ဘာလို့ဆို ကျွန်မဘက်က ဆုံးရှုံးလို့ မဖြစ်လို့ပဲ
Vol. 32 Ch. 311
“ ငါ့ညီမ … မင်းလည်း နတ်ရုပ်ထုတွေနဲ့ ဝိဉာဏ်ရေးရာ ပစ္စည်းတွေကို နှစ်သက်တာလား …”
ကောင်းရှင်းရန် ကိုးရို့ကားယားနိုင်စွာ ခေါင်းညိတ်လိုက်သည်။
ချန်ယွီ့က သူမ၏ လျှို့ဝှက်ချက် နောက်တစ်ခုကို တစ်ဖန် ထပ်ပြီး ဖော်ထုတ်လိုက်သည့်အတွက် ကောင်းရှင်းရန်သည် ချန်ယွီ့၏ အစွမ်းအစအပေါ် လုံးဝ ယုံကြည်သွားခဲ့တော့သည်။
သူမ၏ ဤဝါသနာ အကြောင်းကို မည်သူကမျှ မသိကြချေ။ အိမ်က နာနီပင် ဤကိစ္စကို မသိပေ။
ဝမ်တဲ့ချွမ် ခန့်မှန်းမိပြီး ဖြစ်သော်လည်း ယုံကြည်ပေးဖို့ရာ အတော်လေး ခဲယဉ်းနေသည်။
သူက နွမ်းပါးသည့် မိသားစုလေး တစ်ခုတွင် မွေးဖွားလာခဲ့သူ ဖြစ်သည်။
သူ့ပုံမှန် လမ်းကြောင်းအတိုင်း ညီငယ်ညီမငယ်များကို လူလားမြောက်သည်အထိ ကျွေးမွေးစောင့်ရှောက်နိုင်သည်ကပင် ကြီးကြီးမားမား အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူ၍ ရနေလေပြီ။
လမ်းကြောင်းငါးသွယ် နတ်ဘုရားရုပ်ထုကို ကောက်ရခဲ့ပြီးကတည်းက ဝမ်တဲ့ချွမ်၏ ဘဝမှာ ကမ္ဘာမြေတုန်လှုပ်လောက်စရာ ပြောင်းလဲမှုများနှင့် တွေ့ကြုံခဲ့ရသည်။
နွမ်းပါးမှုကလွဲ၍ ဘာမျှ မပိုင်ဆိုင်ထားသည့် ကျေးတောသားလေး ဘဝကနေ ဟန်ကျိုးမြို့၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲက တစ်ဦး ဖြစ်လို့လာသည်။
ယင်းအတွေ့အကြုံက ဝမ်တဲ့ချွမ်အပေါ် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သည်။
သူ ချမ်းသာလာခဲ့သည်က သူ ကိုးကွယ်ဝတ်ပြုနေသည့် နတ်ဘုရားတို့၏ ဆောင်မပေးမှုတို့ကြောင့်ဟု မှားယွင်းစွာ မှတ်ယူခဲ့မိပြီး၊ များပြားလှသည့် နတ်ရုပ်ထုများနှင့် ဝိဉာဏ်ရေးရာ ပစ္စည်းများကို တဖြည်းဖြည်းချင်း စုဆောင်းမိလာသည်။
သူ့ဘက်က ရုပ်တုများကို ပို၍ စုဆောင်းလေလေ၊ သူ၏ ကြွယ်ဝမှုကလည်း ပို၍ ပေါများလာလေ ဖြစ်မည်ဟု ယုံကြည်ခဲ့၏။
ယင်းက ချန်ယွီ့နှင့် မတွေ့ခင် အချိန်အထိပင်။ ချန်ယွီ့နှင့် တွေ့ဆုံပြီး နောက်တော့မှ သူ၏ မှားယွင်းသည့် အတွေးအခေါ်များကို ပြန်လည် ကယ်တင်နိုင်ခဲ့သည်။
သူ နတ်ဘုရားသဖွယ် ကိုးကွယ်နေခဲ့သည့် လမ်းကြောင်းငါးသွယ် နတ်ဘုရားရုပ်ထုက တကယ်လည်း နတ်ဘုရားများပင်။ သို့သော် မကောင်းသည့်နတ်ဆိုးများ ဖြစ်လို့နေလေသည်။
အကယ်၍ သူသာ ၎င်းတို့ကို ဆက်ပြီး ကိုးကွယ်ဝတ်ပြုနေဦးမည်ဆိုပါက သူ့တစ်မိသားစုလုံးသာလျှင် ဖျက်စီးခံလိုက်ရမှာ မဟုတ်ဘဲ သူသည်လည်းပဲ သေကြေပျက်စီးရပေလိမ့်မည်။
ကောင်းရှင်းရန်၏ ဘဝအခြေအနေကတော့ သူနှင့် လုံးဝကို ကွာခြား၏။
သူမက မြို့ထဲရှိ လူလတ်တန်းစား မိသားစု တစ်ခုတွင် ပေါက်ဖွားလာခဲ့ပြီး ငယ်ဘဝတွင်လည်း ပညာရေးကို ကောင်းကောင်းမွန်မွန် သင်ယူခဲ့ရသည်။
ဆယ်ကျော်သက်အရွယ်တွင် နာမည်ကြီး အနုပညာရှင်တစ်ဦးအဖြစ် ပွဲဦးထွက်နိုင်ခဲ့၏။
အသက်နှစ်ဆယ်ကျော် အရွယ်ရောက်တော့ ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်ကြီး အနုပညာ ကြယ်ပွင့်တစ်ဦး ဖြစ်လို့ နေလေပြီ။
ပညာရေးပိုင်းတွင် ဖြစ်စေ၊ အသိပညာ ဗဟုသုတတွင် ဖြစ်စေ၊ သူမက ဘက်ပေါင်းစုံတွင် ဝမ်တဲ့ချွမ်ထက် သာလွန်သူဟု ပြော၍ရသည်။
ကောင်းရှင်းရန်လို ဤမျှ ပညာတတ်၊ ချမ်းသာပြီး နတ်သမီးကဲ့သို့ လှပသူတစ်ဦးက သူ့လိုမျိုး အယူသည်းသူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝလုံးဝကို ထင်မှတ်မထားခဲ့ပါချေ။
“ ဒေါက်တာချန် … ရှင်က ကျွန်မ နတ်ဘုရားရုပ်ထုတွေ အများကြီးကို ကိုးကွယ်နေမှန်း သိနေမှတော့ ဘာကြောင့် ဆိုတာကိုလည်း သိပြီးလောက်ရောပေါ့ …” ကောင်းရှင်းရန် မေးလိုက်သည်။
“ အင်း ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ ခင်များက ကျရှုံးမှာကို ကြောက်တယ် … ခင်များမှာ အခု ရှိနေသမျှ အရာအားလုံး ဆုံးရှုံးသွားမှာကို ကြောက်တယ် … ထိပ်ဆုံးထိ ရောက်ပြီးတဲ့ အခြေအနေမှာ အောက်ဆုံးထိ ပြန်ပြုတ်ကျသွားမှာကို ခင်များ မလိုလားဘူး ….”
“ ကျွန်မလည်း အစတုန်းကတော့ ဒီလိုအရာမျိုးတွေကို မယုံကြည်ပါဘူး … ဒါပေမယ့် … ဒါပေမယ့် ကျွန်မထပ်ပြီး ဆုံးရှုံးလို့ မဖြစ်လို့ပါ ….”
ဝမ်တဲ့ချွမ် ချက်ချင်းပဲ သူမ၏ ခံစားချက်များကို နားလည်သဘောပေါက်သွားခဲ့သည်။
တကယ်လည်း ကောင်းရှင်းရန်က ထပ်ပြီး ကျရှုံးသွားလို့ မရပေ။
သူမဘဝ၏ အထွတ်အထိပ်ကို ရောက်နေသည့် ကာလဟု ပြောဆိုရမည့် နာမည်ကြီး ကြယ်ပွင့် အနုပညာရှင် အမျိုးသမီး ဖြစ်နေသည့် အချိန်၌ ကောင်းရှင်းရန်က အနားယူပြီဟု ကြေညာပြီး လက်ထပ်သွားခဲ့သည်။
အိမ်ထောင်သည်ဘဝတွင် သူမ၏ ခင်ပွန်းက စီးပွားရေးလုပ်ရင်း ဒေဝါလီခံလိုက်ရပြီး နောက်ဆုံးကျန်ရစ်သည့် ပိုင်ဆိုင်မှုများကို ယူ၍ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့၏။
သူ ကောင်းရှန်းရန်ထံ ချန်ထားပေးခဲ့သည်က ဧရာမ ကြွေးမြီများသာ။
အကြွေးတစ်ဘီလီယမ်ကျော်ကို ဆပ်ပြီး ဘီလီယမ်များစွာသော ပိုင်ဆိုင်မှုများကို ပြန်လည်ရရှိဖို့က သူမအဖို့ အမှန်တကယ်ကို မလွယ်ကူပေ။ ဘဝ၏ အောက်ဆုံးရောက်ရှိချိန် ၊ မျှော်လင့်ချက် ကင်းမဲ့နေချိန်၌ အားကိုးရာ မြက်တစ်ပင်အဖြစ် နတ်ဘုရားများကို အကူအညီပေးဖို့ တောင့်တမိသည်မှာ သူမအပြစ်မဟုတ်ပေ။ ယင်းက လူ့သဘာဝပဲ ဖြစ်၏။
“ အစ်ကိုဝမ် … ညီမ နတ်ရုပ်ထုတွေကို ကိုးကွယ်ဖြစ်သွားခဲ့တာက အစ်ကို့ကြောင့်လည်း ပါတယ် …” ကောင်းရှင်းရန်က ပြောလိုက်သည်။
“ ငါ့ကြောင့် ဟုတ်လား ….”
ဝမ်တဲ့ချွမ် နားရှုပ်သွားခဲ့သည်။
“ ငါတို့ချင်း သိလာတာ ကြာပြီဆိုပေမယ့် ငါ မင်းကို နတ်ရုပ်ထုတွေ ၊ ဝိဉာဏ်နဲ့ သက်ဆိုင်တဲ့ အရာတွေကို ကိုးကွယ်တယ်လို့လည်း မင်းဆီ တစ်ခါမှ မပြောခဲ့မိပါဘူးနော် ….”
ဝမ်တဲ့ချွမ်သည် သူ ကြီးပွားအောင် ပြုလုပ်နိုင်ခဲ့သည်က နတ်ဆိုးနတ်ဘုရား ငါးပါးကြောင့် ဖြစ်ကြောင်းကို သူတစ်ဦးတည်းကသာလျှင် သိသည်။
ဒါကို ကောင်းရှင်းရန်က မည်သို့ သိသွားခဲ့ရသနည်း။
“ ရှင် ဘာလို့ အဲ့ဒီအရာတွေကို စုဆောင်းနေလဲဆိုတာ ဘယ်သူ့ကိုမှ မပြောဘူးဆိုပေမယ့် အကုန်လုံးကတော့ ခန့်မှန်းမိကြပါတယ် ….” ကောင်းရှင်းရန်က ခါးသက်စွာ ပြုံးလိုက်ပြီး “ ရှင်က တောင်ပေါ်ရွာလေး တစ်ရွာမှာ မွေးဖွားလာတယ် … ဘာအဆက်အသွယ်မှလည်း မရှိသလို ဘယ်လို မိသားစု နောက်ခံမှလည်း မရှိဘူး … ဒါပေမယ့် နှစ်သုံးဆယ်အတွင်းမှာ နွမ်းပါးတဲ့ ကျေးတောသားဘဝကနေ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်လာခဲ့တယ်….”
“ ရှင်ကသာ ရှင့်ကိုယ်ရှင် လက်ရှိအခြေအနေရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ခဲ့ရတယ်ဆိုပြီး ပြောတာ ….”
“ အပြင်လူတွေကတော့ တကယ့်လက်တွေ့ အခြေအနေကို သိကြမှာ မဟုတ်ဘူးဆိုပေမယ့် ကျွန်မတို့လို ရှင့်အိမ်ကို ခဏခဏ လာလည်ဖူးတဲ့ လူတွေက မသိဘဲ ဘယ်နေပါ့မလဲ ….”
ဟန်ကျိုးမြို့၏ အထက်တန်းလွှာ အသိုင်းအဝိုင်းကြားတွင် လျှို့ဝှက်ချက်ဟူသည် မရှိပေ။
ဝမ်တဲ့ချွမ် ကြီးပွားတိုးတက်လာခဲ့သည်ကလည်း သူ၏ အစွမ်းအစနှင့် ဘာမျှ မဆိုင်ပေ။ အကုန်လုံးက ဖုန်းရွှေကြောင့်ဖြစ်၏။
ထိုသို့ မဟုတ်ဘူးဆိုပါက ဝမ်တဲ့ချွမ်သည် သူ့အိမ်တွင် ထိုမျှ များပြားလှသည့် နတ်ရုပ်ထုများကို အဘယ်ကြောင့် စုဆောင်းထားလိမ့်မည်နည်း။
ဝမ်တဲ့ချွမ်ကတော့ သူ့ကိုယ်သူ ရှေးဟောင်းပစ္စည်းများ စုဆောင်းရတာကို နှစ်သက်သောကြောင့်ဟု ဆိုနေသော်လည်း ထိုစကားလုံးများက သာမန်လူများကိုသာ လိမ်ညာ၍ ရမည်။
အထက်တန်းလွှာ အသိုင်းအဝိုင်းရှိ လူတိုင်းက တစ်ယောက်ထက်ကို တစ်ယောက်ပို၍ ဉာဏ်ထက်မြက်ကြသူချည်းများပင်။
ဝမ်တဲ့ချွမ် ထိုပစ္စည်းများ စုဆောင်းရခြင်း အကြောင်းအရင်းက သူ၏ စည်းစိမ်ဥစ္စာများ ခိုင်မာစေဖို့ ဖြစ်ကြောင်း အကုန်လုံးက ရိပ်ဖမ်းမိကြ၏။
ကောင်းရှင်းရန်၏ စိတ်ဓာတ်ကလည်း ဝမ်တဲ့ချွမ်နှင့် အလားသဏ္ဌာန်တူသည်။
သူတို့တွေက ရှိထားသည့် ဥစ္စာပစ္စည်းများ ဆုံးရှုံးသွားမှာကို စိုးရွံ့ကြသည်။
သူ့ဥပမာအတိုင်း လိုက်၍ သူမသည်လည်း များပြားလှသည့် နတ်ဘုရားရုပ်ထုများကို တိတ်တဆိတ် စုဆောင်းတတ်လာခဲ့၏။
ဘေးတွင် တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် ကျိုးခဲ့ရှင်းသည်လည်း အံ့ဩတုန်လှုပ်နေမိသည်။
လူချမ်းသာတွေက အဲ့လောက်ထိကို အယူသည်းကြတာလား …
ဝမ်တဲ့ချွမ်က သူနဲ့ ကောင်းရှင်းရန်က နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တဲ့ မိတ်ဆွေတွေလို့ ပြောပြီး …
ကောင်းရှင်းရန်ကလည်း သူ့ကို အစ်ကိုဝမ်လို့ ခေါ်တယ်။
လူနှစ်ယောက်က ဆက်ဆံရေး ကောင်းမွန်ကြတယ်ဆိုပေမယ့် အမှောင်ထဲမှာကျတော့ တစ်ယောက်ကိုယ်တစ်ယောက် တိတ်တိတ်လေး အကဲခတ် လေ့လာနေကြသူတွေချည်းပဲ။
“ တစ်ချို့ကိစ္စကိုတော့ နေရာရောက်မှပဲ ကျုပ်ဘက်က သေချာရှင်းပြလို့ရမယ် ….”
“ မိန်းကလေးကောင်း … တကယ်လို့ ခင်များရဲ့ မျက်နှာနဲ့ အသားအရေက ဘာကြောင့် အခုလိုမျိုး အကျည်းတန်ပြီး ခြောက်ကပ်ကပ် ဖြစ်လာရဆိုတာ သိချင်ရင် ကျေးဇူးပြုပြီး ခင်များအိမ်ကို ခေါ်သွားပေးပါ …”
“ တိတိကျကျ ဆိုရမယ်ဆိုရင်တော့ … ခင်များရဲ့ မြေအောက်ခန်းကိုပေါ့ ….”
ချန်ယွီ့က မြေအောက်ခန်း အကြောင်း ပြောသံကြားတော့ ကောင်းရှင်းရန်မှာ စစချင်းတော့ ရှော့ခ်ရသွားခဲ့၏။ ထို့နောက် အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။
သူမ၏ မာ့စ်နှင့် နေကာမျက်မှန်ကို တစ်ဖန် ပြန်တပ်လိုက်သည်။
ချန်ယွီ့က ကျိုးခဲ့ရှင်းကို ခဏနေ ကတ်စတန်မာတစ်ယောက်က ရောက်လာတော့မှာ ဖြစ်ကြောင်း ပြောပြီး ဆိုင်စောင့်ထားခဲ့လိုက်၏။
အကယ်၍ ကတ်စတန်မာ ရောက်လာသည့်အချိန်တွင် ချန်ယွီ့ ရောက်မလာသေးဘူးဆိုပါက ကျိုးခဲ့ရှင်းက သူ့ကိုယ်စား ဧည့်ခံထားပေးဖို့လိုသည်။
မည်သို့ပင်ဆိုစေ တစ်ဖက်လူက သူနှင့် မတွေ့ရမချင်း ပြန်သွားလိမ့်မှာ မဟုတ်ပေ။
ညွှန်ကြားချက်များ ပေးပြီးနောက် ချန်ယွီ့က ဝမ်တဲ့ချွမ်၏ ကားပေါ်သို့ တက်ပြီး စိတ်ကျန်းမာရေး ဆေးခန်းရှေ့ကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။
နာရီဝက်နီးပါးခန့် ကြာပြီးနောက်တွင် ကားက မြို့ပြင်ရှိ ဗီလာတစ်လုံးရှေ့တွင် ရပ်တန့်သွားခဲ့၏။
အိမ်ထဲသို့ ဝင်လာခဲ့ပြီးနောက် ကောင်းရှန်းရန်က နာနီကို လှမ်းခေါ်၍ လက်ဖက်ရည်နှင့် မုန့်များ ချပေးခိုင်းသည်။
ချန်ယွီ့ကို ခေတ္တမျှ ဧည့်ခံပေးပြီးမှ မြေအောက်ခန်းထဲ ခေါ်သွားပေးဖို့ စီစဉ်ထား၏။
“ လိုရင်းကိုပဲ တန်းသွားကြတာပေါ့ ….” ချန်ယွီ့ ညင်သာစွာပြုံးလျက် ဆိုလိုက်ပြီး “ ခင်များလည်း အတော်လေး စိတ်လောနေမှာပဲ .. ဟုတ်တယ်မလား ….”
“ ဟုတ်တယ် … ဒါဆိုလည်း သွားကြတာပေါ့ ….”
ကောင်းရှင်းရန်သည် အမှန်တကယ်လည်း စိတ်မရှည်နိုင်တော့ချေ။
သူမ၏ နာနီကို လှမ်းခေါ်၍ နေ့တစ်ဝက် ခွင့်ပေးလိုက်ပြီး ညဘက်ကျတော့မှပဲ ပြန်လာခိုင်းလိုက်၏။
နာနီ ထွက်ခွာသွားပြီးနောက် ကောင်းရှင်းရန်က သော့တစ်ချောင်းဖြင့် တံခါးတစ်ချပ်ကို ဖွင့်လိုက်သည်။
ဤတံခါးချပ်က ရုပ်ထုများအားလုံးကို သိုလှောင်သိမ်းဆည်းထားရာ မြေအောက်ခန်းသို့ ဦးတည်နေသည့် တံခါးပင်။
ခေတ္တကြာပြီးနောက် ဝမ်တဲ့ချွမ်မှာ ပင့်သပ်ရှိုက်မိသွားခဲ့၏။
သူ့ဗဟုသုတများနှင့် အတွေ့အကြုံကြွယ်ဝမှုကို ကြွားဝါလေ့ရှိသည့် ဝမ်တဲ့ချွမ်မှာ ယနေ့တွင်တော့ အမြင်အသစ်အဆန်း တစ်ခုကို မြင်တွေ့လိုက်ရလေပြီ။
ဤသည်က မြေအောက်ခန်း မဟုတ်တော့ပေ။ ဝတ်ပြုရာ ခန်းမကြီး တစ်ခုဖြစ်၏။
ကောင်းရှင်းရန်က မြေအောက်ခန်း နံရံအများအပြားကို လူခေါ်၍ ဖြိုချပစ်ခိုင်းပြီး ဧရာမ ကျယ်ဝန်သည့် နေရာလွတ်တစ်ခုကို ဖန်တီးခဲ့၏။ နတ်စင်ဗီရိုများနှင့် နတ်ရုပ်ထုများကလည်း မရေတွက်နိုင်လောက်အောင်ကို ပတ်ပတ်လည်တွင် ရှိနေသည်။
“ ငါ့ညီမ မင်း …..”
ဝမ်တဲ့ချွမ်မှာ တစ်စုံတစ်ရာကို ပြောဖို့ ဟန်ပြင်လိုက်သော်လည်း သူ၏ လက်ရှိ ခံစားချက်များကို မည်သို့ ဖော်ပြရမှန်း မသိ ဖြစ်နေမိ၏။
ကောင်းရှင်းရန်၏ စုဆောင်းမှုနှင့် နှိုင်းယှဉ်မည်ဆိုပါက ဝမ်တဲ့ချွမ်၏ စုဆောင်းမှုလေးမှာ မပြောပလောက်တော့ချေ။
အဆင့်အတန်းမြင့်သည့် သစ်သားများဖြင့် ထုလုပ်ထားသည့် ဗီရို ဆယ်ခုကျော်ရှိပြီး နတ်ရုပ်ထုတို့၏ အရွယ်အစားတို့ကလည်း မျိုးစုံပင်။
ဝမ်တဲ့ချွမ်ကိုယ်၌ မမြင်ဖူးသည့် နတ်ရုပ်ထုများလည်း များစွာ ရှိနေသေး၏။
ဝမ်တဲ့ချွမ်သည် ဘယ်ဘက်သို့ ခြေနှစ်လှမ်းခန့် လျှောက်လှမ်းသွား၍ ဗွီရိုတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။
ဗီရိုအလယ်တွင် ခမ်းနားထည်ဝါသည့် အရှိန်အဝါတို့ဖြင့် နတ်ရုပ်ထု တစ်ခု ရှိနေသည်။
သူ ဘယ်လိုပဲ ရှုမြင်ကြည့်ပါစေ၊ ယင်းက ကွမ်းယွီနှင့် အတော်လေးကို ဆင်တူနေ၏။
သူ့ဘေးတွင် တိရစ္ဆာန်တစ်ကောင်ကောင်ကို စီးတော်ယာဉ်လုပ်ထားသည့် တာအိုဝတ်ရုံနှင့် အမျိုးသား တစ်ဦး ရှိ၏။
“ အိုး … ဗုဒ္ဓရုပ်ထုလည်း ရှိနေတာလား ….”
သူ့မျက်လုံးထောင့်ကပ်၍ ဘေးရှိ ဗီရိုကို တစ်ချက်ကြည့်လိုက်တော့ သင်္ကန်းနှင့် ရုပ်ပွားတော်များ ၁၈ ခုလောက်ကို ရှိနေသည်။
သေချာအနီးကပ်ကြည့်ပြီး အရဟံ ဆယ့်ရှစ်ပါး( 18 arhat) ဖြစ်မည်ဟု ဝမ်တဲ့ချွမ် ခန့်မှန်းကြည့်လိုက်သည်။
“ ဒါ ဘာကြီးတုန်း ….”
ဝမ်တဲ့ချွမ် အာမေဋိတ်သံဖြင့် ကျယ်လောင်စွာ အော်ဟစ်မိသွားခဲ့၏။