ရောမရဲ့ ဆင်းရဲသား ရပ်ကွက်ကနေ နန်းတော်ကြီးထဲ ရောက်သွားတဲ့ကောင်လေး
Vol. 12 Ch. 117
နှစ် ၂၀ ကျော်ကြာအောင် သက်လတ်ပိုင်း စုံတွဲက သူတို့သားလေးကို ရှာဖွေဖို့အတွက် နိုင်ငံအနှံ့ကို ခရီးထွက်ခဲ့သည်။ သူတို့တွေ စိတ်ပျက်ရင်း စိတ်ပျက်မိကြရ၏။
သူတို့နှင့် ဘဝတူသည့် အခြားသော သနားဖွယ်ရာ မိဘများနှင့်လည်း ကြုံတွေ့ခဲ့ကြရသည်။ သူတို့သိထားသည်မှာ ကလေးများ အနှီ လူကုန်ကူးသမား လက်တွင်းသို့ ကျရောက်သွားသည်နှင့် လောကငရဲထဲ ကျရောက်သည်နှင့် မခြား ဟူ၍ပင်။ အကယ်၍ ဝယ်သူ တစ်ဦးတစ်ယောက်က ကလေးကို ဝယ်သွားခဲ့လျှင်ပင် မိဘရင်းများကဲ့သို့ ကလေးကို ကောင်းမွန်စွာ စောင့်ရှောက်ပေးမှာ မဟုတ်။ အသက်ရှင်ရုံမျှသာ ကျွေးမွေးထားပြီး သူတို့မိသားစုအတွက် အခမဲ့ အလုပ်သမားအဖြစ် ကလေးကို ခိုင်းစားကြမှာ ဖြစ်သည်။
ဆိုရသော် ထိုသို့ ရောင်းချခံလိုက်ရသည့် ကလေးက ကျိန်းသေပေါက် ကောင်းမွန်သည့် ဘဝတွင် နေထိုင်နိုင်မှာ မဟုတ်ချေ။
သို့သော် ယခု … ချန်ယွီ့ရဲ့ စကားလုံးများက လူတိုင်းရဲ့ ခန့်မှန်းမှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
“ ဒေါက်တာချန် … မင်း အမှန်တွေ ပြောနေတာတော့ ဟုတ်ပါတယ်နော်….”
ချန်ယွီ့ လိုက်စထွင်းကို မကြာခဏ ကြည့်ရှုဖူးကြသည့် ကြည့်ရှုသူများကဲ့သို့ မဟုတ်ပါဘဲ သက်လတ်ပိုင်း စုံတွဲက ချန်ယွီ့အကြောင်း အနည်းငယ်မျှသာ သိထားသည်။
ချန်ယွီ့အကြောင်းကို သူတို့ဘိုးဘေးများရဲ့ လက်ဆင့်ကမ်း ယုံတမ်းစကားများမှတစ်ဆင့် သိကျွမ်းသကဲ့သို့ သိထားကြခြင်းပင်။
ချန်ယွီ့က အနာဂတ်ကို ခန့်မှန်း ဟောပြောရာတွင် မိုးနတ်မင်းပမာ နတ်ဘုရားဆန်လှပြီး လောကကြီးထဲ မသိတာ မရှိကြောင်း ကြားခဲ့ရသည်။ တစ်ဆင့်စကားက တစ်ဆင့်စကားပဲ ဖြစ်၏။
သက်လတ်ပိုင်း စုံတွဲမှာ ချန်ယွီ့ မည်မျှ အထိ အံ့ဩဖို့ကောင်းလဲဆိုတာကိုတော့ ကိုယ်တိုင် ကြုံတွေ့ဖူးခြင်း မရှိခဲ့ပေ။
ချန်ယွီ့က လူကုန်ကူးသမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် သူတို့ရဲ့ အငယ်ဆုံးသားလေးက လက်ရှိတွင် ပူပင်ကြောင့်ကြမဲ့စွာ နေထိုင်နေသည်ဟု ဆိုနေသည်။
ထို့ပြင် ကလေးရဲ့ နေထိုင်မှုဘဝပုံစံက သူတို့ရဲ့ လက်ရှိ အခြေအနေထက် ဆယ်ဆသာသည်ဟုပင် ပြောနေသေး၏။
ချန်ယွီ့ ခွန်းတုံ့ပြန်တော့မည့် အချိန်မှာပဲ သက်လတ်ပိုင်း အမျိုးသားက သူ့နဖူးသူ ပြန်ရိုက်ပြီး ပြောလာသည်။
“ ဒေါက်တာချန် … ငါတို့ မင်းကို မယုံတာတော့ မဟုတ်ဘူးနော်…”
“ ဒီတိုင်း … ဒီတိုင်း မင်းရဲ့ စကားတွေက နည်းနည်းလေး မယုံကြည်နိုင်စရာ ကောင်းနေလွန်းလို့ပါ ….”
“ ဒေါက်တာချန် သိလားတော့ မသိဘူး … ငါတို့ မိသားစုရဲ့ ပိုင်ဆိုင်မှုက ယွမ်သန်း ဆယ်နဲ့ချီတယ် …”
“ ငါ့သားရဲ့ လက်ရှိ အနေအထားက ငါတို့ထက် ဆယ်ဆ ချမ်းသာနေတယ်ဆိုရင် ပြောချင်တဲ့ သဘောက ငါ့သားလေးကို ဝယ်သွားတဲ့ မိသားစုက အနည်းဆုံး ယွမ်သန်း ရာနဲ့ချီ ချမ်းသာနေတာပေါ့ …”
“ အဲ့လောက် ပိုက်ဆံချမ်းသာနေတဲ့ မိသားစုတစ်စုက အဲ့လိုလုပ်ရပ်မျိုး လုပ်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာ … မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ….”
သက်လတ်ပိုင်း အမျိုးသမီးကြီးက သူမခေါင်းကို လျင်မြန်စွာ ယမ်းခါလိုက်သည်။
မယုံကြည်နိုင်မှုအပြင် သူမ စိတ်ပျက်လက်ပျက် ဖြစ်မှုကိုလည်း ခံစားနေရ၏။
သူမ ထိုစကားလုံးများ ပြောလိုက်သည်နှင့် လိုက်စထွင်း စကားပြောခန်းမှာ ချက်ချင်း သက်ဝင်လှုပ်ရှားလာသည်။
“ အန်ကယ်နဲ့ အန်တီ … ချမ်းသာတဲ့ မိသားစုဆိုတာ ရှင်တို့ သပ်သပ်ချည်းပဲ ရှိတာမဟုတ်ဘူးလေ … တခြားလူတွေလည်း ချမ်းသာနိုင်တာပဲ ….”
“ သူတို့တွေ ကလေးရှာတွေ့ရင် ဒေါက်တာချန်ကို ယွမ် ဆယ်သန်း အထိ ပေးနိုင်တယ်လို့ ပြောတာ မဆန်းတော့ပါဘူး …. တကယ်လည်း ပေးနိုင်လောက်အောင်ကို ချမ်းသာနေတာပဲ ….”
“ သူပြောသွားတာက အဓိပ္ပာယ်ရှိတယ် … ယွမ်သန်းရာနဲ့ချီ ချမ်းသာတဲ့ တစ်ယောက်က တိုင်ကွန်းဖြစ်ဖို့အထိ လုံလောက်နေပြီ … အဲ့လိုလူတစ်ယောက်က ကလေးကို ဝယ်မှာလား ….”
“ ငါ ဝန်မခံချင်ဘူးဆိုရင်ပေမယ့် လူတစ်ယောက်မှာသာ အဲ့လောက် ပိုက်ဆံအများကြီးရှိရင် သူတို့ လုပ်ချင်တာ အကုန် လုပ်လို့ရပြီ …”
“ ဘီလီယမ်နာ တစ်ဦးက လူကုန်ကူးသမားတွေဆီကနေ ကလေးတစ်ယောက်ကို ဝယ်တယ် … အဲ့သတင်းသာ အမှန်ဆိုလို့ကတော့ ကျိန်းသေပေါက် ရေပန်းစား စားရင်းထဲ ဝင်သွားမှာပဲ ….”
“ ဟျောင့်တွေ … အဖြူရောင် သကြားလုံးမမလေးရဲ့ ကိစ္စကျတော့ ဘယ်လိုဖြစ်သွားမှာ …”
“ ဒီနေ့ ရေပန်းစား စာရင်းရဲ့ ထိပ်တန်း ရှာဖွေမှု သုံးခုလုံးက ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲကပဲဆိုတာ ငါပြောရဲတယ် ….”
စကားလုံး အနည်းငယ်ဖြင့် ကြည့်ရှုသူများရဲ့ အာရုံက တစ်ခြားနေရာကို ရောက်သွားကြပြန်သည်။
ယွမ်သန်း ရာနဲ့ချီ ချမ်းသာတဲ့ တိုင်ကွန်းတစ်ယောက်က လူကုန်ကူးသမားတွေဆီကနေ ကလေးတစ်ယောက်ကို ဝယ်သွားခဲ့တယ် …
ကလေးရဲ့ နဂိုမိဘတွေကလည်း မီလီယမ်နာ သူဌေးကြီးတွေ ဖြစ်နေတယ် …
သူများသွားပြောရင် ယုံနိုင်ပါ့မလား ….
အကယ်၍ တစ်ယောက်ယောက်ကများ ဤစကားမျိုး ပြောလာမည်ဆိုပါက ကြည့်ရှုသူများမှာ ပြောသည့် စထွင်မာကို ပြန်တောင်းပန်သည်အထိ ပြုလုပ်ကြလိမ့်မည်။
ပေါက်ကရများပြောသည့်အတွက် တန်ရာတန်ကြေး ပြန်ပေးရမည် ဖြစ်၏။
သို့သော် ချန်ယွီ့လို လူတစ်ယောက်က ထိုသို့သော သတင်းအချက်အလက်များကို ဖော်ထုတ်လာသည်ဖြစ်ရာ တစ်သန်းကျော်သည့် ကြည့်ရှုသူများထဲ ၁ ရာခိုင်နှုန်းကသာလျှင် ဒွိဟဖြစ်မိသွားကြသည်။
ချန်ယွီ့လေသံက အနည်းငယ်သော်မျှ ပြောင်းလဲသွားခြင်း မရှိပါဘဲ ဖြည်းညင်းစွာ ပြောလာသည်။ “ ခင်များ ပြောတာ အမှန်ပဲ ….”
“ ခင်များရဲ့ သားကို ဝယ်သွားတဲ့လူက တကယ်လည်း ဘီလီယမ်နာ သူဌေးပဲ … ယွမ်သန်း ရာနဲ့ချီ ချမ်းသာတယ် … အခုဆို တစ်ဘီလီယမ်တောင် ကျော်နေပြီ ….”
“ နောက်ဒုတိယတစ်ချက်က … ချမ်းသာတိုင်းလည်း စိတ်ရင်းနှလုံးကောင်း ရှိတာမဟုတ်ဘူး ….”
“ ချမ်းသာတဲ့လူတွေက သာမန်လူတွေ လုပ်ချင်ရင်တောင် လက်လှမ်းမမီလို့ မလုပ်နိုင်တဲ့ မကောင်းတဲ့ကိစ္စတွေ အများကြီးကို လုပ်နိုင်တယ် ….”
“ လူ့ကျင့်ဝတ်စည်းမျဉ်းနဲ့ ပတ်သက်လာရင် ချမ်းသာတာနဲ့ ဆင်းရဲတာဆိုပြီး ကွဲပြားနေတာတွေ မရှိဘူး …”
ချန်ယွီ့ရဲ့ ခွန်းတုံ့ပြန် စကားကို ကြားတော့ သက်လတ်ပိုင်း စုံတွဲလည်း တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ကာ လေးလေးနက်နက် စဉ်းစားတွေးတောမိသွားကြသည်။
ချန်ယွီ့ ပြောသည်က အဓိပ္ပာယ် ရှိသည်။
သူတို့တွေ လူချမ်းသာ တစ်ယောက်က ကလေးဝယ်တာကို မမြင်ဖူးတိုင်း ထိုသို့ ဝယ်သူတွေ မတည်ရှိဟု မဆိုနိုင်ပေ။
သက်လတ်ပိုင်း အမျိုးသားက သူ့မိန်းမရဲ့ ပခုံးကို ပုတ်ပြီး စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။
ထို့နောက် သူ မေးလိုက်၏။
“ ဒေါက်တာချန် … ငါတို့ကို ဒီကိစ္စ ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … စောနတုန်းက မင်းကို သင်္ကာမကင်း ဖြစ်ခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ် … “
“ ပြီးခဲ့တာတွေကို ပြီးပါစေတော့ … ငါ့ကလေး ပြန်ပေးဆွဲခံလိုက်ရပြီးတဲ့နောက်ပိုင်း ဘာတွေ ဖြစ်လဲဆိုတာ ပြောပြပေးလို့ရလား ….”
“ ငါတို့တွေ သူ့ကို မမြင်တွေ့ရတာ နှစ် ၂၀ ကြာပြီ … တစ်ချိန်လုံး သူ ဘယ်လို ဖြစ်နေမလဲဆိုတဲ့ အကြောင်းပဲ စဉ်းစားနေတာ …. ညအိပ်တိုင်းလည်း လူကုန်ကူးသမားတွေ သူ့ကို နှိပ်စက်နေတာ ၊ ဒါမှမဟုတ်ရင် တခြားလူတွေက သူ့ကို အနိုင်ကျင့်နေကြတယ်ဆိုပြီး အိပ်မက်ဆိုးတွေ မက်ရင်းနဲ့ လန့်နိုးလာနေကြပဲ …”
“ နိုးလာတိုင်းလည်း မျက်ရည်နဲ့ မျက်ခွက်နဲ့ပဲ … “
သက်လတ်ပိုင်း အမျိုးသားက သူ့ရဲ့ ခံစားချက် အစစ်အမှန်များကို ဖော်ထုတ်လာခဲ့သည်။ သူ ပြောသမျှ စကားလုံးတိုင်းက စစ်မှန်ပြီး ရင်ထဲက လာသည့် စကားများ ဖြစ်ကြောင်းကို လူတိုင်း မြင်တွေ့နိုင်သည်။
“ ကောင်းပြီလေ ….”
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒီနေ့ … လူကုန်ကူးသမားတွေက ခင်များတို့ရဲ့သားကို ချိုချဉ်ပြားလေးတစ်ခုပေးပြီး ကားထဲဝင်ဖို့ ဆွယ်တယ် ….”
“ သူတို့တွေ ကလေးကို ဗင်ကားထဲ ခေါ်တင်ပြီး မောင်းပြေးသွားကြတယ် ….”
“ ခင်များသားက သိပ်ငယ်သေးလွန်းတော့ သူက သိပ်မငိုဘူး … ဒီတော့ လူကုန်ကူးသမားတွေကလည်း သူ့ကို နာကျင်အောင် သိပ်မလုပ်ခဲ့ကြဘူး ….”
“ သုံးလကြာပြီးတော့ လူကုန်ကူးသမားတွေက ဝယ်သူ တစ်ယောက်နဲ့တွေ့ပြီး တောင်ပိုင်းက ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်ဆီ ခင်များရဲ့သားကို ရောင်းလိုက်တယ် ….”
“ သူကလည်း ခင်များရဲ့သားကို သူတို့ အိမ်ထောင်စု စာရင်းထဲ သွင်းပြီး သူ့ကို သေချာကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ် ….”
“ သူ့ သမီး အရင်းနှစ်ယောက် ဘာပဲ ရရ … ခင်များသားလည်း ညီတူမျှတူ ရတယ် ….”
“ ငယ်ကတည်းကနေ သူစားသောက်တဲ့ အစားအသောက်၊ သူဝတ်တဲ့ အင်္ကျီတွေက အစ အရာရာအားလုံးက အဆင့်အတန်းမြင့်တဲ့ ဇိမ်ခံပစ္စည်းတွေချည်းပဲ …”
ချန်ယွီ့ မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး ကွန်ပျူတာအောက်တွင် ချထားသည့် သူ့လက်ချောင်းတို့ အနည်းငယ် လှုပ်ရှားသွာသည်။
“ အခုချိန်မှာ ခင်များတို့ရဲ့သားက ပြိုင်ကား တစ်စင်းနဲ့ Rolex နာရီကို ဝတ်ပြီး စီရင်စု မြို့တော်ကို ကားမောင်းထွက်လာနေတယ် …”
ဤသည်ကို ကြားတော့ သက်လတ်ပိုင်း စုံတွဲမှာ ဝမ်းသာသွားကြသည်။
ဘုရားသိကြား ကယ်ပေလို့သာပေါ့။
သူတို့သားလေး ဆိုးဆိုးရွားရွားတွေ မခံစားခဲ့ရဘူးဆိုသည့် သတင်းက သတင်းကောင်းပင်။
မိုးနတ်မင်းကြီးက သူတို့သားလေးကို ထိုကဲ့သို့ ကြင်နာတတ်သည့် မိသားစုထံ ပို့ဆောင်ပေးခဲ့သည်။
ဝယ်သွားသည့် မိသားစုက ကလေးကို သူတို့ ကိုယ်ပိုင် မိသားစုအဖြစ် ဆက်ဆံရုံတင်မက၊ သာလွန်ကောင်းမွန်သည့် ဘဝတစ်ခုကိုလည်း ပေးအပ်ထားသည်။
အနှစ် ၂၀ ကျော်ကြာအောင် သူတို့ စိတ်ထဲတွင် လေးလံနေသည့် စိုးရိမ်ပူပန်မှုများ ၊ နာကျင်မှုများ နှင့် ပြစ်တင်ဝေဖန်မှုများအားလုံး ယခုအခိုက်အတန့်တွင် လျော့ပါးသက်သာသွားလေသည်။
ယခု သူတို့လုပ်ချင်သည်က သူတို့သားလေးကို ရှာဖွေဖို့ဖြစ်ပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသည့် မိသားစုကို ကြီးကြီးမားမား ကျေးဇူးဆပ်ဖို့ ဖြစ်သည်။
သက်လတ်ပိုင်း စုံတွဲသာလျှင် စိတ်လှုပ်ရှားခြင်း မဟုတ်ဘဲ စကားပြောခန်းထဲရှိ ကြည့်ရှုသူများလည်း အလားတူ စိတ်လှုပ်ရှားနေကြ၏။
“ ဒီကောင်လေးက ရောမရဲ့ ဆင်းရဲသား ရပ်ကွက်လေးထဲကနေ ဖမ်းခေါ်သွားခံရပြီး နန်းတော်ကြီးထဲ ပို့ဆောင်ခံလိုက်ရတာပဲ မဟုတ်လား ….”
“ ကောင်းကင်က သူ့အပေါ် အတော်လေး ကြင်နာလွန်းတာပဲ ….”
“ သူ့ အရင်ဘဝတုန်းက ဂလက်ဆီကြီး တစ်ခုကို ကယ်တင်ခဲ့ဖူးလို့ ဖြစ်မယ် … မဟုတ်ရင် မွေးရင်း မိဘတွေရော ၊ မွေးစားမိဘတွေရောက ဘယ်လိုလုပ်ပြီး သူဌေးကြီးတွေ ဖြစ်နေနိုင်မှာ …”
“ သေစမ်း … ငါ မနာလိုတောင် ဖြစ်လာပြီ …”
“ ဒေါက်တာချန် … မင်းနောက်ဆို သေချာ တိတိကျကျ မရှင်းပြဘဲ မနေလို့ မရဘူးလား … ငါ အခု မနာလို ဖြစ်လွန်းလို့ မျက်လုံးတွေတောင် နီရဲလာပြီ ….”
“ ရိုးလက်နာရီ ဝတ်ပြီး ပြိုင်ကားမောင်းနေတယ် … ဒါ ငါတို့ နားနဲ့ ကြားသင့်တဲ့ အရာတွေလား ….”
“ သူ့ဘဝရဲ့ နာကျင်စရာ အကောင်းဆုံး အခိုက်အတန့်က လူကုန်ကူးသမားတွေ ဖမ်းပြီး သုံးလအတွင်းပဲ ဖြစ်ရမယ် …”
“ ဒီကောင် လောကကြီးထဲ ကောင်းကတ်တွေ အကုန် ဆွဲသွားတာလားဟ … ငါတို့လို သနားဖို့ကောင်းတဲ့ကောင်တွေ အတွက်ကျတော့ ဘာမှလည်း မချန်ထားပေးဘူး ….”
စကားပြောခန်းထဲရှိ ကွန်းမန့်များ၏ ဦးတည်ရာက နောက်တစ်ခုကို ပြောင်းသွားပြန်သည်။
စစချင်းတုန်းကတော့ စကားပြောခန်းထဲရှိ ကြည့်ရှုသူများမှာ စိုးရိမ်ပူပန်ပြီး စာနာသနားနေကြသည်။ ယခု … အနှီ လူကုန်ကူးသမားများ အပေါ် ထားရှိသည့် အမုန်းတရားတို့က အမျိုးမျိုးသော မနာလို အားကျမှုများအသွင်သို့ ပြောင်းလဲသွားလေသည်။
သက်လတ်ပိုင်း စုံတွဲမှာလည်း အနည်းငယ် ရှက်ရွံ့နေမိသည်။ သူတို့တွေလည်း ဤသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားကြပေ။ လူကုန်ကူးသမားတွေ သူတို့ကလေးကို ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ကလေးရဲ့ ဘဝက ပိုပြီး ကောင်းမွန်လာတာကတော့ အမှန်ပင်။
သူတို့သားလေးက ခါးသီးမှုကို စိုးစဉ်းသော်မျှ မခံစားရဘဲ ထိုအစား လူအများစုထက် သာလွန်ကောင်းမွန်သည့် ဘဝတွင် နေထိုင်နေရသည်။
ထိုအချိန်မှာပဲ ချန်ယွီ့က ရုတ်ချည်း မေးလာသည်။ “ ခင်များတို့သားက ဘာကြောင့် စီရင်စုမြို့တော်ဆီ ကားမောင်းထွက်လာနေလဲ သိလား ….”
“ အိုး ဟုတ်တယ် ဟုတ်တယ် ….”
လင်မယား နှစ်ယောက်လုံးက ကမန်းကတမ်း ခေါင်းညိတ်လာကြသည်။
သူတို့သားနှင့် မတွေ့ဖြစ်သည်မှာ အနှစ် ၂၀ ကျော်ပြီ ဖြစ်ပြီး ယခု သူတို့ရှေ့တွင် မျှော်လင့်ချက် ရှိလာလေပြီ။ သူတို့သားအကြောင်းကို သိချင်စိတ် ပြင်းပြနေမိတော့၏။
“ သူက စီရင်စုမြို့တော်ရဲ့ကလေးပျောက် ဒေတာဘေ့စ်မှာ နှိုင်းယှဉ်စစ်ဆေးဖို့အတွက် သွေးနမူနာ သွားချန်မလို့ပဲ ….” ချန်ယွီ့ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
စကားပြောခန်းထဲ ပျော်ရွှင်နေသည့် စကားဝိုင်းလေထုမှာ ရုတ်ချည်း အေးခဲသွားလေသည်။