယွီ့ကို မရိုက်နှက်နိုင်သဖြင့် အောက်တန်းကျသည့် နည်းလမ်းများဖြင့် ပြန်လည် လက်တုံ့ပြန် လက်စားချေရုံမျှသာ တတ်နိုင်တော့သည်။

ချန်ယွီ့၏ ဂုဏ်သတင်းကို ဖျက်စီးပြီး အကျိုးအမြတ် တစ်ချို့ စုဆောင်းပေမည်။

“ ဥက္ကဌဝန်က ဒေသတွင်း ဧရိယာမှာ အရင်းအမြစ် စုံလင်တဲ့လူပါ … သိပ်မကြာခင်တုန်းက ဒီက ဟိုတယ်တစ်ခုမှာ ထူးဆန်းတဲ့ သေမှုသေခင်းတစ်ခု ဖြစ်သွားခဲ့တယ် ….”

“ ခင်များ အဲ့ကိစ္စ ကြားမိလိုက်လား မသိဘူး ….” ချန်ယွီ့ ပြုံးလျက် မေးမြန်းလိုက်၏။

ဝန်ရှင်းဟွေ့ ချွေးတွေ တစ်ပြိုက်ပြီးတစ်ပြိုက် ကျဆင်းလာခဲ့တော့၏။

ထွေထူးစုံစမ်းနေစရာ မလိုတော့ချေ။ ဆရာယွမ်နှင့် သူ့တပည့်ကို သတ်ဖြတ်သွားခဲ့သူက ချန်ယွီ့ ဖြစ်၏။

“ အဟဲ အဟွတ်… ဒါဆို ဒီဗီလာကို ဘယ်လောက်နဲ့ ရောင်းပေးသင့်တယ်လို့ ထင်လဲ …..”

ဝန်ရှင်းဟွေ့ စကားပင် ထစ်အနေမိသည်။ ချန်ယွီ့ သူ့ကို ချက်ချင်းပဲ လက်စတုံးပစ်မှာကို ကြောက်ရွံ့နေမိ၏။

“ ဥက္ကဌဝန်က မေးလာပြီဆိုမှတော့ ကျုပ်လည်း ဈေးနှုန်းတစ်ခု ပေးလိုက်ပါ့မယ် … ဒီလောက်ဆို ဘယ်လိုထင်လဲ …”

ချန်ယွီ့ လက်ညှိုးတစ်ချောင်း ဆန့်တန်းပြလိုက်၏။

“ ငါ အရင်တုန်းက မှားယွင်းတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့ဖူးတယ် … ဒါပေမယ့် ဒေါက်တာချန်က သဘောထားကြီးပြီး ငါ့ကို စိတ်သစ်လူသစ် ဖြစ်စေခဲ့တယ်ဆိုတော့ အဲ့ဒီ ကြင်နာမှုကို ငါ ဝန်ရှင်းဟွေ့ရဲ့ စိတ်ထဲ အမြဲတမ်း မှတ်ထားပါတယ် ….”

“ ဒေါက်တာချန်က ငါ့ဗီလာကို ဝယ်ချင်နေတယ်ဆိုတာက ငါ့ကို အခွင့်အရေး ပေးနေတာပဲလေ ….”

“ ဒေါက်တာချန် ပေးတဲ့ ပမာဏနဲ့ပဲ ဈေးသိမ်းပေးလိုက်ပါမယ် ….”

ဝန်ရှင်းဟွေ့က အတင်းအကြပ် ပြုံးလျက် ချီးမွမ်းစကားတို့ ဆိုနေသော်လည်း ရင်ဘက်ထဲတွင်တော့ အသည်းနှလုံး ဓားဖြင့် မွှန်းခံရသည့်နှယ် နာကျင်နေမိသည်။

ချန်ယွီ့ကို ယွမ် သန်း ၁၀၀ နှင့် ရောင်းချလိုက်မည်ဆိုပါက သူ့ဘက်က အရှုံးချည်း ဖြစ်၏။

ဤ ဗီလာ၏ အတွင်းပိုင်း ဒီဇိုင်းချည်းသပ်သပ်မျှပင် ယွမ် သန်း ၁၆၀ ကျော် ကုန်ကျခဲ့ရသည်။

သို့ပေမယ့်လည်း …

အနည်းဆုံးတော့ ချန်ယွီ့က ယွမ် သန်း ၁၀၀ အထိ ပေးလာခဲ့ပါသေးသည်ဟူသော စိတ်ဖြင့်သာ ဖြေသိမ့်ရလေသည်။

အကယ်၍ ချန်ယွီ့က တစ်ပြားတစ်ချပ်မျှ မပေးဘဲ အလကား ယူသွားခဲ့လျှင်ပင် ဝန်ရှင်းဟွေ့သည် အံကို တင်းတင်းကြိတ်ပြီး သည်းခံရုံသာ တတ်နိုင်လိမ့်မည်။

များမကြာမီမှာပဲ ဝန်ရှင်းဟွေ့က တစ်စုံတစ်ယောက်ကို အိမ်ခြံမြေ လွှဲပြောင်းသည့် စာချုပ် ယူခဲ့ဖို့ စေခိုင်းလိုက်၏။

သူ့နာမည်ကို အရင်ဦးဆုံး လက်မှတ်ရေးထိုးလိုက်သည်။

ချန်ယွီ့ စာချုပ်ကို လက်ခံပြီး စစ်ဆေးကြည့်လိုက်၏။ အမှားအယွင်း မရှိသည်ကို အတည်ပြုပြီးနောက် သူ့နာမည်ကို ချရေးလိုက်သည်။

“ ဒေါက်တာချန် … မင်း ချက်ခ်နဲ့ ပေးမှာလား … ဒါမှမဟုတ် ကုမ္ပဏီအကောင့်ထဲကို ငွေလွှဲပေးလိုက်မှာလား …. တကယ်လို့ ကုမ္ပဏီ အကောင့်ထဲ လွှဲမယ်ဆိုရင် ဘဏ္ဍာရေးဌာနကို ဒေါက်တာချန်ဆီ တိုက်ရိုက် ဆက်သွယ်ခိုင်းလိုက်မယ်လေ …”

“ အဲ့လောက်ထိ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး … ကျုပ်ဘက်က ငွေကို ယူလာခဲ့ပြီးသား …..”

ချန်ယွီ့က သူ့လက်ကို အိတ်ထောင်ထဲ ထည့်လိုက်တာကို မြင်တော့ ဝန်ရှင်းဟွေ့ ဘာမျှ ဆက်မပြောတော့ချေ။ ငွေပမာဏ အများအပြားကို ချက်ခ်ဖြင့် ထုတ်ရမည်က အနည်းငယ် ဗာဟီရများသော်လည်းပဲ အဆင်ပြေပါသေးသည်။

သို့သော် ချန်ယွီ့ အိတ်ထောင်ထဲက ထုတ်လာသည့် အရာကို မြင်တော့ ဝန်ရှင်းဟွေ့မှာ တံတွေးနင်ပြီး အသက်ထွက်လုနီးပါး ဖြစ်သွားခဲ့၏။

ချက်ခ် မဟုတ်ပေ။ တစ်ယွမ်တန် အကြွေစေ့လေး ဖြစ်၏။

လက်မကို ဆတ်ခနဲ ထောင်လျက် အကြွေစေ့ကို အပေါ်သို့ မြှောက်လိုက်ပြီး ဝန်ရှင်းဟွေ့၏ ဒူးအထက်သို့ တိကျစွာ ဆင်းသက်စေလိုက်သည်။

“ ကဲ ဥက္ကဌဝန် … အိမ်အတွက် ငွေချေပေးပြီပြီနော် …. ဒီက ခင်များရဲ့ ပစ္စည်းတွေ အတတ်နိုင်ဆုံး အမြန်ထုတ်သွားပေးပါ ….”

“ ကျုပ် ဒီလထဲမှာပဲ ပြောင်းလာမှာဆိုတော့ အဆင်ပြေအောင် လုပ်နိုင်မယ်မလား ….”

သူ့ဒူးထက်တွင်ရှိ တလက်လက်တောက်ပနေသည့် အကြွေစေ့ကို ကြည့်ရင်း ဝန်ရှင်းဟွေ့သည် ချန်ယွီ့အပေါ်သို့ ခုန်အုပ်ပြီး စိတ်ရှိလက်ရှိ ထိုးနှက်ချင်မိသွားခဲ့၏။

ဒီလို ဗီလာမျိုးကို တစ်ယွမ်တည်းနဲ့ ဝယ်မယ် … ဒါ သူ့ကို ဓားပြတိုက်နေတာပဲ မဟုတ်လား …

“ အာဟားဟား … ဒေါက်တာချန်က တော်တော်နောက်တတ်တယ်နော်… ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဟာသမျိုး မမြင်ရတာတောင် အတော်ကြာပြီ ….”

ဝန်ရှင်းဟွေ့ ကိုးရို့ကားယားနိုင်စွာ ပြုံးလိုက်မိသည်။

ဒူးအထက်ရှိ အကြွေစေ့ကို ကောက်ယူရင်း ချန်ယွီ့ထံ ပြန်ပေးဖို့ရာ ဟန်ပြင်လိုက်၏။ သူ့ဘက်က မကျေမချမ်း ဖြစ်နေကြောင်းကို သွယ်ဝိုက်ပြီး ဖော်ပြနေသည်။

“ ဟေ့လူ … ခင်များ ပိုက်ဆံကို သေချာသိမ်းလေ … မတော်လို့ ပျောက်သွားခဲ့ရင် ဘယ်လိုလုပ်မှာ ….”

ချန်ယွီ့ ခြေတင်ချိတ်ရင်း ထပ်ပေါင်း ပြောလိုက်၏။

ချန်ယွီ့ လက်မခံတာကို မြင်တော့ ဝန်ရှင်းဟွေ့၏ ဒေါသက ဟုန်းခနဲ တောက်လောင်လာသည်။

ချန်ယွီ့ သူ့အိမ်ကို ဝယ်မယ်ဟုတ်လား … မဟုတ်ဘူး … သူက အတင်းအကြပ် အလကားယူနေတာပဲ …

ယွမ်သန်း ၂၀၀ ကျော်တန်တဲ့ ဗီလာကို လက်တစ်ချောင်းထောင်ပြီး ဈေးပေးတဲ့အချိန် ဘယ်လိုလူမဆို သန်း ၁၀၀ လို့ထင်မိမှာ အမှန်ပဲလေ …

ဒါပေမယ့် အဲ့ဒီအစား ချန်ယွီ့က ယွမ်သန်း ၂၀၀ တန် ဗီလာကို တစ်ယွမ်အထိ ဈေးချပစ်လိုက်တယ် ….

“ ဒီလိုမလုပ်ပါနဲ့လား ဒေါက်တာချန်ရယ် … ပုံမှန်သာဆိုလို့ကတော့ ငါ မင်းကို ဒီဗီလာ အလကားပေးတယ် … ဒါပေမယ့် အခုတစ်လော ငွေက အတော်လေး ကြပ်နေတော့ ကုမ္ပဏီကို ပုံမှန်အတိုင်း ဆက်ပြီး လည်ပတ်နိုင်ဖို့အတွက် ငွေတွေအများကြီး လိုနေတယ် ….”

“ တစ်ယွမ်ကတော့ နည်းလွန်းပါတယ် ….”

ဝန်ရှင်းဟွေ့ စိတ်ထဲတွင်တော့ မိုးမွှန်အောင် ကျိန်ဆဲနေလျက် ရှိသည်။

သူ တွေးမိသည့် ဆဲရေးသည့် စကားလုံးတိုင်းကို ချန်ယွီ့ပေါ်တွင် အသုံးချနေလျက် ရှိ၏။ ချန်ယွီ့အပြင် ချန်ယွီ့၏ ဘိုးဘေးမျာကိုလည်း အလွတ်မပေးခဲ့ချေ။

“ ခင်များက စီးပွားရေး သမားဆိုတော့လည်း … ဟင်း … ထားပါတော့ ….”

“ တစ်ယွမ်က နည်းလွန်းနေတယ် ထင်နေရင်လည်း ကျုပ် နောက်တစ်ယွမ် ထပ်ပေါင်းပေးမယ် ….”

ချန်ယွီ့ သူ့ အိတ်ထောင်ထဲကနေ နောက်ထပ် တစ်ယွမ်ကို ထုတ်လာခဲ့ပြီး ကော်ဖီစားပွဲပေါ် တင်လိုက်သည်။

“ ငါ့ကို လာနောက်မနေစမ်းနဲ့ ဒေါက်တာချန် … ငါ ဆိုလိုချင်တဲ့ သဘောက ဒါမျိုး မဟုတ်ဘူးဆိုတာ မင်း နားလည်ပါတယ် ….”

“ ဒီလိုဆိုရင်ကော ….” ဝန်ရှင်းဟွေ့ တည်တင်းသည့် မျက်နှာအမူအရာနှင့် “ ငါ မင်းကို ထပ်ဝက်လျှော့ပေးလိုက်မယ် … ယွမ် သန်းငါးဆယ်တည်းပဲ ….”

“ ဗီလာထဲက မီးသီးတွေ ၊ လျှပ်စစ်ပစ္စည်းတွေကိုတော့ အပိုလက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက် ….”

“ ဪ … သန်း ငါးဆယ်လား … ကျုပ်မှာ အဲ့လောက် ပိုက်ဆံအများကြီး မရှိဘူး ….”

ချန်ယွီ့ မတ်တပ်ရပ်ပြီး ပခုံးများကို အညောင်းအညာဆန့်လိုက်သည်။

“ ကျုပ်က ဒီကို စိတ်ရင်းလေးနက်မှုအပြည့်နဲ့ လာပြီး ခင်များနဲ့ စီးပွားရေး ကိစ္စ လာဆွေးနွေးတာ … စာချုပ်တောင် လက်မှတ်ထိုးပြီးပြီ … ဒါကို ဘာလို့ ဈေးထပ်မြင့်ချင်နေရတာ … ခင်များ ဒီလိုလုပ်တာက သိပ် မရိုးသားလွန်းဘူးလို့ မထင်ဘူးလား ….”

“ ခင်များဘက်က စကားမတည်မှတော့ ကျုပ်တို့ချင်းလည်း စီးပွားရေး ကိစ္စ ဆွေးနွေးစရာ အကြောင်းမရှိတော့ဘူး …..”

“ ဥက္ကဌဝန် … ခင်များ ဒီဗီလာအတွက် တစ်ခြား ဝယ်သူ နောက်တစ်ယောက်ကိုပဲ ရှာလိုက်ပါတော့ ….”

“ လက်ဖက်ရည်တိုက်တဲ့အတွက် ကျေးဇူးပဲ … ကျုပ် မပြန်ခင် ခင်များ ကျန်းမာရေးတွေကောင်း၊ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးနဲ့ အသက်ရှည်ရှည်နေရပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ….”

ချန်ယွီ့ စကားတစ်ခွန်းပြောလိုက်တိုင်း ဝန်ရှင်းဟွေ့၏ မျက်နှာအမူအရာမှာ တစ်စထက်တစ်စ ထိတ်လန့်တုန်လှုပ်လာသည်။

သူ ဘယ်လိုပဲ နားထောင်ပါစေ၊ ချန်ယွီ့၏ ဆုတောင်းစကားက ကျိန်စာတိုက်သည်နှင့် ပိုပြီး ဆင်တူနေ၏။

သူ ချန်ယွီ့နှင့် စတွေ့ပြီးကတည်းက ကြယ်အလင်း ရုပ်ရှင် ကုမ္ပဏီသည် ဧရာမ ဆုံးရှုံးမှုကြီးများနှင့် တစ်ခုပြီး တစ်ခု ကြုံတွေ့ခဲ့ရသည်။ သူ့ ကျန်းမာရေးက တစ်နေ့တစ်ခြား ပိုပိုဆိုးရွားလာနေပြီး ရံဖန်ရံခါတွင်လည်း အိပ်မက်ဆိုးများ မက်၍ ညဘက်ပင် ကောင်းကောင်းအိပ်မပျော်နိုင်ချေ။

ပျော်ရွှင်သည့် မိသားစု ဘဝလေးကတော့ … သူ့တွင် မရှိသည်မှာ သေချာလွန်းသည်။

ချန်ယွီ့က သူ့ အကြီးဆုံးသားကို ထေင်ထဲ ပို့လိုက်ပြီး ထိုကောင်လည်း သတ်ခံရဖို့ မဝေးတော့ချေ။

ဤသည်ကို ပျော်ရွှင်သည့် မိသားစုလေးဟု မည်သို့ ခေါ်ဆိုနိုင်လိမ့်မည်နည်း။

ချန်ယွီ့ ပြန်တော့မည့်ဟန်ပြင်နေတာကို မြင်တော့ ဝန်ရှင်းဟွေ့ စိုးရိမ်ထိတ်လန့်လာခဲ့သည်။

“ ဒေါက်တာချန် … ခဏလေးပါ … ငါ ရောင်းပါ့မယ် ….”

“ ခင်များ ကိုယ့်စကားကိုယ်တော့ ပြန်မရုတ်သိမ်းဘူးမလား …..”

ချန်ယွီ့ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး‌ နောက်လှည့် မေးမြန်းလိုက်သည်။

“ ဟင့်အင်း ဟင့်အင်း ……”

ဝန်ရှင်းဟွေ့၏ မျက်နှာကြွက်သားတို့ လိမ်တွန့်သွားခဲ့ပြီး လူပြက်ကြီး တစ်ယောက်နှယ် ဖြစ်နေလျက် ရှိသည်။

“ ဒီလိုဆိုမှတော့ ကျုပ် စာချုပ်ကို ယူထားလိုက်မယ် … ခင်များရဲ့ ပစ္စည်းတွေကို အမြန်လေး ရွေ့ထား ….”

“ တရားဝင် လွှဲပြောင်းမှု လုပ်ရိုးလုပ်စဉ်တွေကိုတော့ နောက်တစ်ရက် ၊ နှစ်ရက်လောက်နေရင် အချိန်ရှာပြီး သက်ဆိုင်ရာဌာနတွေဆီ သွားလုပ်ကြတာပေါ့ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောလိုက်သည်။

ဝန်ရှင်းဟွေ့ နာကျင်နေသည့် မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်၏။

ချန်ယွီ့ ထွက်ခွာသွားပြီးသည့်နောက် ဝန်ရှင်းဟွေ့မှာ ရူးနှမ်းနေသည့် လူတစ်ယောက်နှယ် အဆုတ်ကွဲအောင် အော်ဟစ်ပေါက်ကွဲနေလျက် ရှိသည်။

ချန်ယွီ့က ယွမ် သန်း ၂၅၀ တန်သည့် သူ၏ ဗီလာကို ၂ ယွမ်တည်းနှင့် ဝယ်ယူသွားခဲ့၏။

ဤသည်က ဗြောင်တင်းတင်း အနိုင်ကျင့်မှုပင်။

ချန်ယွီ့က ထိုသို့ ပြုလုပ်သွားပြီးနောက်မှာပင် ဝန်ရှင်းဟွေ့က သူ့အား ကျေးဇူးတင်နေရသေး၏။ သူ့ကိုယ်သူ ငွေမလောက်မှန်း သိပါလျက်နှင့် အနာကို ဆားသိပ်ဖို့ရာအတွက် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီး ယွမ်သန်း ၂၀၀ ကျော်တန်သည့် ဗီလာတစ်လုံးကို နှစ်ယွမ်တည်းနှင့် ဝယ်ယူဝံ့သည်က တစ်နိုင်ငံလုံးတွင် ချန်ယွီ့တစ်ဦးတည်းသာ လုပ်ဝံ့လောက်သည့် အရာပင်။

ထို့ကြောင့်လည်းပဲ ဝန်ရှင်းဟွေ့၏ အမြင်တို့ မှောင်မိုက်သွား၍ သတိလစ်သွားခဲ့တော့သည်။

စာစဉ် (၂၈) ပြီး၏။

All Chapters